ဝတ်ရုံနက်မိန်းမပျို၏ အပင်နှင့်အသီးအရွက်အပေါ်ထိန်းချုပ်နိုင်စွမ်းသည် သူမ၏ဆေးတာအိုနှင့် ဆက်စပ်နေသည်။ သူမ ကျင့်ကြံခဲ့သည့်နည်းလမ်းနှင့် ပေါင်းစပ်သွားသောအခါ အပင်မျိုးစုံနှင့်ဆက်သွယ်နိုင်ပြီး ကျွမ်းကျင်စွာကိုင်တွယ်နိုင်သည့် မွေးရာပါနတ်ဘုရားစွမ်းရည်အလား ဖြစ်သွားတော့သည်။
ကုံမြစ်ဂိုဏ်းခွဲသည် အကွာအဝေးထိန်းချုပ်နည်းမှော်ပညာ၌ တစ်ဖက်ကမ်းခတ်ကျွမ်းကျင်သော်လည်း သူတို့၏ အခြေခံသီးသန့်စွမ်းအားမှာ ကြောက်မက်ဖွယ် ကောင်းကင်ညောင်ပင်ကြီးဖြစ်သည်။ အပင်အသီးအရွက်များနှင့် ဆက်နွယ်မှုရရန် သစ်ပင်ကြီးအပေါ်တွင် ကျင့်ကြံအားထုတ်သည်မှာ သမားရိုးကျပင်ဖြစ်သည်။ အမှန်တွင် ကုံမြစ်ဂိုဏ်းခွဲ၏ ဂိုဏ်းသားများအားလုံး၌ တိုက်ပွဲလက်နက်အဖြစ်အသုံးပြုနိုင်မည့် အနည်းဆုံး ကောင်းကင်ညောင်ပင်တစ်ပင်နှင့် ချိတ်ဆက်မှုတစ်ခုတော့ရှိသည်။
ထိုနည်းလမ်းက အပြင်ပိုင်းအပင်ထိန်းချူပ်ခြင်းမျိုးမဟုတ်ပဲ အပင်ကကျင့်ကြံသူကို ကူညီပေးသော ချိတ်ဆက်မှုတစ်ခုကဲ့သို့ပင်ဖြစ်သည်။
သို့သော်လည်း ပိုင်ရှောင်ချန်း၏စွမ်းရည်မှာ ကွဲပြားခြားနား၏။ မှော်အပင်လက်နက်နှင့် ဆေးတာအိုပညာရပ်ရှိ သူ၏ကျွမ်းကျင်မှုကိုအသုံးပြုရင်း အပင်များနှင့် ချိတ်ဆက်ရန်သို့မဟုတ် အကူအညီယူရန် မကြိုးစားပေ။ သူက အကြွင်းမဲ့ထိန်းချုပ်လေသည်။
သူက အပြန်အလှန်ကြီးမားခြင်းနှင့် ဖိနှိပ်ခြင်းနည်းလမ်းများတွင် ကျွမ်းကျင်ပြီး အပင်နှင့်အသီးအရွက်မျိုးကွဲများအားအတူတကွ မည်သို့ပေါင်းစပ်ရမည်ကို အကျွမ်းတဝင်ရှိလေသည်။ သူ၏ကောင်းကင်တာအိုအခြေခိုင်မာခြင်းကျင့်ကြံခြင်းအခြေခံနှင့် စိတ်စွမ်းအင်ပင်လယ်ကိုးခုအတူတကွ ပေါင်းစပ်သွားသောအခါ အခြားအခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူများထက်သာလွန်သည့် စွမ်းဆောင်မှုများကို လုပ်နိုင်သွားလေသည်။
ဤမိန်းမပျိုသည် အလယ်ပိုင်းဒေသဂိုဏ်းမှ လက်ရွေးစင်တစ်ဦးဖြစ်သည်။ ထိုကြောင့်သာမဟုတ်လျှင် သူမမှာ ပိုင်ရှောင်ချန်း၏အသတ်ခံရမည်မှာကြာပြီ။ သို့ထိတိုင်အောင် သူမ၏ကြိုးစားမှုများမှာ အသုံးမဝင်ကြောင်းဖော်ပြနေလေသည်။
“ငါ့နားကထွက်သွား ”
