မြစ်၏ညာဘက်ကမ်းပါးရှိ တောကြီးမျက်မည်းထဲတွင် ကြီးမားလှသော အက်ကွဲကြောင်းကြီးကို ယခုတွင် မြင်ရနိုင်လေသည်။
ထိုနေရာ၌ ညောင်ပင်ကြီး ၏ကျိုးပဲ့ကြေမွနေသောကိုယ်ထည်ကို တွေ့မြင်ရနိုင်သည်။ ၎င်းမှာ လောလောလတ်လတ် သေဆုံးနေပြီဖြစ်သော်လည်း လွန်ခဲ့သောခဏက ပိုင်ရှောင်ချန်းနှင့်စကားပြောခဲ့သော အထက်စီးဆန်ပြီးငယ်ရွယ်သည့်လက်ရွေးစင်မှာ အတွင်းထဲတွင် ရုန်းကန်လှုပ်ရှားနေရလေသည်။
ယခုတွင် ထိုလူငယ်လေး၏မျက်နှာတွင် ရူးသွပ်မှုများ သို့မဟုတ် မာန်မာနထောင်လွှားမှု၊ အထက်စီးဆန်မှုများမရှိတော့ပဲ ကြောက်ရွံ့ခြင်းတစ်ခုတည်းသာရှိတော့လေသည်။ အနည်းငယ်ချီတုံချတုံဖြစ်ပြီးနောက်တွင် ပိုင်ရှောင်ချန်းအပေါ် လေးစားကြောက်ရွံ့လာကာ နေရာတစ်ခုတွင် တင်ပျဥ်ခွေကာတရားထိုင်လိုက်တော့သည်။
ပိုင်ရှောင်ချန်းမှာ အလွန်တရာကျေနပ်အားရနေလေသည်။ သွေးဘိုးဘေးကြီးဆီမှထွက်လာပြီးနောက် သူက ဘီလူးကြီးအတွင်း၌ရှိခဲ့သည့်သူ၏အချိန်များမှာ မယုံနိုင်လောက်အောင်အကျိုးရှိကြောင်း သဘောပေါက်သွားလေသည်။ အထူးသဖြင့် သူ၏ထာဝရအသက်ရှည်နည်း ပညာရပ်အတွက် အလွန်အကျိုးရှိလေသည်။ ဘီလူးကြီး၏အတွင်းရှိ စွမ်းအားများကို စုပ်ယူနိုင်ခြင်းအကျိုးကျေးဇူးများကြောင့် သူက ဒုတိယအဇူရာကို အကောင်အထည်ဖော်နိုင်သော အဆင့်အထိရောက်ရှိနေပြီဖြစ်သည်။
မှန်ပေသည်….စစ်မြေပြင်ရှိအဓိကပစ်မှတ်များထဲမှတစ်ခုမှာ သူကိုယ်တိုင်ဖြစ်လိမ့်မည်ကို သူသိထားပြီးဖြစ်ရာ အမှန်တကယ်တွင် တစ်စုံတစ်ဦးက သူ့အားဆန့်ကျင်ရန် လျှို့ဝှက်တိုက်ခိုက်လာမည်ကို စောင့်ဆိုင်းနေခဲ့သည်။ သူ့အား ရွေးချယ်တိုက်ခိုက်လာသောအခါမှသာ သူက ရက်စက်ကြမ်းကြုတ်သောအားဖြင့်ပြန်လည်တိုက်ခိုက်လေသည်။
သူက အထက်စီးဆန်သောလက်ရွေးစင်လေးအား စစ်မြေပြင်မှ ရိုက်ချပြီးနောက် ထိုလူငယ်က သူ့အား ချောင်းကြည့်ခြင်း မလုပ်တော့သည့်အခါမှသာ ပိုင်ရှောင်ချန်းမှာ ယခင်ကထက်ပိုမိုသက်တောင့်သက်သာရှိလာသည်ဟု ခံစားလိုက်ရသည်။
” အခုဘယ်သူကများ ငါ့ကိုထပ်ပြီးရွေးချယ်ရဲသေးလဲ ကြည့်ရသေးတာပေါ့” သူက ဝင့်ကြွားစွာပြောလိုက်လေသည်။
