အခန်း ( ၃၃၄ )

ရေကုန်ရေခမ်းတိုက်ခိုက်ခြင်း

” သေချင်နေတာလား။ ” သတ်ဖြတ်လိုစိတ်များ တောက်ပနေသည့် မျက်ဝန်းများဖြင့် မိန်းမပျိုက ဒေါသတကြီး ရယ်မောလိုက်သည်။ သူမ၏ ကျင့်ကြံခြင်း အခြေခံသည် အခြေခိုင်မာခြင်းအဆင့်စက်ဝန်းထဲတွင် ရှိသည်ဖြစ်ပြီး သူမသည် သတ်ဖြတ်ရာတွင် ကျွမ်းကျင်သူဖြစ်သည်။ စက်ဝန်းအဆင့်ထဲတွင်ရှိသည့် ကျင့်ကြံသူအချို့ကိုပင် သူမက သတ်ဖြတ်ဖူးသည်။ သူမသည် အထူးအရေးကြီးသည့် တာဝန်တစ်ခုသာ ထမ်းဆောင်နေရသည်မဟုတ်ပဲ ပိုင်ရှောင်ချန်းသာ သာမာန်အဆင့်ထက် ကျော်လွန်နေသည် မဟုတ်ပါက သူမက ထွက်ပြေးမည်မဟုတ်ချေ။

သို့သော်လည်း ယခုတွင်မူ သူသည် အထူအပါးနားမလည်ပဲ သူမ၏ လမ်းကြောင်းကို ပိတ်နေသည်။

ပိုင်ရှောင်ချန်း၏ အမူအရာမှာ တည်ကြည်နေပြီး မျက်ဝန်းများမှာ နီမြန်းနေတော့သည်။ ထို့အပြင် သူ၏ဘေးပတ်လည်တွင် သတ်ဖြတ်လိုသည့် အခိုးအငွေ့များ ဝန်းရံနေသဖြင့် သွေးမုန်တိုင်းပညာရပ်မှာ ဂယက်များထနေတော့သည်။ သူသည် တစ်ခဏလေးပင် တွေဝေမနေပဲ အကြီးအကဲကျိုး၏ ရုပ်အလောင်းရှိရာဘက်သို့ လက်ချောင်းကို ဝှေ့ယမ်းလိုက်သည်။

ချက်ချင်းပင် အကြီးအကဲကျိုးထံမှ ထွက်နေသည့်သွေးများမှာ စုစည်းသွားကြပြီး လေပေါ်သို့ ဝဲပျံကာ သွေးရောင်ဓားတစ်ချောင်းအသွင် ပြောင်းလဲသွားတော့သည်။

ထို့နောက် သူက ထို အမျိုးသမီးအားကြည့်လိုက်ပြီး ဆိုလိုက်လေသည်။
” မစိုးရိမ်ပါနဲ့။ ဒီဓားကိုသုံးပြီး မင်းကို ခဏလေးနဲ့ အသေသတ်ပေးမှာပါ။”

ထိုစကားကြောင့် အမျိုးသမီး၏ ရယ်မောသံမှာ ပို၍ပင် ကျယ်လောင်လာတော့သည်။ သို့သော်လည်း ပိုင်ရှောင်ချန်း၏ မျက်နှာပေါ်ရှိ အမူအရာကြောင့် သူမ၏အတွင်းစိတ်ထဲတွင် မအီမသာ ခံစားနေရလေသည်။

