နတ်ဘုရားလက်နက် သန့်စင်ခြင်းနည်းလမ်းအား မှတ်တမ်းတင်ထားသည့် သားရဲအရေခွံကြီးမှာ တမူထူးခြားသော အရည်အသွေးတစ်ခုကို ပိုင်ဆိုင်ထားသောကြောင့် အလွန်အင်မတန်မှ ဆိုးရွားသည့် ပတ်ဝန်းကျင်အခြေအနေများတွင်ပင် အကောင်းပတိအတိုင်း ကျန်ရှိနေရခြင်း ဖြစ်ရပေမည်။ ထို့ကြောင့် သူတို့သုံးယောက်မှာ ထိုသန့်စင်ခြင်းနည်းလမ်းအား ဖတ်ရှုကြည့်လိုက်ပြီးနောက် ၎င်းအား ကူးယူလိုက်ကြ၏။
ကျိုးရိဖန်းနှင့် ကျောက်ယမုန့်တို့မှာ သားရဲအရေခွံကြီးအား ဝမ်ပေါင်လဲ့၏ လက်ထဲသို့ အပ်လိုက်၏။ သူတို့သုံးယောက်ထဲတွင် ဝမ်ပေါင်လဲ့တစ်ယောက်သာလျှင် ဓမ္မလက်နက်ကျင့်ကြံသူတစ်ယောက် ဖြစ်နေသည်မဟုတ်ပါလော။ ထိုသန့်စင်ခြင်း နည်းလမ်းအား အကိုးအကားတစ်ခုအဖြစ် အသုံးပြု၍ ရသောကြောင့်သာ သူတို့နှစ်ယောက်မှာ ၎င်းအား ကူးယူခဲ့ခြင်း ဖြစ်၏။ ထိုနည်းလမ်းအတိုင်း နတ်ဘုရားလက်နက်ကြီးကို သန့်စင်နိုင်ရန်မှာ အလွန်အင်မတန်မှ ခက်ခဲရှုပ်ထွေးနေသည် မဟုတ်ပါလော။
ထို့အပြင် ကျိုးရိဖန်းနှင့် ကျောက်ယမုန့်တို့မှာ ဆေးလုံးများကို လိုအပ်ကြောင်း ပွင့်ပွင့်လင်းလင်း ထုတ်ပြောခဲ့၏။ ယခုတွင် သူတို့နှစ်ယောက်မှာ ကျင့်ကြံခြင်းအဆင့် ဖောက်ထွက်နိုင်တော့မည့် အနေအထားသို့ ရောက်နေကြပြီဖြစ်၍ ထောက်ပံ့ပစ္စည်းများကို အရေးတကြီး လိုအပ်နေကြပြီဖြစ်သည်။ ထို့ကြောင့် သူတို့နှစ်ယောက်မှာ ဆေးလုံးအများစုကို ရယူခဲ့ကြပြီး ဝမ်ပေါင်လဲ့မှာ သူ တံခါးပိတ် ကျင့်ကြံနိုင်ရန်အတွက် လိုအပ်သည့် ဆေးလုံးအချို့ကိုသာ ယူလိုက်၏။
ထို့နောက် အသိအမှတ်ပြု တံဆိပ်ပြားများအား ခွဲဝေရမည့်အချိန်သို့ ရောက်လာပြီဖြစ်သည်။ ကျိုးရိဖန်းမှာ ဝမ်ပေါင်လဲ့အား ကြည့်ကာ ပြုံးပြလိုက်ပြီး သူ၏ဝေစုအား မယူတော့ရန် ဆုံးဖြတ်လိုက်၏။ သူသည် ဤခရီးစဉ်တစ်လျှောက်လုံး၌ အကူအညီအများကြီး မပေးနိုင်ခဲ့ကြောင်း နားလည်သည့်အပြင် ဝမ်ပေါင်လဲ့၏ ရည်မှန်းချက်များကိုလည်း သိထားသောကြောင့် သူ့အား ကူညီပေးချင်နေခြင်း ဖြစ်သည်။
