အဏ္ဏဝါခေါ်သံဂိုဏ်းနှင့် ကုံမြစ်ဂိုဏ်းခွဲတို့၏ တိုက်ပွဲအရှိန်အဟုန်များမှာ ကောင်းကင်တံတားမြစ်ပေါ်တွင် တဟုန်းဟုန်းတောက်လောင်နေတော့သည်။ လေထဲတွင် တဂျုန်းဂျုန်း မြည်သံများဖြင့် ပြည့်နှက်နေပြီး ကျင့်ကြံသူတိုင်း၏ မျက်ဝန်းများထဲတွင် ရက်စက်ကြမ်းကြုတ်မှုများ တောက်လောင်နေသည်ကို မြင်န်ိုင်ပေသည်။
သနားစဖွယ်အော်ဟစ်သံများမှာ ဆူညံနေပြီး မှော်သိုင်းများမှာလည်း ကောင်းကင်ယံတွင် ပြိုးပြိုးပြက်ပြက် လင်းလက်နေတော့သည်။ အဏ္ဏဝါခေါ်သံဂိုဏ်း၏ ခေါင်းဆောင်ကြီးများနှင့် ရွှေအမြုတေအဆင့် ကျင့်ကြံသူများမှာ တိုက်ပွဲတွင် အသာစီးရနေပါသော်လည်း ကုံမြစ်ဂိုဏ်းခွဲ အသုံးပြုနေသည့် ချောင်းမြောင်းလုပ်ကြံသည့် နည်းများမှာ စိတ်ရှုပ်စရာကောင်းနေတော့သည်။ ထိုနည်းလမ်းများကို ရင်ဆိုင်နေရသဖြင့် အနည်းငယ်သာ မှားယွင်းပါက အသက်ပေးလိုက်ရမည်သာဖြစ်သည်။
ကုံမြစ်ဂိုဏ်းခွဲသည် ရှင်းကုံကျစ်တာအိုဂိုဏ်း၏ အပြစ်ပေးခြင်းကို ခံခဲ့ရပြီးထဲက သူတို့၏ ထိပ်ဆုံးအဆင့် တပ်ဖွဲ့များနှင့် အလယ်အဆင့်တပ်ဖွဲ့များပင်လျှင် အင်အား အများအပြား ဆုတ်ယုတ်သွားခဲ့ပြီဖြစ်သည်။ သို့သော်လည်း အဆင့်နိမ့် ကျင့်ကြံသူများမှာ အထိခိုက် အနစ်အနာ သိပ်မရှိခဲ့ပေ။
ကောင်းကင်တံတားမြစ်ကြီးပေါ်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲကြီးမှာ ပြင်းထန်လွန်းလှပေသည်။ အဏ္ဏဝါခေါ်သံဂိုဏ်း၏ အဖွဲ့လေးဖွဲ့မှာ အောက်ပိုင်းဒေသတွင် ရှိခဲ့စဥ်တုံးက တိုက်ပွဲများနှင့် ကြုံတွေ့ခဲ့ပြီးဖြစ်သဖြင့် တိုက်ပွဲအကြီးစားများကို ရင်းနှီးနေပေတော့သည်။ ကုံမြစ်ဂိုဏ်းခွဲ၏ ထူးခြားသော တိုက်ပွဲဗျူဟာများကြောင့် အစပိုင်းတွင် အံ့သြသွားကြပါသော်လ
ည်း မကြာမီတွင် တိုက်ပွဲမှာ ရှေ့မတိုးသာသည့် အခြေအနေသို့ ရောက်သွားတော့သည်။
ထိုအခြေအနေမှာ အဏ္ဏဝါခေါ်သံဂိုဏ်းအတွက်မူ ကောင်းမွန်သော အခြေအနေတစ်ခုဖြစ်သည်။ သူတို့သည် ခေါင်းဆောင်ကြီးများနှင့် ရွှေအမြုတေအဆင့် ကျင့်ကြံသူများ အနိုင်ရရှိသည်ကို ထိုင်စောင့်နေရုံသာဖြစ်သည်။ ထို့နောက် ရန်သူတပ်ဖွဲ့များမှာ အလွယ်တကူ ကျရှုံးသွားမည်သာဖြစ်သည်။
မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သောအသံများ ပဲ့တင်ထွက်လာတော့သည်။ အဏ္ဏဝါခေါ်သံဂိုဏ်းကို သစ္စာတော်ခံထားသည့် မျိုးနွယ်စုများနှင့် အသေးစားဂိုဏ်းများကမူ တိုက်ပွဲထဲတွင် ထင်ထင်ပေါ်ပေါ် မရှိပါသော်လည်း လိုအပ်သော အကူအညီများကို ထောက်ပံ့ပေးကာ လူတိုင်းကဲ့သို့ပင် ရွပ်ရွပ်ချွံချွံ တိုက်ခိုက်နေကြသည်။
ရှေးမတိုးသာ နောက်မဆုတ်သာ အခြေအနေကြီးထဲတွင် လက်ရွေးစင်များစွာမှာ တိုက်ပွဲထဲတွင် နာမည်ကျော်ကြားလာကြတော့သည်။ ရှန်ကွမ်းထျန်ယုံမှာ မန္တန်အစီအရင် ရုပ်ထုတစ်ခုကို ထိန်းချုပ်နေပြီး သူထုတ်လွှတ်လိုက်သည့် ဓားချီကြောင့် ဓားပိုက်ကွန်တစ်ခုပေါ်ထွက်လာကာ တိုက်ပွဲထဲတွင် မျက်စိကျိန်းစရာကောင်းလောက်အောင် ဝဲပျံနေတော့သည်။
ဝိညာဥ်စွယ်ကမူ စကားများများစားစား သိပ်မပြောသော်လည်း သူ၏တိုက်ကွက်များမှာ ကြောက်မက်ဖွယ် ကောင်းနေဆဲပင်။ သူပါဝင်နေသည့် မန္တန်အစီအရင်တစ်ခုမှာ သူ့ပုံစံအတိုင်းဖြစ်သွားပြီး ဝိညာဥ်ချီများနှင့် ဝန်းရံနေတော့သည်။ မည်းနက်နေသည့် ဝိညာဥ်လက်များစွာပေါ်ထွက်လာပြီး ကုံမြစ်ဂိုဏ်းခွဲမှ ရန်သူများကို ပြင်းထန်စွာ တိုက်ခိုက်နေတော့သည်။
ထို့နောက် ဟိုယွင်ဖေး၊ ကုန်းစွန်းယွင်နှင့် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းသားများဖြစ်သည့် စုန့်ချွဲ၊ ရွှယ်မေ့၊ နတ်ဆရာ၊ ကျားလဲ့၊ စုန့်ကျင်းဝန်၊ သွေးသခင်သုံးယောက်နှင့် မဟာအကြီးအကဲများလည်း ရှိသေးပေသည်။ လူတိုင်းမှာ အားအကုန်သုံးကာ တိုက်ခိုက်နေကြသဖြင့် တိုက်ပွဲကြီးမှာ ရင်သပ်ရှုမောဖွယ် ကောင်းနေတော့သည်။
ဆန်းကြယ်နတ်ရေစင်အဖွဲ့မှ ကျုံးတာအိုကဲ့သို့သော အခြားလူများလည်း ရှိသေးပေသည်။ သူသည် ပြန်လည်နေကောင်းလာပြီဖြစ်ပြီး ပိုင်ရှောင်ချန်းကို တတ်နိုင်သလောက် မဆုံမိအောင် ရှောင်တိမ်းနေခဲ့လေသည်။ ယခုတွင် သူသည် ဤတိုက်ပွဲကို အသုံးချကာ သူ၏ အမျက်ဒေါသများကို ဖြေဖျောက်နေတော့သည်။
ဆေးစွမ်းအင်နတ်ရေစင်အဖွဲ့တွင်မူ လက်ရွေးစင်များမှာ မရှိသလောက်နည်းပါးသည်။ အလှပဂေးလေး ချင်းမေ့ယွမ် တစ်ဦးသာရှိသော်လည်း သူမသည် စစ်ပွဲထဲတွင် တပ်များအား ဦးစည်းရာတွင် လွန်စွာမှ ကျွမ်းကျင်ပေသည်။ ဆေးစွမ်းအင်နတ်ရေစင်အဖွဲ့ဝင် သုံးယောက်မှ ငါးယောက်အထိပါသော အုပ်စုများမှာ လေပေါ်တွင် ပျံဝဲနေကြကာ အဆိပ်ဓာတ်ငွေ့များထုတ်လွှတ်ကာတိုက်ခိုက်နေကြပြီး ဆေးကုသနည်း အစွမ်းများကိုသုံးကာ သူတို့၏ ရဲဘော်များကို ကူညီပေးနေကြတော့သည်။
