ဇူအင်ပါယာတော်ဝင်နန်းတော်… သင်းပျံ့နန်းဆောင်အတွင်း…
ယောင်ယောင်က ကြေးမုံမှန်တစ်ချပ်အရှေ့မှာ ခပ်မတ်မတ်ထိုင်နေလျက်ရှိပြီး ထန်ထန်က သူမရဲ့ပေါင်ပေါ်မှာ ပျင်းရိစွာလဲလျောင်းနေလျက်ရှိသည်။ သူမရဲ့အနက်ရောင်ဆံကေသာတွေက သူမပခုံးပေါ်သို့ဝဲဖြာကျနေခဲ့ပြီး သူမရဲ့သေးကျဉ်တဲ့ခါးထိတိုင်အောင် ကျဆင်းနေပေသည်။ လွန်စွာစွဲမက်ဖွယ်ကောင်းလောက်အောင်လှပသည့်မျက်နှာလေးက ခံစားချက်ကင်းမဲ့စွာဖြင့်ပင် မှန်ကိုစိုက်ကြည့်နေလျက်ရှိသည်။
ယောင်ယောင်ရဲ့နောက်မှာ ချင်ယုက နူးညံ့သိမ်မွေ့စွာကြည့်လျက် ယောင်ယောင်ရဲ့ရှည်လျားတဲ့ဆံနွယ်လေးတွေကို ကူညီကာဖီးသင်ပေးနေသည်။
ယောင်ယောင်တော်ဝင်နန်းတော်ကို ရောက်ရှိလာခဲ့စဉ်ကတည်းက ချင်ယုကသူမအပေါ်မှာ သမီးတစ်ယောက်ကဲ့သို့ အလွန်ပင်နှစ်သက်မြတ်နိုးရကာ ချစ်ခင်ကြင်နာစွာပြုမူဆက်ဆံခဲ့ပေသည်။
ယောင်ယောင်က အနည်းငယ်အေးတိအေးစက်နိုင်ပေမဲ့လည်း ချင်ယုရဲ့သွေးသားအရင်းအချာကဲ့သို့ ချိုသာနွေးထွေးတဲ့ဆက်ဆံမှုတွေကြောင့် ပို၍နူးညံ့သိမ်မွေ့လာခဲ့ရ၏။ ဒါ့ကြောင့်ပင် သူမတို့နှစ်ယောက်အကြားဆက်ဆံရေးက ပိုပြီးရင်းနှီးလာခဲ့ရသည်။
“အရမ်းကို လှတာပဲ…”
ချင်ယုက ယောင်ယောင်ရဲ့ဆံပင်တွေကို ရိုးရှင်းတဲ့ကျစ်ဆံမြီးပုံစံချည်နှောင်ပေးခဲ့ပြီး ၎င်းကအေးတိအေးစက်နိုင်လှသည့်မိန်းကလေးရဲ့အလှကို ပိုလို့ပင်ထင်ရှားသွားစေခဲ့သည်။ ဒီမြင်ကွင်းက လူတိုင်းကို အသက်ရှူရပ်သွားစေမတတ် လှပလို့နေရပေသည်။
ယောင်ယောင်က ခပ်ဖွဖွပြုံးလိုက်၍ပြောသည်… “ကျေးဇူးတင်ပါတယ် အဒေါ်ချင်…”
ချင်ယုက ပြုံးလိုက်သကဲ့သို့ မိန်းကလေးရဲ့ခေါင်းကို ပွတ်သပ်ပေးလိုက်ပြီး… “ဒီလောက်ကြီးလည်း မလိုပါဘူးကွယ်… နန်းတော်ထဲမှာနေရတာ ပျင်းနေလို့ရှိရင် ဇူယွမ်နဲ့အတူ အပြင်လေးဘာလေးလမ်းလျှောက်ထွက်ကြပေါ့…”
ယောင်ယောင်က ခေါင်းညိတ်ပြခဲ့လိုက်သည်။
ထိုအခိုက်အတန့်မှာပင် ထန်ထန်က သူ့ရဲ့မျက်လုံးတွေကိုဖွင့်လိုက်ပြီး တံခါးဆီသို့ကြည့်ကာ လှမ်းဟောင်လိုက်သည်။ အဲ့ဒီနောက်မှာ ၎င်းက အရှေ့ကိုအနက်ရောင်အလင်းတန်းအလားပြေးထွက်သွားခဲ့ပြီး တံခါးမှဝင်ရောက်လာသူ၏ ဝမ်းဗိုက်ကို လှမ်းရိုက်လိုက်သည်။
“ဟေး… နာတယ်ဟ…”
တံခါးကိုဖြတ်ကျော်ကာ ဝင်ရောက်လာသည့်လူက ဇူယွမ်ပင်ဖြစ်သည်။ သူကသူ့ရဲ့ဗိုက်ကို လက်တစ်ဖက်ဖြင့်အုပ်ထားမိလိုက်ပြီး အခြားလက်တစ်ဖက်ဖြင့် ထန်ထန်ကိုမ၍ချီလိုက်သည်။ ထန်ထန်က သူ့ရဲ့အင်္ကျီကော်လံကို ကိုက်လိုက်ပြီး အတင်းဆောင့်ဆွဲလိုက်သောကြောင့် ဇူယွမ်တစ်ယောက်လဲကျလုနီးပါးဖြစ်သွားခဲ့ရသည်။
