” ရိဖန်း။ ငါတို့က ညီအစ်ကိုတွေလေကွာ။ ဝမ်ပေါင်လဲ့ဆိုတဲ့ငါက ကိုယ်ကျင့်တရားရှိတဲ့ လူတစ်ယောက်ပါကွ။ အဲလို အရှက်မရှိတဲ့ လုပ်ရပ်တွေ လုပ်ပါ့မလား ” ဝမ်ပေါင်လဲ့မှာ အနည်းငယ်ခန့် အပြစ်ရှိသလို ခံစားနေရပါသော်လည်း သူ ထိုကဲ့သို့ ခံစားရလေလေ သူ၏ပုံစံမှာ ရိုးသားဖြောင့်မတ်မှုရှိသည့် လူတစ်ယောက်နှင့် ပို၍တူလာလေလေ ဖြစ်နေတော့သည်။ ထို့ကြောင့် သူသည် ကျိုးရိဖန်းအား ကြည်လင်ပြတ်သားမှု အပြည့်ရှိသော မျက်ဝန်းများဖြင့် စိုက်ကြည့်နေလိုက်၏။
ထိုအကြည့်ကြောင့် ကျိုးရိဖန်းမှာ အနည်းငယ်ခန့် ချီတုံချတုံ ဖြစ်သွားရ၏။ ဘေးတွင်ရပ်နေသည့် ကျောက်ယမုန့်မှာမူ မျက်လုံးများပင့်ကာ ဝမ်ပေါင်လဲ့အား စိုက်ကြည့်နေလိုက်၏။ သို့သော် သူမသည်လည်း ကြံရာမရ ဖြစ်နေရပြီ ဖြစ်သည်။ ထို့ကြောင့် သူမသည် ထိုအကြောင်းဆက်မတွေးတော့ရန် ဆုံးဖြတ်လိုက်၏။ ကျိုးရိဖန်းမှာလည်း တစ်ခဏမျှ စဉ်းစားတွေးတောနေလိုက်ပြီးနောက် သက်ပြင်းချသွားပြီး စကားဆက်မပြောတော့ပေ။
ဝမ်ပေါင်လဲ့မှာမူ မျက်တောင်တဖျတ်ဖျတ် ခပ်ကာ ချောင်းဟန့်လိုက်၏။ သူသည် ထိုကိစ္စကြီးအား အခြားမည်သူ့ကိုမှ ပြောပြ၍မဖြစ်ကြောင်း မှတ်ယူထားသည်။ သူသည် သူတို့နှစ်ယောက်စလုံးအား အသိမပေးဘဲ ဖုံးကွယ်ထားချင်သည်တော့မဟုတ်ပေ။ သို့သော် သူ၏ အတွင်းစိတ်ကမ္ဘာထဲ၌ လျှို့ဝှက်ချက်ပေါင်းမြောက်မြားစွာ ရှိနေသည်မဟုတ်ပါလော။
” ဒါတွေအကုန်လုံးက အမွေအနှစ်လေးတွေရဲ့ အပြစ်တွေချည်းပဲ။ နောက်တစ်ခါ အမှောင်ခြုံလွှာကြီး ဆင်းသက်လာတဲ့ အချိန်ကျ ငါ သူတို့ကို သင်ခန်းစာကောင်းကောင်းပေးရမယ်။ အဲတာမှ သူတို့တွေ ဖေဖေကြီးကို အပြစ်လုပ်မိတဲ့ အကျိုးဆက်တွေကို သိသွားမှာ ” ဝမ်ပေါင်လဲ့မှာ စိတ်ထဲ၌ နှာမှုတ်လိုက်ပြီး တင်ပျဉ်ခွေထိုင်ချလိုက်ပြန်သည်။ ထို့နောက် အမှောင်ခြုံလွှာကြီး ဆင်းသက်လာပြီး ကျိုးရိဖန်းနှင့် ကျောက်ယမုန့်တို့ ဉာဏ်အလင်းပွင့်ဖြစ်စဉ်ထဲသို့ ရောက်ရှိသွားချိန်တွင် ဝမ်ပေါင်လဲ့မှာ လေပေါ်သို့ ခုန်တက်သွားပြီး အော်ပြောလိုက်၏။
