Switch Mode

စာစဉ်(၅) အပိုင်း(၆၂)

ကန်းလန်စီရင်စု၊ ဝေချင်းချင်း

ကန်းလန်စီရင်စုက ဇူအင်ပါယာ၏အနောက်တောင်ဘက်နယ်မြေတွင် တည်ရှိသည်။

လဝက်ခန့်ထပ်မံကုန်ဆုံးသွားခဲ့ပြီးနောက်မှာ ဇူယွမ်တို့လူစု မြို့တော်အနီးကို ရောက်ရှိလာခဲ့ကြသည်။

ဇူယွမ်ကရထားလုံးအတွင်းမှ လွန်စွာကြီးမားသည့်မြို့တော်ကြီးကို တွေ့လိုက်ရသည်။ ဇူအင်ပါယာမြို့တော်နဲ့ ခံ့ညားထည်ဝါမှုခြင်းယှဉ်လိုက်ရင် ကန်းလန်မြို့တော်က အနည်းငယ်သာ ခြားနားမှုရှိပေသည်။ ဒါ့အပြင်ကန်းလန်မြို့တော်က ဇူအင်ပါယာနယ်မြေရဲ့အစွန်အဖျားမှာရှိတာကြောင့် မကြာခဏဆိုသလို ထိတွေ့တိုက်ခိုက်မှုတွေဖြစ်ပွားနေလေ့ရှိသည်။ ထို့ကြောင့်ပင် မြို့တော်တစ်ခုလုံးက အမြဲတစေသတိမပြတ်ဖြင့် နိုးနိုးကြားကြားရှိနေကြရသည်။

ဒီ့အပြင် ဖြတ်သန်းသွားလာသူအများစုထံမှ ခြားနားလှတဲ့မူလချီလှုပ်ရှားမှုတွေအပြင် သွေးဆာနေတဲ့အငွေ့အသက်အနည်းငယ်လည်း ထွက်ပေါ်နေလျက်ရှိသည်။

ကန်းလန်စီရင်စုအနီးမှာ အဆိပ်ရေအိုင်တည်ရှိပြီး ကံကောင်းမှုကိုရှာဖွေဖို့ရန်နှင့် မူလမှော်သားရဲတွေကို အမဲလိုက်ဖို့ရန်အတွက် မူလဆရာသခင်တွေဘယ်နှစ်ယောက်လောက်များ အဆိပ်ရေအိုင်မှာ စုဝေးနေကြသည်ကို နတ်ဘုရားတွေသာသိနိုင်လိမ့်ပေမည်။ ယခင်တုန်းက ဇူယွမ်သွားရောက်လေ့ကျင့်ခဲ့သည့် အနက်ရောင်သစ်တောတောင်တန်းက အဆိပ်ရေအိုင်နဲ့ယှဉ်လိုက်ရင် ကလေးသာသာအဆင့်မှာပဲရှိလေသည်။

လုတိန်ရှန်းက သူ့ရဲ့မြင်းကိုစီးနင်းလာခဲ့ပြီး ကျယ်လောင်ပီသသောလေသံဖြင့်ပြောလိုက်သည်… “မင်းသားလေး… ကန်းလန်မြို့တော်က ရှေ့ဆိုရင်ရောက်ပါပြီ… ဒါပေမဲ့ ကျွန်တော်တို့အင်အားကအရမ်းများတဲ့အတွက် မြို့တော်ထဲကိုတိုက်ရိုက်ဝင်သွားလို့မရနိုင်ဘူး… ဒါ့ကြောင့် ကျွန်တော်တို့တွေ ကန်းလန်စစ်တန်းလျားကိုပဲ အရင်ဆုံးသွားရလိမ့်မယ်…”

ဇူယွမ်ခေါင်းညိတ်ပြလိုက်သည်… “ခုကအရမ်းနောက်ကျနေပြီ… ငါတို့တွေ စစ်တန်းလျားကိုပဲ အရင်သွားကြမယ်… ဗိုလ်ချုပ်ကြီးဝေဆီကိုတော့ မနက်ဖြန်ကြမှ အလည်အပတ်သွားကြတာပေါ့…”