သူ့မျက်လုံးများမှာ ထူးဆန်းသောအလင်းများတောက်ပသွားပြီး မိုးခြိမ်းသံကဲ့သို့အသံနက်ကြီးဖြင့် ပြောလိုက်သည်။ ထို့နောက် လက်နှစ်ဖက်ကို ဝှေ့ယမ်းလိုက်တော့သည်။
သူ၏ဒေါသသံကြောင့် အပင်နှင့်အသီးအရွက်အုပ်လိုက်ကြီးမှာ နောက်ပြန်လှည့်ပြီး ဝတ်ရုံနက်မိန်းမပျိုထံတဟုန်ထိုးပြေးသွားကြတော့သည်။
သူမ၏ကျန်တစ်ဖက်မျက်လုံးတွင် လုံးဝမယုံကြည်နိုင်မှုများဖြတ်ပြေးသွားပြီး သူမမှာ ထိုအခြေအနေကို လက်ခံနိုင်သည့်ပုံမပေါ်ချေ။ ထိုအချိန်တွင် သူမမှာ ထီးနက်နှင့် အလှည့်စားခံလိုက်ရပြီဖြစ်ကြောင်း သဘောပေါက်သွားတော့သည်။
သူမသည် ပိုင်ရှောင်ချန်း၏ တိုက်ပွဲဗျူဟာများ အထူးသဖြင့် ထိုထီးအား ကြောက်လန့်လာလေပြီ။ သို့သော်လည်း ပိုင်ရှောင်ချန်းက သူမကို အကွာအဝေးထိန်းချုပ်နည်းမှော်ပညာကိုအသုံးပြုရန်အခွင့်မပေးသည်မှာ အဆိုးဆုံးပင်။ သူ၏တတိယမျက်လုံးကြောင့် သူမဘယ်လိုလုပ်လုပ် ကွက်ကွက်ကွင်းကွင်းမြင်သာနေလေသည်။
အကွာအဝေးထိန်းချုပ်နည်းမှော်ပညာမပါပဲ မည်သည့် ချုံခိုတိုက်ကွက်ကိုမဆို ထုတ်သုံးရန် ခက်ခဲပြီး ကိုယ်ပျောက်ရန်မှာလည်း မဖြစ်နိုင်ပေ။၄င်းမှာ ခြေကျိုးလက်ကျိုးဖြင့် တိုက်ခိုက်ရန်ကြိုးစားနေသည့်အလားပင်။ သူမမှာ ပို၍အားနည်းလာလေသည်။
အခက်အခဲများစွာ ကြုံတွေ့ပြီးနောက် ပိုင်ရှောင်ချန်းကိုသတ်ရန် သူမ၏အပင်နှင့်အသီးအရွက်မှော်ပညာကို မတတ်သာသည့်အဆုံးထုတ်သုံးရန် ဆုံးဖြတ်ခဲ့သည်။ သို့သော် သူမ တွေးထားသမျှနှင့် ဆန့်ကျင်စွာ သူက သူမ၏အပင်နှင့်အသီးအရွက်ကိုလည်း ထိန်းချုပ်နိုင်လေသည်။
“ငါလက်မခံနိုင်ဘူး” ကျန်တစ်ဖက်မျက်လုံးမှာ ပို၍ သွေးချင်းချင်း နီလာပြီး သူမက အော်ပြောလိုက်သည်။ သူမမှာ သွက်သွက်ခါရူးတော့မတတ်ပင်။ ကုံမြစ်ဂိုဏ်းခွဲ၏ လက်ရွေးစင်တစ်ယောက်အနေဖြင့် သူမသည် ကျင့်ကြံခြင်းအဆင့်တူသောလူမှန်သမျှကို အလွယ်တကူနင်းခြေပစ်နိုင်သည့် လူတစ်ယောက်အဖြစ် အမြဲတမ်း ဂုဏ်ယူမော်ကြွားနေခဲ့ရသည်။ အမှန်တွင် သူမမှာ ရွှေအမြုတေအဆင့်ရောက်ရန် ဆံချည်တစ်မျှင်သာလိုတော့သည်။ သူမနှင့်တစ်ဆင့်တည်းလူတစ်ယောက်က သူမကိုအလွယ်တကူထိန်းချုပ်နိုင်သည့် အခြေအနေမျိုးကို ဘယ်သောအခါကမှ မကြုံတွေ့ခဲ့ဖူးပေ။
