ပိုင်ရှောင်ချန်းက ချောင်းမြောင်းတိုက်ခိုက်လာသော အခြေခိိုင်မာခြင်းအဆင့်ကျင့်ကြံသူနောက်ဆုံးလေးယောက်အား ရှင်းလင်းလိုက်သည့်အခိုက်မှာပင် မလှမ်းမကမ်းရှိ ကုံမြစ်ဂိုဏ်းခွဲထံမှ ထူးဆန်းသောအသံနက်ကြီးတစ်ခုပေါ်ထွက်လာ၏။
“ဟီးဟီးဟီး..ဟီးဟီးဟီး… ”
ထူးထူးဆန်းဆန်းထွက်ပေါ်လာသောရယ်သံကြီးအား ကြားလိုက်ရသည့်လူများမှာ ရေခဲရိုက်ခံလိုက်ရသည့်အလား အေးစက်မှုအပေါင်းက တစ်ကိုယ်လုံးလွှမ်းခြုံသွားတော့သည်။
ရယ်သံကြီးထွက်ပေါ်လာသည်တွင် ကုံမြစ်ဂိုဏ်းခွဲအတွင်းမှ အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး လေထဲတွင်ရပ်လိုက်၏။ ထိုနေရာတွင် အဝတ်ရုပ်တစ်ခုအားမြင်လိုက်ရလေသည်။
၄င်းက တစ်မီတာအရပ်သာရှိပြီး အပေါက်များအပြည့်နှင့် ဟောင်းနွမ်းစုတ်ပြတ်နေသော အဝတ်တစ်ထည်အားဝတ်ဆင်ထားသည်။
၄င်းသည် ကလေးများဆော့ကစားသည့် အရုပ်အမျိုးအစားကဲ့သို့ လုံးဝသာမန်အတိုင်းပင်။ သို့သော် ၄င်းက ကြောက်မက်ဖွယ်အရှိန်အဝါအားထုတ်လွှတ်နေရင်း လေထဲတွင် ရပ်တန့်လျက်ရှိကာ ကျောချမ်းဖွယ် စူးစူးဝါဝါးရယ်နေလေသည်။
မျက်လုံးများသည် ရက်စက်ကြမ်းကြုတ်စွာသွေးဆာနေသည့်အလား အနီရောင်အလင်းများဖြင့် တလက်လက်တောက်ပနေတော့သည်။ ၄င်းက ပေါ်လာပြီးသည်နှင့် လှစ်ခနဲ ပြန်လည်ပျောက်ကွယ်သွားပြီး အဏ္ဏဝါခေါ်သံဂိုဏ်းကျင့်ကြံသူတစ်ယောက်ရှေ့တွင်ပြန်လည်ပေါ်လာလေသည်။ ထိုကျင့်ကြံသူ၏မျက်လုံးများမှာ ပြူးကျယ်သွားပြီးနောက် စိတ်မနှံ့သောရယ်သံနှင့်အတူ သူ၏ခေါင်းမှာ ပေါက်ထွက်သွားပြီးအရပ်မျက်နှာတစ်ခွင်သို့ သွေးများပန်းထွက်သွားတော့သည်။
ဖြစ်ပျက်သွားသည်ကို မြင်လိုက်ရသည့်လူအပေါင်းမှာ အံ့သြမှင်သက်သွားကြသည်။ ပိုင်ရှောင်ချန်းမှာမူ ဦးရေပြားအလွန်တရာစပ်ဖျဥ်းဖျဥ်းဖြစ်လာကာ ပေါက်ကွဲထွက်တော့မတတ်ပင်ခံစားလိုက်ရသည်။
“ဒါက ကုံမြစ်ဂိုဏ်းခွဲရဲ့ သီးသန့်စွမ်းအားအဖိုးတန်ရတနာကြိီးလားဟ”
သူက တွေးလိုက်သည်။ တချိန်တည်းမှာပင် တောအုပ်တွင်းရှိတစ်နေရာတွင် ကုန်းစွမ်းဝမ်အာသည်လည်း ထိုအရုပ်အား အထင်အမြင်သေးသောမျက်လုံးများဖြင့် မော့ကြည့်နေ၏။
