“ဒါဆိုနင့်ရဲ့ဆုံးဖြတ်ချက်ကဘာလဲ…”
သင်းပျံ့နန်းဆောင်အတွင်း၌ ယောင်ယောင်ရဲ့တောက်ပတဲ့မျက်လုံးတွေက ဇူယွမ့်အပေါ် စူးစိုက်ကြည့်နေလျက်ရှိသည်။ သူမရဲ့နီထွေးထွေးနှုတ်ခမ်းလေးထံမှ ထွက်ပေါ်လာသည့် ချိုသာတဲ့စကားသံလေးတွေက သူ့ကိုကျင့်စဉ်နှစ်ခုအပေါ်ပြန်လည်၍ အာရုံရောက်သွားစေခဲ့ပြီး ချက်ချင်းဆိုသလိုပင် သူ့ရဲ့မျက်လုံးတွေက ဖြတ်ခနဲတောက်ပသွားခဲ့ရသည်။
ထိုကျင့်စဉ်နှစ်ခုကြားရွေးချယ်ဖို့က သူ့အတွက်တော့ခက်ခဲလှပေသည်။
တကယ်တော့ ကောင်းကင်ယွမ်ကျင့်စဉ်က သံသယရှိစရာမလိုလောက်အောင်ပင် သင့်တော်သည့်ရွေးချယ်မှုတစ်ခုဖြစ်ပေလိမ့်မည်။ အဆင့်တူကျင့်ကြံသူတွေကြားထဲမှာ ထိပ်ဆုံးကိုရောက်နိုင်ဖို့ဆိုရင် အဆင့် ၇မူလချီကျင့်စဉ်က သူ့အတွက်လိုတာထက်ပင်ပိုနေသေးသည်။ ကုန်ကုန်ပြောရရင် သူ့ထက်ကျင့်ကြံခြင်းအဆင့်မြင့်တဲ့ရန်သူနဲ့ထိပ်တိုက်ရင်ဆိုင်ရမယ်ဆိုရင်တောင်မှ သူ့ကိုယုံကြည်မှုအချို့ရှိစေသည်။
ဒီလိုမျိုးသင့်တော်တဲ့ ကောင်းကင်ယွမ်ကျင့်စဉ်နဲ့ယှဉ်လိုက်ရင် လျှို့ဝှက်ဆန်းကြယ်သည့်ဘိုးဘေးနဂါးပုရပိုက်က အမျိုးမျိုးသောဖြစ်နိုင်ချေတွေဖြင့် ပြည့်နှက်လို့နေပေသည်။
ယောင်ယောင်သူ့ကိုပြောခဲ့တာတွေပေါ်မှာအခြေခံပြီး ဒီချီကျင့်ကြံခြင်းကျင့်စဉ်ကိုလေ့ကျင့်ဖို့အတွက်က ဘယ်လောက်တောင်မှ ခက်ခဲမှုရှိလဲဆိုတာကို ဇူယွမ်တစ်ယောက်နားလည်နိုင်၏။ ၎င်းကအလွန်ပင်ခက်ခဲလှပြီး သူ့ရဲ့ဘဝသက်တမ်းတစ်လျောက်လုံးမှာတောင်မှ ဒီကျင့်စဉ်ရဲ့ပထမအဆင့်ကိုကျော်လွန်နိုင်မယ်လို့ သေချာမှုမရှိသေးပေ။ ဒီပထမဆုံးအဆင့်ကိုအောင်မြင်ခဲ့ရင်တောင် အဆင့် ၅မူလချီကိုသာ ကျင့်ကြံနိုင်လိမ့်မည်ဖြစ်ကာ ဒါကသူ့အတွက်တော့ စိတ်ကျေနပ်စရာဖြစ်လိမ့်မည်မဟုတ်သည်မှာ သေချာသည်။
ပိုပြီးအရေးကြီးတာက သူ့အနေနဲ့ဘိုးဘေးနဂါးပုရပိုက်ကို လေ့ကျင့်ဖို့တစ်ကြိမ်ရွေးချယ်ခဲ့လိုက်ပြီဆိုတာနဲ့ နောက်ကြောင်းပြန်လှည့်၍ရလိမ့်မည်မဟုတ်ပေ။ အကယ်၍လူတစ်ယောက်က ဒီချီကျင့်ကြံခြင်းနည်းလမ်းဟာ သူနဲ့ကိုက်ညီမှုမရှိဘူးလို့ခံစားရရင် သူ့အနေနဲ့အခြားချီကျင့်ကြံခြင်းကျင့်စဉ်တွေကို ပြောင်းလဲနိုင်ပေသည်။ ဒါပေမဲ့လည်း ဒီရွေးချယ်နိုင်တဲ့အခွင့်အရေးက ဘိုးဘေးနဂါးပုရပိုက်အတွက် ရရှိလိမ့်မည်မဟုတ်ပေ။ ၎င်းက နောက်ပြန်လှည့်လို့မရသည့်လမ်းကြောင်းတစ်ခုနှင့်တူပေသည်။