သစ်ပင်အုပ်ကြီး ဝင်ရောက်လာသဖြင့် သူမမှာ စူးစူးဝါးဝါးအော်လိုက်တော့သည်။ ထို့နောက် သူမက ရုတ်တရက်မြေပေါ်ဆင်းလာပြီး လက်နှစ်ဖက်ကို အရှေ့သို့ ထောက်ချလိုက်ကာ အပေါ်သို့မော့ရင်း အော်လိုက်သည်။
” သစ်ပင်လူသား မန္တန်”
ရုတ်တရက် အညိုရောင်နွယ်ပင်များက သူမ၏ခြေထောက်မှ ထွက်ပေါ်လာပြီး အမြစ်များအလား မြေထဲထိုးစိုက်သွားလေသည်။
တစ်ဆက်တည်းမှာပင် သူမကိုယ်ပေါ်ရှိ အရေပြားအနှံ့အပြားမှာ ရုတ်တရက် သွေးကြောစိမ်းများ ဖောင်းထွက်လာကာ အပင်မျက်နှာပြင်ကဲ့သို့ဖြစ်သွားတော့သည်။
အရေပြားမှာ အစိမ်းရောင်ပြောင်းသွားသည်နှင့် သူမ၏သက်စောင့်အခိုးအငွေ့များရုတ်တရက်ထွက်ပေါ်လာပြီး သစ်ပင်လူသားတစ်ယောက်အသွင်ပြောင်းသွားတော့သည်။
သစ်ပင်လူသားမန္တန်သည် ကျင့်ကြံသူတစ်ယောက်ကို သစ်ပင်လူအဖြစ်ပြောင်းသွားစေသည့် ကုံမြစ်ဂိုဏ်းခွဲ၏ နာမည်ကြီးလျှို့ဝှက်မှော်ပညာတစ်ရပ်ဖြစ်သည်။
” နင်.. ငါ့ရဲ့ အပင်နဲ့အသီးအရွက်တွေကို ထိန်းချုပ်နိုင်တာကို မယုံနိုင်ဘူး”
သူမက အသံပြာကြီးဖြင့် အော်လိုက်သည်။ ထိုအချိန်တွင် သူမမှာ သစ်ပင်လူသားအတိဖြစ်သွားတော့သည်။
သူမခြေထောက်မှ အမြစ်များက မြေကြီးထဲထိုးဝင်သွားသဖြင့် အပင်နှင့်အသီးအရွက်၏စွမ်းအင်အားလုံး သူမထံတိုးဝင်လာတော့သည်။
မျက်စိတစ်မှိတ်တွင်းမှာပင် သူမသည် မီတာသုံးရာအတိမြင့်ကာကြီးမားလာလေသည်။ အဝေးမှကြည့်ပါက ကောင်းကင်ညောင်ပင်အစစ်ကြီးအလားပင်။
အပင်နှင့်အသီးအရွက်အုပ်ကြီး သူမကိုရိုက်ခတ်သွားသောအခါ ၄င်းတို့က ချက်ချင်းသူမကိုနာခံလိုက်ကြကာ ချာလပတ်လည်၍ သူမ၏ညာလက်ပေါ်တွင် စုပေါင်းသွားကြပြီး ပုဆိန်ကြီးတစ်ခုအသွင် ပြောင်းသွားတော့သည်။
၄င်းမှာ အပင်နှင့်အသီးအရွက်မျိုးစုံမှ ဖြစ်ပေါ်လာသော အစိမ်းရောင်ပုဆိန်ကြီးတစ်ခုဖြစ်ပြီး ဘေးပတ်ဝန်းကျင်ရှိ တောအုပ်ကြီးပင် တုန်ခါသွားစေသည့် စွမ်းအားများထုတ်လွှတ်နေ၏။ ဤအချိန်တွင် မိန်းမပျိုနှင့် ပိုင်ရှောင်ချန်းအကြားတိုက်ပွဲကို တဖြည်းဖြည်း စိတ်ဝင်စားလာကြတော့သည်။
“သေပေတော့… ”
သူမက သတ်ဖြတ်လိုစိတ်များ ပြည့်နှက်လျက် ကျယ်လောင်သောအသံနက်ကြီးဖြင့် ဟိန်းဟောက်လိုက်သည်။ ထို့နောက် သစ်ပင်လက်ကြီးအား မြေပေါ်မြှောက်လိုက်ပြီးနောက် ပုဆိန်ကြီးအား ပိုင်ရှောင်ချန်းထံပစ်ပေါက်လိုက်သည်။
၄င်းကျဆင်းလာသည်နှင့် အပင်နှင့်အသီးအရွက်စွမ်းအားများထွက်ပေါ်လာပြီး တောတစ်ခုလုံးစွမ်းအား၏တစ်ဝက်နီးပါးမှာ ထိုသိုင်းကွက်ထဲသို့ စုပေါင်းသွားကြလေသည်။
ပိုင်ရှောင်ချန်း၏စိတ်ထဲတွင် အန္တရာယ်အငွေ့အသက်များ ရလိုက်လေသည်။ ဤအချိန်တွင် သူ၏ သွေးမုန်တိုင်းသိုင်းသည်လည်း ပျက်စီးလုနီးပါး အားနည်းနေလေပြီ။ ဖြစ်ပေါ်လာသော ပေါက်ကွဲမှုကြီးကြောင့် လူအပေါင်းမှာ ဖြစ်ပျက်နေသမျှအား သတိပြုမိလာကြသည်။
“အဲဒါ… ဂိုဏ်းတူဦးလေးပိုင်ဟေ့”
” အမတော် တုံ ”
တိုက်ပွဲ၏နှစ်ဖက်လုံးမှ ကျင့်ကြံသူများမှာ တအံ့တသြအော်နေကြသည်တွင် ပိုင်ရှောင်ချန်းက အသက်ပြင်းပြင်းရှူလိုက်ပြီး မျက်လုံးများကို မှိတ်လိုက်သည်။ ထို့နောက် သူက ညာလက်ကို မြှောက်လိုက်ကာ ဧရာမအချွန်တက်ကြီးပုံရိပ်က သူစိတ်ထဲတွင်ပေါ်လာ၏။
ထိုအချွန်တက်ကြီးပေါ်လာသဖြင့် ထိုနေရာရှိ ရေခိုးရေငွေ့များမှာ လည်ပတ်လာကြပြီး ကီလိုမီတာ၅ဝအပြည့် သိပ်သည်းထူထပ်လာကြတော့သည်။
သွေးမုန်တိုင်းသိုင်းကွက်မှဖိအားအငွေ့အသက်တစ်ခုသက်ရောက်လာသဖြင့် ထိုနေရာအတွင်းရှိ အဏ္ဏဝါဂိုဏ်းနှင့် ကုံမြစ်ဂိုဏ်းခွဲရှိနှစ်ဖက်လုံးမှ ကျင့်ကြံသူများမှာ တုန်လှုပ်သွားကြတော့သည်။
လေထဲရှိရွှေအမြုတေအဆင့်ကျင့်ကြံသူများပင်လျှင် အံ့သြတုန်လှုပ်သွားပုံရလေသည်။
သစ်ပင်လူပုံစံ မိန်းမပျိုသည်လည်း ထိတ်လန့်သွား၏။ သို့သော်လည်း ယခုအခိုက်အတန့်တွင် အတွေးထဲမျောနေရန် အချိန်မရှိပေ။ ထိုအစား သူမက ပိုင်ရှောင်ချန်းထံသို့ အသေအချာချိန်၍ စစ်ပုဆိန်ကြီးအား ပစ်ပေါက်လိုက်တော့သည်။
တဖြည်းဖြည်း ပုဆိန်ကြီးက နီးကပ်လာ၏။
ဝင်ရောက်လာသည့် ပုဆိန်ကြီးကြောင့်
ပိုင်ရှောင်ချန်း၏ အဝတ်နှင့် ဆံပင်တို့ပင် ပျက်စီးသွားကြသည်။
ပုဆိန်ကြီးက ပိုင်ရှောင်ချန်းထံမှ ကိုးမီတာသာလိုတော့အချိန် သူ့မျက်လုံးများ ဖျတ်ခနဲပွင့်သွားပြီး လေပြင်းများတိုက်ခတ်လာကာ ကီလိုမီတာ ၅၀တစ်ခုလုံးမှာ ရေအိုင်ကြီးဖြင့်ပြည့်သွားတော့သည်။
