နောက်တစ်နေ့နံနက်ခင်းတွင်…
တော်ဝင်နန်းတော်အရှေ့၌…
နန်းတော်အစောင့်အရှောက်တွေက အသင့်စောင့်ဆိုင်းနေကြလျက်ရှိသည်။ သူတို့ရဲ့ဘေးမှာတော့ ဇူယွမ်က သူ့ကိုလိုက်ပို့တဲ့ ဇူချင်နဲ့ချင်ယုတို့ကို စကားပြောနေသကဲ့သို့ သူ့ရဲ့အကြည့်တွေက အဝေးကိုမကြာခဏဆိုသလို လှမ်းကြည့်နေလျက်ရှိသည်။
ခွပ်… ခွပ်…
အလျင်စလိုနိုင်လှသည့်မြင်းခွာသံတွေက အဝေးမှပျံ့လွင့်လာသကဲ့သို့ မီးလျှံကဲ့သို့နီရဲနေသည့်မြင်းတစ်ကောင် သူတို့ထံပြေးလွှားလာနေသည်ကို မြင်လိုက်ကြရသည်။ ၎င်းက သူတို့နဲ့သိပ်မကွာတဲ့နေရာမှာ ဟီသံပေးကာရပ်တန့်သွားခဲ့ပြီး မြင်းပေါ်မှ နူးညံသိမ်မွေ့တဲ့ပုံရိပ်လေးက လှပစွာခုန်ဆင်းခဲ့လိုက်သည်။
ထိုပုံရိပ်လေးက စုယုဝေပင်ဖြစ်သည်။ ဒီနေ့မှာသူမက မီးခိုးရောင်အင်္ကျီနဲ့ဘောင်းဘီကို ဝတ်ဆင်ထားခဲ့သလို သူမရဲ့ဆံပင်တွေကိုလည်း ကျစ်ဆံမြီးကျစ်ထားလျက်ရှိသည်။ သူမရဲ့ပုံစံက အရမ်းကိုလှပလို့နေရပြီး သူမကိုမြင်လိုက်ရသူတိုင်းရဲ့စိတ်ကို အေးချမ်းသွားစေသည်။
နန်းတော်အစောင့်အရှောက်တွေက သူမကိုဟန့်တားခဲ့ခြင်းမရှိဘဲ သူမကိုရထားလုံးဆီသို့ သွားခွင့်ပေးလိုက်သည်။ ဒီနေရာကို အလောတကြီးလာခဲ့ရမှုကြောင့် သူမရဲ့လှပတဲ့မျက်နှာလေးက အနည်းငယ်နီရဲနေခဲ့ကာ သူမရဲ့ပြောင်ရှင်းနေတဲ့နဖူးလေးထက်မှာ ချွေးစက်ချွေးပေါက်လေးတွေ ထွက်ပေါ်နေရပေသည်။
“ယုဝေက အရှင်မင်းကြီးနဲ့ မိဖုရားကြီးတို့ကို နှုတ်ဆက်ပါတယ်…” စုယုဝေကအရင်ဆုံး ဇူချင်နဲ့ချင်ယုတို့ကိုကြည့်လိုက်ပြီး လက်နှစ်ဖက်ဆုပ်ကာ ဦးညွှတ်၍အရိုအသေပေးလိုက်သည်။
ဇူချင်နဲ့ချင်ယုတို့နှစ်ယောက်စလုံးက နွေးထွေးတဲ့အပြုံးတွေနဲ့အတူ ပြန်ပြီးတုန့်ပြန်လိုက်သည်။ သူတို့တွေက စုယုဝေရဲ့စွမ်းဆောင်ရည်ကို အတန်းအဆင့်သတ်မှတ်ချက်စာမေးပွဲမှာ မြင်တွေ့ခဲ့ပြီးနောက်မှာ ဒီလိုသန်မာပြီး တစ်သီးတစ်ခြားဖြစ်နေသည့်မိန်းကလေးကို တိတ်တဆိတ်ပင်နှစ်သက်သဘောကျမိကြသည်။
“ယုဝေ… ဒီခရီးကို လေ့ကျင့်မှုအတွေ့အကြုံတစ်ခုအနေနဲ့ပဲ သဘောထားနော်… ပြီးတော့ငါ့အစား ဇူယွမ့်ကိုဂရုစိုက်ပေးပါဦး… သူ့ကို ပြဿနာရှာဖို့လည်း ခွင့်မပြုနဲ့ဦး…” ချင်ယုကပြုံး၍ပြောသည်။
