Switch Mode

အခန်း ( ၃၂၆ )

ခရီးပန်းတိုင်..အလယ်ပိုင်း ဒေသဆီသို့

အဏ္ဏဝါခေါ်သံ၏ ဂိုဏ်းခွဲလေးခုမှ ကျင့်ကြံသူများမှာ သူတို့မျက်မြင်ကြုံတွေ့ခဲ့ရသော မယုံနိုင်ဖွယ်အဖြစ်အပျက်များကို ဘယ်တော့မှမေ့နိုင်တော့မည်မဟုတ်ပေ။ ထိုအဖြစ်အပျက်များမှာ ယခုတွင် သူတို့၏စိတ်ဝိညာဥ်အတွင်းထဲထိ လောင်ကျွမ်းနေကာ ထိုနေရာတွင်ပင် ထာဝရတည်ရှိနေပေလိမ့်မည်။

လက်တစ်ဖက်မှာ မြေမျက်နှာပြင်ပေါ်သို့အခြေချလိုက်စဥ် ကျန်ရှိနေသောလက်မောင်းမှာ ရေမျက်နှာပြင်အောက်ခြေမှ ထွက်ပေါ်လာသည်။

မြစ်ကြီးဆီမှ အားပြည့်ဝသောလှိုင်းကြီးများ တလိပ်လိပ်တက်လာပြီး ဆန်းကြယ်နတ်ရေစင်ဂိုဏ်းခွဲ၏ မီတာနှစ်သိန်းတစ်သောင်းရှိသော ကောင်းကင်တံတားစစ်သင်္ဘောကြီးကို အရှေ့နှင့်အနောက် လှုပ်ခါသွားစေသည်။ ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၏စစ်သင်္ဘောကြီးအား တည်ငြိမ်နေစေရန် ခေါင်းဆောင်ကြီးများက ကြားဝင်ထိန်းသိမ်းလိုက်ရသည်။

ကောင်းကင်တံတားမြစ်အတွင်းမှ ထွက်ပေါ်လာသော ဧရာမလက်မောင်းကြီးအား ကြည့်ရှုနေသူအပေါင်းတို့၏ စိတ်မှာ အံ့သြမကုန်နိုင်အောင် ဖြစ်ကုန်ကြတော့သည်။

တိတ်ဆိတ်ငြိမ်သက်ခြင်းက ကြီးစိုးနေစဥ် အလင်းတန်းနှစ်ခုမှာ ကောင်းကင်ဆီသို့ ဆက်၍တက်သွားလေသည်။ ပြင်းထန်လှသောတအုန်းအုန်းမြည်သံများမှာလည်း တလက်လက်တောက်ပနေသော ရောင်စုံအလင်းများ၊ အားကောင်းသောလေတို့နှင့်အတူ လိုက်ပါလာလေသည်။ ထို့နောက် လူတိုင်းမှာ လက်ကြီးချလိုက်သည့်အခါ ဖော်မပြနိုင်လောက်အောင် အားကြီးသောစွမ်းအားများဖြာထွက်နေသည်ကို အာရုံခံမိသွားကြတော့သည်။

ကောင်းကင်တံတားမြစ်ကြီး၏အလယ်တွင် ကျွန်းတစ်ကျွန်းပေါ်လာသကဲ့သို့ဖြစ်နေပြီး ၎င်းမှာအမှန်တကယ်တွင် ရေမျက်နှာပြင်ဆီမှ တဖြည်းဖြည်းထွက်ပေါ်လာသော ခေါင်းတစ်လုံးဖြစ်လေသည်။

ယခုအချိန်တွင် မီတာသုံးသိန်းရှည်လျားသော ကောင်းကင်တံတားစစ်သင်္ဘောကြီးပင်လျှင် တလိပ်လိပ်ထနေသော လှိုင်းကြီးများ၏ ဒဏ်ကိုခံနေရသည်။ ကြီးမားလှသော စစ်သင်္ဘောကြီးသုံးစင်းလုံးအား မြစ်အောက်ထဲသို့ တွန်းချလိုက်သောအခါ ကြည့်ရှုနေသူအပေါင်းတို့ကြားတွင် ပင့်သက်ရှိုက်သံများထွက်ပေါ်လာလေသည်။