“ရွှယ်ကျဲကော်တု” သူက တစ်စုံတစ်ယောက် သို့မဟုတ် တစ်စုံတစ်ခုအား ခေါ်နေသည့်အလား ရေရွတ်လိုက်သည်။ သူက တိုးတိတ်ညင်သာစွာပြောလိုက်သော်လည်း ယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံသူများပင် တုန်လှုပ်သွားတော့သည်။ ကမ္ဘာလောကတစ်ခုလုံးအား ထူးခြားလေးနက်သောရှေးဆန်မှုပြည့်သွားစေသော၊ ရှေးခတ်အခါမှလာသော ဟိန်းဟောက်သံကြီးတစ်ခုက ရုတ်တရက်ပဲ့တင်ထပ်လာလေသည်။
ဟိန်းဟောက်သံကြီး၏ပြင်းအားကြောင့် ကောင်းကင်နှင့်မြေကြီးမှာ တုန်ခါသွားတော့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ကောင်းကင်တုန်ခါ၍မြေပြင်တို့ကွဲအက်သွားစေလုမတတ် တဂျိန်းဂျိန်းမြည်သံကြီးထွက်ပေါ်လာကာ သက်ရှိသက်မဲ့အရာအားလုံး တုန်ခါသွား၏။ ထိုနေရာရှိ ကျင့်ကြံသူအပေါင်းမှာ ကြောက်လန့်တုန်ရီနေကြပြီး သစ်ပင်လူပုံစံ မိန်းမပျို၏မျက်နှာပေါ်တွင် လုံးဝမယုံကြည်လက်မခံနိုင်ဖြစ်နေဟန်များ ထင်ဟပ်နေသည်။
သူမ၏မျက်နှာပေါ်တွင် ထိုအမူအရာပေါ်လာြပီး ပုဆိန်ကျဆင်းသွားသည်နှင့်တစ်ပြိုင်နက် ဧရာမအချွန်အတက်ကြီးပုံရိပ်က ပိုင်ရှောင်ချန်း၏ပတ်လည်တွင် ရုတ်တရက်ပေါ်လာ၏။
မီတာ သုံးဆယ်.. မီတာ သုံးရာ.. မီတာ သုံးထောင်.. မီတာသုံးသောင်း။
အချွန်အတက်ကြီးမြင့်မားလာသည်နှင့် အမျှ တဝုန်းဝုန်းအသံများ ထစ်ခြုန်းလာတော့သည်။ ထို့အပြင် မီတာသုံးသောင်းအရှည်ရောက်ပြီးသော် အောက်တွင် အချွန်အတက်များစွာကို မြင်လိုက်ရလေသည်။ အလင်းများ မှေးမှိန်သွားပြီး မြေပြင်ကိုဖြတ်၍ လေပြင်းမုန်တိုင်းများ တဝေါဝေါ တိုက်ခတ်လာတော့သည်။
မိန်းမပျိုမှာ ပိုင်ရှောင်ချန်းကို တိုက်ခိုက်ရန် အခွင့်အရေးပင်မရလိုက်ပေ။ အချွန်အတက်ကြီးက သူမကို ထိုးဖောက်သွားကာ ကောင်းကင်အထိ မြင့်မားစွာ ထိုးတက်သွားတော့သည်။
မျှော်လင့်ချက်များပျက်သုဥ်းသွားသဖြင့် မိန်းမပျိုမှာ သစ်ပင်လူပုံမှ လူသားအသွင်ပြန်ပြောင်းသွား၏။ ပါးစပ်မှ သွေးများပန်းထွက်လာကာ သူမ၏မျက်လုံးမှာ အရောင်မှိန်လာလေသည်။ သူမမှာ အသက်ယဲ့ယဲ့သာရှိတော့သည်။
မြေပြင်တစ်လျှောက်တွင် စွမ်းအားပြင်း အခိုးအငွေ့များဖုံးလွှမ်းသွား၏။ သိပ်သည်းထူထပ်နေသော ရေငွေ့များတွင် အချွန်အတက်အထပ်ထပ်နှင့် ဧရာမကိုယ်လုံးကြီးကိုမြင်ရုံမျှသာရှိသည်။
