” ငါ့ရဲ့ အမွေအနှစ်ကို… နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာလို့ခေါ်တယ် ” ဝမ်ပေါင်လဲ့မှာ ကျိုးရိဖန်းနှင့် ကျောက်ယမုန့်တို့၏ စကားများကိုကြားလိုက်ရပြီးနောက် သူ၏ အမွေအနှစ်အကြောင်းကို ထုတ်ပြောလိုက်၏။ သို့သော် သူသည် သူ၏ အတွင်းစိတ်ကမ္ဘာထဲတွင် ကြုံခဲ့ရသော လူရိပ်ကြီးနှင့် သူ၏ကြားမှ ဇာတ်လမ်းများကို ပြောမပြခဲ့ပေ…
အမှန်တွင် သူကိုယ်တိုင်ပင်လျှင် သူ၏ အတွင်းစိတ်ကမ္ဘာများထဲ၌ ရှိနေသော အရာများကြောင့် ကြောက်ရွံ့တုန်လုပ်နေရသည်ဖြစ်သည်။ ထို့အပြင် သူသည် အလွန်အင်မတန်မှ ကံကောင်းသောလူတစ်ယောက်ဖြစ်သည်ဟု တဖြည်းဖြည်းနှင့် ပို၍ ယုံကြည်လာတော့သည်။ ထိုသို့သာမဟုတ်ပါက သူသည် ယခုလို အခြားသူများနှင့် လုံးဝမတူလောက်အောင် ကွဲထွက်နေမည် မဟုတ်ပေ။
သူသည် စိတ်ထဲတွင်ကျိတ်၍ ကျေနပ်နေပါသော်လည်း ထိုအကြောင်းအရာများကို အခြားသူများအား ပြောပြ၍မဖြစ်ပေ။ ဝမ်ပေါင်လဲ့၊ ကျိုးရိဖန်းနှင့် ကျောက်ယမုန့်တို့မှာ သူတို့၏ ဘေးပတ်ဝန်းကျင်အား အကဲခတ်လိုက်ပြီးနောက် တရားထိုင်နေသည့် လူရိပ်ကြီးများ ရှိမနေသည့် အခိုက်အတန့်ကို အခွင့်ကောင်းယူကာ ရှေ့သို့ ပြေးထွက်သွားကြတော့သည်။
ကျိုးရိဖန်းမှာ ဒဏ်ရာရထားသည့်တိုင်အောင် သူ၏ အမွေအနှစ်နှင့် ကြုံတွေ့ခဲ့ရပြီးနောက် သူ၏ ဒဏ်ရာများမှာ သိသိသာသာ ပြန်လည်သက်သာလာခဲ့၏။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ သူ့အား ကျောပိုးပေးနေစရာ မလိုတော့ပေ။ သူသည် ရှေ့သို့ပြေးလွှားနေရင်း သူ၏ ခြေထောက်အောက်၌ အေးစက်စက် သတ္တုရောင်တစ်ခု မှိတ်တုတ်မှိတ်တုတ် တောက်ပလာ၏။ ထို့ကြောင့် သူသည် ယခင်တုန်းကထက် သိသိသာသာပို၍ မြန်ဆန်လာတော့သည်။ ကျောက်ယမုန့်မှာလည်း ထိုနည်းတူပင်။ သူတို့သုံးယောက် ရှေ့သို့ပြေးလွှားနေကြစဉ် သူမ၏ မျက်ဝန်းများထဲ၌ ချင့်ချိန်တွေးတောနေသည့် အရိပ်အယောင်များ ပေါ်ပေါက်လာ၏။ ထို့နောက် သူမ၏လက်ဖြင့် မန္တန်လက်ကွက်များ ဖော်လိုက်သည့်အချိန်တွင် သူတို့သုံးယောက်မှာ ပို၍ပင် မြန်ဆန်လာကြတော့သည်။
ဝမ်ပေါင်လဲ့မှာ သူတို့နှစ်ယောက်၏ ပြောင်းလဲမှုများကြောင့် အံ့အားသင့်သွားရပြီး နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာ အမွေအနှစ်ကြီးအကြောင်းကို စိတ်ထဲ၌ တွေးမိသွား၏။ ထို အမွေအနှစ်ကြီးမှာ အလွန်အင်မတန်မှ ထူးဆန်းသည့်ပုံပေါ်နေ၏။ ဝမ်ပေါင်လဲ့မှာ တစ်ခဏမျှ တွေးတောသုံးသပ်ကြည့်လိုက်ပြီးနောက် သူသည် ၎င်းအား အလွယ်တကူ ကျင့်ကြံနိုင်လိမ့်မည် မဟုတ်ကြောင်း ရိပ်မိသွား၏။ သူသည် အခန်းကဏ္ဍအချို့နှင့် ပတ်သတ်၍ ဉာဏ်အလင်းပွင့်ရန် လိုအပ်နေသေးသည့်ပုံပင်။
” ငါ ငါ့ရဲ့ အတွင်းစိတ်ကမ္ဘာကြီးထဲမှာ အရမ်းကြမ်းမိသွားလို့ ဟို နတ်ဘုရားဧကရာဇ်လေးက အဲဒီပညာရပ်ကို ကျင့်ကြံရမယ့် နည်းလမ်းတွေ တမင်တကာ မပေးခဲ့တာများလား ” ဝမ်ပေါင်လဲ့မှာ ချက်ချင်းပင် သံသယဝင်သွားရ၏။ သူသည် ထိုကိစ္စနှင့် ပတ်သတ်၍ တွေးတောမိလေလေ ထိုကဲ့သို့ပင် ဖြစ်ရမည်ဟု ပို၍ ယုံကြည်လာလေလေ ဖြစ်နေတော့သည်။ ထို့ကြောင့် သူသည် နှာမှုတ်လိုက်ပြီး သူ၏ ” အဆင့်တစ် ” အစွမ်းအစများနှင့်သာဆိုလျှင် တစ်ခဏမျှ တံခါးပိတ်ကျင့်ကြံပြီးသွားပါက နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီးအား အောင်မြင်စွာ ကျင့်ကြံနိုင်လိမ့်မည်ဖြစ်ကြောင်း စိတ်ထဲ၌ ရေရွတ်နေလိုက်၏။
ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးတောလိုက်ပြီးနောက် စိတ်အေးလက်အေးဖြစ်သွားပြီး ကျိုးရိဖန်းနှင့် ကျောက်ယမုန့်တို့နှင့်အတူ မည်းမှောင်နေသော နယ်မြေကြီးထဲ၌ ရှေ့သို့ ဆက်၍ ပြေးလွှားနေလိုက်တော့သည်။ ထိုသို့ဖြင့် အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားပါသော်လည်း သူတို့သုံးယောက်မှာ အရှိန်လျော့ကျသွားခြင်းမရှိပေ။ အချိန်မည်မျှမှန်းမသိ ကုန်ဆုံးသွားပြီးနောက် တရားထိုင်နေသည့် ကျောချမ်းဖွယ်ရာ လူရိပ်ကြီးများ ပြန်လည်ပေါ်ပေါက်လာချိန်တွင် သူတို့ သုံးယောက်၏ အောက်တွင်ရှိနေသော မြေပြင်ကြီးမှာ အနက်ရောင်မဟုတ်တော့ဘဲ အဖြူရောင်ပြောင်းသွားပြီဖြစ်သည်။
ထို အဖြူရောင်ကုန်းမြေကြီးမှာ သူတို့သုံးယောက် ကျော်ဖြတ်ခဲ့သည့် အနက်ရောင်ကုန်းမြေကြီးနှင့် ဆက်ကျင်ဘက်ကဲ့သို့ ဖြစ်နေ၏။ သို့သော် တရားထိုင်နေသည့် လူရိပ်ကြီးများမှာမူ ပြောင်းလဲသွားခြင်းမရှိပေ။ ၎င်းတို့မှာ ပြန်လည်ပေါ်ပေါက်လာကြပြီးနောက် မျက်လုံးများမပါသော ဟောင်းလောက်ပေါက် နှစ်ပေါက်ဖြင့် သူတို့သုံးယောက်အား စိုက်ကြည့်နေကြဆဲပင်။ သူတို့သုံးယောက် လေပေါ်သို့ ပျံတက်သွားကြသည့် အချိန်တွင်လည်း မြေပြင်ပေါ်တွင်ရှိနေသည့် လူရိပ်ကြီးများမှာ သူတို့အား မျက်ခြည်မပြတ် လိုက်ကြည့်နေကြ၏။
သို့သော် သူတို့မှာ အမွေအနှစ်များနှင့် ကြုံခဲ့ရပြီးဖြစ်သောကြောင့် ကျင့်သားရသွားကြသည်ပုံပင်။ ထို့ကြောင့် သူတို့မှာ ယခင်တုန်းကလောက် စိုးထိတ်နေခြင်းမရှိတော့ပေ။ အထူးသဖြင့် ဝမ်ပေါင်လဲ့မှာဆိုလျှင် သူတို့ရောက်နေသည့်နေရာ၌ ဘေးအန္တရာယ်များမရှိတော့ကြောင်း ခံစားနေရ၏။ သူတို့ ကြုံတွေ့နေရသည့် တစ်ခုတည်းသော ပြဿနာမှာ ထိုနယ်မြေကြီးမှာ အလွန်အင်မတန်မှ ကြီးမားကျယ်ပြောနေသည့် အချက်ပင်ဖြစ်သည်။ သူတို့ ထိုအဖြူရောင်ကုန်းမြေများထဲမှ ထွက်ခွာလာပြီးနောက် ရက်အနည်းငယ်အကြာတွင် ကောင်းကင်ယံထဲ၌ အမှောင်ခြုံလွှာကြီး ပြန်လည်ပေါ်ပေါက်လာပြန်သည်။ ၎င်းမှာ ကောင်းကင်ယံထဲတွင်ရှိနေသော အနီရောင်အက်ကွဲကြောင်းကြီး သုံးခုအပါအဝင် အရာအားလုံးကို ဖုံးလွှမ်းသွား၏။
မိုးကောင်းကင်နှင့်ကမ္ဘာမြေကြီး မှောင်မိုက်သွားကြချိန်တွင် ကျိုးရိဖန်းနှင့် ကျောက်ယမုန့်တို့၏ နားထဲ၌ တတွတ်တွတ် ရေရွတ်သံများ ပဲ့တင်ထပ်သွား၏။ ထို့နောက် သူတို့နှစ်ယောက်မှာ ခန္ဓာကိုယ်များမှာ တုန်ရီသွားကြပြီး နောက်ထပ်တစ်ကြိမ်ထပ်၍ သတိလစ်သွားကြပြန်သည်။ ဝမ်ပေါင်လဲ့ တစ်ယောက်သာလျှင် ကြောင်အန်းအန်းနှင့် ကျန်ရစ်ခဲ့၏။ သူသည် သူ၏နားထဲ၌ မည်သည့်ရေရွတ်သံကိုမှ မကြားရသလို သူ၏ အတွင်းစိတ်ကမ္ဘာထဲသို့လည်း မဝင်နိုင်ဘဲ ဖြစ်နေရကြောင်း သိလိုက်၏။ သူ၏ ပတ်ပတ်လည်ရှိ တရားထိုင်နေသည့် လူရိပ်ကြီးများပင်လျှင် သူ၏အနားသို့ မကပ်ရဲဘဲ ဖြစ်နေရသဖြင့် သူသည် ကြံရာမရဖြစ်နေရတော့သည်။
” ဘာလဲကွ။ ငါ့ကို လျစ်လျူရှုနေကြတာလား။ ဒါ ခွဲခြားခွဲခြားဆက်ဆံတာပဲ ” ဝမ်ပေါင်လဲ့မှာ အလွန်အင်မတန်မှ မကျေမနပ်ဖြစ်နေရ၏။ သူသည် သူ၏ အတွင်းစိတ်ကမ္ဘာကြီးမှာ အလွန်အင်မတန်မှ အစွမ်းထက်လွန်းနေသောကြောင့် ဤနေရာတွင်ရှိနေကြသည့် အမွေအနှစ်များမှာ သူ့အား မရွေးဘဲ ရှောင်တိမ်းနေရခြင်း ဖြစ်ရမည်ဟု မှတ်ယူလိုက်၏။ ထို့ကြောင့် သူသည် သူ့ဘက်မှ လှုပ်ရှားရန် ပြင်လိုက်တော့သည်။ သူသည် မျက်တောင်တဖျတ်ဖျတ် ခပ်လိုက်ပြီး သူ၏ အလျင်မြန်ဆုံး အမြန်နှုန်းအား ထုတ်သုံးကာ တရားထိုင်နေသည့် လူရိပ်ကြီးများဆီသို့ ပြေးသွားလိုက်၏။ ထို့နောက် သူသည် ၎င်းတို့၏ အနီးသို့ ရောက်လာသောအခါ လူရိပ်ကြီးတစ်ခုအား လှမ်း၍ဖမ်းဆွဲလိုက်တော့သည်။
အမွေအနှစ်နယ်မြေထဲတွင် အမှောင်ခြုံလွှာကြီး ပေါ်ပေါက်လာသဖြင့် ထူးဆန်းအံ့ဖွယ်ပြောင်းလဲမှုများ ဖြစ်ပေါ်သွားခဲ့သည့်ပုံပင်။ ထို့ကြောင့် ထိုအမှောင်ခြုံလွှာကြီး ကောင်းကင်ယံကြီးတစ်ခုလုံးအား မဖုံးလွှမ်းသွားခင်တုန်းက မည်သည့်အရာကိုမှ ဖမ်းဆုပ်နိုင်စွမ်းမရှိခဲ့သော ဝမ်ပေါင်လဲ့မှာ ယခုတွင် လူရိပ်ကြီးတစ်ခုအား လှမ်း၍ ဖမ်းဆုပ်မိလိုက်သည်နှင့် တစ်ပြိုင်နက် တစ်ခေါင်းလုံး ထူပူသွားရပြီး သူ၏ အတွင်းစိတ်ကမ္ဘာထဲသို့ ပြန်၍ရောက်သွားတော့သည်။
ခဏအကြာတွင် သူ၏ အတွင်းစိတ်ကမ္ဘာထဲ၌ မပျော်မရွှင် ဖြစ်နေသည့်ပုံပေါ်သော အစွမ်းထက်လူရိပ်ကြီးတစ်ခု ပေါ်ပေါက်လာတော့သည်။ သူ၏ မကျေမနပ်ဖြစ်နေသော စကားသံကြီးမှာလည်း ပဲ့တင်ထပ်သွား၏။
” ငါ ကိုယ်တိုင် မရွေးခဲ့တဲ့လူတစ်ယောက်ကို ငါ့ရဲ့ အမွေအနှစ်တွေ မပေးနိုင်ဘူး ”
သို့သော် သူ စကားဆုံးသွားသည်နှင့် တစ်ပြိုင်နက် ဝမ်ပေါင်လဲ့မှာ ချောင်းဟန့်လိုက်၏။ ထို့နောက် သူသည် သူ၏လက်ကို ဝှေ့ယမ်းလိုက်ပြီး သူ၏ အတွင်းစိတ်ကမ္ဘာ ငါးခုစလုံးအား ထုတ်ပြလိုက်သဖြင့် ချက်ချင်းဆိုသလိုပင် စူးရှကျယ်လောင်သော အော်ဟစ်သံများနှင့် ပင့်သက်ရှိုက်သံများ ထွက်ပေါ်လာ၏။ ထို့အပြင် ဝမ်ပေါင်လဲ့၏ အတွင်းစိတ်ကမ္ဘာထဲ၌ သနားစရာကောင်းသည့် ငိုကြွေးသံများလည်း ပဲ့တင်ထပ်နေတော့သည်။
အချိန်အတော်အတန် ကြာမြင့်သွားပြီးနောက် အမွေအနှစ်နယ်မြေကြီးအား ဖုံးလွှမ်းထားသည့် အမှောင်ခြုံလွှာကြီးမှာ ပျောက်ကွယ်သွားပြီး ဝမ်ပေါင်လဲ့နှင့် အပေါင်းအပါများမှာလည်း သတိပြန်ရလာတော့သည်။ ကျောက်ယမုန့်မှာ မန္တန်အစီအရင်များအကြောင်း ပို၍နားလည်လာသည့်ပုံ ပေါက်နေပြီး ကျိုးရိဖန်းမှာလည်း နတ်ဘုရားလက်နက် အသွင်ပြောင်းပညာရပ် ကိုးဆင့်နှင့်ပတ်သတ်၍ ပို၍ကျွမ်းကျင်လာပြီဖြစ်ကြောင်း အထင်အရှားမြင်နိုင်ပေသည်။
ဝမ်ပေါင်လဲ့မှာ သိချင်ဇောဖြင့် မေးမြန်းကြည့်လိုက်သောအခါ သူတို့နှစ်ယောက်မှာ ယခင်အကြိမ်တုန်းက ရောက်ရှိသွားခဲ့သည့် အမွေအနှစ်ကမ္ဘာထဲသို့ ဝင်ရောက်သွားခဲ့ကြခြင်းဖြစ်ပြီး သူတို့ ရရှိခဲ့သော အမွေအနှစ်များအား ပို၍အစွမ်းထက်လာအောင် လုပ်နိုင်ခဲ့သည်ဟု သိလိုက်ရ၏။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ သူသည် ခွဲခြားဆက်ဆံခံနေရပြီး နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာဟုခေါ်သော အစွမ်းထက်လူရိပ်ကြီးမှာ သဘောထားသေးသိမ်လွန်းနေသည်ဟု ခံစားလိုက်ရသဖြင့် ညည်းတွားမိနေတော့သည်။ သူသည် ထိုလူရိပ်ကြီးအား အနည်းငယ်မျှသာ ခြောက်လှန့်ခဲ့သည်မဟုတ်ပါလော။
” ကိစ္စမရှိပါဘူးလေ။ သူ ပေါ်မလာလည်း တခြား အမွေအနှစ်တွေနဲ့ဆို ဖြစ်ပါတယ် ” ဝမ်ပေါင်လဲ့မှာ ထိုသို့နှလုံးသွင်းလိုက်ပြီး နေတတ်လျှင် ကျေနပ်စရာကြီးဖြစ်ကြောင်း မှတ်ယူလိုက်၏။ သူသည် မျှော်လင့်ချက်များပင် ကြီးထွားလာ၏။ ကျိုးရိဖန်းနှင့် ကျောက်ယမုန့်တို့မှာလည်း ထိုနေရာတွင် ရှိနေရသည့် ကောင်းကွက်များကို နားလည်လာသောကြောင့် ဝမ်ပေါင်လဲ့နှင့် ဆွေးနွေးညှိနှိုင်းလိုက်ကြပြီးနောက် ထိုနေရာ၌ အကြာကြီးဆက်နေရန် ဆုံးဖြတ်လိုက်ကြသည်။ သူတို့မှာ သူတို့ ရရှိခဲ့သော အမွေအနှစ်များအား ပြီးပြည့်စုံသည့်အဆင့်အထိ ရောက်အောင် ကြိုးစားကြမည်ဖြစ်သည်။ ထိုကဲ့သို့သော အခွင့်အရေးများမှာ ကျိုးရိဖန်းနှင့် ကျောက်ယမုန့်တို့အတွက် တစ်သက်မှ တစ်ခါသာကြုံဖူးသည့် အခွင့်အရေးများ ဖြစ်နေကြသည်မဟုတ်ပါလော။
ဝမ်ပေါင်လဲ့မှာလည်း သူတို့၏ဆုံးဖြတ်ချက်အား အပြည့်အဝ သဘောတူလိုက်၏။ သူသည် ကျိုးရိဖန်း၏ ပုခုံးကိုပုတ်ကာ သဘောကျနှစ်သက်နေသည့် မျက်ဝန်းများဖြင့် သူ့အား စိုက်ကြည့်လိုက်သည်။
” ရိဖန်း။ မင်းရဲ့အကြံက ကောင်းသားပဲကွ။ ငါတို့တွေ ဉာဏ်အလင်း မပွင့်မချင်း ဒီနေရာကနေ မပြန်ဘူးကွာ။ ဟားဟား။ ဒီနေရာကြီးက ငါတို့အတွက် ရတနာနယ်မြေကြီး တစ်ခုလိုပဲကွ ” ဝမ်ပေါင်လဲ့၏ မျက်ဝန်းများထဲ၌ မျှော်လင့်ချက်ရောင်ခြည်များ သန်းနေသည်ကို မြင်နိုင်ပေသည်။ ကျိုးရိဖန်းမှာ အတွေးလွန်နေခြင်း မရှိပါသော်လည်း ကျောက်ယမုန့်မှာမူ ဝမ်ပေါင်လဲ့မှာ ထူးဆန်းနေကြောင်း သတိထားမိလိုက်သည့်ပုံပင်။ သို့သော် သူမသည် မည်မျှအထိ ကြိုးစားစေကာမူ ဝမ်ပေါင်လဲ့၏ အံ့ဩဖွယ်ရာ အတွေ့အကြုံများကို စိတ်ကူးနှင့်ပင် မှန်းဆကြည့်နိုင်မည်မဟုတ်ပေ။
ထိုသို့ဖြင့် ထိုနယ်မြေကြီးထဲတွင် တရားထိုင်နေသည့် လူရိပ်ကြီးများ ထပ်၍ ပေါ်ပေါက်လာကြပြီး အမှောင်ခြုံလွှာကြီးမှာလည်း ထပ်၍ ဆင်းသက်လာပြန်သည်။ ထို့ကြောင့် ကျိုးရိဖန်းနှင့် ကျောက်ယမုန့်တို့မှာလည်း သတိလစ်သွားကြ၏။ သူတို့နှစ်ယောက် သတိလစ်သွားကြသည်နှင့် ဝမ်ပေါင်လဲ့မှာ ခေါင်းထဲ၌ အကြံဆိုးကြီးတစ်ခု ပေါ်ပေါက်လာပြီး အရောင်တောက်နေသည့် မျက်ဝန်းများဖြင့် လေပေါ်သို့ခုန်တက်သွားလိုက်တော့သည်။
” အမွေအနှစ်လေးတွေရေ။ ဖေဖေကြီး လာပြီဟေ့ ” ဝမ်ပေါင်လဲ့မှာ စိတ်လှုပ်တရှား အော်ဟစ်လိုက်ပြီး တရားထိုင်နေသည့် လူရိပ်ကြီးများဆီသို့ အမြန်ဆုံး ချဉ်းကပ်သွားလိုက်ပြီး ၎င်းတို့ထဲမှ လူရိပ်ကြီးတစ်ခုအား လှမ်း၍ ဖမ်းဆွဲလိုက်၏။ ထို့နောက် သူသည် နှုတ်ခမ်းအား လျှာဖြင့်လျှက်ကာ ထိုလူရိပ်ကြီးနှင့်အတူ လေပေါ်သို့ ခုန်တက်သွားလိုက်သည်။ သူသည် အခြားလူရိပ်ခုနစ်ခုတိတိ ထပ်၍ ဖမ်းယူပြီးသွားသောအခါမှ စိတ်ကျေနပ်သွားတော့သည်။ ထို့နောက် သူသည် ၎င်းတို့နှင့် တစ်သားတည်း ပေါင်းစည်းလိုက်၏။
ထိုအခါ သူသည် ချက်ချင်းဆိုသလိုပင် တစ်ခေါင်းလုံး ထူပူသွားရပြီး သူ၏ အတွင်းစိတ်ကမ္ဘာထဲ၌ အစွမ်းထက်လူရိပ်ပေါင်း မြောက်မြားစွာ ပေါ်ပေါက်လာကြတော့သည်…
ထိုသို့ဖြင့် တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွား၏။ ထိုအတောအတွင်းတွင် ကျိုးရိဖန်းနှင့် ကျောက်ယမုန့်တို့မှာ ခြောက်ကြိမ်တိတိ ထပ်၍ ဉာဏ်အလင်းပွင့်ခြင်း ဖြစ်စဉ်များနှင့် ကြုံတွေ့ခဲ့ရသည်။ ဝမ်ပေါင်လဲ့၏ မျက်ဝန်းများထဲမှ မျှော်လင့်ချက်အရိပ်အယောင်များမှာ အားကောင်းလွန်းနေသောကြောင့် ကျောက်ယမုန့်မှာ သံသယဝင်လာရတော့သည်။ သူမ တစ်ယောက်တည်းပင် မဟုတ်ပေ။ ကျိုးရိဖန်းပင်လျှင် တစ်ခုခုလွဲ နေပြီဖြစ်ကြောင်း သတိထားမိလာ၏… အဘယ်ကြောင့်ဆိုသော် သူတို့သုံးယောက် အမှောင်ခြုံလွှာကြီး ဆင်းသက်လာရန် စောင့်ဆိုင်းနေကြသည့် အချိန်များတွင် ပေါ်ပေါက်လာကြသည့် လူရိပ်ကြီးများ၏ အရေအတွက်မှာ တစ်ကြိမ်ထက်တစ်ကြိမ် ပို၍နည်းပါးလာသောကြောင့်ဖြစ်သည်။
” ဝမ်ပေါင်လဲ့။ မင်း ငါတို့နှစ်ယောက်ကို မပြောပြဘဲ ဖုံးကွယ်ထားတဲ့ အရာတွေရှိလား ” ကျိုးရိဖန်းမှာ ဉာဏ်အလင်းပွင့်ခြင်းဖြစ်စဉ်အား နှစ်ကြိမ်တိတိ ဖြတ်ကျော်ခဲ့ပြီးနောက် စစချင်းတွင် သူတို့၏ ပတ်ပတ်လည်၌ မရေမတွက်နိုင်လောက်အောင် ရှိနေခဲ့သည့် လူရိပ်ကြီးများမှာ တစ်ဝက်တိတိ လျော့ကျသွားပြီဖြစ်ကြောင်း သတိထားမိလိုက်သဖြင့် အထူးတဆန်းဖြစ်နေသော မျက်နှာအမူအရာကြီးဖြင့် ဝမ်ပေါင်လဲ့အား မေးမြန်းလိုက်တော့သည်။
” ဘာလို့ ရှိရမှာလဲကွ။ လျှောက်မတွေးပါနဲ့ကွာ။ အကုန်လုံး အရင်အတိုင်းပါပဲ။ သွားသွား။ မင်းတို့နှစ်ယောက်စလုံး ဉာဏ်အလင်းပွင့်အောင် သွားလုပ်လိုက်ကြဦး။ ဒီနေရာကြီးက အကောင်းစားနေရာကြီးတစ်ခုပဲ ” ဝမ်ပေါင်လဲ့ ခေါင်းယမ်းကာ ချက်ချင်းပင် ငြင်းဆိုလိုက်၏။ သို့သော် ဘေးတွင်ရပ်နေသော ကျောက်ယမုန့်မှာ သူ့အား စိုက်ကြည့်နေပြီဖြစ်သည်။
” အကုန်လုံး အရင်အတိုင်းပဲ ဟုတ်လား။ တရားထိုင်နေတဲ့ လူရိပ်ကြီးတွေကိုလည်း ကြည့်လိုက်ဦး။ သူတို့က ပြုံးမနေတော့တဲ့အပြင် နင့်ကို ကြောက်နေတဲ့ပုံပါ ပေါက်နေကြပြီ။ တချို့ဆိုရင် ဝေဒနာဒုက္ခတွေနဲ့ ကြုံခဲ့ရတဲ့ပုံနဲ့ တစ်ကိုယ်လုံး တုန်နေကြတာ။ စွမ်းအားတစ်မျိုးမျိုးက သူတို့ကို ထပ်ခါတလဲလဲ ပြန်ပေါ်လာအောင် လုပ်နေလို့သာ သူတို့က ပြန်ပေါ်လာနေကြတာ။ အဲလိုသာမဟုတ်ရင် သူတို့တွေအကုန်လုံး ဒီနေရာကနေ ထွက်ပြေးပြီးသွားလောက်ပြီ။ ဝမ်ပေါင်လဲ့။ မှန်မှန်ပြောစမ်း။ ဘာတွေဖြစ်နေတာလဲ ”
” သူတို့က ငါ့ကို မကြည့်ရဲဘူး ဟုတ်လား။ ငါက အဲ့လောက်တောင် ကြောက်ဖို့ကောင်းနေတာလား ” ဝမ်ပေါင်လဲ့မှာ မယုံနိုင်လောက်အောင် ဖြစ်သွားသည့်ပုံစံ ဟန်ဆောင်လိုက်၏။ ထို့နောက် သူသည် မတ်တတ်ထလာပြီး ခပ်လှမ်းလှမ်း၌ တရားထိုင်နေသည့် လူရိပ်ကြီးတစ်ခုဆီသို့ ချဉ်းကပ်သွားရန် ပြင်လိုက်သည်။ သို့သော် သူ ၎င်း၏ အနားသို့ ရောက်မလာနိုင်ခင်မှာပင် သူနှင့် ပေတစ်ထောင်အကွာတွင် ရှိနေသော ထိုလူရိပ်ကြီးမှာ သူ မတ်တတ်ထလာသည်ကို မြင်လိုက်ရသဖြင့် ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။ ထိုလူရိပ်ကြီး တစ်ခုတည်းသာ ပျောက်ကွယ်သွားသည်မဟုတ်ပေ။ ၎င်း၏ ပတ်ပတ်လည်တွင် ရှိနေကြသော အခြားလူရိပ်ပေါင်းများစွာမှာလည်း တစ်ပြိုင်နက်တည်း ပျောက်ကွယ်သွားကြ၏။ အလွန်အင်မတန်မှ ဝေးကွာသောနေရာများတွင် ရှိနေကြသည့် လူရိပ်ကြီးများသာ ကျန်ရစ်ခဲ့ကြပြီး ၎င်းတို့မှာလည်း မှုန်ဝါးဝါး ဖြစ်နေကြပြီဖြစ်သည်…
” ဘာမှ အဖြစ်သဲနေစရာ မလိုပါဘူးဟ။ အမှောင်ခြုံလွှာကြီးတောင် ပေါ်လာသေးတာ မဟုတ်ဘူး ” ဝမ်ပေါင်လဲ့မှာ မျက်တောင်တဖျတ်ဖျတ်ခပ်ကာ ရေရွတ်လိုက်ပြီး ရှက်ကိုးရှက်ကန်းဖြစ်နေသည့် အမူအရာဖြင့် ကျိုးရိဖန်းနှင့် ကျောက်ယမုန့်တို့အား ကြည့်လိုက်၏။
အမှန်တွင် ယခင်အကြိမ်များတုန်းက အမှောင်ခြုံလွှာကြီး ပေါ်ပေါက်လာသည့်အချိန်တိုင်း ဝမ်ပေါင်လဲ့မှာ ထိုလူရိပ်ကြီးများအား လိုက်လံဖမ်းဆီးခဲ့ပါသော်လည်း ၎င်းတို့မှာ အရပ်မျက်နှာအနှံ့သို့ ထွက်ပြေးသွားခဲ့ကြသည်သာ ဖြစ်သည်။ ထို့ကြောင့် သူသည့် လူရိပ်တစ်ခုကိုပင် ဖမ်းမိနိုင်ရန် အများကြီး ကြိုးစားအားထုတ်ခဲ့ရ၏။
” ပေါင်လဲ့။ ငါ့ရဲ့ နောက်ဆုံး ဉာဏ်အလင်းပွင့်ဖြစ်စဉ်ကြီးထဲမှာ သူ့ကိုယ်သူ ဖေဖေကြီးလို့ ခေါ်ရတာ သဘောတွေ့နေတဲ့ အရှက်မရှိတဲ့ လူတစ်ယောက် ပေါ်လာတယ်လို့ ငါ့ရဲ့ဆရာက ပြောနေတာ။ သူက မင်းကို ပြောနေတာမလား ” ကျိုးရိဖန်းမှာ တစ်ခဏမျှ တွေဝေတုံ့ဆိုင်းသွားပြီးနောက် သူ့အား ဖြည်းဖြည်းချင်း မေးလိုက်၏။