Switch Mode

အခန်း ( ၃၃၀ )

ကောင်းကင်ညောင်ပင်ကြီးကို ချုပ်နှောင်ခြင်း

အဏ္ဏဝါခေါ်သံဂိုဏ်းအတွက် ဤတိုက်ပွဲကို အနိုင်ယူရန် သော့ချက်တစ်ခုရှိပေသည်။

၎င်းမှာ ကြောက်မက်ဖွယ် ညောင်ပင်ကြီးပင်ဖြစ်သည်။

ကောင်းကင်တံတား စစ်သင်္ဘောများဆီမှ တိုက်ခိုက်မှုများတွင် ရည်ရွယ်ချက်တစ်ခုသာရှိပေသည်။ ကြောက်မက်ဖွယ် ညောင်ပင်ကြီးဆီသို့ ပိုင်ရှောင်ချန်းအရောက်သွားနိုင်ရန် လမ်းရှင်းပေးရန်ဖြစ်သည်။

အလင်းတန်းသုံးတန်းမှာ ဓားသွားအလား ချွန်ထက်သည့် ဓားများက ဝါးပင်များကို ခုတ်ထွင်းသွားသကဲ့သို့ အရာရာတိုင်းကို ဖြတ်တောက်သွားတော့သည်။ ၎င်းတို့သည် ညောင်ပင်ကြီးကို ဝင်တိုက်မိသောအခါ သစ်ပင်ကြီးမှာ တုန်ရီသွားပြီး ခါးသီးစွာ အော်ဟစ်လိုက်သဖြင့် ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများ၏ ပါးစပ်များထဲမှ သွေးများပင် စီးကျလာတော့သည်။

သို့သော်လည်း ထိုအော်သံမှာ သွေးဘိုးဘေးကြီးအပေါ်တွင် အကျိုးသက်ရောက်မှုမရှိချေ။ ပိုင်ရှောင်ချန်း၏ ထိန်းချုပ်မှုအောက်တွင် သွေးဘိုးဘေးကြီးသည် လေပေါ်သို့ မြင့်မားစွာ ခုန်တက်ကာ ရှေးဟောင်း ညောင်ပင်ကြီး၏ ရှေ့တည့်တည့်သို့ ရောက်သွားတော့သည်။ ထို့နောက် ၎င်းသည် လက်သီးဆုပ်ကာ တောင်ဆယ်လုံးနှင့်ညီမျှသောအားဖြင့် ညောင်ပင်ကြီးကို ထိုးလိုက်လေသည်။

အုန်းခနဲ ကျယ်လောင်သော အသံကြီးတစ်သံထွက်လာပြီး ဧရာမသစ်ပင်ကြီးမှာ ပို၍ ပြင်းထန်စွာ လှုပ်ခတ်သွားတော့သည်။ မီတာသုံးဆယ်ခန့် အလျားရှိသော အမြစ်ကြီးတစ်မြစ်ထွက်ပေါ်လာသဖြင့် ရုတ်တရက် ကောင်းကင်တံတားမြစ်၏ မျက်နှာပြင်ပေါ်တွင် ဧရာမလှိုင်းလုံးကြီးများ ထလာတော့သည်။ ထိုအမြစ်ကြီးမှာ မီတာသုံးထောင်ကျော် ရှည်လျားပြီး ဓားသွားများအလား ချွန်ထက်နေသည်။ ထို့နောက် ၎င်းသည် သွေးဘိုးဘေးကြီးထံသို့ ဦးတည်ကာလာနေသဖြင့် လေထဲတွင် တရွှီရွှီမြည်သံများပင် ထွက်လာတော့သည်။

ဒုန်း….

သွေးဘိုးဘေးကြီးမှာ ထိခိုက်မှုမရှိသော်လည်း အတွင်းထဲရှိ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းသားများစွာမှာ ထိုရိုက်ခတ်မှုဒဏ်ကြောင့် သွေးများအန်ကာ သူတို့၏ ကျင့်ကြံခြင်းအခြေခံများကို အထိန်းအကွပ်မလွတ်သွားစေရန် ရုန်းကန်နေရတော့သည်။ အချိန်အနည်းငယ်သာ ရကြောင်း ပိုင်ရှောင်ချန်းက သိသဖြင့် သူသည် လျင်မြန်စွာပင် နောက်ထပ် လက်သီးတစ်ချက် ထိုးလိုက်တော့သည်။

