အခန်း ( ၃၂၃ )

သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၌ စုဝေးခြင်း

ယခုအချိန်တွင် ခေါင်းဆောင်ကြီးများနှင့် အမွေဆက်ခံသူအဆင့် ကျင့်ကြံသူများ ပြန်လည်ရောက်ရှိလာကြပြီဖြစ်ရာ ကောင်းကင်တံတားစစ်သင်္ဘောများပေါ် ရှိ နောက်ဆုံးလုပ်ငန်းကို စတင်လုပ်ကိုင်ကြတော့သည်။ နတ်သားရဲကျောရိုးကို အသုံးပြု၍ သင်္ဘောကိုယ်ထည်ဘောင် တည်ဆောက်နေရာ ဂိုဏ်းရှိ လူအားလုံး ပါဝင်ကူညီနေကြသည်။

အရွယ်အစားတစ်မျိုးစီဖြင့် သင်္ဘောစုစုပေါင်း ၃စီးရှိလေသည်။ အကြီးဆုံးမှာ မီတာ၃သိန်းထိ ရှည်လျားကာ ပုံပန်းကို ကြည့်ရုံမျှဖြင့် ရင်သပ်ရှုမောဖွယ်ရာကောင်းလှပေသည်။ တစ်စက်မှ မရွေ့ရသေးသော်လည်း မြင်လိုက်သည်နှင့် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းသားအားလုံးကို ကြောက်ရွံ့တုန်လှုပ်ကာ ရိုသေလေးစားစိတ်ပေါ်လာနိုင်စေသည့် တောင်ကြီးတစ်လုံးအလားမှတ်ရလေသည်။

အသွင်အပြင်တစ်ခုတည်းဖြင့် ထိုသို့ တုန်လှုပ်စေခြင်းဖြစ်သည်။ အကြီးဆုံး ကောင်းကင်တံတား စစ်သင်္ဘောဆီမှ ယင်ယန်ဝိညာဥ်အဆင့်ခေါင်းဆောင်ကြီးများထက်ပင် သာလွန်သည့် အံ့ဩဖွယ် အငွေ့အသက်များကို ထုတ်လွှတ်နေသည်။ အပြတ်အသတ်ကွာခြားသည့် အဆင့်ဖြစ်ကာ ခြုံကြည့်လျှင် နတ်အဆင့်အငွေ့အသက်ဟုပင် ပြောနိုင်သည်။

ယင်ယန်ဝိညာဥ်အဆင့်ပြီးလျှင် နောက်တစ်ဆင့်မှာ နတ်အဆင့်ဖြစ်သည်။ ဤစစ်သင်္ဘောကို နတ်သားရဲ၏ ကျောရိုးဖြင့် ပြုလုပ်ထားပြီး ၎င်းသည် နတ်အဆင့်၏ အစွမ်းသတ္တိမျိုး အပြည့်အဝ မထုတ်လွှတ်နိုင်သည့်တိုင် မယုံကြည်နိုင်လောက်အောင် စွမ်းအားကြီးမားနေဆဲဖြစ်သည်။ ထို့ကြောင့်ပင် ကောင်းကင်တံတားမြစ်ကို ဆန်တက်ရာခရီးတွင် ပို၍ အန္တရာယ်ကင်း၊ စိတ်ချရသည်။ ထို့အပြင် ရှင်းကုံကျစ်တာအိုဂိုဏ်း၏ ဓမ္မအမိန့်စာချွန်နှင့် ပေါင်းလိုက်သောအခါ လမ်းတစ်လျှောက်တွင် မည်သို့သော အန္တရာယ်ဆိုးကိုမှ မတွေ့ကြုံနိုင်တော့မည်မှာ သေချာသလောက်ရှိသည်။

အကြီးဆုံးစစ်သင်္ဘောသည် စစ်ပွဲဝင်မည့် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းမှ ကျင့်ကြံသူအားလုံးကို သယ်ဆောင်နိုင်လောက်အောင် ကြီးမားလေသည်။

ဒုတိယစစ်သင်္ဘောသည် အနည်းငယ် ပိုငယ်ကာ မီတာ ၂သိန်း၁သောင်းခန့်သာ ရှည်လျားပြီးဆန်းကြယ်နတ်ရေစင်ဂိုဏ်းအတွက် အထူးတလည် ပြင်ဆင်ပေးထားခြင်းဖြစ်သည်။ နောက်ဆုံး စစ်သင်္ဘောမှာ အငယ်ဆုံးဖြစ်ကာ မီတာ၉သောင်းမျှသာ ရှည်လျားသည်။ သို့သော် အကြီးဆုံးသင်္ဘောကဲ့သို့ တစ်ပုံစံတည်း တည်ဆောက်ထားရာ နတ်အဆင့်အငွေ့အသက်များ ထုတ်လွှတ်နေပေသည်။

သူတို့သည် ယာယီဌာနချုပ်မှ မထွက်ခွာမီ သွေးစွမ်းအင်နတ်ရေစင်အဖွဲ့သည် ကောင်းကင်တံတားစစ်သင်္ဘောမလိုအပ်ကြောင်း ဂိုဏ်း၄ခု၏ ခေါင်းဆောင်ကြီးများ သဘောတူညီခဲ့ပြီးဖြစ်သည်။ သူတို့သည် ကောင်းကင်တံတားမြစ်ကို ဆန်တက်ရာတွင် ကိုယ်ပိုင်နည်းလမ်းများ ရှိဟန်တူသည်။

တတိယစစ်သင်္ဘောပြီးသွားသောအခါတွင် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းမှ ဂိုဏ်းသားအားလုံး တုန်လှုပ်သွားကြလေသည်။ စစ်ပွဲ၏ အရေးကြီးဆုံးအပိုင်းက နီးကပ်လာနေပြီဖြစ်ကြောင်း အားလုံးက သိနေကြသည်။

မကြာမီတွင် မြစ်ကိုဆန်တက်ကာ ကုံမြစ်ဂိုဏ်းခွဲကို ဖျက်ဆီး၍ ၎င်းနေရာကို သိမ်းပိုက်ရန် သွားကြတော့မည်ဖြစ်သည်။

ပိုင်ရှောင်ချန်းသည် မည်သည့် တစ်ဦးတစ်ယောက်ကိုမျှ သေစေလိုသော စိတ်ဆန္ဒမရှိပေ။ သို့သော် သူသည် သူတော်စင်မဟုတ်ရကား မသိသောသူများအတွက်မူ ထိုခံစားချက်မျိုး မထားနိုင်ပေ။ သူဂရုစိုက် အလေးပေးသည်မှာ သူ၏ မိသားစုနှင့် သူငယ်ချင်းများသာဖြစ်သည်။

လဝက်ခန့်ကြာသောအခါ ဂိုဏ်းတည်ထောင်သူ ခေါင်းဆောင်ကြီး၏ အသံသည် တိုးညင်းသော ခေါင်းလောင်းသံနှင့်အတူ ဂိုဏ်းတစ်ခုလုံးသို့ ပျံ့လွင့်လာသည်။
“တိုက်ခိုက်ဖို့ တာဝန်ပေးထားတဲ့ အဏ္ဏဝါခေါ်သံဂိုဏ်းရဲ့ စိတ်စွမ်းအင်နတ်ရေစင်အဖွဲ့ဂိုဏ်းသားအားလုံး ခု စစ်သင်္ဘောပေါ်ကို တက်ကြမယ်! ငါတို့ရဲ့ ဦးတည်ရာက သွေးစွမ်းအင်နတ်ရေစင်အဖွဲ့ကနေတစ်ဆင့် ကောင်းကင်တံတားမြစ်ကို ဆန်တက်ဖို့ပဲ။”

စိတ်စွမ်းအင်နတ်ရေစင်အဖွဲ့သားများသည် ချက်ချင်းပင် စတင်လှုပ်ရှားကြသည်။ ဖရိုဖရဲဖြစ်ခြင်းများ မရှိပေ။ ဂိုဏ်းခေါင်းဆောင် ကျိန်းယွမ်သုန်နှင့် တောင်ထိပ်သခင်များ၏ စီစဥ်မှုကြောင့် ဂိုဏ်းသားအားလုံးနှင့် တိုက်ပွဲဝင်သားရဲများသည် စနစ်တကျဖြင့် စစ်သင်္ဘောပေါ်သို့ တက်ကာ နေရာယူလိုက်ကြသည်။