ကုန်းစွန်းဝမ်အာပင် မျက်လုံးအစုံ ပြူးကျယ်သွားပြီး သူမ၏မျက်နှာတွင် အလွန်တရာတွေ့ရခဲလှသော ထိတ်လန့်တုန်လှုပ်မှုများကို တွေ့ရနိုင်လေသည်။

တဖြည်းဖြည်းနှင့် ဦးခေါင်းကြီးမှာ ထွက်ပေါ်လာပြီး မြင်လိုက်ရသူမည်သူမဆို ရိုးတွင်းခြင်ဆီအထိ စိမ့်နေအောင်ကြောက်ရွံ့တုန်လှုပ်သွားစေနိုင်သော မျက်လုံးကြီးနှစ်လုံးမှာလည်း ပေါ်ထွက်လာလေသည်။ ထို့နောက်တွင် နှာခေါင်းကြီး….ထို့နောက်နှုတ်ခမ်းများကို မြင်ရလာလေသည်။ နောက်ဆုံးတွင် ကောင်းကင်ဘုံကိုပါ လှုပ်ခတ်စေနိုင်သော ဟိန်းဟောက်သံကြီးတစ်ခု နှုတ်အတွင်းမှ ထွက်ပေါ်လာလေသည်။

မိုးခြိမ်းသံထက်ပိုလွန်သော အသံများမှာ ကောင်းကင်နှင့် ကမ္ဘာမြေအတွင်း ပြည့်နှက်သွားလေသည်။ သွေးဘိုးဘေးကြီး၏လက်မှာ ဆက်လက်၍ တွန်းချနေပြီးနောက်တွင် သူ၏လည်ပင်းမှာလည်း မြင်ရလာလေသည်။

မည်သူမျှ မတုန့်ပြန်နိုင်မီ ကောင်းကင်တံတားမြစ်ကြီးမှာ ပေါက်ကွဲလုနီးပါးဖြစ်သွားပြီး အခြားလက်ကြီးတစ်ဖက် ဆန့်ထွက်လာသောအခါ မီတာသုံးရာအမြင့်ရှိသော လှိုင်းများဖြစ်ပေါ်လာလေသည်။ ထို့နောက် လက်ကြီးကို မျက်နှာချင်းဆိုင်ကမ်းပါးထက်တွင်ချလိုက်လေသည်။

မြေမျက်နှာပြင်တွင် အက်ကြောင်းများပွင့်ထွက်လာသည့်အတွက် မြေကြီးမှာ လှုပ်ခါနေပြီး ကုန်းမြေ၏အစိတ်အပိုင်းများမှာ လုံးလုံးလျားလျား ယိုယွင်းပျက်စီးလာလေသည်။ သွေးဘိုးဘေးကြီး၏ လက်အောက်ခြေရှိ ကျောက်တုံးတမျှမာကြောပုံရသော မြေပြင်မှာ ပူတင်းတစ်ခုနှယ်ပျော့ပြောင်းသွားလေသည်။

ယခုတွင် လက်ကြီးနှစ်ဖက်လုံးမှာ မြဲမြံစွာ နေရာယူပြီးသွားလေသည်။ ကောင်းကင်တံတားမြစ်အထက်တွင် မမေ့နိုင်သော ဧရာမသဏ္ဍာန်ကြီးတစ်ခု တဖြည်းဖြည်းချင်း မတ်တပ်ထရပ်လာသောအခါ အရာအားလုံးမှာ သူ၏အရိပ်အောက်သို့ ကျရောက်သွားလေသည်။

ဦးခေါင်း၊လည်ပင်း၊ ပခုံးများနှင့် ရင်အုပ်ကြီးတို့မှာ မစဥ်းစားမတွေးတောနိုင်လောက်အောင်ကို မြင့်မားလေသည်။ မီတာသုံးရာ..မီတာသုံးထောင်…မီတာသုံးသောင်း….။ မကြာမီ မြစ်အထက်သို့ပေါ်ထွက်လာသည့် သွေးဘိုးဘေးကြီး၏အစိတ်အပိုင်းမှာ မီတာပေါင်း သောင်းချီသည့်အမြင့်သို့ရောက်သွားလေသည်။

