ထိုနေရာတွင်ရှိသောအရာအားလုံးကို လှုပ်ခါစေသည့် လေပြင်းမုန်တိုင်းနှင့်အတူ လိုက်ပါလာခဲ့သော ထိုအသံမှာ သာမန်ထက်ကျော်လွန်နေလေသည်။ ပိုင်ရှောင်ချန်း၏ပတ်လည်ရှိ မြေပြင်မှာ အစိတ်စိတ်အမွှာမွှာကွဲကြေသွားပြီး ထိုနေရာရှိ အရာဝတ္ထုအများအပြား ပေါက်ကွဲသွားလေသည်။
ပိုင်ရှောင်ချန်းတောင်မှ ဆိုးဆိုးဝါးဝါးတုန်ခါသွားပြီး အသံ၏စွမ်းအားကြောင့် သူကိုယ်တိုင် အနောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်မိသွားသည်။
သူမော့ကြည့်လိုက်ချိန်တွင် လူငယ်တစ်ဦးက သူ့ထံတည့်တည့်ပျံသန်းလာသည်ကို တွေ့လိုက်ရသောအခါ သူ၏မျက်နှာမှာ တောက်ပသွားလေသည်။ ထိုလူငယ်လေးတွင် ရှည်လျားပြီးပရမ်းပတာဖြစ်နေသော ဆံပင်များရှိပြီး သူနီးကပ်လာသောအခါ သူ၏မျက်လုံးများမှာ သတ်ဖြတ်လိုစိတ်များနှင့်လောင်မြိုက်နေကာ ရဲရဲနီနေလေသည်။
သူ၏အမြန်နှုန်းမှာ ရွှေအမြုတေအဆင့်နှင့်မယှဥ်သာသော်လည်း အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူများ၏ လုပ်ဆောင်နိုင်စွမ်းထက် အလွန်အမင်းသာလွန်နေသည်။ ကြီးကျယ်ခမ်းနားသော မြင်ကွင်းကြောင့် တောအုပ်အတွင်းရှိ နှစ်ဖက်လုံးမှ အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူအပေါင်းမှာ တုန်လှုန်နေကြတော့သည်။
မကြာမီတွင် ထိတ်လန့်တုန်လှုပ်နေသည့်
အော်ဟစ်သံများကို ကြားလိုက်ရတော့သည်။
” ရွှေအမြုတေအဆင့် ကျင့်ကြံသူ..”
အဏ္ဏဝါခေါ်သံဂိုဏ်းက အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူများအား တိုက်ခိုက်ခံရခြင်းမှ ကာကွယ်နိုင်ရန် ရန်သူရွှေအမြုတေအဆင့်ကျင့်ကြံသူများကို ထိန်းချုပ်ဖို့အတွက် လူအများအပြားကိုစေလွှတ်ခဲ့သည်။
သို့သော်လည်း မသိရသေးသောအကြောင်းအရင်းအချို့ကြောင့် ရွှေအမြုတေအဆင့်ကျင့်ကြံသူတစ်ဦးက ရုတ်တရက်ပေါ်ထွက်လာကာ သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် ပိုင်ရှောင်ချန်းဆီသို့ တည့်တည့်ဝင်လာနေသည်။ သူ၏အနောက်ဘက် အကွာအဝေးအနည်းငယ်တွင် အဏ္ဏဝါခေါ်သံဂိုဏ်း၏ ရွှေအမြုတေအဆင့်ကျင့်ကြံသူများထဲမှ တစ်ဦးမှာ သူ၏လမ်းကြောင်းကိုပိတ်ဆို့နိုင်ရန် အပြင်းလိုက်နေလေသည်။