ဂိုဏ်း၏ အဖိုးတန်ရတနာများနှင့် သီးသန့်စွမ်းအားများကိုလည်း စစ်သင်္ဘောပေါ်သို့ တင်ဆောင်ထားသည်။ ပိုင်ရှောင်ချန်းသည် ယခုအချိန်တွင် ဖုံးအုပ်ထားသော ရင်းနှီးနေသည့် ခေါင်းတလားတစ်ခုကိုပင် တွေ့လိုက်ရသည်။ ခေါင်းဆောင်ကြီးက ဂရုစိုက်ကာ စစ်သင်္ဘောပေါ်မှ လျှို့ဝှက်နေရာသို့ ထားလိုက်လေသည်။

ပိုင်ရှောင်ချန်းသည် တစ်ချက်ကြည့်လိုက်ရုံဖြင့် ထိုခေါင်းတလားထဲတွင် သန့်ရှင်းသောဝိညာဥ်ပါဝင်သည်ကို သိလိုက်သည်။

“သူတို့က သန့်ရှင်းသော ဝိညာဥ်ကိုတောင် ယူလာကြတာပဲ။”ဟု သူ့ဘာသာ ရေရွတ်လိုက်သည်။ စိတ်စွမ်းအင်နတ်ရေစင်အဖွဲ့သည် ဤစစ်ပွဲတွင် အားကုန်၊ အစွမ်းကုန် ထုတ်သုံးသည်မှာ သိသာလှသည်။

စိတ်စွမ်းအင်နတ်ရေစင်အဖွဲ့၏ ၉လုံးမြောက်တောင်ထိပ်ကို စစ်သင်္ဘောပေါ်သို့ ရွှေ့ပြောင်းရာတွင် ၃ရက်တိုင်ကြာခဲ့သည်။ ယခုအချိန်၌ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းသည် ပြောင်ရှင်းနေသယောင်ရှိလေသည်။ မဟာမန္တန်အစီအရင်ကို အသက်သွင်းကာ ဌာနချုပ်များကို ကာကွယ်ရန် အပြင်စည်းဂိုဏ်းသားအချို့သာ ကျန်ရှိနေခဲ့သည်။

မသုံးရသေးသော စစ်သင်္ဘော၂စီးသည် ၉လုံးမြောက် တောင်ထိပ်၏ တည်နေရာ ရွှေ့ပြောင်းခြင်းစွမ်းအားဖြင့် ပျောက်ကွယ်သွားကြသည်။

ပိုင်ရှောင်ချန်းသည် စစ်သင်္ဘောပေါ်တွင် ရပ်ကာ ထူးဆန်းသော အကြည့်ဖြင့် ဌာနချုပ်ဟောင်းသို့ လှည့်ကြည့်နေလေသည်။ ဟိုရှောင်မေ့သည် သူ့ဘေးတွင် ရပ်လျက်ရှိသည်။ အနည်းငယ် ကြောက်ရွံ့နေပုံပေါ်လျက် သူမသည် အစွန်းသို့ တိုးသွားလေသည်။

စိတ်စွမ်းအင်နတ်ရေစင်အဖွဲ့၏ ကောင်းကင်တံတားစစ်သင်္ဘော ပျောက်ကွယ်သွားချိန်တွင် ကောင်းကင်နှင့် ကမ္ဘာမြေကို တုန်ဟီးသွားစေမည့် တဂျုန်းဂျုန်း မြည်သံများ ထွက်ပေါ်လာလေသည်။

ပြန်ပေါ်လာသောအခါတွင် ၎င်း၏ တည်နေရာရွှေ့ပြောင်းခြင်းစွမ်းအားနယ်နိမိတ်အဆုံး လောချိန်တောင်တန်းများအလွန်တွင် ဖြစ်လေသည်။ သွေးစွမ်းအင်နတ်ရေစင်အဖွဲ့၏ နယ်မြေထဲတွင် စစ်သင်္ဘောပေါ်လာသည်နှင့် စိတ်စွမ်းအင်နတ်ရေစင်အဖွဲ့ကို ကြိုဆိုရန် လွှတ်ထားသူများသည် လေးစားစွာဖြင့် ဦးညွှတ်လိုက်ကြသည်။ တချိန်တည်းမှာပင် သင်္ဘောကြီး၏ အံ့ဩဖွယ်မြင်ကွင်းကြောင့် အံ့အားသင့်သွားကြလေသည်။

