Switch Mode

အခန်း ( ၃၂၇ )

အဆင့်တက်ခြင်း

ကောင်းကင်တံတားမြစ်သည် ကမ္ဘာကြီး၏ အလယ်ဗဟိုတည့်တည့်တွင် တည်ရှိသည်။ ၎င်းမြစ်ကြီးသည် အဆုံးအစမဲ့ ကျယ်ပြန့်သော ရွှေရောင်ရေများဖြင့် ပြည့်နှက်နေသဖြင့် ယင်ယန်ဝိညာဥ်အဆင့်ရှိသော ကျင့်ကြံသူများပင်လျှင် ပင်လယ်ခရီးသွားခြင်းအတွက် အထူးပြုလုပ်ထားသည့် မှော်ပစ္စည်းများ မရှိပါက ထိုပင်လယ်ထဲသို့ ဝင်ရဲမည်မဟုတ်ချေ။

နတ်အဆင့် တွင်ရှိသော လူများပင်လျှင် ထိုပင်လယ်ကို ခက်ခက်ခဲခဲ ဖြတ်သန်းရမည်ဖြစ်သည်။

ကောင်းကင်တံတားမြစ်၏ အရှေ့၊ အနောက်၊ တောင်နှင့်မြောက်ဘက် ဒေသတို့တွင် ပင်လယ်ရေများက ဧရာမမြစ်ကြီး လေးစင်းအဖြစ် ခွဲဖျာကာစီးဆင်းသည့် နေရာများရှိသည်။ ထိုမြစ်များသည် ကမ္ဘာကြီး၏ အဆုံးစွန်ထိမရောက်သော်လည်း ရောက်လုနီးနီး အဆင့်ထိရှိပေသည်။

ထိုမြစ်ကြီးလေးစင်း၏ တစ်စင်းဆီ၏ ပင်လယ်နှင့်ဆုံတွေ့ရာနေရာဖြစ်သော မြစ်ဝတွင် မြစ်အခြေတည်ဂိုဏ်းတစ်ဂိုဏ်းဆီရှိသည်။ အရှေ့ဘက်မြစ်ကို ထိန်းချုပ်ထားသည့် ဂိုဏ်းမှာ ရှင်းကုံကျစ်တာအိုဂိုဏ်းဖြစ်သည်။ ထိုမြစ်ကြီး အကွာအဝေးတစ်ခုအထိ စီးဆင်းပြီးသွားသောအခါတွင် မြစ်ငယ်လေးသွယ်အဖြစ် ထပ်၍ ခွဲကာ စီးဆင်းပေးသည်။

ထို မြစ်လေးသွယ် ခွဲဖျာသည့်နေရာများကို ကျင့်ကြံခြင်းလောက၏ အလယ်ပိုင်းဒေသဟု ခေါ်တွင်ကြသည်။ ထိုနေရာများသည် ရှင်းမြစ်ဂိုဏ်းခွဲ၊ ကုံမြစ်ဂိုဏ်းခွဲ၊ ကျစ်မြစ်ဂိုဏ်းခွဲနှင့် တာအိုမြစ်ဂိုဏ်းခွဲ တို့၏ နေရာများဖြစ်ကြသည်။

ထိုဂိုဏ်းလေးဂိုဏ်းသည် ကျင့်ကြံခြင်းလောက၏ အလယ်ဒေသတွင် ဂုဏ်သတင်းကျော်စောမှုကို ထိုက်ထိုက်တန်တန် ရရှိထားသည့် ဂိုဏ်းများဖြစ်သည်။ ထိုဂိုဏ်းလေးဂိုဏ်းမှ ဂိုဏ်းတိုင်းမှာ ထိုဒေသတစ်ဝိုက်ရှိ အသေးစားဂိုဏ်းများသာမက ကျင့်ကြံသူမျိုးနွယ်စု အများအပြားကိုပါ လွှမ်းမိုးနိုင်လောက်သည်အထိ စွမ်းအားကြီးမားသည်။