ကျောက်ယမုန့်မှာလည်း ထိုနည်းတူပင်။ သူမသည် ထို အသိအမှတ်ပြုတံဆိပ်ပြားများအား တစ်ချက်ပင် မကြည့်ဘဲ ဝမ်ပေါင်လဲ့ဆီသို့ လှမ်းပစ်ပေးလိုက်၏။ ဝမ်ပေါင်လဲ့မှာ ထိုကိစ္စနှင့်ပတ်သက်၍ သူတို့နှင့်ဆွေးနွေးရန် တွေးတောနေဆဲဖြစ်သောကြောင့် ယခုလို ဖြစ်သွားသောအခါ အလွန်အင်မတန်မှ စိတ်လှုပ်ရှားသွားရတော့သည်။ သူတို့မှာ မိတ်ဆွေကောင်းများဖြစ်ကြပါသော်လည်း ထိုအသိအမှတ်ပြုတံဆိပ်ပြားများမှာ တိုက်ပွဲရမှတ်များဖြင့် လဲလှယ်နိုင်သည့်ပစ္စည်းများ ဖြစ်နေကြသည်မဟုတ်ပါလော။
” ရိဖန်း၊ ရမုန့်။ ဘာမှစိတ်မပူနဲ့။ ငါ ပြည်ထောင်စုဥက္ကဋ္ဌကြီး ဖြစ်လာတဲ့အချိန်ကျရင် မင်းတို့နှစ်ယောက်စလုံးကို ငါ့ရဲ့ ညာလက်ရုံးနဲ့ ဘယ်လက်ရုံးအဖြစ် ခန့်အပ်ပေးမယ်။ အဲအချိန်ကျ ငါတို့ ညီအစ်ကိုသုံးယောက် တခြားလူတွေအကုန်လုံးကို အုပ်ချုပ်ကြတာပေါ့ ” ဝမ်ပေါင်လဲ့မှာ ခံစားချက်အပြည့်ဖြင့် ကတိပေးလိုက်၏။ သူသည် စိတ်လှုပ်တရှား ဖြစ်နေသဖြင့် ကျောက်ယမုန့်တစ်ယောက် ” ညီအစ်ကိုသုံးယောက် ” ဆိုသည့် စကားကြောင့် စိတ်အနှောင့်အယှက် ဖြစ်ကာ အေးတိအေးစက် ဖြစ်သွားရသည်ကို သတိမထားမိလိုက်ပေ။
ကျိုးရိဖန်းမှာ ရယ်မောလိုက်ပြီး ဓမ္မလက်နက်သုံးခုထဲမှ တစ်ခုဖြစ်သော သံလိုက်အိမ်မြှောင်အား ကျောက်ယမုန့်ဆီသို့ လှမ်းပေးလိုက်၏။ ထို့နောက် သူသည် အခြား အဋ္ဌမအဆင့် ဓမ္မလက်နက်အား သိမ်းဆည်းလိုက်ပြီး ကျိုးပဲ့ပျက်စီးနေသော နဝမအဆင့် ဓမ္မလက်နက်တစ်ခုဖြစ်သည့် လှံကြီးအား ဝမ်ပေါင်လဲ့၏ရှေ့၌ ချထားလိုက်၏။
သူတို့သုံးယောက်မှာ အလွန်အင်မတန်မှ ခင်မင်ရင်းနှီးကြသောကြောင့် မည်သည့်စကားမှ ပြောနေစရာမလိုပေ။ ပစ္စည်းများအားလုံးကို ခွဲဝေပြီးသွားကြသောအခါ သူတို့သုံးယောက်မှာ ဘေးပတ်ဝန်းကျင်အား အကဲခတ်လိုက်ပြီး အန္တရာယ်တစ်ခုတစ်လေပင် ရှိမနေကြောင်း သေချာသွားသောအခါမှ တံခါးပိတ်ကျင့်စဉ်များထဲသို့ ဝင်ရောက်သွားကြတော့သည်။