ထိုအချိန်တွင် ရုတ်တရက် နောက်ထပ်အလင်းတန်းတစ်ခုက လေကိုခွင်း၍ အရုပ်ထံတစ်ဟုန်ထိုးလာနေလေသည်။ ထိုအလင်းတန်းအတွင်းမှာ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၏ သီးသန့်စွမ်းအား စာခြောက်ရုပ်ပင်။
၄င်းသည်လည်း ထူးဆန်းသောအပြုံးနှင့် လက်ထဲတွင် အရေပြားအပုံကြီးတစ်ခုအား သယ်ဆောင်လာ၏။ပျံသန်းလာရင်း ၄င်းက ထိုအရေပြားပုံကြီးကို အဝတ်တစ်စုံကဲ့သို့ဝတ်ဆင်လိုက်ပြီးနောက် အရုပ်ထံတစ်ရှိန်ထိုးလာနေလေသည်။
ထူးဆန်းသော သတ္တဝါနှစ်ကောင် တစ်ကောင်နှင့်တစ်ကောင် အရှိန်ပြင်းစွာ တိုက်ခိုက်လိုက်ကြသည်နှင့် တုန်လှုပ်ချောက်ချားဖွယ်အသံများထွက်ပေါ်လာတော့သည်။ ထွက်ပေါ်လာသော ရူးရူးနှမ်းနှမ်းရယ်သံကြီးမှာ အဆုံးစွန်အထိ ကြောင်တောင်တောင်နိုင်လှသည်။
အဏ္ဏဝါခေါ်သံဂိုဏ်းကျင့်ကြံသူအမြောက်အမြားမှာ စိတ်သက်သာရာရသွားကြပြီး သက်ပြင်းချလိုက်ကြသည်။ သို့သော်လည်း ပိုင်ရှောင်ချန်းနှင့်တကွ ရွှေအမြုတေအဆင့်ပညာရှင်များနှင့် ဉာဏ်ပြေးသော အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူအချို့၏မျက်နှာများပေါ်တွင် စိိုးရိမ်ကြောင့်ကြသော အမူအရာများရှိနေကြလေသည်။
” အဲဒီအရုပ်က ကုံမြစ်ဂိုဏ်းခွဲရဲ့ သီးသန့်စွမ်းအားဆိုတော်သေးတယ်။ ဒါပေမယ့် သီးသန့်စွမ်းအားမဟုတ်ပဲ အဆင့်နိမ့်အဖိုးတန်ရတနာဖြစ်နေရင် ဘယ်လိုလုပ်မလဲ.။ အဆင့်နိမ့်အဖိုးတန်ရတနာကိုတောင် သွေးစွမ်းအင်နတ်ရေစင်အဖွဲ့ရဲ့သီးသန့်စွမ်းအားကထိန်းချုပ်ဖို့ လိုတယ်ဆိုရင်တော့.. သူတို့ရဲ့ သီးသန့်စွမ်းအားအစစ်အမှန်က ဘာနဲ့တူမလဲမသိဘူးဟေ့” ပိုင်ရှောင်ချန်းမြင်ရသည့်အရ အရုပ်သည် သီးသန့်စွမ်းအားဖြစ်ပုံမပေါ်ချေ။ ကြောက်မက်ဖွယ်ကောင်းကင်ညောင်ပင်ကို သီးသန့်စွမ်းအားအဖြစ်ထည့်တွက်ပါက မည်ကဲ့သို့သီးသန့်စွမ်းအားအမျိုးအစားများ ကုံမြစ်ဂိုဏ်းခွဲ၌ရှိနိုင်မည်ကို ပိုင်ရှောင်ချန်း တွေးပင်မတွေးနိုင်တော့ပေ။
တုန်လှုပ်မှုအပေါင်းက သူ၏နှလုံးသားအားချုပ်ကိုင်သွားသည့်တချိန်တည်းမှာပင် စူးရှရှအော်သံတစ်ခုက လေကိုဖြတ်၍ထွက်ပေါ်လာပြီး ကုံမြစ်ဂိုဏ်းခွဲဌာနချုပ်မှ တစ်စုံတစ်ခုက ပျံထွက်လာတော့သည်။ ထိုအရာမှာ ညိုဖန့်ဖန့်သွေးကွက်များအပြည့်ဖြင့် လူသေအဝတ်စတစ်စဖြစ်ပြီး ခြောက်ခြားဖွယ်ကောင်းသော မဖော်ပြနိုင်သည့်အရှိန်အဝါတို့အား ထုတ်လွှတ်နေလေသည်။