” အမွေအနှစ်လေးတွေ။ မင်းတို့တွေက ငါ့မကောင်းကြောင်းတွေ ပြောရဲလောက်အောင်ကို အတင့်ရဲနေကြပါလား။ ဒီတစ်ခါတော့ ဖေဖေကြီး စိတ်ဆိုးသွားပြီကွ ” ဝမ်ပေါင်လဲ့မှာ ထိုသို့အော်ဟစ်ရင်း ရှေ့သို့ပြေးထွက်လာ၏။ ထိုအခါ သူ၏ ပတ်ပတ်လည်တွင် ရှိနေကြသည့် တရားထိုင်နေကြသော လူရိပ်ကြီးများမှာ ချက်ချင်းပင် ထွက်ပြေးပျောက်ကွယ်သွားကြပါသော်လည်း ဝမ်ပေါင်လဲ့မှာ ၎င်းတို့၏ လှုပ်ရှားမှုများကို ကျင့်သားရနေပြီ ဖြစ်သောကြောင့် လေပေါ်သို့ အလျင်အမြန် ခုန်တက်သွားပြီး အရှိန်အဟုန်ဖြင့် လိုက်လံဖမ်းဆီးနေလိုက်တော့သည်။ သူသည် အပြင်းအထန် ကြိုးစားခဲ့နေခဲ့သဖြင့် အမှောင်ခြုံလွှာကြီး ပျောက်ကွယ်သွားခါနီး ဆဲဆဲမှာပင် လူရိပ်ကြီးတစ်ခုကို ဖမ်းမိသွားတော့သည်။
၎င်းမှာ အဘိုးကြီးတစ်ယောက်၏ လူရိပ်ကြီးတစ်ခု ဖြစ်၏။ ၎င်းမှာ ဝမ်ပေါင်လဲ့၏ အတွင်းစိတ်ကမ္ဘာထဲသို့ ရောက်ရှိလာပြီးနောက် မျက်နှာပျက်သွားရ၏။ ထို့နောက် သူသည် သူ၏ အမွေအနှစ်အား လက်ဆင့်ကမ်းကာ ခြောက်လှန့်ခံလိုက်ရပြီးနောက် ထိုကမ္ဘာကြီးထဲမှ ပြန်လည်လွတ်မြောက်လာတော့သည်။
ထိုဖြစ်ရပ်ကြီးကြောင့် အမှောင်ခြုံလွှာကြီး ပျောက်ကွယ်သွားချိန်တွင် ဝမ်ပေါင်လဲ့နှင့် အပေါင်းအပါများ၏ ပတ်ပတ်လည်၌ လူရိပ်တစ်ခုတစ်လေပင် ရှိမနေကြတော့ပေ…
နောက်ဆုံးတွင် ကျိုးရိဖန်းနှင့် ကျောက်ယမုန့်တို့မှာ အဆုံးအထိ ဉာဏ်အလင်းပွင့်သွားခဲ့ပါသော်လည်း တစ်ခုခုမှာ လွဲနေပြီဖြစ်ကြောင်း တဖြည်းဖြည်းနှင့် ခံစားလာရတော့သည်။
သူတို့သုံးယောက် ထိုနေရာမှထွက်ခွာသွားရန် ပြင်လိုက်စဉ်တွင် ယခင်တုန်းက လုံးဝ ပေါ်ပေါက်လာဖူးခြင်းမရှိသော လူရိပ်ကြီးများ ပေါ်ပေါက်လာ၏။ ၎င်းတို့မှာ သူတို့သုံးယောက် လမ်းပျောက်ကာ ထိုနေရာ၌ အကြာကြီးဆက်ရှိနေမည်ကို စိုးရိမ်နေသောကြောင့် သူတို့အား လမ်းပြပေးရန် ရံခါဖန်ခါဆိုသလို ပေါ်ပေါက်လာကြခြင်းဖြစ်သည်။ ကျိုးရိဖန်းနှင့် ကျောက်ယမုန့်တို့နှစ်ယောက်အား ဆွံ့အသွားစေသည့်အချက်မှာ ထိုလူရိပ်ကြီးများမှာ ပေါ်ပေါက်လာသည့်အချိန်တိုင်း တစ်ကိုယ်လုံး တဆတ်ဆတ်တုန်ရီနေကြပြီး အန္တရာယ်တစ်ခုခုကို အာရုံခံမိလိုက်သည်နှင့် ချက်ချင်းပင် ထွက်ပြေးကြသွားမည့်ပုံ ပေါက်နေခြင်းပင်ဖြစ်သည်။