” နင်ကမှ အဲ့လောက်သေချင်နေမှတော့လည်း…” သူမက ရေရွတ်လိုက်သည်။
” ဆန္ဒတွေကို ဖြည့်ဆည်းပေးရတာပေါ့။” ထို့နောက် သတ်ဖြတ်လိုသည့်စိတ်များ တောက်ပနေသည့် မျက်ဝန်းများဖြင့် သူမသည် လက်နှစ်ဖက်သုံးကာ မန္တန်လက်ကွက်တစ်ခု ဖော်လိုက်သည်။ ချက်ချင်းပင် သူမ၏ ခန္ဓာကိုယ်မှာ ရိပ်ခနဲ ဝေဝါးသွားပြီး အနက်ရောင်မြူခိုး ကိုးတန်းထွက်ပေါ်လာပြီး ထိုနေရာတစ်ဝိုက်ရှိ စိတ်စွမ်းအင်များကို ဝါးမျိုနေကြတော့သည်။ မျက်စိတစ်မှိတ်အတွင်း ထိုမြူခိုး ကိုးတန်းမှာ ဧရာမလှိုင်းလုံးကြီး ကိုးလုံးအသွင်ပြောင်းလဲသွားပြီး ပိုင်ရှောင်ချန်းဆီသို့ အရပ်ကိုးမျက်နှာမှ နေ၍ ပြေးလာနေကြတော့သည်။.

ထိုလှိုင်းကိုးလုံးသာ စုစည်းမိသွားပါက ၎င်းတို့မှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် ပေါက်ကွဲလိမ့်မည်။

ထိုအရာကို ဖော်ပြရသည်မှာ ကြာသော်လည်း မိန်းမပျိုလေးမှာ တိကျသေချာပြတ်သားစွာ တိုက်ခိုက်နေခြင်းဖြစ်သည်။ မီးပွားတစ်စ ဖွာထွက်ချိန်လောက်ကြာသောအချိန်အတွင်း လှိုင်းကိုးလုံးမှာ ပိုင်ရှောင်ချန်းကို ချုပ်တည်းတော့မည့်အလား အပြေးဝင်လာနေကြတော့သည်။

ပိုင်ရှောင်ချန်း၏ မျက်ဝန်းများမှာ အေးစက်စက် အရောင်လက်သွားပြီး သူ၏ နှလုံးသားမှာ တဆစ်ဆစ် နာကျင်နေတော့သည်။ အကြီးအကဲကျိုး၏ သေဆုံးမှုနှင့် ဖီးနစ်ငှက်၏ သောကတို့ကြောင့် သူသည် စစ်ပွဲအကြောင်းကို ပို၍နားလည်လာပြီး ကျင့်ကြံခြင်းအကြောင်းကိုလည်း ပို၍ သိမြင်လာတော့သည်။ သူ၏ မျက်ဝန်းထဲရှိခါးသီးမှုများထဲမှ သတ်ဖြတ်လိုစိတ်များ ပေါက်ထွက်လာတော့သည်။ လှိုင်းလုံးများကို သူကမရှောင်ပဲ ညာလက်ကိုမြှောက်ကာ သူ၏ရှေ့တွင် ဝှေ့ယမ်းလိုက်သည်။

ထိုအခါ ခရမ်းရောင်ချီများမှာ လေများထဲမှ စုဝေးလာကြပြီး မီတာသုံးရာ အလျားရှိသည့် ဧရာမ ခရမ်းရောင်ဒယ်စောက်အိုးကြီးတစ်လုံးအသွင် ပြောင်းလဲသွားကာ သူ၏ဘေးပတ်လည်တွင် အကာအကွယ်အဖြစ် ဝန်းရံလိုက်လေသည်။

အုန်း

လှိုင်းကိုးလုံးမှာ ဒယ်စောက်အိုးကြီးကို ရိုက်ခတ်မိသွားသောအခါ နားစည်များပင် ကွဲသွားနိုင်လောက်သည့် အသံကျယ်ကြီးတစ်သံပေါ်ထွက်လာတော့သည်။

ဒယ်စောက်အိုးမှာ တုန်ရီစပြုလာတော့သည်။ လှိုင်းလုံးများသည် တစ်လုံးထက်တစ်လုံးပို၍ အားပြင်းလာသဖြင့် ဒယ်စောက်အိုးကြီးမှာ ပြိုကွဲတော့မည့်အလား ဖြစ်နေတော့သည်။

