Switch Mode

အခန်း ( ၂၆ )

သာမာန် အစမ်းစာမေးပွဲ.......

ယနေ့တွင် အစမ်းစာမေးပွဲဖြေဆိုရမည့်အတွက် နန်ဖန်းကျောင်းတော်သည် ယခင်နေ့များထက် ပို၍ စည်ကားသက်ဝင်နေ၏။

အစမ်းစာမေးပွဲဆိုသည်မှာ အရည်အချင်းစစ်စာမေးပွဲ ဖြစ်ပြီး နန်ဖန်းကျောင်းတော်ကို ကိုယ်စားပြုနိုင်မည့် ကျောင်းသား အယောက်နှစ်ဆယ် ရွေးထုတ်မည့်ပွဲ ဖြစ်သည်။

နှစ်ကုန်စာမေးပွဲဆိုသည်မှာ ထျန်ရှုစီရင်စုအတွင်းရှိ ကျောင်းတော်များအားလုံး ဖြေဆိုရမည့် စာမေးပွဲဖြစ်ပြီး ကြယ်တာယာခရီးရှည်ကောလိပ်မှ ကြီးကြပ်မည်ဖြစ်သည်။

ထို့ကြောင့် အစမ်းစာမေးပွဲ အောင်မြင်သည့် ကျောင်းသားအယောက်နှစ်ဆယ်ကသာ ကြယ်တာယာခရီးရှည်ကောလိပ်ဝင်ခွင့်အတွက် ထပ်မံယှဉ်ပြိုင်နိုင်လိမ့်မည်။

ကြယ်တာယာခရီးရှည်ကောလိပ်၏ ဝင်ခွင့်သည် ကျောင်းသားတိုင်းအတွက် မြင့်မားလှသော ပန်းတိုင်ဖြစ်၏။ အကယ်၍ နှစ်ကုန်စာမေးပွဲကိုသာ ကောင်းမွန်စွာဖြေဆိုနိုင်ပါက ရှပြည်ထောင်စု၏ အကောင်းဆုံးကောလိပ်တွင် တက်ရောက်နိုင်တော့မည်ဖြစ်သည်။

အခြား​သော ကောလိပ်များနှင့် အဖွဲ့အစည်းများသည် ကြယ်တာယာခရီးရှည်ကောလိပ်လောက် နာမည်ကျော်ကြားခြင်းမရှိသော်လည်း အနာဂတ်အတွက် အလားအလာရှိသော လမ်း​ကြောင်းများဖြစ်နေဆဲပင်……

ထို့ကြောင့် ဤနောက်ဆုံးစာမေးပွဲသည် ကျောင်းသားများ၏ စွမ်းဆောင်ရည်ကို ပြသရန် နောက်ဆုံးအခွင့်အရေးဖြစ်သည်။

နန်ဖန်းကျောင်းတော်၏ လေ့ကျင့်ကွင်းထဲတွင် ကျောင်းသားများဖြင့် ပြည့်ကျပ်နေ၏။ လေ့ကျင့်ကွင်းထဲတွင် ပြိုင်ပွဲကျင်းပရန် စင်မြင့်များ ဆယ်နှင့်ချီတည်ဆောက်ထားသည်။ စည်းမျဉ်းသည်ကား အလွန်ရိုးရှင်းလှပေသည်။

ပြိုင်ဘက်အား စင်အောက်ရောက်အောင် တိုက်ခိုက်နိုင်သူ အနိုင်ရမည်ဖြစ်သည်။

ကျော်ခွော်နဲ့ လီလော့တို့ ရောက်လာချိန်တွင် ကျောင်းသားများ ပွဲဆူကုန်လေသည်။

” ဟမ့်….အတော်လေး ဆူညံနေတာပဲကွာ….”

ကျောက်ခွော် ထိုသို့ညီးတွားလိုက်သောအခါ လီလော့က……..