သို့သော်လည်း အဏ္ဏဝါခေါ်သံဂိုဏ်း၏ ရွှေအမြုတေအဆင့်အကြီးအကဲက ကုံမြစ်ဂိုဏ်းခွဲမှ ထိုလူငယ်အား ကြားဖြတ်ဖမ်းဆီးရန် ကြိုးပမ်းနေစဉ်မှာပင် ထိုလူငယ်က လက်ကိုဝှေ့ယမ်းလိုက်ပြီး အစိမ်းရောင်ရောင်အလင်းတန်းတစ်ခုကို နောက်သို့ပစ်လွှတ်လိုက်သည်။ ခဏအကြာတွင်ကြီးမားသော ညောင်ပင်ကြီးမှာ အလင်းတန်းအတွင်းမှ ထွက်ပေါ်လာသည်။
ညောင်ပင်ကြီးမှာ ထိုလူငယ်လေး၏ တိုက်ပွဲဝင်လက်နက်ဖြစ်ပြီး ပုံမှန်အားဖြင့်သူ၏အသက်တစ်ခုအဖြစ် ဂရုစိုက်ပေလိမ့်မည်။ သို့သော် တိုက်ပွဲဝင်လက်နက်ကို ဆင့်ခေါ်ပြီးနောက် ဗျာများနေသောအသံဖြင့် ကျယ်လောင်စွာအော်ဟစ်လိုက်လေသည်။ “မင်းအသက်ကိုပေးဆပ်ရမယ်ဆိုရင်တောင်မှ..ငါ့အတွက် အသက်ဆယ်ကြိမ်ရှူစာလောက် အချိန်ဆွဲပေးထားလိုက်…”
ညောင်ပင်ကြီးမှာ တုန်တုန်ယင်ယင်ဖြစ်သွားသော်လည်း တစ်ခဏမျှ တွန့်ဆုတ်သွားခြင်းမရှိပေ။ စွမ်းအားများတရဟောထုတ်လွှတ်လျက် အဏ္ဏဝါခေါ်သံဂိုဏ်း၏ရွှေအမြုတေအဆင့်အကြီးအကဲထံသို့ တဟုန်ထိုးသွားပြီးနောက် ပိတ်ဆို့တားဆီးလိုက်လေသည်။
ပိုင်ရှောင်ချန်းဆီသို့ တဟုန်ထိုးလာနေသော ထိုလူငယ်လေး၏ လူသတ်ငွေ့များမှာ မိုးထိအောင်ပင်အုံကြွနေပြီး သူ၏မျက်လုံးများမှာလည်း သွေးများထွက်လုနီးနီး နီရဲနေလေသည်။ သူက ရွှေအမြုတေအဆင့်သို့ ရောက်ခဲ့သည်မှာ နှစ်တစ်ဝက်သာရှိသေးသော်လည်း အခြေခိုင်မာခြင်းအဆင့် ကျင့်ကြံသူကို သတ်နိုင်ရန် အသက်ဆယ်ကြိမ်ရှုစာလောက်သာလိုအပ်မည်ဟု လုံးဝယုံကြည်နေသည်။
လွန်ခဲ့သောခဏက မိန်းမပျိုလေး၏ ဦးခေါင်းပြတ်တစ်ခု ဘေးသို့လှိမ့်ကျသွားသောမြင်ကွင်းက သူ့အားပြင်းပြင်းထန်ထန်နာကျင်စေခဲ့သည်။ ထိုမိန်းမပျိုမှာ သူ၏ တာအိုလက်တွဲဖော်၊ ဂိုဏ်းတူညီမငယ် ဖြစ်ပြီး သူမကို သတ်ပစ်ခဲ့သူအား သူကိုယ်တိုင် သတ်ပစ်မည်ဟု ကျိန်ဆိုထားပြီးသားဖြစ်လေသည်။
” သေပေတော့…” သူကပိုင်ရှောင်ချန်းဆီသို့ သူ၏လက်ဖြင့်ရိုက်ချလိုက်ရင်း အော်ဟစ်လိုက်သည်။ သူ၏ရိုက်ချက်တွင် အစောပိုင်းရွှေအမြုတေအဆင့် စွမ်းအားများ ပါဝင်နေကာ အနက်ရောင်လက်ဝါးကြီးတစ်ခုပေါ်လာပြီး လေကိုဖြတ်၍ ပိုင်ရှောင်ချန်းဆီသို့ ဦးတည်သွားလေသည်။
၎င်းမှာ ကြောက်မက်ဖွယ်အငွေ့အသက်များဖြာထွက်နေပြီး မည်သည့်အခြေခိုင်မာခြင်းအဆင့် ကျင့်ကြံသူမဆို တောင့်ခံရန် မဖြစ်နိုင်ချေ။ ၎င်းကအရှိန်ဖြင့်ရွေ့လျားနေစဥ် လေထုမှာ ပုံပျက်လာသည်။