ထိုလက်သီးချက်သည် ယင်ယန်ဝိညာဥ်အဆင့်ရှိသော ကျင့်ကြံသူတစ်ယောက်ကိုပင် အပြင်းအထန် ဒဏ်ရာရသွားစေနိုင်သည့် လက်သီးချက်ဖြစ်ပါသော်လည်း ညောင်ပင်ကြီးမှာ ပြိုလဲမသွားသေးပေ။

သို့သော်လည်း ထိုသစ်ပင်ကြီးမှာ သွေးဘိုးဘေးကြီး၏ ကြောက်မက်ဖွယ်စွမ်းအားကြောင့် တုန်လှုပ်နေပြီဖြစ်သည်။ ထို့အပြင် ၎င်းသည် စွမ်းအင်အနည်းငယ်ကိုသာ သုံးနေသည်ဖြစ်ကြောင်းကိုလည်း ထိုသစ်ပင်ကြီးက သိပေသည်။ သွေးဘိုးဘေးကြီး၏ တိုက်ပွဲစွမ်းရည်ကို အပြည့်အဝသာ ထုတ်သုံးလိုက်ပါက လက်သီးတစ်ချက်ထဲနှင့်ပင် ထိုညောင်ပင်ကြီးကို အစိတ်စိတ်အမြွှာမြွှာ အက်ကွဲသွားအောင် ထိုးနိုင်မည်ဖြစ်သည်။

သို့သော်လည်း ထိုစွမ်းအင်၏ အနည်းငယ်ကိုသာ အသုံးပြုနေပါသော်လည်း တုန်လှုပ်ဖွယ် ကောင်းနေဆဲပင်။ ဘီလူးကြီးကို ဒဏ်ရာရရှိစေရန် သစ်ပင်ကြီးက မစွမ်းနိုင်သော်လည်း အတွင်းထဲရှိ ထိန်းချုပ်နေသူအား သတ်နိုင်မည်ဟု ၎င်းက ယုံကြည်ထားလေသည်။

ဤအချိန်တွင် သစ်ပင်ကြီးမှာ ထိုသို့သတ်နိုင်ရန် မည်သည်ကိုမဆို ပေးဆပ်မည့် အနေအထားသို့ ရောက်နေပြီဖြစ်သည်။ ပိုင်ရှောင်ချန်းက ထိုသစ်ပင်ကြီးကို ဝင်တိုက်လိုက်သောအခါ ၎င်းမှာ ရှေ့နောက် ယိမ်းထိုးနေတော့သည်။ ကုံမြစ်ဂိုဏ်းခွဲ၏ ကျင့်ကြံသူများမှာမူ တုန်လှုပ်နေကြပြီး နီမြန်းနေသော မျက်လုံးများဖြင့် ဝင်ရောက် တားဆီးရန် ကြိုးပမ်းနေကြသည်။

ထိုအသက်တမျှ အရေးကြီးလှသည့် အချိန်တွင် သွေးဘိုးဘေးကြီးထံသို့ ဒုတိယ၊ တတိယနှင့် စတုတ္ထမြောက် အမြစ်များက ပျံဝဲလာနေတော့သည်။

လေထဲတွင် တရွှီရွှီမြည်သံများဖြင့် ပြည့်နှက်နေပြီး ပိုင်ရှောင်ချန်းမှာ အံကြိတ်နေတော့သည်။ သူသည် နှလုံးခန်းထဲတွင်ရှိနေသည့်အတွက် တိုက်ခိုက်ခံရမှုများ၏ ဒဏ်ကို အခြားလူများကသာ ခံစားနေခြင်းဖြစ်သည်။ သို့သော်လည်း ပိုင်ရှောင်ချန်း၏ ပါးစပ်ထဲမှ သွေးများစီးကျနေသည့်အပြင် တိုက်ခိုက်မှုများမှာလည်း ပို၍ အားကောင်းလာနေသည်။

အနည်းငယ်ကြာသောအခါ ပဥ္စမမြောက် အမြစ်ကြီးထွက်လာပြီး အမြစ် ရှစ်ခုရှိသည်အထိ ဆက်တိုက်ထွက်လာတော့သည်။ သွေးဘိုးဘေးထဲရှိ ကျင့်ကြံသူများမှာ ထိုဒဏ်များကို ခက်ခက်ခဲခဲ အံတုနေရပြီး အများစုမှာ သတိမေ့မျောနေကြပြီဖြစ်သည်။ ထို့ကြောင့် သွေးဘိုးဘေးကြီးကို ပိုင်ရှောင်ချန်း၏ ထိန်းချုပ်နိုင်စွမ်းမှာလည်း ယိမ်းယိုင်လာတော့သည်။