အောက်ပိုင်းဒေသကို ဖြစ်ပေါ်စေသည့် မြစ်လက်တက်တစ်ခုဆီကို စွမ်းအားကြီး ဂိုဏ်းလေးဂိုဏ်းက သိမ်းပိုက်ထားပါသော်လည်း ထို ဂိုဏ်းလေးဂိုဏ်းပူးပေါင်းလျှင်ပင် အလယ်ဒေသရှိ ဂိုဏ်းကြီးတစ်ဂိုဏ်းကို ယှဥ်နိုင်မည်မဟုတ်ပေ။ ထိုသို့ဖြစ်ရခြင်းအတွက် အကြောင်းအရင်းတစ်ခု ရှိပေသည်။

အောက်ပိုင်းဒေသ၏ ခေါင်းဆောင်ကြီးများအားလုံးမှာ ယင်ယန်ဝိညာဥ်အဆင့်တွင်သာ ရှိသေးသည်ဖြစ်ပြီး အလယ်ပိုင်းဒေသရှိဂိုဏ်းများ၏ ခေါင်းဆောင်ကြီးများမှာ နတ်အဆင့်သို့ ရောက်နေသောကြောင့် ဖြစ်သည်။

နတ်အဆင့်ဆိုသည်မှာ ယင်ယန်ဝိညာဥ်အဆင့်နှင့် လုံးဝမတူညီသည့် အဆင့်တစ်ခုဖြစ်သည်။ ထိုအဆင့်သည် စိတ်ကူး၍ပင်မရအောင် စွမ်းအားကြီးမားပြီး ၎င်းနှင့် ယင်ယန်ဝိညာဥ်အဆင့်ကြားရှိ ခြားနားမှုသည် ယင်ယန်ဝိညာဥ်အဆင့်နှင့် ရွှေအမြုတေအဆင့်ကြားရှိ ခြားနားမှုထက်ပင် ပို၍ ကြီးမားသည်။

ထိုခြားနားမှုကို တိုင်းထွာရန်ပင် မဖြစ်နိုင်တော့ချေ။

ထိုသို့သော စွမ်းအားများကြောင့် အောက်ပိုင်းဒေသရှိ ဂိုဏ်းများမှာ ကောင်းကင်က ချီးမြှင့်သည့် အခွင့်အရေး ရရှိသည့် အချိန်မှလွဲ၍ အခြားအချိန်များတွင် အလယ်ပိုင်းဒေသရှိ ဂိုဏ်းများကို ပြဿနာမရှာရဲခြင်းဖြစ်သည်။ ထို့အပြင် အောက်ပိုင်းဒေသရှိ ယင်ယန်ဝိညာဥ်အဆင့်ရှိသော ကျင့်ကြံသူများအတွက် နတ်အဆင့်ရောက်ရှိနိုင်မည့် အခွင့်အရေးမှာ မရှိသလောက် နည်းပါးပေသည်။

အရည်အချင်းများစွာ ကိန်းအောင်းနေသည့် လူများပင်လျှင် ထိုသို့ဖြစ်နိုင်ရန် အလွန်ခဲယဥ်းမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အောက်ပိုင်းဒေသတွင်ရှိသည့် ကောင်းကင်တံတားမြစ်၏ စိတ်စွမ်းအင်များ၊ ရင်းမြစ်ပစ္စည်းများနှင့် ပညာရပ်များမှာ ကွာခြားနေသောကြောင့် ဖြစ်သည်။ ထို့ထက်ပို၍ ကြီးမားသည့် အကြောင်းအရင်းမှာ နတ်အဆင့်သို့ တက်လှမ်းနိုင်ရန် ဓမ္မစောင့်ရှောက်သူမရှိလျှင် လုံးဝမဖြစ်နိုင်သောကြောင့်ပင် ဖြစ်သည်။

သို့သော်လည်း အကြီးမားဆုံးသောအကြောင်းပြချက်သည်ကား အလယ်ပိုင်းဒေသရှိဂိုဏ်းများသည် အောက်ပိုင်းဒေသရှိ ၎င်းတို့၏ လက်အောက်ခံဂိုဏ်းများက နတ်အဆင့် ကျင့်ကြံသူတစ်ယောက် မွေးထုတ်နိုင်မည့်အချက်ကို လက်မခံနိုင်ခြင်းပင် ဖြစ်သည်။ ထိုသို့သာ လက်ခံလိုက်ပါက သူတို့၏ အခွင့်အာဏာများကို ထိပါးလာနိုင်သည် မဟုတ်ပါလော။