ထိုသူများသာ မကပေ။ နတ်အဆင့်ဖိအားနှင့် ကောင်းကင်တံတား သင်္ဘောကြီးကို မြင်တွေ့လိုက်ရသော ထိုနေရာရှိ မည်သည့် သက်ရှိမဆို ထိတ်လန့်အံ့ဩသွားကြလေသည်။ အရာအားလုံးက လုံးဝ တိတ်ဆိတ်ငြိမ်သက်သွားလေသည်။

သွေးစွမ်းအင်နတ်ရေစင်အဖွဲ့သားများက လမ်းပြခေါ်ဆောင်လာကြသည်။ ကောင်းကင်တံတားစစ်သင်္ဘောကြီးသည် သွေးစွမ်းအင်နတ်ရေစင်အဖွဲ့ ဌာနချုပ်ရှိရာသို့ ဦးတည်သွားရာတွင် အတားအဆီးဟူသမျှကို ချိုးဖောက်နိုင်စွမ်းရှိသည့် တဂျုန်းဂျုန်းမြည်သံများ ထွက်ပေါ်နေလေသည်။

ပိုင်ရှောင်ချန်းသည် စစ်သင်္ဘောရှေ့ မူလနေရာတွင်ပင် ရပ်ကာ သူ့ရှေ့မှ မြေပြင်ကို ငေးမောနေရင်း ရင်းနှီးကျွမ်းဝင်စိတ်များ ခံစားနေရသည်။ စစ်သင်္ဘောသည် မယုံကြည်နိုင်လောက်အောင် မြန်ဆန်နေကာ ယင်ယန်ဝိညာဥ်အဆင့် အကြီးအကဲများထက်ပင် ပိုမြန်နေလေသည်။ ၆နာရီခန့်သာ ကြာပြီးနောက် ကောင်းကင်တံတားမြစ်ကို ခပ်လှမ်းလှမ်းတွင် မြင်ရလေသည်။ ထိုနေရာတွင် သွေးဘိုးဘေးကြီး၏ လက်သည် မြစ်ထဲမှ ဆန့်ထွက်လာကာ မူလသွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၏ တောင်ထိပ်များအဖြစ် တည်ရှိလေသည်။

စိတ်စွမ်းအင်နတ်ရေစင်အဖွဲ့၏ ကျင့်ကြံသူအများစုမှာ ယခုမှ သွေးစွမ်းအင်နတ်ရေစင်အဖွဲ့ ဌာနချုပ်ကို ပထမဆုံးအကြိမ်မြင်တွေ့ခြင်းဖြစ်သည်။ ကြားဖူးနားဝရှိထားသော်လည်း ကိုယ်တိုင် မျက်မြင်တွေ့ရခြင်းသည် အတော်လေး ကွာခြားကာ အားလုံး အံ့ဩတကြီး ဖြစ်သွားကြလေသည်။

“အဲဒါက လက်ကြီးဟ ”

“ဘုရားရေ..ကောင်းကင်တံတားမြစ်ထဲကနေ ဆန့်ထွက်နေတဲ့ လက်ကြီးတစ်ဖက် တကယ်ကြီးရှိနေတာကို ငါမယုံနိုင်ဘူး။ အဲဒီလက်ရဲ့ လက်ချောင်းတစ်ချောင်းဆီက တောင်ထိပ်တစ်ခုလုံး ဖြစ်နေတယ်ဆိုတော့ ဒီလူကြီးရဲ့ ကျန်တဲ့အပိုင်းတွေက ဘယ်လောက်တောင် ကြီးမှာပါလိမ့်…”

” ဒီတော့ ဒီနေရာက သွေးစွမ်းအင်နတ်ရေစင်အဖွဲ့ပေါ့၊ ဟင်…”

အားလုံး အံ့ဩတကြီး ရေရွတ်နေစဥ်မှာပင် ကောင်းကင်တံတား စစ်သင်္ဘောကြီးသည် ဌာနချုပ်များဆီသို့ တဖြည်းဖြည်းချဥ်းကပ်နေလေသည်။ ဆန်းကြယ်နတ်ရေစင်အဖွဲ့နှင့် ဆေးစွမ်းအင်နတ်ရေစင်အဖွဲ့ များသည် သူတို့၏ ကိုယ်ပိုင် ကောင်းကင်တံတားစစ်သင်္ဘောများကို တည်ဆောက်ရန် မလိုသဖြင့် သူတို့သည် သွေးစွမ်းအင်နတ်ရေစင်အဖွဲ့ ဌာနချုပ်များသို့ လာရောက်ကာ အပြင်ဘက်တွင် စခန်းချ နေထိုင်လျက်ရှိသည်မှာ ကြာပြီဖြစ်သည်။ စောစောပိုင်းက စခန်းချနေရာများနှင့် ဂိုဏ်းဌာနချုပ်များသည် အတော်ပင် ဆူညံနေခဲ့သော်လည်း ကောင်းကင်တံတားစစ်သင်္ဘောများ ရောက်ရှိလာခြင်းက ထိုအခြေအနေကို ပြောင်းလဲလိုက်သည်။ ယခုချိန်တွင် အားလုံးက လှည့်ကြည့်ကြပြီး အံ့ဩတကြီးဖြစ်နေကြသည်။

သွေးစွမ်းအင်နတ်ရေစင်အဖွဲ့ မှ ကျင့်ကြံသူများသည်ပင် ထိုကဲ့သို့ တုံ့ပြန်ကြသည်။

စိတ်စွမ်းအင်နတ်ရေစင်အဖွဲ့သည် လက်ကြီး၏ မြင်ကွင်းကြောင့် အံ့အားသင့်ကြပြီး သွေးစွမ်းအင်နတ်ရေစင်အဖွဲ့ မှာ ကောင်းကင်တံတား စစ်သင်္ဘောများကြောင့် အံ့အားသင့်ရသည်။ အခြားအဖွဲ့၃ခုမှ ခေါင်းဆောင်ကြီးများသည်ပင် အံ့ဩသွားကြကာ မျက်လုံးများက တောက်ပသွားကြသည်။

“နတ်သားရဲတစ်ကောင်ရဲ့ ကျောရိုးကို သင်္ဘောကိုယ်ထည်ဘောင်အဖြစ်နဲ့ ကောင်းကင်တံတား စစ်သင်္ဘောကို ဖန်တီးတည်ဆောက်ထားတာ!!”

” စိတ်စွမ်းအင်နတ်ရေစင်အဖွဲ့ကတော့ လျှို့ဝှက်ချက်တွေ ထိန်းသိမ်းတဲ့နေရာမှာ ဆရာကြီးပဲ။ ငါတို့ အဖွဲ့၄ခုထဲ အရင်းအမြစ်တွေကို ဖုံးဖိထားတာမှာ သူတို့က အတော်ဆုံးပါပဲ!”

အားလုံးသည် အံ့အားသင့်မှုကို အသံထွက်ကာ ထုတ်ဖော်နေစဥ်မှာပင် မီတာ၃သိန်းရှည်လျားသော ကောင်းကင်တံတား စစ်သင်္ဘောသည် ကောင်းကင်တံတားမြစ်ထဲသို့ အလိုအလျောက် ဆင်းသက်သွားလေသည်။ ရွှေရောင် လှိုင်းလုံးအများအပြားသည် တလိမ့်လိမ့်ရှိနေကာ ကြည့်နေသူများကို အနည်းငယ် စိတ်လှုပ်ရှားစေသည်။ သို့သော် နောက်ဆုံးတွင် စစ်သင်္ဘောကြီးသည် ကောင်းကင်တံတားမြစ်ရေပြင်ပေါ်တွင် တည်ငြိမ်စွာ ရပ်နားလိုက်လေသည်။

မြစ်ရေသည် သင်္ဘောကို တိုက်စားခြင်းမပြုနိုင်သည့်အပြင် မည်သို့မျှ မထိခိုက်စေပေ။ နတ်အဆင့်အငွေ့အသက်များ ပျံ့လွင့်နေကာ ရေထဲတွင် နေထိုင်သည့် အမျိုးမျိုးသော ဝိညာဥ်များသည်ပင် ရှောင်ရှားကြလေသည်။

အစပိုင်းတွင် တိတ်ဆိတ်ခြင်း ကြီးစိုးနေခဲ့သော်လည်း နောက်ပိုင်းတွင် အားပေးသံများ ပေါက်ကွဲထွက်လာတော့သည်။ အကြည့်အများစုသည် တောက်ပနေသော်လည်း ဆန်းကြယ်နတ်ရေစင်အဖွဲ့မှ ခေါင်းဆောင်ကြီး ချီဟွမ်သည် များစွာပျော်ရွှင်ပုံမပေါက်ဘဲ အေးစက်စက်နှာမှုတ်သံတစ်ချက်ထွက်လာလေသည်။

“ခေါင်းဆောင်ကြီး ဟန်ဇောင်… ကျုပ်တို့က အနည်းဆုံး ကောင်းကင်တံတား သင်္ဘောငါးစီး လုပ်ဖို့ လုံလောက်တဲ့ ပစ္စည်းတွေ ပေးခဲ့တာလေ ”

” စိတ်မရှည် မဖြစ်ပါနဲ့၊ ချီဟွမ်။ ကျုပ်က ဆန်းကြယ်နတ်ရေစင်အဖွဲ့နဲ့ ဆေးစွမ်းအင်နတ်ရေစင်အဖွဲ့အတွက် ပြင်ဆင်မှုအားလုံးကို အဆင်သင့် လုပ်ထားပြီးပါပြီ။ ”
စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း တည်ထောင်သူခေါင်းဆောင်ကြီးသည် အူလှိုက်သည်းလှိုက်ရယ်မောကာ လက်ကို ဝှေ့ယမ်းလိုက်လေသည်။ ချက်ချင်းပင် ဒုတိယ စစ်သင်္ဘောပေါ်လာကာ ကောင်းကင်တံတားမြစ်ဆီသို့ နိမ့်ဆင်းသွားပြီး တတိယသင်္ဘောမှာလည်း အလားတူပင် ဖြစ်သည်။

နောက်ဆုံးတွင် ခေါင်းဆောင်ကြီး ချီဟွမ်၏ မျက်နှာတွင် အပြုံးတစ်ခုပေါ်လာပြီး မီတာ၂သိန်း၁သောင်းရှည်လျားသော ကောင်းကင်တံတား စစ်သင်္ဘောကို ကြည့်နေရာ သူ၏ မျက်လုံးများသည် ကြိုတင်မျှော်လင့်ခြင်းများဖြင့် တောက်ပနေပေသည်။ သူပေးအပ်ခဲ့သော ပစ္စည်းအားလုံးမှာ အရေးမပါတော့ပေ။ နတ်သားရဲတစ်ကောင်၏ အစွမ်းသတ္တိမျိုးနှင့် စစ်သင်္ဘောသည် ထိုပစ္စည်းများထက် များစွာ အဖိုးတန်လေသည်။

ဆေးစွမ်းအင်နတ်ရေစင်အဖွဲ့ ခေါင်းဆောင်ကြီးများမှာမူ အနည်းငယ် စိတ်ဓါတ်ကျချင်သွားသည်။ သို့သော်လည်း သူတို့၏ မီတာ၉သောင်း စစ်သင်္ဘောမှာလည်း ရှိန်ချင်စရာကောင်းနေဆဲဖြစ်ပြီး အဖွဲ့၄ဖွဲ့ထဲတွင် သူတို့သည် အားအနည်းဆုံးဖြစ်ကြောင်း သိထားကြလေသည်။

ပိုင်ရှောင်ချန်းသည် ဖြစ်ပျက်နေသမျှ အရာအားလုံးကိုလည်းကောင်း၊ ဂိုဏ်း၏ အဖွဲ့၄ဖွဲ့ စုဝေးနေသည်ကိုလည်းကောင်း၊ ရင်းနှီးနေသော သွေးစွမ်းအင်နတ်ရေစင် အဖွဲ့ဌာနချုပ်များကိုလည်းကောင်း လှည့်ပတ်ကြည့်ရှုရင်း ပို၍ ကျေနပ်လာသည်။

“ငါ့ရဲ့ အကူအညီနဲ့ ဂိုဏ်းကြီး၄ခုက စုစည်းပြီးတော့ အဏ္ဏဝါခေါ်သံဂိုဏ်းဖြစ်လာတာ။ နာမည်က အရမ်းမိုက်တာမျိုး မဟုတ်ပေမဲ့ အဲ့ဒါက ငါ့ရဲ့ အကြံဥာဏ်ပဲ!” သူသည် ဂုဏ်ယူစွာဖြင့် လှည့်ပတ်ကြည့်ရှုနေဆဲတွင် အလယ်တောင်ပေါ်မှ စုန့်ကျင်းဝမ်ကို တွေ့လိုက်ရလေသည်။