ဆေးစွမ်းအင်နတ်ရေစင်အဖွဲ့ကြောင့် အဏ္ဏဝါခေါ်သံဂိုဏ်းမှာ ဤ ရှေ့မတိုးသာ နောက်မဆုတ်သာအခြေအနေတွင် အသာစည်း ရနေရခြင်းသာဖြစ်သည်။
ချင်းေမ့ယွမ်၏ အမိန့်များကြောင့် ဆေးစွမ်းအင်နတ်ရေစင်အဖွဲ့၏ ကျင့်ကြံသူများမှာ တညီတညွှတ်ထဲဖြစ်နေကြပြီး တိုက်ပွဲတစ်ခွင်သို့ လိမ္မာပါးနပ်စွာ ရွေ့လျားနေကြသည်။
ချင်းေမ့ယွမ်က အမိန့်တစ်ခုပြီးတစ် ပေးနေစဥ် သူမ၏ မျက်ဝန်းထဲတွင် ထူးဆန်းသည့် အလင်းရောင်များ လက်နေတော့သည်။ ရေပြင်ထက်ရှိ တိုက်ပွဲပေါ်တွင်သူမသည် တောက်ပနေသည့် ကြယ်တစ်လုံးနှင့်ဆင်တူနေပြီး ကုံမြစ်ဂိုဏ်းခွဲ၏ ဒုတိယအရေးကြီးဆုံး ပစ်မှတ်ဖြစ်နေတော့သည်။
လူတိုင်း အာရုံစိုက်ကာ ကြည့်ရှုနေသည့် လူတစ်ယောက်မှာမူ ယခုလေးတင်မှ သွေးဘိုးဘေးကြီးထဲကထွက်လာပြီး ဧရာမ မန္တန်အစီအရင် ရုပ်တုတစ်ခုကို တည်ဆောက်လိုက်သူဖြစ်သည်။ ထိုသူသည် သွေးချီဖြင့်ပြုလုပ်ထားသည့် ဧရာမဓားကြီးကို ကိုင်မြှောက်ထားသော ပိုင်ရှောင်ချန်းပင် ဖြစ်တော့သည်။
ပိုင်ရှောင်ချန်း၏ မျက်ဝန်းများထဲရှိ အကြည့်နှင့် သွေးဘိုးဘေးကြီး၏ မျက်ဝန်းများထဲရှိ အကြည့်တို့မှာ တူနေသည်ကိုကြည့်၍ သူသည် သွေးဘီလူးကြီးကို ထိန်းချုပ်ခဲ့သူဖြစ်ကြောင်း လူတိုင်းက သိနိုင်ပေသည်။
ကုံမြစ်ဂိုဏ်းခွဲသည် အောက်ပိုင်းဒေသရှိ ကျင့်ကြံခြင်းလောက၏ အတွင်းရေးကိစ္စများကို ဝင်ရောက်စွက်ဖက်ခြင်းမပြုရန် တားမြစ်ခံထားရပါသော်လည်း သတင်းအချက်အလက်များကိုတော့ စုစည်းနိုင်ခဲ့သေးသည်။ ထို့ကြောင့် ပိုင်ရှောင်ချန်းမှာ အောက်ပိုင်းဒေသရှိ ဂိုဏ်းများအားလုံး ပေါင်းစည်းညီညွှတ်သွားရသည့် အကြောင်းပြချက်ဖြစ်ကြောင်း သူတို့က သိထားပေသည်။
ထို့ကြောင့် သူပေါ်ထွက်လာသည်နှင့် တစ်ပြိုင်နက် ကုံမြစ်ဂိုဏ်းခွဲ၏ တပ်ဖွဲ့များက သူ့ကိုလှမ်းကြည့်လိုက်ကြပြီး သူရှိရာသို့ လုပ်ကြံသတ်ဖြတ်သူများအား စေလွှတ်လိုက်တော့သည်။ တချိန်ထဲမှာပင် များစွာသော အသေးစား ညောင်ပင်များက ရူးသွပ်ကာ ရုန့်ရင်းကြမ်းတမ်းသည့် အမူအရာများဖြင့် သူ့ဆီသို့ အပြေးသွားနေကြတော့သည်။
