ချင်းမေ့ယွမ်ကို ကြည့်နေခဲ့သည့်မိန်းမပျိုလေးမှာ ကုန်းစွမ်းဝမ်အာက လွဲ၍ အခြားလူမဟုတ်ပေ။ ခပ်ထေ့ထေ့လေးပြုံးနေရင်း သူမက ငြီးငွေ့စိတ်ကုန်နေသည့်ဟန်ဖြင့် ဟိုဟိုသည်သည်ကြည့်နေချေသည်။
သူမက ယခင်စစ်ပွဲကိုဖြစ်စေ၊ လာမည့်တိုက်ပွဲကိုဖြစ်စေ စိတ်ဝင်စားပုံမပေါ်ပေ။သူမက ဟိုရှောင်မေ့ဘေးတွင် ခပ်တောင့်တောင်ရပ်နေသည့် ပိုင်ရှောင်ချန်းကို လှည့်ကြည့်လိုက်သည့်အခိုက်တွင်သာလျှင် မည်သည့်အကဲခတ်နေသူမှ သတိမထားမိနိုင်လောက်အောင် သူမ၏မျက်လုံးများက ရွှန်းလဲ့တောက်ပသွားလေသည်။
” အဲ့အရှုပ်ထုပ်အဖိုးကြီးနဲ့ ဘယ်လိုများပတ်သက်နေတာလဲ ဟမ်.. အချစ်လေး ”
သူမက တခစ်ခစ်ရယ်လိုက်ပြီး တိုတောင်းလှသောအချိန်တခဏလေး၌ သူမ၏ သူငယ်အိမ်များက အဖြူရောင်ပြောင်းသွားလေသည်။ သို့သော်လည်း မည်သူမျှသတိမပြုမိလိုက်ကာ ထိုပုံမှာ အလျင်အမြန်ပင် ပြန်ပြောင်းသွားလေသည်။
အမျိုးမျိုးသော ခေါင်းဆောင်ကြီးများ၏ ဦးဆောင်မှုအောက်တွင် ဆန်းကြယ်နတ်ရေစင်ဂိုဏ်းနှင့် ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၏ ကျင့်ကြံသူများက သူတို့၏ သက်ဆိုင်ရာ ကောင်းကင်တံတားစစ်သင်္ဘောများထံသို့ အကျွမ်းတဝင်ဖြစ်ရန်အလို့ငှာ ပျံသန်းသွားကြသည်။
ထိုအချိန်တွင် သွေးစွမ်းအင်နတ်ရေစင်အဖွဲ့၌ အဓိကခေါင်းဆောင်ကြီး ဖုန်းရှိန်ကျစ်က စစ်သင်္ဘောသုံးစင်းအား ကြည့်ရင်း လေထဲတွင် တန့်နေလေသည်။ ခဏကြာသော် သူက စိတ်စွမ်းအင်နတ်ရေစင်အဖွဲ့၏ ခေါင်းဆောင်ကြီးဟန်ဇောင်ထံ လှည့်လိုက်သည်။
ဖုန်းရှိန်ကျစ်က သူ့ကို ကြည့်နေသည်ကို သတိထားမိပြီးနောက် ဟန်ဇောင်က တဟားဟားရယ်လိုက်ကာ ပြော၏။
” ဖုန်းရှိန်ကျစ်… မြစ်ကြောင်းသယ်ယူပို့ဆောင်ရေးက အခြားအဖွဲ့သုံးဖွဲ့အတွက် စီစဥ်ထားတာပါ။ ကျုပ်တော့ ခင်ဗျားရဲ့ သွေးစွမ်းအင်အဖွဲ့ ဘယ်လိုများ မြစ်အထက်ပိုင်းကို ဆန်တက်ဖို့စီစဥ်ထားလဲ သိချင်နေပြီ”
ရယ်မောမောနှင့် စကားပြောပုံအရ သူ့ကိုယ်သူ့ အလွန်တရာဂုဏ်ယူမိလေသည်။ နောက်ဆုံးတွင် ကောင်းကင်တံတားစစ်သင်္ဘောသုံးစင်းတည်ဆောက်ခြင်းသည် အဓိကကျသောတာဝန်အောင်မြင်မှုတစ်ခု အသေအချာဖြစ်လေသည်။