ထိုကဲ့သို့ လူသတ်ငွေ့များနှင့်ရင်ဆိုင်ရသောအခါ ပိုင်ရှောင်ချန်းက မျက်လုံးကိုမှေးလိုက်ပြီး ချက်ချင်းပင် နောက်ဆုတ်လိုက်သည်။ သေမင်းအငွေ့အသက်များ သူ့အားလွှမ်းမိုးလာပြီးနောက် သူ၏အသွေးအသားတို့မှာ ကြောက်မက်ဖွယ် အန္တရာယ်ရှိသည်ဟု အော်ဟစ်ကုန်ကြတော့သည်။
အခြေအနေကို ဆင်ခြင်ချိန်ဆရန်အချိန်မရှိပေ။ ထို့ပြင် တစ်စုံတစ်ဦးက ကြားဝင်ကူညီပေးသည်ကို အားကိုး၍လည်းမရကြောင်း သူကသိလေသည်။ နောက်ဆုံးတွင် လူများက သူ့အားကယ်တင်ရန်လာကြမည်ဖြစ်သော်လည်း ထိုအခိုက်အတန့်ထိတိုင်အောင် သူကကိုင်တွယ်ဖြေရှင်းရပေဦးမည်။
ထိုခဏ၌ သူ့စိတ်ထဲတွင် အတွေးတစ်ခုသာရှိသည်။
” ငါဒီမှာ သေလို့မဖြစ်ဘူး။ အသက်ရှင်ချင်ရင် ငါတိုက်ခိုက်ရမယ်” ပိုင်ရှောင်ချန်းက အနောက်သို့ အလျင်အမြန်ပြေးလိုက်ပြီး လက်နှစ်ဖက်ဖြင့် လက်ကွက်ဖော်ကာ ဧရာမလက်ကြီးအားတားဆီးရန် ဧရာမ ခရမ်းရောင်ဒယ်စောက်အိုးကြီးသုံးခုနှင့်အတူ များပြားလှသော စိတ်စွမ်းအင်အဆင့်မြှင့်တင်ထားသည့်ဓားပျံများကို ဆင့်ခေါ်လိုက်သည်။
ဝုန်းးးး။
ထို ဒယ်စောက်အိုးကြီးသုံးလုံးမှာ အခြေခိုင်မာခြင်းအဆင့်တွင် အံ့ဖွယ်ကောင်းလောက်အောင် စွမ်းအားကြီးသည်ဟုယူဆနိုင်သော်လည်း ရွှေအမြုတေအဆင့်လူငယ် ဆင့်ခေါ်ထားသော လက်ကြီးမှာ သူတို့အားတစ်လုံးပြီး တစ်လုံးဖျက်ဆီးပစ်လိုက်သည်။ စိတ်စွမ်းအင်အဆင့်မြှင့်တင်ထားသော ဓားပျံများမှာလည်း လက်ကြီးအားထိသွားပြီးသည်နှင့် တစ်စစီပြိုကွဲသွားလေသည်။
လက်ကြီးမှာ ရေခဲကိုတစ်စစီဖြစ်အောင်ချေမွသည့် တူကဲ့သို့ သူတို့အားလုံးကို ဖျက်စီးပစ်လိုက်ပြီးနောက် ပိုင်ရှောင်ချန်းထံဆက်၍သွားလေသည်။
ပြင်းထန်လှသော တဝုန်းဝုန်းမြည်ဟည်းသံများကို ကြားရနိုင်သည်။ ပိုင်ရှောင်ချန်း၏ ပါးစပ်အတွင်းမှ သွေးများအန်ထွက်လာပြီး အစောပိုင်းရွှေအမြုတေအဆင့်တိုက်ခိုက်မှုကို ခုခံကာကွယ်ရန် သူ၏ထာဝရအရေပြားမှ စွမ်းအင်များပေါက်ကွဲလာကာ တစ်ကိုယ်လုံး ရွှေရောင်အလင်းများဖြင့် တောက်ပသွားလေသည်။ သူကအနောက်ဘက်သို့ ကျွမ်းထိုးမှောက်ခုံကျသွားသော်လည်း မသေဆုံးခဲ့ပေ။