ပိုင်ရှောင်ချန်း၏ မျက်ဝန်များမှာ နီမြန်းစွာ တောက်ပနေတော့သည်။ ဤအချိန်တွင် သူသည် လောချိန်မျိုးနွယ်စုနှင့် မြေခဓားချောက်ထဲတွင် တိုက်ခိုက်နေရသည့်အလား ပြန်လည် ခံစားလိုက်ရတော့သည်။ ဆန်းကြယ်နတ်ရေစင်ဂိုဏ်း၏ မြို့အပြင်ဘက်တွင် တိုက်ခိုက်ခဲ့သည့် တိုက်ပွဲပင်လျှင် ယခုအခြေအနေမျိုးနှင့် ဆင်တူနေတော့သည်။ သူ၏ခေါင်းကိုနောက်သို့ပစ်လိုက်ပြီး အော်ဟစ်လိုက်သောအခါ သွေးချီများမှာ သူ့ကိုယ်တွင်ဝန်းရံသွားသဖြင့် ထိုနေရာတစ်ဝိုက်ရှိ သွေးစွမ်းအင်နတ်ရေစင်အဖွဲ့သားများ၏ တိုက်ပွဲစွမ်းရည်မှာ တိုးတက်သွားတော့သည်။
ဘရူဆာသည် ပိုင်ရှောင်ချန်း၏ စွမ်းအင်ကို အာရုံခံမိလိုက်သဖြင့် ကျယ်လောက်စွာ အော်ဟစ်လိုက်သောအခါ သားရဲအုပ်စုများစွာမှာ ကုံမြစ်ဂိုဏ်းခွဲတပ်ဖွဲ့များပေါ်သို့ ခုန်အုပ်ကုန်ကြတော့သည်။
ထို့နောက် သန့်စင်ထားသည့် ရုပ်အလောင်းများ၊ ဂါဂိုလီသွေးအေးမွန်းစတားများနှင့် ရုပ်သေးရုပ်များလည်း ရှိသေးသည်။ အဆုံးမဲ့သော တအုန်းအုန်းမြည်သံများနှင့် ပေါက်ကွဲသံများ ဆက်တိုက်ပေါ်ထွက်လာပြီး တိုက်ပွဲထဲတွင် မျက်စိကျိိန်းစရာ မြင်ကွင်းကြီးတစ်ခုကို မြင်နေရတော့သည်။
ပိုင်ရှောင်ချန်းမှာ သူ၏ သွေးဓားကြီးကို ယမ်းလိုက်ပြီး သူ့ဆီသို့ ပြေးလာနေသည့် ညောင်ပင်ကြီးကို ခုတ်ထစ်လိုက်တော့သည်။ သူထိုသို့ ခုတ်ထစ်လိုက်သည့်အချိန်တွင်
” သေစမ်း။ ” ဟူသောအသံကျယ်ကြီးတစ်သံ ပေါ်ထွက်လာတော့သည်။
ထိုအသံသည် မည်သည့်နေရာမှ လာမှန်းမသိနိုင်ချေ။ ထို့နောက် အခြေခိုင်မာခြင်းအဆင့်ရှိသော ကျင့်ကြံသူရှစ်ယောက်မှာ ရုတ်ချည်း ပေါ်ထွက်လာတော့သည်။
သူတို့အားလုံးမှာ သွေးအေး လုပ်ကြံသမားများဖြစ်ကြပြီး တစ်ခဏလေးပင်မရပ်ပဲ စွမ်းအားအကြီးဆုံး တိုက်ကွက်များကိုသုံးကာ ပိုင်ရှောင်ချန်းကို တိုက်ခိုက်လိုက်ကြတော့သည်။