” သေစမ်း။ ”
မိန်းမပျိုက လေပေါ်တွင် ပျံဝဲနေရင်း အော်ဟစ်လိုက်သည်။ တချိန်ထဲမှာပင် သူမသည် ညာလက်ကိုမြှောက်ကာ လက်ညှိုးဖြင့် ကြမ်းတမ်းစွာထိုးလိုက်လေသည်။

ထိုအခါ လှိုင်းကိုးလုံးမှာ ဝဲဂယက်ထသွားပြီး မရေမတွက်နိုင်သော အနက်ရောင် သစ်ရွက်များအသွင် ပြောင်းလဲသွားသည်။ ထိုသစ်ရွက်များမှာ ဧရာမဒယ်စောက်အိုးကြီး၏ ပတ်ပတ်လည်တွင် လည်ပတ်ကာ ထိုဒယ်စောက်အိုးကြီးကို ချွန်ထက်သောဓားသွားများဖြင့် ခုတ်ထစ်နေသည့် အငွေ့အသက်တစ်ခုကို ထုတ်လွှတ်နေတော့သည်။

တဂျုန်းဂျုန်း မြည်သံများ ထွက်ပေါ်လာပြီး ဒယ်စောက်အိုးကြီးမှာ ယခင်ကထက်ပင် ပို၍ ပြင်းထန်စွာ တုန်ခါနေတော့သည်။ အဆုံးတွင် သစ်ရွက်များ၏ ခုတ်ထစ်မှုကြောင့် ဒယ်စောက်အိုးကြီးမှာ ကွဲအက်သွားပြီး သစ်ရွက်များမှာ ပိုင်ရှောင်ချန်းဆီသို့ ပြေးသွားကြတော့သည်။

ပိုင်ရှောင်ချန်းမှာ စကားတစ်ခွန်းပင်မပြောပဲ ထိုအရာများကို ကြည့်နေသည်။ မိန်းမပျို၏ မှော်သိုင်းများမှာ ထူးဆန်းနေပြီး သူမသည် မှော်သိုင်းများနှင့် ပတ်သတ်လျှင် မစိမ်းသည်မှာ အသေအချာပင်။ သို့သော်လည်း သူက ထိုအချက်များကို ဂရုမစိုက်ပေ။ အသက်ပြင်းပြင်းရှူလိုက်ပြီးနောက် သူ၏ ထည့်စရာအိတ်ကို ပုတ်ကာ အနက်ရောင်ထီးတစ်လက်ကို ထုတ်ယူလိုက်လေသည်။

ထိုထီးသည် ထာဝရထီး ဖြစ်လေသည်။

တွေဝေတုံ့ဆိုင်းမနေပဲ သူသည် ထိုထီးကို ဦးခေါင်းပေါ်သို့ မြှောက်ကာ ဖွင့်လိုက်သည်။

သူ၏ကျင့်ကြံခြင်းအခြေခံသည် ပုံဆောင်ခဲအသွင် စိတ်စွမ်းအင်ပင်လယ် ကိုးခု၏ စွမ်းအားများနှင့်အတူ ထွက်ပေါ်လာတော့သည်။ ကောင်းကင်တာအို စီးကြောင်းများမှာလည်း ဂယက်ထနေကြပြီး ကောင်းကင်နှင့်မြေကြီးကို ချိတ်ဆက်ပေးနေသည့်အလား ဖြစ်နေတော့သည်။ တိုက်ပွဲ၏ အထက်ရှိ ကောင်းကင်ယံတွင် ထူးဆန်းသော လှိုင်းများပင်ပေါ်ပေါက်လာသည်။