ထိုလူငယ်၏မျက်လုံးများထဲရှိ သတ်ဖြတ်လိုစိတ်မှာ ပို၍အားကောင်းလာသည်။ စကားတစ်ခွန်းမျှမဆိုပဲ သူကအနက်ရောင်လေထုကို ဆင့်ခေါ်ရန် အကျီလက်ကို အပြင်းအထန်ဝေ့ယမ်းလိုက်သည်။ အနက်ရောင်လေထုမှာ လျင်မြန်စွာပင် နဂါးနက်တစ်ကောင်အသွင်ပြောင်းသွားပြီး ပိုင်ရှောင်ချန်းဆီသို့ ဦးတည်သွားရင်း အားပြင်းစွာဟိန်းဟောက်လိုက်သည်။
ယခုအချိန်တွင် စဥ်းစားခြင်း၊အစီအစဥ်ချခြင်းတို့အတွက် အချိန်မရှိပေ။ ဟိန်းဟောက်ရင်း ပိုင်ရှောင်ချန်းက သူ၏ကောင်းကင်တံတားဓမ္မမျက်လုံးကိုဖွင့်လိုက်ရာ ခရမ်းရောင်အလင်းများ ဖြာထွက်လာသည်။ တချိန်တည်းမှာပင် အကြိမ်များစွာ စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းကြောင့် မျက်စိကျိန်းလောက်အောင် ငွေရောင်တောက်ပနေသော သူ၏သစ်သားဓားလေးမှာလည်း ထွက်ပေါ်လာသည်။ ပိုင်ရှောင်ချန်းက သူကိုယ်တိုင်ခုခံကာကွယ်နေရုံမျှမကပဲ ပြန်လည်တိုက်ခိုက်နေသည်။
ကောင်းကင်တံတားဓမ္မမျက်လုံး၏ စွမ်းအားများက နဂါးနက်ကို ဖမ်းချုပ်လိုက်သောအခါ နဂါးနက်မှာဟိန်းဟောက်ပြီး ရုန်းကန်လာသည်။ ပိုင်ရှောင်ချန်းမှာ မျက်လုံးတွင် ပြင်းပြင်းထန်ထန်နာကျင်မှုက ထိုးနှက်လာသော်လည်း နဂါးနက်က ပျက်စီးတော့မည့် လက္ခဏာများကို မပြမီအထိ သူ၏စွမ်းအားများကို ဆက်လက်ထုတ်လွှတ်လိုက်သည်။
နှုတ်ခမ်းများက သရော်နေသလို တွန့်ချိုးသွားပြီး ထိုလူငယ်က ပြောလိုက်သည်။
” ပိုးစုန်းကြူးငယ်ရဲ့အလင်းက တောက်ပနေတဲ့လရဲ့ ဂုဏ်ကျက်သရေကို ယှဥ်နိုင်မှာတဲ့လား”
ထိုသို့ပြောကာ သူကထပ်မံ၍ အဆင့်တိုးမြှင့်လိုက်သည်။ တချိန်တည်းမှာပင် တဝုန်းဝုန်းမြည်ဟည်းသံများကို ကြားရနိုင်ပြီး နဂါးနက်မှာ ပို၍ကြီးမားလာကာ ကောင်းကင်တံတားဓမ္မမျက်လုံး၏ သက်ရောက်မှုအားလုံးကို ခါထုတ်ပစ်လိုက်သည်။ ပိုင်ရှောင်ချန်းမှာ သွေးအချို့အန်ထွက်သွားပြီး သူ၏တတိယမျက်လုံးဆီမှလည်း သွေးများစတင်ယိုစိမ့်လာသည်။
သစ်သားဓားလေးမှာ လေထဲတွင် ဆက်လက်ပျံသန်းရွေ့လျားနေပြီး နဂါးနက်ကြီးကို ထိသွားသောအခါ ဝုန်းဟူသောမြည်ဟည်းသံ ထွက်ပေါ်လာသည်။ ဓားလေးက နဂါးအားဖြတ်သွားသည်ကို မြင်လိုက်ရသောအခါ ရွှေအမြုတေအဆင့်လူငယ်၏ မျက်လုံးအစုံမှာ ပြူးကျယ်သွားလေသည်။