” ငါတို့တွေက အဲလောက်အထိတောင် ကြောက်ဖို့ကောင်းနေတာလား။ လွန်လွန်းပါတယ် ” ဝမ်ပေါင်လဲ့မှာ စိတ်ဆိုးမာန်ဆိုးဖြင့် ကြိမ်းဝါးလိုက်သဖြင့် ကျိုးရိဖန်းမှာ ပါးစပ်အညောင်းခံ၍ စကားပြောမနေတော့ပေ။ ကျောက်ယမုန့်မှာလည်း စိတ်ပင်ပန်းနေရပြီ ဖြစ်သည်။ ကျောက်ယမုန့်မှာလည်း ထို လူရိပ်ကြီးများမှာ ဝမ်ပေါင်လဲ့အား ကြောက်ရွံ့နေကြသည်ကို အထင်အရှားမြင်နေရ၏။ ထို့ကြောင့် သူမသည် ဝမ်ပေါင်လဲ့မှာ သူတို့အား သူ၏အရှုပ်ထုပ်ကြီးထဲသို့ ဆွဲမထည့်သင့်ကြောင်း တွေးနေမိတော့သည်။
အမွေအနှစ်နယ်မြေထဲ၌ ထိုလူရိပ်ကြီး၏ လမ်းပြမှုများကြောင့် သူတို့သုံးယောက်မှာ ခဏအကြာတွင် နယ်စပ်ဒေသဆီသို့ ရောက်ရှိလာကြပြီး အဖြူရောင်ကုန်းမြေကြီးနှင့် အခြားတစ်ဖက်အား ပိုင်းခြားထားသည့် မျဉ်းကြောင်းကြီးအား မြင်လိုက်ရသည်။
ထိုမျဉ်းကြောင်းကြီး၏ အခြားတစ်က်တွင် မီးပင်လယ်ကြီးနှင့် ကောင်းကင်ယံထဲ၌ မျောလွင့်နေသည့် တောင်တန်းများ ရှိနေသည်။ အဆောင်ပစ္စည်းများ၏ အကျိုးအပဲ့အပိုင်းအစပေါင်း မြောက်မြားစွာမှာ လေထဲ၌ မျောလွင့်နေကြ၏။ သူတို့သုံးယောက်မှာ ထိုမြင်ကွင်းအား ရင်းရင်းနှီးနှီး မြင်ဖူးထားသောကြောင့် သိပ်မကြာခင်တွင် ထွက်ပေါက်ဆီသို့ ရောက်ရှိတော့မည်ဖြစ်ကြောင်း ချက်ချင်းပင်သိသွားကြသည်။
ကျိုးရိဖန်းနှင့် ကျောက်ယမုန့်တို့ နှစ်ယောက်စလုံးမှာ မီးပင်လယ်ကြီးနှင့် အမွေအနှစ်နယ်မြေကြီးအား နှိုင်းယှဉ်ကြည့်လိုက်ပြီးနောက် ဓားကိုယ်ထည်ပိုင်းထဲတွင် အမွေအနှစ် နယ်မြေကြီးမှာ ပို၍ပင် ဘေးကင်းသောနေရာဖြစ်ကြောင်း မှတ်ယူလိုက်ကြ၏။
ထို့အပြင် ဤခရီးစဉ်တစ်လျှောက်လုံးတွင် ဝမ်ပေါင်လဲ့မှာ အကြီးမားဆုံးတာဝန်ကို ယူထားရသည်မဟုတ်ပါလော။ ထို့ကြောင့် ကျောက်ယမုန့်မှာကျောက်ယမုန့်မှာ တစ်ခဏမျှ စဉ်းစားတွေးတောနေလိုက်ပြီးနောက် ဝမ်ပေါင်လဲ့အား စိုက်ကြည့်နေလိုက်တော့သည်။