ဇူယွမ်ရယ်လိုက်မိသည်။ ယောင်ယောင်နဲ့ စုယုဝေတို့နှစ်ယောက်စလုံး ဒီတစ်ကြိမ်မှာ သူနဲ့အတူလိုက်ပါလာကြမည်ဖြစ်သည်။ ယောင်ယောင်က နန်းတော်အတွင်းမှာ နေရတာအနည်းငယ်ပျင်းရိလာခဲ့ရသည့်အတွက် လိုက်လာခဲ့ခြင်းဖြစ်သည်။ စုယုဝေကတော့ သူမရဲ့ကျင့်ကြံခြင်းအတွက် အကျိုးရှိစေနိုင်မည့် မတူညီတဲ့အတွေ့အကြုံတွေကို ရရှိနိုင်စေရန် ဇူယွမ်ကိုယ်တိုင်ခေါ်လာခဲ့ခြင်းဖြစ်သည်။
ဒါ့အပြင် စုယုဝေက သူမရဲ့ရှစ်ခုမြောက်စွမ်းအင်ဝင်ပေါက်အတားအဆီးကိုချိုးဖျက်၍ ချီစုဆောင်းမှုအဆင့်ကို ရောက်ရှိခါနီးနေပြီဖြစ်သည်။ ထို့ကြောင့်တော်ဝင်ဇူကျောင်းတော်အနေနဲ့ သူမကိုသင်ကြားပေးစရာ များများစားစားမကျန်ရှိတော့ပေ။ ဒါ့ကြောင့်ပင် ဇူယွမ်က သူမရဲ့ကျင့်ကြံခြင်းမှာ နှောင့်နှေးကြန့်ကြာမှုမရှိစေရန် သူနဲ့အတူကန်းလန်စီရင်စုကိုသွားတဲ့ခရီးမှာ ခေါ်သွားဖို့ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
“အချိန်ကျပြီ… ထွက်ဖို့ပြင်ကြတော့…” ဇူချင်က ကောင်းကင်ပေါ်ကိုမော့ကြည့်လိုက်ပြီးနောက် လုတိန်ရှန်းဘက်လှည့်ကာ ပြောလိုက်သည်… “သူတို့ကိုကာကွယ်ပေးဖို့က မင်းတာဝန်ပဲ…”
လုတိန်ရှန်းက တည်ငြိမ်လေးနက်သည့်လေသံဖြင့် ပြန်ပြောသည်… “မစိုးရိမ်ပါနဲ့ အရှင်မင်းကြီး… မင်းသားလေးသာတစ်ခုခုဖြစ်သွားမယ်ဆိုရင် ကျွန်တော့်ရဲ့ခေါင်းနဲ့ပြန်ပြီးပေးဆပ်ပါ့မယ်…”
“ငါ့အနေနဲ့ မင်းတို့အထဲက ဘယ်သူ့ကိုမဆို ဘာတစ်ခုမှမဖြစ်စေချင်ဘူး…” ဇူချင် သူ့ရဲ့လက်ကိုဝှေ့ယမ်းပြလိုက်သည်။
လုတိန်ရှန်းက ခေါင်းညိတ်လိုက်ပြီး မတ်တပ်ရပ်ကာ သူ့ရဲ့မြင်းပေါ်ကိုခုန်တက်လိုက်သည်။ အဲ့ဒီနောက်မှာ သူ့ရဲ့လက်ကိုဝှေ့ယမ်းပြလိုက်ပြီး ကျယ်လောင်စွာအော်လိုက်သည်… “ငါတို့တွေ သွားကြစို့…”
ဇူယွမ်ကလည်း ရထားလုံးဆီလျှောက်လှမ်းသွားလိုက်ပြီး အထဲကိုမဝင်ခင်မှာ ဇူချင်နဲ့ချင်ယုတို့ကို နောက်ဆုံးအကြိမ်လက်ဝှေ့ယမ်းပြကာ နှုတ်ဆက်လိုက်သည်။
