ကုံမြစ်ဂိုဏ်းခွဲ၏ ဌာနချုပ်များရှေ့တွင် သွေးဘိုးဘေးကြီးနှင့် ကောင်းကင်တံတားစစ်သင်္ဘောသုံးစင်း ပေါ်လာသည့် အခိုက်အတန့်၌ ကောင်းကင်တံတားမြစ်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားလေသည်။
အစပိုင်းတွင် နှစ်ဖက်စလုံးရှိမည်သူမှ စကားတစ်ခွန်းမပြောပေ။ သူတို့က သတ်ဖြတ်လိုစိတ်များတောက်လောင်နေသော အကြည့်စူးစူးများဖြင့်သာ တစ်ဦးကိုတစ်ဦး စိုက်ကြည့်နေကြသည်။
ရ
ကုံမြစ်ဂိုဏ်းခွဲဖြစ်စေ၊ အဏ္ဏဝါခေါ်သံဂိုဏ်းဖြစ်စေ ဘယ်သူက မှန်သည်၊မှားသည် ဆုံးဖြတ်၍မရပေ။
တိတ်ဆိတ်မှုကြီးစိုးနေသဖြင့် လေထုသိပ်သည်းလာသည်အထိ အားပြင်းသော ဖိအားတစ်ခု ဖြစ်တည်လာတော့သည်။ တချိန်တည်းမှာပင် ကုံမြစ်ဂိုဏ်းခွဲ၏ ပိုင်နက်အတွင်းရှိ အဖွဲ့အစည်းအမြောက်အမြားက မည်သို့ဆက်ဖြစ်လာမည်ကို လာရောက်ကြည့်ရှုနေကြလေသည်။
အချိန်အနည်းငယ်ကြာသော် သွေးစွမ်းအင်နတ်ရေစင်အဓိကခေါင်းဆောင်ကြီး၏ အရိပ်ပုံစံက အပေါက်ဝတွင်ပေါ်လာ၏။ ကုံမြစ်ဂိုဏ်းခွဲကို မျက်နှာချင်းဆိုင်ရင်း သူက လက်ယှက်၍ လေးလေးနက်နက် ဦးညွတ်လိုက်သည်။
” ကျုပ် ဖုန်းရှိန်ကျစ် အကြီးအကဲဂိုဏ်းကို ဂါဝရပြုပါတယ်”
ထို့နောက် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း တည်ထောင်သူခေါင်းဆောင်ကြီးက လူကိုယ်တိုင်ပေါ်လာ၏။ ဦးညွတ်ရင်း သူကပြောသည်။
“ကျုပ် ဟန်ဇောင် အကြီးအကဲဂိုဏ်းကို ဂါဝရပြုပါတယ်”
သူ့နောက်တွင် ဆန်းကြယ်နှင့်ဆေးစွမ်းအင်နတ်ရေစင်အဖွဲ့များမှ အင်အားအကြီးဆုံးခေါင်းဆောင်ကြီးများရှိလေသည်။ သူတို့က လက်ယှက်၍ ဂါဝရပြုရင်း အမူအရာများမှာ ကြေကွဲလျက်ရှိသည်။
“ကျုပ် ချီဟွမ်… အကြီးအကဲဂိုဏ်းကို ဂါဝရပြုပါတယ်”
“ကျုပ် လောတန်… အကြီးအကဲဂိုဏ်းကို ဂါဝရပြုပါတယ်”
အစတွင် ကုံမြစ်ဂိုဏ်းခွဲက တိတ်ဆိတ်နေမြဲပင်။ ကြောက်မက်ဖွယ် ကောင်းကင်ညောင်ပင်မှ မရေမတွက်နိုင်သော အကြည့်စူးးစူးအများစု၌ ရောထွေးသော ခံစားချက်များဖြင့်ပြည့်လျက်ရှိသည်။ အချိန်အတော်ကြာပြီးနောက် အက်ကွဲကွဲအသံတစ်ခုထွက်ပေါ်လာလေသည်။
“ဖုန်းရှိန်ကျစ်၊ဟန်ဇောင်၊ ချီဟွမ်၊ လောတန်… မတွေ့ရတာကြာပြီ တာအိုရောင်ရင်းတို့။” ထိုအသံပေါ်ထွက်သွားပြီးနောက် ထောင်ထောင်မောင်းမောင်းနှင့် အဖိုးအိုတစ်ယောက်က ကုံမြစ်ဂိုဏ်းခွဲမှ ထွက်လာ၏။ သူ့မှာ ရှည်လျားသောဆံပင်ဖြူများရှိပြီး မလိုမုန်းထားသောဟန်ရှိလေသည်။ ထူးခြားကြောက်မက်ဖွယ်ကောင်းသည်မှာ သူ့မျက်နှာ၏ဘယ်ဘက်ခြမ်းတွင် ကလေးတစ်ယောက်၏ခေါင်းအရွယ်မျှ အသားစိုင်ကြီးတစ်ခုရှိလေသည်။
သူနှင့်အတူတကွပေါ်လာသော လူရှစ်ဦးကနောက်တွင်ရပ်နေပြီး အံ့သြဖွယ်ကောင်းစွာ တစ်ယောက်ချင်းစီက ယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံသူများဖြစ်လေသည်။ သူတို့အားလုံးအထဲ အင်အားအကြီးဆုံးမှာ သိသိသာသာပင် မဟာစက်ဝန်းရောက်နေသည့် အဖိုးအိုဖြစ်ပြီး သူထံမှ ကောင်းကင်တာအိုအရှိန်အဝါအနည်းငယ်ပင်ပေါ်ထွက်နေလေသည်။ အချိန်အလုံအလောက်သာပေးလျှင် ထိုအဖိုးအိုသည် နတ်အဆင့်ထိပင် တက်ရောက်နိုင်လိမ့်မည်။
အဖိုးအိုက ခပ်ထေ့ထေ့ပြုံးလိုက်၏။ ထူးဆန်းသောရှေးဆန်မှုများက မျက်လုံးအတွင်း ပြည့်နေလျက် သူကပြောသည်။
” ဒီတိုက်ပွဲအတွက် နိဒါန်းအကြာကြီးပျိုးနေစရာမလိုပါဘူး။ အကြီးအကဲဂိုဏ်းက ပေးလိုက်တဲ့ အဆုံးအဖြတ်ကြောင့် ခင်ဗျားတို့ နှုတ်ဆက်ဖို့လာတာကို ကျုပ်သိတယ်။ ဒီနေ့မှာ ဘယ်ဟာက မှားတယ် မှန်တယ်ဆိုတာ မရှိဘူး.. အနည်းဆုံးတော့ အဲဒါက ကျုပ်တို့ နှစ်ဂိုဏ်းကြားမရှိတော့ဘူး.”
“ဒါပေမယ့်လဲ သေချာတဲ့အရာတစ်ခုတော့ရှိတယ်.. အဲဒါက…. ”
ထိုလူစကားပြောနေစဥ် သူ၏မျက်နှာပေါ်တွင် ရောထွေးသော ခံစားချက်များကိုမြင်ရလေသည်။ သူ၏အသံမှာ ဖုန်းရှိန်ကျစ် နှင့် အခြားခေါင်းဆောင်ကြီးများ သူဘာပြောသည်ကို အားစိုက်၍နားထောင်နေရသည်အထိ တဖြေးဖြေး တိုးညင်းလာလေသည်။ သို့သော်လည်း ထိုအခိုက်အတန့်တွင် ကြက်သွေးရောင်မျက်ဝန်းနက်ကြီးက သူ့မျက်နှာဘေးဖက်ရှိ အသားပိုကြီးပေါ်တွင်ရုတ်တရက်ပေါ်လာပြီး ၄င်းက အာဃာတအမုန်းတရားနှင့် ဒေါသများအား ထုတ်လွှတ်နေလေသည်။ ထို့နောက် အဖိုးအိုက အော်လိုက်တော့သည်။