ဧရာမထီးနက်ကြီးမှာ ပွင့်သွားပြီး ပိုင်ရှောင်ချန်းကို အုပ်မိုးသွားသောအခါ ညအချိန်သို့ ရောက်သွားသည့်အလားပင် ဖြစ်သွားတော့သည်။ တချိန်ထဲမှာပင် သူက ထိုထီးထဲသို့ ကျင့်ကြံခြင်းအခြေခံစွမ်းအားများကို ထည့်သွင်းလိုက်သဖြင့် အနက်ရောင်အလင်းတန်းတစ်ခု တောက်ပလာတော့သည်။

ထိုတောက်ပမှုမှာ ည၏ နက်မှောင်မှုပင်ဖြစ်သည်။

တချိန်ထဲမှာပင် အံ့အားသင့်ဖွယ် ဆွဲငင်အားကြီးတစ်ခု ပေါ်ထွက်လာသဖြင့် မိန်းမပျို၏ မျက်နှာမှာ အမူအရာပြောင်းလဲသွားတော့သည်။ သူမ၏ ခန္ဓာကိုယ်မှာ တုန်ရီစပြုလာပြီး လျင်မြန်စွာ ခြောက်သွေ့သွားသဖြင့် သူမသည် အလန့်တကြား အော်ဟစ်လိုက်တော့သည်။ သူမ၏ မျက်လုံး၊ နားရွက်၊ နှာခေါင်းနှင့် ပါးစပ်များထဲမှ အဖြူရောင် မြူခိုး စီးကြောင်းများ စိမ့်ထွက်လာပြီးနောက် အနက်ရောက်ထီးကြီးဆီသို့ ဆုပ်ယူခြင်းကို ခံလိုက်ရတော့သည်။

ထိုမြူခိုး စီးကြောင်းများမှာ သူမ၏ သက်စောင့်အားများဖြစ်သည်။

” အဲ့တာ ဘာကြီးတုံး။” သူမသည် ပြင်းထန်စွာ တုန်ခါနေရင်း အလန့်တကြား ရေရွတ်လိုက်လေသည်။ နောက်သို့ဆုတ်ရန် ကြိုးစားပါသော်ငြားလည်း လေပေါ်တွင် ချုပ်ထားခံရသကဲ့သို့ ဖြစ်နေလေသည်။ သူမမည်မျှပင် ရုန်းကန်စေကာမူ သူမ၏ အတွင်းမှ သက်စောင့်အားများ စိမ့်ထွက်နေမှုကို တားဆီး၍ မရနိုင်ပေ။ သူမ၏ ဆံနွယ်များ အဖြူရောင်အဖြစ် ပြောင်းလဲသွားသောအခါတွင် သူမသည် ရုတ်တရက် လျာကိုကိုက်ဖြတ်လိုက်ပြီး သူ့ကိုယ်သူဖောက်ခွဲခြင်းမှရသည့် စွမ်းအားကို ထုတ်လွှတ်လိုက်တော့သည်။

သူမ၏ ညာဖက်မျက်လုံးမှာ ပေါက်ကွဲသွားပြီး အရပ်မျက်နှာပေါင်းစုံသို့ သွေးများပန်းထွက်ကုန်တော့သည်။ သို့သော်လည်း ထိုပေါက်ကွဲမှု၏အားကြောင့် သူမသည် ဆွဲငင်အားထံမှ လွတ်အောင် ရုန်းကန်သွားနိုင်ခဲ့ပြီး နောက်ဖက်သို့ မီတာပေါင်း ဒါဇင်များစွာ လွင့်စင်သွားလေသည်။ ထိုနေရာတွင် သူမသည် သွေးများထပ်အန်ကာ ပိုင်ရှောင်ချန်းကို အမုန်းတရားများနှင့်အတူ အကြောက်တရားများ ပြည့်နှက်နေသည့် မျက်ဝန်းများဖြင့် စိုက်ကြည့်လိုက်သည်။ သူမ ကြောက်လန့်နေရခြင်းမှာ ထာဝရ ထီးကြောင့်သာ ဖြစ်သည်။