ဇူယွမ်တို့လူစုက သူတို့ရဲ့ခရီးကိုစတင်လိုက်ကြပြီး သူတို့ဖြတ်သန်းသွားရာလမ်းတစ်လျှောက်မှာ ကျယ်လောင်တဲ့ဆူညံသံတွေထွက်ပေါ်လာခဲ့ရသည်။ သူတို့တွေ ဇူအင်ပါယာမြို့တော်အတွင်းမှ ထွက်ခွာလာသည်နှင့် ကန်းလန်စီရင်စုဆီသို့ ဦးတည်၍သွားခဲ့လိုက်ကြသည်။
…
ဇူယွမ်တို့ ဇူအင်ပါယာမြို့တော်အတွင်းမှ ထွက်ခွာသည့်အချိန်မှာ ချီအိမ်တော်၌…
စာကြည့်ခန်းတစ်ခုအတွင်းမှာ ချီအိမ်တော်၏ အိမ်တော်ထိန်းဖြစ်သူချီလင်းက ရိုသေလေးစားမှုအပြည့်ဖြင့် သတင်းပို့လိုက်သည်… “ဆရာ… လုတိန်ရှန်းနဲ့ နန်းတော်အစောင့်အရှောက်တစ်ထောင်တို့က ဇူယွမ်နဲ့အတူလိုက်ပါပြီး မြို့တော်ကနေထွက်သွားခဲ့ကြပြီ… သူတို့ရဲ့ဦးတည်ချက်က ကန်းလန်စီရင်စုဆီကိုပဲ…”
စားပွဲရဲ့နောက်မှာထိုင်နေသည့်ချီယန်က စိတ်လှုပ်ရှားခြင်းကင်းသည့်မျက်နှာဖြင့် ခေါင်းညိတ်ပြလိုက်သည်။
“ကြည့်ရတာ တော်ဝင်ကလန်ကလည်း ရှေးဟောင်းနယ်မြေနဲ့ပတ်သက်တဲ့သတင်းတွေကို ကြားခဲ့ရပုံပဲ…”
ချောက်ချားစရာကောင်းသည့်အလင်းရောင်တစ်ခု ချီယန်ရဲ့မျက်လုံးထဲမှာ ဖြတ်ခနဲထွက်ပေါ်လာခဲ့ရပြီး ထူးမခြားနားစွာပဲပြောသည်… “တော်ဝင်ဇူကျောင်းတော်ထဲမှာ ဖြစ်ပျက်ခဲ့တဲ့အရာတွေက ငါတို့အတွက် တော်တော်လေးအထိနာခဲ့ရတယ်… ဒါပေမဲ့ ဒီတစ်ကြိမ်တော့ မီးဝိညာဉ်အစေ့ကို ငါရအောင်ယူဖို့ ဆုံးဖြတ်ထားတယ်…”
မီးဝိညာဉ်အစေ့က အဆင့် ၄မူလအစားအစာတစ်ခုဖြစ်ပြီး မခန့်မှန်းနိုင်လောက်အောင်တန်ဖိုးမြင့်မားသည့် အရာတစ်ခုဖြစ်သည်။ ဒီအရာနဲ့ဆိုရင် ချီအိမ်တော်က များစွာသောကျွမ်းကျင်သူတွေကို စုဆောင်းနိုင်မည်ဖြစ်သလို မြေတောင်မြှောက်ပေးနိုင်လိမ့်မည်လည်းဖြစ်သည်။
တော်ဝင်ကလန်က သူတို့ရဲ့အဆင့် ၂ သာရှိတဲ့ ဆန်းကြယ်သလင်းကျောက်ထမင်းနဲ့တောင် သူတို့ရဲ့နေရာကိုတည်ငြိမ်အောင်ထိန်းထားနိုင်သည်ဆိုရင် ဒါကိုတွေးကြည့်လို့ပင်ရပေသည်။ တကယ်လို့ချီအိမ်တော်ကသာ မီးဝိညာဉ်အစေ့ကို ရရှိခဲ့မယ်ဆိုရင် သူတို့အနေနဲ့ တော်ဝင်ကလန်ကို တစ်နှစ်အတွင်းမှာပင် တစ်စစီနင်းချေနိုင်လိမ့်မယ်လို့ ချီယန်က ယုံကြည်မှုရှိပေသည်။