လုတိန်ရှန်းက အရိုအသေပေးလိုက်ပြီး နန်းတော်အစောင့်အရှောက်တွေကို အမိန့်ပေးလိုက်သည်။ မကြာမီမှာပင် လူအယောက်တစ်ထောင်ကျော်ပါဝင်တဲ့ လူအုပ်ကြီးက ကန်းလန်စစ်တန်းလျာရှိရာအရပ်ဆီသို့ ချီတက်လာခဲ့ကြသည်။

ရင်းနှီးမှုမရှိတဲ့စစ်သည်တွေ ချဉ်းကပ်လာမှုက သေချာပေါက်ပင် ကန်းလန်စစ်တန်းလျားရှိလူတိုင်းကို သတိပေးသံတွေဆူညံသွားစေခဲ့သည်။ ထိုအခိုက်မှာ မြင်းစီးသမားဆယ်ယောက်ကျော်က စစ်တန်းလျားအတွင်းမှ ထွက်ပေါ်လာခဲ့ပြီး ဇူယွမ်တို့ထံသို့စီးနင်းလာခဲ့ကြသည်။

“ဘယ်သူတွေလဲ…”

မြင်းစီးသမားတွေက သူတို့ရဲ့လမ်းကြောင်းမှာ ပိတ်ဆို့ထားလိုက်ကြပြီး ခေါင်းဆောင်လာသူရဲ့ ဦးခေါင်းထက်မှာ အနီရောင်ချပ်ဝတ်ခေါင်းဆောင်းကို ဝတ်ဆင်ထားလျက်ရှိသည်။ ဇူယွမ်တို့လူစု သူတို့နဲ့နီးကပ်လာသည့်အခါမှသာ ခေါင်းဆောင်ဖြစ်သူက မိန်းကလေးတစ်ယောက်ဆိုတာကို သူတို့တွေသိလိုက်ကြရသည်။

သူမရဲ့လှပတဲ့ခန္ဓာကိုယ်လေးထက်မှာလည်း ပျော့ပျောင်းတဲ့အနီရောင်ချပ်ဝတ်တစ်ခုကို ဝတ်ဆင်ထားပေသည်။ သူမရဲ့တိုက်ခိုက်ရေးဝတ်စုံအောက်မှ စစ်ဖိနပ်တွေဝတ်ဆင်ထားသည့် ရှည်လျားသေးသွယ်တဲ့ခြေထောက်တစ်စုံ ထွက်ပေါ်နေလျက်ရှိပြီး ၎င်းကလွန်စွာမှပင် ဆွဲဆောင်မှုရှိလှသည်။

သူမရဲ့ခေါင်းဆောင်းအောက်မှာ အေးစက်ကာလှပတဲ့မျက်နှာလေးတစ်ခုရှိနေပြီး ညီညာလှပသည့်မျက်ခုံးနှစ်ခုက အနည်းငယ်ထွက်ပေါ်နေလျက်ရှိကာ သူမရဲ့ဟန်ပန်က ရဲရင့်မှုတွေနဲ့ပြည့်နှက်နေပေသည်။

“နန်းတော်အစောင့်အရှောက်ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ လုတိန်ရှန်း…” လုတိန်ရှန်းက မြင်းစီးသမားတစ်စုကို ကြည့်လိုက်ပြီးတင်းမာသည့်လေသံဖြင့်ပြောလိုက်သည်… “ငါတို့တွေက အရှင်မင်းကြီးရဲ့အမိန့်ကြောင့်လာခဲ့ရခြင်းဖြစ်ပြီးတော့ ကန်းလန်စစ်တန်းလျားမှာ ခဏတည်းခိုဖို့အတွက် ရောက်ရှိလာခဲ့ကြတာ…”

“ဒါဆို ဒါကခေါင်းဆောင်လုပေါ့…” အနီရောင်ချပ်ဝတ်ဝတ်ဆင်ထားသည့် မိန်းကလေးရဲ့မျက်နှာက အနည်းငယ်ပျော့ပျောင်းသွားခဲ့ရသည်။ ဒါကိုကြည့်ခြင်းအားဖြင့် သူမက သူတို့ရဲ့သတင်းကိုကြားထားခဲ့ရပြီးဖြစ်သည်မှာ ထင်ရှားလှပေသည်။