ပိုင်ရှောင်ချန်းမှာ တောက်ပနေသည့် မျက်ဝန်းများဖြင့် သူ၏ ဓားချက်ကို ခုတ်ချလိုက်တော့သည်။ ညောင်ပင်ကို နှစ်ပိုင်းပြတ်အောင် ခုတ်ထစ်ပြီးသွားသောအခါ သူ၏ စွမ်းအင်များမှာ မြင့်တက်သွားပြီး သူ၏နောက်ဖက်တွင် ဧရာမပုံရိပ်ကြီးတစ်ခု ပေါ်ပေါက်လာတော့သည်။ မျက်စိတစ်မှိတ်အတွင်းတွင် ထိုရုပ်ပုံကြီးမှာ တုန်လှုပ်ဖွယ်ကောင်းလောက်အောင် ကြည်လင်ပြတ်သားလာတော့သည်။ ၎င်းမှာ သူ၏ ထာဝရ အဇူရာခန္ဓာကိုယ်၏ ပုံရိပ်ကြီးပင်ဖြစ်သည်။
ထာဝရအဇူရာနှင့် မန္တန်အစီအရင်တို့၏ ပုံရိပ်မှာ ပေါင်းစည်းသွားပြီး အခြေခိုင်မာခြင်းအဆင့် ရှိသော ကျင့်ကြံသူရှစ်ယောက်၏ စုပေါင်းတိုက်ကွက်မှာ ၎င်းပေါ်သို့ ကျသွားသောအခါ ထိုကျင့်ကြံသူများသာ သွေးပွက်ပွကအ အန်ကုန်ကြတော့သည်။ သူတို့၏ မျက်နှာပေါ်တွင် မယုံကြည်နိုင်မှုများနှင့် ကြောက်ရွံ့မှုများ ပေါ်ပေါက်လာတော့သည်။
” မဖြစ်နိုင်တာ။ ”
” အဲ့တာ ဘယ်လိုမျိုး အပြင်ခန္ဓာကိုယ်ကြီးလဲဟ။ ဒီလိုအရာရှိတာ ငါ့ဖြင့် ယုံတောင်မယုံနိုင်ဘူး။”
” သောက်ကျိုးနည်းကွာ။ အခြေခိုင်မာခြင်းအဆင့်ထဲမှာဆိုရင် ဖျက်စီးလို့မရနိုင်လောက်တဲ့ အခြေအနေနီးပါးအထိ သူကရောက်နေတာပဲ။”
ထိုကျင့်ကြံသူ ရှစ်ယောက်မှာ တုန်လှုပ်နေကြသဖြင့် သူတို့၏ ချီနှင့် သွေးများပင်လျှင် ရှုပ်ယှက်ခတ်နေကြတော့သည်။ ပိုင်ရှောင်ချန်းကို သရဲတစ်ကောင်အလား ကြည့်ကာ တစ်ခဏလေးမျှ တွေဝေမနေတော့ပဲ အရှိန်ကုန် ထွက်ပြေးကုန်ကြတော့သည်။
” အခြေခိုင်မာခြင်းအဆင့်မှာဆို ဖျက်စီးလို့မရဘူး ဆိုပဲ။” ပိုင်ရှောင်ချန်းမှာ ဒဏ်ရာအသေးအမွှားလေးပင် မရလိုက်ချေ။ သူက သွေးဓားကြီးကို လွှတ်ချလိုက်ပြီး မန္တန်လက်ကွက်တစ်ခုဖော်ကာ လက်ညိုးကို ညွှန်ပြလိုက်သောအခါ ထိုဓားကြီးမှာ လွင့်စင်ကွယ်ပျောက်သွားပြီး ထွက်ပေါ်လာသော သွေးချီများမှာ အသေးစား သွေးဓားများပါရှိသည့် တိမ်တိုက်များအသွင် ပြောင်းလဲသွားကာ မိုးသက်မုန်တိုင်း တိုက်ခတ်နေသည့်အလား လွင့်စင်ထွက်သွားတော့သည်။
အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူ ရှစ်ယောက်မှာ အဝေးကြီးသို့ ထွက်ပြေးရန်ပင် အချိန်မရှိလိုက်ချေ။ သွေးဓားအစီအရင်မှာ သူတို့ကို ဖြတ်သန်းသွားပြီး သူတို့၏ အသားနှင့်သွေးများကို ခုတ်ထစ်ကာ သူတို့၏ အရိုးများကို အမှုန့်များဖြစ်သွားသည်အထိ ဆက်တိုက် ခုတ်ထစ်နေတော့သည်။ ထို့နောက် လေငြိမ်သွားသောအခါတွင် ထိုကျင့်ကြံသူရှစ်ယောက်မှာ အစအနပင် မကျန်တော့ချေ။