သို့သော်လည်း ဤအခြေအနေတွင် ထိုအချက်များ မရှိတော့ချေ။ အလွန့်အလွန် ရှားပါးလှသော အခွင့်အရေးတစ်ခု ကုံမြစ်ဂိုဏ်းခွဲထဲတွင် ထွက်ပေါ်လာခဲ့ပြီဖြစ်သည်။

ကုံမြစ်ဂိုဏ်းခွဲသည် ရှင်းကုံကျစ်တာအိုဂိုဏ်းကို အမျက်ဒေါသထွက်စေမည့်အရာတစ်ခုကို ပြုလုပ်ခဲ့မိလေသည်။ ထို့ကြောင့် ကုံမြစ်ဂိုဏ်းခွဲ၏ ခေါင်းဆောင်ကြီးကို တရားစီရင်ရန် နတ်အဆင့်ရှိသော ကျင့်ကြံသူနှစ်ယောက်ကိုစေလွှတ်လိုက်လေသည်။ သူတို့နှစ်ယောက်သည် ထိုခေါင်းဆောင်ကြီး၏ ဝိညာဥ်တစ်စိတ်တစ်ပိုင်းကို ထုတ်ယူကာ ဤကမ္ဘာကြီးတွင် အလွန်ရှားပါးကာ တန်ဖိုးရှိသည့် နတ်ဝိညာဥ် တစ်ခုကို ဖန်တီးခဲ့သည်။

ထို့အပြင် ကုံမြစ်ဂိုဏ်းခွဲ၏ ကျင့်ကြံသူခုနစ်ဆယ် ရာခိုင်နှုန်းကျော်ကို သေဒဏ်ပေးကာ သီးသန့်စွမ်းအင်များနှင့် တန်ဖိုးကြီးရတနာများကိုပါ ဖျက်စီးပစ်လေသည်။

သူတို့သာ အလိုရှိပါက ကုံမြစ်ဂိုဏ်းခွဲတစ်ခုလုံးကို အမြစ်ပြတ်ချေမှုန်းနိုင်ပေသည်။ သို့သော်လည်း သူတို့က အမိန့်တစ်ခုထုတ်ကာ ကုံမြစ်ဂိုဏ်းခွဲကို ရှိမြဲတိုင်း ရှိနေစေခဲ့သည်။

ကုံမြစ်ဂိုဏ်းခွဲကို မဖျက်စီးပဲ ထားခဲ့ခြင်းအားဖြင့် သူတို့သည် အောက်ပိုင်းဒေသရှိ လက်အောက်ခံ ဂိုဏ်းလေးဂိုဏ်းတို့ကို အချင်းချင်း စစ်မက်ခင်းစေမည့် မီးစတစ်စအား မွေးထုတ်နိုင်ခဲ့လေသည်။

အလွန်တရာ အင်အားနည်းနေသည့် ကုံမြစ်ဂိုဏ်းခွဲကို ရှိမြဲတိုင်း ရှိရန် အမိန့်ပေးကာ ထားခဲ့ခြင်းအားဖြင့် သူတို့သည် အောက်ပိုင်းဒေရှိ ဂိုဏ်းများအတွက် မက်လောက်စရာ ပန်းတိုင်တစ်ခုကို ဖန်တီးပေးလိုက်တော့သည်။ ကုံမြစ်ဂိုဏ်းခွဲသည်လည်း သူတို့ကိုလာရောက်သိမ်းပိုက်ကာ အစားထိုးမည်ကို ထိုင်စောင့်နေမည်တော့ မဟုတ်ချေ။ အောက်ပိုင်းဒေသရှိ ဂိုဏ်းများ၏ တိုက်ခိုက်မှုကို သူတို့ တောင့်ခံနိုင်ပါက ရှင်းကုံကျစ်တာအိုဂိုဏ်း၏ သဘောတူညီချက်အရ သူတို့ဂိုဏ်းခွဲသည် မပျောက်မပျက်ပဲ ဆက်လက် ရှင်သန်နိုင်မည်ဖြစ်သည်။

အနာဂတ်တွင် သူတို့၏ ကျင့်ကြံသူများထဲမှ တစ်ယောက်ကိုသာ နတ်အဆင့်ထိရောက်အောင် ပြန်လည်မွေးထုတ်နိုင်ပါက သူတို့၏ ယခင်က ကျော်စောမှုများကို ပြန်လည်ရရှိနိုင်မည်ဖြစ်သည်။