သိသာထင်ရှားစွာပင် ဤအဝတ်စမှာ အဝတ်ရုပ်နှင့် စွမ်းအားတစ်ဆင့်တည်းတွင်ဖြစ်သည်။
၄င်းက လေကိုဖြတ်၍ စူးရှရှအော်မြည်နေစဥ်တွင် အခိုးအငွေ့စီးကြောင်းတစ်ခုက အောက်ဖက်မှ ရုတ်တရက်ထွက်ပေါ်လာ၏။ အခိုးအငွေ့များမှ ရွှေရောင်အလင်းများဖြာထွက်လာကာ သက်လတ်ပိုင်းအရွယ် တာအိုပညာရှင် အသွင်ပြောင်းသွားတော့သည်။ တာအိုပညာရှင်က အဝတ်စကို ပိုင်းဖြတ်ရန် ချက်ချင်းပင်တဟုန်ထိုးပြေးသွါး၏။
ထိုအစီအရင်မှာ ဆန်းကြယ်နတ်ရေစင်ဂိုဏ်း၏ သီးသန့်စွမ်းအားပင်ဖြစ်သည်။
မြေပေါ်တွင် တိုက်ပွဲ၏ တဂျုန်းဂျုန်း တဝုန်းဝုန်းအသံတို့ဖြင့် ပြည့်လျက်ရှိသဖြင့် ပိုင်ရှောင်ချန်းမှာ ရင်ခုန်စပြုလာတော့သည်။ ယခုအခိုက်အတန့်တွင် သူက အန္တရာယ်ကင်းသွားသကဲ့သို့ ခံစားလိုက်ရသောကြောင့် အဆောင်စက္ကူအချို့အား အလျင်အမြန်ဆွဲထုတ်လိုက်သည်။ ရန်သူများထံမှ အိတ်လေးခုထပ်ရပြီးနောက် သူက စစ်မြေပြင်ကိုဖြတ်၍ သတိကြီးစွာ ရှေ့ဆက်သွားလိုက်သည်။
အပေါ်ဘက်လေထုရှိ တိုက်ပွဲကို မကြည့်မိစေရန်အတတ်နိုင်ဆုံးထိန်းရင်း ဘေးပတ်ဝန်းကျင်ကို အာရုံစိုက်၍ တတ်နိုင်သမျှမြန်မြန်သွားနေလေသည်။ တစ်နေရာအရောက်တွင် သူ၏ မျက်လုံးများဝင်းလက်သွားပြီး ညာလက်ဖြင့် မန္တန်လက်ကွက်တစ်ကွက်ဖော်လိုက်၏။ လက်ညှိုးကိုဝှေ့ယမ်းလိုက်ရင်း သူက ခရမ်းရောင်ဒယ်ဇောက်အိုးတစ်လုံးအား ဆင့်ခေါ်လိုက်ကာ မြေပြင်သို့ပစ်ချလိုက်လေသည်။
ချိုင့်ကြီးတစ်ခု ကွဲထွက်သွား၏။ အေးစက်စက်နှာမှုတ်ရင်း ပိုင်ရှောင်ချန်းက သူ၏တတိယမျက်လုံးကို ဖွင့်လိုက်သည်တွင် ကောင်းကင်တံတားဓမ္မမျက်လုံးအစွမ်းကြောင့်သာ မြင်ရသော ဒယ်အိုးဘေးနားရပ်နေသည့်တစ်စုံတစ်ခုအား ချက်ချင်းတွေ့လိုက်ရလေသည်။
တစ်ခဏလေးပင်ရပ်တန့်မနေပဲ ဗြုန်းခနဲသွားကာ လက်သီးဆုပ်ရင်း သူ၏အဇူရာခန္ဓာကိုယ်စွမ်းအားဖြင့် လက်သီးထိုးချလိုက်တော့သည်။
ရှေ့ရှိပုံရိပ်မှာ လန့်သွားပုံရပြီး အမြင့်ဆုံးအရှိန်ဖြင့် နောက်သို့ဆုတ်လိုက်သည်။ သို့သော်လည်း လက်သီးချက်၏အားက သူ့ကို အရှိန်ပြင်းစွာရိုက်မိသွားသေးသဖြင့် ပါးစပ်မှသွေးများပန်းထွက်သွားလေသည်။ ပုံရိပ်က ပိုင်ရှောင်ချန်းကို တအံ့တသြကြည့်နေသော သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးအဖြစ်အကောင်အထည်ပေါ်လာတော့သည်။
“မင်းငါ့ကိုမြင်ရတယ်လား” သူ့ပါးစပ်မှထိုစကားတို့ထွက်သွားသည်နှင့် သူကပျံပြေးရန်ပြင်လိုက်သည်။ သို့သော်လည်း ပိုင်ရှောင်ချန်း၏နောက်ကျောတွင် တောင်ပံတစ်စုံထွက်ပေါ်လာပြီး တစ်ချက်လေးခတ်လိုက်ရုံမျှပင် အရှေ့သို့တဟုန်ထိုးထွက်သွားကာ သူ၏ညာခြေကို အားထည့်ကာ ကန်လိုက်သည်။
ကျင့်ကြံသူက အကာအကွယ်မှော်ပစ္စည်းအမြောက်အမြားကိုပင် ဆွဲထုတ်ကာ သူ့ကိုယ်သူကာကွယ်ရန်ကြိုးစားလိုက်သည်။ သို့သော်လည်း မှော်ပစ္စည်းများမှာ ပိုင်ရှောင်ချန်း၏ကန်ချက်ကြောင့်အလွယ်တကူပျက်စီးကုန်ကြသဖြင့် တဝုန်းဝုန်းအသံများပေါ်ထွက်လာတော့သည်။ ကန်ချက်က ကျင့်ကြံသူထံ တိုးဝင်သွားပြီးနောက် ထိုလူမှာ ချက်ချင်းပင် အသက်ထွက်သွားတော့သည်။
ပိုင်ရှောင်ချန်းက မရပ်မနားလှုပ်ရှားနေလေသည်။ ရန်သူ၏ထည့်စရာအိတ်ကို ဆွဲယူလိုက်ရင်း သူ၏ဓမ္မမျက်လုံးအားဖွင့်လျက် ရှေ့ဆက်သွားလေသည်။ သူ၏လမ်းကြောင်းတစ်လျှောက် ပုန်းအောင်းနေသော မည်သည့်ရန်သူမဆို လုံးဝမလွတ်မြောက်နိုင်ပေ။မကြာမီ ပိုင်ရှောင်ချန်းက သူ၏အမြင်အာရုံအား ကောင်းစွာအသုံးချပြီး ဒုက္ခရောက်နေသည့် မည်သည့်ဂိုဏ်းဝင်ရောင်ရင်းများကိုမဆို ကူညီရန် လမ်းကြောင်းပြောင်းလိုက်သည်။
လမ်းတစ်လျှောက်တွင် အလောင်းများစွာအား မြင်တွေ့ခဲ့ရလေသည်။ တချို့မှာ ကုံမြစ်ဂိုဏ်းခွဲမှ ကျင့်ကြံသူများဖြစ်ကြကာ အချို့မှာ အဏ္ဏဝါခေါ်သံဂိုဏ်းသားများဖြစ်ကြလေသည်။ သူတို့ထဲက တချို့သည် သူသိသောလူများဖြစ်ကြသဖြင့် သူ့မှာ တိတ်ဆိတ်သွားတော့သည်။
သူခံစားနေရသည့် ခံစားချက်များအားမည်သို့ဖော်ပြရမည်မှန်း မသိသော်လည်း တစ်ခုတော့သေချာသည်။သူ၏ အသတ်အဖြတ်အခိုးအငွေ့များမှာ ယခုအချိန်တွင် ပို၍ပင်ပြင်းထန်လာလေပြီ။
“ဒီတော့… ကျင့်ကြံတယ်ဆိုတာ ဒါတွေကို လုပ်ဖို့အတွက်ပေါ့..”
