ချီစုစည်းမှုအဆင့်၊ အခြေခိုင်မာခြင်းအဆင့်၊ အမြုတေအဆင့်။
အောက်ပိုင်းဒေသများတွင် ထိုအဆင့်သုံးဆင့်အကြားရှိ ခြားနားချက်များမှာ ကျင့်ကြံသူများကို အုပ်စုသုံးစုအဖြစ် ကွဲပြားသွားစေသည့် ဧရာမ ချောက်နက်ကြီးများအလားပင်။ အချို့သော အလွန်ရှားပါးသည့် အခြေအနေများမှလွဲ၍ အဆင့်မြင့်သူများမှာ အဆင့်နိမ့်သူများကို အလွယ်တကူ ချေမှုန်းနိုင်သည်။
ချီစုစည်းမှုအဆင့်တွင် ကျင့်ကြံသူများသည် ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ စွမ်းအင်များကို စုပ်ယူကာ ကန်များနှင့် မြစ်များအသွင်သို့ ပြောင်းလဲရသည်။ အခြေခိုင်မာခြင်းအဆင့်တွင်မူ ထိုကန်နှင့်မြစ်များမှာ စိတ်စွမ်းအင်ပင်လယ်များအသွင် ပြောင်းလဲသွားပြီး ကျင့်ကြံသူများအား ချီစုစည်းမှုအဆင့်နှင့် လုံးဝမတူသည့် စွမ်းအားများကို ပေးစွမ်းလေသည်။
ခြုံငုံကြည့်လိုက်ပါက ထိုပြောင်းလဲမှုတွင် စွမ်းအားအရည်အသွေး ပြောင်းလဲမသွားပေ။ ပမာဏသာ ပြောင်းလဲသွားခြင်းဖြစ်သည်။
သို့သော်လည်း အမြုတေအဆင့်မှာမူ မတူချေ။
စိတ်စွမ်းအင်ပင်လယ်များကို သလင်းကျောက်အသွင်ပြောင်းလဲပြီး အမြုတေတစ်ခုအသွင်အဖြစ် ပေါင်းစည်းပြီးသွားသောအခါ တမူထူးခြားသည့် တိုက်ပွဲစွမ်းအင်များကို ထုတ်ဖော်နိုင်ပေသည်။ ထို့အပြင် ထိုပြောင်းလဲမှုမှာ စွမ်းအားပမာဏတစ်ခုထဲသာ မဟုတ်ချေ။ အရည်အသွေးမှာလည်း များစွာ တိုးတက်သွားသည်။
ပေါင်းစည်းသွားသည့် စိတ်စွမ်းအင်ပင်လယ်အရေအတွက်ပေါ် မူတည်၍ အမြုတေအမျိုးမျိုး ပေါ်ထွက်လာနိုင်သည်။ မော်တယ်အမြုတေ၊ မြေကြီးအမြုတေနှင့် ရွှေအမြုတေတို့ဖြစ်သည်။
အကယ်၍ ပိုင်ရှောင်ချန်းသာ ကောင်းကင်တာအို အခြေခိုင်မာခြင်းအဆင့်တွင်သာ မရှိနေပဲ လူအများအသုံးပြုသည့် နည်းလမ်းကိုသုံးကာ မြေစီးကြောင်းအခြေခိုင်မာခြင်းအဆင့်ကို ရောက်နေပါက သူသည် မြေကြီး အမြုတေတစ်ခုကို ဖန်တီးနိုင်မည်ဖြစ်သည်။
သို့သော်လည်း သူက အခြားလူများနှင့်မတူပေ။ သူသည် ကောင်းကင်တာအို အခြေခိုင်မာခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်သဖြင့် ကောင်းကင်တာအို ရွှေအမြုတစ်ခုကို ဖန်တီးနိုင်မည့် လမ်းခရီးကို လျှောက်နေခြင်းဖြစ်သည်။
ကောင်းကင်တာအို အငွေ့အသက်တစ်ခုမှာ အရပ်မျက်နှာပေါင်းစုံသို့ ပျံ့ထွက်နေပြီး ကုံမြစ်ဂိုဏ်းခွဲ နှင့် အဏ္ဏဝါခေါ်သံဂိုဏ်းသားတို့အပေါ်တွင် ကြီးမားသော ဖိအားများကို သက်ရောက်နေစေတော့သည်။ လူတိုင်းမှာ တိုက်ခိုက်နေသည်များကို ရပ်တန့်လိုက်ကြရပြီး မည်သူမှ ကျင့်ကြံခြင်းအခြေခံ အငွေ့အသက်များကို မထုတ်လွှတ်နိုင်တော့ချေ။
လျှို့ဝှက်ဆန်းကြယ်သည့် သဘာဝဥပဒေသကြီးတစ်ခု သက်ရောက်နေသည့်အလားပင်။
စစ်မြေပြင်တစ်ခွင်တွင် ပင့်သက်ရှိုက်သံများ အဆက်မပြတ်ထွက်ပေါ်လာနေပြီး မရေမတွက်နိုင်သော မျက်ဝန်းများမှာ ပိုင်ရှောင်ချန်းအပေါ်တွင် ရစ်ဝဲနေသည့် ဧရာမ ရွှေအမြုတေကြီးကို စိုက်ကြည့်နေကြတော့သည်။
လူတိုင်းမှာ တုန်လှုပ်နေကြပြီး တစ်ယောက်ချင်းစီမှာ မတူညီသောအတွေးများကို တွေးတောနေကြတော့သည်။ ရှန်ကွမ်းထျန်ယုံဆိုလျှင် လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်နေပြီး သူ၏မျက်ဝန်းများထဲတွင် လက်မခံလိုသည့် အရိပ်အယောင်များ ထင်ဟပ်နေသည်။ ပိုင်ရှောင်ချန်း၏ အနောက်တွင် ကျန်ခဲ့သည်ဆိုသော အချက်ကို သူက လုံးဝ လက်မခံနိုင်ချေ။
စုန့်ချွဲမှာ တဆတ်ဆတ်တုန်ရီနေပြီး စိတ်နှလုံး မငြိမ်မသက်ဖြစ်နေတော့သည်။ သို့သော်လည်း ပိုင်ရှောင်ချန်းကို ကြည့်နေစဥ် မည်သို့ခံစားနေရကြောင်းကို သူကိုယ်တိုင်ပင် မသိချေ။ အခြား လက်ရွေးစင်များမှာလည်း ထိုနည်းတူပင်။
ကျိုးရှင်းချီ၊ ဝိညာဥ်စွယ်၊ နတ်ဆရာ၊ သွေးသခင်သုံးယောက်နှင့် ဆန်းကြယ်နတ်ရေစင်အဖွဲ့မှ ကျွန်းကိုးဆွယ် တို့အားလုံးမှာ လက်ရွေးစင်ဟု ခေါ်ထိုက်သူများဖြစ်သည်။ သို့သော်လည်း သူတို့၏ မျိုးဆက်ထဲမှ ရွှေအမြုတေအဆင်သို့ ပထမဆုံးရောက်ရှိသွားသည့် ပိုင်ရှောင်ချန်း၏ ကျောစောမှုကို ရပ်ကြည့်နေကြရတော့သည်။ သူတို့၏ နှလုံးသားများထဲတွင် ပေါ်ထွက်လာသည့် ခံစားချက်များမှာ ရှုပ်ထွေးလွန်းလှသဖြင့် စကားလုံးများနှင့် ဖော်ပြရန်ပင် မဖြစ်နိုင်တော့ချေ။
ထို့နောက် ဆေးစွမ်းအင်နတ်ရေစင်အဖွဲ့မှ ချင်းမေ့ယွမ်လည်း ရှိပေသည်။ သူမ၏ မျက်ဝန်းထဲတွင် ထူးဆန်းသော တောက်ပမှုတစ်ခုကိုမြင်နိုင်သည်။ ထို့အပြင် သူမကို မည်သူကမှ အာရုံမစိုက်နေသဖြင့် သူမ၏ လက်ကိုဖြည်းညင်းစွာ မြှောက်လိုက်သည်ကို မည်သူကမှ သတိမထားမိလိုက်ကြချေ။ သို့သော်လည်း သူမှ လက်မြှောက်လိုက်သည့်အချိန်တွင် အဝေးတစ်နေရာမှ ခြိမ်းခြောက်မှုများဖြင့် ပြည့်နှက်နေသည့် အေးစက်စက်အကြည့်တစ်ခုက သူမကို စိုက်ကြည့်လိုက်လေသည်။
ချင်းမေ့ယွမ်မှာ ချက်ချင်းပင် ကျောချမ်းသွားသဖြင့် တုန်ရီသွားတော့သည်။ ဘေးဘီဝဲယာသို့ လှည့်လည်ကြည့်ရှုလိုက်သောအခါ သူမကိုကြည့်နေသည့် လူမှာ သွေးစွမ်းအင်နတ်ရေစင်အဖွဲ့၏ ဌာနချုပ်ထဲမှာရှိစဥ်က တွေ့ခဲ့ရသည့် စိတ်စွမ်းအင်နတ်ရေစင်အဖွဲ့မှ ဂိုဏ်းသားတစ်ယောက်ဖြစ်နေကြောင်း သိလိုက်လေသည်။ သူမက ကုန်းစွန်းဝမ်အာဟု အမည်ရသည့် မိန်းမပျိုတစ်ဦးဖြစ်သည်။
လူများစွာ၏ စိတ်များထဲတွင် မျိုးစုံသော အတွေးများ ဖြတ်ပြေးနေကြချိန် စိတ်စွမ်းအင်ပင်လယ်ကိုးစင်းဆီမှ နတ်ဘုရားများ၏ မိုးခြိမ်းသံထက်ပင် ကျယ်လောင်သည့် အသံတစ်သံ ရုတ်တရက် ပေါ်ထွက်လာတော့သည်။
ဂျုန်းဂျုန်းဂျုန်း…
အလင်းရောင်အားလုံး မှေးမှိန်သွားပြီး လူတိုင်းမှာ ရင်တုန်သွားကြတော့သည်။ ကောင်းကင်ကြီးမှာ အော်ဟစ်နေသည့်အတိုင်းပင် ဖြစ်နေတော့သည်။ တချိန်ထဲမှာပင် အထက်ရှိ ကောင်းကင်ယံမှ လျှပ်စီးတစ်တန်းထွက်ပေါ်လာပြီး ပင်လယ်ကိုးစင်း၏ ဘေးပတ်လည်ရှိ လေထုထဲတွင် ပြည့်နှက်သွားကာ မရေမတွက်နိုင်သော လက်များအသွင်ပြောင်းလဲသွားပြီး ထိုပင်လယ်များကို ရိုက်နှက်လိုက်တော့သည်။
ထို့ကြောင့် ပေါင်းစည်းနေသည့် ပင်လယ်ကိုးစင်းမှာ အရွယ်အစားကျုံ့သွားတော့သည်။
ကုံမြစ်ဂိုဏ်းခွဲတပ်ဖွဲ့များထဲရှိ စွမ်းအားအကြီးဆုံး ကျင့်ကြံသူဖြစ်သည့် နတ်အဆင့်သို့ ဝင်ရောက်ခါနီးဖြစ်နေသော အဘိုးကြီးက ရုတ်တရက် အော်ပြောလိုက်လေသည်။
” လျှပ်စီးကိုးတန်းက အမြုတေကို အရည်ကျိုနေတာပဲ။”
တချိန်ထဲမှာပင် အဏ္ဏဝါခေါ်သံဂိုဏ်းမှ
ယင်ယန်ဝိညာဥ်အဆင့် ခေါင်းဆောင်ကြီးများမှာလည်း အော်ဟစ်လိုက်ကြတော့သည်။
” တကယ့်ကို ကောင်းကင်တာအို ရွှေအမြုတေပါလား။ ဒီလို အမြုတေအစီအရင်အမျိုးအစားကို ဖန်တီးပြီဆိုရင် အမြုတေကြီးကို အရည်ကျိုတဲ့နေရာမှာ ကူညီပေးဖို့ ကောင်းကင်ကြီးက လျှပ်စီးတန်းတွေ ထုတ်ပေးတာပဲ။”
” ပုံစံကြည့်တော့သာ ကူညီနေတာနဲ့တူတာ။ ဒါပေမဲ့ တကယ်တမ်းက ဝဋ်ဒုက္ခခံနေရတာနဲ့ တူတူပဲ။ လျှပ်စီးကိုးချက်ပစ်တာကို ခံနိုင်မှသာ အောင်မြင်မှုရမှာလေ….”
ထို စကားသံများ ပဲ့တင်ထပ်နေချိန်တွင် ပင်လယ်ကိုးစင်းမှာ ကျုံ့သွားပြီး ပိုင်ရှောင်ချန်းမှာ တုန်ရီသွားတော့သည်။ သူ၏ ပါးစပ်ထဲမှ သွေးများစီးကျလာပြီး ခန္ဓာကိုယ်ထဲမှ ကြောက်မက်ဖွယ် အငွေ့အသက်ကြီးတစ်ခု ပေါ်ထွက်လာသည်။ ထိုအငွေ့အသက်ကြီးမှာ ရူးသွပ်မှုများနှင့် ပြည့်နှက်နေသည့်အလားပင်။ သူသာ အမှားအနည်းငယ် လုပ်မိလိုက်ပါက ပျက်သုဥ်းသွားမည်ဖြစ်သည်။ အမြုတေအဆင့်တွင် မအောင်မြင်ရုံသာမက အစိတ်စိတ်အမြွှာမြွှာကွဲအက်ကာ အသက်ရော ခန္ဓာကိုယ်ပါ ဆုံးရှုံးသွားမည်ဖြစ်သည်။
အမြုတေအဆင့်သို့ အပြည့်အစုံမပြင်ဆင်ပဲ တက်လှမ်းခြင်းမှာ အလွန်အန္တရာယ်များသည့် လုပ်ငန်းတစ်ခုဖြစ်သည်။
ပိုင်ရှောင်ချန်း၏ ပါးစပ်ထဲမှ သွေးများစီးကျလာသည်ကို မြင်လိုက်သောအခါ အဏ္ဏဝါခေါ်သံဂိုဏ်း၏ ကျင့်ကြံသူများမှာ ပို၍ စိုးရိမ်လာကြတော့သည်။ သို့သော်လည်း သူတို့မှာ မည်သည့်နည်းနှင့်မှ မကူညီနိုင်ချေ။ ကောင်းကင်တာအို ရွှေအမြုတေအဆင့်အတွင်း ပြင်ပမှလူများက ဝင်ရောက် စွက်ဖက်၍မရချေ။ အရာအားလုံးမှာ ပိုင်ရှောင်ချန်းတစ်ယောက်ထဲ အပေါ်တွင်သာ မူတည်သည်။
သူသည် နီမြန်းသောမျက်ဝန်းများဖြင့် ကောင်းကင်ထဲရှိ ပင်လယ်များကို မော့ကြည့်လိုက်သည့်အခါ လေထုထဲတွင် နောက်ထပ်မိုးခြိမ်းသံတစ်သံ ပျံ့လွင့်လာသည်။
ဂျုန်းဂျုန်းဂျုန်း….
ဒုတိယ ရွှေရောင် လျှပ်စီးတန်းတစ်တန်း ပေါ်ထွက်လာပြီး ယခင်ကတစ်ခုထက်ပင် ကြီးမားပေသည်။ ထို လျှပ်စီးတန်းကြီး ကျဆင်းလာသောအခါ ပင်လယ်ကိုးစင်း၏ ဘေးပတ်လည်တွင် ဝန်းရံသွားပြီး ၎င်းတို့ကို ဖိအားပြင်းစွာဖြင့် ဖိနှက်လိုက်တော့သည်။
ထိုမျှနှင့် မပြီးသေးချေ။ တတိယ မိုးခြိမ်းသံနှင့်အတူ စတုတ္ထနှင့် ပဥ္စမ မိုးခြိမ်းသံတို့မှာ ဆက်တိုက် ထွက်ပေါ်လာသည်။ ပေါ်ပေါက်လာသည့် လျှပ်စီးတန်းများမှာလည်း တစ်ခုထက်တစ်ခု ပို၍ ကြီးမားလာပြီး သူတို့ဆီမှ ထွက်ပေါ်နေသည့် ဖိအားများကြောင့် ပင်လယ်ကိုးစင်းမှာ လျင်မြန်စွာ ကျုံ့နေတော့သည်။ မကြာမီတွင် ပင်လယ်များကြောင့်ပေါ်ပေါက်လာသည့် အမြုတေမှာ အလျားမီတာသုံးရာလောက်သာ ကျန်တော့ပြီး ရွှေရောင်တလက်လက် တောက်ပနေတော့သည်။
ပိုင်ရှောင်ချန်းကမူ တဆတ်ဆတ် တုန်ရီနေပြီး သူ၏ မျက်လုံး၊နှာခေါင်းနှင့် နားများထဲမှ သွေးများစီးကျနေတော့သည်။ သူသည် သတိမေ့မျောတော့မည့်အလားပင် ဖြစ်နေသည်။
သို့သော်လည်း အဆုံးသို့ မရောက်သေးချေ။ ဆဋ္ဌမမြောက်နှင့် သတ္တမမြောက် မိုးခြိမ်းသံတို့ ပေါ်ထွက်လာသည်။ ရွှေရောင်လျှပ်စီးတန်းများစွာ ထပ်၍ထွက်ပေါ်လာပြီး ပင်လယ်ကိုးစင်းမှာ အချိန်မရွေး ပေါက်ကွဲတော့မည့်အလား ပြိုကွဲခါနီးအခြေအနေသို့ ရောက်သွားတော့သည်။
လျှပ်စီးခြောက်ချက်သည်ပင်လျှင် အလွန်ခက်ခဲနေသော်လည်း သတ္တမမြောက် လျှပ်စီးတန်း ထွက်ပေါ်လာပြီး ယခင်ကထက်ပို၍ အံ့အားသင့်ဖွယ်ကောင်းသည့် ကောင်းကင်တာအိုအငွေ့အသက်တစ်ခု ပျံ့ထွက်လာသည်။ ပင်လယ်များပေါင်းစည်းရာမှ ဖြစ်ပေါ်လာသည့် အမြုတေမှာ လှိုင်းဂယက်များထလာပြီး တွန့်လိမ်လာသည်။
ယခုတွင် ပင်လယ်များမှာ မီတာသုံးရာမှ သုံးဆယ်အထိ ကျုံ့သွားပြီဖြစ်ပြီး အချိန်မရွေး ပြိုကွဲတော့မည့်အလား ဖြစ်နေပြီဖြစ်သည်။
” ရှောင်ချန်း။ ”
အဏ္ဏဝါခေါ်သံဂိုဏ်းမှ လူတစ်ေယာက်က ပိုင်ရှောင်ချန်း၏ နာမည်ကို အော်ခေါ်နေကြသည်။ သူနှင့် ရင်းနှီးသော မိတ်ဆွေများမှာ ပို၍ပင် ဆိုးလေသည်။ သူတို့မှာ လူတိုင်းထက်ပင် စိုးရိမ်နေကြသည်။ ဟိုယွင်ဖေး၊ ဖက်တီးကျန်းကြီးနှင့် လီချင်းဟောက်တို့အားလုံးမှာ စိုးရိမ်စိတ်များဖြင့် ဂယောင်ခြောက်ခြားဖြစ်နေကြတော့သည်။ ဟိုရှောင်မေ့နှင့် စုန့်ကျင်းဝမ်တို့မှာ အကြီးအကျယ် စိတ်ပူနေကြတော့သည်။
ဆန့်ကျင်ဘက်အနေဖြင့် ကုံမြစ်ဂိုဏ်းခွဲဘက်မှ ကျင့်ကြံသူများကမူ အမြုတေအဆင့်မှာ ကျရှုံးတော့မည့်အခြေအနေနှင့် နီးကပ်နေသဖြင့် စိတ်သက်သာရာရစွာ သက်ပြင်းချနေကြတော့သည်။ စောစောက ပိုင်ရှောင်ချန်းနှင့် တိုက်ခိုက်နေသည့် အမြုတေအဆင့် လူငယ်မှာ ပို၍ပင်ဆိုးသည်။ သူသည် ရက်စက်သော အပြုံးတစ်ခုကိုဆင်မြန်းနေပြီး သူ၏စိတ်ထဲမှ နောင်တများမှာ ပျောက်ကွယ်စပြုသွားတော့သည်။ သူသည် စိတ်သက်သာရာရသွားသည့်အလား သက်ပြင်းချလိုက်ပြီး သတ်ဖြတ်လိုစိတ်များမှာ သူ၏မျက်ဝန်းထဲတွင် ပြန်၍ တောက်ပလာတော့သည်။
” ကြည့်ရတာ ငါဘာမှ လုပ်စရာတောင် မလိုလောက်ဘူး။ သူသေတာကို ထိုင်ကြည့်နေရုံပဲ။”
သို့သော်လည်း သူ၏ ပါးစပ်ထဲမှ ထိုသက်ပြင်းချပြီးသွားသောအချိန်တွင် ပိုင်ရှောင်ချန်းက အံကြိတ်၍ ရုန်းကန်ကာသူ၏ဦးခေါင်းကို မော့လိုက်ပြီး ပင်လယ်ကိုးစင်းကိုမော့ကြည့်လိုက်သည့်အခါ အဋ္ဌမမြောက် မိုးခြိမ်းသံတစ်သံ ထွက်ပေါ်လာပြီး ကောင်းကင်နှင့်ကမ္ဘာမြေကြီးမှာ တုန်ရီသွားတော့သည်။
ထို အသံကျယ်ကြီး ပျံ့ထွက်သွားသောအခါ အဋ္ဌမမြောက် ရွှေရောင်လျှပ်စီးတန်းတစ်တန်း ထွက်ပေါ်လာပြီး ယခင်က အခေါက်များထက်ပင် ပို၍ကြီးမား၊ ပို၍ ရှည်လျားပေသည်။ ၎င်းမှာ နဂါးတစ်ေကာင်အလား ပင်လယ်ကိုးစင်းကိုဝန်းရံကာ ၎င်းတို့ကို ဖိနှက်လိုက်တော့သည်။
နတ်ဘုရားများ၏ လျှပ်စီးများမှာ ကောင်းကင်ကြီးကို လှုပ်ခါနေတော့သည်။
ပင်လယ်ကိုးစင်းကြောင့် ပေါ်ထွက်လာသည့် ရွှေအမြုတေမှာ မီတာသုံးဆယ်မှ သုံးမီတာအထိသို့ ကျုံ့သွားတော့သည်။ အမြုတေမှာ ပုံစံပျက်နေပြီဖြစ်ပြီး မျက်နှာပြင်ပေါ်တွင် အက်ကွဲကြောင်းများကိုပင် မြင်နိုင်သည်။
ပိုင်ရှောင်ချန်းမှာ ပြင်းထန်စွာ တုန်ရီနေပြီး သူ၏ ချွေးပေါက်များထဲမှ သွေးများစိမ့်ထွက်လာသဖြင့် တစ်ကိုယ်လုံး နီရဲသွားတော့သည်။ သူ၏မျက်ဝန်းများမှာ နီမြန်းနေပြီး ရူးသွပ်မှုများဖြင့် ပြည့်နှက်နေတော့သည်။ ထိုအချိန်တွင် သူ၏ ထာဝရအသက်ရှည်နည်းသိုင်းမှာ ပွင့်သွားပြီး သူ၏နောက်ဖက်တွင် ရွှေရောင်အလင်းတန်းများ ပေါ်ထွက်လာတော့သည်။ သူ၏နောက်တွင်ကား သူ၏ အဇူရာခန္ဓာကိုယ်ကြီးမှာ ရုပ်လုံးပေါ်လာပြီဖြစ်သည်။
” ပုံပေါ်စေ။ ”
သူက အော်ဟစ်လိုက်သည်။ ထိုအခါ သူ၏ခန္ဓာကိုယ်ထဲတွင် မိုးခြိမ်းသံများဖြင့် ပြည့်နှက်သွားပြီး သူ၏သက်စောင့်အား ပေါ်ထွက်လာသဖြင့် ဒဏ်ရာများမှာ ပျောက်သွားတော့သည်။ အဋ္ဌမမြောက် လျှပ်စီးတန်းကြီး ပျောက်ကွယ်သွားသောအခါ ပင်လယ်ကိုးစင်းမှ ဖြစ်ပေါ်လာသည့် ရွှေအမြုတေမှာ ထိုနေရာတွင် ကျန်ခဲ့ပြီး ယခင်ကလို ပုံစံပျက်နေခြင်း မရှိတော့ချေ။
လူများမှာ တအံ့တသြဖြစ်ကာ ကျယ်လောင်စွာ ပင့်သက်ရှိုက်နေကြသည့်အချိန်တွင် နဝမမြောက် မိုးခြိမ်းသံတစ်သံထွက်ပေါ်လာသည်။
” နောက်ဆုံး လျှပ်စီးတန်းပဲ။”
ဖုန်းရှိန်ကျစ် က တုန်တုန်ရီရီဖြင့် ညင်သာစွာဆိုလိုက်သည်။
” သူအောင်မြင်ရင် အောင်မြင်မယ်။ မအောင်မြင်ရင် သေမယ်။ ” ကုံမြစ်ဂိုဏ်းခွဲမှ အဘိုးကြီးမှာ ခပ်တိုးတိုး ရေရွတ်လိုက်သည်။ ပိုင်ရှောင်ချန်းကိုကြည့်နေစဥ် သူ၏မျက်နှာပေါ်တွင် ခံစားချက်ပေါင်းစုံ ရောထွေးနေသည်။ ပိုင်ရှောင်ချန်းသာ ကောင်းကင်တာအို ရွှေအမြုတေအဆင့်သို့ အောင်မြင်စွာရောက်ရှိသွားပါက အသက်မဆုံးရှုံးသေးသရွေ့ သူသည် ယင်ယန်ဝိညာဥ်အဆင့်သို့ သေချာပေါက်ရောက်ရှိမည်ဖြစ်ပြီး နတ်အဆင့်ကိုပါ တက်လှမ်းနိုင်မည်မှာ သေချာသလောက်ပင်ဖြစ်ကြောင်းကို ထိုအဘိုးကြီးက သိပေသည်။