သွေးဘိုးဘေးကြီး၏ နှလုံးဖြစ်လာသော သူ့နှလုံး၏ခုန်သံသည် သွေးဘိုးဘေးကြီး၏ ကိုယ်ထဲတွင် ထွက်ပေါ်လာလေသည်။ သူ၏အသိဉာဏ်က သွေးကြောများတစ်လျှောက်ပျံ့နှံ့သွားသဖြင့် သူ့ပတ်ပတ်လည်ရှိသွေးကြောများမှာ တုန်ခါလာတော့သည်။ သူက အဓိက ေသွးကြောဆုံမှတ် ၁၀၈ ခုရှိ အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူများ၊ ဝင်ပေါက် ၇၂ ပေါက် ရှိ ဂိုဏ်းစောင့်အကြီးအကဲများ၊ အကြော ၇၂ ကြော တွင်းရှိ သွေးအေးလူသတ်သမားများနှင့် ရုပ်ဝိညာဥ်ဖြစ်နေသော ခေါင်းဆောင်ကြီး ခုနစ်ဦးတို့ကိုပင် အာရုံရလိုက်လေသည်။
“ငါက… သွေးဘိုးဘေး”
ပိုင်ရှောင်ချန်းက ကြိမ်းဝါးလိုက်သည်။သူ၏အသံကို အပြင်မှ မကြားနိုင်သော်လည်း အတွင်းရှိ သွေးစွမ်းအင်နတ်ရေစင်အဖွဲ့ကျင့်ကြံသူများအားလုံးက ရှင်းလင်းပြတ်သားစွာ ကြားရလေသည်။
ထိုသည်က သူတို့ကို အဆုတ်ကွဲလုမတတ် ကြိမ်းဝါးဟစ်ကြွေးရန် လှုံ့ဆော်ရင်း အော်ဟစ်သတိပေးနေသော အချက်ပြမှူတစ်ခုအလားဖြစ်ပြီး သူတို့က ရှိရှိသမျှ သွေးချီအားလုံးအား ထုတ်လွှတ်လိုက်ကြသည်။
သွေးချီများက သွေးဘိုးဘေးကြီးတစ်လျှောက်တွင် ထွက်ပေါ်လာပြီး သွေးကြောဆုံမှတ်များမှ စတင်၍ သွေးဝင်ပေါက် များပြီးနောက် ချီထွက်ပေါက်များကို ဖြတ်ကာ ရုပ်ဝိညာဥ်ခုနစ်ဦးထဲဝင်သွားလေသည်။ ထို့နောက် ၄င်းက ပိုင်ရှောင်ချန်း၏ အသိဉာဏ်နှင့် စုဆုံသွားသည်။ ထိုသည်က သွေးကိုယ်တော်ဖြစ်သည့် သူကလွဲပြီး လုပ်နိုင်သူမရှိပေ။ သူက သွေးဘိုးဘေးကြီး၏အမွေအနှစ်အား လက်ခံရရှိချိန်တွင် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းနှင့် ၄င်းအတွင်းရှိ ကျင့်ကြံသူများအားလုံးနှင့် ချိတ်ဆက်သွားလေသည်။ သူက သွေးဘိုးဘေးကြီးနှင့် တသားတည်းဖြစ်သွားလေပြီ။
သူတို့၌ လစ်လပ်နေသော တစ်ခုတည်းသောအရာမှာ လူတိုင်းကိုအတူတကွပေါင်းစည်း၍ ချိတ်ဆက်ပေးနိုင်သော အသိဉာဏ်ဖြစ်သည်။ ထိုကိစ္စကို သွေးကိုယ်တော်သည်သာလျှင် ဆောင်ရွက်ပေးနိုင်လေသည်။
ဧရာမကိုယ်ထည်ကြီးက ဆတ်ခနဲလှုပ်သွားသဖြင့် သွေးဘိုးဘေးကြီး၏ ကိုယ်တွင်းတွင် တဝုန်းဝုန်းထစ်ခြုန်းမြည်ဟည်းသံများပေါ်ထွက်လာတော့သည်။ ထိုလှုပ်ရှားမှုကြောင့် ကောင်းကင်တံတားမြစ်တွင် မရေမတွက်နိုင်သော လှိုင်းလုံးများကမြောက်ကြွလာပြီး သွေးစွမ်းအင်နတ်ရေစင်အဖွဲ့၏ ဌာနချုပ်များမှာ ပြင်းပြင်းထန်ထန် တုန်ခါသွားတော့သည်။