သူမသည် ပိုင်ရှောင်ချန်းကို ပြုံးလျက် ကြည့်နေရာ သူသည် လက်လှမ်းပြရန် ပြင်လိုက်စဥ်တွင် သူ၏လက်ကို လှုပ်၍မရကြောင်း ရုတ်တရက်သိလိုက်ရလေသည်။ လှည့်ကြည့်လိုက်ရာ ဟိုရှောင်မေ့သည် သူ့လက်ကို သူမ၏ လက်များဖြင့် ဆွဲချုပ်ထားခြင်းဖြစ်ကြောင်း သဘောပေါက်သွားသည်။ အစပိုင်းတွင် သူမသည် စုန့်ကျင်းဝမ်ကို စူးစိုက်ကြည့်ပြီးနောက် ကောင်းကင်သို့ လက်ညှိုးထိုးကာ စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
” ကြည့်လိုက်ပါဦး။ အစ်ကိုကြီး ရှောင်ချန်း။ ဟိုမှာ ယန်ဝေ့ခရုစုပ်ငှက်တစ်ကောင် ”

ပိုင်ရှောင်ချန်းသည် ထိုအကြောင်းကို မတွေးမိဘဲ မော့ကြည့်လိုက်ရာ ငှက်တစ်ကောင် လေထဲတွင် ပျံသန်းနေသည်ကို တွေ့လိုက်ရလေသည်။ ရုတ်တရက် သူ တုန်လှုပ်သွားသည်။

ထိုအချိန်၌ ချင်းမေ့ယွမ်သည် ဆေးစွမ်းအင်နတ်ရေစင်အဖွဲ့စခန်းထဲတွင် ခေါင်းဆောင်ကြီးတစ်ယောက်၏ နောက်နားတွင် ရပ်လျက်ရှိသည်။ သူမသည် ပိုင်ရှောင်ချန်းကို မြင်သောအခါ သူမ၏ မျက်လုံးထဲတွင် အမျိုးအမည်မသိ အရိပ်အယောင်များ ပေါ်လာပြီး ပျောက်ကွယ်သွားလေသည်။ ခဏအကြာတွင် စိတ်စွမ်းအင်နတ်ရေစင်အဖွဲ့၏ စစ်သင်္ဘောပေါ် ရှိ တစ်ယောက်ယောက်က သူမကို ကြည့်နေသည်ဟု သိလိုက်ပြီးနောက် အရေပြားမှ တဖျဥ်းဖျဥ်းခံစားလာရသည်။

ထိုသူမှာ ပိုင်ရှောင်ချန်းမဟုတ်ဘဲ စိတ်စွမ်းအင်နတ်ရေစင်အဖွဲ့မှ အခြားဂိုဏ်းသားတစ်ယောက်ဖြစ်ပြီး ကျက်သရေရှိလှသော ငယ်ရွယ်သည့် မိန်းမလှလေးတစ်ယောက်ဖြစ်သည်။

သူမသည် ရှည်လျားသော အစိမ်းရောင် ဝတ်စုံကို ဝတ်ဆင်ထားသော်လည်း သူမ၏ ခန္ဓါကိုယ် ကောက်ကြောင်းကို ဖုံးမထားနိုင်ပေ။ သူမ၏ မျက်နှာအမူအရာကို အကဲခတ်ရန် မလွယ်သည့်အပြင် အပြုံးမှာလည်း အလားတူပင် ဖြစ်သည်။

ချင်းမေ့ယွမ်သည် ရုတ်တရက် အသည်းထဲစိမ့်သွားသည်အထိ အေးစက်မှုကို ခံစားလိုက်ရသည်။ သူမ၏ ခန္ဓာကိုယ် အတွင်းထဲမှနေ၍ ကြောက်ရွံ့ခြင်းကို တလှိုက်လှိုက်ခံစားနေရသည်။ နှလုံးခုန်လည်း မြန်လာပြီး အကြည့်ကို မြန်မြန်လွှဲလိုက်ရသည်။

“သူက ဘယ်သူလဲဟ…။ အကြည့်က ဘာလို့ အဲ့လောက်တောင် ကြောက်စရာကောင်းနေရတာလဲ ”

# ယခုအချိန်မှစ၍ အဏ္ဏဝါဂိုဏ်းအစား အဏ္ဏဝါခေါ်သံဂိုဏ်းဟု ပြောင်းလဲရေးသားသွားပါမည်။


Comment

Leave a Reply

Options

not work with dark mode
Reset