ကျိုးရိဖန်းမှာ အစွမ်းထက်လာအောင် လုပ်မည်ဟု ဆုံးဖြတ်ချက် အခိုင်အမာချထား။ သူသည် သူ၏မိသားစုက သူ့အား ဖမ်းဆီးခဲ့သည့် အဖြစ်အပျက်မျိုး ထပ်ဖြစ်လာမည်ကို မလိုလားပေ။ သူသည် မိသားစုမျိုးနွယ်စုထဲ၌ အကျဉ်းချခံခဲ့ရစဉ်တုန်းက ကြုံတွေ့ခဲ့ရသည့် အရာများကို မည်သူမှမသိအောင် လျှို့ဝှက်ထား၏။ ၎င်းမှာ အလွယ်တကူ ပျောက်ကင်းသွားမည့် စိတ်ဒဏ်ရာတစ်ခုမဟုတ်ပေ။
ထို့ကြောင့် သူသည် ထိပ်သီးအဆင့်ကျင့်ကြံသူတစ်ယောက် ဖြစ်လာရန် အလွန်အင်မတန်မှ ဆန္ဒပြင်းပြနေသည်။ သူသည် ထိုသို့ဖြစ်လာနိုင်ရန် မည်သည့်အရာကိုမဆို ပေးဆပ်နိုင်ပေသည်။ ဥပမာပြရလျှင် သူသည် သူ၏ အမွေအနှစ်ကြီးအား ပြီးဆုံးအောင် ကျင့်ကြံပြီးသွားပါက လူတစ်ယောက်အဖြစ် ဆက်ရှိနေတော့မည်မဟုတ်သလို စစ်သည်တော်တစ်ယောက်အဖြစ်လည်း ဆက်ရှိနေတော့မည်မဟုတ်ကြောင်း နားလည်ထား၏။ သို့သော်လည်း သူသည် အစွမ်းပိုထက်လာနိုင်မည်ဆိုလျှင် ထိုကဲ့သို့သော ရလဒ်မျိုးကို လက်ခံနိုင်ပေသည်။
ယခုတွင် သူသည် တံခါးပိတ်လေ့ကျင့်ရင်း အခြေတည်ထိပ်ဆုံးအဆင့်သို့ ဖောက်ထွက်နိုင်ရန် ရည်ရွယ်ထား၏။ ထို့အပြင် သူသည် နတ်ဘုရားလက်နက် အသွင်းပြောင်းပညာရပ် ကိုးဆင့်အား အသုံးပြုကာ သူ၏ ခန္ဓာကိုယ်ထဲမှ သွေးစစ်သည်နှင့် ပေါင်းစည်းသွားအောင် ကြိုးစားချင်နေ၏။ သူသည် ထိုကဲ့သို့ စမ်းလုပ်ကြည့်ခဲ့စဉ်တုန်းက ထိုလုပ်ငန်းစဉ်ကြီးမှာ သူ၏အရိုးများအား ခန္ဓာကိုယ်အပြင်ဘက်သို့ ဆွဲထုတ်နေသကဲ့သို့ ခံစားရသောကြောင့် အလွန်အင်မတန်မှ နာကျင်ခဲ့ရ၏။ သို့သော် သူ၏ မျက်ဝန်းများထဲရှိ စိတ်ဓာတ်ပြတ်သားမှု အရိပ်အယောင်များကိုကြည့်လိုက်ပါက သူ၏နှလုံးသားထဲမှ စိတ်ဓာတ်ခိုင်မာမှုများကို တွေ့နိုင်ပေသည်။
ကျောက်ယမုန့်မှာ ကျိုးရိဖန်းလောက် ထိပ်တန်းအဆင့်ကျင့်ကြံသူတစ်ယောက် ဖြစ်လာရန် စိတ်ဆန္ဒပြင်းပြမှု မရှိပါသော်လည်း သူမ၏ ကျောထောက်နောက်ခံအင်အားနှင့် ပါရမီတို့မှာ ပြည်ထောင်စုကြီးထဲရှိ လက်ရှိ ကျင့်ကြံခြင်း လူမှုအဖွဲ့အစည်း၏ ထိပ်ဆုံးအဆင့်၌ ရှိနေသည်ကို