ထိုပုံရိပ်ကြီးမှာ စက္ကန့်အနည်းငယ်မျှသာ ပေါ်ပေါက်လာပြီးနောက် ပျောက်ကွယ်သွား၏။ ကျိုးရိဖန်း၏ အငွေ့အသက်များမှာလည်း တဖြည်းဖြည်းနှင့် ပြန်လည်တည်ငြိမ်လာသည်။ ခဏအကြာတွင် ကျိုးရိဖန်း၏ အငွေ့အသက်များထက် ပို၍အားကောင်းသော အငွေ့အသက်များနှင့် ဖိနှိပ်အားတစ်ခုမှာ ကျောက်ယမုန့်၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာတော့သည်။
ထို ဖိနှိပ်အားကြီး ပြန့်ထွက်လာသောအခါ ကျောက်ယမုန့်၏ ခန္ဓာကိုယ်ထဲမှ တဖျစ်ဖျစ်တဖြောက်ဖြောက်မြည်သံများ ထွက်ပေါ်လာ၏။ အကယ်၍ သူမ၏ ခန္ဓာကိုယ်အတွင်းသို့ ဖောက်ထွင်းမြင်နိုင်ပါက မန္တန်အစီအရင်ပေါင်းများစွာဖြင့် ဖွဲ့စည်းထားသော မန္တန်အစီအရင်အမြုတေတစ်ခု အလျင်အမြန် ပေါ်ပေါက်လာနေသည်ကို မြင်နိုင်ပေသည်။
ထိုအမြုတေ ပေါ်ပေါက်လာသောအခါ ကျောက်ယမုန့်၏ ကျင့်ကြံခြင်းစွမ်းအားများမှာ ပို၍အစွမ်းထက်လာသောကြောင့် လှိုင်းတွန့်များ ပေါ်ပေါက်လာ၏။ နောက်ဆုံးတွင် သူမသည် မျက်လုံးများပွင့်လာပြီး အခြေတည်အဆင့်မှ အမြုတေအဆင့်သို့ ဖောက်ထွက်နိုင်သွားတော့သည်။ တစ်ချိန်ထဲမှာပင် သူမ၏နောက်တွင်လည်း ပုံရိပ်ယောင်တစ်ခုပေါ်ပေါက်လာ၏။
၎င်းမှာ အာကာသကြီး၏ ပုံရိပ်ယောင်တစ်ခုဖြစ်ပြီး ၎င်းထဲ၌ ဧရာမ ရှေးဟောင်းသစ်ပင်ကြီးတစ်ပင်လည်း ရှိနေသည်။ ထိုသစ်ပင်ကြီးအား မန္တန်အစီအရင်များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး ၎င်းမှာ ကျောက်ယမုန့် လက်ခံရရှိခဲ့သည့် ဘေးဒုက္ခမိုးကောင်းကင် ရှေးဟောင်း မန္တန်အစီအရင်ကြီးပင်ဖြစ်သည်။
အခြားတစ်ဖက်တွင် ဝမ်ပေါင်လဲ့၏ ပတ်ပတ်လည်ရှိ အငွေ့အသက်များအားလုံးကြောင့် သူ၏ ခန္ဓာကိုယ်ထဲရှိ ကျင့်ကြံခြင်းစွမ်းအားများမှာ အချုပ်အနှောင်များမှ လွတ်မြောက်သွားသည့်ပုံပင်။ ထို့ကြောင့် သူသည် ချက်ချင်းဆိုသလိုပင် အစောပိုင်း အမြုတေအဆင့်မှ ဖောက်ထွက်သွားပြီး အလယ်အလတ် အမြုတေအဆင့်သို့ ရောက်ရှိသွားတော့သည်။ သူသည် တစ်ကြိမ်ထက်ပို၍ ဖောက်ထွက်နေသည်ဖြစ်ရာ သူ၏ အလယ်အလတ် အမြုတေအဆင့်မှာလည်း တမူထူးခြားနေ၏။