လွန်ခဲ့သောအချိန်ကတည်းက သူတို့၏ပိုင်ဆိုင်ရာပစ္စည်းများကို ထုတ်ပိုး၍ ဌာနီများထံမှ ထွက်ခွာလာကြကာ ယခု မြစ်ကမ်းပါးတွင်ရပ်နေကြသည့် မရေမတွက်နိုင်သော သွေးစွမ်းအင်နတ်ရေစင်အဖွဲ့ဂိုဏ်းသားများမှာ ဖြစ်ပေါ်နေသည့် မြင်ကွင်းအား စိတ်လှုပ်ရှားစွာ ဝိုင်းဝန်းကြည့်ရှုနေကြသည်။
“ထစမ်း”
“ထစမြးးး”
၄င်းကို မည်သူပထမဆုံးပြောကြောင်းပြောရန် ခက်ခဲသော်လည်း မကြာမီ သွေးစွမ်းအင်နတ်ရေစင်အဖွဲ့ကျင့်ကြံသူများအားလုံးက အော်ဟစ်နေကြလေသည်။ အခြားသုံးဖွဲ့မှာ အလွန်တရာ အံ့သြတုန်လှုပ်၍ ကြည့်ရှုနေကြသည်။
သို့သော်လည်း သွေးဘိုးဘေးကြီးအား ထိန်းချုပ်ခြင်းသည် လွယ်ကူသော အလုပ်မဟုတ်ပေ။လွန်ခဲ့သော ခုနစ်ရက်အတွင်း သူတို့ဆောင်ရွက်ခဲ့သော ပြင်ဆင်မှုများဖြင့်ပင်လျှင် သွေးဘိုးဘေးကြီးမှာ ဟိုတစ်ကွက် သည်တစ်ကွက် ဆက်လက်၍ တွန့်တွန့်သွားသည်မျှသာဖြစ်လေသည်။
သွေးစွမ်းအင်နတ်ရေစင်အဖွဲ့ကျင့်ကြံသူများ၏ စိတ်လှုပ်ရှားမှုများမြင့်တက်လာပြီး နောက်ဆုံးတွင် သူတို့မအော်ကြတော့ပေ။ သို့သော်လည်း သူတို့၏ နှလုံးသားထဲတွင်မူ အကျယ်လောင်ဆုံး အားပေးကြွေးကြော်နေကြသည်။
အခြားသောသုံးဖွဲ့ အထူးသဖြင့် ကောင်းကင်တံတားစစ်သင်္ဘောများတည်ဆောက်ရာတွင် အာရုံစိုက်နေသော ဆန်းကြယ်နှင့်ဆေးစွမ်းအင်နတ်ရေစင်အဖွဲ့များက ဆက်လက်မကြည့်ရှုကြတော့ပေ။
ရုတ်တရက် ခုနစ်မြောက်သောနေ့ မွန်းလွဲချိန်တွင် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၏ ဌာနချုပ်များတည်ရှိရာ လက်ကြီးက ခပ်အုပ်အုပ်မြည်ဟည်းသံနှင့်အတူ တစ်ကြိမ်လှုပ်ရှားသွားလေသည်။
ထိုရိုးရှင်းသောလှုပ်ရှားမှုလေးတစ်ခုကြောင့် သွေးစွမ်းအင်နတ်ရေစင်အဖွဲ့ကျင့်ကြံသူများမှာ ဝမ်းသာကြည်နူးစွာ ဟစ်အော်လိုက်ကြသည်။ အခြားသော အဖွဲ့သုံးဖွဲ့မှ ကျင့်ကြံသူများမှာ အလယ်တောင်ထိပ်က တဖြေးဖြေးကွေးညွှတ်လာသည်ကို အံ့သြတုန်လှုပ်စွာ လှမ်းကြည့်လိုက်သည်။
၄င်းက ထိုသို့ကွေးညွတ်သွားသဖြင့် မရေမတွက်နိုင်သော နေအိမ်အဆောက်အဦးများမှာ ပျက်စီးသွားပြီး ပြိုကျလာတော့သည်။ သို့သော်လည်း မည်သူမျှထိုသည်ကို ဂရုမစိုက်ပုံမပေါ်ပေ။ လူတိုင်းက တဖြည်းဖြည်း လှုပ်လှုပ်သွားသည့် ကောင်းကင်တံတားမြစ်ရေပြင်အောက်ရှိ သွေးဘိုးဘေးကြီးကိုယ်အား အာရုံရောက်နေကြသည်။