သူက ရေရွတ်လိုက်သည်။ သူက အကြောင်းကိစ္စများ၏အမှန်တရားကို နားလည်လေသည်။ ဆန်းကြယ်နတ်ရေစင်ဂိုဏ်းမြို့တော်အပြင်ဘက်တိုက်ပွဲ၊ မြေခဓားကမ္ဘာချောက်နှင့် လောချိန်တောင်တန်းတွင်ကြုံတွေ့ခဲ့ရသည်များကို အခြေခံ၍ သဘောပေါက်နားလည်ခဲ့ပြီးဖြစ်သည်။ သို့သော်လည်း အမှန်တရားနှင့် မျက်နှာချင်းဆိုင်ကြုံတွေ့ရသည့်အခါတိုင်း ရောထွေးသောခံစားချက်များဖြင့် မွန်းကြပ်လာသည်။
နှုတ်ဆိတ်နေသည့်အချိန်တွင် မလှမ်းမကမ်းမှ
အော်သံကျယ်ကျယ်ကို ရုတ်တရက်ကြားလိုက်သည်။ ထိုအော်သံမှာ ပူဆွေးသောကများပြည့်နေပြီး ကြားလိုက်ရသည်နှင့်တစ်ပြိုင်နက် သူ့နှလုံးသားမှာ နာနာကျင်ကျင်တုန်ခါသွားလေသည်။
အခြားလူများအတွက် ထိုအော်သံမှာ မသိသာသော်လည်း ပိုင်ရှောင်ချန်းအတွက်မူ သူ့ခေါင်းကိုမိုးကြိုးပစ်ချလိုက်သည့်အလားပင်။ ထိုခေါ်သံကို သူမှတ်မိသည်။
” ဖီးနစ်ငှက် ”
ပိုင်ရှောင်ချန်းက ထိုသောကရောက်နေသောအော်သံရှိရာဘက်ကို အမြန်ဆုံးပြေးသွားလိုက်သည်။ နီးလာသည်နှင့် လွန်ခဲ့သောနှစ်များအကြာက သူ၏ကာမအားတိုးအေးကို စားခဲ့သည့် ဖီးနစ်ငှက်ကို မြင်လိုက်ရလေသည်။ ၄င်းမှာ ဒဏ်ရာအပြင်းအထန်ရ၍ သွေးတို့ရွှဲနစ်နေသော်လည်း အလွန်တရာ ဒေါသထွက်နေကာ ကုံမြစ်ဂိုဏ်းခွဲမှ ဝတ်ရုံနက်မိန်းမပျိုတစ်ယောက်အား ပြန်တိုက်ခိုက်ရန် အစွမ်းကုန်ကြိုးစားနေလေသည်။
မိန်းမပျို၏မျက်နှာမှာ တင်းမာခက်ထန်နေပြီး ထိုမျက်နှာပေါ်တွင် သူမ၏အလှတရားကိုဖျက်စီးနေသည့် ရှည်လျားအကျည်းတန်သော အမာရွတ်တစ်ခုရှိလေသည်။ သူမ၏မျက်လုံးများက သတ်ဖြတ်လိုသောအလင်းများဝင်းဝင်းတောက်နေကာ သူမက ပြင်းထန်သော အန္တရာယ်အငွေ့အသက်များအားထုတ်လွှတ်နေလေသည်။
သူမ၏လက်ထဲတွင် မသေခင်ကအဖြစ်အပျက်များအား မယုံကြည်နိုင်ဖြစ်နေသေးသော မျက်လုံးများရှိသော အဖိုးအိုတစ်ယောက်၏ခေါင်းပြတ်ကြီးကို ကိုင်ထားလေသည်။
မိန်းမပျို၏ခြေထောက်အောက်ခြေပေါ်တွင် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၏ဝတ်ရုံကိုဝတ်ဆင်ထားသည့် ခေါင်းကင်းမဲ့နေသောကိုယ်လုံးရှိကာ ၄င်းပတ်လည်တွင် သွေးများအိုင်လျက်ရှိသည်။
ခေါင်းပြတ်အားမြင်လိုက်သည်နှင့် ပိုင်ရှောင်ချန်း၏မျက်လုံးတို့ပြူးသွားပြီး တဆတ်ဆတ်တုန်လာတော့သည်။ “အကြီးအကဲကျိုး”
ခေါင်းပြတ်သည် လီချင်းဟောက်ထံမှ တောင်ထိပ်သခင်အဖြစ် လွှဲပြောင်းတာဝန်ယူထားသော မွေးရနံ့တိမ်တောင်မှ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၏အကြီးအကဲကျိုးက လွဲ၍တခြားမဟုတ်ပေ။
ပိုင်ရှောင်ချန်းမှာ တုန်ရင်လာပြီး သူ၏နှုတ်ခမ်းတို့ တဆတ်ဆတ်တုန်လာကာ အတိတ်မှအဖြစ်အပျက်များအား စိတ်ထဲတွင်ပြန်သတိရလာတော့သည်။
သူစားဖိုဆောင်မှာတုန်းက သူနှင့် ဖက်တီးကြီးကျန်းသည် အကြီးအကဲကျိုးအတွက်ထားသည့် အဖိုးတန်ပစ္စည်းများအား ခိုးခဲ့သည့်အချိန်များကို အမှတ်ရလာသည်။
သူ့ကိုစွပ်စွဲရန် ဤဖီးနစ်ငှက်ကြီးက အကြီးအကဲကျိုးကို ဆေးဖော်စပ်ဆောင်ထဲ ခေါ်လာသည့်အချိန်တို့ကို ပြန်ပြောင်းတွေးမိသည်။
အကြီးအကဲကျိုးက တရှူးရှူးနှင့်ဒေါသထွက်ပြီး မွေးရနံတိမ်တောင်တွင် သူ့ကို လိုက်ဖမ်းခဲ့စဥ် တချိန်လုံး သူ စိတ်မချမ်းမြေ့စွာ ဆိုးဆိုးရွားရွားအော်နေခဲ့သည့်အချိန်များအား အမှတ်ရသည်။
မြောက်ခြမ်းနှင့်တောင်ခြမ်းလက်ရွေးစင်တိုက်ပွဲတွင် အရည်အချင်းစစ်သောအလှည့်တုန်းက သူက နောက်ဆုံးရရန် ရည်ရွယ်ခဲ့သည်။ သို့သော်လည်း အကြီးအကဲကျိုး၏ဒေါသကြောင့် သူ့မှာပြေးရင်းလွှားရင်း ပထမရခဲ့ရသည်။
အမှတ်တရများ သူ့ခေါင်းထဲတွင်ပေါ်လာပြီးနောက် ပူဆွေးဝမ်းနည်းမှုများဖြင့်ပေါက်ကွဲကာ တစစီကြွေမွသွားတော့သည်။ ထိုဝမ်းနည်းမှူက သူ၏နှလုံးသားကိုပါဖုံးလွှမ်းသွားကာ ကောင်းကင်ဘုံမှ မိုးကြိုးအလား ပေါက်ကွဲရန်တာဆူနေတော့သည်။
မိန်းမပျိုအား စိုက်ကြည့်ရင်း သူ့လက်မှာ တဖြည်းဖြည်း လက်သီးအဖြစ် တင်းကြပ်စွာ ဆုပ်လာတော့သည်။
ဖီးနစ်ငှက်က ပိုင်ရှောင်ချန်းကို မြင်သောအခါ ဝေဒနာကြီးစွာ မချိတင်ကဲအော်လိုက်ပြီးနောက် သူ့ထံပျံလာ၏။ ထိုအချိန်တွင် မိန်းမပျိုက ဖြည်းညင်းစွာ လက်မြောက်၍ ဖီးနစ်ငှက်ကို လက်ညှိုးထိုးလိုက်သည်။
အမည်းရောင်အလင်းတန်းတစ်ခုက ဧရာမပါးစပ်ကြီးအသွင်ပြောင်းသွားကာ ဖီးနစ်ငှက်ကို ဝါးမြိုရန် တစ်ဟုန်ထိုးဦးတည်လာ၏။
” သေချင်နေတာလား ”
ပိုင်ရှောင်ချန်းက ဟိန်းဟောက်လိုက်သည်။ သူကရှေ့တစ်လှမ်းတိုးလာပြီး သူ၏သံမဏိသွေးကြောများမှာထောင်လာတော့သည်။ နောက်တစ်လှမ်းတိုးပြီးနောက် သူက ဖီးနစ်ငှက်ကြီးကိုကျော်လိုက်ပြီး ဧရာမပါးစပ်ကြီးပေါ်သို့ လက်သီးထိုးချလိုက်သည်။
ဝုန်းခနဲအသံကြီးမြည်ဟည်းသွားပြီး အရပ်မျက်နှာတစ်ခွင် အမည်းရောင်မြူမှုန်များ ပြန့်ကျဲသွားကာ ပါးစပ်မည်းကြီး ပျက်စီးသွားတော့သည်။ သို့သော်လည်း မြူများမှာ မပျောက်ကွယ်သေးပေ။ မျက်စိတစ်မှိတ်အတွင်းမှာပင် ၄င်းတို့က မိန်းမပျိုပုံစံပြန်ဖြစ်ပေါ်လာ၏။
မလှမ်းမကမ်းရှိ သူမ၏ပုံစံမှာ ပုံရိပ်ယောင်တစ်ခုထက်မပိုချေ။ သူမ၏ ခန္ဓာကိုယ်အစစ်က အထင်သေးမှုဖြင့် လှောင်ပြုံးပြုံးရင်း ပိုင်ရှောင်ချန်းရှေ့တည့်တည့်တွင်ပေါ်လာကာ သူမ၏လက်ခလယ်အား သူ၏နဖူးထံသို့ ထိုးချလိုက်တော့သည်။
အလွန်အနီးကပ်နေသောကြောင့် ရှောင်တိမ်းရန်မဖြစ်နိုင်ပေ။ သို့သော်လည်း ပိုင်ရှောင်ချန်းက ထိုသို့ပြုလုပ်ရန် တွေးပင်မတွေးမိချေ။ သူ၏ထာဝရအသက်ရှည်နည်းပညာရပ်အစွမ်းတို့ပေါ်ထွက်လာပြီး သူ့နောက်တွင် အဇူရာကိုယ်ကြီးထွက်ပေါ်လာလေသည်။ နောက်ဆုတ်မည့်အစား သူက သူမကို ခေါင်းတိုက်ချလိုက်သည်။
မိန်းမပျိုမှာ မျက်နှာပျက်သွား၏။ ထိုသို့ကြောက်စရာကောင်းသောအရာကို သူလုပ်လိမ့်မည်ဟု သူမဘယ်တုန်းကမှမထင်ထားချေ။ သူမ မတုံ့ပြန်နိုင်မီ သူ၏ခေါင်းက သူမလက်ချောင်းနှင့်အရှိန်ပြင်းစွာ ထိတိုက်သွားသဖြင့် အက်ကွဲသံများထွက်ပေါ်လာလေသည်။ မိန်းမပျို၏လက်ချောင်းမှာ ပုံပျက်ဆင်းပျက်ဖြစ်သွားကာ သူမ၏မျက်လုံးများတွင် အလွန်လေးနက်သောအကြည့်များတောက်ပလာရင်း သူမကချက်ချင်းနောက်ပြန်ဆုတ်လိုက်သည်။
” မင်းနဲ့ ဇယားရှုပ်နေဖို့အချိန်မရှိဘူး ” သူမက ထွက်ခွာရန်ပြင်လိုက်ရင်း အက်ကွဲကွဲအသံဖြင့်ပြောလိုက်သည်။
“ကောင်းပါ့.. မင်းနဲ့ဇယားရှုပ်ရတာ ငါတော့တော်တော်သဘောကျတယ်” ပိုင်ရှောင်ချန်း၏နဖူးမှာ ထိခိုက်သွားသော်လည်း သူကသတိထားမိပုံမပေါ်ချေ။ သူ၏ညာလက်တွင် မန္တန်လက်ကွက် ဖျတ်ခနဲပေါ်လာပြီးနောက် သူ၏လက်ဝါးအားဆန့်ထုတ်လိုက်သည်။
” သွေးမုန်တိုင်းသိုင်းကွက် ”
ချက်ချင်းပင် သူ့ထံမှ အကန့်အသတ်မဲ့သွေးချီများ ပေါ်ထွက်လာကာ တံဆိပ်တော် မျက်နှာဖုံးများဖြစ်လာပြီးနောက် ကမ္ဘာတစ်ခုအလား ဖြစ်သွားကာ မိန်းမပျို၏လမ်းကြောင်းကို ဟန့်တားထားလိုက်သည်။