သို့သော်လည်း သွေးဘိုးဘေးကြီး၏ ဆက်လက်တိုက်ခိုက်မှုကြောင့် ညောင်ပင်ကြီး၏ ပင်စည်ထဲတွင် အပေါက်ကြီးတစ်ပေါက် ပေါက်သွားပြီဖြစ်သည်။

” ဒီလိုပုံစံနဲ့ ရှေ့ဆက်သွားဖို့ မဖြစ်နိုင်ဘူးဟေ့။”
ပိုင်ရှောင်ချန်းက တလက်လက်တောက်ပနေသည့် မျက်ဝန်းများဖြင့် တွေးတောလိုက်သည်။ ထို့နောက် အသံကုန်အော်ဟစ်လိုက်ပြီး သွေးဘိုးဘေးကြီး၏ လက်များကိုဆန့်ထုတ်၍ ပွင့်သွားသည့် အပေါက်ထဲသို့ ထိုးထည့်လိုက်ပြီး ရှိသမျှအားအကုန်သုံးကာ ထိုအပေါ်ကို ပို၍ကျယ်လာစေရန် ဆွဲဖြဲနေတော့သည်။

ထိုအခါ နားစည်များပင်ကွဲအက်စေနိုင်သည့် စူးစူးရှရှ အော်သံကြီးတစ်သံပေါ်ထွက်လာသဖြင့် မြစ်၏နှစ်ဖက်လုံးတွင်ရှိသော ကုံမြစ်ဂိုဏ်းခွဲမှ ဂိုဏ်းသားများမှာ သွေးပျက်လုမတတ် အော်ဟစ်ကုန်ကြတော့သည်။ လေထဲတွင် တိုက်ခိုက်နေကြသည့် ယင်ယန်ဝိညာဥ်အဆင့် ကျင့်ကြံသူများအားလုံးပင်လျှင် တုန်လှုပ် အံ့သြသွားကြတော့သည်။

ပိုင်ရှောင်ချန်း၏ ဆွဲဖြဲမှုကြောင့် အပေါက်ကြီးမှာ ယခင်ကထက် နှစ်ဆပို၍ ကျယ်သွားသဖြင့် ညောင်ပင်ကြီး၏အော်သံများ မှာ ကောင်းကင်ထိတိုင်အောင် ပဲ့တင်ထပ်နေတော့သည်။

အမြစ်ကြီးက သွေးဘိုးဘေးကြီးကို ရိုက်ခတ်လိုက်သောအခါ ပိုင်ရှောင်ချန်းမှာ သတိမေ့မျောတော့မည့်အလား ခံစားလိုက်ရလေသည်။ သွေးဘိုးဘေးထဲရှိ အခြားကျင့်ကြံသူများမှာလည်း သွေးများအန်ကုန်ကြသည်။ သွေးဘိုးဘေးကြီးအပေါ် သူ၏ထိန်းချုပ်မှုမှာ လျော့ရဲလာကြောင်း ပိုင်ရှောင်ချန်းမှာ ခံစားနေတော့သည်။

ထိုအချိန်တွင် မီတာသုံးသောင်းခန့်ရှည်လျားသည့် ဧရာမအမြစ်ကြီးနှစ်မြစ်မှာ ရုတ်တရက် ကောင်းကင်တံတားမြစ်ထဲမှ မြင့်တက်လာတော့သည်။

၎င်းတို့မှာ ယခင်က အမြစ်များနှင့် လုံးဝမတူပေ။ ထိုအမြစ်နှစ်မြစ်သည် ညောင်ပင်ကြီး၏ ပင်မအမြစ်များ ဖြစ်သည်။ ၎င်းတို့သည် ဧရာမ ကျောက်တိုင်ကြီးများနှင့်ဆင်တူပြီး ဘယ်ဖက်မှတစ်မြစ် ညာဖက်မှတစ်မြစ်နေကာ သွေးဘိုးဘေးကြီးကို ရိုက်ခတ်လိုက်ကြတော့သည်။