ပတ်ဝန်းကျင်ရှိကုံမြစ်ဂိုဏ်းခွဲ ကျင့်ကြံသူများက ကြောက်ရွံ့ခြင်းများထင်ဟပ်နေသောမျက်လုံးများဖြင့် သူ့အားကြည့်လာလေသည်။ သူကထိုသို့ပြောပြီးသည်နှင့် တစ်ဦးတစ်ယောက်မျှ သူ့အနားသို့ မချဥ်းကပ်ဝံ့တော့ချေ။ သူကတောင်ဖြိုသိုင်းကိုအသုံးပြုလိုက်သည့် မြင်ကွင်းကြောင့် သေးငယ်သော ညောင်ပင်ငယ်များကပင် တုန်ရီနေကြသည်။
ကျင့်ကြံသူများမှာ ဒေါသတကြီး ထိတ်ထိတ်ပျာပျာဖြစ်ကုန်ကြပြီး သူ၏ပတ်ပတ်လည်ရှိ မန္တန်အစီအရင်များ တစ်စစီပျက်စီးသွားစေရန် မျှော်လင့်နေကြသည်။ သို့မှသာသူတို့က မန္တန်အစီအရင်၏ကာကွယ်မှုမပါသည့် တိုက်ပွဲမှာမည်သို့ဖြစ်သည်ကိုပြနိုင်မည်ဖြစ်သည်။
” သေစမ်း…သူကအဲဒီမန္တန်အစီအရင်ကို ပိုပြီးစွမ်းအားထက်ပြီး ကြာရှည်ခံအောင် ထိန်းနိုင်တယ်ဆိုတာ ငါမယုံနိုင်ဘူးကွာ”
” ဟွန့်…ဒီကောင်လေးသာ တစ်ယောက်ထဲ ဖြစ်တာနဲ့ ငါတို့က ဒီကောင်လေးရဲ့ တကယ့်တိုက်ပွဲဝင်စွမ်းရည်ဘယ်လိုရှိလဲဆိုတာ မြင်ရမှာပဲ”
သူတို့၏စိတ်ထဲတွင် ကျိန်ဆဲနေကြသော်လည်း ကုံမြစ်ဂိုဏ်းခွဲ ကျင့်ကြံသူများမှာ ပိုင်ရှောင်ချန်းနှင့်ဝေးရာသို့ ထွက်ပြေးရန်မှလွဲ၍ အခြားရွေးချယ်စရာမရှိတော့ပေ။
” ဟေး ” သူက အော်ဟစ်လိုက်သည်။
” မပြေးနဲ့လေကွာ…သေသေကြေကြေ တိုက်ခိုက်ဖို့ ငါက အသင့်ပြင်ထားတာကွ။ လာကြစမ်းပါ…” သို့သော်လည်း သူက သူတို့ထွက်ပြေးသွားနေသည်ကိုကြည့်ရှုရင်း ယခင်ကထက်ပို၍ ဝမ်းမြောက်ဝမ်းသာဖြစ်နေတော့သည်။
ပိုင်ရှောင်ချန်း၏ကျေးဇူးဖြင့် အဏ္ဏဝါခေါ်သံဂိုဏ်းသားများမှာ ခဏတာအနားယူနိုင်သွားခဲ့ပြီး မတိုးသာမဆုတ်သာအခြေအနေအတွင်း သူတို့၏ခံစစ်နေရာကို ခိုင်မာအောင်ပြုလုပ်နိုင်ခဲ့သည်။
မကြာမီတွင် အဏ္ဏဝါခေါ်သံဂိုဏ်းမှ ရွှေအမြုတေအဆင့်ကျင့်ကြံသူများမှာ သူတို့၏အားသာချက်များကို တိုးမြှင့်နိုင်သွားသည်။ ရာပေါင်းများစွာသော ရွှေအမြုတေအဆင့်ကျင့်ကြံသူများက ကုံမြစ်ဂိုဏ်းခွဲအတွင်း များပြားလှသော ဒဏ်ရာများကို ရစေခဲ့သည့် ဓားအစီအရင်ကိုဖန်တီးရန် သူတို့၏စွမ်းအားများကို စုစည်းလိုက်ကြသည်။
ကုံမြစ်ဂိုဏ်းခွဲမှရွှေအမြုတေအဆင့် ကျင့်ကြံသူအချို့မှာ သူတို့၏တိုက်ခိုက်ခြင်းကို အဆုံးသတ်လိုက်ကြပြီး မကြာမီတွင် အဖွဲ့တစ်ဖွဲ့လုံးဆုတ်ခွာသွားကြတော့သည်။ အောက်ဘက်တွင် လူများက အဏ္ဏဝါခေါ်သံဂိုဏ်းမှ စစ်မြေပြင်ကိုဖြတ်၍ ကုံမြစ်ဂိုဏ်းခွဲမှရွှေအမြုတေအဆင့် ကျင့်ကြံသူများအား လိုက်လံဖမ်းဆီးနေသည်ကို ကြည့်ရှုနေကြလေသည်။
နောက်ဆုံးတွင် အဏ္ဏဝါခေါ်သံဂိုဏ်း၏ ဂိုဏ်းစောင့်အကြီးအကဲများထဲမှတစ်ယောက်က တိုက်ခိုက်ရန်အချိန်ကျပြီဟု အချက်ပြသည်နှင့် ဂိုဏ်းအဖွဲ့လေးဖွဲ့လုံးမှာ မြစ်ရေကိုဖြတ်၍ တဟုန်ထိုးရှေ့သို့ချီတက်လိုက်ကြသည်။
ယခုတွင် အဏ္ဏဝါခေါ်သံဂိုဏ်းမှာ မြစ်ပေါ်တွင် လက်ဦးမှုရယူထားပြီးဖြစ်ရာ နတ်အဆင့်သို့ ရောက်ခါနီးနေပြီဖြစ်သည့် ကုံမြစ်ဂိုဏ်းခွဲ ယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံသူက ဖုန်းရှိန်ကျစ်၊ ဟန်ဇောင်၊ ချီဟွမ်နှင့် လောတန် တို့အား တွန်းထုတ်လိုက်လေသည်။ သူက အကျီလက်ကိုဝေ့ယမ်းကာ ညောင်ပင်ကြီး ဆီသို့ညွှန်ပြလိုက်ပြီး ဝမ်းနည်းပူဆွေးခြင်း၊ဒေါသထွက်ခြင်းများနှင့် အော်ဟစ်လိုက်လေသည်။ “ဂိုဏ်းရဲ့ ဌာနချုပ်ကို ကာကွယ်ကြ…။ မဟာမန္တန်အစီအရင်တွေကို သက်ဝင်လှုပ်ရှားအောင်လုပ်ကြမယ်…”
သူ၏စကားများမှာ မိုးခြိမ်းသံအလားပဲ့တင်ထပ်သွားသောအခါ အစိမ်းရောင်အလင်းတန်းတစ်ခု ဧရာမ ညောင်ပင်ကြီးဆီမှ ထွက််ပေါ်လာပြီး စွမ်းအားပြည့်ဝသော ကမ္ဘာမြေဆွဲအားမှာလည်း ထကြွလာသည်။
ထိုအားမှာ ကုံမြစ်ဂိုဏ်းခွဲကျင့်ကြံသူများအပေါ်ကျရောက်သွားပြီး မျက်စိတမှိတ်အတွင်းမှာပင် သူတို့အားလုံးအား သစ်ပင်ဆီသို့ ပြန်လည်ဆွဲခေါ်သွားတော့သည်။ ထိုအထဲတွင် ရွှေအမြုတေအဆင့်ကျင့်ကြံသူများနှင့် အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူများ ပါဝင်သည်။
မန္တန်အစီအရင်၏ အသက်ဝင်မှုကြောင့် ကောင်းကင်တံတားမြစ်၏ထိုအစိတ်အပိုင်းလေးမှာ တင်းတင်းကျပ်ကျပ် ပိတ်လှောင်သွားလေသည်။ ယခုတွင်အဏ္ဏဝါခေါ်သံဂိုဏ်းမှာ ထိုးဖောက်နိုင်ရန်အတွက် သိသာထင်ရှားစွာ ကြိုးစားအားထုတ်ရပေလိမ့်မည်။ ဤအရာက ကုံမြစ်ဂိုဏ်းခွဲအား သေရေးရှင်ရေးအခြေအနေတွင် အသက်ရှူခွင့်ပေးလိုက်သကဲ့သို့ ဖြစ်သွားပေမည်။