“ငါကမြို့တော်မှာပဲ ဇူချင်ကို ဆက်ပြီးစောင့်ကြည့်ထားလိုက်မယ်… မင်းက ခုချက်ချင်းထွက်ခွာဖို့ပြင်ပြီးတော့ ကန်းလန်စီရင်စုကိုသွားပြီး ဟောင်အာနဲ့ဆက်သွယ်လိုက်… သူက လွန်ခဲ့တဲ့နှစ်နှစ်စလုံးအဲ့ဒီမှာနေခဲ့ပြီးတော့ သူ့အတွက်နေရာတစ်နေရာရအောင် တည်ဆောက်ထားနိုင်ခဲ့တယ်… ငါ့အနေနဲ့ မင်းတို့နှစ်ယောက်စလုံး ဝေကန်းလန်ကို ငါတို့ဘက်ပါလာအောင်စည်းရုံးနိုင်မယ့် နည်းလမ်းတစ်ခုရှာစေချင်တယ်…”
ချီယန်၏မျက်လုံးတွေက ခက်ထန်တင်းမာလာခဲ့ရပြီး ဆက်ပြောသည်… “ဝေကန်းလန်ကသာ ငါတို့နဲ့အတူရပ်တည်မယ်ဆိုရင် ငါတို့ကဘာကိုမှကြောက်ရွံ့နေစရာမလိုဘဲနဲ့ တော်ဝင်ကလန်ကို ချက်ချင်းဖယ်ရှားနိုင်လိမ့်မယ်…”
“ထင်ထားသလိုဖြစ်မလာခဲ့ဘူးဆိုရင်…” ချီယန်က လက်ဖက်ရည်ခွက်ကို ကိုင်ထားလျက်မှ အေးစက်စွာဖြင့်ဆက်ပြောလိုက်သည်… “တကယ်လို့ ဝေကန်းလန်ကသာတော်ဝင်ကလန်ဘက်ကိုပါမယ့် အရိပ်အယောင်ပြလာခဲ့မယ်ဆိုရင် မင်းအနေနဲ့ သူ့ကိုနည်းလမ်းရှာပြီးရှင်းပြစ်လိုက်တာ အကောင်းဆုံးဖြစ်လိမ့်မယ်… ဝေကန်းလန်သာသေသွားခဲ့မယ်ဆိုရင် ကန်းလန်စစ်တပ်က ခေါင်းဆောင်သူကင်းမဲ့သွားလိမ့်မယ်… အဲ့ဒီအချိန်ကျရင် ဟောင်အာက ကန်းလန်စစ်တပ်ကို အုပ်ချုပ်နိုင်လိမ့်မယ့်အပြင် သူတို့ကိုသုံးပြီးတော့ တော်ဝင်ကလန်ကိုတိုက်ခိုက်ရမယ်…”
“နားလည်ပါပြီ…” ချီလင်းက ပြန်ပြောလိုက်သည်။
ချီယန်ရဲ့မျက်လုံးတွေက ရက်စက်ကြမ်းကြုတ်တဲ့ဝံပုလွေတစ်ကောင်အလား ကျဉ်းမြောင်းသွားခဲ့ရပြီး ကြက်သီးထလောက်အောင် ကြောက်မက်ဖွယ်ကောင်းသည့်လေသံဖြင့် ပြောလိုက်သည်… “ဇူယွမ့်အတွက်ကတော့… ဟောင်အာကိုပြောလိုက်… အဲ့ဒီမှာအခွင့်အရေးရလို့ရှိရင် အဲ့ဒီငရှုပ်ကောင်ကို ဇူအင်ပါယာမြို့တော်ကို ဘယ်တော့မှပြန်မလာနိုင်အောင်လုပ်ရမယ်…”
“ကန်းလန်စီရင်စုအတွင်းမှာ အခွင့်အရေးမရဘူးဆိုရင်တောင် အဆိပ်ရေအိုင်မှာ သေချာပေါက်အခွင့်အရေးရလိမ့်မယ်… အဲ့ဒီနေရာမှာ သေခြင်းတရားဆိုတာက လူတိုင်းအတွက် ထူးဆန်းတဲ့အရာတစ်ခုမဟုတ်ဘူး… မင်းသားတစ်ပါးဆိုရင်တောင်မှပေါ့…”
“အဲ့ဒီငရှုပ်ကောင်လေးက ငါ့သားရဲ့လက်ကိုဖြတ်ခဲ့တဲ့အတွက် သူကဒီအကြွေးကို သူ့ရဲ့အသက်နဲ့ပြန်ပြီးပေးဆပ်သင့်တယ်…”