ပထမဆုံး ဖောက်ထွက်သွားခဲ့သည့် အရာမှာ သူ၏ လျှပ်စီးအမြုတေဖြစ်သည်။ ထို လျှပ်စီးအမြုတေ ဖောက်ထွက်သွားခဲ့ပြီးနောက် ဝမ်ပေါင်လဲ့၏ ထာဝရလျှပ််စီးအသွင်ပြောင်း ပညာရပ် ပထမအဆင့်မှာ ပြီးစီးသွားတော့သည်။ သူသည် အချိန်ပေး၍ တံခါးပိတ်ကျင့်ကြံလိုက်ရုံနှင့် ဒုတိယအဆင့်သို့ တက်လှမ်းကာ ထာဝရလျှပ်စီး ကိုယ်ပွားတစ်ခုကို ဖန်တီးနိုင်တော့မည်ဖြစ်သည်။
ထို့နောက် သူ၏ အမှောင်အမြုတေမှာ ဖောက်ထွက်သွားခဲ့၏။ ဝမ်ပေါင်လဲ့အတွက်မူ အမှောင်အမြုတေအား ဖောက်ထွက်အောင်လုပ်ရသည်မှာ အလွယ်ဆုံးပင်ဖြစ်သည်။ သူသည် အမှောင်အိပ်မက်ထဲ၌ အမွေအနှစ်များ ရရှိခဲ့ပြီး အမှောင်ချီစုပ်ယူခြင်းပညာရပ်နှင့် ဝိညာဉ်လမ်းညွှန်ပညာရပ်တို့အား အသုံးပြုနေခဲ့သောကြောင့် သူ၏ အမှောင်အမြုတေနှင့် လျှပ်စီးအမြုတေတို့မှာ တစ်ပြိုင်နက်တည်း ဖောက်ထွက်သွားကြပြီး အလယ်အလတ် အမြုတေအဆင့်သို့ ရောက်ရှိသွားတော့သည်။
သူ၏ အပြင်ခန္ဓာကိုယ်မှာ နောက်ဆုံးမှ ဖောက်ထွက်နိုင်ခဲ့၏။ ထို့ကြောင့်လည်း သူသည် ဆေးလုံးများ သောက်သုံးခဲ့ခြင်းဖြစ်သည်။ ထိုဆေးလုံးများမှာ သူ၏ ကျင့်ကြံခြင်းစွမ်းအားများ၏ တစ်စိတ်တစ်ပိုင်းကို မြှင့်တင်ပေးနိုင်ရုံသာမက သူ၏ အပြင်ခန္ဓာကိုယ်ကိုလည်း လှုံ့ဆော်ပေးနိုင်စွမ်းရှိပေသည်။ သို့သော် ၎င်းတို့မှာ အဓိကအကြောင်းအရင်း မဟုတ်ပေ။ ဝမ်ပေါင်လဲ့၏ အပြင်ခန္ဓာကိုယ်အား ဖောက်ထွက်သွားနိုင်အောင် အမှန်တကယ် ကူညီထောက်ပံ့ပေးနေသည့် အဓိကအရာမှာ နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီး၏ အမွေအနှစ်များပင် ဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ ထိုအမွေအနှစ်အား ကျင့်ကြံနိုင်စွမ်း မရှိသေးသည့်တိုင်အောင် ၎င်းအား သူ၏စိတ်ထဲ၌ မှတ်သားထားလိုက်သောအခါ သူ၏ အပြင်ခန္ဓာကိုယ်မှာ ပြောင်းလဲသွားသလို ခံစားလိုက်ရ၏။ ထို့နောက် သူ၏ ခန္ဓာကိုယ်မှာ နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာ၏ ကျင့်ကြံခြင်းအစွမ်းနှင့် လိုက်လျောညီထွေရှိအောင် အမြဲတစေ ပြောင်းလဲနေတော့သည်။