သူတို့အတွက် ကံမကောင်းသွားသည်မှာ ညောင်ပင်ကြီး ၏ မန္တန်အစီအရင်က မပြီးဆုံးသေးခြင်းဖြစ်သည်။ အလွန်တရာအံ့အားသင့်ဖွယ်ကောင်းသည်မှာ ဒိုင်းအကာအကွယ်အတွင်း ကြီးမားသော ဟာကွက်ကြီးနှစ်ခုရှိနေခြင်းဖြစ်သည်။ တစ်ခုမှာ ညာဘက်တွင်ရှိပြီး အခြားတစ်ခုမှာ ဘယ်ဘက်တွင်ရှိလေသည်။
သူတို့က အစီအရင်ကို အသက်သွင်းရန် ယခုအချိန်အထိစောင့်ဆိုင်းခဲ့ရသည့်အကြောင်းရင်းမှာ အလွန်အားနည်းနေသောကြောင့်ဖြစ်လေသည်။ မန္တန်အစီအရင်တွင် အမှန်တကယ် ဟာကွက်အပေါက်များရှိနေသည်။
” ကောင်းကင်တံတားမြစ်ကို စွန့်ခွာကြ…”
ခေါင်းဆောင်ကြီးဟန်ဇောင်ကပြောလိုက်သည်။
“ဒုတိယမြောက် ထိုးစစ်ဆင်ဖို့အချိန်ကျပြီ…။ တောအုပ်ကိုဖြတ်ပြီး ကုံမြစ်ဂိုဏ်းခွဲ ဌာနချုပ်ကို တိုက်ခိုက်ကြ…”
ယခင်က ရေးဆွဲထားသည့် စစ်မြေပြင်အစီအစဉ်များနှင့်အညီ အင်အားအကောင်းဆုံးဂိုဏ်းခွဲဖြစ်သော သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းအဖွဲ့က အင်အားအနည်းဆုံးဂိုဏ်းခွဲဖြစ်သည့် ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်းအဖွဲ့နှင့် ပူးပေါင်း၍ မြစ်၏ဘယ်ဘက်ကမ်းသို့ ဦး တည်လိုက်ကာ တောထဲသို့စတင်ဝင်ရောက်လိုက်ကြသည်။
စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းအဖွဲ့နှင့် ဆန်းကြယ်နတ်ရေစင်ဂိုဏ်းအဖွဲ့တို့ကလည်း ပူးပေါင်းကာ ညာဘက်ကမ်းရှိ တောထဲဆီသို့ ဦးတည်လိုက်ကြသည်။
ထိုတိုက်ပွဲမှာ တောတွင်းစစ်ပွဲ ဖြစ်သည်။
တောအုပ်မှာ အလွန်ကျဥ်းကြပ်ကာ ပြည့်သိပ်နေသောကြောင့် မန္တန်အစီအရင်ဘီလူးကြီးများနှင့် ရုပ်သေးရုပ်များ သုံးရန်မသင့်လျော်ပေ။ တောတွင်းစစ်ပွဲတွင် ဂိုဏ်းသားများအားလုံးက တိုက်ခိုက်ရန်သူတို့၏ ကိုယ်ပိုင်စွမ်းအားကိုသာ အားကိုးကြရပေလိမ့်မည်။
မရေမတွက်နိုင်သောကျင့်ကြံသူများက ကုံမြစ်ဂိုဏ်းခွဲ ဌာနချုပ်ဆီသို့ နှစ်ဖက်စလုံးမှညှပ်၍ အလျင်အမြန် တိုက်ခိုက်နေကြသည်။ ကုံမြစ်ဂိုဏ်းခွဲအင်အားစုအနေဖြင့် အနားယူရန်အချိန်အနည်းငယ်သာရှိလေသည်။ သူတို့၏ကျင့်ကြံသူများအားလုံး….ရွှေအမြုတေအဆင့်ကျင့်ကြံသူများကပင် အဏ္ဏဝါခေါ်သံဂိုဏ်း၏ချီတက်လာမှုကို တားဆီးရန်ကြိုးစားနေကြသည်။