သူ၏ ကျယ်ပြောလှသောပခုံးကြီးများမှာ ကောင်းကင်တံတားမြစ်ကြီးနီးပါး ကျယ်ဝန်းလှလေသည်။ သူ၏ခန္ဓာကိုယ်ပေါ်ရှိ ကြွက်သားမြှောင်းများအားလုံးဆီမှ ကြောက်မက်ဖွယ်ဖိအားများ ဖြာထွက်နေပြီး သူ၏ခါးမှာလည်း အလွန်ကျဥ်းမြောင်းသေးသိမ်နေကာ သူ၏ပခုံးမှဆိုလျှင် တြိဂံတစ်ခုပုံစံနီးပါး ဖြစ်ပေါ်နေလေသည်။

သူ၏ခါးအောက်ရှိအရာအားလုံးမှာ မြစ်၏မျက်နှာပြင်အောက်တွင်ရှိနေသော်လည်း ထိုကဲ့သို့ပြုလုပ်နိုင်သောအစွမ်းသတ္တိရှိသည့် မည်သူမဆို သွေးဘိုးဘေးကြီး၏ခြေထောက်မှာ မြစ်အောက်ခြေ ကြမ်းပြင်တွင် နေရာယူထားပြီးဖြစ်ကြောင်းကို တွေ့မြင်နိုင်ပေမည်။

ကျင့်ကြံသူများအတွက် ကောင်းကင်တံတားမြစ်ကြီးမှာ အလွန်နက်ရှိုင်းလှသော်လည်း သွေးဘိုးဘေးအတွက်မူ ထိုသို့ဖြစ်ပုံမရချေ။

ထရပ်နေသူမှာ သွေးဘိုးဘေးကြီးဖြစ်သော်လည်း ယခုတွင် ပိုင်ရှောင်ချန်းက သွေးဘိုးဘေးကြီး၏ စိတ်ဝိညာဥ်ဖြစ်နေပြီး ၎င်း၏ခန္ဓာကိုယ်တစ်ခုလုံးမှာ သူ၏ထိန်းချုပ်မှုအောက်တွင်ရှိနေပြီဖြစ်သည်။ သူက သွေးဘိုးဘေးကြီး၏မျက်လုံးများမှတစ်ဆင့် ကြည့်ရှုလိုက်သောအခါ ကောင်းကင်နှင့် မြေပြင်မှာပင် ပို၍သေးငယ်သွားသည့်ပုံပေါ်လေသည်။ သူ့အတွက် တောင်တန်းများမှာ ကစားစရာတစ်ခုထက် မပိုတော့ချေ။ ထို့နောက် သူ၏အောက်ဖက်ရှိ ဧရာမမြစ်ကြီးမှာလည်း ချောင်းလေးတစ်ခုအလားဖြစ်နေတော့သည်။

ဧရာမသစ်ပင်ကြီးများမှာ မြက်ပင်များနှင့်ပင်တူနေပြီး ကျင့်ကြံသူများမှာလည်း သေးငယ်သော ပုရွက်ဆိတ်ကလေးများနှင့်တူနေတော့သည်။

ထိုခံစားချက်မှာ ဖော်ပြရန်ပင်ခက်ခဲနေလေသည်။ သူ၏အကြည့်ကို အပေါ်သို့ရွေ့လိုက်သည်နှင့် သူက ကောင်းကင်အထက်သို့ရောက်နေပြီး ကောင်းကင်၏ဂြိုဟ်များကို ခူးဆွတ်နေရသကဲ့သို့ ခံစားလိုက်ရသည်။ သူ၏နှလုံးသားမှာ နာကျင်သွားပြီး ခဏအကြာတွင် မတတ်နိုင်ပဲ သူ၏ဦးခေါင်းကိုနောက်သို့ပစ်ကာ အသံရှည်ဆွဲ၍အော်ဟစ်လိုက်လေသည်။