အခြား ကုံမြစ်ဂိုဏ်းခွဲအဖွဲ့ဝင်များက ထိုမြင်ကွင်းကို မြင်လိုက်သောအခါ သူတို့မှာ တုန်လှုပ်ကာ မှင်တက်နေကြတော့သည်။ ပိုင်ရှောင်ချန်းကမူ အေးစက်စက်တောက်ပနေသည့် မျက်ဝန်းများဖြင့် တိုက်ပွဲကြီးကို ဝေ့ဝိုက်ကြည့်ရှုနေတော့သည်။ လုပ်ကြံသူများကြောင့် အဏ္ဏဝါခေါ်သံဂိုဏ်းသားများ နေရာပေါင်းစုံတွင် သေဆုံးနေရသည်ကို သူကမြင်လိုက်ရလေသည်။ ထိုအခါ သူ၏ မျက်ဝန်းထဲတွင် အမုန်းတရားများ တောက်လောင်လာပြီး ညောင်ပင်များကိုဆက်၍ မတိုက်ခိုက်တော့ပဲ တိုက်ပွဲတစ်လျှောက်ဖြတ်ပျံကာ အရှောင်အတိမ်းကောင်းသည့် လုပ်ကြံသူများကို လိုက်လံ ရှာဖွေနေတော့သည်။
သူသွားသည့်နေရာတိုင်းတွင် မိုးခြိမ်သံကဲ့သို့ အသံများကို ကြားရစမြဲပင်။ လုပ်ကြံသူများ၏ လူသတ်နည်းလမ်းများမှာ အဇူရာခန္ဓာကိုယ်၏ စွမ်းအင်ကို ပိုင်ဆိုင်ထားသည့် ပိုင်ရှောင်ချန်းကို အနည်းငယ်မျှပင် မထိခိုက်နိုင်ပေ။
ချက်ချင်းပင် လုပ်ကြံသူများမှာ တုန်တုန်ရီရီနှင့် ပုန်းကွယ်သွားကြတော့သည်။ မည်သူမျှ ပိုင်ရှောင်ချန်းအနားသို့ မသွားရဲကြတော့ချေ။ ပိုင်ရှောင်ချန်းမှာ ထိုသူများကို လိုက်ဖမ်းရန် ပြင်လိုက်စဥ် သူ၏နောက်ဖက်မှ ဒေါသတကြီးအော်ဟစ်သံတစ်သံ ပေါ်ထွက်သည်။ ထိုအသံသည် အခြား ညောင်ပင်များထက် နှစ်ဆပို၍ ကြီးမားသည့် ညောင်ပင်တစ်ပင်ထံမှ ထွက်လာခြင်းဖြစ်သည်။
လောလောလတ်လတ် ဖြတ်ထားသော ဦးခေါင်းများကို ပန်းကုံသဖွယ် ဆင်မြန်းထားသည့် ထို ညောင်ပင်ကြီး၏ မျက်ဝန်းထဲတွင် ထူးဆန်းသော တောက်ပမှုကြီးတစ်ခုကို မြင်နိုင်ပေသည်။ ထိုဦးခေါင်းအချိို့မှာ စိတ်စွမ်းအင်နတ်ရေစင်အဖွဲ့ဝင်များ၏ ဦးခေါင်းများ ဖြစ်ကြောင်းကို ပိုင်ရှောင်ချန်းက သိသွားသောအခါ သူ၏ သတ်ဖြတ်လိုစိတ်များမှာ တဟုန်းဟုန်းထွက်ပေါ်လာတော့သည်။
ရုတ်တရက် ညောင်ပင်ကြီး၏ ပင်စည်ပေါ်တွင် မျက်နှာတစ်ခု ပေါ်ထွက်လာသည်။ ထိုမျက်နှာသည် ရူးသွပ်မှုများဖြင့် ပြည့်နှက်နေသည့် အဆိပ်ပြင်း မျက်ဝန်းများကိုပိုင်ဆိုင်ထားသည့် လူငယ်တစ်ဦး၏ မျက်နှာဖြစ်သည်။ သူက ပိုင်ရှောင်ချန်းကို ကြည့်ကာ ဆိုလိုက်လေသည်။
” အခြေခိုင်မာခြင်းအဆင့်ထဲမှာဆို ဖျက်စီးလို့မရနိုင်ဘူး ဟုတ်လား။ မင်းရဲ့အဆင့်ထဲမှာဆို မင်းက ပြိုင်ဘက်ကင်း ဟုတ်လား။ အောက်ပိုင်းဒေသက ဇောင်းကြွနေတဲ့ ကောင်တွေကများ။ ပြိုင်ဘက်ကင်းဆိုတာ ဘာကိုပြောတာလဲ ငါမင်းကိုပြမယ်။ အခြေခိုင်မာခြင်းအဆင့်မှာရှိရုံနဲ့ ဖျက်စီးလို့မရတဲ့ အပြင်ခန္ဓာကိုယ်က ဘာလဲဆိုတာ ငါမင်းကို ပြမယ်ဟေ့။ ”
သူ့ဆီသို့ ပြေးလာနေသည့် ညောင်ပင်ကြီးကို စိုးရိမ်တကြီး ကြည့်လိုက်ပြီး ပိုင်ရှောင်ချန်းက ရေရွတ်လိုက်လေသည်။
” ကုံမြစ်ဂိုဏ်းခွဲရဲ့ လက်ရွေးစင်တစ်ယောက်များလား။ ဒီလိုမျိူး ရူးသွပ်နေတဲ့ လူတွေကိုမြင်တိုင်း ငါကလည်း အသိစိတ်ဝင်အောင်လို့ သင်ခန်းစာပေးချင်စိတ်လေးတွေ ပေါ်ပေါ်လာတာကွ။ ”
တွေဝေမနေပဲ သူက တောင်ဖြိုသိုင်းကွက်ကိုသုံးက ရှေ့သို့ ပြေးထွက်သွားတော့သည်။
တောင်ဖြိုသိုင်းကွက် ပေါ်လာတိုင်း သူ၏စွမ်းအင်မှာ ယခင်ကထက် ပို၍ မြင့်မားသွားစမြဲပင်။
တောင်ဖြိုသိုင်းကွက်ကို ထုတ်သုံးလိုက်သောအခါ သူ၏နောက်တွင် ဒုတိယ အဇူရာတစ်ကောင်ထပ်ပေါ်လာပြီး ပထမအဇူရာကြီးနှင့် ပေါင်းစည်းသွားသဖြင့် ၎င်း၏စွမ်းအားများမှာ တဟုန်ထိုး မြင့်တက်သွားတော့သည်။
သူသည် လျင်မြန်စွာ လှုပ်ရှားလိုက်သဖြင့် ညောင်ပင်ကြီးမှာ တုံ့ပြန်ချိန်ပင် မရှိလိုက်ချေ။ သူသည် ပုံရိပ်ယောင်များအဖြစ်ပြောင်းလဲသွားပြီး တောင်တစ်တောင်လုံးက လေကိုဖြတ်ကာ ထိုညောင်ပင်ကြီးကို ဝင်တိုက်လိုက်သည့်အလား ဖြစ်သွားတော့သည်။
ကျယ်လောင်သော အုန်းခနဲ အသံကြီးတစ်သံထွက်လာပြီး ထိုနေရာရှိ လူတိုင်းမှာ မှင်တက်ကုန်ကြတော့သည်။ ညောင်ပင်ကြီးမှာမူ သွေးပျက်ခြောက်ခြားဖွယ် အော်ဟစ်ကာ ကြိုးပြတ်သွားသည့် စွန်တစ်ခုအလား နောက်သို့လွင့်စင်သွားပြီး မြစ်ကမ်းပါးနားရှိ မြေကြီးပေါ်သို့ ဝုန်းခနဲပြုတ်ကျသွားတော့သည်။
ထို့နောက် ၎င်းမှာ တိတ်ဆိတ်သွားတော့သည်။
” တစ်ချက်လေး တိုက်တာတောင် မခံနိုင်ကြပါလား။”
ပိုင်ရှောင်ချန်းက ဝင့်ကြွားစွာ ဆိုလိုက်လေသည်။ အစီအရင်ထဲရှိ အခြားကျင့်ကြံသူရှစ်ယောက်မှာ ခြောက်ကပ်ကပ် ပြုံးလိုက်ကြလေသည်။ ဤအခြေအနေသည် စိတ်ပူစရာမလိုကြောင်း သူတို့ သိကြသည်။ အခြေခိုင်မာခြင်းအဆင့်တွင် တောင်ဖြိုသိုင်းကွက်ကို တောင့်ခံနိုင်သည့်လူမှာ မရှိသလောက်ရှားပေသည်။