” ပေါင်လဲ့ မှန်မှန်ဖြေ။ အမွေအနှစ်နယ်မြေထဲမှာပဲ ဆက်ရှိနေမယ်ဆိုရင် အပြင်ဘက်မှာရှိနေတာထက် ပိုပြီးတော့ ဘေးကင်းနိုင်လား ”
ကျောက်ယမုန့်မှာ မျက်နှာအမူအရာ တည်ကြည်မှုအပြည့်ဖြင့် မေးမြန်းနေသည်ဖြစ်သောကြောင့် ဝမ်ပေါင်လဲ့မှာတစ်ခဏမျှ စဉ််းစားတွေတောနေလိုက်ပြီးနောက် ဘေးပတ်ဝန်းကျင်အား အကဲခတ်ကာ ခေါင်းညိတ်ပြလိုက်၏။
” ဟုတ်တယ်။ အပြင်ဘက်က နေရာတွေနဲ့ယှဉ်မယ်ဆိုရင် ဒီနေရာက ပိုပြီးတော့ ဘေးကင်းလုံခြုံမှုရှိတယ်။ အမွေအနှစ်နယ်မြေထဲက လူရိပ်တွေ အသံတစ်သံ ထွက်လာတာနဲ့ ငါ သူတို့ကို ချက်ချင်း ချုပ်တည်းပစ်မယ် ” ဝမ်ပေါင်လဲ့မှာ မောက်မာကြွားမှုအအပြည့်ဖြင့် ကြိမ်းဝါးလိုက်၏။
” အဲလိုဆိုရင် ငါတို့တွေ ဒီနေ့ရာမှာဆက်ပြီးတော့နေကြတာပေါ့။ အခုဆိုရင် ငါက ဘေးဒုက္ခမိုးကောင်းကင် ရှေးဟောင်း မန္တန်အစီအရင်ကြီးကို ရခဲ့လို့ ငါရဲ့ကျင့်ကြံခြင်းအဆင့်လည်း တိုးတက်လာခဲ့ပြီ။ အဲတာမလို့ ငါက အမြုတေအဆင့်ကို အချိန်မရွေး ဖောက်ထွက်နိုင်စွမ်းရှိနေပြီ ” ကျောက်ယမုန့်မှာ ထိုသို့ဆိုကာ အသက်ပြင်းပြင်းရှူလိုက်၏။ ထိုအခါ သူမ၏ ဘေးတွင်ရှိနေသော ကျိုးရိဖန်းမှာလည်း ခေါင်းညိတ်ပြလိုက်၏။
” ငါလည်းတူတူပဲ။ ငါ ခဏလောက် တံခါးပိတ်ကျင့်ကြံပြီးသွားတာနဲ့ နှောင်းပိုင်း အခြေတည်အဆင့်ကနေ အခြေတည်ထိပ်ဆုံးအဆင့်ထိ ရောက်သွားနိုင်လိမ့်မယ်လို့ ယုံတယ် ”
” ကျိုးရိဖန်းနဲ့ ငါ ဖောက်ထွက်ပြီးသွားရင် ငါတို့ရဲ့ အိမ်အပြန်လမ်းခရီးက ပိုပြီးတော့ ဘေးကင်းနေလိမ့်မယ်။ ပေါင်လဲ့။ နင့်ရဲ့ ကျင့်ကြံခြင်းအဆင့်ကရော အခြေအနေ ဘယ်လိုလဲ ” ကျောက်ယမုန့်မှာ ဝမ်ပေါင်လဲ့အား နောက်ထပ်တစ်ကြိမ်ထပ်၍ စိုက်ကြည့်ကာ မေးမြန်းလိုက်၏။