“ဝေချင်းချင်းက ခေါင်းဆောင်လုကို နှုတ်ဆက်ပါတယ်…”

“ဝေချင်းချင်းလား…” ဒီနာမည်ကို ကြားလိုက်ရတဲ့အခိုက်မှာ ဇူယွမ်ရဲ့နှလုံးက အနည်းငယ်လှုပ်ခတ်သွားခဲ့ရသည်။ ဝေကန်းလန်မှာ သားတစ်ယောက်နှင့် သမီးတစ်ယောက်ရှိကာ သမီးဖြစ်သူရဲ့နာမည်က ဝေချင်းချင်းဖြစ်ပေသည်။ ကြည့်ရတာသူတို့ရှေ့က အမျိုးသမီးအုပ်ချုပ်သူက ရဲစွမ်းသတ္တိနှင့်ပြည့်စုံလှသည့် သူ၏သမီးဖြစ်သူ ဖြစ်ရပေလိမ့်မည်။

“ဒါဆို မိန်းကလေးက ဗိုလ်ချုပ်ကြီးဝေရဲ့သမီးပေါ့…” လုတိန်ရှန်းက လက်နှစ်ဖက်ဆုပ်ကာ အရိုအသေပေးလိုက်သည်။

ဒါကိုကြားလိုက်ရသည့်အခါ ဝေချင်းချင်းက တည်ငြိမ်စွာဖြင့်ပင်ပြောလိုက်သည်… “လက်ရှိဒီနေရာမှာရှိနေတဲ့သူက ကန်းလန်စစ်တပ်ရဲ့ ဒုတပ်မှူးဖြစ်တဲ့ ဝေချင်းချင်းဖြစ်ပြီးတော့ ဗိုလ်ချုပ်ကြီးဝေရဲ့သမီးဖြစ်တဲ့ ဝေချင်းချင်းမဟုတ်ဘူး…”

လုတိန်ရှန်းအနေဖြင့် အချိန်တစ်ခုတိုင်အောင် စကားမပြောနိုင်ဖြစ်သွားခဲ့ရသည်။ ထို့နောက်မှာမှ သူကခေါင်းကိုသာညိတ်လိုက်မိပြီး ဘေးကိုဖယ်ပေးလိုက်သည့်အခါ ဇူယွမ်ကထွက်ပေါ်လာခဲ့ရသည်… “ဒါက မင်းသားလေးဇူယွမ်ပဲ… သူကဒီတစ်ကြိမ်မှာ ငါနဲ့အတူလိုက်ပါလာခဲ့တယ်…”

ဝေချင်းချင်းက ဇူယွမ့်ကို မော့ကြည့်လိုက်မိသည်။ သူမအနေနဲ့ ဇူယွမ့်အကြောင်းကို အရင်ကကြားခဲ့ရဖူးခြင်းမရှိခဲ့ပေမဲ့လည်း မကြာသေးခင်ကပြီးဆုံးခဲ့တဲ့ တော်ဝင်ဇူကျောင်းတော် အတန်းအဆင့်သတ်မှတ်ချက်စာမေးပွဲပြီးဆုံးသွားတဲ့နောက်မှာ သူရဲ့အကြောင်းက လူပြောအများဆုံးအရာတစ်ခုဖြစ်လာခဲ့ရသည်။ လမ်းပေါ်မှာပြောဆိုနေကြတဲ့စကားတွေကလည်း သူတို့ရဲ့မသန်မစွမ်းဖြစ်ပြီး ကျင့်ကြံခြင်းကိုတောင်မပြုလုပ်နိုင်တဲ့မင်းသားလေးက ချီအိမ်တော်ရဲ့ဒုတိယသခင်လေးဖြစ်သူ ချီယွဲ့ကိုအနိုင်ရရှိခဲ့သည့် အကြောင်းတွေချည်းသာလျှင်ဖြစ်ပေသည်။