ငြင်းဆို၍ မရနိုင်ပေ။ အရေးအကြီးဆုံးအချက်မှာ သူမသည် ထိပ်ဆန်းအဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်လာရန် ဆန္ဒမရှိပါသော်လည်း ကျင့်ကြံခြင်းအဆင့် တိုးတက်လာရန်နှင့် သူမ၏ ဖခင်ဖြစ်သူ ပြောပြဖူးခဲ့သည့် မဟာတာအိုဆိုသည့် အရာအား နားလည်နိုင်ရန် မဆုတ်မနစ် ကြိုးစားနေခြင်းပင်။
” မုန့်အာ။ မဟာတာအို အခုသုံးထောင်ရှိတယ်။ အဲဒီ တာအိုတစ်ခုချင်းစီတိုင်းက ဒဏ္ဍာရီတွေထဲမှာ ဖော်ပြထားတဲ့ ဘဝအနှစ်သာရဆီရောက်အောင် ပို့ပေးနိုင်ပေမဲ့ သူတို့ရဲ့ ကျယ်ပြန့်နက်နဲမှုတွေက တစ်ခုနဲ့တစ်ခု မတူကြဘူး။ အဖေ့ရဲ့ သုံးသပ်ချက်အရဆိုရင်တော့ သမီးက မန္တန်အစီအရင်တာအိုနဲ့ အသင့်တော်ဆုံးပဲ။ အဲဒီတာအိုက ဖြတ်လမ်းတစ်ခုတော့ မဟုတ်ပေမယ့် သူ့ရဲ့ အသုံးဝင်မှုတွေကြောင့် ထိပ်ဆုံးတာအိုဆယ်ခုထဲမှာ ပါတယ် ”
၎င်းမှာ ကျောက်ယမုန့် ကောင်းကင်တာအိုကျောင်းသို့ တက်ရောက်ရန် ဆုံးဖြတ်ခဲ့သည့် လွန်ခဲ့သည့်နှစ်ပေါင်းများစွာတုန်းက သူမ၏ဖခင် ပြောပြခဲ့သည့် စကားများဖြစ်သည်။ ကျောက်ယမုန့်မှာ ထိုစကားများအား ယခုထက်ထိအောင် မှတ်မိနေဆဲပင်။ သူမ မျက်လုံးများ မှိတ်လိုက်ချိန်တွင် သူမ၏ အသိစိတ်ထဲ၌ ဘေးဒုက္ခမိုးကောင်းကင် ရှေးဟောင်းမန္တန်အစီအရင်ကြီး ပေါ်ပေါက်လာသည်။ ထို မန္တန်အစီအရင်ကြီးထဲတွင် အသေးစား မန္တန်အစီအရင်ပေါင်း မြောက်မြားစွာ ရှိနေကြ၏။ သူမသည် ထို မန္တန်အစီအရင်များဖြင့် ဉာဏ်အလင်းပွင့်လာအောင် ကြိုးပမ်းနေစဉ် သူမ သောက်သုံးခဲ့သည့် ဆေးလုံးများမှာ တွန်းအားတစ်ခုအဖြစ် ပြောင်းလဲသွား၏။ ၎င်းတို့မှာ သူမအား ဉာဏ်အလင်းပွင့်လာအောင် ကူညီထောက်ပံ့ပေးလိုက်ပြီးနောက် အခြေတည်အဆင့် အချုပ်အနှောင်များအား ချိုးဖျက်ပေးလိုက်တော့သည်။
ကျောက်ယမုန့်တစ်ယောက် မန္တန်အစီအရင်များ တပ်ဆင်ထားခဲ့သည်ဖြစ်ပြီး တရားထိုင်နေသည့် လူရိပ်ကြီးများ ထပ်၍ ပေါ်ပေါက်လာခြင်း မရှိတော့ပါသော်လည်း ဝမ်ပေါင်လဲ့မှာ သူတို့နှစ်ယောက် တံခါးပိတ်ကျင့်စဉ်ထဲသို့ ဝင်ရောက်သွားကြသည်ကို မြင်လိုက်ရသောအခါ စိုးရိမ်သွားရဆဲပင်။ ထိုနေရာကြီးမှာ အပြင်ဘက်တွင်ရှိနေသည့် မီးပင်လယ်ကြီးထက် အနည်းငယ်မျှသာပို၍ ဘေးကင်းလုံခြုံမှု ရှိနေသည်မဟုတ်ပါလော။