ထို့ကြောင့် သူ၏ ယခုအကြိမ် ဖောက်ထွက်မှုမှာ အစောပိုင်း အမြုတေအဆင့်မှ အလယ်အလတ် အမြုတေအဆင့်သို့ မြင့်တက်သွားခြင်းသာ ဖြစ်ပါသော်လည်း သူ၏ တိုက်ရည်ခိုက်ရည်များမှာ သိသိသာသာ တိုးတက်လာပြီဖြစ်သည်။ ထို့နောက် သူ မျက်လုံးများပွင့်လာချိန်တွင် ကျိုးရိဖန်းနှင့် ကျောက်ယမုန့်တို့ပင်လျှင် အံ့ဩမှင်တက်သွားစေသည့် အငွေ့အသက်တစ်ခု ထွက်ပေါ်လာ၏။
” အစွမ်းထက်လိုက်တာ ” ကျိုးရိဖန်းမှာ အံ့အားသင့်သွားကာ ချက်ချင်းပင် မတ်တတ်ပြန်ထလာပြီး နောက်သို့ ခြေလှမ်းအနည်းငယ်ခန့် ဆုတ်ခွာသွား၏။ ဝမ်ပေါင်လဲ့၏ အငွေ့အသက်များကြောင့် သူန၏နဖူးမှာ အနီရောင်သန်းလာပြီး သွေးစစ်သည် အမှတ်အသားကြီးမှာလည်း တဖြည်းဖြည်း ပုံစံပြောင်းလဲသွား၏။ ထို အမှတ်အသားလေးမှာ သူ့အား ကာကွယ်ပေးနေသည့်ပုံ ပေါက်နေတော့သည်။
ကျောက်ယမုန့်မှာ ကျိုးရိဖန်းကဲ့သို့ နောက်သို့ဆုတ်ခွာသွားခြင်း မရှိပါသော်လည်း အံ့အားသင့်သွားရဆဲပင်။ ထို့နောက် သူမသည် မန္တန်လက်ကွက်များ ဖော်လိုက်ပြီး ဝှေ့ယမ်းလိုက်သောအခါ ထိုအငွေ့အသက်များ၏ ပျံ့နှံ့မှုနှုန်းအား တားဆီးနိုင်သည့် မန္တန်အစီအရင် အကာအရံကြီးတစ်ခု ချက်ချင်းပင်ပေါ်ပေါက်လာတော့သည်။ သူမသည် ဝမ်ပေါင်လဲ့မှာ အလွန်အင်မတန်မှ အစွမ်းထက်သည်ကို သိထားပါသော်လည်း သူ ယခုကဲ့သို့ ဖောက်ထွက်သွားခဲ့သည့် အချိန်တွင် ဝမ်ပေါင်လဲ့မှာ သူမ ထင်ထားသည့်ထက်ပင် ပို၍ အံ့ဩတုန်လှုပ်ဖွယ်ရာကောင်းလောက်အောင် အစွမ်းထက်လာပြီဖြစ်ကြောင်း သိလိုက်ရတော့သည်။
သူမကိုယ်တိုင်သည်လည်း မကြာသေးမီကမှ ဖောက်ထွက်သွားခဲ့သည် မဟုတ်ပါလော။ ထို့ကြောင့် သူမသည် အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက် မဟုတ်တော့ဘဲ အစောပိုင်း အမြုတေအဆင့် ကျင့်ကြံသူတစ်ယောက်၏ အာရုံခံနိုင်စွမ်းများကို ပိုင်ဆိုင်နေပြီဖြစ်သည်။ သို့ဖြစ်ရာ ဝမ်ပေါင်လဲ့၏ ဖောက်ထွက်မှုကြီးမှာ ချောမွေ့နေသည့်ပုံ ပေါက်နေသည်တိုင်အောင် အမှန်တကယ်တွင် အလွန်အင်မတန်မှ တမူထူးခြားသည့် ဖြစ်စဉ်ကြီးတစ်ခုဖြစ်ကြောင်း သူမက အာရုံခံမိနေ၏။
ယခုတွင် ဝမ်ပေါင်လဲ့၏ အပြင်ခန္ဓာကိုယ်ပေါ်၌ အစိမ်းရောင်သွေးကြောကြီးများ ထောင်မတ်လာပြီဖြစ်ပြီး ကျိုးရိဖန်းနှင့် ကျောက်ယမုန့်တို့ နှစ်ယောက်စလုံးမှာ သူ၏ သွေးချီများ အရှိန်အဟုန်ဖြင့် မြင့်တက်လာနေသည်ကို ခံစားမိနေ၏။ သူ၏ အပြင်ခန္ဓာကိုယ် တစ်ခုတည်းနှင့်ပင် အရာအားလုံးကို ဖိနှိပ်ချုပ်တည်းပစ်နိုင်စွမ်း ရှိနေသည့်ပုံ ပေါက်နေသည်။ ထို့အပြင် သူ၏ ဘယ်ဘက်မျက်လုံးထဲတွင် အအေးဓာတ်များ ထုတ်လွှတ်နေသည့် အနက်ရောင်မီးတောက်ကြီးတစ်ခု တောက်လောက်နေပြီး ညာဘက်မျက်လုံးထဲတွင်မူ အရာအားလုံးကို ဖျက်ဆီးနိုင်စွမ်းရှိသော လျှပ်စီးတန်းများ တလက်လက်တောက်ပနေသည်ကို မြင်နိုင်ပေသည်။ ၎င်းတို့အား သူ၏ အပြင်ခန္ဓာကိုယ်ကြီးနှင့် ပေါင်းစည်းလိုက်သောအခါ ဝမ်ပေါင်လဲ့၏ တိုက်ရည်ခိုက်က်ရည်များမှာ သိသိသာသာ တိုးတက်လာတော့သည်။
ဝမ်ပေါင်လဲ့တစ်ယောက် ဖြည်းဖြည်းချင်း မတ်တတ်ထလာသောအခါ သူ၏ ခန္ဓာကိုယ်ထဲမှအငွေ့အသက်များမှာ အတိုင်းအဆ မရှိလောက်အောင် ပို၍ပင်အားကောင်းလာ၏။ ထို့ကြောင့် ကျောက်ယမုန့်ပင်လျှင် အခြားရွေးချယ်စရာမရှိတော့ဘဲ နောက်သို့ဆုတ်ခွာလာရတော့သည်။ သူမ၏ ပတ်ပတ်လည်တွင် ရှိနေသော မန္တန်အစီအရင် အကာအရံကြီးမှာလည်း တစ်စစီ ကျိုးပဲ့ပျက်စီးသွားတော့သည်။
မြည်းလေးပင်လျှင် လုံးဝ အံ့ဩမှင်တက်သွားရ၏။ ၎င်းမှာ သေသေချာချာ စဉ်းစားတွေးတောကြည့်လိုက်ပြီးနောက် မြွေတစ်ကောင်အဖြစ် ပြောင်းလဲသွားလျှင်တောင် ဝမ်ပေါင်လဲ့အား ယှဉ်နိုင်မည်မဟုတ်ကြောင်း မှတ်ယူလိုက်တော့သည်။
ထို့ကြောင့် ၎င်းမှာ သက်ပြင်းချကာ လက်လျှော့လိုက်ရတော့သည်။ ထို့နောက် ၎င်းမှာ ဖားယားလိုသည့် မျက်နှာအမူအရာဖြင့် အမြီးယမ်းကာ မြေကြီးပေါ်၌ ကဆုန်ပေါက်နေလိုက်တော့သည်။
” အစွမ်းထက်လွန်းလှပါလား ” ကျောက်ယမုန့်မှာ အံ့သြတုန်လှုပ်ကာ အသက်ပင် မရှူနိုင်တော့ပေ။ သူမသည် ကျိုးရိဖန်းအား လှမ်းကြည့်လိုက်သောအခါ သူသည်လည်း သူမအား စိုက်ကြည့်နေသည်ဖြစ်ကြောင်း သိလိုက်ရ၏။ သူတို့နှစ်ယောက်စလုံး၏ မျက်ဝန်းများထဲတွင် အံ့ဩမှင်တက်နေသည့် အရိပ်အယောင်များကို မြင်နိုင်ပေသည်။
ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ မတ်တတ်ထလာပြီး သူ၏မျက်လုံးများအား ဖြည်းဖြည်းချင်း ပြန်မှိတ်လိုက်၏။ ထိုအခါ သူ၏အငွေ့အသက်များမှာ တဖြည်းဖြည်းနှင့် ပြန်လည်ငြိမ်သက်လာတော့သည်။ နောက်ဆုံးတွင် သူ၏ အငွေ့အသက်များအားလုံး ပျောက်ကွယ်သွားပြီး သူသည် မျက်လုံးများပြန်ပွင့်လာ၏။ လျှပ်စီးတန်းများနှင့် အမှောင်မီးတောက်များလည်း မရှိကြတော့ပေ။ သို့သော် ဝမ်ပေါင်လဲ့မှာ ကျိုးရိဖန်းနှင့် ကျောက်ယမုန့်တို့၏ မျက်နှာအမူအရာများကို မြင်လိုက်ရသောအခါ မျက်တောင်တဖျတ်ဖျတ် ခပ်မိသွား၏။ ထို့နောက် သူသည် ဣန္ဒြေပြန်ဆယ်လိုက်ပြီး မေးငေါ့ကာ တည်ကြည်မှုအပြည့်ဖြင့် မေးလိုက်တော့သည်။
” ကျောက်ယမုန့်။ မှန်မှန်ဖြေ။ နင် ငါ့ကို ကြိတ်ကြွေနေတာမလား ”
ဝမ်ပေါင်လဲ့၏ မေးခွန်းကို ကြားလိုက်ရသောအခါ ဟိတ်ဟန်အပြည့် ရှိနေဆဲဖြစ်သော ကျိုးရိဖန်းမှာ သူ၏နဖူးအား လက်ဝါးဖြင့်ရိုက်မိလိုက်၏။ သူ၏ရှေ့တွင်ရှိနေသော ဝမ်ပေါင်လဲ့မှာ မည်သည့်အခြေအနေမျိုးတွင်ဖြစ်ဖြစ် အခြားသူများအား စနောက်ရသည်ကို သဘောတွေ့နေသည်မဟုတ်ပါလော….
ကျောက်ယမုန့်မှာမူ မကြာသေးမီတုန်းက ဝမ်ပေါင်လဲ့၏ အငွေ့အသက်များကြောင့် အံ့ဩတုန်လှုပ်နေခဲ့ရပါသော်လည်း သူ၏ မေးခွန်းအား ကြားလိုက်ရသောအခါ သူမ၏ မျက်ဝန်းများထဲ၌ အေးစက်စက် အငွေ့အသက်များ ချက်ချင်းဆိုသလိုပင် ပေါ်ပေါက်လာတော့သည်။
ဝမ်ပေါင်လဲ့မှာ သူတို့နှစ်ယောက်၏ မျက်နှာအမူအရာများကိုကြည့်ကာ ရယ်မောလိုက်ပြီး သူ၏ အငွေ့အသက်များအားလုံးကို ဖျောက်ဖျက်လိုက်၏။ ထို့နောက် သူသည် သူ၏ဗိုက်ကိုပုတ်ကာ မောက်မာဝင့်ကြွားစွာ ဆိုလိုက်တော့သည်။
” ဘယ်လိုလဲကွ။ အခုတော့ လူချောလေးများအဖွဲ့အစည်းရဲ့ ဥက္ကဋ္ဌက ဘယ်လောက်တောင်အစွမ်းထက်သလဲဆိုတာကို မင်းတို့တွေ သိသွားကြပြီမလား ”
ထိုအခါ ကျောက်ယမုန့်မှာ နှာမှုတ်လိုက်ပြီး ကျိုးရိဖန်းမှာ မျက်နှာရှုံ့မဲ့မဲ့နှင့် ရယ်မောကာ ခေါင်းယမ်းနေတော့သည်။ သို့သော် ထိုကဲ့သို့ ပြောဆိုပြုမူတတ်သည့် ဝမ်ပေါင်လဲ့မှာ သူတို့သိသော ဝမ်ပေါင်လဲ့ဖြစ်ကြောင်း သူက မှတ်ယူလိုက်၏။ ဝမ်ပေါင်လဲ့၏ အံ့ဩမှင်တက်ဖွယ်ရာ အငွေ့အသက်ကြီးများကြောင့် သူတို့၏ နှလုံးသားများထဲ၌ ပေါ်ပေါက်လာခဲ့သည့် သူနှင့် စိမ်းနေသလို ဖြစ်နေရသော ခံစားချက်များမှာ သူ၏ ရွှတ်နောက်နောက် စကားများကြောင့် ပျောက်ကွယ်သွားရတော့သည်။ ခဏအကြာတွင် သူတို့သုံးယောက်မှာ ဆွေးနွေးလိုက်ကြပြီးနောက် ထိုနေရာမှ ထွက်ခွာရန် ပြင်လိုက်ကြ၏။
” ငါတို့တွေအားလုံးက ဖောက်ထွက်နိုင်ခဲ့ပေမဲ့ အပြန်ခရီးက အန္တရာယ်များနေတုန်းပဲ။ အဲတာမလို့ ငါတို့တွေ သတိကြီးကြီးထားဖို့လိုတယ် ” ဝမ်ပေါင်လဲ့မှာ နောက်ဆုံးသတိပေးချက်အချို့ ပြောကြားလိုက်ပြီးနောက် သူတို့သုံးယောက်မှာ အသက်ပြင်းပြင်း အသက်ပြင်းပြင်းရှူကာ အရှိန်မြှင့်တင်လိုက်ကြတော့သည်။ မြည်းလေးမှာမူ ဝမ်ပေါင်လဲ့၏ သိုလှောင်အိတ်ထဲသို့ ပြန်၍ ပစ်ထည့်ခံလိုက်ရ၏။
သူတို့ရှိနေသည့်နေရာမှာ အစွန်းအဖျားပိုင်း ဖြစ်သောကြောင့် ခဏအကြာတွင် သူတို့သုံးယောက်မှာ အမွေအနှစ်နယ်မြေကြီးနှင့် မီးပင်လယ်တို့အား ပိုင်းခြားထားသည့် နယ်စပ်မျဉ်းဆီသို့ ရောက်ရှိလာတော့သည်။ သူတို့မှာ ရပ်တန့်သွားခြင်းမရှိဘဲ ထိုနယ်စပ်မျဉ်းပေါ်မှ ဖြတ်ပြေးသွားကြ၏။ အခြားတစ်ဖက်သို့ ရောက်သွားသည်နှင့် သူတို့သုံးယောက်မှာ အပူလှိုင်းကြီးတစ်ခုနှင့် ရင်ဆိုင်ကြုံတွေ့လိုက်ရ၏။ ထို့ကြောင့် သူတို့မှာ ချက်ချင်းဆိုသလိုပင် အာခေါင်များ ခြောက်သွားကြပြီး အမွေအနှစ်နယ်မြေကြီးနှင့် ပြင်ပကမ္ဘာကြီး၏ ကြားမှ ခြားနားချက်များကို နဖူးတွေ့ဒူးတွေ့ ခံစားလိုက်ရတော့သည်။
ကောင်းကင်များပင်လျှင် မတူညီပဲ ကွဲပြားနေကြ၏။ အမွေအနှစ်နယ်မြေထဲတွင်ရှိသော မိုးကောင်းကင်ကြီးမှာ မည်းနက်နေပြီး အနီရောင်အလင်းရောင်များကို မြင်နေရသည့် အက်ကွဲကြောင်းကြီးသုံးခုသာ ရှိနေသည်။ ထို့အပြင် မကြာခဏဆိုသလို အမှောင်ခြုံလွှာကြီးတစ်ခု ဆင်းသက်လာပြီး ထိုနေရာကြီးတစ်ခုလုံးအား မည်းမှောင်သွားစေသည် မဟုတ်ပါလော။ သို့သော် မီးပင်လယ်ကြီးထဲရှိ မိုးကောင်းကင်ကြီးမှာမူ အနီရင့်ရောင်သန်းနေ၏။ ဝမ်ပေါင်လဲ့မှာ သူ၏ လက်ရှိကျင့်ကြံခြင်းအဆင့်၏ စွမ်းအားများကိုထုတ်သုံး၍ အာရုံခံကြည့်လိုက်သောအခါ ထိုအနီရင့်ရောင် ကောင်းကင်ကြီး၏ နောက်တွင် အံ့ဩမှင်တက်ဖွယ်ကောင်းသည့် မီးတောက်ကြီးတစ်ခု လောင်ကျွမ်းနေသည်ကို ခပ်ရေးရေးခန့် အာရုံခံမိလိုက်သည်။ ၎င်းမှာ အရည်တစ်မျိုးနှင့် အငွေ့တစ်မျိုး ရောနှောနေသကဲ့သို့ ဖြစ်နေသောကြောင့် စကားလုံးများဖြင့် အတိအကျ ဖော်ပြနိုင်ရန်မှာ မလွယ်ကူပေ။
” ကြည့်ရတာ ငါတို့တွေက ဓားကိုယ်ထည်ပိုင်းကြီးရဲ့ အတွင်းပိုင်းထဲအထိ ရောက်သွားတာထင်တယ်… ” ဝမ်ပေါင်လဲ့မှာ သတိဝီရိယအပြည့်ဖြင့် ဘေးပတ်ဝန်းကျင်အား အကဲခတ်နေ၏။ တချိန်ထဲမှာပင် သူသည် စိတ်ထဲ၌ မမလေးအား ဆင့်ခေါ်နေ၏။ သူသည် ဓားကိုယ်ထည်ပိုင်းထဲမှ ဓားရိုးပိုင်းဆီသို့ ပြန်နိုင်ရန်အတွက် အရင်ဆုံး လမ်းကြောင်းသိအောင်လုပ်ဖို့ လိုအပ်ပေသည်။
ဝမ်ပေါင်လဲ့တစ်ယောက် မမလေးအား ဆင့်ခေါ်နေစဉ် သူတို့သုံးယောက်မှာ တစ်စုံတစ်ခုအား အာရုံမိလိုက်သဖြင့် နောက်သို့လှည့်ကြည့်လိုက်ကြ၏။ ထိုအခါ သူတို့ထွက်ခွာလာခဲ့သည့် အမွေအနှစ်နယ်မြေကြီးထဲ၌ အမှောင်ခြုံလွှာကြီး ပြန်လည်ပေါ်ပေါက်လာသည်ကို မြင်လိုက်ရသည်။ သူတို့မှာ အပြင်ဘက်မှ ကြည့်နေကြသောကြောင့် အရာအားလုံးကို ရှင်းလင်းပြတ်သားစွာ မြင်နေရသည်။ ထို့ကြောင့် ထိုအမှောင်ခြုံလွှာကြီးမှာ မိုးကောင်းကင်ကြီးအား ဖုံးလွှမ်းသွားခြင်း မဟုတ်ကြောင်း သူတို့က သိလိုက်ရ၏။ အမှောင်ခြုံလွှာကြီးတစ်ခုမှာ နယ်စပ်ဒေသတစ်လျှောက်ရှိ မြေပြင်ကြီးထဲမှ မြင့်တက်လာပြီး လခြမ်းကွေး ပုံသဏ္ဍာန်တစ်ခုအသွင် ပြောင်းလဲကာ အမွေအနှစ်နယ်မြေကြီး တစ်ခုလုံးအား ဖုံးလွှမ်းသွားခြင်းဖြစ်သည်။ ထို့ကြောင့် ၎င်းမှာ ဧရာမ စက်ဝိုင်းခြမ်းကြီးတစ်ခု ဖြည်းဖြည်းချင်း ပေါ်ပေါက်လာသကဲ့သို့ ဖြစ်နေ၏။
ထို့ကြောင့် သူတို့သုံးယောက်မှာ အံ့သြတုန်လှုပ်သွားရပြီး ထိုခြုံလွှာကြီးအား တရင်းတနှီး ဖြစ်နေသလို ခံစားလိုက်ရ၏။ ကျောက်ယမုန့်မှာ အရင်ဆုံး သတိထားမိသွားသဖြင့် အလောတကြီး ဆိုလိုက်၏။
” ဒီ အမွေအနှစ်နယ်မြေကြီးက မျက်လုံးတစ်လုံးနဲ့ တူနေတယ်လို့ နင်တို့ မထင်ဘူးလား ”
” အဲဒီနယ်မြေကြီးရဲ့ အလယ်မှာရှိတဲ့ အနက်ရောင်နေရာက သူငယ်အိမ်၊ အဖြူရောင်မြေကြီးတွေ ရှိနေတဲ့နေရာက မျက်စိထဲက အဖြူရောင်အပိုင်းတွေလိုပဲ။ တစ်ခါတစ်ခါ ပေါ်ပေါ်လာတဲ့ အမှောင်ခြုံလွှာကြီးက မျက်တောင်ခတ်တဲ့အချိန် မျက်ခွံတွေကို မှိတ်လိုက်လို့ပဲ ဖြစ်ရမယ် “