“မဆွဲနဲ့တော့… မဆွဲနဲ့တော့…” ဇူယွမ်က အနည်းငယ်ကျိန်ဆဲလိုက်မိသကဲ့သို့ အစေခံမိန်းကလေးတစ်ယောက်က သူ့ရဲ့နောက်မှနေ လွန်စွာအရသာရှိလှသည့် မူလမှော်သားရဲအသားခြောက်တစ်ပန်းကန်ကို ယူဆောင်လာခဲ့လိုက်သည်။ ထိုအခါမှသာ ထန်ထန်က ဇူယွမ်ရဲ့အင်္ကျီကော်လံကိုလွှတ်ပေးခဲ့လိုက်ပြီး အသားခြောက်ပန်းကန်ပေါ်သို့ခုန်တက်သွားခဲ့ကာ ၎င်းရဲ့မျက်လုံးတွေကိုမှေးစင်းလျက် အသားခြောက်တွေကို တစ်ကိုက်ခြင်းအရသာခံကာ စားသောက်နေခဲ့လိုက်သည်။
“ဒီအစားဘီလူးလေးက ငါ့ကိုသူ့အတွက် အစာစားခွင့်လက်မှတ်များမှတ်နေလားမသိဘူး…” ဇူယွမ်အံကိုတင်းတင်းကြိတ်လိုက်မိပြီး ထန်ထန်ကို ဒေါသတကြီးကြည့်လိုက်မိသည်။ ၎င်းက သူ့ရဲ့ပုံစံကို မြင်လိုက်ရသည့်အခါ ၎င်းရဲ့မျက်လုံးတွေက စိတ်ပျက်သွားသည့်အလား အရောင်ပြောင်းသွားခဲ့ရသည်။
ဇူယွမ်ခေါင်းကို ခါယမ်းလိုက်မိပြီး ထန်ထန်ကိုလျစ်လျူရှုလိုက်ကာ ချင်ယုထံလျှောက်လှမ်းလာခဲ့ပြီး သူမကို နှုတ်ဆက်လိုက်သည်။
“ငါက ကလေးတွေကြားထဲမှာ အနှောင့်အယှက်မပေးသင့်တော့ဘူး…” ချင်ယုက ပြုံး၍ပြောလိုက်ပြီး ဇူယွမ်ရဲ့ဆံပင်ကိုထိုးဖွလိုက်ကာ အခန်းတွင်းမှ ပုံမှန်အတိုင်းပင် လျှောက်လှမ်းထွက်ခွာသွားခဲ့လိုက်သည်။
ယောင်ယောင်က သူမရဲ့ကျစ်ဆံမြီးလေးကို ပွတ်သပ်နေလျက်မှ ခေါင်းကိုစောင်းလိုက်သည့်အခါ သူမရဲ့ကျစ်ဆံမြီးလေးက ခုန်ပေါက်လှုပ်ရှားသွားခဲ့ရသလို သူမရဲ့မျက်လုံးလေးတွေကလည်း ဇူယွမ့်ထံကျရောက်လာခဲ့သည်။
ဇူယွမ်က ခပ်ဖွဖွရယ်မောလိုက်မိပြီး သူ့ရဲ့ဝတ်စုံအတွင်းမှ အနီရောင်ကျောက်စိမ်းပုလင်းတစ်လုံးကို ထုတ်ယူလိုက်ကာ အနည်းငယ်သနားစရာကောင်းသည့်လေသံဖြင့်ပြောသည်… “နင်ကခုနောက်ပိုင်း ပိုပြီးဇီဇာကြောင်လာတယ်… ငါက ဒီအနီရောင်ဝိညာဉ်သေရည်ဝယ်ဖို့အတွက် မူလပုံဆောင်ခဲတစ်ထောင်တောင် အသုံးပြုခဲ့ရတယ်…”
ယောင်ယောင်က လက်တစ်ဖက်ဆန့်ထုတ်ကာ အနီရောင်ကျောက်စိမ်းပုလင်းကိုလှမ်းယူလိုက်ပြီး တစ်ငုံသောက်ကြည့်လိုက်သည့်အခါ သူမရဲ့မျက်လုံးတွေက အနည်းငယ်တောက်ပသွားခဲ့ရသည်။ ခဏအကြာမှာ သူမက ဇူယွမ်ကိုကြည့်လိုက်ပြီး ပြောသည်… “လူတစ်ယောက်က အကြောင်းပြချက်မရှိဘဲနဲ့တော့ မျက်နှာလိုမျက်နှာရလုပ်မှာမဟုတ်ဘူး… ပြောပါဦး… နင်က ဘာလိုချင်လို့လဲ…”