မြစ်ရေတို့အလိပ်လိပ်တက်လာပြီး လှိုင်းလုံးကြီးများ ရိုက်ခတ်လာတော့သည်။ လက်ပေါ်ရှိလက်ချောင်းများ တဖြည်းဖြည်း စတင်လှုပ်ရှားလာ၏။ သွေးစွမ်းအင်နတ်ရေစင်အဖွဲ့မှာ စိတ်လှုပ်ရှားမှုဖြင့် အလွန်စိတ်အားထက်သန်လာပြီး အခြားသောကျင့်ကြံသူများမှာ အဆက်မပြတ်အံ့သြနေကြတော့သည်။
ထူးခြားသော ထစ်ခြုန်းမြည်သံများပေါ်ထွက်လာ၏။ ဤအဖြစ်အပျက်အား မျက်မြင်ကိုယ်တွေ့ကြုံနေရသည့်လူတိုင်းမှာ မျက်စိရှေ့တည့်တည့်တွင် ဒဏ္ဍာရီပြဇာတ်အား ကြည့်ရှုနေရသကဲ့သို့ပင် ခံစားနေရတော့သည်။
စိတ်ပိုင်းဆိုင်ရာအရ ပြင်ဆင်ထားသော်ငြား ရှိသမျှလူတိုင်း၏နှလုံးသားထဲတွင် မြင့်တက်လာသည့် အံ့သြမှုကိုမူ ရှောင်လွှဲရန် မဖြစ်နိုင်ပေ။ အခြားသောသုံးဖွဲ့မှ ကျင့်ကြံသူအလုံးစုံသာမက ခေါင်းဆောင်ကြီးများပင်လျှင် တုန်လှုပ်အံ့အားသင့်နေသော အမူအရာများနှင့် မျက်လုံးများပြူးလျက်ကြည့်နေကြသည်။
ဂိုဏ်းတည်ထောင်သူခေါင်းဆောင်ကြီးဟန်ဇောင်က ချွေးသီးချွေးပေါက်များကျနေရင်း ရေရွတ်လိုက်သည်။
” သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းရဲ့ သွေးဘိုးဘေးကြီးသာ တကယ်ထနိုင်လို့ကတော့…. ”
ထိုသို့ဖြစ်ပျက်သွားသဖြင့် သူယခင်စိတ်ကူးထားသည်ထက်ပို၍ပင် ပိုင်ရှောင်ချန်းက သွေးစွမ်းအင်နတ်ရေစင်အဖွဲ့အတွက် အရေးပါနေလေသည်။
ခေါင်းဆောင်ကြီး ချီဟွမ် သည်လည်း ဧရာမလက်ချောင်းကြီးများ ကွေးလာသည်ကို မြင်ရသောအခါ အံ့အားသင့်သွားတော့သည်။ သူက ခက်ခက်ခဲခဲတံတွေးမြိုချလိုက်ရပြီး သူ၏နဖူးပေါ်တွင် ချွေးသီးချွေးပေါက်များထွက်လာတော့သည်။ ရုတ်တရက် သူက စိတ်စွမ်းအင်နှင့် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းက ဆန်းကြယ်နတ်ရေစင်ဂိုဏ်းကို တိုက်ရန် သွေးဘိုးဘေးကြီးအားမပြင်ဆင်ခဲ့သည်ကို စိတ်သက်သာရာရသွားတော့သည်။ အကယ်၍ထိုသည်သာဖြစ်ပျက်ခဲ့ပါလျှင် လက်ရှိလူတစ်ဝက်မျှဖြင့် တိုက်ပွဲမှ လွတ်မြောက်နိုင်လာပါက ကံကောင်းသည်ဟုဆိုရမည်။
လက်ချောင်းလှုပ်ခြင်းဖြင့်သာ ရပ်တန့်မသွားပေ။ နောက်ရက်များတွင် ကျောက်တုံးကျောက်ခဲများက အောက်ဖက်ရေထဲသို့ တဗွမ်းဗွမ်းပြုတ်ကျလာကြသည်။ ယခင်သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းဌာနချုပ်နေရာများမှာ တောင်များအသွင်မပေါ်တော့ကာ တကယ့်လက်အစစ်တစ်ခုအလား ဖြစ်ပေါ်လာတော့သည်။
အမှန်ပင် ၄င်းမျက်နှာပြင်ပေါ်ရှိနေရာအချို့က အရေပြားအစစ်အား ဖော်ပြနေလေသည်။
နောက်ဆုံးတွင် ဆန်းကြယ်နှင့် ဆေးစွမ်းအင်နတ်ရေစင်အဖွဲ့မှာ ကောင်းကင်တံတားစစ်သင်္ဘောတည်ဆောက်ခြင်းလုပ်ငန်းပြီးဆုံးသွားပြီး စိတ်စွမ်းအင်နတ်ရေစင်အဖွဲ့မှ ကျင့်ကြံသူများနည်းတူ ရွက်လွှင့်ရန် အဆင့်သင့်ဖြစ်နေကြလေပြီ။ ထိုအချိန်တွင် သွေးဘိုးဘေးကြီး၏ လက်တစ်ခုလုံးလှုပ်ရှားသွား၏။
ထိုရက်တွင် မရေမတွက်နိုင်သောစောင့်ကြည့်နေသူအပေါင်း၏မျက်စိအောက်တွင် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၏ဌာနချုပ်များဖြစ်ခဲ့သည့် လက်ငါးချောင်းက ဧရာမလက်သီးကြီးတစ်ခုအသွင် တဖြည်းဖြည်း အတူတကွဆုပ်လာကြသည်။
ဝုန်းခနဲအသံကျယ်ကြီးထွက်ပေါ်လာပြီး မရေမတွက်နိုင်သောကျောက်တုံးကျောက်ခဲများ ကြေမွကုန်ကာ ကျောက်မိုးများရွာချလာတော့သည်။ မထင်မှတ်ထားဖွယ် လက်မောင်းကြီးတစ်ခုလုံးလှုပ်ရှားသွားသဖြင့် မရေတွက်နိုင်သောတအံ့တသြအော်သံများထွက်ပေါ်လာလေသည်။
၄င်းက သာမန်လှုပ်ရှားမှုသာဖြစ်သော်လည်း လက်မောင်းက မြစ်နှင့်ကုန်းမြေနှစ်ခုလုံးကို ချိတ်ဆက်နေသောကြောင့် အရာအားလုံးက အပြင်းအထန်တုန်ခါသွားကြပြီး အရပ်မျက်နှာတစ်ခွင်တွင် ဧရာမအက်ကွဲကြောင်းကြီးများတွန့်လိမ်ကောက်ကွေးပေါ်ထွက်လာတော့သည်။ ကောင်းကင်တံတားမြစ်ကိုဝန်းရံထားသည့် ကုန်းမြေအမြောက်အမြားမှာ ပြိုကျပျက်စီးကုန်ကြလေသည်။
မြစ်ပြင်တွင်လည်း လှိုင်းလုံးကြီးများတလိပ်လိပ်တက်လာပြီး အားပြင်းလှသဖြင့် ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၏ ကောင်းကင်တံတားစစ်သင်္ဘောများမှာ ပြင်းထန်စွာလူးလွန့်နေတော့သည်။
“ဘာတွေဖြစ်နေတာလဲ…”
“လက်မောင်ကြီးအခုလေးတင် လှုပ်သွားပြီလို့ ငါကိုမပြောစမ်းနဲ့…”
” အဲ့လက်ကြီးက မြေကြီးကို ထိုးခွဲပြီး တစ်ကိုယ်လုံးထလာတော့မှာလား”