ချက်ချင်းပင် သူမသည် ထွက်ပြေးရန်အလို့ငှာ ပျောက်ကွယ်သွားရန် ပြင်ဆင်လိုက်သဖြင့် သူမ၏ ခန္ဓာကိုယ်မှာ ရေကဲ့သို့ ကြည်လင်သွားတော့သည်။ သူမ၏ တစ်ခုထဲသော ဆန္ဒမှာ သွေးမုန်တိုင်းထဲမှ ဖောက်ထွက်ကာ ဤနေရာမှ ထွက်ပြေးရန်ဖြစ်သည်။

ပိုင်ရှောင်ချန်းကမူ တွေဝေမနေပဲ ထာဝရထီးကို သိမ်းဆည်းလိုက်ပြီး သူမနောက်သို့ အမြန်ဆုံးသော အရှိန်ဖြင့် ပြေးလိုက်သွားသည်။ အတွင်းစိတ်ထဲတွင် သူ၏အကြံမှာ စီစဥ်ထားခဲ့သည့်အတိုင်း မဖြစ်သွားသဖြင့် သူသည် ဝမ်းနည်းနေတော့သည်။ သူ့ကိုမတိုက်ခိုက်ဘဲမနေအောင် သူမကိုရန်စပြီးနောက် သူ၏ ထာဝရထီးကိုအသုံးပြုပြီး သက်စောင့်အားများကို စုပ်ယူရန် သူက ကြံစည်ထားသည်။

သို့သော်လည်း ဤမိန်းမပျိုမှာ ကုံမြစ်ဂိုဏ်းခွဲ၏ ရွှေအမြုအဆင့်သို့ ရောက်ရှိရန် အလွန်နီးစပ်နေသည့် လက်ရွေးစင်တစ်ယောက်ဖြစ်သည်။ သူမသည် ပုံမှန်ကျင့်ကြံသူတစ်ယောက် မဟုတ်ရုံသာမက ပိုင်ရှောင်ချန်း၏ လက်ရှိ ကျင့်ကြံခြင်းအခြေခံကြောင့် ထီးကို ထိန်းချုပ်ရသည်မှာ အခက်တွေ့နေရသည်။ ထို့ကြောင့် သူမမှာ လွတ်မြောက်သွားရခြင်းဖြစ်သည်။

လျှပ်စီးတမျှ လျင်မြန်သောအမြန်နှုန်းဖြင့် သူမကို လိုက်ဖမ်းနေချိန်တွင်ပင် သူမသည် ကွယ်ပျောက်သွားတော့သည်။ သူမ ရှိခဲ့သည့်နေရာတွင် လှိုင်းဂယက်အသေးစားလေးများသာ ကျန်ရစ်ခဲ့တော့သည်။.

” နင်လွတ်မယ်လို့ ထင်မနေနဲ့။”
သူသည် ဆောင်းရာသီ၏ အသက်ပါလောက်အောင်ပင် အေးသော အေးစက်စက်လေသံကြီးဖြင့် ဆိုလိုက်သည်။ ထိုအေးစက်မှုကြီးနှင့်အတူ သူ၏ ကောင်းကင်ဓမ္မမျက်လုံးပါ ပွင့်လာတော့သည်။

သူ၏ တတိယမျက်လုံးဖြင့် ဘေးဘီဝဲယာကို လှည့်လည်ကြည့်ရှူလိုက်သည်နှင့်တပြိုင်နက် သူသည် တွေဝေ တုံ့ဆိုင်းမနေပဲ လက်သီးဆုပ်ကာ သူ၏ ဘယ်ဖက်သို့ လက်သီးဖြင့် ထိုးလိုက်လေသည်။