သို့ပေမဲ့လည်း သူမက ဇူယွမ့်ဘေးရှိ ယောင်ယောင်နဲ့စုယုဝေတို့ကို သတိထားမိခဲ့လိုက်သည့်အတွက် သူမရဲ့မျက်ခုံးတွေက လျင်မြန်စွာပင်တွန့်ကွေးသွားခဲ့ရသည်။ သူမတို့နှစ်ယောက်စလုံးက အလွန်အမင်းလှပနေသည့်အတွက် ဝေချင်းချင်းက ဇူယွမ့်ကို အပျော်အပါးမက်သည့်မင်းသားတစ်ပါးအဖြစ် မြင်သွားခဲ့ရသည်။

“ဒါက မင်းသားလေးဇူယွမ်ပေါ့…” ပထမဆုံးတွေ့ဆုံစဉ်မှာပင် ဆိုးဝါးတဲ့အမြင်တစ်ခုရှိခဲ့ရပေမဲ့လည်း ဝေချင်းချင်းရဲ့မျက်နှာက ထိုအရာကိုလျစ်လျူရှု၍ လက်နှစ်ဖက်ဆုပ်ကာ အရိုအသေပေးလိုက်ပေမဲ့ သူမရဲ့စိတ်ထဲမှာ ခေါင်းကိုသာခါယမ်းနေခဲ့မိသည်။ ကြည့်ရတာ အတန်းအဆင့်သတ်မှတ်ချက်စာမေးပွဲမှာ တစ်စုံတစ်ယောက်က နောက်ကွယ်ကနေ တိတ်တဆိတ်ကြိုးကိုင်ချယ်လှယ်ခဲ့တာများလား။

သူမအနေဖြင့် ခရီးတစ်ခုကို မိန်းမလှလေးနှစ်ယောက်ဖြင့် အတူတကွထွက်လာခဲ့သည့် ပေါ့ပြက်ပြက်မင်းသားတစ်ပါးက ကောလဟာလတွေကပြောတဲ့အတိုင်း ချီယွဲ့အားအနိုင်ယူနိုင်လောက်အောင် ပါရမီရှိလိမ့်မယ်လို့ လုံးဝကိုမယုံကြည်နိုင်ခဲ့ပေ။

ငယ်ရွယ်စဉ်ကတည်းကပင် ဝေချင်းချင်းမှာ ပြင်းထန်ခိုင်မာတဲ့စရိုက်တစ်ခုရှိနေခဲ့ရပြီး ထိုကဲ့သို့လှပတဲ့မိန်းကလေးတွေကို ဖျက်လိုဖျက်ဆီးလုပ်တတ်သည့် ဆန်ကုန်မြေလေးယောက်ျားတွေကို အလွန်ပင်မုန်းတီးရပေသည်။ သူမက ကန်းလန်စစ်တပ်ထဲမှာ အရေးပါတဲ့နေရာတစ်ခုကိုရထားတယ်ဆိုပေမဲ့ သူမသည်လည်းမိန်းကလေးတစ်ယောက်ပင်ဖြစ်သည်။

“ကျွန်မနောက်ကိုလိုက်ခဲ့ပါ… ကျွန်မက ရှင်တို့အားလုံးနေထိုင်ဖို့အတွက် နေရာတစ်ခုစီစဉ်ပေးပါ့မယ်…” ဝေချင်းချင်းက ဇူယွမ်ရဲ့တုန့်ပြန်မှုကိုပင် စောင့်နေခဲ့ခြင်းမရှိဘဲ ချက်ချင်းဆိုသလိုပင် သူမရဲ့မြင်းကိုနောက်ပြန်လှည့်ကာ ထွက်သွားခဲ့သည်။

“အာ…”

ဒီမြင်ကွင်းက ဇူယွမ့်ကိုအနည်းငယ် ခေါင်းရှုပ်သွားစေခဲ့ရသည်။ ဘာကြောင့် ဒီမိန်းကလေးက သူ့ကိုမြင်မြင်ချင်း မုန်းတီးနေသလိုဖြစ်နေခဲ့ရတာလဲ။

“သွားကြစို့မင်းသားလေး… ကျွန်တော်တို့က အခြားသူတစ်ယောက်ရဲ့နယ်မြေထဲမှာ အနည်းငယ်နှိမ့်ချနေဖို့ကလွဲပြီး အခြားရွေးစရာမရှိဘူး…” ဇူယွမ်ဒေါသထွက်သွားမှာကို စိုးရိမ်သွားသည့်အလား လုတိန်ရှန်းက အကြံပြုလိုက်သည်။ သူတို့ရဲ့အကြီးမားဆုံးရည်ရွယ်ချက်က ဝေကန်းလန်ကို သူတို့ဘက်ပါအောင်ဆွဲခေါ်နိုင်ဖို့ပင်ဖြစ်သည်။ အကယ်၍ဇူယွမ်ကသာ ဝေချင်းချင်းနဲ့ ဒီနေရာမှာ ကတောက်ကဆဖြစ်သွားခဲ့ရမယ်ဆိုရင် သူတို့အပေါ် ဝေကန်းလန်ရဲ့အမြင်က ပိုပြီးဆိုးဝါးသွားရပေလိမ့်မည်။

ဇူယွမ်ရယ်မောလိုက်မိပြီး ဒီကိစ္စကို သူ့ရဲ့စိတ်ထဲမှာ ထားမနေခဲ့တော့ပေ။ သူ့အနေနဲ့ နှစ်ပေါင်းများစွာကြာအောင် ဒီလိုအရာတွေနဲ့ ရင်ဆိုင်ကြုံတွေ့ခဲ့ရပြီးဖြစ်သည့်အတွက် ဝေချင်းချင်းရဲ့သဘောထားနဲ့ပတ်သက်လို့ ဒေါသထွက်မိလိမ့်မည်မဟုတ်ပေ။

“သွားကြမယ်…”

ဇူယွမ်သူ့ရဲ့လက်ကို ဝှေ့ယမ်းပြလိုက်ပြီး အနောက်မှစစ်သည်တွေကို ညွှန်ကြားလိုက်သည်။ သူတို့တွေက လျင်မြန်စွာဖြင့် ဝေချင်းချင်းတို့နောက်သို့ အမှီလိုက်လာခဲ့ပြီး ကြီးမားကျယ်ဝန်းလှသည့် ကန်းလန်စစ်တန်းလျားအတွင်းသို့ ဝင်ရောက်လာခဲ့ကြသည်။

စစ်တန်းလျားအတွင်းသို့ နန်းတော်အစောင့်အရှောက်တစ်ထောင်ခန့်ဝင်ရောက်လာခဲ့ပြီးနောက်မှာ များစွာသော စိတ်ဝင်တစားကြည့်နေကြသည့်အကြည့်တွေက သူတို့ထံသို့ကျရောက်လာခဲ့ရသည်။ သို့ပေမဲ့လည်း အများစုသောအကြည့်တွေက သိချင်စိတ်ပြင်းပြမှုတွေနဲ့ ရန်စလိုမှုတို့ဖြင့်ပြည့်နှက်နေရပေသည်။

ဇူအင်ပါယာအတွင်း၌ နန်းတော်အစောင့်အရှောက်စစ်တပ်၊ ချီဘုရင်၏စစ်တပ်နဲ့ ကန်းလန်စစ်တပ်တို့က အစွမ်းအထက်ဆုံးစစ်တပ်သုံးခုဖြစ်တယ်ဆိုတာကို လူတိုင်းသိကြပေသည်။

ဒီလိုမျိုးအစွမ်းအထက်ဆုံးစစ်တပ်တွေဖြစ်ကြသည့်အတွက် ပုံမှန်အားဖြင့် ကန်းလန်စစ်တပ်ရှိစစ်သားတွေက နန်းတော်အစောင့်အရှောက်တွေနဲ့ လက်ရည်စမ်းလိုကြကာ သူတို့လိုပဲကျော်ကြားသည့်စစ်တပ်ရှိ စစ်သားတွေရဲ့အရည်အချင်းကို မြင်တွေ့လိုကြပေသည်။

ဇူယွမ်တို့လူစုက ရပ်တန့်လိုက်ကြသလို သူတို့ရှေ့က လူအုပ်ကြီးကလည်း ရုတ်တရက်နှစ်ခြမ်းကွဲသွားခဲ့ကာ များစွာသောပုံရိပ်တွေ ထွက်ပေါ်လာခဲ့ကြသည်။

သူတို့ကိုမြင်လိုက်ရသည့်အခါ ဝေချင်းချင်းက မြင်းပေါ်မှဆင်းလိုက်ပြီး တီးတိုးပြောဆိုလိုက်သည်။

ထိုအခိုက်အတန့်တွင်ပင် ဇူယွမ်နဲ့လုတိန်ရှန်းတို့နှစ်ယောက်က ရှေ့ကိုလျှောက်လှမ်းလာခဲ့ကြသည်။

ဝေချင်းချင်းက သူတို့ဘက်ကိုလှည့်ကာ သူမလူတွေနဲ့မိတ်ဆက်ပေးလိုက်သည်… “သူတို့တွေက ကန်းလန်စစ်တပ်ရဲ့အရာရှိတွေဖြစ်ကြပြီးတော့ ဒါကကျွန်မရဲ့ဝမ်းကွဲအစ်မဖြစ်တဲ့ ဝေတင်းပဲ…”

သူမက အမျိုးသမီးတစ်ယောက်ကို ညွှန်ပြလိုက်ရင်းမှပြောသည်။ ထိုအမျိုးသမီးက ပျော့ပျောင်းသည့်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသော်ငြား သူမရဲ့ဖွံ့ထားလှသည့်ခန္ဓာကိုယ်ကို လုံခြုံအောင်ဖုံးကွယ်ထားနိုင်စွမ်းမရှိခဲ့ပေ။ သို့ပေမဲ့လည်း သူမရဲ့မျက်နှာက ဝေချင်းချင်းလို လှပနေခဲ့ခြင်းတော့မရှိခဲ့ပေ။ ဝေတင်းရဲ့မျက်လုံးတွေက ဇူယွမ့်ထံကျရောက်လာခဲ့ရပြီး သူမရဲ့နှုတ်ခမ်းထက်မှာ အပေါ်ယံအပြုံးတစ်ခု ထွက်ပေါ်လာခဲ့ရသည်… “ဒါက ငါတို့ရဲ့ကျော်ကြားနေတဲ့ မင်းသားလေးမဟုတ်လား… ဒီလိုရှည်လျားဝေးကွာတဲ့ခရီးကိုတောင်မှ မင်းသားလေးက အရမ်းကိုလှပတဲ့မိန်းကလေးနှစ်ယောက်ကို အတူတူခေါ်ဆောင်လာနိုင်ခဲ့တာပဲ…”

ဒီစကားကိုကြားလိုက်ရတဲ့အခါ ဇူယွမ်က သက်ပြင်းကိုသာချလိုက်မိသည်။ ဒီအမျိုးသမီးက သူနဲ့ပတ်သက်ပြီး အနည်းငယ်ရန်လိုမှုရှိနေသည်ကို သူ့အနေနဲ့ခံစားနိုင်ခဲ့သည်။

သို့ပေမဲ့လည်း သူမရဲ့ရန်လိုမှုနောက်ကွယ်က အကြောင်းအရာကို သူကမကြာခင်မှာပင် ရှာတွေ့ခဲ့လိုက်ရသည်။ အရပ်ရှည်ရှည် ပိန်ပိန်ပါးပါးလူငယ်တစ်ယောက်က အမျိုးသမီးရဲ့ဘေးမှနေ ရှေ့ကိုလျှောက်လှမ်းထွက်လာခဲ့သည်။ လူငယ်က အဖြူရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားလျက်ရှိပြီး သူ့ရဲ့ခေါင်းဆောင်းကို လက်ထဲမှာဆုပ်ကိုင်ထားလျက် ယောက်ျားပီသသည့်သူ့ရဲ့မျက်နှာပေါ်မှာ အပြုံးတစ်ခုက ထင်ဟပ်နေပေသည်။

စွမ်းအားမြင့်မားသည့်မူလချီတွေ သူ့ရဲ့ခန္ဓာကိုယ်ပတ်လည်မှာ ခပ်ဖျော့ဖျော့ထွက်ပေါ်နေသည်ကိုကြည့်ခြင်းအားဖြင့် သူက ချီစုဆောင်းမှုအဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်သည်ကို သိသာစေ၏။ ဒါ့အပြင် ၎င်းက ချီစုဆောင်းမှုအလယ်အဆင့်ကို ရောက်ရှိနေသည့်ကျင့်ကြံသူတစ်ယောက်လည်းဖြစ်ပေသည်။

အဖြူရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားသည့်လူငယ်ကို မြင်လိုက်ရသည့်အခါ ဇူယွမ်၏မျက်လုံးတွေက အနည်းငယ်ကျဉ်းမြောင်းသွားခဲ့ရသည်။ ထိုလူငယ်ရဲ့မျက်နှာကို သူ့အနေဖြင့် အနည်းငယ်ရင်းနှီးမှုရှိရပေသည်။

ဇူယွမ်ရဲ့အကြည့်တွေအောက်မှာပဲ ထိုလူငယ်က ပြုံးလျက်နီးကပ်လာခဲ့ပြီး ပြောလိုက်သည်… “မင်းက မင်းသားလေးဇူယွမ်လား… ငါတို့တွေ အရင်တုန်းက တွေ့ဆုံခဲ့ဖူးတယ်လို့ ပြောလို့ရနိုင်တယ်…”

အဖြူရောင်ချပ်ဝတ်ဝတ်ဆင်ထားသည့်လူငယ်က ပြုံးလျက်ပင်ဇူယွမ့်ထံသို့ လက်တစ်ဖက်ဆန့်ထုတ်ပေးလိုက်သည်။ သို့ပေမဲ့လည်း သူ့ရဲ့အကြည့်တွေက မြွေတစ်ကောင်နှင့်တူလှပေသည်။

“ငါက ချီဟောင်ပဲ… ငါ့ရဲ့အသုံးမကျတဲ့ညီရဲ့လက်တစ်ဖက်က မင်းသားလေးရဲ့ဖြတ်တောက်ခြင်းကိုခံခဲ့ရတယ်လို့ ငါ့အနေနဲ့ ကြားခဲ့ရတယ်…”

ဇူယွမ်၏မျက်လုံးတွေ တင်းမာသွားခဲ့ရသည်။ သူထင်ထားသလိုပင် အနှီလူငယ်က ချီယွဲ့၏အစ်ကိုဖြစ်သူ ချီဟောင်ပင်ဖြစ်သည်။

“တိုက်ပွဲတစ်ခုမှာ လက်သီးတွေ ခြေထောက်တွေက မျက်စိမပါဘူးလို့ပြောကြတယ်… ဒါကိုအပြစ်တင်မယ်ဆိုရင်တော့ သူ့ရဲ့စွမ်းရည်မရှိမှုကိုပဲ အပြစ်တင်ရလိမ့်မယ်…” ဇူယွမ်ရဲ့အမူအယာနဲ့ လေသံကတည်ငြိမ်နေသကဲ့သို့ သူ့ရဲ့လက်တစ်ဖက်ကိုဆန့်ထုတ်လိုက်ကာ ချီဟောင်နဲ့လက်ဆွဲနှုတ်ဆက်လိုက်သည်။

ချီဟောင်ရဲ့မျက်နှာပေါ်ရှိအပြုံးက ပိုပြီးထင်ရှားလာခဲ့ရသကဲ့သို့ ခေါင်းညိတ်ကာပြောလိုက်သည်… “အမှန်ပဲ… အဲ့ဒီလူရှုပ်က လက်တစ်ဖက်ဆုံးရှုံးသွားဖို့ ထိုက်တန်တယ်…”