ဘိုးဘေးနဂါးပုရပိုက်အတွက် တစ်ခုတည်းသောရွေးချယ်စရာက မပြီးဆုံးမချင်းဆက်လက်လျှောက်လှမ်းနေဖို့ပင်ဖြစ်သည်။
ရွေးချယ်မှုတစ်ခုက သံသယရှိစရာမလိုလောက်အောင် ကြီးစွာသောသတ္တိနဲ့ ယုံကြည်မှုရှိဖို့လိုအပ်သည်။
ဘိုးဘေးနဂါးပုရပိုက်ရဲ့လမ်းကြောင်းက အန္တရာယ်တွေနဲ့ပြည့်နှက်နေလိမ့်မည်ဆိုတာက အမှန်ပင်ဖြစ်သည်။ ဒါပေမဲ့လည်း အကန့်အသတ်မရှိအောင် တိုးတက်နိုင်သည်ဆိုသည့်အရာက ဇူယွမ်ရဲ့နှလုံးသားထဲမှာ စိတ်လှုပ်ရှားမှုတွေနဲ့ပြည့်နှက်သွားစေခဲ့သည်။ ဒါ့ကြောင့်ပင်အခြေခံအားဖြင့် ဒီကျင့်စဉ်ကို လက်လွှတ်လိုက်ဖို့ဆိုတာကလည်း ဖြစ်နိုင်လိမ့်မည်မဟုတ်ပေ။
ထို့ကြောင့်ပင် ဒီရွေးချယ်မှုနှစ်ခုနဲ့ကြုံတွေ့ရသည့်အခါ ပုံမှန်အားဖြင့်တိကျပြတ်သားမှုရှိသည့်ဇူယွမ်တောင်မှ အကျပ်ရိုက်လို့နေခဲ့ရသည်။ သူ့ရဲ့မျက်နှာက မရေရာမှုတွေဖြင့် မတည်မငြိမ်ဖြစ်နေခဲ့ရပြီး ဆုံးဖြတ်ချက်တစ်ခုကိုချနိုင်စွမ်းမရှိသေးချေ။
ယောင်ယောင်က သူ့ကိုအလျင်လိုခြင်းမရှိခဲ့ဘဲ ငြိမ်သက်စွာဖြင့် စောင့်ကြည့်နေခဲ့သည်။
သင်းပျံ့နန်းဆောင်အတွင်းမှာ တိတ်ဆိတ်မှုကအချိန်အတော်ကြာသည်အထိရှိနေခဲ့ပြီး နောက်ဆုံးမှာရှည်လျားတဲ့သက်ပြင်းချသံတစ်ခုကြောင့် ပျက်ပြားသွားခဲ့ရသည်။
ဇူယွမ်သူ့ရဲ့မျက်လုံးတွေကိုဖွင့်လိုက်ပြီး ယောင်ယောင့်ကိုကြည့်လိုက်၍ သူ့ရဲ့ဆုံးဖြတ်ချက်ကိုဖြည်းညှင်းစွာပြောလိုက်သည်… “ငါက ဘိုးဘေးနဂါးပုရပိုက်ကိုရွေးမယ်…”
ဇူယွမ်ရဲ့ရွေးချယ်မှုကြောင့် ယောင်ယောင်၏လက်က အနည်းငယ်တုန်ခါသွားခဲ့ရသလို အနည်းငယ်လည်းအံ့အားသင့်သွားခဲ့ရသည်။ ကောင်းကင်ယွမ်ကျင့်စဉ်နဲ့ယှဉ်လိုက်ရင် ဘိုးဘေးနဂါးပုရပိုက်က များစွာသောမသေချာမှုတွေနဲ့ ပြည့်နှက်နေသည်။
ဇူယွမ်က ယောင်ယောင်ကိုကြည့်လိုက်၍ ကိုယ့်ကိုကိုယ်လှောင်ရယ်လိုက်မိကာ ပြောသည်… “အစ်မကြီးယောင်ယောင်… အတိတ်တုန်းက ငါပိုင်ဆိုင်တဲ့အရာအားလုံးကို အခြားသူတွေက အဝေးကိုယူဆောင်သွားခဲ့ကြတဲ့အတွက် ဒီလိုအရာတွေနဲ့ပတ်သက်ပြီးငါ့မှာ အတွေ့အကြုံမရှိခဲ့ဘူး… ငါက ဘာတစ်ခုမှလုပ်နိုင်စွမ်းမရှိခဲ့တဲ့အတွက် ငါ့နဲ့အရင်းနှီးဆုံးလူတွေတောင်မှ နာကျင်ခဲ့ရတယ်… ငါဒါမျိုးနောက်တစ်ကြိမ်ထပ်ပြီးတော့အဖြစ်မခံနိုင်ဘူး…”
သူ့အမေရဲ့ဖြူဖျော့နေတဲ့အသွင်အပြင်ကို မြင်လိုက်ရတဲ့အချိန်တိုင်း ဇူယွမ်က သူ့ရဲ့နှလုံးသားကို ဓားတစ်ချောင်းနဲ့လှီးဖြတ်နေသည့်အလား ခံစားရစေခဲ့သည်။ တကယ်လို့သူ့အမေကသာသူ့ကို သူမရဲ့သွေးအဆီအနှစ်တွေ အဆက်မပြတ်ဖြည့်သွင်းပေးခဲ့ခြင်းမရှိဘူးဆိုလျင် သူ့အနေနဲ့ ဟိုးအရင်ကတည်းကပင် သေဆုံးသွားခဲ့လိမ့်မည်ဖြစ်ကြောင်းကို သူသိပေသည်။
သူ့အဖေအတွက်ကလည်း ထို့အတူပင်ဖြစ်သည်။ သူက သစ္စာဖောက်ခြင်းခံခဲ့ရပြီး သူ့ရဲ့ဧကရာဇ်နေရာက ခိုးယူခြင်းခံခဲ့ရသလို သူ့အတွက်အရေးကြီးတဲ့အရာတွေကို ကာကွယ်ဖို့ကြိုးစားခဲ့တဲ့အခါမှာ ဝူဘုရင်က သူ့ရဲ့လက်တစ်ဖက်ကို ဖြတ်တောက်ပြစ်ခဲ့သည်။ သူ့ရဲ့တစ်ဦးတည်းသောသားကို အလုံးစုံမကာကွယ်နိုင်ခဲ့တဲ့အတွက် သူ့ကိုယ်သူနေ့ရောညပါ ပြင်းပြင်းထန်ထန်အပြစ်တင်နေခဲ့ရစေသည်။
ဒီအရာအားလုံးက စွမ်းအားမရှိမှုကြောင့် ဖြစ်ပျက်ခဲ့ရခြင်းဖြစ်သည်။
“အနာဂတ်မှာ ငါရင်ဆိုင်ရမယ့်ရန်သူတွေကလည်း သေချာပေါက်ပိုပြီးတော့ သန်မာလာလိမ့်မယ်… ဒါ့ကြောင့် ငါက ငါ့ရဲ့မိသားစုနဲ့ ငါ့ကိုယ်ငါကာကွယ်နိုင်ဖို့အတွက် စွမ်းအားကြီးမားလာဖို့လိုအပ်တယ်…”
“ငါစွမ်းအားမြင့်လာဖို့အတွက်ဆိုရင် ဘယ်အရာမဆို ငါ့ကိုဒုက္ခပေးနိုင်တဲ့ သေးငယ်တဲ့အရာတစ်ခုဆိုရင်တောင်မှပဲ ငါဂရုစိုက်နေလိမ့်မှာမဟုတ်ဘူး…”
“ကောင်းကင်ယွမ်ကျင့်စဉ်က စွမ်းအားမြင့်တယ်… အရမ်း အရမ်းကိုစွမ်းအားမြင့်တယ်… ဒါပေမဲ့ ဒါကငါ့အတွက် လိုချင်တဲ့ခွန်အားမျိုးကိုမပေးစွမ်းနိုင်ဘူး… ဒါ့ကြောင့်…”
သူက စကားခဏရပ်လိုက်ပြီး ယောင်ယောင်ကိုကြည့်လိုက်ကာ နောက်တစ်ကြိမ်ထပ်ပြောလိုက်သည်… “ငါဘိုးဘေးနဂါးပုရပိုက်ကိုပဲ ရွေးချယ်မယ်…”
ယောင်ယောင်က ဇူယွမ်ရဲ့မျက်လုံးထဲက ပြတ်သားသည့်ဆုံးဖြတ်ချက်ကို မြင်နိုင်ခဲ့သည့်အတွက် ဖြည်းညှင်းစွာခေါင်းညိတ်လိုက်ပြီးနောက်မှာ သူမလက်ထဲမှ အရောင်တွေစွန်းထင်းနေခဲ့တဲ့ အရိုးပိုင်းလေးကိုကမ်းပေးလိုက်သည်။
ဇူယွမ်လက်တစ်ဖက်ကိုဆန့်ထုတ်ကာ အရိုးပိုင်းလေးကိုဆုပ်ကိုင်လိုက်ပြီး အနည်းငယ်အားစိုက်ကာ ဆွဲယူလိုက်ပေမဲ့ ၎င်းကိုယူလို့မရခဲ့ပေ။
“ဇူယွမ်… နင်ကဒါကို ရွေးချယ်လိုက်ပြီဆိုတာနဲ့ အခြားလမ်းကြောင်းတွေကို ရွေးချယ်လို့ရလိမ့်မှာမဟုတ်ဘူးနော်… ဒါ့အပြင် နောက်ပိုင်းမှာ ဒီဆုံးဖြတ်ချက်နဲ့ပတ်သက်လို့လည်း နင့်အနေနဲ့ နောင်တရလို့မရဘူး…” ယောင်ယောင်ရဲ့လှပတဲ့မျက်နှာလေးပေါ်မှာ စိုးရိမ်တဲ့အမူအယာတစ်ခု ထွက်ပေါ်လာခဲ့ပြီး ပြောလိုက်၏။
ဇူယွမ်က ပြုံး၍ပြန်ပြောသည်… “အစ်မကြီးယောင်ယောင်… ငါကငယ်စဉ်ကတည်းက နဂါးဒေါသအဆိပ်ရဲ့ညှဉ်းပန်းနှိပ်စက်မှုဒဏ်ကို ခံစားခဲ့ရတယ်… ငါ့ရဲ့စွမ်းအင်ဝင်ပေါက်တွေ ရှာမတွေ့နိုင်ခဲ့တဲ့အတွက်ကြောင့် လူတွေကငါ့အပေါ်ဘယ်လိုဆက်ဆံခဲ့ကြလဲဆိုတာကိုလည်း ငါကတွေ့ကြုံခံစားခဲ့ရတယ်… ဒါ့ကြောင့် ငါဘယ်လိုဆုံးဖြတ်ခဲ့လဲဆိုတာကို ငါ့အနေနဲ့ကောင်းကောင်းကြီးနားလည်ပါတယ်…”
“ဒီလမ်းကြောင်းက ခက်ခဲနိုင်တယ်ဆိုပေမဲ့ ငါကသေချာပေါက် အဆုံးထိရောက်အောင်လျှောက်လှမ်းသွားရလိမ့်မယ်…”
ဇူယွမ်ရဲ့လေသံမှာ ဆုံးဖြတ်ချက်ပြတ်သားမှုတွေနဲ့ ပြည့်နှက်လို့နေပေသည်။ သူကအနည်းငယ်မျှပင် တုန့်ဆိုင်းနေခြင်းမရှိဘဲ ယောင်ယောင်၏လက်ထဲမှာဆုပ်ကိုင်ထားသည့် အရိုးပိုင်းလေးကို အနည်းငယ်အားပိုစိုက်ပြီးတော့တောင်မှ ဆွဲယူခဲ့လိုက်သည်။ သူ့ရဲ့အမူအယာက အလွန်အမင်းလေးနက်နေသကဲ့သို့ ထိုအရိုးပိုင်းလေးကိုလည်း သိမ်းဆည်းခဲ့လိုက်သည်။
ကျင့်ကြံခြင်းလမ်းကြောင်းကို လျှောက်လှမ်းရာမှာ အရေးအကြီးဆုံးက လူတစ်ယောက်၏နှလုံးသားအခြေအနေပင်ဖြစ်သည်။ လူတစ်ယောက်ဟာ စွမ်းအားမြင့်မားလိုတယ်ဆိုရင် စိတ်ဓာတ်ကြံခိုင်ခြင်းက အခြေခံလိုအပ်ချက်ဖြစ်တယ်ဆိုတာကို ဇူယွမ်ရဲ့အတွေ့အကြုံတွေက သူ့ကိုသင်ကြားပေးခဲ့သည်။ လူတစ်ယောက်က ရည်မှန်းချက်တစ်ခုထားလိုက်ပြီဆိုတာနဲ့ အဲ့ဒီရည်မှန်းချက်ကို ပြီးမြောက်အောင် အရာအားလုံးလုပ်ဆောင်သွားဖို့ လိုအပ်ပေသည်။ ဒါ့အပြင် လူတစ်ယောက်က ကြီးမားတဲ့စိတ်စွမ်းအားလည်း ရှိဖို့လိုအပ်သည်။
ယောင်ယောင်က ဇူယွမ်တစ်ယောက် အရောင်တွေစွန်းထင်းနေတဲ့အရိုးပိုင်းလေးအား သိမ်းဆည်းနေသည်ကိုကြည့်လိုက်ပြီး သက်ပြင်းချလိုက်မိကာ ပြောလိုက်သည်… “ဘိုးဘေးနဂါးပုရပိုက်ရဲ့ ပထမအဆင့်ကို စတင်လေ့ကျင့်ဖို့ဆိုရင် နင့်အတွက် မူလအရင်းအမြစ်လေးခုလိုအပ်တယ်…”
ယောင်ယောင်က စာရွက်ပိုင်းလေးတစ်ခုထုတ်ယူလိုက်ပြီး ဇူယွမ်၏လက်ထဲကို ထည့်ပေးလိုက်သည်။
ဇူယွမ်ကြည့်လိုက်သည့်အခါ စာရွက်ပေါ်မှာ လှပစွာရေးသားထားသည့်စာလုံးတွေကို မြင်လိုက်ရသည်။ သို့ပေမဲ့လည်း သူကလိုအပ်တဲ့မူလအရင်းအမြစ်လေးခုစာရင်းကို သေချာကြည့်လိုက်မိသည့်အခါ သူ့ရဲ့မျက်နှာကို တည်ငြိမ်အောင်ထိန်းထားနိုင်စွမ်းမရှိတော့ပေ။
“မူလဝါးမျိုခြင်းကျောက်တုံး… ရွှေရောင်ကောင်းကင်ဘုံခြင်ဆီ… မဟူရာနွေဦးစမ်းရေကျောက်… အဆင့် ၄စပါးအုံးအမျိုးအစားမူလမှော်သားရဲဝိညာဉ်…” ပါဝင်သည့်အရာလေးခုမှာ တစ်ခုစီတိုင်းက ဇူယွမ့်ကိုအံ့အားသင့်စွာအော်ဟစ်စေခဲ့မိသလို သူ့ရဲ့လက်တွေကလည်း မသိမသာတုန်ရီသွားခဲ့ရသည်။
သူတို့အထဲက တစ်ခုစီတိုင်းဟာ အလွန်အမင်းရှားပါးလှသည့် မူလအရင်းအမြစ်များပင်ဖြစ်သည်။ အဲ့ဒီအထဲမှာမှ ဇူယွမ်က ရွှေရောင်ကောင်းကင်ဘုံခြင်ဆီအကြောင်းကိုသာ အနည်းငယ်ကြားခဲ့ဖူးပေသည်။ ဒါက သူတို့တော်ဝင်ဘဏ္ဍာတိုက်ထဲမှာရှိနေခဲ့သောကြောင့်ပင်။ သို့ပေမဲ့လည်း ဘဏ္ဍာတိုက်ထဲမှာ ရွှေရောင်ကောင်းကင်ဘုံခြင်ဆီအရည်အနည်းငယ်သာရှိသည်။
၎င်းအရည်တစ်စက်ကို မူလလက်နက်တစ်ခုပြုလုပ်တဲ့နေရာမှာ ထည့်သွင်းအသုံးပြုခဲ့မယ်ဆိုရင် ထိုမူလလက်နက်ကို ပုံမှန်ထက်ပိုပြီးထက်မြလာစေမည့်အပြင် အဆုံးစွန်အနေနဲ့ ထိုလက်နက်ရဲ့အဆင့်ကိုပင် မြင့်တက်သွားစေပေလိမ့်မည်။ ဒါကိုကြည့်ခြင်းအားဖြင့် ရွှေရောင်ကောင်းကင်ဘုံခြင်ဆီရည်က ဘာကြောင့်တန်ဖိုးရှိရလဲဆိုတာကို သိနိုင်ပေသည်။