အုန်းခနဲအသံတစ်သံ ထွက်ပေါ်လာပြီး လေထုကြီးမှာ တွန့်လိမ်ကောက်ကွေးသွားသည်။ မိန်းမပျိုမှာ ပြန်လည်ပေါ်ထွက်လာပြီး သူမ၏ ပါးစပ်တွင် သွေးများစီးကျနေကာ မျက်နှာပေါ်တွင်လည်း မယုံကြည်နိုင်မှုများနှင့် ထိတ်လန့်မှု အရိပ်အယောင်များ ထင်ဟပ်နေသည်။

” နင်ငါ့ကို ဘယ်လိုရှာတွေ့တာလဲ။” အမျိုးသမီးမှာ နှလုံးခုန် မြန်လာပြီဖြစ်သည်။ သူမသည် ဒဏ်ရာထပ်မံ ရှိရှိသွားပြီဖြစ်၍ ထွက်ပြေးရန် မစွမ်းနိုင်တော့ချေ။
” သောက်ကျိုးနည်း ။ အဏ္ဏဝါခေါ်သံဂိုဏ်းမှာ ဘာလို့ ဒီလိုမျိုးကျင့်ကြံသူ ရှိနေရတာတုံး။ သူ့ရဲ့ ကျင့်ကြံခြင်းအခြေခံကလည်း အားမနည်းဘူး။ သူ့ရဲ့ အပြင်ခန္ဓာကိုယ်စွမ်းအားကလည်း အားမနည်းဘူး။ သူသုံးတဲ့ မှော်သိုင်းတွေကလည်း အထူးအဆန်းကြီးတွေ။ ပြီးတော့ တိုက်ခိုက်တဲ့နေရာမှာ အတွေ့အကြုံကလည်း မနည်းဘူး။ ငါ့ကို မလှုပ်နိုင်အောင် တကယ်လုပ်နိုင်တာပါလား။ ” ပိုင်ရှောင်ချန်း၏ ထူးဆန်းသော ပညာရပ်များကြောင့်သူမသည် သွေးမုန်တိုင်းပညာရပ်ထဲမှ လွတ်မြောက်အောင် ပြေးမထွက်နိုင်ခဲ့ချေ။ သူမသည် ထွက်မပြေးပဲ အရာအားလုံးကို အရဲစွန့်ကာ သေဆုံးသည်အထိ တိုက်ခိုက်ရတော့မည်ဖြစ်ကြောင်း ရုတ်တရက် သိသွားသဖြင့် သူမ၏ ဘက်ဖက်မျက်လုံးများ နီမြန်းလာတော့သည်။

” သွေးပြောင်းပြန် ကောင်းကင်ဝိညာဥ်။ ” သူမ အော်ဟစ်လိုက်သည်။ ချက်ချင်းပင် သူမ၏ ခန္ဓာကိုယ်ထဲမှ သွေးများ ပြောင်းပြန်စီးဆင်းလာကာ သူမ၏အတွင်းပိုင်းမှနေ၍ စွမ်းအင်များစွာပေါ်ထွက်လာတော့သည်။ တချိန်ထဲမှာပင် အပင်နှင့်အသီးအရွက်များ၏ စွမ်းအားကြီး အငွေ့အသက်တစ်ခုမှာလည်း ပျံ့ထွက်လာတော့သည်။

ခပ်လှမ်းလှမ်းမှကြည့်ပါက သူမကို တလက်လက်တောက်ပနေသည့် ရွှေရောင်အလင်းတန်းများက ဝန်းရံနေသည့်ပုံစံပေါ်နေတော့သည်။ သူမ၏ ပတ်ပတ်လည်တွင် မရေမတွက်နိုင်သော အပင်နှင့် အသီးအရွက် အမျိုးအစားများစွာ ပေါက်လာပြီး သူမ၏ ဘေးရှိ သစ်တောကြီးနှင့် တစ်သားထဲအလား ဖြစ်သွားသည်။ ထို့နောက် ထိုအပင်များမှာ တွန့်လိမ် ကောက်ကွေးကာ လေကိုဖြတ်၍ ပိုင်ရှောင်ချန်းဆီသို့ ပျံဝဲလာတော့သည်။