နောက်တစ်ကြိမ် ယင်ယန်ဝိညာဥ်အဆင့် ခေါင်းဆောင်များအကြား တိုက်ခိုက်မှုများထပ်မံဖြစ်ပွားခဲ့သည်။
အရေးကြီးတိုက်ပွဲများ မစတင်မီ အဏ္ဏဝါခေါ်သံဂိုဏ်း၏ခေါင်းဆောင်များက အပြင်စည်းနှင့်အတွင်းစည်းဂိုဏ်းသားများအား လုံခြုံဘေးကင်းစေနိုင်သည့် ကောင်းကင်တံတားစစ်သင်္ဘောကြီးဆီသို့ ပြန်လည်ဆုတ်ခွာနိုင်ရန်စီစဉ်ပေးခဲ့ကြသည်။
ဤတိုက်ပွဲတွင် အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူများနှင့် ထို့ထက်အဆင့်မြင့်သူများသာပါဝင်ဆင်နွှဲရမည်ဖြစ်သည်။ အမှန်မှာ သူတို့အား ကာကွယ်ပေးနိုင်မည့်မန္တန်အစီအရင်များမရှိလျှင် အားနည်းသောဂိုဏ်းသားများမှာ ဒဏ်ရာများကြောင့် အသက်ပင်သေဆုံးစေနိုင်သောကြောင့် ဖြစ်သည်။
ဤအရာမှာ စစ်ပွဲဖြစ်ချေသည်။
မက်လုံးပေးသည့်အနေဖြင့် ခေါင်းဆောင်ကြီးများက တောတွင်းစစ်ပွဲတွင် သိမ်းယူရရှိနိုင်သော မည်သည့်ပစ္စည်းမဆို ဂိုဏ်းသို့ ပေးအပ်ရန်မလိုအပ်ကြောင်း၊ အနိုင်ရသည့်မည်သူမဆို ထိုပစ္စည်းများရနိုင်ကြောင်း သဘောတူခဲ့သည်။
သို့သော် ဂိုဏ်းတူအဖွဲ့ဝင်များအချင်းချင်း တိုက်ခိုက်ခြင်းကိုမူ တင်းကြပ်စွာတားမြစ်ထားသည်။ လူတိုင်းမှာစိတ်လှုပ်ရှားနေသော်လည်း တချိန်တည်းမှာပင် စည်းမျဥ်းစည်းကမ်းများကို မချိုးဖောက်ဝံ့ချေ။
ပိုင်ရှောင်ချန်းက မန္တန်အစီအရင်ကို ဖြတ်လိုက်ပြီးနောက် သူ၏တစ်ဂိုဏ်းတည်းသားရှစ်ယောက်နှင့် အကြည့်ချင်းဖလှယ်လိုက်သည်။ ထို့နောက် သူတို့က လက်ကိုဆုပ်ကိုင်ကာ တစ်ဦးကိုတစ်ဦး ဦးညွှတ်လိုက်ကြသည်။ သူတို့တောတွင်းထဲသို့ တဟုန်ထိုးသွားနေစဥ် မည်သူမျှစကားမပြောကြပေ။
ပိုင်ရှောင်ချန်းက အသက်ပြင်းပြင်းရှူလိုက်သည်။ သူကတောထဲကိုကြည့်လိုက်သောအခါ လောချိန်မျိုးနွယ်စုနှင့် နဖူးတွေ့ ဒူးတွေ့ကြုံခဲ့ရသည်ကိုသာ အများဆုံးတွေးမိလိုက်သည်။ ဤပတ်ဝန်းကျင်မှာ ထိုစဥ်က တောင်တန်းများနှင့် အလွန်ဆင်တူနေသည်။