အမှန်တွင် ဝမ်ပေါင်လဲ့မှာ ယခုဖြစ်ရပ်ကြီးကြောင့် အကျိုးအမြတ်မြောက်များစွာ ရရှိခဲ့ပြီးဖြစ်သည်။ တစ်ချိန်ထဲမှာပင် သူသည် သူ၏ ကျင့်ကြံခြင်းစွမ်းအားများထဲမှ အငွေ့အသက်များ အဆက်မပြတ် ပေါ်ထွက်လာနေသည်ကို အာရုံခံမိနေ၏။ သူသည် အနည်းငယ်ခန့် ကြိုးစားလိုက်ရုံဖြင့် အစောပိုင်း အမြုတေအဆင့်မှ အလယ်အလတ် အမြုတေအဆင့်သို့ ဖောက်ထွက်သွားနိုင်လိမ့်မည်ဟု ယုံကြည်ထား၏။
ကျောက်ယမုန့်၏ ပြောစကားများမှာ အဓိပ္ပါယ်ရှိပေသည်။ အမှန်တွင် အပြင်ဘက်၌ အလွန်အင်မတန်မှ အန္တရာယ်များနေမည် ဖြစ်ရာ ဘေးကင်းလုံခြုံမှုပိုရှိသော ဤနေရာ၌ ဖောက်ထွက်ခြင်းမှာ အကောင်ဆုံးရွေးချယ်မှု ဖြစ်ပေသည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ တစ်ခဏမျှ နှုတ်ဆိတ်သွားပြီးနောက် သဘောတူလိုက်၏။
” ဒီတစ်ခေါက် တံခါးပိတ်ကျင့်ကြံရတာ ဘယ်လောက်ကြာမလဲ မသိဘူး။ ငါတို့တွေ ဂူဗိမာန်ကြီးထဲမှာ ရခဲ့တဲ့ပစ္စည်းတွေကို စုလိုက်ကြတာပေါ့။ ငါကတော့ ဆေးလုံးတွေအများကြီး ရှာတွေ့ခဲ့တယ်။ အဲဒီဆေးလုံးတွေက ကျင့်ကြံခြင်း ဖောက်ထွက်နိုင်ဖို့အတွက် အထောက်အကူပြုနိုင်လောက်တယ် ” ကျိုးရိဖန်းမှာ ထိုသို့ဆိုလိုက်ပြီး ဂူဗိမာန်ကြီးထဲရှိ အဆောင်များထဲမှ ရရှိခဲ့သောပစ္စည်းများကို ထုတ်ယူလိုက်သည်။
သူတို့သုံးယောက်မှာ တစ်ယောက်ကိုတစ်ယောက် ယုံကြည်မှုအပြည့်ရှိကြသောကြောင့် ခရီးစဉ်တစ်လျှောက်လုံးတွင် ရရှိခဲ့သည်ပစ္စည်းများအား ဝေစုခွဲရန် စဉ်းစားတွေးတောနေခဲ့ခြင်းမရှိပေ။ သို့သော် ယခုတွင် သူတို့မှာ အမွေအနှစ်များ ရရှိသွားခဲ့ပြီးဖြစ်ပြီး ဤနေရာထဲမှ အချိန်မရွေး ပြန်ထွက်နိုင်တော့မည်ဖြစ်ကြောင်း သေချာနေပြီဖြစ်သည့်အပြင် သူတို့၏ ကျင့်ကြံခြင်းအဆင့်များမှာလည်း ဖောက်ထွက်လုနီးပါး ဖြစ်နေကြသောကြောင့် သူတို့ရယူနိုင်ခဲ့သည့် ပစ္စည်းများအကြောင်းကို စတင်တွေးတောနေကြတော့သည်။
ကျောက်ယမုန့်မှာလည်း ခေါင်းညိတ်ကာ သူမ ရယူခဲ့သည့် ပစ္စည်းများအား သူတို့၏ရှေ့၌ ချလိုက်၏။ ဝမ်ပေါင်လဲ့မှာလည်း ထိုနည်းတူပင်။ သူရယူနိုင်ခဲ့သည့် ပစ္စည်းများထဲမှာ တန်ဖိုးအကြီးဆုံးပစ္စည်းမှာ အဓိကဂိုဏ်းသားတစ်ယောက်၏ အသိအမှတ်ပြုတံဆိပ်ပြားတစ်ခုနှင့် ထိုအဓိကဂိုဏ်းသား၏ ရုပ်အလောင်းကြီး ဖြစ်ပေသည်။
” ဒီ ရုပ်အလောင်းကြီးဆီမှာ သိုလှောင်အိတ်တစ်လုံးလည်း ရှိနေသေးတယ် ” ဝမ်ပေါင်လဲ့မှာ ထိုသို့ဆိုကာ ထိုရုပ်အလောင်းကြီးဆီမှ သိုလှောင်အိတ်အား ထုတ်ယူလိုက်၏။ ထို့နောက် သူသည် ထိုရုပ်အလောင်းကြီးအား စစ်ဆေးကြည့်ရှုလိုက်သောအခါ ၎င်း၏ လည်ပင်းတွင်ပတ်ထားသော အရောင်မထွက်တော့သည့် လည်ဆွဲတစ်ခုအား တွေ့လိုက်ရ၏။
နောက်ဆုံးတွင် သူတို့သုံးယောက်မှာ ပစ္စည်းများအားလုံးကို စုစည်းလိုက်ပြီးနောက် ထိုသိုလှောင်အိတ်ကြီးအား ဖွင့်ကာ ပစ္စည်းများအား အမျိုးအစားခွဲနေလိုက်တော့သည်။ သူတို့မှာ ထိုကဲ့သို့ အမျိုးအစားခွဲနေကြရင်း သူတို့၏ အငွေ့အသက်များမှာ တဖြည်းဖြည်း ပြောင်းလဲလာကြ၏။ သူတို့ တစ်ယောက်ချင်းစီ ရယူနိုင်ခဲ့သည့် ပစ္စည်းများပင်လျှင် အလွန်အင်မတန်မှ များပြားနေပြီဖြစ်ရာ သူတို့သုံးယောက်စလုံး ရယူနိုင်ခဲ့သည့် ပစ္စည်းများအား စုပေါင်းလိုက်သောအခါ ကျောက်ယမုန့်ကဲ့သို့ တည်ကြည်မှုအပြည့်ရှိသော လူတစ်ယောက်ပင်လျှင် သူမ၏ နှလုံးသားထဲမှ စိတ်လှုပ်ရှားမှုများကို မထိန်းနိုင်တော့ဘဲဖြစ်သွားရ၏။
သူတို့သုံးယောက်မှာ ထိုပစ္စည်းများအားလုံးအား အမျိုးအစား ခွဲပြီးသွားသည့်အချိန်တွင် တအံ့တဩဖြစ်ကာ စိတ်လှုပ်ရှားနေသည့် မျက်ဝန်းများဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြတော့သည်။
” ငါတို့တော့ ထောပြီဟေ့ ” ဝမ်ပေါင်လဲ့မှာ သူတို့သုံးယောက်စလုံး ရယူနိုင်ခဲ့သည့် ပစ္စည်းများကိုကြည့်ရင်း အသက်ပြင်းပြင်းရှူမိသွား၏။ အသိအမှတ်ပြုတံဆိပ်ပြား စုစုပေါင်း အခုငါးဆယ်ကျော် ရှိနေပြီး ၎င်းတို့ထဲတွင် အဓိကဂိုဏ်းသားတစ်ယောက်၏ အသိအမှတ်ပြုတံဆိပ်ပြားတစ်ခုနှင့် အတွင်းစည်းဂိုဏ်းသားတစ်ယောက်၏ အသိအမှတ်ပြုတံဆိပ်ပြား သုံးခုပါ၏။ ကျန်အသိအမှတ်ပြုတံဆိပ်ပြားမှာ အပြင်စည်းဂိုဏ်းသားများ၏ အသိအမှတ်ပြုတံဆိပ်ပြားများ ဖြစ်ပေသည်။ ထိုအသိအမှတ်ပြုတံဆိပ်ပြားများ၏ စုစုပေါင်း တန်ကြေးပင်လျှင် တိုက်ပွဲရမှတ် အမှတ်သုံးသောင်းအထိ ရှိနေပြီဖြစ်သည်။
ထို့အပြင် ကျောက်ယမုန့်မှာ ဓမ္မရတနာသုံးခုအား ရယူနိုင်ခဲ့၏။ ၎င်းတို့မှာ ကျိုးပဲ့နေသည့် အနက်ရောင်လှံကြီးတစ်ချောင်း၊ သံလိုက်အိမ်မြှောင်တစ်ခုနှင့် ဧရာမ အောင်လံတံခွန်ကြီးတစ်ခုတို့ ဖြစ်ကြသည်။
ဝမ်ပေါင်လဲ့မှာ ထိုပစ္စည်းများအား စစ်ဆေးကြည့်ရှုလိုက်ပြီးနောက် ၎င်းတို့ထဲမှာ နှစ်ခုမှာ အဋ္ဌမအဆင့် ဓမ္မလက်နက်များနှင့် အဆင့်အတန်း အတူတူပင်ဖြစ်ကြောင်း သိလိုက်ရသည်။ ထိုနှစ်ခုမှာ သံလိုက်အိမ်မြှောင်နှင့် ဧရာမအောင်လံတံခွန်ကြီးတို့ပင်ဖြစ်သည်။ ထိုပစ္စည်းနှစ်ခုမှာ အတိုင်းအတာတစ်ခုအထိ အကောင်းပတိအတိုင်း ရှိနေသေးသည်ဟု သတ်မှတ်၍ရပေသည်။ ဝမ်ပေါင်လဲ့မှာ အနည်းငယ်မျှ ပြုပြင်လိုက်ရုံနှင့် ၎င်းတို့အား ချက်ချင်းအသုံးပြုနိုင်သွားမည်ဖြစ်သည်။
သူတို့သုံးယောက်စလုံးအား အံအားအသင့်ဆုံး ဖြစ်သွားစေခဲ့သည့် အရာမှာ အနက်ရောင်လှံကြီးပင်ဖြစ်သည်။ ၎င်းမှာ နဝမအဆင့် ဓမ္မလက်နက်တစ်ခု ဖြစ်နေသည်မဟုတ်ပါလော။
သို့သော် ၎င်းမှာ ကျိုးပဲ့ပျက်စီးနေသောကြောင့် ၎င်းအား ပြန်လည်ပြုပြင်နိုင်ရန် အချိန်အများကြီးပေးကာ ကုန်ကြမ်းပစ္စည်းအမြောက်အများ အသုံးပြုရမည်ဖြစ်သည်။ ၎င်းတို့အပြင် ဆေးပုလင်း ပုလင်းသုံးဆယ်ကျော်၊ သန့်စင်ခြင်းလုပ်ငန်းသုံး ဆေးလုံးပေါင်းမြောက်မြားစွာနှင့် သူတို့သုံးယောက် အမျိုးအစားမခွဲခြားနိုင်သော ကုန်ကြမ်းပစ္စည်းမြောက်မြားစွာလည်း ရှိနေသေးသည်။
၎င်းတို့မှာ သူတို့သုံးယောက် ရယူနိုင်ခဲ့သည့် ပစ္စည်းများအားလုံး၏ တစ်စိတ်တစ်ပိုင်းမျှသာဖြစ်သည်။ ကျိုးရိဖန်းမှာလည်း ကျင့်ကြံခြင်းပညာရပ်သုံးခု မှတ်တမ်းတင်ထားသော ကျောက်စိမ်းပေလွှာသုံးခုကို ရှာတွေ့ခဲ့သေးသည်။ ၎င်းတို့မှာ သူတို့ သုံးယောက်ရရှိခဲ့သော အမွေအနှစ်များနှင့် မယှဉ်နိုင်ပါသော်လည်း ကျယ်ပြန့်ပညာရပ်အဆောင်သို့ ရောက်ဖူးထားသော ဝမ်ပေါင်လဲ့မှာ ထိုပညာရပ်သုံးခုအား မှတ်မိနေ၏။ ၎င်းတို့မှာ တိုက်ပွဲရမှတ် အမှတ်ငါးထောင်ဝန်းကျင်ခန့် တန်ကြေးရှိသော ကျင့်ကြံခြင်းပညာရပ်များ ဖြစ်ကြသည်။
ထို့အပြင် နက္ခလမ်းညွှန်အလင်းရောင် မန္တန်ဟုခေါ်သော မန္တန်များလည်း ရှိနေသေးသည်။
ထိုပစ္စည်းများ၏ တန်ကြေးများကို ခန့်မှန်းနိုင်ရန်မှာ မလွယ်ကူပေ။ သို့သော် ခဏအကြာတွင် သူတို့သုံးယောက်မှာ အခြားပစ္စည်းများအားလုံး၏ စုစုပေါင်းတန်ဖိုးထက် ပို၍ တန်ဖိုးမြင့်သော ပစ္စည်းတစ်ခုကို တွေ့လိုက်ရတော့သည်။
၎င်းမှာ ဝမ်ပေါင်လဲ့ ရုပ်အလောင်းကြီးဆီမှ ရရှိခဲ့သော လည်ဆွဲကြီးပင် ဖြစ်သည်။ ၎င်းမှာ ရတနာတစ်ခုမဟုတ်ဘဲ တမူထူးခြားသည့် သိုလှောင်ကိရိယာတစ်ခု ဖြစ်နေ၏။ ထိုလည်ဆွဲကြီးထဲတွင် သားရဲတစ်ကောင်၏ အရေခွံကြီးတစ်ခု ရှိနေသည်။
ထို သားရဲအရေခွံကြီးအား အပြင်ဘက်သို့ထုတ်ယူလိုက်သည်နှင့် စကားလုံးများနှင့် ဖော်ပြ၍မရနိုင်လောက်အောင် ရှေးဆန်သော အငွေ့အသက်တစ်ခု ထွက်ပေါ်လာ၏။ ထို သားရဲအရေခွံကြီးပေါ်တွင် နတ်ဘုရားလက်နက်တစ်ခုအား သန့်စင်နိုင်သည့် နည်းပညာတစ်ခုကို မှတ်တမ်းတင်ထား၏။
” နတ်ဘုရားလက်နက် သန့်စင်ခြင်းနည်းလမ်းတစ်ခုပါလား ” တည်ကြည်မှုအပြည့်ရှိသော ကျောက်ယမုန့်ပင်လျှင် သူမ၏ စိတ်လှုပ်ရှားမှုများကို မထိန်းချုပ်နိုင်တော့ဘဲ အော်ပြောမိလိုက်၏။ ကျိုးရိဖန်းမှာမူ တစ်ခေါင်းလုံး ထူပူသွားရ၏။ ဝမ်ပေါင်လဲ့မှာမူ မျက်လုံးများပြူးကျယ်လာပြီး ထိုသားရဲအရေခွံကြီးအား စိုက်ကြည့်ရင်း အလွန်အင်မတန်မှ စိတ်လှုပ်ရှားလာရတော့သည်။
ပြည်ထောင်စုကြီး တစ်ခုလုံးထဲတွင်ပင် နတ်ဘုရားလက်နက် တစ်ခုသာ ရှိသည်မဟုတ်ပါလော။ ဝမ်ပေါင်လဲ့မှာ နတ်ဘုရားလက်နက်တစ်ခုအဖြစ် သတ်မှတ်နိုင်သည့် အမှောင်အဆောင်ပစ္စည်းတစ်ခုအား ပိုင်ဆိုင်ထားပါသော်လည်း ၎င်းမှာ ကျိုးပဲ့ပျက်စီးနေသည်ဖြစ်ပြီး ၎င်းအား ပြုပြင်နိုင်ရန်မှာ အလွန်အင်မတန်မှ ခက်ခဲပေသည်။
ထို့အပြင် ဝမ်ပေါင်လဲ့မှာ ထိုအမှောင်အဆောင်ပစ္စည်းအား ပိုင်ဆိုင်ထားသောကြောင့် နတ်ဘုရားလက်နက်များ၏ စွမ်းပကားများကို အခြားသူများအားလုံးထက် ပို၍နားလည်ထား၏။