ပိုင်ရှောင်ချန်းမှာ ထိုမိန်းမပျိုကိုသာမက သူ၏ဘေးနားရှိ အပင်များနှင့် သစ်တောကြီးကိုပါ တိုက်ခိုက်နေရသည့်အလား ဖြစ်သွားတော့သည်။

” နင်ဒါကို ဘယ်လို ရင်ဆိုင်မလဲ ကြည့်ကြတာပေါ့။ ”
သူမထံမှ သတ်ဖြတ်လိုစိတ်များ တဟုန်းဟုန်း ထွက်နေတော့သည်။ မရေမတွက်နိုင်သော သစ်ရွက်များ၊ ဆူးနွယ်ပင်များနှင့် ပန်းပွင့်များမှာ မီတာရာနှင့်ချီသည့် အချင်းရှိသော လေမုန်တိုင်းတစ်ခုအလား ဖြစ်သွားကြသည်။ ၎င်းတို့ လည်ပတ်လာသောအခါ သွေးမုန်တိုင်းပညာရပ်မှာ တကျွိကျွိမြည်သံများ ပေါ်ထွက်လာပြီး ပျက်စီးပြိုကွဲတော့မည့်အလား ဖြစ်နေတော့သည်။

နှစ်ဖက်စလုံးရှိ ကျင့်ကြံသူများမှာ ထိုအခြင်းအရာကို သတိထားမိသွားပြီး တုန်လှုပ်ကုန်ကြတော့သည်။

” ငါ ရင်ဆိုင်မယ့် နည်းလမ်းကို ကောင်းကောင်းကြီး ပြရတာပေါ့။” ပိုင်ရှောင်ချန်းက ယခင်ကထက်ပင် ပို၍အေးစက်သည့် အမူအရာဖြင့် ပြန်ဖြေလိုက်သည်။ အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး သူသည် လက်နှစ်ဖက်ဆန့်ထုတ်ကာ မန္တန်လက်ကွက်တစ်ခု ဖော်လိုက်သည်။ အသီးအရွက်မုန်တိုင်းကြီးက သူ့အနားသို့ရောက်လာသောအခါ သူ၏လက်များကို ခက်ထန်စွာဝှေ့ယမ်းလိုက်ပြီး အောက်ပါ စာလုံးများကို ရွတ်ဆိုလိုက်သည်။

” မှော်အပင်….လက်နက်။”

သူ၏ စွမ်းအင်များမြင့်တက်လာသဖြင့် သူ၏ ဆံနွယ်များမှာ ခါယမ်းနေသည်။ သူ၏ စက်ဝန်းအဆင့်ကျင့်ကြံခြင်းအခြေခံ၊ ကောင်းကင်တာအို အငွေ့အသက်နှင့် တာအိုဆေးပညာရပ်၏ ကျွမ်းကျင်မှုများကို အသုံးချကာ လီချင်းဟောက် သူ့ကိုပေးအပ်ခဲ့သည့် မှော်သိုင်းဖြစ်သော မှော်အပင်လက်နက်ပညာရပ် ကို သုံးလိုက်လေသည်။

လေထဲတွင် တဝီဝီမြည်သံများပေါ်လာပြီး သူ၏ ဘေးနားရှိ အပင်များမှာ ရုတ်တရက် ကောက်ရပ်သွားပြီး တုန်ရီသွားကြလေသည်။ စိတ်စွမ်းအားနှစ်ခုမှာ အပင်နှင့် အသီးအရွက်များအပေါ် ထိန်းချုပ်နိုင်စွမ်းအတွက် လေမုန်တိုင်းအတွင်း အားပြိုင်နေသည့်အလားပင်။

” မဖြစ်နိုင်တာ။ ”
မိန်းမပျိုမှာ မှင်တက်နေကာ မျက်နှာပျက်သွားတော့သည်။


Comment

Leave a Reply

Options

not work with dark mode
Reset