လက်အောက်ခံဂိုဏ်းလေးဂိုဏ်းမှာ အဆုံးတွင် ပူးပေါင်းသွားခဲ့သည်ကို သူတို့က သတိမထားခဲ့မိသည်တော့ မဟုတ်ချေ။ သူတို့က သိခဲ့ပါသော်လည်း ဝင်ရောက် မစွက်ဖက်ရဲခဲ့ခြင်းသာ ဖြစ်သည်။ ရှင်းကုံကျစ်တာအိုဂိုဏ်း ချမှတ်ခဲ့သည့် စည်းမျဥ်းများအရ သူတို့သည် အောက်ပိုင်းဒေသရှိ ဂိုဏ်းများ၏ ကိစ္စများတွင် ဝင်ရောက်စွက်ဖက်ခွင့်မရှိခဲ့ချေ။ သူတို့သည် ရှင်းကုံကျစ်တာအိုဂိုဏ်းက စီစဥ်ထားသည့် နောက်ဆုံးပြစ်ဒဏ်အား ထိုင်စောင့်နေရုံမှလွဲ၍ အခြား ရွေးချယ်စရာမရှိခဲ့ချေ။

ထိုအပြစ်ဒဏ်မှာ အောက်ပိုင်းဒေသရှိ ဂိုဏ်းများ၏ ကျူးကျော်မှုပင် ဖြစ်သည်။

ကုံမြစ်ဂိုဏ်းခွဲ၏ ဌာနချုပ်မှာ ကောင်းကင်တံတားမြစ်၏နဖူးတွင် တည်ဆောက်ထားသည်။ ထိုဂိုဏ်းသည် အောက်ပိုင်းဒေသရှိ ဂိုဏ်းတိုင်းထက် ဆယ်ဆပိုကြီးမားပေသည်။ ဤနေရာတွင် မြစ်၏တစ်ဖက်ကို အခြားတစ်ဖက်မှ မြင်နိုင်ရန်မှာ မဖြစ်နိုင်ချေ။

ထိုနေရာ၏ အောက်ပိုင်းအဝေးတစ်နေရာတွင် ကျင့်ကြံခြင်းလောက၏ အောက်ပိုင်းဒေသဖြစ်သော မြစ်လက်တက် လေးခုအဖြစ် ခွဲဖြာသွားသည့် နေရာရှိသည်။

ထိုမြစ်လက်တက်လေးခုထဲရှိ တစ်ခုထဲမှာ မြစ်ရေထဲတွင် ခန္ဓာကိုယ် တစ်ဝက်မြုပ်နေကာ တဖြည်းဖြည်းလျှောက်လှမ်းလာနေသည့် ဧရာမဘီလူးကြီးတစ်ကောင်ကို မြင်နိုင်ပေသည်။ ထိုဘီလူးကြီး၏ ခြေလှမ်းတိုင်း ကြောင့် မြစ်ရေများမှာ လွင့်စင်နေကြပြီး များစွာသော ဝိညာဥ်ရိုင်းများနှင့် အခြား သတ္တဝါများစွာပါ အသက်လုကာ ထွက်ပြေးနေကြတော့သည်။

မြစ်ထဲတွင်နေထိုင်သည့် စွမ်းအားအကြီးဆုံး အရာများပင်လျှင် သူတို့ကြုံတွေ့နေရသည့် အင်အားကြီးကြောင့် ပုန်းရှောင်ကာ ထိုဘီလူးကြီးကို အေးအေးလူလူ ဖြတ်သန်းခွင့်သာ ပေးလိုက်ကြမည်ဖြစ်သည်။

ဘီလူးကြီး၏ ပခုံးပေါ်တွင် ထိုင်နေသည့် ယုန်တစ်ကောင်ကိုလည်း မြင်နိုင်ပေသည်။

ထိုဘီလူးကြီး၏ နောက်ဖက်ခပ်လှမ်းလှမ်းတွင် ရေမျက်နှာပြင်ပေါ်မှာ ရွေ့လျားနေသည့် မီတာသုံးသိန်းရှည်လျားသော ကောင်းကင်တံတား စစ်သင်္ဘောကြီးတစ်စင်းရှိသည်။ ထို စစ်သင်္ဘောပေါ်တွင် မရေမတွက်နိုင်သော ကျင့်ကြံသူများကို မြင်နိုင်ပြီး အများစုမှာ တင်ပျဥ်ခွေထိုင်ကာ တရားကျင့်နေကြပြီး မကြာမီတိုက်ခိုက်ရမည့် တိုက်ပွဲကြီးအတွက် ထိပ်ဆုံးအခြေအနေသို့ ရောက်ရှိရန် ပြင်ဆင်နေကြသည်။ မှိုင်းညှို့ညို့အငွေ့အသက်တစ်ခုမှာ ထိုစစ်သင်္ဘောတစ်စင်းလုံးကို ဝန်းရံနေတော့သည်။