သို့သော်လည်း ၎င်းမှာ ထိုးသွင်းဒဏ်ရာတစ်ခုမျှသာဖြစ်သည်။ ပိုင်ရှောင်ချန်းနှင့် လူငယ်အကြား ကျင့်ကြံခြင်းအဆင့်ကွာဟမှုမှာ အလွန်ကြီးမားလေသည်။ ရပ်တန့်ခြင်းမရှိပဲ နဂါးနက်ကြီးမှာ ဟိန်းဟောက်လိုက်ပြီး ပိုင်ရှောင်ချန်းဆီသို့ ဦးတည်လိုက်လေသည်။
နဂါးမှာ သူ့ကိုမထိရသေးသော်လည်းသူ၏ကိုယ်ခန္ဓာတစ်ခုလုံးမှာ နာကျင်မှုဝေဒနာကိုခံစားလိုက်ရသည်။ သူ၏အရိုးများကပင် ကွဲအက်သွားသကဲ့သို့ခံစားလိုက်ရပြီး သူ၏ချီနှင့်သွေးများမှာ ပရမ်းပတာဖြစ်သွားလေသည်။ သူ၏မျက်လုံးများတွင် ရူးသွပ်မှုများ စတင်၍နေရာယူလာသည်။
အတန်ငယ်ကွာဝေးသောနေရာတွင် သူ့ဆီသို့အဆောတလျင်လာနေကြသော အလင်းတန်းအမြောက်အမြားကိုတွေ့ရနိုင်သည်။ ရှင်းလင်းစွာပင် ၎င်းတို့မှာ သူ့အားကယ်တင်ရန်လာနေကြသော ခေါင်းဆောင်များဖြစ်လေသည်။
ကံမကောင်းစွာပင် သူတို့မှာ အလွန့်အလွန်ကွာဝေးနေသည်။ အကယ်၍သူသာ အချိန်အနည်းငယ်ကြာသည်အထိ ဆက်လက်၍ထိန်းမထားနိုင်တော့လျှင် ခေါင်းဆောင်များက သူ့အားကယ်တင်နိုင်တော့မည်မဟုတ်ပေ။ သူက သေခြင်းတရားကိုကြောက်သော်လည်း ယခုတွင် ထိုကြောက်ရွံ့ခြင်းမှာ သူ့အတွက်ကောင်းကျိုးမရှိကြောင်းကိုလည်း သူသတိပြုမိခဲ့သည်။
” အဇူရာ ခန္ဓာကိုယ်..”
သူက ဟိန်းဟောက်လိုက်သည်။ သူ၏ထာဝရရွှေအရေပြားမှာ အပြည့်အဝအကျိုးသက်ရောက်သွားပြီး ရွှေရောင်အလင်းတန်းမှာ သူ့ထံမှအရပ်မျက်နှာအားလုံးဆီသို့ ပျံနှံ့သွားလေသည်။ တချိန်တည်းမှာပင် ထာဝရကျမ်း ဒုတိယအတွဲ၏ သရုပ်ဖြစ်သော အဇူရာကိုယ်ထည်မှာ ပေါ်လာသည်။ ချက်ချင်းပင် သူ၏အပြင်အားမှာ တဟုန်ထိုးတက်သွားပြီး နဂါးနက်ကြီးအား ထိပ်တိုက်ရင်ဆိုင်ရန် ပြင်ဆင်လိုက်သည်။
နဂါးကြီးက သူ၏ရင်ဘက်ကို တိုက်မိသောအခါ လေထဲတွင် ဝုန်းဟူသောအသံအကျယ်ကြီးပြည့်နှက်သွားသည်။ သူ၏ပါးစပ်အတွင်းမှ သွေးများအန်ကျလာပြီး နဂါးကြီးမှာလည်း များပြားလှသော အနက်ရောင်မြူခိုးမျှင်များအဖြစ် ပြိုကွဲသွားလေသည်။ ပိုင်ရှောင်ချန်းကအနောက်ဘက်သို့ယိုင်ကျသွားပြီး သူ၏ခန္ဓာကိုယ်မှာ ပြိုလဲလုနီးနီးဖြစ်ကာ တုန်ယင်နေလေသည်။ သူထိုကဲ့သို့ဖြစ်နေဆဲမှာပင် နဂါးနက်ကြီး၏ အကြွင်းအကျန်များကို တွန်းတိုက်၍ ပိုင်ရှောင်ချန်းဆီသို့ ဦးတည်လာနေသော လူငယ်လေးထံမှ အော်သံကိုကြားလိုက်ရသည်။
မျက်စိတမှိတ်အတွင်းမှာပင် ထိုလူငယ်၏ လက်ဝါးမှာ ပိုင်ရှောင်ချန်း၏ရင်ဘတ်ပေါ်သို့ ကျရောက်လာသည်။