ဝမ်ပေါင်လဲ့မှာ တစ်ခဏမျှ စဉ်းစားတွေးတောလိုက်ပြီးနောက် သူ၏ သိုလှောင်အိတ်ကို ပုတ်ကာ မြည်းလေးအား ဆွဲထုတ်လိုက်သည်။ သူသည် ကျယ်ပြန့်တာအိုနန်းတော်ဆီသို့ စတင် ရောက်ရှိလာခဲ့သည့် အချိန်ကတည်းက အလုပ်များရှုပ်နေခဲ့သောကြောင့် မြည်းလေးအား မေ့ပျောက်လုနီးပါး ဖြစ်နေ၏။ ယခုတွင် သူ ထိုမြည်းလေးအား သိုလှောင်အိတ်ထဲမှ ထုတ်ယူလိုက်သောအခါ ၎င်းမှာ နုံးချည့်နေသည့် ပုံစံဖြင့် လဲလျောင်းကာ ဝမ်ပေါင်လဲ့အား မကျေနပ်သော အကြည့်ဖြင့် စိုက်ကြည့်နေ၏။
” သား ”
” ဘာကိစ္စ အော်နေရတာလဲ။ ထပြီး အလုပ်လုပ်စမ်း။ ဘေးပတ်ဝန်းကျင်ကို သေချာစောင့်ကြည်ထား။ အန္တရာယ်တစ်ခုခုပေါ်လာရင် အော်လိုက် ” ဝမ်ပေါင်လဲ့မှာ အနည်းငယ်ခန့် အပြစ်ရှိသလိုခံစားနေရသည်။ သူသည် သူ၏ သားများကို အမြဲတမ်း မေ့ပျောက်နေခဲ့သောကြောင့် ဖခင်ကောင်းတစ်ယောက် ဖြစ်လာနိုင်မည် မဟုတ်ကြောင်း သူ့ကိုယ်သူ မှတ်ယူထား၏။
” ဟင်း… ငါ ငါ့ရဲ့ နောက်ထပ်သားတစ်ယောက်ကိုလည်း မေ့နေတဲ့ပုံပဲ ” ဝမ်ပေါင်လဲ့မှာ ထိုသို့ဆိုကာ ခေါင်းကုတ်လိုက်၏။ သူသည် ထိုအကြောင်းနှင့်ပတ်သတ်၍ စဉ်းစားတွေတောရန် ပြင်နေစဉ်မှာပင် ကျောက်ယမုန့်ဆီမှ အမြုအတေအဆင့် အငွေ့အသက်များ စတင် ထွက်ပေါ်လာတော့သည်။
” ဒါ နောက်ဆုံး အတားအဆီးပဲ ” ဝမ်ပေါင်လဲ့မှာ ချက်ချင်းပင် နောက်သို့လှည့်ကာ လှမ်းကြည့်လိုက်၏။ သူသည် သူ၏ မေ့ပျောက်နေသော သားလေးအကြောင်းအား တွေးတောမနေတော့ပေ။ ကျောက်ယမုန့်၏ ဖောက်ထွက်မှုမှာ အချိန်အနည်းငယ်ခန့်ထပ်၍ ကြာမြင့်နေဦးမည်ဖြစ်ပြီး သူမသည် စွမ်းအင်အလုံအလောက် စုစည်းထားပြီးသားဖြစ်သောကြောင့် မည်သည့်အန္တရာယ်နှင့်မှ ကြုံရတော့မည်မဟုတ်ကြောင်း သေချာသွားသောအခါမှသာ ဝမ်ပေါင်လဲ့မှာ သနားစရာ မြည်းလေးအား ကန်ကျောက်လိုက်၏။
” အလုပ်လုပ်စမ်း ” ဝမ်ပေါင်လဲ့မှာ ၎င်းအား စိန်းစိန်းဝါးဝါး စိုက်ကြည့်ကာ အော်ပြောလိုက်၏။
ထိုအခါ ထိုမြည်းလေးမှာ အသံအကျယ်ကြီးမြည်အောင် နှာချေလိုက်ပြီး အခြားရွေးချယ်စရာမရှိတော့သဖြင့် ပျင်းရိပျင်းတွဲနှင့် ထလာတော့သည်။ ထို့နောက် ၎င်းမှာ ဘဝကြီးအား သံရောဇဉ်မရှိတော့သည့် ပုံဖြင့် ဘေးပတ်ဝန်းကျင်အား ကြည့်ရှုစစ်ဆေးနေလိုက်တော့သည်။ ၎င်း၏ အမူအရာများကြောင့် ဝမ်ပေါင်လဲ့မှာ အပြင်ရှိသလို ခံစားလိုက်ရပြီး စိတ်မကောင်းဖြစ်သွားရ၏။ ထို့ကြောင့် သူသည် ဖောက်ထားပြီးသား မုန့်ထုပ်တစ်ထုပ်အား ချီတုံချတုံနှင့် ထုတ်ယူလိုက်တော့သည်။
ထိုမုန့်ထုပ်ထဲတွင် မုန့်ဆယ်ခုပင် မကျန်တော့ပေ။ ဝမ်ပေါင်လဲ့မှာ ပြည်ထောင်စုကြီးအား လွမ်းဆွတ်သည့်အချိန်တိုင်း မုန့်တစ်ခုကို ထုတ်ယူကာ ၎င်းအား လျှာဖြင့် လျှက်ခဲ့၏။ သူသည် ထိုမုန့်များအား သံရောဇဥ် တွယ်နေမိပြီဖြစ်သည်။ သို့သော် ယခုတွင်မူ သူ၏သားအပေါ် ထားရှိသော ချစ်ခြင်းမေတ္တာများမှာ အရာအားလုံးထက်ပို၍ အားကောင်းနေပြီဖြစ်သည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အံကြိတ်ကာ မုန့်တစ်ခုကို ထုတ်ယူလိုက်ပြီး မြည်းလေးဆီသို့ လှမ်းပစ်ပေးလိုက်၏။
ထိုအခါ မြည်းလေးမှာ မျက်လုံးများအရောင်လက်သွားတော့သည်။ ၎င်းမှာ ထိုမုန့်ဆီသို့ အရှိန်အဟုန်ဖြင့် ပြေးလာပြီး ၎င်းအား စားရန်ပြင်လိုက်စဉ်မှာပင် တစ်ခုခုမှာ လွဲနေပြီဖြစ်ကြောင်း သတိထားမိလိုက်၏။ ထို့နောက် ၎င်းမှာ ထိုမုန့်အား တစ်ချက်နမ်းရှုပ်ကြည့်လိုက်ပြီးနောက် တွေဝေတုံ့ဆိုင်းသွားရတော့သည်။
” လစ်လိုက်တော့။ ဒါ ဘာအဓိပ္ပါယ်လဲကွ။ မင်း အချိုးတွေ ပြင်နော် ” ဝမ်ပေါင်လဲ့မှာ စူပုပ်နေသည့် မျက်နှာအမူအရာဖြင့် ထိုမြည်းလေးအား စိုက်ကြည့်နေလိုက်၏။ ထို့နောက် သူသည် လက်မြောက်ကာ လက်ဆစ်ချိုးလိုက်သဖြင့် တဖျစ်ဖျစ်တဖြောက်ဖြောက်မြည်သံများ ထွက်ပေါ်လာတော့သည်။