ခေါင်းဆောင်ကြီး ချီဟွမ်၏ပါးစပ်မှ ထိုစကားလုံးတို့ထွက်သွားပြီးနောက်တွင် အပ်ကျသံပင်မကြားအောင် တိတ်ဆိတ်သွားတော့သည်။ ယခုအခါ ဖြစ်ပေါ်လာမည့်အရာတို့ကို လူတိုင်းမြင်တွေ့နိုင်တော့မည်။ အဖွဲ့သုံးဖွဲ့၏ခေါင်းဆောင်ကြီးများနှင့် အခြားသောဂိုဏ်းသားများအားလုံးမှာ နှုတ်ဆိတ်၍ ကြည့်ရုံကလွှဲ၍ ဘာမှမလုပ်နိုင်ပေ။ သွေးစွမ်းအင်အဖွဲ့အတွက်မူ သူတို့က ထပ်ကာထပ်ကာအော်ဟစ်ကြွေးကြော်နေကြသည်။
“ထစမ်း”
“ထစမ်း”
“ထစမ်း”
သူတို့၏အသံများမှာ လွန်ခဲ့သောလဝက်ထဲက ဖြစ်တည်လာခဲ့သည့်ခံစားချက်များကြောင့် သည်တစ်ကြိမ်တွင် ပို၍ ကျယ်လောင်လာကြသည်။
အားပေးကြွေးကြော်နေကြစဥ် သွေးဘိုးဘေးကြီး၏လက်မောင်းက ဆက်လက်လှုပ်ရှားနေသည်။ အက်ကွဲသံများပေါ်ထွက်လာပြီး ကျောက်တုံးကျောက်ခဲများ ထပ်မံပြုတ်ကျလာကြသည်။ သွေးဘိုးဘေးကြီး၏အထဲတွင် ခေါင်းဆောင်ကြီးများနှင့်အတူ အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူများနှင့် ရွှေအမြုတေအဆင့်ကျင့်ကြံသူများအားလုံးက သွေးဘိုးဘေးကြီးနှင့် အဆက်မပြတ်ပေါင်းစပ်နေသည့် ပြင်းထန်သောကျင့်ကြံခြင်းအခြေခံစွမ်းအားတို့အား ပေးပို့နေကြသည်။
အခက်ခဲဆုံးသောတာဝန်မှာ ပိုင်ရှောင်ချန်းအပေါ်မူတည်လေသည်။
သူက ရှိသမျှလူတိုင်း၏ အသိဉာဏ်များအား တစ်ခုတည်းအဖြစ်ပေါင်းစပ်ရမည်သာမက ထိုပေါင်းစပ်ထားသော အသိဉာဏ်အား ကျန်ရှိသောသွေးဘိုးဘေးကြီး၏ကိုယ်ထံသို့ ပြန်လည်ပေးပို့ပေးရမည်ဖြစ်သည်။ သူက ထိုအရာအားလုံး၏ ဗဟိုချက်ဖြစ်ပြီး သူအနည်းငယ်မှားသွားသည်နှင့် ကျရှုံးလိမ့်မည်ဖြစ်သည်။
လွန်ခဲ့သော လဝက်အတွင်းက စစ်ဆေးမှုအမြောက်အမြားအားပြုလုပ်ခဲ့ပြီးဖြစ်သော်လည်း အချိန်တိုင်းကျရှုံးနေခဲ့သည်။ သို့သော်လည်း သူဘယ်တော့မှ လက်မလျှော့ပေ။ သွေးစွမ်းအင်နတ်ရေစင်အဖွဲ့၏ ကျင့်ကြံသူများက သူ့ကို သူတို့၏အထောက်အပံ့များ၊ ခွန်အားများနှင့် နတ်ဘုရားအာရုံများအား ပေးပို့နေကြသည်။ သူလုပ်ရမည့်အရာမှာ ထိုအရာတို့ကို ယူ၍ သွေးဘိုးဘေးကြီးထနိုင်ရန်အတွက် ခွန်အားပေးရန် အသုံးပြုရမည်ဖြစ်သည်။
ယခုတွင် သူက သွေးဘိုးဘေးကြီး၏ နှလုံးတွင် သိသိသာသာတုန်ခါနေရင်း တင်ပျဥ်ခွေထိုင်နေသည်။ သူ၏နှလုံးသားမှာ တဒိန်းဒိန်းခုန်နေပြီး အကန့်အသတ်မဲ့သွေးချီတို့က သွေးကြောများကို ဖြတ်၍ သွေးဘိုးဘေးကြီးထဲသို့ ဖြတ်သန်းစီးဆင်းနေကြသည်။
“ငါက…. သွေးဘိုးဘေး”
သူက ကြုံးဝါးလိုက်သည်။ လွန်ခဲ့သောလတစ်ဝက်လုံးသူလေ့ကျင့်ခဲ့သည့်အရာအားလုံးမှာ ဤအခိုက်အတန့်အတွက်ဖြစ်သည်။သူက ရှိသမျှလူအားလုံး၏ အသိဉာဏ်များအား လမ်းညွှန်ပေးသည်သာမက အမှားအယွင်းမရှိပဲ သွေးဘိုးဘေးကြီးခန္ဓာကိုယ်၏ ထောင့်တိုင်းအား စွမ်းအားများပို့ပေးနေလေသည်။
သူက အဆုတ်ကွဲလုမတတ်ဟိန်းဟောက်နေသဖြင့် မျက်လုံးများမှာ အလွန်အမင်း ရဲရဲနီနေချေပြီ။ အမွေအနှစ်ကို လက်ခံခဲ့ရစဥ်သကဲ့သို့အရာကို ကြုံတွေ့နေရသဖြင့် သူ၏ခေါင်းတို့မှာချာချာလည်နေတော့သည်။ ယခုတွင် သူက သွေးဘိုးဘေးကြီးပင်။
ထိုခံစားချက်မှာ ယခင်ကထက်ပင် ပို၍ပြင်းထန်လာလေသည်။ ပိုင်ရှောင်ချန်းက ထိုခံစားချက်ကိုအသုံးချလိုက်ကာ အသက်ပြင်းပြင်းရှူလိုက်ပြီးနောက် သူ၏ညာလက်ကိုမြှောက်ကာ ရှေ့သို့တွန်းလိုက်သည်။
ထိုအခိုက်အတန်မှာပင် အခြားသုံးဖွဲ့မှ ကျင့်ကြံသူများက မျက်လုံးတို့ပြူးကျယ်လျက်ကြည့်နေကြသည်။ ရုတ်တရက် လူများက အံ့သြတုန်လှုပ်လျက် အော်ဟစ်လိုက်ကြသည်။
“ဒါကြီး…”
“ဒါကြီးလှုပ်နေပြီဟေ့”
လူတိုင်းက အံ့သြတုန်လှုပ်ကာ ပြောဆိုနေကြသည်။ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၏ဌာနချုပ်များတည်ရှိရာဖြစ်ခဲ့ဖူးသောဧရာမလက်ကြီးမြောက်တက်လာကာ လက်ကွေးသွားပြီးနောက် မြေပေါ်တွင် ထောက်ချလိုက်သည်။ ထိုလက်နှင့်ချိတ်ဆက်နေသည့် ခန္ဓာကိုယ်ကြီးက ၄င်းကို အားပြု၍ ထနိုင်ရန်ကြိုးစားနေသည့်အလားပင်။
နားကွဲလုမတတ်အသံကျယ်ကြီးများက ပြည့်နှက်သွားပြီး မရေမတွက်နိုင်သော အက်ကွဲကြောင်းများ မြေပြင်တွင် ပွင့်ထွက်လာတော့သည်။မြေပြင်ပေါ်တွင် ကြီးမားသော ချိုင့်ကြီးပေါ်လာကာ ဖုန်လှိုင်းတို့က လေပြင်းမုန်တိုင်းအလား အရပ်မျက်နှာတစ်ခွင် လှဲကျင်းသွား၏။
လှိုင်းလုံးအမြောက်အမြားက မြစ်ရေပြင်ပေါ်တွင် တစ်ခါမှမကြုံဖူးသောပုံစံဖြင့် တလိပ်လိပ်တက်လာတော့သည်။ တချိန်တည်းမှာပင် ကောင်းကင်တံတားမြစ်ရေပြင်အောက်မှ ဧရာမအလင်းတန်းကြီးနှစ်ခုက ရုတ်တရက်လင်းလက်တောက်လာ၏။
၄င်းတို့က မျက်လုံးများပင်။ သွေးဘိုးဘေးကြီး၏မျက်လုံးများ.၊ ပိုင်ရှောင်ချန်း၏မျက်လုံးများပင်။
နှစ်သန်းပေါင်းများစွာ ဆိတ်ငြိမ်နေခဲ့ပြီးနောက်တွင် အောက်ဖက်ရှိ ဧရာမခေါင်းကြီးပေါ်တွင် မျက်လုံးနှစ်လုံးပွင့်သွားလေပြီ။