အဓိကခေါင်းဆောင်ကြီး ဖုန်းရှိန်ကျစ်က နှာမှုတ်ပြီးပြော၏။ “စိတ်လှုပ်ရှားနေစရာမလိုဘူး။ ခင်ဗျားမကြာခင်တွေ့ရတော့မှာပါ”
သူ၏ နှလုံးအိမ်တွင် မနာလိုဝန်တိုခြင်းအပါအဝင် မျှော်လင့်စောင့်စားခြင်းများဖြင့် ခံစားချက်များရောထွေးနေတော့သည်။ ထို့နောက် သူက ပိုင်ရှောင်ချန်းရှိရာသို့ ကြည့်လိုက်သည်။
“ညမုဆိုး…ကောင်လေး အဆင်သင့်ပဲလား”
အခြားအဖွဲ့သုံးဖွဲ့မှ ကျင့်ကြံသူများက သူ့စကားအားကြားလိုက်ရသောအခါ ပိုင်ရှောင်ချန်းထံ တအံ့တသြကြည့်လိုက်ကြသည်။
ပိုင်ရှောင်ချန်းမှာ လတ်တလောတွင် ဟိုရှောင်မေ့ညွှန်ပြသည့်ဘက်ရှိ ကောင်းကင်ကို မော့ကြည့်လိုက်သောကြောင့် ခေါင်းကိုက်နေလေသည်။ မလှမ်းမကမ်းရှိ စုန့်ကျင်းဝမ်က ပြုံးနေသော်လည်း သူမ၏မျက်လုံးများထဲတွင် အပ်သန်းပေါင်းများစွာအား ပျော့ပျောင်းသွားစေနိုင်သည့် အေးစက်မှုအပေါင်းက စိုးမိုးနေလေသည်။ ပိုင်ရှောင်ချန်းမှာ ထိုအခြေအနေကို မည်သို့ဖြေရှင်းရမည်မှန်း မတွေးတတ်တော့ပေ။ ထို့ကြောင့် အဓိကခေါင်းဆောင်ကြီး၏ စကားများအား ကြားလိုက်သောအခါ စိတ်ထဲတွင် ဝမ်းသာသွားတော့သည်။ အလွန်သုန်မှုန်သည့်အမူအရာဖမ်းလိုက်ရင်း သူကပြောသည်။
“ခေါင်းဆောင်ကြီး.. ဂိုဏ်သား အဆင်သင့်ပါ”
ထိုသို့ပြောပြီး သူက ဟိုရှောင်မေ့ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားခြင်းမှ လွတ်ရန်ရုန်းလိုက်ပြီး လေပေါ်ပျံတက်လိုက်သည်။
ဂုဏ်ယူစွာပြုံးလိုက်ရင်း ဟိုရှောင်မေ့က ပိုင်ရှောင်ချန်းထံမှ အကြည့်ခွာကာ အလယ်တောင်ထိပ်တွင် ရပ်နေသည့် စုန့်ကျင်းဝမ်ကို လှမ်းကြည့်လိုက်သည်။ စုန့်ကျင်းဝမ်းက ဟမ့်ခနဲ အေးစက်စက်နှာမှုတ်လိုက်လေသည်။ ပိုင်ရှောင်ချန်းလောချိန်တောင်တန်းမှ လွတ်မြောက်လာပြီးနောက် သူမနှင့် ဟိုရှောင်မေ့မှာ မကြာခဏ ငြင်းခုန်ရန်ဖြစ်လေ့ရှိသည်။ သူတို့နှစ်ယောက်လုံးမှာ တစ်ယောက်နှင့်တစ်ယောက် လုံးဝကြည့်မရပေ။
အလွန်အမင်းစိတ်လှုပ်ရှားနေပုံရကာ အဓိကခေါင်းဆောင်ကြီးက ကျယ်လောင်စွာ ပြောလိုက်သည်။
” ကောင်းပြီ။ သွေးစွမ်းအင်နတ်ရေစင်အဖွဲ့ရဲ့ အခြေခိုင်မာခြင်းအဆင့်နဲ့ ရွှေအမြုတေအဆင့်ကျင့်ကြံသူအပေါင်းတို့.. ကိုယ့်ကိုယ်ကိုယ်ကာကွယ်ကြပါ။ မင်းတို့ရဲ့ မြင့်မြတ်သော သီးသန့်အင်အားစုတွေကို အသက်သွင်းဖို့ အချိန်ကျရောက်လာပြီ”
အခြားသုံးဖွဲ့အံ့သြသွားလောက်အောင် သွေးစွမ်းအင်နတ်ရေစင်အဖွဲ့၏ ဌာနချုပ်မှ အလင်းတန်းအမြောက်အမြားပျံထွက်လာလေသည်။
အခြေခိုင်မာခြင်းအဆင့်ဓမ္မအစောင့်အရှောက်များ၊ မဟာအကြီးအကဲများ၊ သွေးသခင်များ၊ ဂိုဏ်းစောင့်အကြီးအကဲများနှင့် သွေးအေးလူသတ်သမားများးအားလုံး ပါဝင်လေသည်။ တစ်ဦးတစ်ယောက်မှ မကျန်ခဲ့ပေ။
ခေါင်းဆောင်ကြီး ခုနစ်ဦးသည်လည်းပါဝင်၏။ ခေါင်းဆောင်ကြီးအတုမဲ့ပင်လျှင် အလွန်စိတ်လှုပ်ရှားနေပုံရသည်။
ဖုန်းရှိန်ကျစ်၏ ညာလက်တွင် မန္တန်လက်ကွက်တစ်ကွက်ပေါ်လာပြီး စုဝေးနေသောလူအုပ်အတွင်းမှ သွေးချီများ ထွက်ပေါ်လာတော့သည်။ ချက်ချင်းပင် မိုးကောင်းကင်မှာ တုန်ခါလာပြီး သွေးတိမ်တိုက်တို့စတင်ဖြစ်ပေါ်လာလေသည်။ တိမ်တိုက်များက အချင်းချင်းအလျင်အမြန်ပေါင်းစပ်သွားကြပြီး ကြက်သွေးရောင်မိုးကြိုးလျှပ်စီးကြောင်းအသွင် ကျုံ့သွားကာ မြစ်ပေါ်မှ ထိုးထွက်နေသော ဧရာမလက်ကြီးကို ပစ်ချလိုက်လေသည်။
တုံ့ပြန်သည့်အနေဖြင့် ထိုနေရာတစ်ဝိုက်ရှိ မန္တန်အစီအရင်များပေါ်ရှိ မှော်သင်္ကေတများက အပေါက်ကြီးတစ်ခုအသွင် ပျော်ကျလာချိန်တွင် တလက်လက်တောက်ပနေလေသည်။ လွန်ခဲ့သော နှစ်သန်းပေါင်းများစွာက တည်ရှိခဲ့သော ရှေးဟောင်းဒဏ်ရာကြီးတစ်ခုအလား ထိုအပေါက်ကြီးက သွေးဘိုးဘေးကြီး၏လက်အရေပြားပေါ်တွင် တည်ရှိနေခဲ့ပြီးဖြစ်သည်။
မလှမ်းမကမ်းမှကြည့်လျှင် ထိုဒဏ်ရာကြီးက ဧရာမချောက်နက်ကြီးနှင့်ပင်တူချေသည်။
အခြားသုံးဖွဲ့မှ ကျင့်ကြံသူများ အထူးသဖြင့် ခေါင်းဆောင်ကြီးများမှာ အလွန်အမင်း အံအားသင့်သွားကြသည်။ သွေးစွမ်းအင်နတ်ရေစင်အဖွဲ့ကြံစည်နေသည်ကိုသဘောပေါက်သွားသဖြင့် သူတို့၏ မျက်လုံးများမှာ ပြူးကျယ်လာကြသည်။
“ဒါက….. ဒါက…. မဖြစ်နိုင်တာ..” ဟန်ဇောင်က မယုံကြည်နိုင်သော အမူအရာဖြင့်ပြောသည်။
သူ့ကိုယ်သူအလွန်တရာဂုဏ်ယူနေရင်း ဖုန်းရှိန်ကျစ်ကပြော၏။
” သွေးဘိုးဘေးကြီး . အပြင်အားခန္ဓာကိုယ်….သွေးကြောဆုံမှတ် ၁၀၈ ခု ”
သူက ဤနေ့ကို အချိန်ပေါင်းများစွာ စောင့်မျှော်နေခဲ့ရပြီး နှစ်ပေါင်းများစွာ ပြင်ဆင်မှုများ ဆောင်ရွက်နေခဲ့ရသည်။ ဤသည်မှာ မျိုးဆက်၏ ရေကုန်ရေခမ်းကြိုးပမ်းဆောင်ရွက်ခြင်းနှင့် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းကျင့်ကြံသူအမြောက်အမြား၏ အစိတ်အပိုင်းများ အပေါ်လေ့လာဆန်းစစ်ခြင်းတို့၏ အဆုံးသတ်ပင်ဖြစ်သည်။
သူ၏စကါးသံများပဲ့တင်ထပ်သွားစဥ်တွင် သွေးစွမ်းအင်နတ်ရေစင်အဖွဲ့၏ အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူများက တည်ကြည်လေးနက်သောမျက်နှာထားများဖြင့် ရှေ့သို့ပျံသန်းသွားကြသည်။ စုန့်ကျင်းဝမ်၊ စုန့်ချွဲ၊ ကျားလဲ့နှင့် နတ်ဆရာတို့သည်လည်း သွေးသခင်များနှင့်မဟာအကြီးအကဲများနည်းတူ ထိုအထဲတွင်ပါဝင်လေသည်။ သူတို့အားလုံးက လက်တွင် ပွင့်သွားသည့်အပေါက်ကြီးထံ တည့်တည့်ဦးတည်သွားကြသည်။
သူတို့အထဲဝင်ပျောက်ကွယ်သွားပြီးနောက် သူတို့ကို သွေးဘိုးဘေးကြီးကိုယ်ထဲရှိ အဓိကစွမ်းအားနေရာများတည်ရှိရာ တစ်နေရာမှတစ်နေရာသို့ နေရာရွှေ့ပြောင်းပေးရန် လျှို့ဝှက်လုပ်ဆောင်ချက်များအား ထားရှိထားလေသည်။
တချို့မှာ တစ်ဦးတည်း နေရာအနှံ့သို့ပို့ဆောင်ခံလိုက်ရပြီး အခြားသူများမှာမူ အဖွဲ့လိုက်ကျလေသည်။ နေရာအသီးသီးယူပြီးနောက် ကောင်းကင်တံတားမြစ်မှ သက်စောင့်စွမ်းအင်စီးကြောင်းများ မြင့်တက်လာကာ မိုးကောင်းကင်တွင် တဝုန်းဝုန်းထစ်ခြုန်းမြည်သံများ ပေါ်ထွက်လာတော့သည်။
ပို၍ပင်စိတ်လှုပ်ရှားလာပုံရရင်း ခေါင်းဆောင်ကြီး ဖုန်းရှိန်ကျစ်က ပြောသည်။ ” သွေးဘိုးဘေးကြီး ၊ အပြင်အားခန္ဓာကိုယ် ဝင်ပေါက် ၇၂ ပေါက် ”
တုံ့ပြန်သည့်အနေဖြင့် ဂိုဏ်းစောင့်အကြီးအကဲတို့၏ အမူအရာများပြောင်းသွားပြီး လက်မောင်းရှိ ဝင်ပေါက်များထံ တဟုန်ထိုးဦးတည်သွားကြရင်း စိတ်လှုပ်တရှားကြိမ်းဝါးနေကြသည်။
ဝင်ပေါက် ၇၂ ပေါက်ကို ရွှေအမြုတေအဆင့်ကျင့်ကြံသူများကတာ၀န်ယူရမည်ဖြစ်သည်။ အခြားသူများထက် အားနည်းသော ကျင့်ကြံသူအချို့ရှိပါက နှစ်ယောက်တစ်ဖွဲ့ဖွဲ့ရန် လိုအပ်လေသည်။ ပိုင်ရှောင်ချန်းမရောက်ခင် သူတို့က စစ်ရေးလေ့ကျင့်မှုမျိုးစုံအားဆောင်ရွက်ခဲ့သော်လည်း ဤအချိန်သည် အမှတ်တကယ်ဆုံးဖြတ်ပေးမည့်အခိုက်အတန့်ဖြစ်သည်။
ဂိုဏ်းစောင့်အကြီးအကဲများ ဧရာမလက်ကြီးအတွင်းဝင်ကာ ပျောက်ကွယ်သွားသည့်အခါ ကောင်းကင်တံတားမြစ်မျက်နှာပြင်အောက်ရှိ သွေးဘိုးဘေးကြီး၏ ဧရာမကိုယ်ကြီးထံမှ အလင်းပြောက်ကလေးများတောက်ပနေသည်ကိုပင် မြင်နိုင်လေသည်။
လက်ပေါ်တွင်မြင်ရသည့် ထိုတလက်လက်တောက်ပနေသော အလင်းပြောက်များမှာ အရေအတွက်အားဖြင့် ၇၂ခုအတိအကျ မြစ်ထံမှ ထင်ဟပ်နေလေသည်။
အခြားသုံးဖွဲ့မှ ကျင့်ကြံသူများအားလုံးမှာ ပါးစပ်အဟောင်းသားဖြစ်နေကြသည်။ ကုန်းစွမ်းဝမ်အာ၏ မျက်လုံးများပင်လျှင် အံ့သြမှုဖြင့် တလက်လက်တောက်ပနေတော့သည်။
ဟိန်းဟောက်သံကြီးကဲ့သို့အသံကိုမြှင့်ရင်း အဓိကခေါင်းဆောင်ကြီးက ပြော၏။ “သွေးဘိုးဘေးကြီး။ အပြင်အားခန္ဓာကိုယ်.. အကြော ၃၇ခု ”
ချက်ချင်းပင် သွေးအေးလူသတ်သမားများ၏ မျက်လုံးများ လင်းလက်တောက်ပလာပြီး သူတို့က အပေါက်ဝထံဦးတည်သွားသည့်အချိန်တွင် သူတို့၏သွေးချီများပေါ်ထွက်နေလေသည်။ သူတို့ကမျက်စိတစ်မှိတ်အတွင်းမှာပင် ပျောက်ကွယ်သွားတော့သည်။ ထိုအခိုက်တွင် သွေးဘိုးဘေးကြီးကိုယ်၏ နေရာတိုင်းမှာ ကြက်သွေးရောင်အလင်းများဖြင့် တောက်ပလာတော့သည်။
အလင်းမှာ စူးရှလွန်းသဖြင့် ရွှေရောင်မြစ်ရေပြင်အောက်မှ ထိုးထွက်နေလေသည်။ တချိန်တည်းမှာပင် မဖော်ပြနိုင်သောဖိအားတစ်ခုက ပျံ့နှံ့လာသဖြင့် မြစ်ထဲရှိ ကြောက်မက်ဖွယ်ဝိညာဥ်များမှာ စူးစူးဝါးဝါးအော်မြည်ပြီး ပျံထွက်လာကြသည်။ သူတို့တစ်ဦးတစ်ယောက်မှ အနားကိုပင်မကပ်ဝံ့ကြပြီး စောစောက နတ်အဆင့်အရှိန်အဝါကို အာရုံရလိုက်သည်ထက်ပို၍ပင် သိသိသာသာကြောက်လန့်လာကြတော့သည်။
“စိတ်စွမ်းအင်ဝိညာဥ်သုံးကောင်၊ ရုပ်ဝိညာဥ် ခုနစ်ကောင် ။ ရုပ်ဝိညာဥ်တစ်ကောင်ချင်းစီအတွက် ယင်ယန်ဝိညာဥ်အဆင့်တာအိုပညာရှင်တစ်ယောက်။ စိတ်စွမ်းအင်ပင်လယ်တွေသာ မရှိရင်တော့ သွေးဘိုးဘေးကြီးရဲ့ကိုယ်က လှုပ်ရှားမှာမဟုတ်ဘူး။ ညမုဆိုး..ကောင်လေးရေ… မင်း စိတ်စွမ်းအင်ဝိညာဥ်သုံးကောင်ရဲ့နေရာကို ဖြည့်ပေးရလိမ့်မယ်။ မင်းတို့အားလုံး သေချာပြင်ဆင်ထားကြတာပဲ။ သွေးဘိုးဘေးကြီး ရွေ့လျားခြင်း၊ မရွေ့လျားခြင်းက မင်းအပေါ်မူတည်တယ်နော်” တဟားဟားနှင့် ကျယ်လောင်စွာရယ်လျက် အဓိကခေါင်းဆောင်ကြီးက အခြားသောခေါင်းဆောင်ကြီးခြောက်ဦးနှင့်အတူ ဝင်ပေါက်ထံပျံသန်းသွားကာ မပျောက်ကွယ်ခင် ပိုင်ရှောင်ချန်းကို လှမ်းကြည့်သွားလေသည်။
အနည်းငယ်ကြာသော် မိုးကြိုးကဲ့သို့သောထစ်ခြန်းသံကြီး မြည်ဟည်းလာပြီး စွမ်းအားကြီးခေါင်းဆောင်ကြီးခုနစ်ဦးက သွေးဘိုးဘေးကြီး၏ခေါင်းပိုင်းတွင်နေရာယူကာ ရုပ်ဝိညာဥ်များဖြစ်လာသဖြင့် မြစ်ရေပြင်မှာ လှိုင်းများထန်လာတော့သည်။
အံ့သြစရာကောင်းစွာ ယင်ယန်ဝိညာဥ်အဆင့်ခေါင်းဆောင်ကြီးများအပါအဝင် အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူနှစ်ရာကျော်၊ ရွှေအမြုတေအဆင့်ပညာရှင်တစ်ရာကျော်နှင့် သွေးအေးလူသတ်သမားဒါဇင်ပေါင်းများစွာမှာ သွေးဘိုးဘေးကြီး၏ကိုယ်ထဲတွင် ၄င်းနောက်တစ်ကြိမ်ခြေကြွရန်အတွက် အားအင်များပေးရန် အံ့သြစရာကောင်းသော စွမ်းအားများအား ထုတ်လွှတ်နေကြသည်။
၄င်းမှာ အလွန်ရိုးရှင်းသောလှုပ်ရှားမှုတစ်ခုဖြစ်လင့်ကစား လေပြင်းများတိုက်ခိုက်ပြီး ငလျင်များလှုပ်ခတ်လာသည်အထိ အံ့အားသင့်ဖွယ်ကောင်းလှသည်။
သို့သော်လည်း အဓိကခေါင်းဆောင်ကြီးပြောကြားခဲ့သကဲ့သို့ အမှန်တကယ်အရေးအကြီးဆုံးဖြစ်သည့် ပိုင်ရှောင်ချန်းမှာ ယခုထက်ထိ မလှုပ်ရှားရသေးပေ။ သွေးစွမ်းအင်နတ်ရေစင်အဖွဲ့က ယခင်က ဤစစ်လေ့ကျင့်ခန်းအား အမှန်တကယ် ပြုလုပ်ပြီး ဖြစ်သော်လည်း သွေးဘိုးဘေးကြီးအား တစ်လက်မလေးရွေ့ရန်ပင် မစွမ်းဆောင်နိုင်ကြပေ။
ပိုင်ရှောင်ချန်းက အသက်ပြင်းပြင်းရှူလိုက်ပြီး တခဏမျှ မျက်လုံးများအား ပိတ်လိုက်သည်။ ပြန်ဖွင့်လိုက်သည့်အခိုက်တွင် သူ့ထံမှ သွေးချီများ ပေါ်ထွက်လာကာ မိုးကောင်းကင်အထိ ထိုးတက်သွားကာ ကြက်သွေးရောင်အလင်းတိုင်ကြီးတစ်ခုဖြစ်လာတော့သည်။ တချိန်တည်းမှာပင် သူက လျှပ်တပြက်လှုပ်ရှားသွားပြီး သွေးဘိုးဘေးကြီးလက်ရှိ ဝင်ပေါက်ထံသို့ တန်းတန်းမတ်မတ်ဦးတည်သွားနေလေသည်။
အထဲဝင်လိုက်သည်နှင့်တစ်ပြိုက်နက် သွေးဘိုးဘေးကြီးက သူ့ကိုခေါ်နေသည့်အလား ခံစားလိုက်ရလေသည်။ ထိုခေါ်သံက ခန္ဓာကိုယ်ထဲတစ်လျှောက်တွင် သူ၏အရှိန်အားပိုမြန်သွားစေပြီး အထူးတလည် နည်းလမ်းနှင့် မှော်ပညာတစ်ခုမှ မလိုအပ်ပေ။ မည့်သည့်အနှောင့်အယှက်အသေးအဖွဲ့ပင် မရှိပဲ သူက ရှေ့သို့သွားနေလေသည်။
“အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူတွေက ေသွးကြောဆုံမှတ်တွေ။ ရွှေအမြုတေအဆင့်ပညာရှင်တွေက ဝင်ပေါက်တွေ။ သွေးအေးလူသတ်သမားတွေက အကြောတွေ။ ခေါင်းဆောင်ကြီးတွေက ရုပ်ဝိညာဥ်တွေ။ ပြီးတော့ ငါက စိတ်စွမ်းအင်ဝိညာဥ်” ထူးဆန်းသောအလင်းဖြင့် မျက်လုံးများတောက်ပနေရင်း သူက သွေးဘိုးဘေးကြီး၏ ရင်ခေါင်းတွင်ရှိသော သူသွားရမည့်နေရာသို့ တရှိန်ထိုးသွားလိုက်လေသည်။ သူက နှလုံးထံဦးတည်သွားနေလေသည်။
ထိုနေရာသည် တုလင်ဖေးကို သူမြင်ခဲ့ရသည့် နောက်ဆုံးနေရာဖြစ်သည်။
သူ၏လမ်းကြောင်းတွင် မည်သည့်အတားအဆီးမှမရှိဘဲ မကြာမီ သူယခင်က သွားခဲ့ဖူးသည့် တူညီသောလမ်းကြောင်းပေါ်တွင် ခရီးနှင်နေလေပြီ။ နောက်ဆုံးတွင် မကြာသေးသောအချိန်က သူဝင်ရောက်ခဲ့သည့်တူညီသောနေရာဖြစ်သည့် နှလုံးခန်းသို့ရောက်သွားတော့သည်။
ခြောက်သွေ့ညှိုးနွမ်းနေသော နှလုံးကြီးနှင့် ထိုနေရာတွင်ပြည့်နှက်နေသည့် မရေမတွက်နိုင်သော သွေးကြောများအား မြင်သောအခါ သူက အသက်ပြင်းပြင်းရှူလိုက်လေသည်။ ထို့နောက် နှလုံးကြီးထံသို့ တစ်ရှိန်ထိုးဦးတည်လိုက်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုနှလုံးအား ဖယ်ထုတ်လိုက်ပြီး သူ၏နှလုံးဖြင့် ပေါင်းစပ်လိုက်လေသည်။