ထိုအော်ဟစ်သံမှာ ကောင်းကင်ဘုံအမြင့်ဆုံးအထိ လှုပ်ခတ်သွားစေပြီး ပတ်ဝန်းကျင်တစ်ခုလုံးကို လွှမ်းခြုံသွားလေသည်။ ငှက်များနှင့် သားရဲများမှာ ကြောက်ရွံ့မှုကြောင့် တုန်ရီသွားပြီး ကောင်းကင်တံတားမြစ်၏ရေများမှာလည်း တလိပ်လိပ်ကြွထလာသည်။ ၎င်း၏မျက်နှာပြင်အောက်ခြေတွင် လဲလျောင်းနေသော ဧရာမရွှေမိကျောင်းကြီးက မော့ကြည့်လာပြီး ၎င်းမှာလည်း တုန်ရီနေလေသည်။

အလားတူ ထိတ်လန့်တုန်လှုပ်နေကြသော အခြားဧရာမသားရဲများလည်းရှိလေသည်။

” သွေးဘိုးဘေးကြီး..” ဟန်ဇောင်ဂိုဏ်းတည်ထောင်သူ ခေါင်းဆောင်ကြီးက တီးတိုးရေရွတ်လိုက်လေသည်။ သူ၏ဦးရေပြားမှာ ကြိမ်းစပ်နေပြီး သိသိသာသာကိုတုန်ရီနေလေသည်။ သူ၏ဘေးဘက်တွင် လီကျစ်မို၊ ခေါင်းဆောင်ကြီးထျယ်မု နှင့်အခြားခေါင်းဆောင်ကြီးများမှာ အလားတူ ဖြူဖတ်ဖြူရော်မျက်နှာများနှင့် မယုံကြည်နိုင်ဖြစ်နေကြလေသည်။

” အဲ့တာကြီး လှုပ်ရှားနေတယ်ဆိုတာ ငါမယုံနိုင်ဘူး…”

“အခုတော့ အဲဒီထင်မြင်ချက်ကို ဘယ်လိုလုပ်ကြမလဲ။ သွေးစွမ်းအင်နတ်ရေစင်အဖွဲ့က မြစ်အထက်ဘက်ကိုပြောင်းရွှေ့ဖို့ သွေးဘိုးဘေးကြီးရဲ့ကိုယ်ထည်ကို သုံးရလိမ့်မယ်” ခေါင်းဆောင်ကြီးချီဟွမ်မှာ အာစေးမိသကဲ့သို့ဖြစ်သွားပြီး ဆန်းကြယ်နတ်ရေစင်ဂိုဏ်းမှ အခြားယင်ယန်ဝိညာဥ်အဆင့် တာအိုဆရာများမှာ လုံးလုံးလျားလျား စိတ်ပျက်အံ့အားသင့်ကုန်ကြတော့သည်။

၎င်းမှာ ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်းအဖွဲ့၏ ကိစ္စရပ်များထက် ပိုနေလေသည်။ လူတိုင်း၏မျက်လုံးများမှာ နေကိုပင်ကွယ်နေသည့် ထိုမြင့်မားသောသဏ္ဍာန်ကြီးကိုသာ အာရုံစိုက်နေကြသည်။

ခေါင်းဆောင်ကြီးများကပင် ထိုကဲ့သို့ ပြုမူနေပြီဖြစ်၍ ရွှေအမြုတေအဆင့်နှင့် အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူများအား ဖော်ပြရန်မလိုတော့ပေ။ ဂိုဏ်းလေးဂိုဏ်းလုံးမှ ကျင့်ကြံသူများအားလုံးမှာ တုန်ရီနေကာ စိတ်လှုပ်ရှားနေကြတော့သည်။ မှန်ပေသည်…အားလုံးထဲတွင် စိတ်အလှုပ်ရှားဆုံးမှာ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းမှ ကျင့်ကြံသူများဖြစ်ကြလေသည်။ သူတို့အားလုံးမှာ အသံကျယ်ကြီးများဖြင့်ခေါ်ကာ သွေးဘိုးဘေးကြီးအား ဦးညွှတ်ရန်ဒူးထောက်လိုက်ကြသည်။

” သွေးဘိုးဘေးကြီးကို ဂါရဝပြုပါတယ်…”

” သွေးဘိုးဘေးကြီးကို ဂါရဝပြုပါတယ်…”
ထိုစကားလုံးများမှာ ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းစွာ ပဲ့တင်ထပ်၍ ထွက်ပေါ်လာသည်။

ဤအတောအတွင်း စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၏ ကောင်းကင်တံတားစစ်သင်္ဘောကြီးပေါ်ရှိ ကုန်းစွန်ဝမ်အာ၏မျက်နှာထက်တွင် ထူးဆန်းသောအမူအယာများနှင့် သွေးဘိုးဘေးကြီးအား ကြည့်နေလေသည်။ သူမက စိတ်ရှုပ်ထွေးနေပုံပေါ်ကာ မျက်မှောင်ကြုတ်နေလေသည်။ ကြည့်ရသည်မှာ သူမက တစ်စုံတစ်ခုအားကြိုးစား၍ မှတ်မိအောင်စဥ်းစားနေသော်လည်း ထိုသို့လုပ်ရန်ခက်ခဲနေပုံရသည်။

သူမက သွေးဘိုးဘေးကြီး၏မျက်လုံးများကို မြင်လိုက်ပြီးနောက် သူမက ပိုင်ရှောင်ချန်း၏မျက်လုံးများကို ကြည့်နေရသကဲ့သို့ခံစားလိုက်ရသည်။ ထိုအချိန်တွင် လျှို့ဝှက်ဆန်းကြယ်သော အလင်းတန်းတစ်ခုက သူမ၏အကြည့်ထဲတွင် ဖြစ်ပေါ်လာလေသည်။

ထူးဆန်းသော အမူအယာများရှိပြီး ကြည်ညိုလေးစားခြင်း၊ ကြောက်ရွံ့ခြင်းနှင့် အခြားလူတိုင်းထက် သာလွန်ထူးကဲကာ မယုံကြည်နိုင်ဖွယ်ဖြစ်နေသော အခြားမိန်းမပျိုတစ်ဦးလည်း ရှိသေးလေသည်။

ထိုမိန်းမပျိုမှာ ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်းကဖြစ်လေသည်။ သူမက အလွန်တရာ လှပသောကြောင့် သူမ၏ပတ်ဝန်းကျင်ရှိ ပုရိသယောက်ျားတိုင်းလိုလို အထိန်းချုပ်မဲ့လုနီးပါးဖြစ်သွားစေနိုင်သည့်….မိန်းမလှလေး ချင်မေ့ယွမ်ဖြစ်လေသည်။

အခြားမည်သူမျှ သတိမပြုမိသော..ပိုင်ရှောင်ချန်းကိုယ်တိုင်ပင် မတွေ့လိုက်သော အခြားအရိပ်သဏ္ဍာန်တစ်ခုလည်းရှိလေသည်။ သွေးဘိုးဘေးကြီးအားသူအပြည့်အဝ ထိန်းချုပ်နိုင်သွားချိန်တွင် ထိုသဏ္ဍာန်မှာ ကောင်းကင်၏အမြင့်တစ်နေရာတွင် ပေါ်လာလေသည်။

ထိုသူမှာ ရှည်လျားသော အနက်ရောင်ဝတ်ရုံရှည်ကိုဝတ်ဆင်ထားပြီး သူ၏မျက်နှာအသွင်အပြင်ကိုလည်း မမြင်ရပေ။ သို့သော်လည်း ထိုသူမှာ အလွန်အိုမင်းနေပြီး သေမင်း အငွေ့အသက်များစိမ့်ဝင်ပျံ့နှံ့နေလေသည်။

ထိုသူက သွေးဘိုးဘေးကြီးအား ရှုပ်ထွေးနေသောစိတ်ခံစားချက်များ..ပြန်လည်အောက်မေ့သတိရနေသောခံစားချက်များ ဖြင့် ကြည့်နေလေသည်။

အကယ်၍ ပိုင်ရှောင်ချန်းသာ သူ့ကိုမြင်တွေ့နိုင်လျှင် ထိုသူ့ကိုချက်ချင်းမှတ်မိပေလိမ့်လိမ့်မည်။ ထိုအဘိုးအိုမှာ အမည်မဲ့တောင်တွင် သူ၏အသက်ကိုကယ်တင်ခဲ့သော သင်္ချိုင်းစောင့်အဘိုးအိုဖြစ်လေသည်။

ခဏအကြာတွင် သင်္ချိုင်းစောင့်အဘိုးအိုမှာသက်ပြင်းချလိုက်ကာ အရိပ်အယောင်တစိုးတစိမှမကျန်ပဲ ပျောက်ကွယ်သွားလေသည်။

သွေးဘိုးဘေးကြီးက သူ၏ခြေထောက်ကိုမြှောက်လိုက်သောအခါ ကောင်းကင်တံတားမြစ်ရေ အများအပြားမှာ ကမ္ဘာမြေပြင်ပေါ်သို့မိုးရေများကျလာသကဲ့သို့ လျှံကျလာလေသည်။ ခေါင်းဆောင်ကြီးများမှာ ပင့်သက်ရှိုက်ကာ ချက်ချင်းပင် သူတို့၏အမျိုးမျိုးသော ဂိုဏ်းအဖွဲ့များ၏ကျင့်ကြံသူများဆီမှ ရေများကိုဖယ်ထုတ်လိုက်လေသည်။ ထိုရေမှာ အလွန်တရာ စွမ်းအားကြီးမားလှပြီး ၎င်းအားထိမိသွားသည့် အားနည်းသောကျင့်ကြံသူအမြောက်အမြားကို ချက်ချင်းပင် အရည်ပျော်ကျသွားစေနိုင်လေသည်။

ပိုင်ရှောင်ချန်းက သူ၏ပတ်၀န်းကျင်ကို ပြန်ကြည့်လိုက်လေသည်။ သူကခံစားသိရှိနေရသော အာရုံအသစ်များနှင့် မရင်းနှီးသေးပေ။ သို့သော်လည်း ကောင်းကင်တံတားမြစ်ရေကို သူနှောင့်ယှက်လိုက်ခြင်းကြောင့် မည်သူမျှထိခိုက်မှုမရှိကြောင်း တွေ့လိုက်ပြီးနောက်မှ စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်လေသည်။ ဤအခိုက်အတန့်တွင် သူကသွေးဘိုးဘေးကြီးအားထိန်းချုပ်ခြင်းမှ သူ၏ခန္ဓာကိုယ်မှာလည်းလန်းဆန်းပြီးအကျိုးရှိသည်ကို သဘောပေါက်သွားခဲ့ပြီး တဖြည်းဖြည်းပိုမို၍အားကောင်းလာသည်။

သူ၏ အဇူရာခန္ဓာကိုယ်မှာ တိုးတက်လာလေသည်။

” သွေးဘိုးဘေးကြီး သေဆုံးနေတာက တော်တော်ဆိုးတာပဲ။ ငါက သူ့ကိုယ်ကြီးကို ထိန်းချုပ်နိုင်တယ်။ ဒါပေမဲ့ သူ့တစ်သက်တာစွမ်းဆောင်နိုင်ခဲ့တဲ့ အစစ်အမှန်စွမ်းအားတွေကို မထုတ်နိုင်ဘူး။ ငါထုတ်နိုင်တဲ့ အပြင်အားတွေကတောင်မှ သူ့ရဲ့အစစ်အမှန် စွမ်းအားတွေရဲ့ အပိုင်းသေးသေးလေးပဲရှိသေးတာ” သွေးဘိုးဘေးကြီးနှင့်သူ၏ ဆက်နွှယ်မှုအား အချိန်အနည်းငယ်ကြာ ခွဲခြမ်းစိတ်ဖြာပြီးနောက်တွင် သူကပိုမိုကောင်းမွန်သောအတွေးများရရှိလိုက်လေသည်။

သူထိန်းချုပ်နိုင်သော စွမ်းအားအနည်းငယ်ဖြင့် တစ်ချက်လောက်ထိုးနှက်လိုက်ခြင်းကပင် ယင်ယန် ဝိညာဥ်အဆင့်ခေါင်းဆောင်ကြီးများထက်ပင် သာလွန်နေပေသည်။

အနည်းငယ်ဆင်ခြင်သုံးသပ်ပြီးနောက် သူက သွေးဘိုးဘေးကြီးအတွင်းရှိ အခြားသွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းသား ကျင့်ကြံသူများ၏ အတွေးများနှင့် အတက်အကျများကို သတိထားမိသွားလေသည်။ သူက ထိပ်ဆုံးအဆင့် ခေါင်းဆောင်ကြီး ဖုန်းရှိန်ကျစ် ၏နတ်ဘုရားအသိများကိုပင် အာရုံခံနိုင်လေသည်။ ထိုအရာဖြင့် တချိန်တုန်းက သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၏ ဌာနချုပ်ဖြစ်ခဲ့သည့် လက်ကိုဆန့်တန်း၍ မြေပေါ်ပြန်ချထားလိုက်သည်။

သူစကားပြောသောအခါ သူ၏အသံမှာ တလောကလုံးကိုတုန်လှုပ်သွားစေသည်။

” သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းအဖွဲ့…..ငါ့ဆီလာ”

စိတ်လှုပ်ရှားနေကြသော သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းသားများမှာ လက်အတွင်းရှိ ဝင်ပေါက်ဆီသို့ စိတ်လှုပ်ရှားစွာဖြင့်ပျံသန်းသွားကြတော့သည်။ ထိုသူတို့က သွေးဘိုးဘေးကြီး အတွင်း၌လုံခြုံစွာရှိနေပြီးနောက်တွင် ပိုင်ရှောင်ချန်းက လက်ကိုပြန်မလိုက်ကာ မြစ်ကိုညွှန်ပြလိုက်သည်။

” အဏ္ဏဝါခေါ်သံ ဂိုဏ်းသားတို့…ငါတို့ချီတက်လာကြမယ် ”

သူ၏ မိုးခြိမ်းသံအလားအသံကျယ်ကြီး ထွက်ပေါ်လာပြီးနောက် ပိုင်ရှောင်ချန်းက သွေးဘိုးဘေးကြီး၏ ခြေထောက်တစ်ဖက်ကို ရှေ့သို့ပို့လိုက်ကာ မြစ်ကိုစတင်၍ဖြတ်ကူးသွားလိုက်လေသည်။

စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းတည်ထောင်သူခေါင်းဆောင်ကြီးဟန်ဇောင်မှာ အသက်ပြင်းပြင်းရှူလိုက်ပြီးနောက် သူ၏လက်ကို ဝေ့ယမ်းလိုက်ကာ စိတ်စွမ်းအင်နတ်ရေစင်အဖွဲ့အား စတင်လှုပ်ရှားစေလိုက်သည်။ သွေးဘိုးဘေးကြီးနောက်တွင် ရေကိုဖြတ်၍ စတင်သွားနေသော မီတာသုံးသိန်းရှိသည့် ကောင်းကင်တံတားစစ်သင်္ဘောကြီးမှာ ထိတ်လန့်တုန်လှုပ်ဖွယ်စွမ်းအားများနှင့်အတူသွားနေလေသည်။

ဆန်းကြယ်နတ်ရေစင်အဖွဲ့နှင့် ဆေးစွမ်းအင်နတ်ရေစင်အဖွဲ့မှာ အလားတူ သူတို့၏စစ်သင်္ဘောကြီးများကို သက်ဝင်လှုပ်ရှားစေလိုက်သည်။ မကြာမီ သူတို့အားလုံး ကောင်းကင်တံတားမြစ်ကြီးကိုဖြတ်လျက် အလယ်ပိုင်းဒေသဆီသို့ လိုက်ပါလာကြတော့သည်။

နေမှာလည်းစတင်ဝင်နေပေပြီ။ စစ်သင်္ဘောကြီးသုံးစင်းကို ဧရာမဘီလူးကြီးကဦးဆောင်ကာ ခေါ်သွားနေသည်။ သူတို့က မြစ်ကိုဖြတ်၍ ရှေ့ဆက်ကူးသွားသောအခါ ကောင်းကင်ကြီးမှာ တုန်ခါသွားပြီး မြေပြင်မှာလည်း လှုပ်ခတ်သွားလေသည်။ ၎င်းမှာ အလွန်ကြီးကျယ်ခမ်းနားသော မြင်ကွင်းတစ်ခုဖြစ်လေသည်။

ကောင်းကင်တံတားမြစ်၌ နေထိုင်ကြသော သားရဲအားလုံးမှာ သူတို့၏လမ်းကြောင်းကိုအဟန့်အတားလုပ်နိုင်ခြင်းမရှိပဲ ၎င်းတို့အားလုံးမှာ ထွက်ပြေးခြင်းမှလွဲ၍ ဘာမျှမလုပ်ကြပေ။

Comment

Leave a Reply

Options

not work with dark mode
Reset