ချီယန်ရဲ့လေသံက စိတ်ဝိညာဉ်အနက်ရှိုင်းဆုံးနေရာကနေ ထွက်ပေါ်လာသည့်အမုန်းတရားတွေအလား အလွန်အမင်းအေးစက်နေကာ ကြားရသူအဖို့ သူတို့ရဲ့နှလုံးသားကို ထိန်းချုပ်နိုင်စွမ်းမရှိလောက်အောင် တုန်လှုပ်သွားစေနိုင်ပေသည်။
ချီလင်းက ချက်ချင်းဆိုသလို သိရှိကြောင်းပြန်ပြောလိုက်ပြီး အရိုအသေးပေးလိုက်ကာ ပြန်လည်၍ထွက်ခွာသွားခဲ့သည်။
ချီယန်က ချီလင်းထွက်ခွာသွားတာကို ကြည့်နေခဲ့ပြီးနောက်မှာ သူ့ရဲ့ခေါင်းကိုမော့လိုက်ပြီး တော်ဝင်နန်းတော်တည်ရှိရာအရပ်ကိုကြည့်လိုက်ကာ အေးစက်တဲ့လေသံတစ်ခုက စာကြည့်ခန်းအတွင်း၌ ထွက်ပေါ်လာခဲ့ရသည်။
“ဇူချင်… တော်ဝင်ဇူကျောင်းတော်ကိစ္စမှာ မင်းအနိုင်ရသွားခဲ့လို့ အရမ်းကြီးပျော်မနေနဲ့ဦးလို့ ငါပြောခဲ့တယ်… မီးဝိညာဉ်အစေ့သာ ငါ့လက်ထဲရောက်လာခဲ့ရင် မင်းတို့ရဲ့တော်ဝင်ကလန်က နောက်တစ်ကြိမ်ဘယ်တော့မှ မြင့်တက်လာနိုင်လိမ့်မှာမဟုတ်တော့ဘူး…”
“ချီအိမ်တော်က ဒီတစ်ကြိမ်သေချာပေါက် အနိုင်ရလိမ့်မယ်… အဲ့ဒီအချိန်ကျရင် အဖေနဲ့သားနှစ်ယောက်စလုံးကို လမ်းပျောက်နေတဲ့ခွေးတွေက ဘာနဲ့တူလဲဆိုတာကို ငါကသေချာပြပေးမယ်…”
…
ကန်းလန်စီရင်စုက ဇူအင်ပါယာရဲ့အနောက်တောင်ဘက်အရပ်မှာတည်ရှိပြီး ဇူအင်ပါယာမြို့တော်မှဆိုရင် အတော်အသင့်ဝေးကွာပေသည်။ ဇူယွမ်တို့အနေနဲ့လက်ရှိနှုန်းထားအတိုင်းသွားနေမယ်ဆိုရင် ကန်းလန်စီရင်စုကိုရောက်ဖို့က ရက်သတ္တပတ်ပေါင်းများစွာ ကြာမြင့်ပေလိမ့်မည်။
ကံကောင်းတာက သူ့ဘေးမှာ ယောင်ယောင်နဲ့ စုယုဝေတို့နှစ်ယောက်ပါလာခဲ့ခြင်းပင်။ နေ့တစ်နေ့ရဲ့အစမှာ ဒီလိုမျိုးလှပတဲ့မျက်နှာလေးနှစ်ခုကို မြင်တွေ့နေရခြင်းက ဇူယွမ့်အတွက် ကြုံတောင့်ကြုံခဲကြည်နူးစရာတစ်ခုဖြစ်ခဲ့ရပြီး ပျင်းစရာကောင်းသည့်ခရီးက အနည်းငယ်ပျော်စရာကောင်းလာခဲ့သည်။
သို့ပေမဲ့လည်း သူ့ရဲ့မျက်လုံးအစာကျွေးခြင်းက လျင်မြန်စွာဖြင့်ပင် ယောင်ယောင်ရဲ့ဖြတ်တောက်ခြင်းကို ခံလိုက်ရသည်။ ဒါက သူမအနေနဲ့ ဇူယွမ်တစ်ယောက် သူ့ရဲ့အချိန်တွေကို သက်တောင့်သက်သာနဲ့ကုန်ဆုံးနေတာကို မြင်တွေ့လိုခြင်းမရှိခဲ့သောကြောင့်ပင်။