ဇူယွမ်ကို့ရို့ကားရားနိုင်စွာပင် ရယ်မောမိလိုက်သည်။ အဲ့ဒီနောက်မှာ သူကစိတ်အားထက်သန်စွာပင်ပြောလိုက်သည်… “အစ်မကြီးယောင်ယောင်… ငါ့ရဲ့ခုနှစ်ခုမြောက်စွမ်းအင်ဝင်ပေါက်အတားအဆီးကို ချိုးဖျက်နိုင်ဖို့က အကန့်အသတ်ကိုရောက်နေခဲ့ပြီဖြစ်သလို ရှစ်ခုမြောက်စွမ်းအင်ဝင်ပေါက်ကို ဖွင့်နိုင်ဖို့ကလည်း သိပ်မကြာတော့ဘူး… ဝင်ပေါက်ရှစ်ခုလုံးဖွင့်ပြီးတဲ့နောက်မှာ ငါကချီစုဆောင်းမှုအဆင့်ကို တက်လှမ်းနိုင်တော့မှာဖြစ်သလို ချီပင်လယ်ကိုလည်းတည်ဆောက်နိုင်လိမ့်မယ်… အဲ့ဒီအချိန်ကျရင် ငါကသေချာပေါက် ချီကျင့်ကြံခြင်းနည်းလမ်းကို လေ့ကျင့်ရတော့မယ်…”
“ဒါဆို နင်ကချီကျင့်ကြံခြင်းနည်းလမ်းတစ်ခုလိုချင်တယ်ပေါ့…” ခပ်တိုးတိုးရယ်သံတစ်ခုက ယောင်ယောင်ရဲ့ပါးစပ်ဖျားမှနေ ထွက်ပေါ်လာခဲ့ရသည်။ သူမရဲ့လက်တစ်ဖက်က ပါးပေါ်ထောက်လိုက်ပြီး ဆက်ပြောလိုက်သည်… “နင်တို့တော်ဝင်ကလန်ရဲ့ မီးလျှံလျှပ်စီးအလင်္ကာက နင့်အတွက်မလုံလောက်ဘူးလား…”
“မီးလျှံလျှပ်စီးအလင်္ကာက အဆင့် ၄မူလချီကိုပဲ ကျင့်ကြံနိုင်တယ်… ငါက နောက်ပိုင်းမှာ ဒီထက်ပိုပြီးအဆင့်မြင့်တဲ့ ချီကျင့်ကြံခြင်းနည်းလမ်းကို ရှာတွေ့ပြီးပြောင်းလဲခဲ့မယ်ဆိုရင် ဒါကအချိန်ကိုအလဟဿဖြစ်သွားစေလိမ့်မယ်…” ဇူယွမ်က သက်ပြင်းချကာ ပြောလိုက်သည်။ အဆင့် ၄မူလချီဆိုတာက ဇူအင်ပါယာအတွင်းမှာ ထိပ်တန်းအဆင့်၌ရှိနေသော်လည်း သူကဒီထက်ပိုပြီးအဆင့်မြင့်သည့်အရာတွေကို မြင်တွေ့လိုပေသည်။
ယောင်ယောင်က သူမရဲ့ခေါင်းကိုစောင်းငဲ့ကြည့်လိုက်ပြီး တွေးဆကာပြောသည်… “ငါ့မှာ ချီကျင့်ကြံခြင်းနည်းလမ်း နည်းနည်းတော့ရှိတယ်…”
“ဒါပေမဲ့ ဒါကနင့်ရဲ့ရွေးချယ်မှုအပေါ်မှာပဲ မူတည်လိမ့်မယ်…”
ဇူယွမ်အနည်းငယ်တော့ အံ့အားသင့်သွားခဲ့ရသည်… “နင်ဘာကိုဆိုလိုတာလဲ…”
ယောင်ယောင်ရဲ့လက်တစ်ဖက်က သူမရဲ့ခါးမှာချိတ်ဆွဲထားသည့် လက်ရာမြောက်စွာချုပ်ထားသောအဝတ်အိတ်လေးတစ်ခုကိုဖွင့်လိုက်သည်။ ၎င်းက နေရာလွတ်တစ်ခုပါဝင်သည့် သိုလှောင်အိတ်တစ်လုံးပင်ဖြစ်သည်။ ဒီလိုပစ္စည်းမျိုးက လွန်စွာမှပင်ရှားပါးကာ ထူးခြားလှပေသည်။ သူတို့တော်ဝင်ဘဏ္ဍာတိုက်ထဲမှာတောင်မှ ဒီလိုပစ္စည်းမျိုးက လက်တစ်ဆုပ်စာပြည့်အောင်ပင်မရှိချေ။ ဒါ့အပြင် သူတို့ရဲ့အတွင်းပိုင်းက အများဆုံးဆယ်ပေကျော်အထိ ကျယ်ဝန်းပေသည်။
သိုလှောင်အိတ်က ဖြတ်ခနဲတောက်ပသွားခဲ့ရပြီး အနက်ရောင်စာလိပ်တစ်ခု ယောင်ယောင်ရဲ့လက်ထဲမှာ ထွက်ပေါ်လာခဲ့သည်။
“ဒါက အဖိုးဟေးရဲ့ ချီကျင့်ကြံခြင်းနည်းလမ်းဖြစ်တဲ့ ကောင်းကင်ယွမ်ကျင့်စဉ်ပဲ… ဒါက အဆင့် ၇မူလချီကို ကျင့်ကြံနိုင်တယ်…”
ဇူယွမ်ရဲ့မျက်လုံးတွေက ပြင်းပြင်းထန်ထန်လှုပ်ရှားသွားခဲ့ရပြီး ထိန်းချုပ်နိုင်စွမ်းကင်းမဲ့စွာဖြင့် အော်လိုက်မိသည်… “အဆင့် ၇မူလချီလား…”
သူ့ရဲ့မျက်နှာထက်မှာ အံ့အားသင့်မှုတွေဖြင့် ပြည့်နှက်သွားခဲ့ရသည်။ သူ့လိုလူမျိုးမပြောနဲ့ သူ့အဖေတောင်မှပင် ဒီလိုမျိုးအဆင့်မြင့်လှသည့်မူလချီကျင့်စဉ်ကို မြင်တွေ့ဖူးလိမ့်မည်မဟုတ်ပေ။
ဇူအင်ပါယာတစ်ခုလုံးအတွင်းမှာတောင် ဒီလိုမျိုးအဆင့်အတန်းမြင့်မားလှသည့် မူလချီကျင့်ကြံခြင်းနည်းလမ်းကို ရှာတွေ့နိုင်လိမ့်မည်မဟုတ်သည်ကား အသေအချာပင်။
ဇူယွမ်အသက်ကိုပြင်းစွာရှူလိုက်မိသလို သူ့ရဲ့မျက်လုံးတွေကလည်း အနည်းငယ်နီရဲသွားခဲ့ရသည်။ ကံကောင်းစွာဖြင့်ပင် ဇူယွမ်က သူ့ရဲ့စိတ်ကိုကောင်းကောင်းထိန်းချုပ်ထားနိုင်သည့်အတွက် ထိုကျင့်စဉ်ကို ယောင်ယောင့်ထံမှ လုမယူမိခဲ့ခြင်းဖြစ်သည်။ ထိုအစားသူက အသက်ကိုခပ်ပြင်းပြင်းရှူလိုက်မိပြီး ယောင်ယောင့်ကိုကြည့်ကာ ပြောလိုက်သည်… “အခြားရွေးချယ်ဖို့တွေ ရှိနေသေးတာလား…”
ယောင်ယောင်ကအစောပိုင်းမှာ ရွေးချယ်မှုဆိုတဲ့စကားကို ပြောခဲ့တာကြောင့် အခြားရွေးချယ်စရာတွေလည်း သေချာပေါက်ပင် ရှိနေလိမ့်ဦးမည်ဖြစ်သည်။ ကောင်းကင်ယွမ်ကျင့်စဉ်နဲ့အတူရှိနေသည့် အခြားမူလချီကျင့်စဉ်တွေကလည်း သာမန်ကျင့်စဉ်တွေတော့ဖြစ်နိုင်လိမ့်မည်မဟုတ်သည်မှာ သေချာသည်။
ဒါကိုကြားလိုက်ရပြီးနောက်မှာ ယောင်ယောင်က အချိန်ခဏကြာအောင် တိတ်ဆိတ်လို့သွားခဲ့သည်။ အဲ့ဒီနောက်မှာ သူမက သိုလှောင်အိတ်ကိုဖွင့်လိုက်ပြီး သူမရဲ့လက်ထဲမှာ အရိုးပိုင်းလေးတစ်ခုထွက်ပေါ်လာခဲ့သည်။ အရိုးပိုင်းလေးက အလွန်ပင်သက်တမ်းရှည်ကြာနေပြီဖြစ်ပြီး ၎င်းအပေါ်မှာ ခပ်မှိန်မှိန်အက်ကြောင်းတွေကိုပင် မြင်တွေ့နိုင်ပေသည်။ သို့ပေမဲ့လည်း ထိုအရိုးပိုင်းလေးထွက်ပေါ်လာသည့်အခိုက်အတန့်မှာ မဖော်ပြနိုင်လောက်တဲ့ဖိအားတစ်ခုပျံ့လွင့်လာခဲ့ရပြီး ဇူယွမ်ရဲ့ခန္ဓာကိုယ်ထဲမှာလှည့်ပတ်လှုပ်ရှားနေသည့် မူလချီတွေကိုပင် လေးလံနှေးကွေးသွားစေခဲ့ရသည်။
ဝေါင်း…
သူတို့ရဲ့နောက်မှာ ဖြည်းညှင်းစွာစားသောက်နေသည့် ထန်ထန်ရဲ့အမွှေးတွေက ရုတ်ချည်းထောင်မတ်လာခဲ့ကာ ၎င်းကရက်စက်ကြမ်းကြုတ်စွာဖြင့် ဇူယွမ်၏ရှေ့ကိုခုန်ထွက်လာခဲ့ပြီး ထိုအရိုးပိုင်းလေးကိုကြည့်၍ ကျယ်လောင်စွာဟိန်းဟောက်လိုက်သည်။ အခုချိန်မှာ ၎င်းရဲ့ခန္ဓာကိုယ်မှ ခပ်မှိန်မှိန်အနီရောင်အလင်းတွေထွက်ပေါ်နေလျက်ရှိတာကို လူတိုင်းမြင်တွေ့နိုင်ပေသည်။
ကြည့်ရတာထိုအရိုးပိုင်းလေးက ထန်ထန့်ကို အလွန်အမင်းခြိမ်းခြောက်နိုင်စွမ်းရှိရပေမည်။
“ဒါကဘာလဲ…” အရိုးပိုင်းလေးမှ ထွက်ပေါ်နေသည့် ထူးဆန်းသည့်ဖိအားကြောင့် ဇူယွမ်သည်လည်း အလားတူပင်ကြောက်ရွံ့ထိတ်လန့်နေခဲ့မိရပေသည်။
ယောင်ယောင်ရဲ့နီထွေးထွေးနှုတ်ခမ်းလေးက အနည်းငယ်ပွင့်ဟသွားခဲ့ပြီး အဖြေပေးလိုက်သည်… “ဒီအရိုးပိုင်းလေးထဲမှာ ချီကျင့်ကြံခြင်းနည်းလမ်းတစ်ခုကို ရေးသားထားတယ်… ဒါကို ဘိုးဘေးနဂါးပုရပိုက်လို့ခေါ်တယ်…”
“ဒဏ္ဍာရီတွေထဲမှာ ကမ္ဘာကြီးကိုစတင်ဖန်တီးခဲ့တဲ့အချိန်တုန်းက သတ္တဝါတစ်ကောင်လည်း အတူတကွမွေးဖွားလာခဲ့တယ်လို့ပြောကြတယ်… အဲ့ဒီသတ္တဝါကို ဘိုးဘေးနဂါးလို့လည်းသိကြတယ်… အဲ့ဒါက ကောင်းကင်ကိုဝါးမျိုပြီး မြေပြင်ကိုဖျက်ဆီးနိုင်လောင်အောင် ကြီးမားတဲ့အစွမ်းရှိပြီးတော့ သက်ရှိအားလုံးရဲ့ဖြစ်တည်မှုအစလို့တောင်ပြောခဲ့ကြတယ်… ဘိုးဘေးနဂါးရဲ့ခန္ဓာကိုယ်ကနေ သက်ရှိသတ္တဝါအားလုံးပေါ်ထွက်လာခဲ့ပြီးနောက်ပိုင်း ကမ္ဘာကြီးပေါ်မှာသက်ရှိအမျိုးမျိုးပေါ်ပေါက်လာခဲ့တယ်…”
ဇူယွမ်ကမေးလိုက်မိသည်… “ဒါက ကောင်းကင်ယွမ်ကျင့်စဉ်ထက် ပိုပြီးစွမ်းအားမြင့်တယ်လား…”
ယောင်ယောင်ကဖြည်းညှင်းစွာပြောသည်… “ပထမဆုံးအနေနဲ့ ဒါက အဆင့် ၅မူလချီကိုပဲကျင့်ကြံနိုင်လိမ့်ဦးမယ်…”
“အဆင့် ၅မူလချီလား…” ဇူယွမ်ရဲ့မျက်ခုံးတွေ တွန့်ကွေးသွားခဲ့ရသည်။
“ဘိုးဘေးနဂါးရဲ့မူလချီကျင့်စဉ်မှာ အဆင့်လေးဆင့်ရှိတယ်… ပထမအဆင့်က စပါးအုံးဘုရင်ချီဖြစ်ပြီးတော့ အဆင့် ၅မူလချီပဲ… ဒုတိယအဆင့်က ကမ္ဘာဖျက်စီးခြင်းကောင်းကင်မြွေနဂါးချီဖြစ်ပြီးတော့ အဆင့် ၇မူလချီဖြစ်တယ်… တတိယအဆင့်က စကြာဝဠာတော်ဝင်နဂါးချီဖြစ်ပြီးတော့ အဆင့် ၉မူလချီဖြစ်တယ်…”
ယောင်ယောင်ရဲ့တိုးညှင်းတဲ့လေသံက ဇူယွမ်ရဲ့နားထဲမှာ မိုးကြိုးပစ်ချလိုက်သည့်အလားခံစားလိုက်ရပြီး သူ့ရဲ့ဦးခေါင်းတစ်ခုလုံးထုံထိုင်းသွားခဲ့ရသကဲ့သို့ သူ့ရဲ့ခန္ဓာကိုယ်ကလည်း တုန်လှုပ်သွားခဲ့ရသည်။
“အဆင့် ၉မူလချီလား…”
ဇူယွမ်၏တုန်လှုပ်နေသည့်အသံက ထွက်ပေါ်လာခဲ့ရသည်။ ဒီကမ္ဘာကြီးထဲမှာ အဆင့် ၉မူလချီဆိုတာက အထွတ်အထိပ်မှာရှိပေသည်။ တစ်စုံတစ်ယောက်ကသာ ဒါကိုကျင့်ကြံနိုင်ခဲ့လိမ့်မယ်ဆိုရင် ဘယ်လောက်တောင်စွမ်းအားပြည့်ဝလိုက်မလဲဆိုတာကို ဘယ်သူမှစိတ်ကူးနိုင်စွမ်းရှိမည်မဟုတ်ပေ။
“ခဏနေဦး…” ဇူယွမ်က တစ်ခုခုကို သတိပြုမိသွားသည့်အလား ယောင်ယောင်ကိုကြည့်လိုက်မိသည်… “ဒီဥစ္စာကအဆင့်လေးဆင့်ရှိတယ်လို့ နင်ပြောခဲ့တာမလား…”
တတိယအဆင့်က အဆင့် ၉ကိုရောက်နေခဲ့မယ်ဆိုရင် စတုတ္ထအဆင့်ကရော ဘယ်အဆင့်မှာရှိနေလိမ့်မည်နည်း။
ဒီအခိုက်အတန့်မှာ ယောင်ယောင်ရဲ့မျက်လုံးတွေက ညအလားလွန်စွာနက်ရှိုင်းသွားခဲ့ရပြီး ခေါင်းညိတ်ပြလိုက်ပြီးနောက် သူမရဲ့တည်ငြိမ်တဲ့လေသံက နောက်တစ်ကြိမ်ထွက်ပေါ်လာခဲ့ရသည်… “စတုတ္ထအဆင့်က အစစ်အမှန်ဘိုးဘေးနဂါးချီပဲ… ဒါက အဆင့် ၉ထက်များစွာသာလွန်တယ်…”
ဇူယွမ်က သူ့နောက်ကျောရှိ ထိုင်ခုံပေါ်သို့ထိုင်ကျသွားခဲ့ရသလို သူ့ရဲ့မျက်လုံးနှစ်လုံးက မျက်လုံးအိမ်ထဲမှ ထွက်ကျသွားတော့မည့်အလား ပြူးကျယ်သွားခဲ့ရပြီး သူ့ရဲ့ပါးစပ်က ပြန်ပိတ်လို့မရနိုင်လောက်အောင် ကျယ်လောင်စွာပွင့်ဟသွားခဲ့ရသည်… “ဒီကမ္ဘာကြီးထဲမှာ အဆင့် ၉ထက်ကျော်လွန်တဲ့ ချီကျင့်ကြံခြင်းနည်းလမ်းတွေ ရှိနေသေးတာပေါ့…”
ဒီချီကျင့်ကြံခြင်းနည်းလမ်းက ဇူယွမ်သိထားသည့်အရာတွေထက် အဆများစွာကျော်လွန်နေခဲ့ရပေသည်။ သူ့အနေနဲ့ ဒီလိုမျိုးမိုးကောင်းကင်ကိုဆန့်ကျင်နေသည့် ချီကျင့်ကြံခြင်းနည်းလမ်းရဲ့တည်ရှိမှုကိုတောင်မှ သံသယဝင်ခဲ့ရသည်။
ဒီချီကျင့်ကြံခြင်းနည်းလမ်းကြောင့် သူ့ဆရာကန်းယွမ်နဲ့ ယောင်ယောင်တို့က သူတို့ရန်သူတွေရဲ့လိုက်ခြင်းကိုခံခဲ့ရပြီး အမြဲတမ်းပုန်းရှောင်နေခဲ့ရတာဖြစ်နိုင်မလား။
ယောင်ယောင်ကဖြည်းညှင်းစွာပြောသည်… “ဒီကမ္ဘာကြီးထဲမှာ ထူးခြားဆန်းကြယ်တဲ့အရာတွေများစွာရှိတယ်… ကျင့်ကြံခြင်းနည်းလမ်း အဆင့် ၉ဆင့်ကိုလည်း ဒီထဲကတစ်မျိုးအဖြစ်ထည့်စဉ်းစားနိုင်တယ်… နင့်ကတစ်ခုခုကို ဘယ်တုန်းကမှမကြားခဲ့ဖူးဘူးဆိုတာနဲ့ ဒီအရာကရှိမနေဘူးလို့ မဆိုလိုနိုင်ဘူး…”
“ဒါပေမဲ့လည်း ဘိုးဘေးနဂါးပုရပိုက်က အရမ်းကိုစွမ်းအားမြင့်လွန်းတယ်… ဒါကိုလေ့ကျင့်နိုင်ဖို့က အရမ်းကိုခက်ခဲပြီးတော့ အခုချိန်ထိအောင်မြင်သွားတယ်ဆိုတာကို မကြားမိသေးဘူး… ထပ်ပြောရရင် နင်က ဘိုးဘေးနဂါးပုရပိုက်ကို တစ်ကြိမ်လေ့ကျင့်လိုက်ပြီဆိုတာနဲ့ နင်ကအခြားချီကျင့်ကြံခြင်းနည်းလမ်းတွေကို ပြောင်းလဲလို့ရလိမ့်မှာမဟုတ်ဘူး… ဒီလိုမှမဟုတ်ရင် နင်ကဒါရဲ့ဝါးမျိုဖျက်ဆီးခြင်းကိုခံရလိမ့်မယ်…”
“ဘယ်လောက်တောင် ရက်စက်လိုက်တဲ့ချီကျင့်ကြံခြင်းနည်းလမ်းမျိုးလဲ…”
ဒါကိုစဉ်းစားမိလိုက်သည့်အခါ ဇူယွမ်ရဲ့အမူအယာက ပြောင်းလဲသွားခဲ့ရသည်။ ဒါကသာအမှန်ဆိုရင် သူ့အနေနဲ့အခြားချီကျင့်ကြံခြင်းနည်းလမ်းတွေကို လေ့ကျင့်၍ရတော့လိမ့်မည်မဟုတ်ပေ။ တစ်ခုတည်းသောရွေးချယ်စရာက ဘိုးဘေးနဂါးပုရပိုက်၏လမ်းကြောင်းအတိုင်း ဆက်လက်လျှောက်လှမ်းသွားခြင်းပင်ဖြစ်သည်။
ယောင်ယောင်ကခေါင်းကို ညင်သာစွာညိတ်ပြခဲ့လိုက်သည်… “ဒါ့အပြင် ဒီချီကျင့်ကြံခြင်းနည်းလမ်းကို လေ့ကျင့်တော့မယ်ဆိုရင် နင်ကနောက်ထပ်အခြေအနေတစ်ခုနဲ့လည်းပြည့်စုံနေရလိမ့်မယ်…”
ဇူယွမ်က ချက်ချင်းဆိုသလိုပင် ကြားဖြတ်ကာမေးလိုက်သည်… “ဘယ်လိုမျိုးအခြေအနေလဲ…”
ယောင်ယောင်က ဇူယွမ်ကိုကြည့်လိုက်ပြီး… “နင်က နဂါးကောင်းချီးပေးမှုအမျိုးအစားတစ်မျိုးကို သေချာပေါက်ရရှိထားတဲ့သူဖြစ်ရလိမ့်မယ်…”
“နဂါးကောင်းချီးပေးမှုအမျိုးအစားလား…”
“ဘိုးဘေးနဂါးရဲ့ခန္ဓာကိုယ်က သက်ရှိအားလုံးထဲကို ပြောင်းလဲသွားခဲ့တယ်ပြောကြတယ်… သူတို့အထဲကမှ အချို့က ကြီးမားတဲ့ကံကောင်းခြင်းတွေနဲ့ မွေးဖွားလာခဲ့ကြတယ်… သူတို့တွေ မွေးဖွားလာတဲ့အချိန်မှာ ထူးဆန်းတဲ့လက္ခဏာတွေ ပေါ်ပေါက်လာခဲ့ကြတယ်… ဥပမာပြောရရင် မြွေပုံစံတို့ စပါးအုံးပုံစံတို့ မြွေနဂါးပုံစံတို့ပေါ်ပေါက်လာခဲ့ကြတာကိုပဲ… ဒါတွေအားလုံးကို နဂါးကောင်းချီးပေးမှုအမျိုးအစားတွေအဖြစ်သတ်မှတ်နိုင်တယ်… ဒါက သူတို့ရဲ့ခန္ဓာကိုယ်ထဲမှာ ဘိုးဘေးနဂါးချီအနည်းငယ်ပါဝင်နေပြီးတော့ သူတို့တွေရဲ့ပါရမီက အခြားကျန်တဲ့လူတွေကို အလွယ်တကူဖိနှိပ်နိုင်တယ်လို့ ဆိုလိုတယ်…”
“ဘိုးဘေးနဂါးပုရပိုက်ကို စတင်လေ့ကျင့်တော့မယ်ဆိုရင် ဒီဘိုးဘေးနဂါးချီအနည်းငယ်ကို အခြေခံအဖြစ်သေချာပေါက် အသုံးပြုရလိမ့်မယ်…”
“ဒါပေမဲ့လည်း လူတစ်ယောက်မှာ လိုအပ်ချက်တွေပြည့်စုံနေခဲ့တယ်ဆိုရင်တောင်မှပဲ အရမ်းအရမ်းကိုနည်းပါးတဲ့လူအရေအတွက်လောက်ကပဲ ဒီချီကျင့်ကြံခြင်းနည်းလမ်းကို အပြည့်အစုံတတ်ကျွမ်းနိုင်လိမ့်မယ်… စတုတ္ထအဆင့်ကို မပြောနဲ့ဦး… စွမ်းအားမြင့်ကျင့်ကြံသူတစ်ယောက်တောင်မှပဲ တတိယအဆင့်ကို ရောက်ရှိနိုင်ဖို့အတွက် နှစ်ပေါင်းများစွာကြာအောင်လေ့ကျင့်နေရမှာကို ငါစိုးရိမ်မိတယ်…”
ယောင်ယောင်က ဇူယွမ်ကိုစိုက်ကြည့်လိုက်ပြီးမှ ဆက်ပြောသည်… “နင့်အတွက်ကတော့… နင်ကမြင့်မြတ်တဲ့နဂါးကောင်းချီးပေးမှုနဲ့အတူမွေးဖွားလာခဲ့တဲ့အတွက် နင့်ခန္ဓာကိုယ်ထဲက ဘိုးဘေးနဂါးချီတွေက အခြားနဂါးကောင်းချီးပေးမှုအမျိုးအစားနဲ့မွေးဖွားလာတဲ့လူတွေထက် ပိုများတယ်… ဒါ့ကြောင့်နင့်မှာ ဘိုးဘေးနဂါးပုရပိုက်ကို စတင်လေ့ကျင့်မယ်ဆိုရင် ပထမအဆင့်ကို အောင်မြင်နိုင်ဖို့အခွင့်အရေးက ၁၀ရာခိုင်နှုန်းလောက်ရှိတယ်… ဒါပေမဲ့လည်း နင့်အနေနဲ့ အဆင့်ဘယ်လောက်ထိ ပြည့်ပြည့်စုံစုံအောင်မြင်နိုင်လိမ့်မလဲဆိုတာကိုတော့ ပြောဖို့ခက်တယ်…”
“ကံမကောင်းစွာနဲ့ပဲ နင့်ရဲ့မြင့်မြတ်တဲ့နဂါးကောင်းချီးပေးမှုက ခိုးယူခံခဲ့ရပြီး ဝူအင်ပါယာရဲ့ စပါးအုံးမြွေနဲ့ စာကလေးတို့ရဲ့ဝါးမျိုခြင်းကို ခံခဲ့လိုက်ရတယ်…”
ဇူယွမ်လက်သီးကို တင်းတင်းဆုပ်လိုက်မိပြီး ခါးသီးစွာရယ်မောလိုက်ရင်းမှ ပြောသည်… “ဒါဆို ငါကဘိုးဘေးနဂါးပုရပိုက်ကို ဘယ်တော့မှလေ့ကျင့်လို့ရတော့မှာ မဟုတ်ဘူးပေါ့…”
ဇူယွမ်အနည်းငယ် စိတ်ပျက်အားလျော့သွားခဲ့ရသည်။ ဘယ်သူမဆို ဒီလိုမျိုးမိုးကောင်းကင်ကိုဆန့်ကျင်နေတဲ့ အံ့အားသင့်စရာကောင်းလှသည့် ချီကျင့်ကြံခြင်းနည်းလမ်းကို မြင်ပြီးမှမလေ့ကျင့်ခဲ့ရဘူးဆိုလျင် တည်ငြိမ်စွာဖြင့်ဆက်နေနိုင်လိမ့်မည်မဟုတ်ပေ။
သို့ပေမဲ့လည်း ယောင်ယောင်က သူမခေါင်းကိုခါယမ်းပြလိုက်သည်။ သူမကလက်တစ်ဖက်ကိုဆန့်ထုတ်လိုက်ပြီး ဇူယွမ်ရဲ့လက်ကို ဖမ်းကိုင်လိုက်ရင်းမှ တိုးညှင်းစွာပြောသည်… “ဒါက မဖြစ်နိုင်တာတော့မဟုတ်ဘူး…”
ဇူယွမ်က ထိတ်လန့်တကြား သူမကိုကြည့်လိုက်မိသည်။
ယောင်ယောင်က ဇူယွမ်ရဲ့လက်ကို ဖြည်းညှင်းစွာဖြန့်လိုက်သည့်အခါ သူ့ရဲ့လက်ဖဝါးအလယ်မှ သွေးနီရောင်အလုံးလေးတစ်ခုထွက်ပေါ်လာခဲ့သည်။ ၎င်းထံမှ အမုန်းတရားနဲ့ ခါးသီးမှုတွေပျံ့နှံ့ထွက်ပေါ်လာခဲ့ရပြီး လူတစ်ယောက်ရဲ့နှလုံးကိုပင် တုန်တုန်ယင်ယင်ဖြစ်သွားစေနိုင်ပေသည်။
ယောင်ယောင်က သွေးနီရောင်အလုံးလေးကို ညွှန်ပြလိုက်ရင်းမှ နူးညံ့သည့်လေသံဖြင့်ပြောသည်… “အသိဉာဏ်မရှိတဲ့ဝူဘူရင်က နင့်ခန္ဓာကိုယ်ထဲမှာထည့်ထားခဲ့တဲ့ နဂါးဒေါသအဆိပ်ဟာ နင့်ကိုအမြဲတမ်းဖိနှိပ်နေလိမ့်မယ်လို့ ယုံကြည်နေခဲ့တယ်… ဒါပေမဲ့သူမသိခဲ့တာက ဒီနဂါးဒေါသအဆိပ်ဟာ ဘိုးဘေးနဂါးချီအပိုင်းအစတစ်ခု အစစ်အမှန်ဖြစ်နေခဲ့တယ်ဆိုတာကိုပဲ…”
ဇူယွမ်မျက်မှောင်ကြုတ်လိုက်မိပြီး… “နင်ဆိုလိုတာက…”
ယောင်ယောင်ခေါင်းညိတ်ပြလိုက်သည်… “နင်ကဘိုးဘေးနဂါးပုရပိုက်ကို စတင်လေ့ကျင့်ဖို့အတွက်ဆိုရင် နဂါးဒေါသအဆိပ်ကို အထောက်အကူတစ်ခုအနေနဲ့ အသုံးပြုနိုင်တယ်…”
ယောင်ယောင်ရဲ့တောက်ပနေတဲ့မျက်လုံးတွေက တိတ်ဆိတ်စွာဖြင့်ပင် ဇူယွမ်ကိုစိုက်ကြည့်လိုက်ပြီး သူမရဲ့တည်ငြိမ်တဲ့လေသံက ထွက်ပေါ်လာခဲ့ရ၏… “ဒါဆို… နင့်ရဲ့ဆုံးဖြတ်ချက်ကဘာလဲ…”