နောက်ဖက်တွင် မီတာနှစ်သိန်းတစ်သောင်းနှင့် မီတာကိုးသောင်းဆီ အသီးသီး ရှည်လျားကြသော အခြား စစ်သင်္ဘောနှစ်စင်းကိုပါ ထပ်မြင်နိုင်သည်။ ၎င်းတို့မှာလည်း ပထမ စစ်သင်္ဘောအလား တည်ကြည် လွန်းလှပေသည်။

ပိုင်ရှောင်ချန်းမှာ များစွာသော ကျင့်ကြံသူများ၏ အသိစိတ်များကို စုစည်းကာ သွေးဘိုးဘေးကြီးကို ထိန်းချုပ်နေသည်။ သူသည် တောက်ပနေသည့် မျက်ဝန်းများဖြင့် မြစ်ရေကို ဖြတ်နေတော့သည်။ သူ၏ ပတ်ပတ်လည်ရှိ ကမ္ဘာကြီး၏ ကျယ်ပြောမှုကို အာရုံခံနိုင်ပြီး သူ့ကိုရိုက်ခတ်နေသည့် ရေများမှာ နူးညံ့ပျော့ပျောင်းနေသကဲ့သို့ ခံစားနေရတော့သည်။ သူသည် အလွန်အမင်း အံ့အားသင့်နေတော့လေသည်။

” တစ်ရက်ကျရင် ဒီလိုခံစားချက်မျိုးရဖို့ သွေးဘိုးဘေးကြီးရဲ့ ခန္ဓာကိုယ်ကို သုံးဖို့ လိုမှာ မဟုတ်တော့ဘူးကွ။”
ထိုသို့ဆိုကာ သူက ခြေလှမ်း နောက်ထပ်တစ်လှမ်း လှမ်းလိုက်သဖြင့် မီတာပေါင်းထောင်ပေါင်းများစွာ ရှေ့သို့ ရောက်သွားတော့သည်။

သွေးဘိုးဘေးကြီးနှင့် ကောင်းကင်တံတား စစ်သင်္ဘောများ၏ အမြန်နှုန်းကြောင့် ရက်အနည်းငယ်အတွင်း သူတို့သည် မြစ်ကို ချောမွေ့စွာဖြတ်သန်းကာ ရေဆန်ရှိ ပို၍ကြီးမားသော မြစ်နှင့်ဆက်သွယ်ထားသည့် နေရာသို့ ရောက်သွားတော့သည်။

ထိုနေရာတွင် မိုးကုတ်စက်ဝိုင်းထိတိုင်အောင် ရှည်လျားနေသည့် ဧရာမမြစ်ကြီးရှိပေသည်။ ထိုမြစ်ကြီးကို နှစ်ခြောက်ဆယ်စက်ဝန်းတိုင်း ကုံမြစ်ဂိုဏ်းခွဲဆီသို့ ပုံမှန် သွားရောက်တွေ့ဆုံရသည့် ခေါင်းဆောင်ကြီးများသာ မြင်ဖူးလေသည်။ အခြားကျင့်ကြံသူများအတွက်မူ ဤမျှကြီးမားသော မြစ်ကြီးတစ်စင်းကိုမြင်ရသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။ သူတို့မြင်တွေ့နေကြ ကောင်းကင်တံတားမြစ်ထက် ယခုမြစ်ကြီးသည် ဆယ်ဆပို၍ ကြီးမားပေသည်။

” အလယ်ပိုင်း ကောင်းကင်တံတားမြစ်ပါလား။”

” ဒါ တကယ်ပဲ ကောင်းကင်တံတားမြစ် ဟုတ်ရဲ့လား။ အကြီးကြီးပါလား။ ”