သူက ဇူယွမ့်ကိုကြည့်နေလိုက်ပြီး ရိုးသားသည့်လေသံဖြင့် ဆက်ပြောလိုက်သည်… “ငါတို့ရဲ့ကန်းလန်စစ်တပ်က ညီအစ်ကိုတွေက ဒီနေ့မှာနန်းတော်အစောင့်အရှောက်တွေ ဧည့်သည့်အဖြစ်ရောက်ရှိလာမှာကို ကြားလိုက်ရတဲ့အခါ အရမ်းကိုပျော်ရွှင်ခဲ့ရတယ်… ဒါ့ကြောင့်မင်းသားလေးက ဒီညမှာကြိုဆိုတဲ့စားသောက်ပွဲပြုလုပ်တဲ့အခါ သေချာပေါက်တက်ရောက်ပေးသင့်တယ်…”

“ဒါ့အပြင် ငါတို့စစ်တပ်မှာရှိတဲ့ လူတွေရဲ့သဘာဝက အနည်းငယ်ရိုးစင်းပြီးတော့ တဲ့တိုးဆန်တယ်… တကယ်လို့ မင်းသားလေးကသာ စားသောက်ပွဲကို တက်ရောက်နိုင်ခြင်းမရှိဘူးဆိုရင် မင်းသားလေးက သူတို့အပေါ်မှာမတူသလိုဆက်ဆံတယ်ဆိုပြီး လူတိုင်းကခံစားမိသွားမှာကို ငါ့အနေနဲ့စိုးရိမ်မိတယ်…”

ဇူယွမ်ရဲ့မျက်ခုံးတွေအနည်းငယ်တွန့်ကွေးသွားခဲ့ရသကဲ့သို့ ပြန်ပြောလိုက်သည်… “မစိုးရိမ်ပါနဲ့… မင်းတို့အားလုံးက ဒီလောက်ကြိုဆိုနေကြမှတော့ ငါကလည်းသေချာပေါက် တက်ရောက်ပေးရမှာပေါ့…”

ချီဟောင်က ပြုံးလျက်ခေါင်းညိတ်ပြလိုက်ပြီးနောက်မှာ တိုးညှင်းတဲ့လေသံဖြင့်ပြောလိုက်သည်… “ဒါပေမဲ့လည်း ငါ့အနေနဲ့ မင်းသားလေးအတွက် တစ်ခုခုကိုအရင်ဆုံးသတိပေးထားသင့်တယ်လို့ ခံစားမိတယ်… ကန်းလန်စီရင်စုက အဆိပ်ရေအိုင်နဲ့ အရမ်းကိုနီးကပ်တယ်… မင်းသားတစ်ပါးတောင်မှ ဒီနေရာမှာ သေဆုံးသွားခဲ့မယ်ဆိုရင် ဘယ်သူကမှအထူးအဆန်းဖြစ်မိလိမ့်မှာမဟုတ်ဘူး… ဒါ့ကြောင့် မင်းသားလေးက ဒီနေရာမှာ ကိုယ့်ကိုကိုယ်ဂရုစိုက်နေသင့်တယ်…”

ဇူယွမ်ကရယ်မောလိုက်ကာ တိုးညှင်းသည့်လေသံဖြင့်ပင် ပြန်ပြောလိုက်သည်… “ဒါဆိုရင်တော့ မင်းလည်းပိုပြီးဂရုစိုက်နေသင့်တယ်… မင်းသားတစ်ပါးတောင်သေဆုံးနိုင်တယ်ဆိုမှတော့ အိမ်တော်တစ်ခုရဲ့သခင်လေးတစ်ယောက် သေဆုံးဖို့ကပိုပြီးတော့ဖြစ်နိုင်လိမ့်မယ်…”

ချီဟောင်က ဟက်ဟက်ပက်ပက်ရယ်မောလိုက်ပြီး သူတို့နှစ်ယောက်က တစ်ယောက်လက်ကို တစ်ယောက်တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်မိလိုက်ကြပြီးနောက်မှာ တစ်ပြိုင်တည်းပြန်လွှတ်ခဲ့လိုက်ကြသည်။ သို့ပေမဲ့လည်း သူတို့ရဲ့အကြည့်တွေထဲမှာတော့ ကျောချမ်းစရာကောင်းလှသည့် လူသတ်လိုစိတ်တွေနဲ့ ပြည့်နှက်လို့နေရပေသည်။


Comment

Leave a Reply

Options

not work with dark mode
Reset