သို့သော်လည်း ကီလိုမီတာ ၅၀ အကျယ်ရေအိုင်ကြီးမှာ ထိုဧရာမကိုယ်လုံးကြီးအတွက် ကျယ်သင့်သလောက်မကျယ်သဖြင့် မည်သည့်သတ္တဝါအမျိုးအစားဖြစ်ကြောင်း မည်သူမှ အတပ်မပြောနိုင်ပေ။
မည်သို့ပင်ဖြစ်စေ ထိုဧရာမသတ္တဝါကြီးနှင့်ယှဥ်လျှင် ၄င်းအချွန်အတက်တွင် စူးဝင်နေသည့် မိန်းမပျိုကို မြင်နိုင်ရန် သေးငယ်လွန်းလှသည်။
ထိုပတ်ဝန်းကျင်ရှိ ကျင့်ကြံသူအပေါင်းမှာ အလွန်တရာ တုန်လှုပ်စွာ ကြည့်နေကြသည်။ထိုအဖြစ်အပျက်မှာ သိပ်မကြာပေ။ အသက်ရှူချိန်အနည်းငယ်မျှသာကြာလိုက်သည်။ ထို့နောက် ရွှယ်ကျဲကော်တုသတ္တဝါကြီးက ဟိန်းဟောက်လျက် တဖြေးဖြေးပျောက်ကွယ်သွားတော့သည်။ ရေခိုးရေငွေ့များလည်း ပျောက်ကွယ်သွားပြီး အရာအားလုံးမှာ ပုံမှန်အတိုင်းပြန်ဖြစ်သွားလေပြီ။ ဖိအားသည်လည်း ပျောက်ကွယ်သွားပြီး မိန်းမပျို၏ခန္ဓာကိုယ်သည် ကောင်းကင်ယံမှ ပိုင်ရှောင်ချန်းရှေ့တွင် ဘုတ်ခနဲ ပြုတ်ကျလာ၏။
သူမကိုယ်ပေါ်ရှိ ဒဏ်ရာများမှ သွေးများ ယိုစီးလာသည်။ မျက်လုံးတို့က ပိုင်ရှောင်ချန်းကို ခါးသီးနားကြည်းမှုများဖြင့် စိုက်ကြည့်ရင်း သေအံ့မူးမူး ဖြစ်နေချေသည်။ နောက်ဆုံးစွမ်းအားအနည်းငယ်ကို သုံးလိုက်ပြီး သူ့ကိုကျိန်ဆဲရန် ပါးစပ်ဟလိုက်သည်။
သို့သော်လည်း သူမ၏နှုတ်ခမ်းလှုပ်သွားသည်နှင့်တစ်ပြိုင်နက် သူကအင်္ကျီလက်ကိုဝှေ့ယမ်းကာ အကြီးအကဲကျိုး၏သွေးများဖြင့် ပြုလုပ်ထားသော သွေးဓားဖြင့် ခုတ်ပိုင်းလိုက်ပြီး ခေါင်းဖြတ်လိုက်လေသည်။
သူမ၏ခေါင်းမှာ ဘေးဖက်သို့လိမ့်သွားပြီး ကျန်မျက်လုံးမှာ မှိန်လာတော့သည်။ သူမသည် ခန္ဓာကိုယ်သာမက ဝိညာဥ်ပါ သေဆုံးသွားလေပြီ။
သွေးဓားမှာ တဖြည်းဖြည်း ပျောက်ကွယ်သွား၏။
ပိုင်ရှောင်ချန်းက ပြောခဲ့သည့်အတိုင်း သူမ၏အသက်ကိုနှုတ်ရန် ထိုဓားအားအသုံးပြုခဲ့သည်။ ၄င်းမှာ သွေးကလဲ့စားပင်။
စကားတစ်လုံးမှမပြောပဲ သူက သူမ၏ အိတ်ကို ယူပြီးနောက် သက်ပြင်းချပြီး ထွက်ခွာရန်ပြင်လိုက်သည်။ သို့သော်လည်း ထိုအချိန်တွင် ယူကြုံးမရသောအော်သံတစ်သံက မလှမ်းမကမ်းမှ ထွက်ပေါ်လာသည်။
” ညီမလေး တုံ “