” ဒီမြစ်ကြီးနဲ့ယှဥ်လိုက်ရင် ငါတို့ရဲ့မြစ်ကစမ်းချောင်းလေးတစ်စင်း လောက်ပဲရှိတော့မှာ။ ” စစ်သင်္ဘောပေါ်ရှိ အဖွဲ့သုံးဖွဲ့၏ ကျင့်ကြံသူများမှာ ဤနေရာရှိ ကောင်းကင်နှင့် မြေကြီးတို့၏ စိတ်စွမ်းအင်တို့သည် အောက်ပိုင်းဒေသတုံးကထက် ဆယ်ဆပို၍ အားကောင်းနေကြောင်း ခံစားမိလိုက်တော့သည်။

လူများစွာမှာ အသက်ပြင်းပြင်းရှူသွင်းလိုက်ကြသောအခါ သူတို့၏ ခန္ဓာကိုယ်ထဲတွင် အက်ကွဲသံများကို ကြားလိုက်ရလေသည်။ ဤမျှ အားပြင်းသည့် စိတ်စွမ်းအင်ကို သူတို့မှာ မကြုံဖူးသဖြင့် အများစုဆိုလျှင် ယခင်က ကျင့်ကြံခြင်းတွင် ပိတ်ဆို့နေသည့် အနှောင့်အယှက်များကို ကျော်လွှားသွားနိုင်ကြတော့သည်။

” ဒါ…ဒါ..အလယ်ဒေသပါလား။ ငါ့ရဲ့ ကျင့်ကြံခြင်းအခြေခံ… ”

” ကုံမြစ်ဂိုဏ်းခွဲကို သိမ်းဖို့ တစ်ခုထဲသောနည်းလမ်းက တိုက်ပွဲမှာ သူတို့ကို နိုင်ဖို့ပဲ။ ဒီနေရာမှာသာ ငါဆက်ပြီး ကျင့်ကြံမယ်ဆိုရင် သေချာပေါက် ယင်ယန်ဝိညာဥ်အဆင့် ခေါင်းဆောင်ကြီးတစ်ယောက်ဖြစ်လာနိုင်တယ်။”

အဏ္ဏဝါခေါ်သံဂိုဏ်း၏ ခေါင်းဆောင်ကြီးများပင် စိတ်လှုပ်ရှားကာ မှင်တက်နေကြသည်။ သူတို့၏ ခံစားချက်များမှာ အခြားကျင့်ကြံသူများထက်ပင် ပို၍ နက်ရှိုင်းသည်။ အဘယ့်ကြောင့်ဆိုသော် သူတို့၏ နောက်ဆုံး ပန်းတိုင်ဖြစ်သော နတ်အဆင့်သို့ ရောက်ခါနီးနေပြီ ဖြစ်သောကြောင့်ဖြစ်သည်။

သူတို့သာ အလယ်ဒေသတွင် အခြေချကာ အုတ်မြစ်တည်နိုင်ပါက ထိုနေရာရှိ ရင်းမြစ်ပစ္စည်းများနှင့် စိတ်စွမ်းအင်များကြောင့် သူတို့၏ နတ်အဆင့်သို့ ရောက်လိုသည့် ဆန္ဒများမှာ စိတ်ကူးယဥ်အိပ်မက်တစ်ခုထက် ပိုလာမည်ဖြစ်သည်။ ထို့အပြင် ဖောက်ထွက်နိုင်မည့် အခြေအနေသို့ရောက်လျှင် သူတို့၏ အထက်ရှိမည်သူကမျှ လာရောက်နှောင့်ယှက်မည်မဟုတ်ချေ။ အလယ်ဒေသရှိဂိုဏ်းများထဲတွင် နတ်အဆင့် ကျွမ်းကျင်သူတစ်ယောက်ရှိခြင်းသည် အဓိက လိုအပ်ချက်တစ်ခု မဟုတ်ပါလော။