ထို့အပြင် ဇူယွမ့်ကို အခက်အခဲအဖြစ်စေဆုံးအရာက အဆင့် ၄စပါးအုံးအမျိုးအစားမူလမှော်သားရဲဝိညာဉ်ပင်ဖြစ်သည်။ အဆင့် ၄မူလမှော်သားရဲဆိုတာက လူသားမူလစဦးအဆင့်ကျင့်ကြံသူတစ်ယောက်နဲ့ နှိုင်းယှဉ်နိုင်သည်။
ဇူအင်ပါယာအတွင်းမှာတောင် မူလစဦးအဆင့်ကျင့်ကြံသူတွေက လက်တစ်ဆုပ်စာသာရှိရကာ အဆင့် ၄မူလမှော်သားရဲတစ်ကောင်ကိုသတ်ဖြတ်ခြင်းက မူလစဦးအဆင့်ကျင့်ကြံသူတစ်ယောက်ကို သတ်လိုက်ခြင်းနှင့်တူညီပေသည်။
ဒီအကြောင်းတွေကို စဉ်းစားမိလိုက်သည့်အခါ ဇူယွမ်ရဲ့နှလုံးကတုန်လှုပ်သွားရသည်။
ချီစုဆောင်းမှုအဆင့်ကို ရောက်ရှိပြီးနောက်မှာ လူတစ်ယောက်ဟာ သူ့ကိုယ်ပိုင်မူလချီတွေကို သန့်စင်နိုင်ဖို့ရန်အတွက် သူ့ခန္ဓာကိုယ်ကို မီးပြင်းဖိုတစ်ခုအလားအသုံးပြုဖို့ရန် လိုအပ်ပေသည်။ ထိုထက်ပို၍အသေးစိတ်ပြောရရင် ကမ္ဘာမြေကြီးထံမှစုပ်ယူခဲ့တဲ့ မူလချီတွေဆိုတာ အခြေခံအားဖြင့်အဓိကပါဝင်ရမည့်အရာပင်ဖြစ်သည်။ ချီကျင့်ကြံခြင်းနည်းလမ်းဆိုတာက အသေးစိတ်အစီအစဉ် ဒါမှမဟုတ်ညွှန်ကြားချက်ပေးခြင်းဖြစ်သည်။ အခြားတစ်ဖက်မှာ မူလအရင်းအမြစ်တွေကိုလည်း အသေးစိတ်အစီအစဉ်အရ အထောက်အကူပေးတဲ့ပစ္စည်းတွေအဖြစ် ထည့်သွင်းအသုံးပြုနိုင်သည်။ ဒီလိုများပြားလှတဲ့ပစ္စည်းတွေကို အတူတကွပေါင်းစပ်ပြီး သန့်စင်ခြင်းအားဖြင့် လူတစ်ယောက်ရဲ့ကိုယ်ပိုင်မူလချီကို နောက်ဆုံးမှာဖန်တီးနိုင်စွမ်းရှိလာလိမ့်မည်ဖြစ်သည်။
ထိုအရာအားလုံးမှာ တစ်ခုချင်းစီက မရှိမဖြစ်လိုအပ်သည့်အရာတွေပင်ဖြစ်သည်။ ထို့ကြောင့်ပင် နောက်ထပ်လိုအပ်နိုင်သည့် မူလအရင်းအမြစ်တွေကိုလည်း သေချာပေါက်ကြိုတင်ပြင်ဆင်ထားရပေမည်။
ဇူယွမ်၏ သက်တောင့်သက်သာမရှိတဲ့အမူအယာကို မြင်လိုက်ရတဲ့အခါ ယောင်ယောင်က ရယ်မောမိလိုက်ပြီးမှ ပြောလိုက်သည်… “နင့်ရဲ့ရွေးချယ်မှုကို နောင်တရနေတာလား… အဲ့ဒါဆိုအခုက ပြောင်းလဲဖို့အချိန်ရှိသေးတယ်နော်…”