“…. မင်းတို့ကောင်တွေ ဒီနေ့ တစ်ေယာက်မကျန်သေစေရမယ်.. ”
သူ့ပါးစပ်မှ ထိုစကားလုံးတို့ထွက်သွားသည်နှင့်တစ်ပြိုင်နက် ကောင်းကင်တံတားစစ်သင်္ဘောသုံးစင်းပတ်လည်ရှိ လေထုမှာ ပုံပျက်ရှုံ့တွလာကာ ကျင့်ကြံခြင်းအခြေခံအမျိုးအစားစုံ ပါဝင်သည့် လူတစ်သောင်း ဖြစ်ပေါ်လာသည်။ သို့သော်လည်း လူတစ်ဦးတစ်ယောက်ချင်းက အလွန်တရာလျင်မြန်ဖျတ်လတ်ပြီး အကွာအဝေးထိန်းချုပ်နည်း မှော်ပညာ၌ ကျွမ်းကျင်ကြလေသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့က ကောင်းကင်တံတားစစ်သင်္ဘောများအားး တိုက်ခိုက်နေလေပြီ။
ထိုကဲ့သို့သော ပုံရိပ်များက ခေါင်းဆောင်ကြီးများ၏အနီးနားတွင်ပင် ပေါ်ပေါက်လာကြပြီး ထိုပုံရိပ်များ၏အသတ်အဖြတ်အရှိန်အဝါတို့မှာ အထူးပင်ပြင်းထန်လှသည်။
သိသာစွာပင် ကုံမြစ်ဂိုဏ်းခွဲက အဏ္ဏဝါခေါ်သံဂိုဏ်း၏အဆင်သင့်မဖြစ်မှုကိုအခွင့်ကောင်းယူကာ အလစ်တိုက်ရန် ကြံစည်နေပြီး မျှော်လင့်ချက်ကြီးစွာဖြင့် လက်ဦးမှုရယူရန်ဖြစ်သည်။
သို့သော်လည်း ကုံမြစ်ဂိုဏ်းခွဲ၏ကျင့်ကြံသူများကို တိုက်ခိုက်လိုက်သည့်တခဏ၌ ဧရာမဓားကြီးတစ်ချောင်းဖြစ်ပေါ်လာကာ တဂျုန်းဂျုန်းမြည်ဟည်းလာတော့သည်။ ၄င်းက မဟာဓားငယ်အချောင်းတစ်သောင်းအဖြစ် ကွဲထွက်သွားကာ ကြောက်မက်ဖွယ် ကောင်းကင်ညောင်ပင်ကြီးထံ လေကိုခွင်း၍တဟုန်ထိုးသွားနေလေသည်။
ထိုအရာမှာ ပြင်ဆင်ရန်အချိန်တခဏသာကြာသော ဆန်းကြယ်နတ်ရေစင်အဖွဲ့၏ ဓားအစီအရင်ဖြစ်သည်။ ခေါင်းဆောင်ကြီးလေးဦး၏ယဥ်ကျေးပျူငှာနေခြင်းမှာ ဟန်ပြသာဖြစ်ကြောင်းဖော်ပြနေသည့်အချက်မှာ ဘူးပေါ်သလိုပေါ်လာတော့သည်။
ဤသည်မှာ ရက်စက်ခြင်းကို ရက်စက်ခြင်းဖြင့် ပြန်လည်တိုက်ခိုက်ရမည့်အခြေအနေတစ်ရပ်ဖြစ်သည်။ ဂိုဏ်းနှစ်ဂိုဏ်း၏ကံကြမ္မာကို အဆုံးအဖြတ်ပေးမည့်စစ်ပွဲဖြစ်ကာ ဖြောင့်မတ်တည်ကြည်ခြင်းအတွက်နေရာမရှိပေ။ ဤသို့အချိန်တွင် မည်သည့်အားနည်းချက်မဆို ကြီးကြီးမားမားပေးဆပ်လိုက်ရလိမ့်မည်။
ကောင်းကင်တံတားစစ်သင်္ဘောများ၏ပတ်ပတ်လည်တွင် ကုံမြစ်ဂိုဏ်းခွဲကျင့်ကြံသူများစစ်သင်္ဘောထံလာနေခြင်းအားကာကွယ်ရန်နှင့် သူတို့၏တိုက်ကွက်များကို တာဆီးရန် အလင်းဒိုင်းများထွက်ပေါ်လာသဖြင့် တဝုန်းဝုန်းအသံများထစ်ခြုန်းမြည်ဟည်းနေတော့သည်။ ခေါင်းဆောင်ကြီးများအား အကာအကွယ်ပေးရင်း သွေးဘိုးဘေးကြီးထံမှ သွေးရောင်အလင်းတန်းများက အဆက်မပြတ်ပေါ်ထွက်လာ၏။
ကုံမြစ်ဂိုဏ်းခွဲဘက်တွင် ကြောက်မက်ဖွယ်ကောင်းကင်ညောင်ပင်မှာ အလင်းများဖြင့် တလက်လက်တောက်ပလာပြီးနောက် သစ်ရွက်အမြောက်အမြားက ဓားအစီအရင်ကို ခုခံရန် ပျံထွက်လာ၏။ နှစ်ဖက်စလုံးက အပြန်အလှန် ချုံခိုတိုက်ကွက်များဖြင့် လက်ဦးမှုရယူရန် ပြင်ဆင်ထားကြသည်။
တစ်ဖက်နှင့်တစ်ဖက် ညှာတာထောက်ထားခြင်းအလျဥ်းမရှိဘဲ မည်သူမျှလည်း ဆွေးနွေးညှိနှိုင်းရန်စိတ်မဝင်စားကြပေ။ တိုက်ပွဲကား စလေပြီ။
ကောင်းကင်ညောင်ပင်ထံမှ မရေမတွက်နိုင်သော နွယ်ပင်ကဲ့သို့ အကိုင်းအခက်များမှာ ရက်စက်ကြမ်းကြုတ်၍သွေးဆာနေသော မြွေများအလားပင်။၄င်းတို့က ကျင့်ကြံသူအမြောက်အမြားနှင့်အတူ အဏ္ဏဝါခေါ်သံဂိုဏ်းထံ မှုန်ဝါးဝါးပုံရိပ်များအလား လေကိုခွင်း၍တစ်ဟုန်ထိုးလာနေလေသည်။။
ကုံမြစ်ဂိုဏ်းခွဲကျင့်ကြံသူများက အကွာအဝေးထိန်းချုပ်နည်း မှော်ပညာတွင် တစ်ဖက်ကမ်းခတ်ကျွမ်းကျင်ကြပြီး သာမန်ကျင့်ကြံသူများထက် အလွန်လျင်မြန်သွက်လက်လေသည်။ထို့မျှသာမက သူတို့သည် ပုန်းကွယ်ရာ၌ အလွန်တရာကျွမ်းကျင်ကြသည်။ အမှန်တွင် ကျင့်ကြံခြင်းကမ္ဘာ၏ အလယ်ပိုင်းဒေသတွင် ကုံမြစ်ဂိုဏ်းခွဲက မည်သူ့ကိုမဆိုနေရာမရွေး သတ်နိုင်ခြင်းကြောင့် နာမည်ကျော်ကြားလေသည်။
ကုံမြစ်ဂိုဏ်းခွဲက လုပ်ကြံသတ်ဖြတ်သူဂိုဏ်းဟုပြောလျှင် ပိုမှန်လေမည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ပို၍များပြားသော ကုံမြစ်ဂိုဏ်းခွဲကျင့်ကြံသူများက သေစေနိုင်သောတိုက်ကွက်များအား ထုတ်ဖော်ရင်း ထွက်ပေါ်လာရာ ကောင်းကင်တစ်ခုလုံး ဖုံးလွှမ်းလုနီးပါးဖြစ်နေတော့သည်။ သူတို့က တည်နေရာရွှေ့ပြောင်းလာသောကြောင့် လေထဲတွင် တဖျတ်ဖျတ်လှုပ်ခတ်နေပြီး မြင်သာလာလျှင် နောက်တစ်နေရာသို့ ရွှေ့ပြောင်းလိမ့်မည်ဖြစ်သည်။
ထိုကဲ့သို့သော နည်းလမ်းမျိုးကို အဏ္ဏဝါခေါ်သံဂိုဏ်းအနေဖြင့် ပထမဆုံးအကြိမ်ရင်ဆိုင်ဖူးခြင်းဖြစ်သည့်အတွက် ကုံမြစ်ဂိုဏ်းခွဲအတွက် တစ်ပန်းသာလေသည်။
ထို့နောက် စူးစူးဝါးဝါးအော်မြည်နေသော အံ့မခန်းစွမ်းအားများပြည့်ဝေနေသည့် နွယ်ပင်များလည်းရှိသည်။ တချိန်တည်းမှာပင် မြစ်ကမ်းပါးနှစ်ဖက်ပေါ်ရှိ မရေမတွက်နိုင်သော ညောင်ပင်ငယ်များက မြေကြီးထဲမှ ထိုးထွက်လာကာ သစ်ပင်လူကြီးများအသွင် ပြောင်းသွားလေသည်။ ဟိန်းဟောက်ရင်း သူတို့က ကောင်းကင်တံတားမြစ်ကိုဖြတ်၍ အဏ္ဏဝါခေါ်သံဂိုဏ်းထံဦးတည်ပြေးလာ၏။
တချို့သော ညောင်ပင်လူကြီးများက မီတာဒါဇင်ပေါင်းများစွာ မြင့်ပြီး အချို့က မီတာရာချီမြင့်လေသည်။တစ်ကောင်ချင်းစီတွင် သစ်ပင်လူကြီးများ၏ အံမခန်းအားအင်တို့ကို ထိန်းချုပ်ရန် စွမ်းအားတို့ထုတ်လွှတ်ရင်း တရားထိုင်နေသော ကုံမြစ်ဂိုဏ်းခွဲကျင့်ကြံသူများကို တွေ့ရသည်။
ကုံမြစ်ဂိုဏ်းခွဲတပ်ဖွဲ့များက ချီတက်လာသည်နှင့်တစ်ပြိုင်နက် ပိုင်ရှောင်ချန်းက သွေးဘိုးဘေးကြီးကို လေထဲသို့ ခုန်တက်စေလိုက်သည်။ ထို့ကြောင့် ကောင်းကင်တံတားမြစ်ရေမျက်နှာပြင်တွင် လှိုင်းလုံးကြီးများတလိပ်လိပ်တက်လာတော့သည်။ ကုံမြစ်ဂိုဏ်းခွဲကျင့်ကြံသူအမြောက်အမြားမှာ လှိုင်းလုံးကြီး၏ အဟန့်အတားခံလိုက်ရသော်လည်း အလျင်အမြန်မရှောင်လိုက်နိုင်သော အချို့မှာ မြစ်ရေ၏ဝါးမျိုခံလိုက်ရပြီး စိတ်မချမ်းမြေ့ဖွယ် စူးစူးဝါးဝါးအော်ဟစ်နေကြရင်း ရေအောက်နစ်မြုပ်သွားကြတော့သည်။
ကုံမြစ်ဂိုဏ်းခွဲမှာ သွေးဘိုးဘေးကြီးလေထဲခုန်တက်လိုက်သည့်အဖြစ်ကို မည်သည့်နည်းဖြင့် လျစ်လျူရှုနိုင်မည်နည်း။ အမှန်တွင် သွေးဘိုးဘေးကြီးက ဤတိုက်ပွဲ၏ အခရာဖြစ်သည်။ ချက်ချင်းပင် ကောင်းကင်ညောင်ပင်အမြောက်အမြားမှ မရေမတွက်နိုင်သော နွယ်ပင်များက တဟုန်ထိုးထွက်လာပြီး လေကိုခွင်း၍ သွေးဘိုးဘေးကြီးကို ရစ်ပတ်ချည်နှောင်လိုက်ကြသည်။
ထိုနွယ်ပင်များက အံ့မခန်းအားအင်များအား ထုတ်လွှတ်နေပြီး ကြောက်မက်ဖွယ်ကောင်းကင်ညောင်ပင်၏စိတ်ဆန္ဒက ထောက်ပံ့ပေးထားလေသည်။
ပိုင်ရှောင်ချန်း၏ မျက်လုံးများက သွေးအေးရက်စက်သောအလင်းဖြင့်တောက်ပသွား၏။ တွေဝေတုံ့ဆိုင်းခြင်း အလျဥ်းမရှိဘဲ သူ၏သွေးချီအားလုံးအား ထုတ်လွှတ်လိုက်ကာ ညာလက်ကို ဝှေ့ယမ်းပြီး ရက်စက်ကြမ်းကြုတ်စွာ နွယ်ပင်အားလုံးအား ဖြတ်ချပစ်လိုက်လေသည်။။ ဤတိုက်ပွဲတွင် သူ့တာဝန်မှာ ကြောက်မက်ဖွယ်ကောင်းကင်ညောင်ပင်ကြီး၏အင်အားလျော့နည်းလာစေရန် ဖြစ်ကြောင်း ပိုင်ရှောင်ချန်း ကောင်းကောင်းသဘောပေါက်ထားသည်။
သူက ဧရာမသစ်ပင်ကြီးထံတိုးသွားစဥ်တွင် ပိုမိုများပြားသော နွယ်ပင်များက သူ့ကိုဟန့်တားရန် သွေးရူးသွေးတန်း တွန့်လိမ်ထိုးထွက်ကာ တစ်ဟုန်ထိုးလာနေကြသည်။
တချိန်တည်းမှာပင် မီတာသုံးသောင်းအရှည်ရှိသော ကောင်းကင်တံတားစစ်သင်္ဘောကြီး၏ ကုန်းပတ်ပေါ်တွင် မရေမတွက်နိုင်သော ဘီလူးများပေါ်ထွက်လာကာ မန္တန်အစီအရင်များ တလက်လက်တောက်ပလျက် ချီတက်လာ၏။ ဘီလူးများက မာန်ဖီလျက် ကုံမြစ်ဂိုဏ်းခွဲကျင့်ကြံသူများကို တိုက်ခိုက်ရန် ခုန်ထွက်လာကြသည်။
ဒုတိယစစ်သင်္ဘောတွင်လည်း ထိုနည်းတူပင်။ ရုပ်သေးရုပ်အမြောက်အမြားက ကုံမြစ်ဂိုဏ်းခွဲတပ်ဖွဲ့ကို ဝင်တိုက်ရန် ပျံထွက်လာ၏။
ကောင်းကင်တွင် များပြားသောဓားအစီအရင်များပေါ်ပေါက်လာပြီးနောက် ဓားမိုးရွာချလာတော့သည်။ ထို့နောက် ဆေးစွမ်းအင်အဖွဲ့။ ဧရာမဒယ်ဇောက်အိုးကြီးတစ်ခုက အလင်းဖျော့ဖျော့ဖြင့် ထိုနေရာတစ်ခွင်ကို အုပ်မိုး၍ လေထဲတွင် ပေါ်ပေါက်လာ၏။
ထိုအလင်းမှာ အဆိပ်ရှိပြီး ၄င်းကို ထိလိုက်သည့် မည်သည့်ကုံမြစ်ဂိုဏ်းခွဲကျင့်ကြံသူမဆို ပြင်းပြင်းထန်ထန်တုန်ခါလာတော့သည်။ ဆန့်ကျင်ဖက်အားဖြင့် အလင်းကိုထိလိုက်သည့် အဏ္ဏဝါခေါ်သံဂိုဏ်းကျင့်ကြံသူအပေါင်းမှာ သူတို့၏ ကျင့်ကြံခြင်းအခြေခံများမြင့်တက်သကဲ့သို့ ခံစားလိုက်ရပြီး ဒဏ်ရာများပျောက်ကင်းသွားကြလေသည်။
ဆေးစွမ်းအင်နတ်ရေစင်အဖွဲ့ကို အမိန့်များပေးနေသည့် ချင်းမေ့ယွမ်၏ အသံပေါ်ထွက်လာကာ အဆိပ်ငွေ့များက ရုတ်တရက် ရန်သူစစ်တပ်ထံ ပျံနှံ့သွားတော့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် တဂျုန်းဂျုန်းထစ်ခြုန်းမြည်ဟည်းသံများက အထက်ကောင်းကင်ဘုံအထိပင် မြင့်တက်သွားတော့သည်။
အပေါ်ဘက်လေထဲတွင် အဖွဲ့လေးဖွဲ့၏ ခေါင်းဆောင်ကြီးများက ကုံမြစ်ဂိုဏ်းခွဲမှ ယင်ယန်ဝိညာဥ်အဆင့်ခေါင်းဆောင်ကြီးများဖြင့် တိုက်ခိုက်နေကြသည်။ တဝုန်းဝုန်းတဒိုင်းဒိုင်းအသံများပေါ်ထွက်နေလေသည်။ပထမပိုင်းတိုက်ပွဲတွင် ခေါင်းဆောင်ကြီးများအကြား မည်သည့်ဘက်က အသာစီးရနေကြောင်း မသဲကွဲပေ။ ကုံမြစ်ဂိုဏ်းခွဲက အရေအတွက်ပိုများသော်လည်း နတ်အဆင့်ရောက်လုဆဲဆဲအဖိုးအိုကြီးကြောင့် အခွင့်အရေး အနည်းငယ် ပိုသာလေသည်။
အဏ္ဏဝါခေါ်သံဂိုဏ်း၏ ဂိုဏ်းစောင့်အကြီးအကဲများ၊ အမွေဆက်ခံသူအဆင့်ကျင့်ကြံသူများနှင့် ရွှေအမြုတေအဆင့်ပညာရှင်များက စစ်တပ်၏ ပင်မကျောရိုးပင်။ သူတို့က ကုံမြစ်ဂိုဏ်းခွဲအပေါ်အသာစီးရနေပြီး သူတို့၏အဆက်မပြတ် တိုက်ကွက်များ၏ကျေးဇူးကြောင့် ကုံမြစ်ဂိုဏ်းခွဲ၏ရွှေအမြုတေအဆင့်ကျင့်ကြံသူများမှာတစ်ယောက်ပြီးတစ်ယောက်ထိခိုက်ဒဏ်ရာရကုန်၏။
ထိုအတိုင်းသာဆက်ဖြစ်ပါက အရေးမကြီးပေ။ သို့သော်လည်း ကောင်းကင်တံတားစစ်သင်္ဘောသုံးစင်းမှ မီတာသုံးရာအကျယ်ရှိသော မျက်စိကျိန်းလုမတတ် ဖျက်စီးခြင်းအလင်းတန်းများ ပေါ်ထွက်လာလေသည်။
ထိုအလင်းတန်းများ၏ စွမ်းအားအရင်းအမြစ်မှာ နတ်အဆင့်သားရဲများ၏ ဒူးခေါင်းဖြစ်သော အရိုးစုအစိတ်အပိုင်းများဖြစ်သည်။ အလင်းတန်းများကတဟုန်ထိုးသွားနေစဥ် တဂျုန်းဂျုန်းထစ်ခြုန်းမြည်ဟည်းနေပြီး လမ်းကြောင်းပေါ်ရှိမည်သည့်ကုံမြစ်ဂိုဏ်းခွဲကျင့်ကြံသူမဆို ချက်ချင်းပင် ပြာဖြစ်သွားကြလေသည်။
ထိုဖျက်စီးခြင်းအလင်းတန်းများ၏ ပစ်မှတ်မှာ ကြောက်မက်ဖွယ်ကောင်းကင်ညောင်ပင်ကြီးကလွဲ၍ တခြားမဟုတ်ပေ။
Good