ခေါင်းဆောင်ကြီး၏ စိတ်လှုပ်ရှားမှုများကို ပိုင်ရှောင်ချန်းက ခံစားမိလေသည်။ သူသည် သွေးဘိုးဘေးကြီး၏ ခန္ဓာကိုယ်ကို ထိန်းချုပ်ရင်း အသက်ပြင်းပြင်းရှူလိုက်သောအခါ ကောင်းကင်နှင့် ကမ္ဘာမြေကြီးပေါ်ရှိ အရာအားလုံးမှာ တုန်ရီသွားတော့သည်။ ပိုင်ရှောင်ချန်းသည် အနက်ရောက်တွင်းနက်ကြီးတစ်ခုဖြစ်သွားသည့်အလား ကောင်းကင်နှင့် ကမ္ဘာမြေကြီးရှိ စိတ်စွမ်းအင်အများအပြားမှာ သူ့ဆီသို့ ပြေးလာကြတော့သည်။ သွေးဘိုးဘေး၏ ခန္ဓာကိုယ်ထဲသို့ စိတ်စွမ်းအင်များဝင်ရောက်သွားသောအခါ သူသည် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းအဖွဲ့မှ ကျင့်ကြံသူများထံသို့ ဖြန့်ပေးလိုက်ပြီး သူ့အတွက် အနည်းငယ် သိမ်းဆည်းထားလိုက်လေသည်။

သူ၏ နဝမမြောက် စိတ်စွမ်းအင်ပင်လယ်သည် သလင်းကျောက်ပုံစံပြောင်းလုနီးပါးဖြစ်နေခဲ့သည်။ ဤအချိန်တွင် ထိုအသက်ရှူကြိမ်တစ်ခုကြောင့် လုပ်ငန်းစဥ်မှာ ပြီးဆုံးသွားတော့သည်။

၎င်းမှာ သလင်းကျောက်ပုံစံ အပြည့်အဝပြောင်းလဲသွားသောအခါ သူ၏ ကျင့်ကြံခြင်းအခြေခံမှာ ယခင်ကထက်များစွာသာလွန်သည့် စွမ်းအားများ ထွက်ပေါ်လာသဖြင့် ပိုင်ရှောင်ချန်းမှာ တုန်ရီနေတော့သည်။

စိတ်စွမ်းအင်ပင်လယ်ကိုးစင်းတိတိ သလင်းကျောက်ပုံစံပြောင်းလဲသွားသောအခါတွင် ကောင်းကင်တာအို အခြေခိုင်မာခြင်း၏ စက်ဝန်းအဆင့်သို့ ရောက်ရှိပြီဖြစ်သည်။

” အလယ်ပိုင်းဒေသ….”
သူက စိတ်လှုပ်ရှားစွာ တွေးနေတော့သည်။ ရုတ်တရက် သူသည် အလယ်ဒေသနှင့် ကံကြမ္မာအရ ချိတ်ဆက်နေသည့်အလား ခံစားလိုက်ရတော့သည်။ထိုသို့မဟုတ်လျှင် မည်သည့်အတွက်ကြောင့် သူ အလယ်ဒေသထဲသို့ ဝင်လိုက်သည့်အချိန်မှာ ချက်ချင်းပင် နောက်တစ်ဆင့်တက်သွားနိုင်ပါမည်နည်း။

သွေးဘိုးဘေးကြီး၏ ခန္ဓာကိုယ်ထဲတွင် ရှိနေပါသော်လည်း သူသည် စိတ်စွမ်းအင်များကို အယိုအဖိတ်မရှိပဲ စုပ်ယူနိုင်နေဆဲပင်။ ထိုစွမ်းအင်များသည် အဆုံးမဲ့နေသည့်အလားပင်ဖြစ်နေတော့သည်။

တလက်လက်တောက်ပနေသည့် မျက်ဝန်းများဖြင့် သူက သွေးဘိုးဘေးကြီးကို ရှေသို့ ခုန်ခိုင်းလိုက်လေသည်။ သွေးဘိုးဘေးကြီးသည် လေထဲသို့ဖြတ်ပျံကာ အရှေ့ပိုင်း ကောင်းကင်တံတားမြစ်ထဲသို့ ပြန်လည်ကျဆင်းသွားသောအခါ မိုးခြိမ်းသံကဲ့သို့ အသံကျယ်ကြီးများ ပေါ်ထွက်လာတော့သည်။

ဂျုန်းဂျုန်းဂျုန်း…

နေရာတိုင်းသို့ ရေများ လွင့်စင်သွားပြီး လှိုင်းလုံးကြီးများ ထလာတော့သည်။ ထိုအချိန်တွင် ကောင်းကင်တံတား စစ်သင်္ဘောသုံးစင်းသည်လည်း အလယ်ဒေသထဲသို့ ရောက်ရှိလာတော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset