ပိုင်ရှောင်ချန်းမှာ တစ်စတစ်စပို၍ သတိမေ့မျောလာတော့သည်။ တချိန်ထဲမှာပင် သူ၏ဘေးပတ်လည်ရှိအရာတိုင်းမှာ နှေးကွေးသွားသည့်အလား ဖြစ်နေတော့သည်။ ဟူတောင်တန်းပေါ်တွင် သူအမွှေးတိုင်ထွန်းခဲ့သည့် ပုံရိပ်များ၊ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၊ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းနှင့် အဏ္ဏဝါခေါ်သံဂိုဏ်းတို့တွင် ဖြစ်ပျက်ခဲ့သည်များကို သူက ရုတ်တရက် ပြန်လည်တွေးတောမိနေတော့သည်။
ထိုအမှတ်တရများက သူ၏ အတွေးထဲတွင် ဖြတ်ပြေးနေစဥ် သူကပြုံးလိုက်လေသည်။
ထိုအပြုံးထဲတွင် ခါးသီးမှုများနှင့် ကူရာမဲ့နေသည့် ခံစားချက်များ ပါဝင်နေသည်။
သူသည် ထာဝရအသက်ရှင်နေနိုင်ရန် ကျင့်ကြံခြင်းကို လေ့ကျင့်ခဲ့ပါသော်လည်း ထိုပန်းတိုင်ဆီသို့ လျှောက်လှမ်းရာ လမ်းတစ်လျှောက်တွင် အသက်အန္တရာယ်များစွာဖြင့် ကြုံတွေခဲ့ရစမြဲပင်။ ထိုသို့သော အခြေအနေများတွင် တစ်ချက်ကလေးသာ မှားယွင်းခဲ့ပါက သူ၏ အသက်မှာ ပျောက်သွားခဲ့မည်သာဖြစ်သည်။
ထိုအချင်းအရာမှာ ဝိရောဓိတစ်ခုခဲ့သို့ပင် ဖြစ်နေတော့သည်။
” ထာဝရအသက်ရှင်ဖို့ဆိုရင်… ”
သူက ရေရွတ်လိုက်လေသည်။
” ကောင်းကင်ကြီးကိုပဲ အာခံနေလို့မရဘူး။ တခြားလူတွေနဲ့ပါ တိုက်ခိုက်ရမှာ။ အဲဒီခရီးလမ်းက ကျဥ်းမြောင်းပြီး ကြမ်းတမ်းလွန်းလို့ လူအများစု အရှုံးပေးသွားရတဲ့အထိပဲ။ အများစုက ရှုံးနိမ့်ရင် ရှုံးနိမ့်၊ မရှုံးနိမ့်ရင် လမ်းပျောက်သွားကြတာ ချည်းပဲ။”
” ထာဝရအသက်ရှင်ဖို့…. အဲ့တာ ငါကျင့်ကြံခြင်းကို စလေ့ကျင့်ခဲ့တဲ့ တစ်ခုထဲသော အကြောင်းပြချက်ပဲ။ ထာဝရအသက်ရှင်ဖို့အတွက်ပဲ။”
” အသက်ရှင်ရမယ်။ ငါ ထာဝရအသက်ရှင်ရမယ်ဟေ့။” ရုတ်တရက် အရာအားလုံးမှာ ရှင်းလင်းသွားတော့သည်။ သူသည် အလွန်အမင်း ခွန်အားနည်းနေပါသော်လည်း ထာဝရအသက်နိုင်ရန်အတွက် အာရုံအပြည့်စိုက်နေတော့သည်။ ထိုအတွေးတစ်စမှာ သူ၏ စိတ်ထဲတွင် မိုးခြိမ်းသံများအလား ပြည့်နှက်သွားတော့သည်။
” အချိန်တိုင်း တခြားလူတွေကို အားကိုးနေလို့မရဘူး။ ငါပိုပြီး သန်မာလာမှ ရမယ်။ ငါ သန်မာမှ ငါ့ရဲ့ ထာဝရရှင်သန်ဖို့ဆိုတဲ့ အတွေးအိပ်မက်ကို ဘယ်သူမှ မနှောင့်ယှက်နိုင်အောင် ငါတားဆီးနိုင်မှာ။”
ပိုင်ရှောင်ချန်း၏ အတွေးများမှာ ကဆုန်ခုန်ပေါက်နေပြီး သူ၏ စိတ်စွမ်းအင်ပင်လယ်ကိုးစင်းမှာ တဝုန်းဝုန်းနိုးထလာကာ မိုးခြိမ်းသံကဲ့သို့ အသံများ ထုတ်လွှတ်နေတော့သည်။
အခြေခိုင်မာခြင်းအဆင့်သို့ရောက်ရှိခဲ့စဥ်ထဲက သူ၏ စိတ်စွမ်းအင်ပင်လယ်ကိုးစင်းထဲတွင် စုစည်းနေခဲ့သည့် ကောင်းကင်တာအို အငွေ့အသက်များမှာ ရုတ်တရက် ထွက်ပေါ်လာတော့သည်။ ထိုအငွေ့အသက်မှာ စိတ်စွမ်းအင်ပင်လယ်ကိုးစင်းလုံးကို ချိတ်ဆက်ကာ တစ်ခုထဲအဖြစ်ပေါင်းစည်းပေးနေသည့် ကြိုးတစ်ချောင်းအလား ဖြစ်သွားသည်။
ပိုင်ရှောင်ချန်းသည် ရွှေအမြုတေအဆင့်သို့ရောက်ရှိရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။ ယခုတွင် သူ၏ ထာဝရ အသက်ရှင်လိုသည့်ဆန္ဒအပေါ်တွင် အပြည့်အဝ အာရုံစိုက်မိသွားပြီး သူ၏ အသက်မှာလည်း သေရေးရှင်ရေးအခြေအနေထဲသို့ ရောက်ရှိနေပြီဖြစ်သဖြင့် သူက ဖောက်ထွက်ရန် အဆင်သင့် ဖြစ်နေတော့သည်။
” ထာဝရ အသက်ရှင်ရမယ်ဟေ့။” ပိုင်ရှောင်ချန်းမှာ သူ၏ဦးခေါင်းကို နောက်သို့ပစ်၍ ဟိန်းဟောက်လိုက်သောအခါ သူ၏ စိတ်စွမ်းအင်ပင်လယ်ကိုးစင်းမှ ကောင်းကင်နှင့် ကမ္ဘာမြေကြီးကို ဆက်သွယ်ပေးနေသည့် ကြောက်မက်ဖွယ် စွမ်းအင်များထွက်ပေါ်လာသည်။
ကောင်းကင်တာအို အငွေ့အသက်များကြောင့် ကောင်းကင်ယံတွင် အရောင်မျိုးစုံ တလက်လက်ထနေကြပြီး လေပြင်းကြီးတစ်ချက် တိုက်ခတ်လာတော့သည်။ အပေါ်ဘက်တွင် ကုံမြစ်ဂိုဏ်းခွဲတစ်ခုလုံးကိုပင် အုပ်မိုးသွားနိုင်သည့် ဧရာမ လေပွေကြီးတစ်ခုပေါ်ပေါက်လာသည်။
ထို လေပွေကြီး ရုတ်တရက်ပေါ်ထွက်လာမှုကြောင့် လူအများစုမှာ မော့ကြည့်ကာ မှင်တက်ကုန်ကြတော့သည်။
ပိုင်ရှောင်ချန်း၏ ပတ်လည်တွင် လေများတိုက်ခတ်နေစဥ် အထက်တွင် လျှပ်စီးများအပြင် ပင်လယ်ကိုးစင်းနှင့်ဆင်တူသည့် ပုံရိပ်ယောင်တစ်ခု ပေါ်ထွက်လာသည်။
ထိုအချိန်တွင် သူ၏ ရွှေအမြုတေအဆင့်ရှိသော ပြိုင်ဘက်မှာ သတ်ဖြတ်လိုစိတ်များဖြင့် အနားသို့ ကပ်လာတော့သည်။ သူက တိုက်ခိုက်ရန်ပြင်လိုက်သည့် အချိန်တွင် မျက်နှာပျက်သွားပြီး ပိုင်ရှောင်ချန်းဆီမှ ထွက်ပေါ်နေသည့် စွမ်းအင်ကြောင့် သူသည် မီတာသုံးဆယ်အကွာသို့ လွင့်သွားရတော့သည်။
” မင်း….”
ထိုလူငယ်က မယုံကြည်နိုင်သည့် မျက်နှားထားဖြင့် ဆိုလိုက်သည်။ သူတုန်လှုပ်နေသည့်အချက်မှာ ဤအချိန်တွင် ပိုင်ရှောင်ချန်းက ရွှေအမြုတေအဆင့်သို့ တက်လှမ်းရန် ဆုံးဖြတ်လိုက်သည့်အချက်မဟုတ်ပဲ ယခုသူကြုံနေရသည့် အမြုအတေအဆင့်မှာ သူယခင်က ကြုံတွေ့ခဲ့ဖူးသည့် အရာများနှင့် လုံးဝမတူပဲ ကွဲပြားနေသောကြောင့် ဖြစ်သည်။
အမြုတေအဆင့် တစ်ခုအတွင်း ဤကဲ့သို့ ထူးဆန်းသော လက္ခဏာများ ကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့တွင် ပေါ်ထွက်လာသည်ကို သူတစ်ခါမှ မမြင်ဖူးချေ။
ပိုင်ရှောင်ချန်းမှာ အမြုအတေအဆင့်သို့ပင် မရောက်သေးချေ။ သို့သော်လည်း သူ့ဆီမှထွက်ပေါ်နေသည့် ဖိအားနှင့် အငွေ့အသက်တို့မှာ အားပြင်းလှသဖြင့် သူသည် အနားသို့ပင်ကပ်၍မရနိုင်အောင် ဖြစ်နေသည်။ ရွှေအမြုတေအဆင့်ရှိ လူငယ်လေးမှာ အလွန်အမင်း အံ့အားသင့်နေတော့သည်။
သူတစ်ယောက်ထဲသာ မဟုတ်ချေ။ ထိုနေရာရှိ လူတိုင်းမှာ မယုံကြည်နိုင်လောက်အောင် တုန်လှုပ်ကာ အံ့သြသွားကြသည်။
” ဒါ…”
“အဲ့တာ…. ”
” အဲ့တာ ကောင်းကင်တာအို အငွေ့အသက်ပဲ။ မဟုတ်မှလွဲရော။ သူက ကောင်းကင်တာအို ရွှေအမြုတေအဆင့်ကို ရောက်တော့မှာလားဟ။ ”
ကုံမြစ်ဂိုဏ်းခွဲမှ ယင်ယန်ဝိညာဥ်အဆင့် ကျင့်ကြံသူများမှာလည်း အံ့အားသင့်နေကြပြီး အချို့ဆိုလျှင် မနာလိုနေသည့် အမူအရာများပင် မျက်နှာပေါ်တွင် ထင်ဟပ်နေသည်။
ကောင်းကင်တာအို ရွှေအမြုတေအဆင့်ဆိုသည်မှာ ဒဏ္ဍာရီထဲတွင်သာ ကြားဖူးခဲ့ကြသည့် အရာမျိုး ဖြစ်သည်။
ရွှေအမြုတေအဆင့်ဆိုသည့် အသုံးအနှုန်းမှာ အဆင့်အမျိုးမျိုးကွဲပေသည်။ အမြုတေအဆင့်ကို ကောင်းကင်၊မြေကြီး၊ မော်တယ် ဟူ၍ အမျိုးမျိုး ခွဲခြားသတ်မှတ်ထားသည်။ မော်တယ်တာအိုဆိုလျှင် မော်တယ်အမြုတေ။ မြေကြီးတာအိုဆိုလျှင် မြေကြီးအမြုတေနှင့် ကောင်းကင်တာအိုဆိုလျှင် ရွှေအမြုတေဟူ၍ ဖြစ်သည်။
ကောင်းကင်တာအို ရွှေအမြုတေကို သာလျှင် ရွှေအမြုတေအစစ်အဖြစ် သတ်မှတ်နိုင်မည်ဖြစ်သည်။
ကောင်းကင်တာအို ရွှေအမြုတေအဆင့်သို့ရောက်ရှိနိုင်မည့် တစ်ခုထဲသော နည်းလမ်းမှာ ကောင်းကင်တာအိုအခြေခိုင်မာခြင်းအဆင့်သို့ ရောက်နေရန်ဖြစ်သည်။ သို့သော်လည်း ကောင်းကင်တာအို အခြေခိုင်မာခြင်းအဆင့်တွင်ရှိနေလျှင်ပင် ကောင်းကင်တာအို ရွှေအမြုတေအဆင့်သို့ ရောက်ရှိနိုင်ရန် မသေချာချေ။
ကောင်းကင်တာအို ရွှေအမြုတေအဆင့် ကျင့်ကြံသူများမှာ ဖီးနစ်ငှက်မွှေးများနှင့် ချီလင် ဦးချိုများကဲ့သို့ ရှားပါးပြီး လွန်ခဲ့သော နှစ်ပေါင်းတစ်သောင်းခန့်အထိ တစ်ယောက်မှပင် မပေါ်ထွက်ခဲ့ချေ။ အလယ်ဒေသတွင်ပင် မရှိခဲ့။ ကောင်းကင်တာအို ရွှေအမြုတေအဆင့်၏ ကြောက်မက်ဖွယ်ဖိအားကြီးအကြောင်းကို ရှေးဟောင်းမှတ်တမ်းများထဲတွင်သာ လေ့လာ ဖတ်ရှုနိုင်သည်။
အဏ္ဏဝါခေါ်သံဂိုဏ်း၏ ယင်ယန်ဝိညာဥ်အဆင့် ခေါင်းဆောင်ကြီးများမှာ လူတိုင်းကဲ့သို့ တုန်လှုပ်သွားခြင်းမရှိသော်လည်း အနည်းငယ်တော့ အံ့သြသွားကြသည်။ ပိုင်ရှောင်ချန်းသည် ကောင်းကင်တာအို အခြေခိုင်မာခြင်းအဆင့်တွင်ရှိကြောင်းကို သူတို့ကသိထားသည်။ သို့သော်လည်း သူသည် ကောင်းကင်တာအို ရွှေအမြုတေအဆင့်သို့ ရောက်နိုင်မည်ဟု တပ်အပ်မပြောနိုင်ပေ။
သူ ကျရှုံးနိုင်ခြေရှိပါသော်လည်း အကယ်၍သာ အောင်မြင်သွားပြီး ကောင်းကင်တာအို ရွှေအမြုတေတစ်ခုကိုသာ ဖန်တီးနိုင်ပါက သူ၏ အနာဂတ်အလားအလာများမှာ အဆုံးမဲ့ဖြစ်သွားမည်ဖြစ်ပြီး သူနှင့် အဆင့်တူတူတွင်ရှိသည့် မည်သူ့ကိုမဆို အနိုင်တိုက်နိုင်မည်သာဖြစ်သည်။
စစ်မြေပြင်ကြီးမှာ ချက်ချင်းပင် တိတ်ဆိတ်သွားသည်။ လူတိုင်းပေါ်သို့ ကျရောက်နေသည့် ကောင်းကင်တာအိုအငွေ့အသက်ကြီးကြောင့် တိုက်ခိုက်မှုများမှာ ရပ်စဲသွားကြသည်။
မျက်လုံးများအားလုံးမှာ ပိုင်ရှောင်ချန်းဘက်သို့ ကြည့်နေကြသည်။ နတ်အဆင့်ကျင့်ကြံသူ တစ်ယောက်ပင်လျှင် ကောင်းကင်တာအိုရွှေအမြုတေအဆင့်သို့ တက်လှမ်းသည့်ဖြစ်စဥ်ကို ဝင်ရောက်စွက်ဖက်နိုင်မည်မဟုတ်ပဲ စွက်ဖက်ရန်ကြိုးစားပါက ကောင်းကင်ကြီး၏ အပြစ်ပေးခြင်းကိုခံရမည်သာဖြစ်သည်။
ထိုဖြစ်စဥ်၏ အောင်မြင်ခြင်းနှင့် ကျရှုံးခြင်းမှာ ပြင်ပအရာများပေါ်တွင် မှီခိုမှုမရှိချေ။ အမြုတေအဆင့်သို့ တက်လှမ်းရန် ကြိုးစားနေသည့် လူနှင့်သာ သက်ဆိုင်ပေသည်။
လူတိုင်းမှာ ထိုမြင်ကွင်းကိုကြည့်နေကြစဥ် အထက်ကောင်းကင်ယံတွင် မိုးခြိမ်းသံများမှာ ပို၍ ကျယ်လောင်လာသည်။ တချိန်ထဲမှာပင် ပိုင်ရှောင်ချန်း၏ နဝမမြောက် ပင်လယ်သည် အဋ္ဌမမြောက်ပင်လယ်နှင့် ပေါင်းစည်းသွားပြီး ပထမပင်လယ်သည်လည်း ဒုတိယပင်လယ်နှင့် ပေါင်းစည်းသွားတော့သည်။
ထိုပင်လယ်ကိုးစင်း အတူအတကွပေါင်းစည်းသွားသောအခါ ကောင်းကင်ယံတွင် အရောင်မျိုးစုံ တောက်ပလာပြီး လေမှာ တဟူးဟူးတိုက်ခတ်လာကာ ဖိအားကြီးမှာလည်း ပို၍ အားကောင်းလာသည်။ ယင်ယန်ဝိညာဥ်အဆင့် ကျင့်ကြံသူများပင်လျှင် အသက်ရှူသံများ မြန်လာတော့သည်။
” ပေါင်းစည်းခြင်း စတင်နေပြီပဲ။ ”
အခြေခိုင်မာခြင်းအဆင့်မှ ရွှေအမြုတေအဆင့်သို့ ဖောက်ထွက်သည့် ဖြစ်စဥ်ထဲတွင် စိတ်စွမ်းအင်ပင်လယ်များကို ပေါင်းစည်းခြင်း ပါဝင်သည်။ ပင်လယ်လေးစင်းကို စတင်ပေါင်းစည်းခြင်းသည် အကောင်းဆုံးဖြစ်သည်။ စစချင်းတွင် ပင်လယ်ခြောက်စင်း ပေါင်းစည်းခြင်းမှာ ရှားပါးပြီး ရှစ်စင်းအထိ ပေါင်းစည်းဖို့ဆိုလျှင် အထက်ပိုင်းဒေသရှိ မြစ်ဝဂိုဏ်းများအတွက်ပင် အလွန်ခက်ခဲမည်ဖြစ်သည်။
” ပိုင်ရှောင်ချန်းက ပင်လယ်လေးစင်းကို ပေါင်းစည်းလိုက်ပြီပဲ။ ” ရွှေအမြုတေအဆင့်နှင့် ယင်ယန်ဝိညာဥ်အဆင့် ကျင့်ကြံသူများမှာ ကောင်းကင်ယံရှိ လက္ခဏာများကို မော့ကြည့်ရင်း သူတို့အချင်းချင်း မှတ်ချက်များ ပေးနေကြသည်။
သို့သော်လည်း ကုံမြစ်ဂိုဏ်းခွဲမှ ကျင့်ကြံသူများမှာ ပိုင်ရှောင်ချန်းသည် ပင်လယ်လေးစင်းကိုသာ ပေါင်းစည်းလိုက်ကြောင်း သိလိုက်ရသောအခါ စိတ်သက်သာရာ ရသွားသည့်အလား သက်ပြင်းချလိုက်ကြသည်။
” ပင်လယ်လေးစင်းလောက်ပဲ ပေါင်းရင်တော့ သူ ကောင်းကင်တာအို ရွှေအမြုတေအဆင့်ကို ရောက်မှာ မဟုတ်ဘူး။ ”
ကုံမြစ်ဂိုဏ်းခွဲ မှကျင့်ကြံသူများသာ ထိုအချင်းအရာကို သတိထားမိသည်မဟုတ်။ အဏ္ဏဝါခါ်သံဂိုဏ်းမှ ခေါင်းဆောင်ကြီးများကလည်း စိုးရိမ်စပြုလာတော့သည်။
သူသည် အဏ္ဏဝါခေါ်သံဂိုဏ်း၏ ခေါင်းဆောင်ငယ်လေးဖြစ်သည့်အလျှောက် ခေါင်းဆောင်ကြီးများမှာ သူ့ကို လွန်စွာမှ တန်ဖိုးထား အရေးပေးလေသည်။ ဤတိုက်ပွဲပြီးစီးသွားလျှင် သူတို့က တတ်နိုင်သမျှ အစွမ်းကုန်ကြိုးပမ်းကာ ပိုင်ရှောင်ချန်းကို ကောင်းကင်တာအို ရွှေအမြုတေအဆင့်သို့ အရောက်ပို့ရန် စီစဥ်ထားကြပြီး ဖြစ်သည်။
သို့သော်လည်း မျှော်လင့်မထားသည့် ဖြစ်ရပ်များ ဖြစ်ကုန်သဖြင့် ပိုင်ရှောင်ချန်းမှာ စစ်ပွဲအတွင်း အမြုတေအဆင့် သို့ရောက်ရန် ကြိုးပမ်းလိုက်သည်။ အဏ္ဏဝါခေါ်သံဂိုဏ်းမှာမူ ဤ မျှော်လင့်မထားသည့်ဖြစ်ရပ်ကြီးကြောင့် လွန်စွာမှ နစ်နာသွားတော့သည်။
သို့သော်လည်း ထိုအချိန်တွင် ရုတ်တရက် တအံ့တသြ အော်ဟစ်သံများ ထွက်လာတော့သည်။
” သူက လေးစင်းနဲ့ မရပ်သေးဘူးဟ။”
” နောက်ထပ် ပေါင်းစည်းမှုတစ်ခု ထပ်ဖြစ်နေပြီဟေ့။”
ထိပ်ဖက်တွင် စိတ်စွမ်းအင်ပင်လယ် နှစ်စင်းမှာ ပေါင်းစည်းသွားပြီး အောက်ဖက်တွင်လည်း နှစ်စင်းမှာ ထပ်မံပေါင်းစည်းသွားသည်။ သို့သော် ပထမ စိတ်စွမ်းအင်ပင်လယ် နှစ်စင်းမှာ တတိယမြောက်ပင်လယ်နှင့် ပေါင်းစည်းစပြုလာတော့သည်။
ထိုမျှနှင့် ရပ်မသွားသေးပေ။ အဋ္ဌမနှင့် နဝမမြောက် ပင်လယ်တို့မှာ သတ္တမမြောက်ပင်လယ်နှင့် ဖြည်းညင်းစွာ ပေါင်းစည်းသွားသည်။
ထိုအခါ ကောင်းကင်တာအို အငွေ့အသက်ကြီးမှာ ပို၍ အားပြင်းလာပြီး ကျင့်ကြံသူအားလုံး၏ ကျင့်ကြံခြင်းအခြေခံများကို ချုပ်တည်းကာ သူတို့ကို ယောက်ယက်ခတ်သွားစေတော့သည်။
တအံ့တသြ အော်ဟစ်သံများမှာ ပို၍ ကျယ်လောင်စွာ ထွက်လာကြတော့သည်။
” ဘယ်လိုနည်းနဲ့ကြောင့် ဒီလိုတွေ ဖြစ်နိုင်ရတာလဲဟ။ ”
ကုံမြစ်ဂိုဏ်းခွဲ၏ ဂိုဏ်းသားများမှာ အလွန်အမင်း တုန်လှုပ်နေကြပြီး စောစောက ပိုင်ရှောင်ချန်းကိုသတ်ရန် ကြိုးပမ်းနေသည့် ရွှေအမြုတေအဆင့် ကျင့်ကြံသူ လူငယ်မှာ ပို၍ပင် အခြေအနေဆိုးနေတော့သည်။ သူသည် တဆတ်ဆတ် တုန်ရီနေပြီး မယုံကြည်နိုင်လောက်အောင်ဖြစ်ကာ မိစ္ဆာတစ်ကောင်ကို ရန်စမိလိုက်သကဲ့သို့ နောင်တများ ရနေတော့သည်။
” ပင်လယ် ခြောက်စင်းပါလား။” စိတ်စွမ်းအင်နတ်ရေစင်အဖွဲ့မှ ခေါင်းဆောင်ကြီး ဟိန်ဇောင်နှင့် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းမှ ဖုန်းရှိန်ကျစ် တို့မှာ အပျော်ကြီးပျော်နေကြတော့သည်။ အခြားခေါင်းဆောင်ကြီးများမှာလည်း ထိုနည်းတူပင်။ လီချင်းဟောက်နှင့် အခြားရွှေအမြုတေအဆင့် ကျင့်ကြံသူများကမူ မျက်လုံးပြူးကြီးများဖြင့် ကြည့်နေကြသည်။
သို့သော်လည်း ထိုအုပ်အော်သောင်းနင်းမှုကြီး မငြိမ်ကျသွားခင်တွင် ကောင်းကင်ယံမှာ နောက်ထပ် အခြင်းအရာတစ်ခု ဖြစ်ပေါ်လာပြန်သည်။
ပထမပင်လယ်သုံးစင်းမှာ စတုတ္ထမြောက်ပင်လယ်ထဲသို့ ပေါင်းစည်းသွားသည်။
တပြိုက်နက်ထဲမှာပင် သတ္တမမြောက်မှ နဝမမြောက်အထိ ပင်လယ်များကလည်း အဋ္ဌမမြောက်ပင်လယ်နှင့် ပေါင်းစည်းသွားသည်။
အရာရာတိုင်းမှာ ပြောင်းလဲသွားပြီ ဖြစ်သည်။
အောက်ဘက်ရှိ ပင်လယ်လေးစင်းနှင့် အထက်ဘက်ရှိ ပင်လယ်လေးစင်းမှာ တဖြည်းဖြည်း နီးကပ်လာပြီး ၎င်းတို့၏ ကြားထဲတွင် ပဥ္စမမြောက်ပင်လယ် ရှိနေသည်။
ထိုပဥ္စမမြောက်ပင်လယ်မှာ မလှုပ်မယှက် ရှိနေပါသော်လည်း ပင်လယ်ကိုးစင်းစလုံး ပေါင်းစည်းနေသည်ကို အရှင်းသားမြင်နေရသည်။
ကောင်းကင်တာအို ဖိအားကြီးမှာလည်း ပို၍ အားကောင်းလာပြီး ထိုနေရာတစ်ခုလုံးကို တမူထူးခြားသော ပြင်းအားကြီးက အုပ်မိုးသွားတော့သည်။
ထိုဖိအားကြီးမှာ ကောင်းကင်တာအို ရွှေအမြုတေအဆင့်သို့ တက်လှမ်းသူများအတွက် သဘာဝတရားကြီးက ပေးအပ်သည့် အကာအကွယ်တစ်ခုအလားပင် ဖြစ်နေတော့သည်။ ထိုဖိအားကြီး တလိပ်လိပ် ထွက်ပေါ်လာစဥ် မည်သူမျှ သတိမထားမိလိုက်သည့် ဖြစ်စဥ်တစ်ခု ဖြစ်သွားလေသည်။ သင်္ချိုင်းစောင့် အဘိုးအိုက ကောင်းကင်ယံတွင် ပေါ်ထွက်လာခြင်းဖြစ်သည်။ သူသည် ပထမဦးစွာ စိတ်စွမ်းအင်ပင်လယ်များကိုကြည့်လိုက်ပြီးနောက် ပိုင်ရှောင်ချန်းကို ငုံ့ကြည့်လိုက်လေသည်။
လူတိုင်းမှာ ပင်လယ်ကိုးစင်း ဖြည်းညင်းစွာ ပေါင်းစည်းစုဆုံနေကြသည်ကို ကြည့်ရင်း ပုံစံတစ်ခု ဖြစ်ပေါ်လာသည်ကို သတိထားမိလိုက်ကြသည်။
ထိုပုံစံမှာ စက်ဝိုင်းသဏ္ဍာန်ပင် ဖြစ်သည်။
ရွှေရောင် စိတ်စွမ်းအင်ပင်လယ် ကိုးစင်းမှာ မျက်စိအာရုံများကို ဖမ်းစားထားတော့သည်။ ထိုပင်လယ်များကို ကြည့်လိုက်သူတိုင်း ရွှေရောင်နေလုံးကြီးကို ကြည့်နေရသည့်အလား ခံစားရမည်ဖြစ်သည်။
အတုမရှိသော အစစ်အမှန် ရွှေအမြုတေ တစ်ခုပင် ဖြစ်ချေသည်။