“ဒါက အစမ်းစာမေးပွဲဆိုပေမယ့် အဓိကကျောင်းသားတွေအတွက် အရည်အချင်းထုတ်ပြန်ိုင်မယ့် နောက်ဆုံးအခွင့်အရေးပဲလေ…..”

ကျောက်ခွော်က ခေါင်းညိတ်ပြလိုက်ပြီး ကြေကွဲနေသော အမူအရာဖြင့်…..

“နောက်ဆုံး အယောက်နှစ်ဆယ်ထဲမှာ ငါ ပါနိုင်ပါ့မလား မသိဘူးကွာ….”

လီလော့ ရုတ်တရက် သန်မာလာသည့်အခါ ကျော်ခွော်သည် ဒုတိယကျောင်းတော်၌ ဒုတိယအသန်မာဆုံးသူ ဖြစ်ခဲ့ရသည်။ နန်ဖန်းကျောင်းတော်တစ်ခုလုံးနှင့်ယှဉ်လိုက်ပါက ကျော်ခွော်အတွက် နောက်ဆုံး အယောက်နှစ်ဆယ်စာရင်းဝင်နိုင်ရန် အခွင့်အရေးရှိပေသေးသည်။ သို့သော် ကံကောင်းရန်လည်း လိုအပ်ပေသည်။

အကယ်၍ ကိုယ့်ထက် သန်မာသူများနှင့်သာ ဆက်တိုက်ကြုံနေရပါက အယောက်နှစ်ဆယ်စာရင်းဝင်နိုင်ရန် ခက်ခဲပေလိမ့်မည်။

” အရာတိုင်းက ကံကောင်းခြင်းနတ်ဘုရားမနဲ့ပဲသတ်ဆိုင်ပါတယ်ကွာ….ကံကောင်းခြင်းဆိုတာ မွေးရာပါမှ မဟုတ်တာ….မင်း တစ်ပွဲထက်ပိုပြီး တောင့်ခံနိုင်မှာမဟုတ်ဘူး…”

ကျော်ခွော်၏ မျက်နှာသည် ထိုစကားကြောင့်စိမ်းပြာလာပြီး…..

“သေချင်းဆိုးကောင်..မင်း….ပထမပွဲစဉ်မှာတင် လုချင်းအာလို လူမျိုးနဲ့တွေ့ပါစေလို့ ကျိန်ဆဲပေးမယ်ကွာ….”

” ကိုယ့်ကျိန်စာ ကိုယ်ပြန်ခံ….”

” နောက်တစ်ကြိမ် ထပ်တိုက်တယ်ကွာ….”

နှစ်ယောက်သား ကလေးဆန်ဆန် ဖြစ်နေကြချိန်မှာ ဌာနမှူးရောက်လာပြီဖြစ်ကြောင်း ကြေငြာသံ ထွက်ပေါ်လာသည်။

ဌာနမှုးဝေရှသည် ဆရာများခြံရံ၍ရောက်လာခဲ့ပြီး…

” မဂ်လာပါ ကျောင်းသား ကျောင်းသူတို့…..အစမ်းစာမေးပွဲ စတင်တော့မှာမို့ မင်းတို့ရဲ့ အကျွမ်းကျင်ဆုံပညာရပ် အသန်မာဆုံးခွန်အားတွေကို အစွမ်းကုန် ပြသနိုင်ဖို့ မျှော်လင့်ပါတယ်…..ဒီနေ့မှာရလာမယ့် မင်းတို့ရဲ့အဆင့်တွေက မင်းတို့ရဲ့ အနာဂတ်လမ်းကြောင်းကိုအများကြီး သက်ရောက်စေနိုင်တယ်…​စာမေးပွဲကို သုံးရက်ကျင်းပမယ်…ရလဒ်တွေကို ကွင်းရဲ့ထောင့်လေးထောင့်မှာရှိတဲ့ ကျောက်တိုင်တွေမှာ ဖော်ပြထားပေးမယ်….ကဲ..ဒါဆို အပိုစကားတွေမပြောတော့ဘဲ စာမေးပွဲ စလိုက်ကြရအောင်… ”

ထိုစကားလုံးများ ကွင်းပြင်တစ်ဝိုက်တွင် ပဲ့တင်ထပ်လာသည်နှင့်အမျှ အော်သံများနှင့် စိတ်လှုပ်ရှားမှုများသည် ပို၍ပင် ပြင်းထန်လာပြီး ထင်သာမြင်သာရှိလာသည်။

ကျောက်ခွော်နှင့် လီလော့တို့သည် ပြိုင်ပွဲအချက်အလက်များ ရေးသားထားသော ကျောက်တိုင်တစ်ခုဆီ သွားကာ သတင်းအချက်အလက်များ ဖတ်ရှုလိုက်ကြသည်။

တခဏအကြာတွင် ယနေ့အတွက် ယှဉ်​ပြိုင်ရမည့် ပြိုင်ဘက်နာမည်ကို သိလိုက်ရပြီဖြစ်သည်။

ကျောက်ခွော် သက်ပြင်းချနေ၏။ ယနေ့အတွက် ယှဉ်​​ပြိုင်ရမည့် ပြိုင်ဘက်နှစ်ယောက်သည် သူ မျှော်လင့်ထားသလောက်အခြေနေမဆိုးဝါးပေ။

လီလော့သည်လည်း ကျော်ခွော်ကဲ့သို့သာပင်…..

လီလော့၏ ပြိုင်ဘက်နှစ်ယောက်စလုံးသည် ပထမကျောင်းတော်သားများဖြစ်ကြပြီး ပိုင်ခွန့်လောက် မသန်မာကြပေ။

နန်ဖန်းကျောင်းတော်တွင် ကျောင်းသားပေါင်းတစ်ထောင်ကျော်ရှိသည့်အတွက် အကြမ်းစား ပြိုင်ဘက်နှင့်တွေ့ဆုံရန် သိပ်မလွယ်ကူပေ။

တစ်ဖက်လူအတွက်တော့ ကျောက်ခွော်နှင့် လီလော့သည် အကြမ်းစားပြိုင်ဘက်များဖြစ်နေခဲ့လေသည်။

” ငါ့အလှည့်ရောက်တော့မှမို့ သွားပြင်ဆင်လိုက်ဉီးမယ်…..ကံကောင်းပါစေကွာ…..”

ကျောက်ခွော်က လီလော့ကို နှုတ်ဆက်လိုက်ပြီး လုအုပ်ကြီးထဲကို တိုးဝင်ကာ တခဏအတွင်း ပျောက်ကွယ်သွားလေတော့သည်။

လီလော့သည်လည်း သူ့အလှည့်ရောက်တော့မည်ဖြစ်သောကြောင့် ပြိုင်ပွဲစင်မြင့်ရှိရာဆီ လျှောက်သွားလိုက်သည်။

စင်နားတွင် နာရီဝက်ခန့်စောင့်နေပြီးနောက် သူ့နာမည် ခေါ်သံကြားသော အခါ လီလော့စင်ပေါ်သို့ ခုန်တက်လိုက်လေသည်။

လီလော့၏ တည်ရှိမှုသည် အနီးအနားရှိ ကျောင်းသားများကို ဆွဲဆောင်နိုင်ခဲ့သည်။ မကြာသေးခင်က ပိုင်ခွန်တို့ အုပ်စုကို တစ်ယောက်တည်း အနိုင်တိုက်ခိုက်သည့်အတွက် လီလော့သည် နောက်တစ်ကြိမ် ထွန်းတောက်လာခဲ့ပြန်လေပြီ…..

သို့သော် ကိုယ်တိုင် မမြင်ခဲ့သူများက ပိုင်ခွန်နှင့်တိုက်ခိုက်ခဲ့သည်ကို ပုံကြီးချဲ့ကြွားဝါနေသည်ဟု ထင်နေကြပြီး လီလော့အား အထင်သေးနေဆဲပင်…..ယခုလို ကိုယ်တိုင်ကိုယ်ကျ မြင်ရမည့်အချိန်တွင် သေချာအကဲခတ်ချင်နေကြသည်။

လီလော့၏ ​ပြိုင်ဘက်သည် ပိန်ပိန်ပါးပါးလူငယ်လေးတစ်ယောက်ဖြစ်ပြီး စည်းတံဆိပ်ခြောက်ခုအဆင့်တစ်ယောက်ဖြစ်သည်။ သို့သော် သူ့အမူအရာသည် ပွဲဉီးထွက်မှာတင် လီလော့နှင့် တွေ့ဆုံလိုက်ရသည့်အတွက် လွန်စွာ ခါးသီးနေ၏။

နဂိုကတည်းက ပဲ့တင်ထပ်သံပညာရပ်ကျွမ်းကျင်သူ လီလော့သည် ပဲ့တင်ထပ်သံရှိလာသည့်အခါ ကျားကို အတောင်ပံတပ်ပေးလိုက်သလို ဖြစ်နေသည် မဟုတ်ပေလော…

” စတော့…..”

ပြိုင်ဘက်နှစ်ဉီးစလုံး စင်ပေါ်ရောက်နေပြီဖြစ်သည့်အတွက် ပြိုင်ပွဲစတင်ရန် ကြီးကြပ်ရေးမှုးက အချက်ပေးလိုက်သည်။

ငပိန်လေးသည် တွေဝေတုံ့ဆိုင်းမနေဘဲ ပဲ့တင်ထပ်သံစွမ်းအားများကို ထုတ်ဖော်လိုက်ပြီး ခံစစ်အနေအထားနှင့်သာ လီလော့၏ တိုက်ခိုက်မှုများကို တုံ့ပြန်ရန် ပြင်ဆင်နေ၏။

လီလော့သည်လည်း တုံ့ဆိုင်းမနေဘဲ ရေပဲ့တင်ထပ်သံစွမ်းအားများကို ထုတ်ဖော်လိုက်သည့်အခါ သူ့ပတ်ဝန်းကျင်တွင် ပင်လယ်ရေလှိုင်းသဖွယ် အပြာနုရောင်အလင်းတန်းများ ဖြာထွက်လာသည်။

လီလော့သည် ငပိန်လေးထံသို့ လျှပ်စီးတစ်ခုသဖွယ် အရှိန်ဖြင့် တိုးဝင်သွားသည့်အခါ လီလော့သုံးလိုက်သည့် ပညာရပ်ကြောင့် ပေါက်ကွဲသံများ ဆူညံကုန်လေသည်။

ပြိုင်ပွဲသည် ထင်ထားသည်ထက်

လျင်မြန်စွာ ပြီးဆုံးခဲ့သည်။

မိနစ်အနည်းငယ်အတွင်းမှာတင် လီလော့၏ မှုန်တိုင်းသဖွယ် တိုက်ကွက်များကြောင့် ငပိန်လေး၏ ခံစစ်ပြိုကွဲသွားခဲ့ပြီး အရှုံးပေးရန်သာ ရွေးချယ်လိုက်ရလေသည်။

ဝိုးးးးးးး

စင်မြင့် အနီးအနားတွင် ရှိနေသူများ အားလုံး ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြ၏။ အထူးသဖြင့် စည်းတံဆိပ်​ခြောက်ခုအဆင့်တွင် ရှိနေသူများအားလုံး ရှုံ့မဲ့ကုန်ကြသည်။

အချိန်တခဏအတွင်း ဤကဲ့သို့ ပေါက်ကွဲစေသော စွမ်းအားများကို လီလော့ မည်သို့ ထုတ်ဖော်ခဲ့မှန်း မည်သူမျှ မပြောနိုင်ကြပေ။လက်ရှိလီလော့ရဲ့ ခွန်အားက ပိုင်ခွန်နဲ့တိုက်ခိုက်တုန်းကထက် ပိုသာနေ၏။

လီလော့က ပတ်ဝန်းကျင်ကို ဂရုစိုက်မနေဘဲ အနိုင်ရရှိကြောင်း ကြေငြာပြီးသည်နှင့် စင်ပေါ်မှ ခုန်ဆင်းလိုက်ကာ လူအုပ်ကြားထဲ တိုးဝင်ပျောက်ကွယ်သွားလေသည်။

ဒုတိယပွဲစဉ်က ပထမပွဲထက်တောင် ပိုသက်သာနေသေးသည်။ ​ပြိုင်ဘက်က အစကတည်းက စိတ်ဓာတ်ကျပြီး အရှုံးပေးကြောင်း ဝန်ခံသွားလေ၏။

ယနေ့အဖို့ လီလော့နှစ်ပွဲဆက်တိုက် အနိုင်ရခဲ့လေသည်။

လီလော့ ပြိုင်ပွဲပြီးတာနဲ့ အိမ်ပြန်ဖို့ ပြင်ဆင်နေပြီဖြစ်သည်။ ယနေ့အတွက် ရှီးယန်မှာ ပဲ့တင်ထပ်သံပြုပြင်ခြင်းများ သင်ယူရပေဉီးမည်။ ဒီကာလအတွင်း ကြိုးကြိုးစားစား သင်ယူခဲ့သည့်အတွက် သိပ်မကြာခင်မှာ အဆင့်တစ် ဝိဉာဉ်နဲ့ သန့်စင်တဲ့အလင်းများကို သန့်စင်နိုင်တော့မည်ဟု ခံစားမိနေရသည်။

လူအုပ်ကြီးကို ကျော်ဖြတ်လာပြီးချိန်မှာ လုချင်းအာ သူ့ဆီတည့်တည့်ကြီး လျှောက်လာနေသည်ကို မြင်လိုက်ရသည်။

လုချင်းအာသည် အဖြုရောင် ကိုယ်ကြပ်လေ့ကျင့်ရေးဝတ်စုံ ဝတ်ဆင်ထားသည့်အတွက် သူမ၏ သေးသွယ်သော ခါးနှင့် လှပသောခြေတံရှည်များကို ထင်ရှားစွာတွေ့မြင်နေရသည်။သူမ၏ ရှည်လျားသော ဆံနွယ်များကို မြင့်မြင့်စည်းနှောင်ထားသည့်အတွက် တစ်မျိုးတစ်ဖုံ ကျက်သရေရှိစွာ လှပနေ၏။

လုချင်းအာမည်သို့ပင် လှပနေပါစေ လီလော့ကတော့ သူမကို မြင်လိုက်သည့်အခါ မချိပြုံးသာ ပြုံးပြနိုင်ခဲ့ပါသည်။

” ဒီနေ့အတွက် ပြိုင်လို့ ပြီးသွားပြီလား….သိပ်မခက်ဘူးမလား…”

ဤသည်မှာ မိုက်မဲလှသော မေးခွန်းဖြစ်သည်။ လုချင်းအာလို နန်ဖန်းရဲ့ နံပါတ်တစ်ကျောင်းသူတစ်ယောက်သည် မ​ပြိုင်ခင်မှာပင် အနိုင်ရနေပြီမဟုတ်ပေလော….

လုချင်းအာက လီလော့ကို သေချာအကဲခတ်လိုက်ပြီး….

” နင့်ကြည့်ရတာ အရင်ကထက် ပိုအားကောင်းလာသလိုပဲ….နင် အစမ်းစာမေးပွဲမှာ အဆင့်ဘယ်လောက်ရမယ်ထင်လဲ….”