ထိုအခါ မြည်းလေးမှာ တစ်ကိုယ်လုံးတုန်ရီသွားပြီး စိတ်လှုပ်တရှားဖြစ်နေသည့်ပုံစံ ဟန်ဆောင်လိုက်၏။ ထို့နောက် ၎င်းမှာ တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ ထိုမုန့်တစ်ခုလုံးအား မျိုချလိုက်ပြီး အလွန်အင်မတန်မှ ပျော်ရွှင်ကျေနပ်နေသည့်ပုံစံ ပေါက်သွားတော့သည်။ ထိုအခါမှသာ ဝမ်ပေါင်လဲ့မှာ ကျေနပ်သွားပြီး ၎င်း၏ခေါင်းအား ပုတ်ပေးလိုက်၏။
” ကဲ။ မင်းက ငါ့ရဲ့ရတနာလေးတွေကို စားပစ်ခဲ့တာဆိုတော့ ဒီနေရာကို စောင့်ကြည့်ထားနော် ” ဝမ်ပေါင်လဲ့မှာ ထိုသို့ဆိုလိုက်ပြီးနောက် မြည်းလေးအား မေ့ထားလိုက်ပြီး အောက်သို့ ထိုင်ချလိုက်တော့သည်။ ထို့နောက် သူသည် ဆေးလုံးတစ်လုံးကို ထုတ်ယူကာ မျိုချလိုက်ပြီး တရားထိုင်ရန် ပြင်လိုက်တော့သည်။
သူ၏ ကျင့်ကြံခြင်းအဆင့်မှာ အစောပိုင်း အမြုတေအဆင့် ထိပ်ဆုံးသို့ ရောက်နေပြီဖြစ်ရာ အလယ်အလတ် အမြုတေအဆင့်သို့ ရောက်ရှိရန် ခြေတစ်လှမ်းမျှသာ လိုတော့သည်။ သူသည် အမွေအနှစ်များစွာကို ဖြတ်ကျော်ခဲ့ပြီးနောက် အပြည့်အဝ ဉာဏ်အလင်းပွင့်သွားခဲ့ခြင်း မရှိသည့်တိုင်အောင် အကျိုးအမြတ် မြောက်မြားစွာ ရရှိခဲ့၏။ ထို့ကြောင့် သူသည် အလယ်အလတ် အမြုတေအဆင့်၏ သတ်မှတ်ချက်စံနှုန်းများနှင့် ကိုက်ညီနေပြီ ဖြစ်သည်။ ထို့ကြောင့် သူသည် သူ၏ ကျင့်ကြံခြင်းစွမ်းအားများ ထုတ်လွှတ်လိုက်ချိန်တွင် ဆေးအာနိသင်များ ပေါ်ပေါက်လာသဖြင့် ဖောက်ထွက်နိုင်ရန် ကြိးစားလိုက်တော့သည်။
ဝမ်ပေါင်လဲ့တစ်ယောက် တံခါးပိတ်ကျင့်စဉ်ထဲသို့ ဝင်ရောက်သွားပြီဖြစ်ကြောင်း သိလိုက်ရသောအခါ ထိုနေရာအား စောင့်ရှောက်ပေးချင်ယောင် ဆောင်နေသည့် မြည်းလေးမှာ ချက်ချင်းပင် ပျို့တက်လာတော့သည်။ သို့သော် အချိန်အတော်အတန် ကုန်ဆုံးပြီးသွားသည့်တိုင်အောင် ၎င်း၏ပါးစပ်ထဲမှ မည်သည့်အရာမှ ပြန်အန်ထွက်လာခြင်းမရှိပေ။ ထို့ကြောင့် မြည်းလေးမှာ သက်ပြင်အရှည်ကြီးချကာ ကြံရာမရတော့သည့် ပုံစံဖြင့် မြေကြီးအား လျှာဖြင့်လျှက်လိုက်၏။ ထို့နောက် ၎င်းမှာ ရှည်ရှည်ဝေးဝေး စဉ်းစားတွေးတောနေခြင်းမရှိဘဲ မြေပြင်ကြီးအား ကိုက်လိုက်တော့သည်။ သို့သော် မြေပြင်ကြီးမှာ ပြောင်းလဲသွားခြင်းမရှိပါသော်လည်း ထိုမြည်းလေးမှာ အလွန်အင်မတန်မှ နာကျင်သွားရသောကြောင့် ထခုန်မိလိုက်၏။