“နင့်ရဲ့စိတ်ဝိညာဉ်က ဖွဲ့စည်းခြင်းအလယ်အဆင့်ကို ရောက်ခဲ့ပြီးတဲ့နောက်မှာ နင်ကအရမ်းကိုလွတ်လပ်သွားတဲ့ပုံပဲ… ငါနင့်ကို အဆင့် ၂မူလမှော်စာလုံးသင်ပေးရလိမ့်မယ်…” ရထားလုံးအတွင်းမှာ ယောင်ယောင်က ကျောက်စိမ်းပြားတစ်ခုအား ဇူယွမ့်ထံပစ်ပေးလိုက်သည်။ ကျောက်စိမ်းပြားပေါ်မှာ အလွန်အမင်းရှုပ်ထွေးနက်နဲလှသည့် မှော်စာလုံးတစ်ခုက မှိန်ဖျော့ဖျော့လင်းလက်တောက်ပနေပေသည်။
“ဒါက အဆင့် ၂မူလမှော်စာလုံးတစ်ခုဖြစ်တဲ့ ရွှေလူဝံတောင်ကိုရွှေ့ခြင်းမှော်စာလုံးပဲ… ဒါကိုခန္ဓာကိုယ်ပေါ်မှာ ရေးဆွဲထားခဲ့မယ်ဆိုရင် လူတစ်ယောက်ရဲ့ခန္ဓာကိုယ်ခွန်အားကို မြှင့်တင်ပေးနိုင်ပြီးတော့ လူတစ်ယောက်ရဲ့စွမ်းအားကိုများစွာမြင့်တက်သွားစေလိမ့်မယ်…”
“အိုး…”
ဇူယွမ်ပျော်ရွှင်စွာဖြင့်ပင် ကျောက်စိမ်းပြားကို ဖမ်းယူခဲ့လိုက်သည်။ အဆင့် ၂မူလမှော်စာလုံးက အဆင့် ၁မူလမှော်စာလုံးထက် များစွာသာလွန်မှုရှိပေသည်။ သူ့ရဲ့ခန္ဓာကိုယ်ပေါ်မှာသာ ရွှေလူဝံတောင်ကိုရွှေ့ခြင်းမှော်စာလုံးကို ရေးဆွဲခဲ့မယ်ဆိုရင် ၎င်းရဲ့ရလဒ်က သူအရင်ကအသုံးပြုခဲ့သည့် ပြင်းထန်သောခွန်အားမှော်စာလုံးရဲ့စွမ်းအားထက် အဆများစွာသာလွန်မှုရှိပေလိမ့်မည်။
“ဘယ်လိုတောင်ရှုပ်ထွေးရတာလဲ…” ဇူယွမ်တစ်ယောက် ကျောက်စိမ်းပြားပေါ်ရှိ ရှုပ်ထွေးလှသည့်မှော်စာလုံးကို ကြည့်လိုက်ပြီး ကူကယ်ရာမဲ့စွာဖြင့်ပင် သက်ပြင်းကိုသာချလိုက်မိသည်။ ဒီမှော်စာလုံးက စုတ်ချက်ပေါင်းတစ်ထောင်နီးပါးအသုံးပြုရေးဆွဲထားသည်ကို သူ့အနေနဲ့ခန့်မှန်းနိုင်ပေသည်။ လူတစ်ယောက်မှာ သန်မာတဲ့စိတ်ဝိညာဉ်ရှိမနေခဲ့ဘူးဆိုရင် အနည်းငယ်ကြည့်မိရုံမျှနဲ့ပင် သေချာပေါက်မူးနောက်သွားစေလိမ့်မည်။
ဇူယွမ်သူ့ရဲ့ခေါင်းကို ခါယမ်းလိုက်မိပြီး စုယုဝေတစ်ယောက် သူမရဲ့နှုတ်ခမ်းတွေကိုပင် မပိတ်နိုင်လောက်အောင်ပြုံးနေသည်ကို တွေ့လိုက်ရသည်။ သူဒုက္ခရောက်နေတာကို သူမက သဘောကျနေသည့်ပုံပင်။
“ဘာကြည့်နေတာလဲ… နင်ကရော တစ်ခုခုလုပ်ရလိမ့်မယ်လို့ စဉ်းစားမထားမိဘူးလား…” ဇူယွမ်တစ်ယောက်အနည်းငယ်ကျွဲမြီးတိုးသွားခဲ့ရသကဲ့သို့ သူရဲ့မျက်လုံးတွေက သူမကိုကြည့်လိုက်မိသည်။ အဲ့ဒီနောက်မှာ သူကကျောက်စိမ်းစာလိပ်တစ်ခုကို ထုတ်ယူလိုက်ပြီး စုယုဝေထံပစ်ပေးလိုက်သည်။
စုယုဝေက ကျောက်စိမ်းစာလိပ်ကို အလျင်အမြန်ဖမ်းယူလိုက်ရပြီး အံ့အားသင့်သွားသည့်အမူအယာဖြင့်မေးလိုက်သည်… “ဒါကဘာလဲ…”
ဇူယွမ်ကပြုံး၍ပြောလိုက်သည်… “အဆင့်နိမ့်အနက်ရောင်အဆင့်မူလကျင့်စဉ်တစ်ခုဖြစ်တဲ့ ကောင်းကင်ဘုံ’လို့’လက်ဝါးကျင့်စဉ်ပဲ… ဒီကျင့်စဉ်က နင့်အတွက်သင့်တော်မှုရှိတယ်…”
စုယုဝေက ကျောက်စိမ်းစာလိပ်ကိုဆုပ်ကိုင်ထားသကဲ့သို့ အနည်းငယ်တုန့်ဆိုင်းနေသည့်အမူအယာဖြင့် သူမကပြောသည်… “မင်းသားလေး… ဒါက အရမ်းကိုတန်ဖိုးကြီးတယ်…”
အဆင့်နိမ့်အနက်ရောင်အဆင့်ကျင့်စဉ်တစ်ခုရဲ့တန်ဖိုးကို သူမအနေနဲ့ကောင်းစွာသိပေသည်။ တော်ဝင်ဇူကျောင်းတော်ထဲမှာတောင်မှ ဒီလိုအဆင့်ရှိတဲ့ကျင့်စဉ်ကို မပိုင်ဆိုင်ထားခဲ့ပေ။ ၎င်းရဲ့တန်ဖိုးက အနည်းဆုံးမူလပုံဆောင်ခဲသောင်းဂဏန်းလောက်ရှိပေလိမ့်မည်။ သူမကိုယ်သူမရောင်းစားရမယ်ဆိုရင်တောင် ဒီလိုဈေးနှုန်းမျိုးရရှိလိမ့်မည်မဟုတ်ပေ။
ဇူယွမ်က အလျှော့မပေးစွာဖြင့်ပြောသည်… “ငါတို့တွေက အပန်းဖြေခရီးထွက်လာခဲ့တာမဟုတ်ဘူး… နင်က မကြာခင်မှာ ရှစ်ခုမြောက်စွမ်းအင်ဝင်ပေါက်အတားအဆီးကို ချိုးဖျက်နိုင်ပြီးတော့ ချီစုဆောင်းမှုအဆင့်ကိုရောက်ရှိတော့မယ်… တကယ်လို့နင်ကသာ ကောင်းကင်ဘုံ’လို့’လက်ဝါးကျင့်စဉ်ကိုသာ လေ့ကျင့်ထားခဲ့မယ်ဆိုရင် ငါတို့တွေဘယ်လိုရန်သူမျိုးနဲ့မဆို ရင်ဆိုင်တွေ့ခဲ့ရမယ်ဆိုရင်တောင် နင့်မှာတိုက်ပွဲစွမ်းအားတချို့ရှိလာလိမ့်မယ်…”
စုယုဝေက သူမရဲ့နီထွေးထွေးနှုတ်ခမ်းလေးကို ညင်သာစွာကိုက်လိုက်မိသည်။ သူမက တွေးတောဆင်ခြင်နိုင်စွမ်းကင်းမဲ့တဲ့ လူတစ်ယောက်မဟုတ်သည့်အတွက် မကြာမီမှာပင် ကျောက်စိမ်းစာလိပ်ကို တင်းတင်းဆုပ်ကိုင်လိုက်မိပြီး လေးနက်စွာခေါင်းညိတ်ပြလိုက်သည်… “မစိုးရိမ်ပါနဲ့ မင်းသားလေး… ငါ့အနေနဲ့မကြာခင်မှာ ဒါကိုတတ်ကျွမ်းသွားအောင် သေချာလေ့ကျင့်ပါ့မယ်…”
ဇူယွမ်ကရယ်မောလျက် ခေါင်းညိတ်ပြလိုက်သည်။ ဇူအင်ပါယာမြို့တော်အတွင်းကထွက်မလာခင်မှာ ဇူချင်က သူ့ကိုအလယ်အလတ်အဆင့်အနက်ရောင်မူလကျင့်စဉ်တစ်ခုဖြစ်သည့် ထူးကဲသောဧကရာဇ်တံဆိပ်တော်ကျင့်စဉ်ကိုလည်း ပေးလိုက်သေးသည်။ ကံမကောင်းစွာဖြင့် ဒီကျင့်စဉ်ရဲ့သဘာဝက ပြင်းထန်ကာပျော့ပျောင်းမှုမရှိသည့်အတွက် စုယုဝေအတွက် သင့်တော်ခြင်းမရှိခဲ့ပေ။ ထို့ကြောင့်ပင် ဒီကျင့်စဉ်ကို သူလေ့ကျင့်ဖို့အတွက်သာ သိမ်းဆည်းထားခဲ့လိုက်သည်။
“ကြည့်ရတာ ငါတို့တွေအချိန်တော်တော်ကြာအောင် အနားယူလို့ရနိုင်မှာမဟုတ်ဘူးထင်တယ်…” ဇူယွမ်သက်ပြင်းချကာ ပြောလိုက်သည်။ အဲ့ဒီနောက်မှာ သူ့ရဲ့အာရုံကိုကျောက်စိမ်းပြားပေါ်မှာစုစည်းလိုက်ပြီး သူကဖြည်းညှင်းစွာဖြင့်ပင် စုတ်ချက်တစ်ချက်ချင်းစီကို ကူးယူရေးဆွဲလိုက်သည်။
ထို့ကြောင့်ပင် နောက်ထပ်သီတင်းပါတ်အနည်းငယ်ကို ရွှေလူဝံတောင်ကိုရွှေ့ခြင်းမှော်စာလုံးလေ့ကျင့်တဲ့နေရာမှာ အများဆုံးအသုံးချခဲ့ပေသည်။ သူကအားလပ်တဲ့အချိန်တွေမှာ ထူးကဲသောဧကရာဇ်တံဆိပ်တော်ကျင့်စဉ်ကိုလည်း လေ့ကျင့်နေခဲ့ရပြီး ဒီရက်တွေက သူ့အတွက်တော့ အလွန်အမင်းကိုအလုပ်ရှုပ်နေခဲ့ရသည့်နေ့ရက်တွေပင်ဖြစ်သည်။
ဇူယွမ်က အဆက်မပြတ်ပြင်းပြင်းထန်ထန်လေ့ကျင့်နေခဲ့သလို သူတို့အဖွဲ့ကလည်း တဖြည်းဖြည်းနဲ့ ကန်းလန်စီရင်စုကို နီးကပ်လာခဲ့ကြသည်။
သို့ပေမဲ့လည်း သူတို့ရဲ့ဦးတည်ချက်ကိုမရောက်ခင်မှာ တစ်စုံတစ်ခုဖြစ်ပျက်သွားမှာဆိုးသည့်အတွက် ဇူယွမ့်အနေဖြင့်ရွေးချယ်စရာမရှိခဲ့ဘဲ သူတို့ရဲ့သွားနှုန်းကို အနည်းငယ်လျှော့ချခဲ့လိုက်ရသည်။
လမ်းခရီးတစ်လျှောက်နှစ်လနီးပါးကြာလေ့ကျင့်ခဲ့ပြီးတဲ့နောက်မှာ စုယုဝေက နောက်ဆုံးသူမရဲ့ရှစ်ခုမြောက်စွမ်းအင်ဝင်ပေါက်အတားအဆီးကို ချိုးဖျက်နိုင်ခဲ့ပြီဖြစ်သည်။
ဝင်ပေါက်ရှစ်ခုစလုံးကို ဖွင့်နိုင်လိုက်ပြီဆိုတာနဲ့ ချီပင်လယ်က အလိုအလျောက်ပေါ်ထွက်လာလိမ့်မည်ဖြစ်သည်။
ထို့ကြောင့်ပင် လက်ရှိအချိန်မှာ စုယုဝေက ချီစုဆောင်းမှုအဆင့်ကို ခြေလှမ်းနိုင်ခဲ့ပြီလို့ ဆို၍ရနိုင်ပေသည်။