” ငါ ထိပ်ဆုံးအဆင့်နှစ်ဆယ်အတွင်း ဝင်နိုင်မှဖြစ်မယ်…ဒါမှ နှစ်ကုန်စာမေးပွဲဝင်ဖြေနိုင်မှာ….”

လီလော့ အရိုးသားဆုံး ပြန်ဖြေလိုက်ခြင်းဖြစ်သည်။ ထိပ်ဆုံးအဆင့်များအတွက် လီလော့ မမျှော်မှန်းထားပေ။အဆင့်သတ်မှတ်ချက် ထိပ်ဆုံးတွင်ရှိနေခဲ့ပါက အခြားသောကျောင်းတော်များ၏ ပစ်မှတ်ထားခြင်းခံရမည် ဖြစ်သောကြောင့်ပင်….

လုချင်းအာက မျက်မှောင်ကြုံ့လိုက်ပြီး…..

” နင့်ရဲ့ လက်ရှိခွန်အားနဲ့ဆို ထိပ်ဆုံးဆယ်ယောက်စာရင်းတောင် ဝင်နိုင်တဲ့ဟာ…”

” နင်ငါ့ကို အဲ့သလောက်ထိ မြင့်မြင့်မှန်းထားတယ်ပေါ့…..”

” လီလော့…အခုချိန်မှာ နင့် ခွန်အားကို ဖုံးကွယ်ထားမနေသင့်တော့ဘူး….နင့်ကို သံသယဝင်နေသူတွေ ပါးစပ်ပိတ်ကုန်အောင် အစွမ်းရှိသမျှ ထုတ်ပြသင့်တယ်…..”

လီလော့ ကူကယ်ရာမဲ့သလို ခံစားနေခဲ့ရသည်။ လုချင်းအာသည် လှပကျော့ရှင်းသော်လည်း ခွန်အားတစ်ခုတည်းကိုသာ ကြည့်တတ်သူတစ်ယောက်ဖြစ်သည်။တစ်ချိန်တုန်းက သူမကို ဖိနှိပ်ထားနိုင်သူတစ်ဉီးဖြစ်ခဲ့ဖူးလို့သာ လီလော့ကို အခုလို စိတ်ဝင်စားနေရခြင်းဖြစ်သည်။

လီလော့နှင့် သူမသည် လုံးဝ ဆန့်ကျင့်နေ၏။လီလော့သည် မလိုအပ်ဘဲ အရည်အချင်းနှင့်စွမ်းအားများကို ထုတ်မပြချင်ပေ။

“နင်ပြောတာ ငါသဘောပေါက်ပါတယ်…ငါအကောင်းဆုံး ကြိုးစားမှာပါ….”

လုချင်းအာဘက်က ဆိုးဝါးတဲ့ရည်ရွယ်ချက်နဲ့ ပြောနေခြင်းမဟုတ်သည့် အတွက် သူမကျေနပ်အောင် လီလော့ ခေါင်းညိတ်ပြလိုက်သည်။

လီလော့ရဲ့ ကျောပြင်ကို ကြည့်ပြီး လုချင်းအာ သက်ပြင်းတစ်ချက်ချကာ ထွက်ခွာသွားလေသည်။

လီလော့နှင့် လုချင်းအာတို့ကို မလှမ်းမကမ်းမှာရှိတဲ့ စင်မြင့်ပေါ်ကနေ ကြည့်နေသူတစ်ယောက်ရှိသည်။ ထိုသူသည် စုန်ယွမ်ဖန်ဖြစ်သည်။

စုန်ယွမ်ဖန်သည် ထွက်ခွာသွားသည့် လီလော့ကို သတ်ဖြတ်လိုစိတ်ပြင်းပြသော အကြည့်များနှင့် စူးရဲစွာကြည့်နေပြီး……

“ငါသေချာ သတိပေးထားပါရက်နဲ့…မင်းက ငါ့ကိုစိန်ခေါ်နေတာပဲ…..”


Comment

Leave a Reply

Options

not work with dark mode
Reset