ထိုအချိန်သည် တွေးတောချင့်ချိန်နေရန် အချိန်မရှိသည့် သေရေးရှင်ရေးကိစ္စတစ်ခုဖြစ်ပေသည်။ ပိုင်ရှောင်ချန်း၏ မျက်ဝန်းများမှာ နီရဲနေပြီး သူသည် အလိုအလျောက်အသိစိတ်များ အတိုင်း တုံ့ပြန်နေပြီဖြစ်သည်။ သွေးဘိုးဘေးကြီး၏ ဘယ်လက်မှာ ဘယ်ဖက်ရှိ အမြစ်ကြီးကို လှမ်းကာ ဆုပ်ကိုင်လိုက်လေသည်။ ထိုအမြစ်ကြီးကို သွေးဘိုးဘေးကြီး၏ ဘယ်ဖက်ဂျိုင်းအောက်တွင်ညှပ်ကာ ပိုင်ရှောင်ချန်းသည် သွေးဘိုးဘေးကြီး၏ ညာလက်ဖြင့် အခြားအမြစ်ကို လှမ်း၍ဆုပ်ကိုင်လိုက်ပြီး ညာဖက်ဂျိုင်းအောက်တွင် ညှပ်လိုက်ပြန်သည်။

ထိုအခါ ဘယ်နှင့်ညာ နှစ်ဖက်စလုံးမှ မိုးခြိမ်းသံကဲ့သို့ အသံများ ပေါ်ထွက်လာတော့သည်။ ပိုင်ရှောင်ချန်းသည် စက္ကူရွက်အလား ဖြူဆွတ်နေသည့် မျက်နှာဖြင့် သူတတ်နိုင်သမျှ စွမ်းအင်အကုန်ထုတ်သုံးကာ သွေးဘိုးဘေးကြီး၏ ခြေထောက်များကို ကွေးလိုက်လေသည်။

” ငါမင်းကို သတ်နိုင်ချင်မှ သတ်နိုင်လိမ့်မယ်။ ဒါပေမဲ့ မင်းကိုတော့ ချုပ်ထားလို့ရတယ်ကွ။ ” သွေးဘိုးဘေးကြီးသည် အမြစ်နှစ်မြစ်ကို တင်းကြပ်စွာ ဆုပ်ကိုင်ကာ မြစ်အောက်ထဲသို့ နစ်ဝင်သွားတော့သည်။

ကောင်းကင်တံတားမြစ်၏ မျက်နှာပြင် အောက်သို့ သွေးဘိုးဘေးကြီးသည် အမြစ်နှစ်မြစ်ကို ဆုပ်ကိုင်ကာ မြစ်အောက်ခြေအထိ နစ်မြုပ်သွားသောအခါ ကျယ်လောင်သည့် တဂျုန်းဂျုန်းမြည်သံများ ပေါ်ထွက်လာတော့သည်။ ညောင်ပင်ကြီးမှာ မည်မျှပင် ရုန်းကန်စေကာမူ ဤအခြင်းအရာကို မတားဆီးနိုင်တော့ချေ။

အားးးးးးးး

ညောင်ပင်ကြီးမှာ ရူးသွပ်နေပါသော်လည်း ကူရာမဲ့နေပြီဖြစ်သည်။ မျက်စိတစ်မှိတ်အတွင်း ရေထဲသို့နစ်မြုပ်သွားသည့် သွေးဘိုးဘေးကြီးကြောင့် ညောင်ပင်ကြီးမှာ လဲကျသွားပြီဖြစ်သည်။

ယခုတွင် ညောင်ပင်ကြီးကို ချုပ်မိသွားပြီဖြစ်ရာ ၎င်းသည် စွမ်းအားကြီး နတ်ဘုရားစွမ်းရည်များကို ထုတ်ရန် မဆိုထားနှင့် ရုန်းကန်ရန်ပင် ခက်ခဲသွားပြီဖြစ်သည်။ ဤအချိန်ကို အခွင့်ကောင်းယူကာ ပိုင်ရှောင်ချန်းက သွေးဘိုးဘေးကြီး၏ ပါးစပ်ကိုဖွင့်ကာ ကောင်းကင်တံတားမြစ်၏ မျက်နှာပြင်အောက်ခြေမှနေ၍ ကြောက်မက်တုန်လှုပ်ဖွယ်ကောင်းစွာ ဟိန်းဟောက်လိုက်လေသည်။

ချက်ချင်းပင် လေပြင်းတစ်ချက်တိုက်ခတ်သွားပြီး ရေပြင်ထဲတွင် ဥမင်တစ်ခုပေါ်လာတော့သည်။ ထိုထဲမှနေ၍ မရေမတွက်နိုင်သော သွေးစွမ်းအင်နတ်ရေစင် ဂိုဏ်းသားများ ပေါ်ထွက်လာတော့သည်။ လေပြင်းထံမှ ရရှိသော အားကိုအသုံးချကာ သူတို့သည် အပြင်သို့ ပျံထွက်လာကြခြင်းဖြစ်သည်။ ရွှေအမြုတေအဆင့် ကျင့်ကြံသူများ၊ အခြေခိုင်မာခြင်းအဆင့် ကျင့်ကြံသူများ၊ ခေါင်းဆောင်ကြီးများနှင့် အပြင်စည်းဂိုဏ်းသားများစွာတို့ပင်လျှင် အပြင်ဘက်သို့ ထွက်လာကြတော့သည်။

သူတို့အားလုံးမှာ ဒဏ်ရာရထားကြပါသော်လည်း ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၏ ဒယ်စောက်အိုးထဲမှလာသော အလင်းတန်းထဲသို့ ဝင်ရောက်လိုက်သောအခါ သူတို့၏ ဒဏ်ရာများမှာ အနာကျက်ကုန်ကြသည်။ သူတို့အပြင်ထွက်လာသည်နှင့် တစ်ပြိုက်နက် အခြားအဖွဲ့သုံးဖွဲ့၏ အဖွဲ့ဝင်များမှာ အပြေးလာကာ ကူညီကြပြီး အများစုမှာ သွေးစွမ်းအင်နတ်ရေစင်အဖွဲ့၏ ကျိုင်းကောင်သဏ္ဍာန်ရှိသည့် တိုက်ပွဲပုံစံအဖြစ် စုစည်းသွားကြတော့သည်။

ဖုန်းရှိန်ကျစ် ၊ ခေါင်းဆောင်ကြီးအတုမဲ့နှင် စုန့်မျိုးနွယ်စုခေါင်းဆောင်ကြီးအပါအဝင် ယင်ယန်ဝိညာဥ်အဆင့် ကျင့်ကြံသူများအားလုံးမှာ ဟိန်းဟောက်ကာ အလင်းတန်းများအသွင်ပြောင်းလဲပြီး ယင်ယန်ဝိညာဥ်အဆင့် တိုက်ပွဲများကို သွားရောက်ကူညီရန် ထွက်သွားကြတော့သည်။

သူတို့အားလုံးမှာ ပုံစံအမျိုးမျိုးဖြင့် ဒဏ်ရာရထားကြပါသော်လည်း တိုက်ပွဲထဲတွင် ဝင်ရောက်ကူညီတိုက်ခိုက်လိုက်ကြသောအခါ ယင်ယန်ဝိညာဥ်အဆင့် တိုက်ပွဲများမှာလည်း ရွှေအမြုတေ အဆင့်တိုက်ပွဲများကဲ့သို့ဖြစ်သွားပြီး အဏ္ဏဝါခေါ်သံဂိုဏ်းမှာ အသာစည်း ရသွားတော့သည်။

ရွေအမြုတေအဆင့် တိုက်ပွဲများကမူ ပို၍ပင် တစ်ဖက်စီးဆန်သွားတော့သည်။

သွေးဘိုးဘေးကြီး၏ ပါးစပ်ထဲမှ နောက်ဆုံးပျံထွက်လာသူမှာ ပါးစပ်ထဲမှသွေးများ ပန်းထွက်နေသည့် ပိုင်ရှောင်ချန်းဖြစ်သည်။ သူပေါ်ထွက်လာသည်နှင့် တပြိုင်နက် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းမှ ကျင့်ကြံသူ ရှစ်ယောက်မှာ သူ့ဆီသို့ ပျံသန်းသွားကြတော့သည်။

ထိုရှစ်ယောက်မှာ ပိုင်ရှောင်ချန်းအတွက် သူစိမ်းများ မဟုတ်ကြချေ။ သူတို့မှာ တာအိုသစ်စေ့တောင်၏ နဝမမြောက် မန္တန်အစီအရင်ကို ပိုင်ရှောင်ချန်းနှင့် အတူ ထုတ်ဖော်ခဲ့ကြသည့်လူများဖြစ်ကြသည်။ သူတို့သည် အနည်းငယ်မျှ တုံ့ဆိုင်းမနေပဲ ပိုင်ရှောင်ချန်းအနားသို့ ရောက်သွားကြပြီးနောက် ချက်ချင်းပင် မန္တန်အစီအရင်တစ်ခု၏ အလင်းရောင်များ ပေါ်ထွက်လာတော့သည်။

” ပေါ်စေ။ ”
ပိုင်ရှောင်ချန်းက အော်ဟစ်လိုက်လေသည်။ ချက်ချင်းပင် သူတို့ကိုးယောက်ပတ်လည်တွင် အလင်းရောင်များမှာ မြင့်တက်သွားပြီး မီတာသုံးရာကျော် မြင့်မားသည့် ဘီလူးကြီးအသွင်ပြောင်းလဲသွားကာ လေပေါ်သို့ ခုန်တက်သွားတော့သည်။ ၎င်းအပေါ်သို့ ခုန်တက်သွားသည့်အချိန်တွင် ညာလက်ကိုဆန့်ထုတ်လိုက်သောအခါ သွေးရောင်ဓားကြီးတစ်ချောင်း ပေါ်ထွက်လာသည်။ ထိုဓားမှာ အလယ်တောင်ရှိ ကျင့်ကြံသူများ၏ သွေးချီများကိုသုံးကာ ပေါ်ပေါက်လာခြင်းဖြစ်သည်။

ပိုင်ရှောင်ချန်းမှာ ထိုဓားကြီးကို လေထဲသို့ မြှောက်လိုက်ပြီး ခုတ်ချလိုက်သောအခါ အနီးရှိ ညောင်ပင်ကြီးမှာ နှစ်ပိုင်း ပြတ်သွားတော့သည်။

ဂျုန်းဂျုန်းဂျုန်း…

အရာရာတိုင်းမှာ ကြမ်းတမ်းစွာ တုန်ခါသွားကြပြီး ဘေးနားရှိ ကြည့်နေသူများမှာ အဏ္ဏဝါခေါ်သံဂိုဏ်း၏ ပြင်ဆင်မှုနှင့် အသင်းအဖွဲ့စွမ်းရည်တို့ကို ကြည့်ကာ အလွန်အမင်း တုန်လှုပ်နေကြတော့သည်။

ကျင့်ကြံသူမျိုးနွယ်စုများနှင့် အသေးစားဂိုဏ်းများထံမှ ကျင့်ကြံသူများမှာ ပို၍ပင်ဆိုးလေသည်။ သူတို့၏ အတွေးများမှာ ဂယောင်ခြောက်ခြား ဖြစ်နေကြပြီး တုန်လှုပ်မှုကြောင့် ဦးရေခွံများမှာလည်း တဆစ်ဆစ်ဖြစ်နေတော့သည်။

အဏ္ဏဝါခေါ်သံဂိုဏ်း၏ စွမ်းအားနှင့် ပြတ်သားမှုကိုကြည့်ကာ သူတို့၏ ဝိညာဥ်များပင်လျှင် ကြောက်လန့်နေကြရတော့သည်။

သွေးဘိုးဘေးကြီးနှင့် ညောင်ပင်ကြီးတို့၏ တိုက်ပွဲမှာ မည်သူမှ တစ်သက်မေ့မရတော့မည့် တိုက်ပွဲတစ်ပွဲ ဖြစ်သွားပြီဖြစ်သည်။ ထိုတိုက်ပွဲဖြစ်စေ၊ ယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံသူများ၏ တိုက်ပွဲဖြစ်စေ၊ ရွှေအမြုတေအဆင့် တိုက်ပွဲများဖြစ်စေ ကုံမြစ်ဂိုဏ်းခွဲမှာ အဖက်ဖက်မှ အရေးနိမ့်နေသည်မှာ အထင်အရှားပင်။

မျိုးနွယ်စုများနှင့် အသေးစားဂိုဏ်းများမှ ကျင့်ကြံသူများအားလုံးမှာ မှင်တက်နေကြပြီး သူတို့၏ မျက်ဝန်းများမှာ ထူးဆန်းသော အလင်းရောင်များ တလက်လက်တောက်ပနေကြတော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset