“ လုပ်ကြံရေးသမား လိပ်ပျံလွှားရဲ့ ကိုယ်ရောင်ကိုယ်ဝါ ပျောက်သွားပြီ။ တုနတ်ဝိဇ္ဇာဂိုဏ်းက ဝိညာဉ်အခြေတည်နဝမအဆင့်ရှိတဲ့ တပည့်ရဲ့ဟာလည်း ပျောက်သွားပြီ။ တစ်ခုခုတော့တစ်ခုခုပဲ ”
တောနက်အတွင်းရှိ လျှို့ဝှက်ဆန်းကြယ်သော တောင်ကြားတစ်နေရာတွင် ဝတ်စုံနက်ဝတ်ဆင်ထားသူများသည် ချုံကြီးတစ်ခုအတွင်း ပုန်းအောင်းနေကြပြီး အသံလှိုင်းဖြင့် တစ်စုံတစ်ခုအား ဆွေးနွေးနေကြဟန်တူသည်။
သူတို့ထဲမှ တစ်ယောက်က ဆူပူလိုက်သည်။
“ အဲ့ကောင် ပိုက်ဆံယူ၊ လူကိုသတ်ပြီး ထွက်ပြေးသွားပြီဆိုတာ ရှစ်ဆယ်ရာခိုင်နှုန်း သေချာတယ်။ ဟမ့် … အဲဒီလိုကောင်တွေကို ယုံလို့မရပါဘူး။ ငါတို့ဘာသာ တပည့်မွေးထားမှ အဆင်ပြေမယ်။ အဲဒီလိုဆို ပိုအားကိုးရမှာပဲ ”
“ နဂါးချုပ်နှောင် မန္တန်အစီအရင် အဆင့်သင့်ဖြစ်ပြီလား ”
“ ဆင်ထားပြီးပါပြီ။ ကျုပ်တို့ တုနတ်ဝိဇ္ဇာဂိုဏ်းက အတုမဲ့နတ်ဝိဇ္ဇာကို ဖမ်းဖို့အသင့်ပါပဲ ”
“ ကောင်းတယ်။ အစီအစဉ်တွေထဲ မထင်မှတ်ထားတဲ့ ပြောင်းလဲမှုလေးတွေရှိပေမယ့် သိပ်တော့ ပြဿနာမရှိလောက်ပါဘူး ”
ခေါင်းဆောင်ဟုယူဆရသူသည် လေသံတိုးတိုးဖြင့် ပြောလိုက်သည်။
“ ခဏနေရင် အမှတ်လေးသခင်လေး ဆီကို သတင်းပို့လိုက်။ သခင်လေးကို အယောင်ဆောင်တိုက်ခိုက်ဖို့ လူနည်းနည်းလည်း ပြင်ထားလိုက်။ ဒါဆို တုနတ်ဝိဇ္ဇာဂိုဏ်းက အတုမဲ့နတ်ဝိဇ္ဇာကို မျှားခေါ်နိုင်မှာပါ ”
“ ဟိုတပည့်နှစ်ယောက်ကိုတော့ ငါတို့ကိုယ်တိုင်ပဲဖမ်းပြီး အချုပ်အနှောင် မန္တန်အစီအရင် ဆင်ထားတဲ့ နေရာကို ခေါ်သွားလိုက်မယ်။ ပြီးရင်တော့ အတုမဲ့နတ်ဝိဇ္ဇာကိုဖမ်းကြတာပေါ့။ ငါတို့တိုင်းပြည် ပြန်လည်တည်ထောင်နိုင်ဖို့ ဒီလုပ်ငန်းအပေါ်မူတည်တယ်။ မင်းသမီးခြောက်က ငါတို့အတွက် အကောင်းဆုံးအခွင့်အလမ်းပဲ။ ငါတို့ သူ့ကို ထိန်းချုပ်နိုင်မှရမယ်။ ပြီးတော့ သခင်လေးရဲ့ လိုအင်တွေလည်း ပြည့်ရမှာပေါ့ ဟင်းဟင်း ”
ဝတ်စုံနက်များ ရယ်မောလိုက်ကြသည်။ ခေါင်းဆောင်က လက်သီးဆုပ်ပြလိုက်ရာ လူတိုင်း တစ်ယောက်ပြီးတစ်ယောက် လျင်မြန်စွာထွက်ခွာသွားလေတော့သည်။
နေ့ဝက်ခန့်ကြာပြီးနောက် ဝတ်စုံနက်တချို့သည် ယွမ်ချင်းနှင့် ယုံချင်ရွှမ်းယာတို့အား ရုတ်တရက် ဝင်ရောက် တိုက်ခိုက်ကြလေသည်။ ယွမ်ချင်းသည် ချက်ချင်းပင် ဆက်သွယ်ရေးအဆောင်အား ချိုးလိုက်သည်။
ဝမ်ကျိနှင့် လျှိုယန်အာတို့ကို တင်ပျဉ်ခွေထိုင်ကာ စောင့်ကြည့်နေသော ကျိုးကျိုးသည် ရုတ်ခြည်းပင် ခုန်၍ ထလိုက်ပြီး အရှေ့တောင်ဘက်သို့ ဦးတည်သွားလိုက်၏။ ယွီဝမ်လင်သည် ကျိုးကျိုးအားမီရန် နောက်မှ မနည်းပင် လိုက်နေရလေသည်။
ကျိုးကျိုးထွက်ခွာသွားသည်နှင့် တစ်ပြိုင်နက် ကိုယ်ရောင်ကိုယ်ဝါဆယ်ခုမက မြေပေါ် ထွက်ပေါ်လာတော့သည်။ သူတို့ထဲမှ နှစ်ဦးသည် တာအိုပေါင်းစည်းခြင်းအဆင့်ရှိ ကျင့်ကြံသူများဖြစ်ကြသည်။ ထိုလူနှစ်ဦးသည် ဝမ်ကျိနှင့် လျှိုယန်အာအား မေ့မြောသွားအောင် တိုက်ခိုက်လိုက်ကာ ခေါ်ဆောင်သွားလေသည်။
တစ်နာရီခန့်ကြာပြီးနောက် ကျိုးကျိုးက ယွီဝမ်လင်အား ယွမ်ချင်းနှင့် ယုံချင်ရွှမ်းယာတို့ကို စောင့်ရှောက်ရန်ထားခဲ့ပြီး ဝမ်ကျိတို့ထံ လျင်မြန်စွာ ပြန်လာခဲ့သည်။
ထိုအခိုက် ကျိုးကျိုးသည် မူမမှန်မှုတစ်ခုအား သတိထားမိလိုက်ပါသော်လည်း အလောတကြီး သွားနေသဖြင့် မစစ်ဆေးမိလိုက်ပေ။ သို့သော် လျှိုယန်အာနှင့် ဝမ်ကျိတို့အား ရှာတွေ့ချိန်တွင် မန္တန်အစီအရင်တစ်ခုအတွင်း နက်နက်ရှိုင်းရှိုင်း ဝင်ရောက်မိသွားပြီ ဖြစ်ကြောင်း သိလိုက်ရတော့သည်။ သူမ၏ ဘေးပတ်လည်တွင် တိမ်ဖြူဖြူများ လွှမ်းခြုံနေသည်။ သူမ၏ နတ်အာရုံဖြင့် အစွမ်းကုန်အာရုံခံကြည့်သော်လည်း အဖြူရောင်အကွက်များကိုသာ တွေ့ရလေသည်။
သူမသည် ဝမ်ကျိနှင့် လျှိုယန်အာတို့ကို လက်ဖြင့်ချီကာ မန္တန်အစီအရင်အနား ပတ်ကာ ပျံသန်းနေသည်။ သူမက မန္တန်အစီအရင်များနှင့်ပတ်သက်၍ မကျွမ်းကျင်ရာ ခေတ္တမျှပတ်ပြီးနောက် မူလနေရာသို့ ပြန်လည်ရောက်ရှိလာလေ၏။
‘ အနည်းဆုံးတော့ ယွမ်ချင်းနဲ့ ရွှမ်းယာတို့ကိုစောင့်ရှောက်ဖို့ လူသန်စစ်သူကြီးကို ထားခဲ့သေးတာပဲလေ ’
ကျိုးကျိုးသည် အတန်ငယ်စိတ်အေးသွားဟန် သက်ပြင်းတစ်ခု ချလိုက်သည်။ မန္တန်အစီအရင်အားဖောက်ထွက်ရန် သူမသည် စိတ်အေးအေးထား၍ နည်းလမ်းရှာကြည့်ပါသော်လည်း လွမ့်ကျန့်တောအုပ်အတွင်းသို့ မဝင်မီ လီချန်ရှို့ သတိပေးခဲ့သည်ကို ထပ်မံသတိရသွားလေသည်။
“ ဆရာဒေါ်လေးကျိုး… ဒီလူက အကြောင်းပြချက်မရေမရာနဲ့ ရောက်လာတာ။ နည်းနည်းသံသယဝင်စရာကောင်းတယ်။ သူ့ကိုလွယ်လွယ်မယုံပါနဲ့ ”
‘ ဒီယွီဝမ်လင်ဆိုတာကကော … ’
ထိုသို့စဉ်းစားမိချိန်တွင် ကျိုးကျိုး၏နဖူးမှ ချွေးသီးချွေးပေါက်များ စီးကျလာတော့သည်။
ထိုအရာများအားလုံး ဆက်စပ်နေပေသည်။ အစကတည်းကပင် သူတို့၏ ထောင်ချောက်အတွင်းသို့ သူမ ကျရောက်နေပြီးသား ဖြစ်သည်။
‘ လီချန်ရှို့ရော ဘယ်လိုဖြစ်နေပြီလဲ။ သူ့ကျင့်ကြံခြင်းအဆင့်က နိမ့်တယ်။ သူ အသတ်ခံလိုက်ရပြီလား။ ဒီလူတွေက ရွှမ်းယာနဲ့ ယွမ်ချင်းတို့နောက်ကို လိုက်နေတာ ရာခိုင်နှုန်း ( ၈၀ ) လောက်သေချာတယ်။ ငါ ဒါကို စောစောကတည်းက သတိထားမိလိုက်ရမှာ ’
ကျိုးကျိုးက ကျိန်ဆဲလိုက်သည်။
“ အသုံးမကျတဲ့ကောင်တွေ။ သတ္တိရှိရင် ငါနဲ့ အချီ (၃၀၀) လောက် လာချကြလေ။ ဒီလိုအောက်တန်းကျတဲ့ အကွက်တွေသုံးပြီး ကိုယ့်ကိုယ်ကို ကျင့်ကြံသူလို့ ဘယ်လိုခေါ်ရဲသေးတာတုန်း ”
သို့သော် မန္တန်အစီအရင်အတွင်းရှိ အဆိပ်ပိုးမွှားများနှင့် သားရဲတချို့မှလွဲ၍ မည့်သည့်တုန့်ပြန်မှုမှ မရှိပေ။
“ အီး … ”
ကျိုးကျိုးသည် သတိမေ့နေသူနှစ်ဦးအား မြေပေါ်သို့ ပစ်ချလိုက်ပြီး ဂနာမငြိမ်ဖြစ်ကာ ရှေ့နောက်လျှောက်နေလေသည်။ သူမ၏စိုးရိမ်မှုများကြောင့် လက်ပြတ်အင်္ကျီကလေးသည်ပင် ခပ်တင်းတင်းကလေး ဖြစ်နေကာ အချိန်မရွေး ပြဲထွက်သွားတော့မည့်အလားပင်။
“ ဒီမန္တန်အစီအရင်နဲ့ အခြေအနေတွေက ငါ့ကို သေအောင်သတ်နေတာပဲ ”
***
‘ နတ်ဝိဇ္ဇာလွတ်မြောက်ဆေးပင်က တော်တော်ရှာဖို့ခက်တာပဲ ’
မြောက်ကျွန်းသို့ရောက်ပြီး (၁၂)ရက်မြောက်နေ့တွင် လီချန်ရှို့က လွမ့်ကျန့်တောအုပ်မှ ထွက်လာလေတော့သည်။ ထို့နောက် သူသည် အနောက်မြောက်ဘက်သို့ လီပေါင်း ( ၈၀၀ ) ဆက်၍ သွားလိုက်သည်။ နောက်ဆုံး၌ သူ၏မြေပုံပေါ်တွင် မှတ်သားထားသောနေရာသို့ အချိန်မီ ရောက်ရှိသွားလေသည်။
ထိုနေရာသည် အချင်းအားဖြင့် လီပေါင်း(၁၅၀) ရှိ၏။ မြေမျက်နှာသွင်ပြင်သည် တောင်ကုန်းများ၊ ရွှံ့နွံများ၊ တောင်တန်းများ နှင့် အခြားအရာအမြောက်အမြားကြောင့် ရှုပ်ထွေးနေတော့သည်။ လီချန်ရှို့ မြောက်ကျွန်းအတွင်းပိုင်းသို့ ရောက်လာသောအခါ ပို၍ ရက်စက်ကြမ်းကြုတ်သော အဆိပ်သားရဲများနှင့် ပိုးမွှားများကို တွေ့လာရ၏။
လီချန်ရှို့သည် တချိန်လုံး သတိကြီးကြီးထားနေပြီး ဂရုတစိုက်ဖြင့် သူ အလိုရှိသည့် ‘ အဆိပ်ဆေးပင် ’ အား စေ့စေ့စပ်စပ်ရှာနေ၏။ ခြောက်ရက်ဆက်တိုက် ရှာဖွေပြီးနောက် အဆိပ်ဆေးပင်အမျိုးမျိုးနှင့် ဝိညာဉ်ဆေးပင် အမျိုးမျိုးကို သူ ရှာတွေ့ခဲ့သည်။ သို့သော်ငြား သူ စွန့်စားကာ မြောက်ကျွန်းသို့ပင် လာရောက်ရှာဖွေရသည့် ဆေးပင်ကိုမူ မတွေ့သေးပေ။
နေ့လယ်ပိုင်း၌ မိုးများစတင်ရွာသွန်းလာပြီး မိုးရည်စက်တိုင်းက အလွန်အဆိပ်ပြင်း၏။
လီချန်ရှို့သည် အပြင်တွင် လျှောက်မရှာရဲတော့ဘဲ တောင်စောင်းတစ်ခုအားရှာ၍ တွင်းတစ်တွင်းတူးကာ ပုန်းနေရလေသည်။ သူသည် ပတ်ဝန်းကျင်အားလေ့လာရန် ဝိညာဉ်အာရုံများ ဖြန့်ကျက်လိုက်သည်။ ဆေးပင်အားဆက်ရှာရန်အလို့ငှာ မိုးတိတ်သည်အထိစောင့်ရန် သူ ဆုံးဖြတ်လိုက်သည်။
ထိုခြောက်ရက်တွင် ထိုနေရာအနှံ့နီးပါး သူ ရှာဖွေ၍ ပြီးလေပြီ။ ကံဆိုးစွာပင် နတ်ဝိဇ္ဇာလွတ်မြောက်ဆေးပင်၏ အရိပ်အယောင်မျှပင် မတွေ့သေးပေ။
‘ နတ်ဝိဇ္ဇာလွတ်မြောက်ဆေးပင်၊ နတ်ဝိဇ္ဇာလွတ်မြောက်ဆေးပင် မင်းဘာလို့ငါနဲ့ တူတူပုန်းတန်း ကစားနေရတာတုန်း။ ဘာလို့ ငါ့ကို ထွက်မတွေ့တာလဲကွ ’
လီချန်ရှို့သည် ဂူအတွင်း၌ သမ်းဝေကာ တင်ပျဉ်ခွေထိုင်လိုက်ပြီးနောက် ခန္ဓာကိုယ်အား အသင့်အနေအထားဖြစ်ရန် ပြင်လိုက်သည်။
ဤနေရာသည် နတ်ဝိဇ္ဇာလွတ်မြောက်ဆေးပင် ပေါက်ရောက်ရာနေရာဖြစ်ကြောင်း ရှေးဟောင်းကျမ်းစာများတွင် သူ ဖတ်ရှုခဲ့ရသည်။
ထိုဆေးပင်အားရှာရန် ဤနေရာသို့ လာရခြင်းသည် အနိမ့်ဆုံး ပေးဆပ်ထားခြင်း ဖြစ်သည်။ ဤနေရာတွင် ရှာမတွေ့ခဲ့လျှင် လီချန်ရှို့သည် မြို့သို့ ပြန်သွား၍ ကံစမ်းကာ ရှာကြည့်ရန် ဆုံးဖြတ်ထားသည်။
သူ နှစ်ပေါင်းများစွာ လိမ်ထားရ … အဟမ်း .. အဟမ်း .. အဲလေ အလုပ်လုပ်ပြီး စုဆောင်းထားရသည့် ဝိညာဉ်ကျောက်တုံးများနှင့် ရတနာများကို သုံးစွဲလိုက်ရလျှင် မည်သို့လုပ်မည်နည်း။ သို့သော် နတ်ဝိဇ္ဇာလွတ်မြောက်ဆေးပင်ကိုသာ ရရှိခဲ့ပါက တန်သည်ဟု ဆိုနိုင်ပေမည်။
ထိုသို့ အလုပ်မဖြစ်ခဲ့ပါက လီချန်ရှို့တွင် အခြားနည်းလမ်း မရှိတော့ပေ။ ချုံတောင်သို့ပြန်ရောက်မှသာ ထပ်မံ အစီအစဉ် ဆွဲရပေမည်။
မိုးသည် ရုတ်တရက်ရွာလာသည့် မိုးဖြစ်ပြီး တိတ်မည့်အရိပ်အယောင် မပေါ်သေးပေ။
လီချန်ရှို့အတွက် အနားယူခြင်းသည် ခဲယဥ်းသောအလုပ်တစ်ခုဖြစ်သည်။ သူသည် ဖြည်းညင်းစွာ စိတ်ကို ဖြေလျှော့လိုက်သည်။ ယန်အဆိပ်နဂါးနီ၏ တံတွေးရှိခြင်းကြောင့် အဆိပ် သားရဲများနှင့် ပိုးမွှားများရန်မှ ကာကွယ်နိုင်သော်လည်း အန္တရာယ်များသောနေရာ၌ပင် ရှိနေသေးသည် ဖြစ်၍ စိတ်အေးလက်အေးအနားယူရန် သူ့အတွက် ခက်ခဲပေသည်။
‘ ဆရာဒေါ်လေးကျိုး အဆင်ပြေပါ့မလား … အဆင်ပြေလောက်မှာပါ ’
လီချန်ရှို့သည် လွန်ခဲ့သော ( ၉ ) ရက်ခန့်က သူသတ်ခဲ့သော ကျင့်ကြံသူ၏အကြောင်းကို ပြန်စဉ်းစားလိုက်သည်။ ထိုလူ၏မှတ်ဉာဏ်များအားကြည့်ရှုရန် ဝိညာဉ်ချုပ်ပုလဲအား သူ ထုတ်ယူလိုက်ပါသော်လည်း ဝိညာဉ်အကြွင်းအကျန်များ မရှိတော့ချေ။
‘ ထားလိုက်တော့။ ဒါတွေက ငါနဲ့ ဘာမှ မဆိုင်ဘူး ’
ထိုလုပ်ကြံရေးသမားတွင် သေချာပြင်ဆင်ထားသည့် အစီအစဉ်တစ်ခု ရှိပြီး အတွင်းလူဖြစ်သော သဘောထားကြီးမားသူလေး ယွမ်ချင်း၏ အကူအညီပင် ရထားသေးသည်။ ဆရာဒေါ်လေး၏ ဖြုတ်ဦးနှောက်နှင့်သာဆိုပါက အချုပ်အနှောင်မန္တန်အစီအရင်အတွင်း အလွယ်တကူပင် ကျရောက်သွားပေလိမ့်မည်။
ဆရာဒေါ်လေးကျိုးသည် ကျင့်ကြံခြင်းအဆင့်မြင့်မားကာ ချစ်စဖွယ်စရိုက်ရှိသော်ငြား တစ်ခါတရံတွင် စိတ်လောလွန်းအား ကြီးလေသည်။ အရည်ကလေးနည်းနည်းဝင်သွားပါက ဘာကိုမှ ဂရုမစိုက်တော့ပေ။
ယုံချင်ရွှမ်းယာသည် ပို၍ပင် သနားစရာကောင်းလေသည်။ နတ်ဝိဇ္ဇာဂိုဏ်းတွင် နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့သော်လည်း အပြင်လောရှိ နိုင်ငံရေးအားပြိုင်မှုများအား မရှောင်ရှားနိုင်သေးချေ။ သူမ၏နံဘေးတွင် အမြဲရှိနေခဲ့သည့် ငယ်သူငယ်ချင်းမှာလည်း မကောင်းသောအကြံအစည်များ ရှိနေလေ၏။
လီချန်ရှို့သည် မည်သည့်အခါမှ ကိုယ့်ကိုယ်ကိုယ် သူရဲကောင်းတစ်ယောက်အဖြစ် မမြင်ခဲ့ပေ။ ထို့ပြင် မင်းသမီးတစ်ပါးအား မည့်သည့်အခါမှ သူ ကယ်တင်ရန် ကြိုးစားလိမ့်မည် မဟုတ်ဘဲ မိမိ၏ ကံကြမ္မာအား ပြောင်းလဲပစ်ရန် စိတ်ကူးမရှိပေ။ သူ့မျက်လုံးထဲတွင် ယုံချင်ရွှမ်းယာသည် ပြဿနာတုံးလေးပင်။ ဤကံကြမ္မာနှောင်ကြိုးအား သူ တတ်နိုင်သမျှ မပတ်သတ်မိအောင် ရှောင်ရှားရပေမည်။
‘ ဂျိမ်း..ဂျိမ်း.. ’
မိုးခြုန်းသံများ ကောင်းကင်တစ်ခွင် မြည်ဟည်းနေသည်။
လီချန်ရှို့သည် လက်ကျန်ပစ္စည်းများကို စစ်ကြည့်လိုက်ရာ ဆေးလုံးများနှင့် အဆောင်များ အလုံအလောက် ရှိေနသည်။ ယန်အဆိပ်နဂါးနီ၏ တံတွေးသည်လည်း နောက် ( ၉ ) ရက်ခန့် ခံမည်ဖြစ်၍ သူ ရှာဖွေပြီးသည့်နောက် ပြန်သွားသည့်အချိန်အထိ လုံလောက်မည်ဖြစ်သည်။ မိုးတိတ်သွားလျှင် ဤနေရာပတ်ဝန်းကျင်အနှံ့သွား၍ အလျင်အမြန် ရှာဖွေပြီးနောက် မြောက်ဘက် သို့မဟုတ် အနောက်ဘက်သို့ ဆက်ရှာဖွေရမည် ဖြစ်သည်။
‘ နတ်ဝိဇ္ဇာလွတ်မြောက်ဆေးပင်၊ နတ်ဝိဇ္ဇာလွတ်မြောက်ဆေးပင် ငါတော့ တော်တော်အာရုံနောက်လာပြီဟေ့ ’
‘ ဝုန်း ..’
တောင်စောင်းတစ်ခုလုံး ရုတ်တရက် လှုပ်ခါသွားလေသည်။
ယင်းက လီချန်ရှို့အား ရင်ထိတ်သွားစေသည်။ ထို့ကြောင့် သူသည် ဝိညာဉ်အာရုံအား ဖြန့်ကျက်ကာ ပတ်ဝန်းကျင်အား ထောက်လှမ်းလိုက်ရာ သူ့အပေါ်ရှိ မိုးသားတိမ်စိုင်များအတွင်းမှ ထူးဆန်းသော အခြင်းအရာများကို တွေ့ရှိလိုက်ရသည်။ တိမ်စိုင်များသည် ဝဲကတော့သဏ္ဍန် ဖြစ်ပေါ်နေပြီး ထိုဝဲအတွင်း၌ လျှပ်စီးများ လင်းလက်နေပြီး အထဲမှ တစ်စုံတစ်ခုက တိုးထွက်လာရန် ကြိုးစားနေဟန်တူသည်။
လီချန်ရှို့သည် လက်ချောင်းများအားဖိကာ အခြေအနေအား သုံးသပ်လိုက်သည်။ ကောင်းကင်နှင့်မြေကြီးတွင် အပြောင်းအလဲကြီးတစ်ခု ဖြစ်ပေါ်နေကြောင်း သိလိုက်လေ၏။
လီချန်ရှို့သည် ဓမ္မတန်ခိုးများနှင့် ကိုယ့်ကိုယ်ကိုယ် လွှမ်းခြုံကာ ဂူအပြင်သို့ ခုန်ထွက်လိုက်သည်။ သူသည် မြေပြင်သို့ခြေထောက်မိသည်နှင့် နဂါးတိမ်စီး ခြေလှမ်းအားထုတ်ရန် အသင့်ပြင်ထားလိုက်သည်။
ထိုစဉ် အပေါ်မှ အသံကြီးတစ်သံအား လီချန်ရှို့ ထပ်မံကြားလိုက်ရသည်။ ဝဲကတော့အတွင်းမှ အနီရင့်ရင့်ပုံသဏ္ဍာန်တစ်ခု ပြုတ်ကျလာလေသည်။ ယင်းသဏ္ဍာန်သည် လျှပ်စီးအလား မြေပြင်ပေါ်သို့ ကျလာ၏။
ထိုသဏ္ဍာန်သည် လီချန်ရှို့၏အရှေ့ ပေ ( ၃၀ ) အကွာသို့ ကျလာကာ ရွှံများပေကျံသွားပေသည်။
လီချန်ရှို့သည် နောက်သို့လျင်မြန်စွာဆုတ်လိုက်ပြီး လက်ဝါးအတွင်းမှာလည်း စက္ကူရုပ်သုံးရုပ်ကို အသင့်ပြင်ထားလေသည်။
သို့သော် အနီဖျော့ဖျော့ အလင်းရောင် လွှမ်းခြုံထားသည့် ထိုသဏ္ဍန်အားတွေ့လိုက်ရာ လီချန်ရှို့ မျက်မှောင်ကြုတ်သွားတော့သည်။
‘ ဒါက… ’
သူ၏ဆေးပင်ရှာဖွေမှု အဆင်ပြေချောမွေ့နေသည်ကို ကောင်းကင်ကြီးက ကြည့်မရဖြစ်နေသည်လော။ ထို့ကြောင့်ပင် ကောင်းကင်ကြီးက သူ့အား အခက်အခဲများတွေ့ရန် ပြုလုပ်နေခြင်းပေလော။ သို့တည်းမဟုတ် သူ၏ကံကြမ္မာအား ထိန်းချုပ်သည့် မိစ္ဆာတစ်ကောင်ကို အပြစ်ပြုမိ၍ ဤပြဿနာအိုးအား မရှောင်နိုင်ခြင်းလော။
အနီရင့်ရင့်ဂါဝန်အားဝတ်ဆင်ထားသော သူ့ရှေ့၌ လဲကျနေသူသည် တခြားလူမဟုတ် ယုံချင်ရွှမ်းယာပင် ဖြစ်လေတော့သည်။
ယုံချင်ရွှမ်းယာတစ်ယောက် ပြင်းပြင်းထန်ထန် ဒဏ်ရာရထားလေ၏။ သူမ၏လက်ဝဲဘက် ပခုံးတွင် သွေးထွက်နေသော ဒဏ်ရာကြီးတစ်ခုရှိလေသည်။ ထိုဒဏ်ရာသည် နက်လှသည်ဖြစ်ရာ လီချန်ရှို့သည် သူမ၏အရိုးကိုပင် တွေ့နေရလေသည်။ လတ်လတ်ဆတ်ဆတ်သွေးများက အဆိပ်မိုးရေစက်များနှင့် ရောယှက်သွားပြီး ကျောက်ဖြူပမာ ဖြူဖွေးသွယ်ပြောင်းသော လက်မောင်းလေးတစ်လျှောက် စီးဆင်းသွားလေသည်။ လက်ယာလက်ကမူ ဓားကြီးအား တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး ဓားအိမ်မှာ မရှိတော့ပေ။ သူမ၏ဓားတွင် ပင့်ကူအိမ်ကဲ့သို့ ပွန်းပဲ့ရာများနှင့် ပြည့်နှက်နေလေသည်။
သူမ၏ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာဆယ်ခုမက ရှိသော်လည်း အသက်အန္တရာယ်အား မစိုးရိမ်ရချေ။
လီချန်ရှို့ သတိပြုမိသလိုပင် ယုံချင်ရွှမ်းယာသည်လည်း သူမ၏ရှေ့ မိုးရေစက်များအောက်ရှိ လူရိပ်တစ်ခုကို တွေ့လိုက်လေသည်။ သူမသည် ခေါင်းငုံ့ကာ သွေးများကို ထွေးထုတ်လိုက်သည်။ သူမက ဓားကိုအားပြုကာ ရပ်လိုက်ပြီး မျက်လုံးများထဲလည်း ခိုင်မာသောဆုံးဖြတ်ချက် အရိပ်အယောင်များဖြင့် ပြည့်နေသည်။ ထို့ေနာက် သူမ၏ရှေ့ရှိလူရိပ်သည် ရင်းနှီးသည့်ပုံသဏ္ဍန်ဖြစ်ကြောင်း သတိထားမိလိုက်သည်။
လီချန်ရှို့ မျက်မှောင်ကြုတ်သွားြပီးနောက် စိတ်အာရုံသုံး၍ ပတ်ဝန်းကျင်အား လေ့လာလိုက်သည်။ မည်သည့်တိုက်ခိုက်သူမှ သူမ၏အနောက်က လိုက်မလာပေ။
သူသည် မကြာသေးခင်က ဖြစ်ခဲ့သော အဖြစ်အပျက်များကို ပြန်တွေးလိုက်သည်။ ယုံချင်ရွှမ်းယာသည် ထွက်ပြေးရန် ရတနာတစ်ပါးအားအသုံးချလိုက်ဟန်တူသည်။ သူမသည် စကြဝဠာနည်းလမ်းတစ်ခုအားအသုံးပြုကာ ဤနေရာသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်ရပေမည်။
စိတ်ရှုပ်စရာကောင်းသောအရာသည် ပုန်းခိုစရာအများကြီးအနက် ဤနေရာသို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
လီချန်ရှို့သည် ဂိုဏ်းတူညီမလေးနှင့် မျက်နှာချင်းဆိုင်မိနေသော်လည်း သူမအား ကယ်တင်ရန် မကြိုးစားသေးချေ။ အကယ်၍ ယုံချင်ရွှမ်းယာ အသက်ရှင်၍ သူ တောအုပ်အပြင်ထွက်လာသည်ကို ဂိုဏ်းအား ပြန်တိုင်ပါက ပြဿနာကြီးကြီးတက်ပေလိမ့်မည်။ ထို့ပြင် ဤအရှုပ်အထွေးအကြား သူ ဝင်မပါလိုပေ။ ထိုကိစ္စသည် အစကတည်းက သူနှင့်မဆိုင်ပေ။
ယုံချင်ရွှမ်းယာ သူ့ကို ပြန်တိုင်လျှင်ပင် သူ ပြဿနာကြီးသွားနိုင်သော်ငြား အမြင့်ဆုံးခံရမည့်ပြစ်ဒဏ်မှာ လစဉ်အသုံးစရိတ်အလျှော့ခံရခြင်းလောက်သာ ဖြစ်ပေသည်။
လီချန်ရှို့သည် နောက်သို့ တည်တည်ငြိမ်ငြိမ်ပင် လှည့်လိုက်ပြီး တစ်ကိုယ်တည်း စကားပြောနေဟန်ဖြင့် နောက်လှည့်လိုက်သည်။
“ အာ..မိုးကလည်းသည်းလိုက်တာကွာ။ မြင်ကွင်းတွေတောင်မရှင်းတော့ဘူး။ ငါဘာမှကို မမြင်ရဘူးဟေ့ ”
သူသည် အနောက်ရှိ တောင်စောင်းအားမျက်နှာမူ၍ လက်နှစ်ဘက်မြှောက်ကာ မြေကိုယ်ယောင်ဖျောက်ပညာအားသုံးရန် ဟန်ပြင်လိုက်သည်။
ထိုနေရာတွင် ဆက်နေလျှင် သူ ရူးနေ၍သာ ဖြစ်ရမည်။
‘ မြန်မြန်ပြေးမယ်ဟေ့ ’
“ အစ်ကို…ဂိုဏ်းတူအစ်ကိုချန်ရှို့လား ”
ယုံချင်ရွှမ်းယာသည် မိုးပေါက်များအကြားမှ လီချန်ရှို့၏ နောက်ကျောအား အံ့ဩတကြီး ကြည့်နေသည်။ သူမသည် ခေါင်းငုံ့ကာ သွေးများကို နောက်ထပ် ထွေးထုတ်လိုက်ပြန်သည်။ ပြီးနောက် စိုးရိမ်တကြီးပြောလိုက်လေသည်။
“ မြန်မြန်ပြေးတော့။ ညီမကိုဂရုစိုက်မနေပါနဲ့။ အစ်ကို့ရဲ့ ကျင့်ကြံခြင်းအဆင့်က နိမ့်တယ်။ ဟိုလူတွေက အများ… ”
စကားဆုံးအောင် မပြောလိုက်နိုင်ခင်မှာပင် ယုံချင်ရွှမ်းယာ၏ မျက်လုံးများ မှိတ်သွားတော့သည်။ သူမ၏ ကိုယ်ရောင်ကိုယ်ဝါများ ရှုပ်ထွေးနေပြီး ဒဏ်ရာများသည်လည်း ပြင်းထန်လှပေသည်။ သူမနှင့် သူမ၏ဓားကြီးသည် တချိန်တည်းမှာပင် ရွှံ့ထဲ လဲကျသွားတော့သည်။
တိမ်မည်းများအကြား လျှပ်စီးတစ်ချက်လက်သွားပြီး ပို၍ မိုးသည်းလာလေသည်။
‘ ရှိစေတော့။ မင်းရဲ့စိတ်ကောင်းလေးကြောင့် မြေကိုယ်ယောင်ဖျောက်အတတ်ကို သုံးပြီး နည်းနည်းတော့ ကူညီပေးလိုက်ပါ့မယ်။ ပြီးရင်တော့ ထပ်မကူညီနိုင်တော့ဘူးနော်။ မင်းရဲ့ကံကြမ္မာကို ကောင်းကင်ဘုံကပဲ ဆက်အဆုံးအဖြတ်ပေးလိမ့်မယ် ’
***