” ငါကအရမ်းအရေးပါနေတယ်ဆိုရင် ငါ့ကိုရှာနေတဲ့လူတစ်ယောက်တော့ရှိမှာ ကျိန်းသေတယ်…” သူကအသက်ပြင်းပြင်းရှူလိုက်ကာ အံကိုကြိတ်လိုက်ပြီး သူ၏အိတ်ကလေးကို ပုတ်လိုက်လေသည်။ ချက်ချင်းပင် အဆောင်လက်ဖွဲ့စာရွက်အထပ်လိုက်ပေါ်လာလေသည်။ ထို့နောက် သူ၏ခန္ဓာကိုယ်ပေါ်သို့ သူတို့အားလုံးကို စတင်နေရာချလိုက်သောအခါ တဖျောက်ဖျောက်မြည်သံများ ထွက်ပေါ်လာသည်။ အချိန်တိုလေးအတွင်းမှာပင်တောက်ပသော ဒိုင်းအလွှာတစ်ရာပေါ်လာသည်။ဒိုင်းအလွှာများစွာက မျက်စိကိုဖမ်းစားစေနိုင်သောကြောင့် သူကကန့်သတ်၍သုံးခြင်းဖြစ်လေသည်။
၎င်းအားပြီးစီးအောင်လုပ်ဆောင်ပြီးနောက် သူ၏ပေါက်ကွဲစေနိုင်သော အပြင်အားကို အရှိန်မြှင့်တင်ကာ တောတွင်းကိုဖြတ်၍ သူကကုံမြစ်ဂိုဏ်းခွဲ ဌာနချုပ်ဖြစ်သော ညောင်ပင်ကြီး ကြီးဆီသို့ သွားလိုက်လေသည်။
တောထဲမှာ အလွန်စိုထိုင်းနေပြီးတစ်ခါတရံစိတ်မချမ်းမြေ့ဖွယ် အော်ဟစ်သံများကလည်း ဟိုဟိုသည်သည်ပဲ့တင်ထပ်လျက်ရှိသည်။ ထိုအသံများမှ အချို့မှာ ကုံမြစ်ဂိုဏ်းခွဲ၏တပ်ဖွဲ့များမှဖြစ်ပြီး အချို့မှာအဏ္ဏဝါခေါ်သံဂိုဏ်းမှဖြစ်သည်။ ပိုင်ရှောင်ချန်းမှာ မကြာမီတွင် ဟောဟဲလိုက်လာသည်။ အမွှေးတိုင်တစ်ဝက်နီးပါးကြာချိန်တွင် သူ၏မျက်နှာအမူအယာမှာ တောက်ပသွားပြီး ရုတ်တရက် ဘေးဘက်သို့ရှောင်တိမ်းလိုက်သည်။ သူရှောင်တိမ်းပြီးသောအခါ အခြေခိုင်မာခြင်းအဆင့် ကျင့်ကြံသူလေးယောက်ပေါ်လာသည်။ သူတို့ထဲမှနှစ်ဦးက ပိုင်ရှောင်ချန်းရပ်နေခဲ့သည့်နေရာဆီသို့ လက်ဝါးရိုက်ချက်များ ထုတ်လွှတ်လိုက်သည်။
အခြားတိုက်ခိုက်မှုနှစ်ခုမှာ ပိုင်ရှောင်ချန်း၏ ဒိုင်းလွှာများဆီသို့ ကျရောက်လာသည်။
ဒိုင်းလွှာများမှာ ကွဲအက်သောအသံများထွက်လာသော်လည်း လျင်မြန်စွာထိန်းထားနိုင်ခဲ့သည်။ စင်စစ်အားဖြင့် ၎င်းဒိုင်းကာများက အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူနှစ်ဦးအား တန်ပြန်တိုက်ခိုက်ခဲ့ပြီး သူတို့၏ ချီနှင့်သွေးများကို ချက်ချင်းပင် မတည်မငြိမ်ဖြစ်စေခဲ့သည်။ ကျင့်ကြံသူနှစ်ဦး ဒယီးဒယိုင်နောက်ဆုံးသွားသောအခါ ပိုင်ရှောင်ချန်းက အော်ဟစ်လိုက်ပြီး အရှေ့သို့တဟုန်ထိုးသွားကာ ကျင့်ကြံသူတစ်ဦး၏ရင်ဘတ်ကို အားဖြင့်ရိုက်ချလိုက်သည်။