မရိုက်ခတ်မိသေးမီ ခဏအတွင်း ခေါင်းဆောင်များထံမှ ဒေါသတကြီးအော်ဟစ်သံများကို ကြားရနိုင်လေသည်။ ကောင်းကင်နှင့် မြေပြင်မှာ ပြင်းပြင်းထန်ထန်လှုပ်ခတ်သွားပြီး ရွှေအမြုတေအဆင့်လူငယ်မှာ စတင်၍တုန်ရီလာသည်။ သို့သော်လည်း သူကပတ်ဝန်းကျင်ရှိ အရာအားလုံးကို လျစ်လျူရှုပြီး အံကိုကြိတ်ကာ သူ၏လက်ကို ရှေ့သို့တိုးလိုက်လေသည်။
“မင်းတော့အသေပဲ”
ပိုင်ရှောင်ချန်း၏ မျက်လုံးများထဲတွင် ရူးသွပ်မှုများကိုမြင်ရနိုင်လေသည်။ သူက ထိုရိုက်ချက်ကို ရှောင်ရှားနိုင်သောနည်းလမ်းမရှိသည်ကို သူသိလေသည်။ထို့ကြောင့်သူက ညာဘက်လက်ကိုမြှောက်လိုက်ကာ သူ၏လက်မနှင့်လက်ညှိုးမှအနက်ရောင်အလင်းတောက်ပလာပြီး လည်မျိုဖမ်းဆုပ်ကွက်ကို ထုတ်ဖော်လိုက်သည်။
ထိုလူငယ်က ပိုင်ရှောင်ချန်း၏ညာဘက်လက်ကို သူ၏ဘယ်ဘက်လက်ဖြင့် ဖမ်းကိုင်ကာ ဘေးဘက်သို့လိမ်ချိုးလိုက်သောအခါ မြည်ဟည်းသံများပဲ့တင်ထွက်သွားလေသည်။ အရိုးများကျိုးသွားသည့်အသံများကိုကြားရနိုင်ပြီး ပိုင်ရှောင်ချန်းမှာလည်း နာကျင်မှုများတရိပ်ရိပ်တက်လာသည်။ သူ၏မျက်နှာတွင် ရူးသွပ်မှုများနေရာယူလာသည်။ ရှင်းလင်းစွာပင် သူကအလွန်ရက်စက်သောအရာအား လုပ်ရပေတော့မည်။ သူ၏ညာဘက်လက်မှာ ဘေးဘက်သို့လိမ်ချိုးခံထားရပြီး လက်ဝါးရိုက်ချက်မှာလဲ သူ၏ရင်ဘက်ပေါ်သို့ကျရောက်တော့မည်ဖြစ်ရာ သူက တောင်ဖြိုသိုင်းကို အသုံးပြုလိုက်သည်။
ငါသေသွားခဲ့ရင်တောင် မင်းကို နာကျင်မှုတစ်ခုခု ခံစားရအောင် သေသေချာချာလုပ်ခဲ့မှာကွ….။
တောင်ဖြိုသိုင်းကို ထုတ်ဖော်လိုက်သောအခါ တဂျုန်းဂျုန်းမြည်ဟည်းသံများကိုကြားရနိုင်ပြီး ပိုင်ရှောင်ချန်းမှာလည်း ရှေ့သို့ယိုင်ကျသွားလေသည်။ သူက သူ၏လက်အား လိမ်ချိုးခြင်းကို မတားဆီးနိုင်သကဲ့သို့ ဝင်လာသော လက်ဝါးသိုင်းကွက်အားလည်း မတားဆီးနိုင်ပေ။ ထို့ကြောင့်သူက ရွှေအမြုတေအဆင့်လူငယ်နှင့် ခန္ဓာကိုယ်ချင်းတိုက်သည့်နည်းကိုသာ ရွေးချယ်လိုက်သည်။
သူ၏ရင်ဘက်အား ပြင်းထန်သော လက်ဝါးရိုက်ချက်က တိုးဝင်လာစဥ် လိပ်ဒယ်အိုးလေးကသူ့အားကာကွယ်ရန်ပေါ်လာပြီး အနက်ရောင်တောက်ပသွားသည်ကိုမြင်ရနိုင်သည်။ ပိုင်ရှောင်ချန်း၏ပါးစပ်အတွင်းမှ သွေးများအန်ထွက်ပြန်သည်။ သူက ထိခိုက်ဒဏ်ရာရသွားသော်လည်း မသေဆုံးပေ။
” ဒါ မင်းတတ်နိုင်တာအကုန်လား” ပိုင်ရှောင်ချန်းက ပါးစပ်မှသွေးများစိမ့်ထွက်နေသော်လည်း ပြုံး၍ပြောလိုက်သည်။ သူ၏အမြင်အာရုံမှာ မှုန်ဝါးနေပြီး လှုပ်ရှားရန်ပင်အနိုင်နိုင်ဖြစ်နေသည်။ ထိုသို့ဖြစ်သွားသည့်အတွက် သူကစိတ်စွမ်းအင်ပင်လယ်ကိုးခုကို အတင်းအကျပ်ပေါင်းစည်းကာ စွမ်းအင်အနည်းငယ်ကိုအသုံးပြုရန် ဆုံးဖြတ်ချက်ချလိုက်သည်။
အကယ်၍ သူသာထိုသို့လုပ်နိုင်ခဲ့လျှင် ရွှေအမြုတေအဆင့်သို့ တက်လှမ်းနိုင်ပေမည်။
ပုံမှန်အားဖြင့် ထိုသို့လုပ်နိုင်ရန် ဦးစွာကြိုတင်ပြင်ဆင်မှုပေါင်းများစွာပြုလုပ်ထားမည်ဖြစ်သော်လည်း ယခုအချိန်တွင် ပိုင်ရှောင်ချန်းက အတင်းအကြပ်ကြိုးစား၍ လုပ်ဆောင်နေသည်။
သူ၏ ရွှေအမြုတေအဆင့်ရန်သူမှာ တောင်ဖြိုသိုင်း၏ ရိုက်ခတ်မှုကိုခံလိုက်ရပြီးနောက် အနောက်ဘက်သို့ ပစ်တွန်းခံလိုက်ရပြီး ပါးစပ်အပြည့်သွေးတစ်ပွက်အန်လိုက်လေသည်။ ထို့နောက် သူကပိုင်ရှောင်ချန်းအား လုံးလုံးလျားလျား မယုံကြည်နိုင်ခြင်း၊ ထိတ်လန့်တုန်လှုပ်ခြင်းတို့ဖြင့် ကြည့်လာသည်။
“အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်က ငါ့ကို တကယ်ထိခိုက်အောင်လုပ်နိုင််တယ်ပေါ့။ ပြီးတော့ အဲဒီဒယ်အိုး…အဲ့တာကတကယ်ငါ့ရဲ့ မျိုးဖြုတ်ပစ်နိုင်တဲ့ရိုက်ချက်ကို တကယ်တားနိုင်တယ်ပေါ့ ” ထိုလူငယ်၏ သတ်ဖြတ်လိုစိတ်မှာ ပိုင်ရှောင်ချန်းမသေနိုင်သေးကြောင်း သဘောပေါက်လာသည်နှင့်အမျှ ပိုမို၍အားကောင်းလာခဲ့သည်။ သူ၏မျက်လုံးများတွင် ရူးသွပ်မှုများ တဖိတ်ဖိတ်တောက်လာပြီး အံကိုကြိတ်လိုက်သည်။ လူများက သူ၏ပစ်မှတ်ကိုကြားဝင်ကယ်တင်ရန် အချိန်အနည်းငယ်သာရှိတော့သော်လည်း ရွှေအမြုတေအဆင့်ကျင့်ကြံခြင်းအခြေခံ စွမ်းအားအပြည့်ကို ထုတ်ကာ ပိုင်ရှောင်ချန်းဆီသို့ ပစ်လွှတ်လိုက်သည်။
ပိုင်ရှောင်ချန်းက ဒဏ်ရာအပြင်းအထန်ရနေသည်ကို ထည့်တွက်လျှင် သူ၏နောက်ဆုံးတိုက်ခိုက်မှုတစ်ခုက သူ့အားသတ်နိုင်ရန်လုံလောက်ပေလိမ့်မည်။
ယခုအကြိမ်မှာ သူမသေဆုံးမီ ပိုင်ရှောင်ချန်းအား သတ်နိုင်မည့် သူ၏နောက်ဆုံးအခွင့်အရေးဖြစ်လေသည်။
” ငါသေကောင်းသေရနိုင်တယ်..။ ဒါပေမဲ့ မင်းအရင်ဆုံး သေရမယ်” သူက ဟိန်းဟောက်လိုက်ကာ အရှိန်မြှင့်လိုက်သည်။