ထိုသို့ဖြင့် အချိန်များကုန်လွန်သွားကာ သုံးရက်တိတိ ကုန်ဆုံးသွားသည့်တိုင်အောင် ထိုသုံးယောက်မှာ အနည်းငယ်လေးမှ ပြောင်းလဲသွားခြင်းမရှိသဖြင့် မြည်းလေးမှာ ပျင်းရိလာရတော့သည်။ ထို့ကြောင့် ၎င်းမှာ မလှမ်းမကမ်းတွင်ရှိနေသော မီးပင်လယ်ကြီးအား လှမ်း၍ကြည့်လိုက်၏။ ၎င်းမှာ တစ်ခဏမျှ စဉ်းစားတွေးတောလိုက်ပြီးနောက် ထို မီးပင်လယ်ကြီးဆီသို့ ပြေးသွားလိုက်ပြီး ချော်ရည်ပူများအား မျိုချလိုက်တော့သည်…
ထိုအခါ မြည်းလေးမှာ တစ်ကိုယ်လုံး တုန်ရီသွားရသဖြင့် ထို ချော်ရည်ပူများမှာ အလွန်အင်မတန်မှ အရသာဆိုးရွားလှကြောင်း သိနိုင်ပေသည်။ ၎င်းမှာ လျှာထုတ်ကာ စိတ်မပါလက်မပါဖြင့် ပြန်ရောက်လာပြီး မြေပြင်ပေါ်၌ လဲလျောင်းကာ မြေကြီးများကို အဆက်မပြတ် လျှာဖြင့်လျှက်နေလိုက်တော့သည်။
ခုနစ်ရက်တိတိ ကုန်ဆုံးသွားပြီနောက် ကျိုးရိဖန်း၏ ခန္ဓာကိုယ်ထဲမှ ပေါက်ကွဲသံကြီးတစ်သံ ထွက်ပေါ်လာသည်။ သူသည် သူတို့ သုံးယောက်ထဲမှ ပထမဆုံး ဖောက်ထွက်နိုင်ခဲ့ခြင်း ဖြစ်၏။ သူ၏ခန္ဓာကိုယ်ထဲမှ အခြေတည်ထိပ်ဆုံးအဆင့်တွင် ရှိနေပြီး အမြုတေအဆင့်သို့ ရောက်ရှိရန် အလွန်အင်မတန်မှ နီးကပ်နေသော လူတစ်ယောက်၏ အငွေ့အသက်များ ထွက်ပေါ်လာတော့သည်။
ထိုအငွေ့အသက်များ ထွက်ပေါ်လာသောအခါ အမြုတေအဆင့်တွင်သာ ပေါ်ပေါက်လာတတ်သည် ပုံရိပ်ယောင်ကြီးတစ်ခုမှာ သူ၏နောက်တွင် ထွက်ပေါ်လာ၏။ ၎င်းမှာ အနီရောင်ဓားပျံကြီးတစ်လက်၏ ပုံရိပ်တစ်ခုဖြစ်သည်။
ထိုဓားပျံကြီးမှာ ထူးဆန်းနေ၏။ ၎င်းမှာ ဓားသွားတစ်ခုသာပါပြီး ဓားရိုးမပါပေ။ ထို့အပြင် ၎င်း၏ဓားသွားမှာ လွှသွားများကဲ့သို့ ဖြစ်နေသောကြောင့် အလွန်အင်မတန်မှ ကြောက်မက်ဖွယ်ရာကောင်းနေတော့သည်။