ဇူယွမ်ခါးခါးသီးသီးရယ်မောမိလိုက်သလို သူ့အနေနဲ့လည်း အနည်းငယ်တော့နောင်တရမိပေသည်။ ဘိုးဘေးနဂါးပုရပိုက်ရဲ့ပထမအဆင့်မှာတင် ဒီလိုရှားပါးတဲ့မူလအရင်းအမြစ်တွေ လိုအပ်နေခဲ့တယ်ဆိုရင် ဒုတိယ၊ တတိယနဲ့ စတုတ္ထအဆင့်တွေမှာဆိုရင် ဘယ်လိုမျိုးထူးခြားဆန်းကြယ်တဲ့အရာတွေ ပါဝင်နေမလဲဆိုတာကို ဘယ်သူမှသိနိုင်လိမ့်မည်မဟုတ်ပေ။
အခုအခါမှာတော့ ဇူယွမ်က ဘိုးဘေးနဂါးပုရပိုက်ကို လေ့ကျင့်ခြင်းဟာ ဘယ်လောက်တောင်ခက်ခဲမှုရှိလဲဆိုတာကို နားလည်ခဲ့ရသည်။ လိုအပ်ချက်တစ်ခုတည်းကပင် အလွန်အမင်းရူးသွပ်ချင်စရာကောင်းလှပေသည်။
သို့ပေမဲ့လည်း ဆုံးဖြတ်ချက်ပြတ်သားမှုတွေက လျင်မြန်စွာဖြင့်ပင် သူ့ရဲ့မျက်လုံးတွေထဲမှာ ပြည့်နှက်လာခဲ့ရသည်… “ငါဒီမူလအရင်းအမြစ်တွေရနိုင်ဖို့ နည်းလမ်းတစ်ခုကိုစဉ်းစားရလိမ့်မယ်…”
သူ့ရဲ့ရွေးချယ်မှုကို ပြုလုပ်ခဲ့ပြီးကတည်းက ဘယ်အခက်အခဲမျိုးမဆို သေချာပေါက်သူ့ကို ယိမ်းယိုင်သွားအောင်ပြုလုပ်နိုင်လိမ့်မည်မဟုတ်ပေ။ ဒီလိုမှမဟုတ်ရင် သူ့အနေဖြင့် ဟိုးအရင်အချိန်တွေကတည်းကပင် ကျရှုံးသွားခဲ့ရလိမ့်မည်ဖြစ်သည်။
ဇူယွမ်ရဲ့မတွေဝေမယိမ်းယိုင်တဲ့ ဆုံးဖြတ်ချက်ပြတ်သားမှုက ယောင်ယောင်ရဲ့မျက်လုံးတွေထဲမှာ အနည်းငယ်ချီးကျူးလိုမှုကိုဖြစ်စေခဲ့သည်… “ချီစုဆောင်းမှုအဆင့်ကိုရောက်ပြီးနောက်မှာ နင်ကအခြေခံမူလချီတွေကိုပဲ အများဆုံးအသုံးပြုနေဖို့စီစဉ်မထားဘူးဆိုရင် နင့်အနေနဲ့ဒီပစ္စည်းတွေကို တတ်နိုင်သမျှမြန်မြန်ရှာထားသင့်တယ်…”
ပုံမှန်မူလချီတွေက အရည်အသွေးမြင့်မားခြင်းမရှိသလို အထူးတလည်အကျိုးသက်ရောက်မှုလည်းမရှိပေ။ ဒါ့ကြောင့်၎င်းက ချီကျင့်ကြံခြင်းနည်းလမ်းကြောင့်ရရှိခဲ့တဲ့မူလချီတွေနဲ့ယှဉ်လိုက်တဲ့အခါ တိုက်ပွဲစွမ်းအားမှာ များစွာအားနည်းရပေသည်။
ဇူယွမ်ခါးခါးသီးသီးပြုံးလိုက်မိသလို ခေါင်းညိတ်ပြလိုက်ခဲ့သည်။ ကြည့်ရတာ လက်ရှိသူ့ရဲ့အခြေအနေက ဒီပစ္စည်းတွေကို စုဆောင်းနိုင်ဖို့ရန်မဖြစ်နိုင်သေးသည့်အတွက် သူ့အဖေကိုသာ ဒုက္ခပေးရပေလိမ့်ဦးမည်။
…