ဘုန်း ခနဲ မြည်ဟည်းသံနှင့်အတူ ကျင့်ကြံသူထံမှ နာကျင်စွာအော်ဟစ်သံ ထွက်ပေါ်လာသည်။ သူ၏ရင်ဘတ်မှာ ခွက်ဝင်သွားကာ ပါးစပ်အတွင်းမှသွေးများအန်ကျလာပြီး မြေပြင်ပေါ် မီတာအနည်းငယ်ရောက်သည်အထိ ကျွမ်းထိုးမှောက်ခုံကျသွားပြီးနောက် သေဆုံးသွားလေသည်။
အခြားကျင့်ကြံသူသုံးဦးမှာ ထိတ်လန့်တုန်လှုပ်စွာ ကြည့်နေဆဲမှာပင် ပိုင်ရှောင်ချန်း၏လက်တွင် လျှပ်စီးလက်သည့်အလား အနက်ရောင်အလင်းတန်းတစ်ခုတောက်ပလာသည်။ မြေထုဆွဲအားတစ်ခုပေါက်ကွဲထွက်ပေါ်လာပြီး ထွက်ပြေးနေသော အခြေခိုင်မာခြင်းအဆင့် ကျင့်ကြံသူမှာ ရုတ်တရက် ပိုင်ရှောင်ချန်းဆီသို့ ပျံသန်းသွားနေကြောင်းတွေ့ရှိလိုက်ရသည်။ သူဘာမျှမလုပ်နိုင်မှီ ပိုင်ရှောင်ချန်း၏လက်က သူ၏လည်ချောင်းအပေါ်တွင် ညှပ်ထားလေသည်။
လည်မျိုဖမ်းဆုပ်ကွက်…။
တဂျုံးဂျုံးမြည်ဟည်းသံများ ပဲ့တင်ထပ်၍ထွက်ပေါ်လာသောအခါ ပိုင်ရှောင်ချန်းက လက်သီးဆုပ်လိုက်လေသည်။ အခြေခိုင်မာခြင်းအဆင့် ကျင့်ကြံသူ၏မျက်လုံးများမှာ ပြူးထွက်သွားပြီးနောက် သေဆုံးသွားလေသည်။
အခြားကျင့်ကြံသူနှစ်ဦးမှာ ဖြစ်ပျက်သမျှကိုတွေ့လိုက်ရသောအခါ သူတို့၏မျက်လုံးအစုံမှာ ပြူးကျယ်သွားပြီး ကြောက်လန့်တကြားထွက်ပြေးသွားကြတော့သည်။ သူတို့က သူ့အားမြင်လိုက်ကြသောအခါ သူနှင့် တိုက်ခိုက်ရန်တရွရွဖြစ်ခဲ့သော်လည်း မန္တန်အစီအရင်မပါပါက သူသည်လုံးဝထိတ်လန့်ဖွယ်ကောင်းလိမ့်မည်ဟု သူတို့က ဘယ်သောအခါမျှစိတ်ကူးမထားခဲ့ကြပေ။
သူတို့ကလှည့်၍ ထွက်ပြေးလိုက်ကြသော်လည်း ပိုင်ရှောင်ချန်းကသူ၏ညာဘက်လက်ကို ဆန့်ထုတ်လိုက်ပြီး သွေးချီများကိုမီတာသုံးဆယ်ရှည်သော သွေးရောင်အလင်းတန်းအဖြစ်လှည့်လည်စေလိုက်သည်။ ထို့နောက် အထက်ဆုံးသောဓားသွားတစ်ခုနှယ် ခုတ်ပိုင်းချလိုက်လေသည်။
ထွက်ပြေးသွားသော ကျင့်ကြံသူနှစ်ဦးမှာ တုန်ရီသွားပြီးနောက် အောက်ဖက်သို့ ကြည့်ရှုလိုက်သောအခါ သူတို့မှာ ခါးနေရာတွင် ထက်ဝက်ပြတ်သွားကြောင်း ထိတ်လန့်တုန်လှုပ်စွာတွေ့ရှိလိုက်ရတော့သည်။
Good