Switch Mode

စာစဉ်(၄) အပိုင်း(၅၆)

ဝူဟွမ်

“အမှန်ပဲ…”

ဇူချင်ခေါင်းကိုသာ ညိတ်လိုက်မိသည်။ အရင်တုန်းက သူသာအသုံးကျတဲ့အဖေနဲ့ ခင်ပွန်းတစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင် ဇူယွမ့်အနေနဲ့ နဂါးဒေါသအဆိပ်ကြောင့် ဒုက္ခတွေခံစားခဲ့ရမည်မဟုတ်သလို ချင်ယုအနေနဲ့လည်း ဇူယွမ့်ကိုကယ်ဖို့အတွက် သူမရဲ့သက်တမ်းကိုအဖြတ်တောက်ခံပြီး သွေးအဆီအနှစ်များစွာကို အသုံးပြုရလိမ့်မည်မဟုတ်ပေ။

ဒီအရာတွေကြောင့်ပဲ သူကနှစ်ပေါင်းများစွာကြာအောင် သူ့ကိုယ်သူအပြစ်တင်နေခဲ့ရသည်။

ထို့ကြောင့်ပင် အခုလိုမျိုး လူတစ်ယောက်ရဲ့သက်တမ်းကို တိုးမြှင့်စေနိုင်တဲ့ရတနာရဲ့သတင်းက သူ့လက်ထဲကိုရောက်လာခဲ့ပြီးနောက်မှာ သူက ဒါကိုလွယ်လွယ်နဲ့ လက်လျှော့လိုက်လိမ့်မည်မဟုတ်ပေ။

ဇူယွမ်ရဲ့လှုပ်ရှားနေတဲ့နှလုံးက တဖြည်းဖြည်းတည်ငြိမ်သွားခဲ့ပြီး တိုးညှင်းတဲ့လေသံဖြင့်မေးလိုက်သည်… “အဖေ… ဒီသတင်းကို အတည်ပြုပြီးသွားခဲ့ပြီလား…”

ဇူချင်က ပြန်ပြောလိုက်သည်… “ဒါကအမှန်ပဲ… လူတစ်ယောက်က အဲ့ဒီရှေးဟောင်းနယ်မြေထဲကို မရည်ရွယ်ဘဲရောက်ရှိသွားခဲ့ရပြီးတော့ မီးဝိညာဉ်အစေ့နဲ့ ကျောက်စိမ်းသစ်သီးကို မြင်ခဲ့ရတယ်… ဒါပေမဲ့လည်း ဒီရှေးဟောင်းနယ်မြေကို စွမ်းအားမြင့်မူလမှော်သားရဲတစ်ကောင်စောင့်ကြပ်နေတဲ့အတွက် သူ့မှာရွေးချယ်စရာမရှိခဲ့ဘဲ အလျင်အမြန်ထွက်ပြေးလာခဲ့ရတယ်…”

“တကယ်လို့ ဒီသတင်းသာပျံ့နှံ့သွားခဲ့မယ်ဆိုရင် ချီအိမ်တော်ကလည်း ဒီသတင်းကိုကြားသွားလိမ့်မှာကို ကျွန်တော်စိုးရိမ်မိတယ်…” ဇူယွမ် သက်ပြင်းချလိုက်မိကာပြောသည်။ အကယ်၍ ချီအိမ်တော်ကသာ မီးဝိညာဉ်အစေ့ကို ရယူဖို့စီစဉ်ထားခဲ့မယ်ဆိုရင် သူတို့အတွက် ကြီးမားတဲ့အခက်အခဲတစ်ခုဖြစ်လာရပေလိမ့်မည်။

ဒီအရာက ဘယ်အင်အားစုအတွက်မဆို မရှိမဖြစ်လိုအပ်တဲ့ အမှန်တကယ်အရေးပါလှသည့်အရင်းအမြစ်တစ်ခုပင်ဖြစ်ပေသည်။

ဒီလိုအရင်းအမြစ်တစ်ခုသာ လက်ထဲမှာရှိထားခဲ့မယ်ဆိုရင် လူတစ်ယောက်ရဲ့စွမ်းအားကို တိုးမြှင့်သွားစေနိုင်ပြီး စွမ်းအားမြင့်ကျင့်ကြံသူတစ်ယောက်ဖြစ်လာနိုင်ဖို့အတွက် လွန်စွာအကျိုးရှိလိမ့်မည်ဖြစ်သည်။

“အမှန်ပဲ…” ဇူချင်ခေါင်းညိတ်လိုက်မိသည်။ သူ့ရဲ့အမူအယာက ပို၍လေးနက်လာခဲ့ရပြီး ပြောသည်… “ဒါ့ကြောင့်ပဲ အဖေက လုတိန်ရှန်းကို လွှတ်ဖို့စီစဉ်ထားတယ်…”

“အဖေ… ကျွန်တော်လည်းသွားချင်တယ်…” ဇူယွမ်က ပြောသည်။ သူက ဝင်ပေါက်ခြောက်ခုကိုဖွင့်ထားနိုင်ခဲ့ပြီဖြစ်သည့်အတွက် မကြာခင်မှာ ချီစုဆောင်းမှုအဆင့်ကို ရောက်ရှိနိုင်ပေလိမ့်မည်။ သူသာချီစုဆောင်းမှုအဆင့်ကို ရောက်ရှိခဲ့မယ်ဆိုရင် သူ့ကိုအနည်းငယ်စွမ်းအားရှိတဲ့လူတစ်ယောက်အဖြစ် သတ်မှတ်နိုင်မည်ဖြစ်သည်။

ဇူအင်ပါယာအတွင်းမှာ မူလစဦးအဆင့်ကျင့်ကြံသူတွေက ထိပ်ဆုံးမှာရပ်တည်နေလျက်ရှိကြသည်။ သူတို့ရဲ့နောက်မှာ ကောင်းကင်ဘုံတံခါးအဆင့်ကျင့်ကြံသူတွေရှိကာ ချီစုဆောင်းမှုအဆင့်ကျင့်ကြံသူတွေက ထိပ်သီးအင်အားစုတွေရဲ့ အဓိကကျောရိုးတွေပင်ဖြစ်ကြသည်။ စစ်တပ်ထဲမှာဆိုရင် ချီစုဆောင်းမှုအဆင့်ကျင့်ကြံသူတစ်ယောက်က အရေးကြီးတဲ့တာဝန်တွေကို ထမ်းဆောင်နိုင်ဖို့အတွက် အရည်အချင်းပြည့်မှီတယ်လို့ ပြော၍ရသည်။

ဇူယွမ်က သူကိုယ်တိုင်သွားလိုသည်ကို မြင်လိုက်ရတဲ့အခါ ဇူချင်က ပြုံး၍ပြောလိုက်သည်… “ဒါက ဘာကြောင့် အဖေသားကို ဒီနေရာကိုခေါ်လိုက်ရတယ်ဆိုတာပဲ… ဘေးနားမှာ လုတိန်ရှန်းကို ကူညီပေးစေပြီးတော့ အဖေ့မှာသားအတွက် အရေးကြီးတဲ့တာဝန်တစ်ခုပေးဖို့ရှိတယ်…”

“အဲ့ဒါကဘာလဲ…”

ဇူချင် သက်ပြင်းတစ်ချက်ချလိုက်ပြီးမှ ပြောသည်… “ဒီတာဝန်က သားအနေနဲ့ကန်းလန်စီရင်စုကို အရင်ဆုံးသွားရလိမ့်မယ်… ဖြစ်နိုင်မယ်ဆိုရင် သားက ဗိုလ်ချုပ်ကြီးဝေကို ချီအိမ်တော်နဲ့ရင်ဆိုင်တဲ့အခါ ငါတို့ဘက်ပါလာအောင် စည်းရုံးနိုင်ဖို့မျှော်လင့်မိတယ်…”

“အနည်းဆုံးတော့ သားအနေနဲ့ ချီဟောင်က ဗိုလ်ချုပ်ကြီးကို ချီအိမ်တော်ဘက်ဆွဲခေါ်မသွားနိုင်စေဖို့ သေချာအောင်လုပ်ရလိမ့်မယ်…”

ဇူယွမ် ခေါင်းညိတ်ပြလိုက်မိသည်။ မင်းသားတစ်ယောက်အနေနဲ့ ကန်းလန်စီရင်စုကိုသွားခြင်းက တော်ဝင်ကလန်ရဲ့ စိတ်ရင်းအမှန်ကို ပြသရာလည်းရောက်ပေလိမ့်မည်။

ဇူယွမ် ပြန်ပြောလိုက်သည်… “မစိုးရိမ်ပါနဲ့အဖေ… ကျွန်တော်အကောင်းဆုံးကြိုးစားလုပ်ဆောင်ပါ့မယ်…”

ဇူချင်ရယ်မောလိုက်ပြီး သူ့ရဲ့ဝတ်စုံအတွင်းမှ အလင်းရောင်တွေစီးဆင်းနေသည့် အနီရောင်ကျောက်စိမ်းစာလိပ်တစ်ခုကို ထုတ်ယူလိုက်သည်။

“သားက မကြာခင်မှာ ချီစုဆောင်းမှုအဆင့်ကို ရောက်ရှိလိမ့်မယ်… အဲ့ဒီအချိန်ကျရင် ချီကျင့်ကြံခြင်းနည်းလမ်းက မလွဲမသွေလိုအပ်လာလိမ့်မယ်… ဒီဟာက ငါတို့တော်ဝင်ကလန်ရဲ့ မီးလျှံလျှပ်စီးအလင်္ကာဖြစ်ပြီးတော့ သားအနေနဲ့ အဆင့် ၄မီးလျှံလျှပ်စီးချီကို လေ့ကျင့်နိုင်စေလိမ့်မယ်… ဒါကိုယူပြီး ကြည့်လိုက်ဦး… ဒါက သားနဲ့သင့်တော်တယ်ဆိုရင် သားအနေနဲ့ ဒါကိုလေ့ကျင့်နိုင်တယ်…”

“ဒါဆို ဒါက မီးလျှံလျှပ်စီးအလင်္ကာပေါ့…” ဇူယွမ်ရဲ့မျက်လုံးတွေ လှုပ်ရှားသွားခဲ့ရ၏။

ဒီကမ္ဘာကြီးမှာ မူလချီကျင့်ကြံခြင်းနည်းလမ်းတွေကို အဆင့် ၉ဆင့်ခွဲထားပေသည်။ အခြားစကားနဲ့ပြောရရင် မူလချီမှာ အဆင့်အတန်း ၉မျိုးရှိပေသည်။

ချီကျင့်ကြံခြင်းနည်းလမ်းပိုကောင်းလေ မူလချီအရည်အသွေးကလည်း ပိုကောင်းလေပင်ဖြစ်သည်။ အဆင့် ၄မူလချီက ဇူအင်ပါယာအတွင်း ထိပ်တန်းအဆင့်မှာရှိပြီး အများစုက အဆင့် ၁နဲ့ အဆင့် ၂မူလချီတွေကိုသာ ကျင့်ကြံနိုင်စွမ်းရှိကြပေသည်။

“ဆရာက ငါ့အတွက် ချီကျင့်ကြံခြင်းနည်းလမ်းတစ်ခုလေးတောင် မထားပေးခဲ့ဘူး… အစ်မကြီးယောင်ယောင်ဆီမှာများရှိနိုင်မလား…” ဇူယွမ် စုတ်တစ်ချက်သပ်လိုက်မိသည်။ သူ့ဆရာကန်းယွမ်ရဲ့စွမ်းအားက အလွန်ပင်မြင့်မားလှပြီး ထူးခြားဆန်းကြယ်မှုတွေဖြင့် ပြည့်နှက်နေသည့်အတွက် သူ့ရဲ့ချီကျင့်ကြံခြင်းနည်းလမ်းတွေက တော်ဝင်ကလန်ရဲ့ မီးလျှံလျှပ်စီးချီကျင့်စဉ်ထက် ပို၍သာလွန်လိမ့်မည်ဆိုတာကို သူသိပေသည်။

သူရဲ့စိတ်ထဲမှာ ဒီလိုအတွေးတွေဖြစ်ပေါ်နေပေမဲ့လည်း ဇူယွမ်က မီးလျှံလျှပ်စီးအလင်္ကာကို ယူလိုက်မိသည်။ တကယ်လို့ ယောင်ယောင့်ဆီမှာသာ ချီကျင့်ကြံခြင်းနည်းလမ်းရှိမနေခဲ့ဘူးဆိုရင် သူ့မှာရွေးချယ်စရာရှိလိမ့်မည်မဟုတ်ပဲ မီးလျှံလျှပ်စီးကျင့်စဉ်ကိုသာ ရွေးချယ်ရလိမ့်မည်ဖြစ်သည်။

“ချီစုဆောင်းမှုအဆင့်…”

ဇူယွမ်ကျောက်စိမ်းစာလိပ်ကို တင်းတင်းဆုပ်ကိုင်မိလိုက်ပြီး သူ့ရဲ့မျက်လုံးတွေထဲမှာ မျှော်လင့်ချက်တွေနဲ့ တောက်ပလာခဲ့ရသည်။ ဝင်ပေါက်ဖွင့်ခြင်းအဆင့်ကို လူတစ်ယောက်ရဲ့အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဖြစ်သတ်မှတ်နိုင်သည်။ ချီစုဆောင်းမှုအဆင့်က ကျင့်ကြံခြင်းလမ်းကြောင်းမှာ ရှေ့ကိုပထမဆုံးခြေလှမ်းလှမ်းလိုက်နိုင်ခြင်းသာ ဖြစ်ပေလိမ့်မည်။

ဒီအဆင့်ကိုရောက်ရှိပြီးတဲ့နောက်မှာ လူတစ်ယောက်က မူလချီတွေရဲ့ အစစ်အမှန်အံ့ဩဖွယ်ရာတွေကို လက်တွေ့ကြုံတွေ့လာနိုင်လိမ့်မည်ဖြစ်ပေသည်။

ဝူအင်ပါယာ တော်ဝင်မြို့တော်… ဇူပျက်စီးခြင်းမြို့တော်…

လွန်ခဲ့သောနှစ်ပေါင်းများစွာက ဝူကလန်ဟာ ဇူအင်ပါယာကို ဆန့်ကျင်ပုန်ကန်ခဲ့ပြီး သူတို့ရဲ့နယ်မြေများစွာကို သိမ်းယူခဲ့သည်။ ဝူအင်ပါယာရဲ့မြို့တော်နာမည်က ဇူအင်ပါယာအနေနဲ့ နောက်တစ်ကြိမ်ဘယ်တော့မှ ပြန်လည်မြင့်တက်လာလိမ့်မည်မဟုတ်ဘူးဆိုတာကို သေချာနေသည့်အလား အလုံးစုံချိုးနှိမ်လျက် ဝူအင်ပါယာက ရည်ရွယ်ချက်ရှိရှိပေးထားခြင်းဖြစ်သည်မှာ အထင်အရှားပင်။

ဝူအင်ပါယာတော်ဝင်နန်းတော်အတွင်းမှာ လူတစ်ယောက်ရဲ့မျက်စိတစ်ဆုံးထိအောင် ဆန်းကြယ်လှသည့် မြင့်မားတဲ့အဆောက်အဦးတွေဖြင့် ပြည့်နှက်လို့နေသည်။ များစွာသောအဆောက်အဦးတွေထံမှ စွမ်းအားပြည့်ဝသည့်မူလချီလှိုင်းတွေ ထွက်ပေါ်နေလျက်ရှိကာ နန်းတော်ရဲ့နေရာတိုင်းကို လွှမ်းခြုံထားလျက်ရှိလေသည်။

ဇူအင်ပါယာနဲ့ယှဉ်လိုက်ရင် ဝူအင်ပါယာရဲ့တော်ဝင်နန်းတော်က ပို၍ကြီးကျယ်ခမ်းနားလှသလို ဝူအင်ပါယာရဲ့လုံခြုံရေးကလည်း ပိုပြီးသာလွန်ပေသည်။ ဒီအရာက ဝူအင်ပါယာအနေဖြင့် ဘယ်လောက်စွမ်းအားမြင့်သည်ဆိုတာကို ဖော်ပြနေခြင်းပင်ဖြစ်သည်။

တော်ဝင်နန်းတော်၏ နန်းဆောင်တစ်ခုအတွင်းမှာ အဝါရောင်ဝတ်စုံဝတ်ဆင်ထားသည့် လူငယ်တစ်ယောက်က စားပွဲခုံနောက်တွင် ထိုင်နေလျက်ရှိသည်။ သူ့ရဲ့အသားအရေက ကျောက်စိမ်းအလား ကြည်လင်ရှင်းသန့်နေကာ သူ့ရဲ့မျက်ခုံးတွေက သူ့ရဲ့လွန်စွာခန့်ညားချောမောလှသည့်မျက်နှာပေါ်မှာ ဓားသွားတစ်ခုအလား ထက်မြမှုအပြည့်နဲ့ တန်ဆာဆင်ထားလျက်ရှိသည်။

ရိုးရှင်းသည့်ပုံစံဖြင့်ထိုင်နေပေမဲ့လည်း သူ့ထံမှမြင့်မြတ်တဲ့အရှိန်အဝါတွေ ထွက်ပေါ်နေလျက်ရှိကာ သူ့ရဲ့ပုံစံက လူတိုင်းရဲ့အထက်မှာ ရပ်တည်နေနိုင်ပြီး မိုးကောင်းကင်ရဲ့ဂုဏ်ယူခြင်းခံရသည့် လူတစ်ယောက်အလားဖြစ်ပေါ်စေသည်။

သူ့ရဲ့နောက်ကျောမှ ထွက်ပေါ်နေသည့် ခပ်မှိန်မှိန်အရှိန်အဝါတစ်ခုက ရစ်ခွေနေသည့်နဂါးတစ်ကောင် မြည်ကြွေးနေသည့်အလားပင်။

သူ့ရဲ့မျက်ခုံးနှစ်ခုကြားထဲမှာ မှိန်ဖျော့ဖျော့အနီရောင်အစက်လေးတစ်ခု နစ်မြှုပ်နေလျက်ရှိသည်။ ထိုမြင်ကွင်းက ထူးခြားဆန်းကြယ်မှုတို့နဲ့ ပြည့်နှက်လို့နေသည်။

ထိုလူငယ်က အခြားလူမဟုတ်ပေ။ ဝူအင်ပါယာ၏ အိမ်ရှေ့စံမင်းသားဖြစ်သူ ဝူဟွမ်ပင်ဖြစ်သည်။

သူ့ရဲ့မျက်နှာက တည်ငြိမ်မှုအပြည့်ဖြင့် သူ့ရှေ့မှာရှိနေသည့် စာလိပ်တွေကို လှန်လှောကြည့်ရှုနေလျက်ရှိသည်။ သူက လူငယ်လေးတစ်ယောက်ပင်ဖြစ်ပေမဲ့လည်း ဝူအင်ပါယာအတွင်းမှာ သူ့ရဲ့မြင့်မားတဲ့အဆင့်အတန်းအရ ဝူဘုရင်က သူ့ကိုငယ်ရွယ်စဉ်ကတည်းကပင် ဝူအင်ပါယာ၏ နိုင်ငံ့အရေးကိစ္စတွေမှာ ဝင်ရောက်ဆောင်ရွက်စေခဲ့သည်။

ဒီအချိန်မှာပင် လူတစ်ယောက်က ရိုသေလေးစားမှုအပြည့်ဖြင့် လျှောက်လှမ်းဝင်ရောက်လာခဲ့ပြီး စားပွဲခုံရှေ့တွင်ဒူးထောက်ကာ ရိုသေစွာဖြင့်ပြောသည်… “အိမ်ရှေ့စံမင်းသားလေး… အတွင်းပိုင်းကြီးကြပ်သူထံကနေ သတင်းအချို့ပေးပို့လာခဲ့ပါတယ်…”

ဝူဟွမ်က သူ့ရဲ့မျက်ခုံးတွေကို ပင့်တင်လိုက်ပြီး လက်တစ်ဖက်ထုတ်ကာ ဝါးကျည်တောက်ကို လက်ခံယူလိုက်သည်။ သူက အတွင်းပိုင်းမှ စာရွက်တစ်ခုကို ထုတ်ယူလိုက်ပြီး ဖြည်းညှင်းစွာဖွင့်၍ဖတ်လိုက်သည်။

“အိုး…” ဝူဟွမ်ရဲ့အမူအယာက ရုတ်တရက်ပြောင်းလဲသွားခဲ့ရသည်။ သူ့ရဲ့ခန့်ညားချောမောတဲ့မျက်နှာပေါ်မှာ ထူးဆန်းတဲ့အမူအယာတစ်ခုဖြစ်ပေါ်လာခဲ့ရပြီး စိတ်လှုပ်ရှားခြင်းမရှိသည့်လေသံဖြင့်ပြောသည်… “ဘယ်လောက်တောင်စိတ်ဝင်စားစရာကောင်းလိုက်သလဲ… ဒါက ဇူကလန်ရဲ့ မြင့်မြတ်တဲ့နဂါးအကြောင်းပဲ…”

“ဘယ်လောက်တောင် ဇွဲကြီးလိုက်တဲ့လူတစ်ယောက်လဲ… သူ့ရဲ့ခန္ဓာကိုယ်ထဲမှာ အဖေ့ကြောင့် နဂါးဒေါသအဆိပ်နဲ့ တားမြစ်ထားခြင်းခံခဲ့ရပြီးတဲ့နောက်မှာတောင်မှ သူကဒါကို ခုခံနိုင်ခဲ့သေးတယ်…”

ဒူးထောက်နေသည့်လူက အေးစက်သည့်လေသံဖြင့် မေးလိုက်သည်… “အရှင်မင်းသားလေး… ကျွန်တော်တို့ သူ့ကိုရှင်းပြစ်လိုက်သင့်လား…”

ဝူဟွမ်က ခပ်ဖွဖွရယ်လိုက်ပြီး… “ငါတို့ဝူအင်ပါယာက လက်ရှိအချိန်မှာ သားရဲတစ်ထောင်အင်ပါယာနဲ့ ဓားအင်ပါယာတို့ကြောင့် အလုပ်ရှုပ်နေရတယ်… ဇူအင်ပါယာနဲ့ပတ်သက်လို့ ငါတို့မှာ စိတ်ဝင်စားဖို့အချိန် ဘယ်လိုလုပ်ရှိနိုင်မှာလဲ…”

ထိုလူက တိုးညှင်းသည့်လေသံဖြင့်ပြန်ပြောသည်… “ဒါပေမဲ့ ဇူယွမ်က မြင့်မြတ်တဲ့နဂါးကောင်းချီးပေးမှုကို တစ်ကြိမ်ပိုင်ဆိုင်ခဲ့ရပြီး ဇူကလန်ရဲ့မြင့်မြတ်တဲ့နဂါးအဖြစ်ရရှိခဲ့တယ်…”

ဒီစကားတွေ သူ့ပါးစပ်ထဲကနေ ထွက်သွားတဲ့အခိုက်အတန့်တွင် ဝူဟွမ်ရဲ့မျက်လုံးထဲမှာ အေးစက်မှုတွေထွက်ပေါ်လာသည့်အတွက် ချက်ချင်းဆိုသလို သူ့ရဲ့ဆက်ပြောမယ့်စကားတွေကို ပြန်ပြီးမျိုချလိုက်ခဲ့ရသည်။

ဝူဟွမ်ရဲ့မျက်နှာပေါ်မှာ စိတ်မဝင်စားသည့်အမူအယာတစ်ခုဖြစ်ပေါ်လာခဲ့ပြီး သူ့ရဲ့နောက်ကျောမှ နဂါးချီတွေမြင့်တက်လာခဲ့ရသကဲ့သို့ သူ့ကို အခြားသူတွေနှိုင်းယှဉ်နိုင်စွမ်းမရှိလောက်အောင် မြင့်မြတ်မှုကိုဖြစ်ပေါ်စေသည်။ သူက တည်ငြိမ်တဲ့အသံဖြင့်ပင် ပြောသည်… “အဲ့ဒါတော့ မင်းမှားသွားပြီ… ဇူယွမ်က အစစ်အမှန်မြင့်မြတ်တဲ့နဂါးတစ်ကောင်မဟုတ်ဘူး… သူသာမြင့်မြတ်တဲ့နဂါးတစ်ကောင်ဆိုရင် ဘယ်လိုလုပ်ငါတို့ဝူကလန်က အောင်မြင်နိုင်ခဲ့မှာလဲ…”

“မြင့်မြတ်တဲ့နဂါးကောင်းချီးပေးမှုက အရင်တည်းက ငါပိုင်ဆိုင်ခဲ့တဲ့အရာပဲ… ဒါနဲ့ပတ်သက်ပြီးတော့ သေးငယ်တဲ့အမှားလေးတစ်ခုဖြစ်သွားခဲ့ရုံသာရှိခဲ့တာ… ဒီအမှားကို အခုချိန်မှာ ပြန်ပြီးပြင်ဆင်နိုင်ခဲ့ပြီဖြစ်လို့ မှန်ကန်တဲ့လမ်းကြောင်းပေါ်ကို ပြန်ပြီးရောက်ရှိလာခဲ့ရပြီ… ဒါ့အပြင်…”

“ဇူယွမ်က ဘာမှမဟုတ်ဘူး… ဒါပေမဲ့ သူ့ရဲ့ကံကြမ္မာက အတုအယောင်နဂါးတစ်ကောင်အဖြစ်နဲ့ မွေးဖွားလာခဲ့ခြင်းဖြစ်တဲ့အတွက် သူ့အနေနဲ့ ဒါကိုပိုင်ဆိုင်နိုင်ခြင်းမရှိခဲ့ဘူး… နောက်ဆုံးရလဒ်အဖြစ် သူနဲ့ဇူအင်ပါယာတို့က ကြီးမားတဲ့တန်ဖိုးတစ်ခုကို ပေးဆပ်ခဲ့ရတယ်…”

“သူတို့နဲ့မတူတာက ငါကအစစ်အမှန်နဂါးတစ်ကောင်ပဲ… ဒါ့ကြောင့်လည်း မြင့်မြတ်တဲ့နဂါးကောင်းချီးပေးမှုက အဆုံးသတ်မှာ ငါ့ဆီပြန်ရောက်လာခဲ့တာပဲ…”

ဝူဟွမ်က သူ့ရှေ့မှလူကို စိုက်ကြည့်လိုက်ပြီး ဖြည်းညှင်းစွာဆက်ပြောသည်… “ဒါ့ကြောင့် ဒီလိုမမှားသင့်တဲ့အမှားကို နောက်တစ်ကြိမ်ထပ်မမှားစေနဲ့… ငါက သူ့ရဲ့မြင့်မြတ်တဲ့နဂါးကောင်းချီးပေးမှုကို ခိုးယူခဲ့တာမဟုတ်ဘဲ သူယူသွားခဲ့တဲ့ ငါပိုင်ဆိုင်တဲ့အရာအားလုံးကို ပြန်ယူခဲ့ခြင်းဖြစ်တယ်…”

“ဒါက သူ့ရဲ့စစ်မှန်တဲ့ပိုင်ရှင်ထံကို ပြန်ရောက်လာခြင်းလို့ခေါ်တယ်…”

“နားလည်လား…”

ထိုလူက တုန်လှုပ်စွာဖြင့်ပင် ပေါ့ပေါ့ပါးပါးပြုံးနေလျက်ရှိသည့် ဝူဟွမ်ကိုကြည့်၍ လျင်မြန်စွာဖြင့် သိရှိပြီဆိုသည့်အကြောင်းကို ရိုသေလေးစားသည့်အမူအယာဖြင့် ပြန်ပြောလိုက်သည်။

ဝူဟွမ်က ဝါးကျည်တောက်အား အဝေးသို့လွှင့်ပစ်လိုက်ပြီး စိတ်ဝင်စားမှုမရှိသည့်လေသံဖြင့် ပြောသည်… “အဲ့ဒီအတုအယောင်နဂါးက ဘာလုပ်နေလဲဆိုတာကို သွားပြီးစစ်ဆေးလိုက်… ဝင်ပေါက်ခြောက်ခုဖွင့်ထားနိုင်တာလား… မင်းသိလား… ဒီလိုသနားစရာကောင်းတဲ့စွမ်းအားနဲ့ဆိုရင် သူက ငါ့ရှေ့မှာရပ်ဖို့တောင်မှ အရည်အချင်းမရှိသေးဘူး…”

သူ့ရှေ့မှလူက ရိုသေစွာဖြင့်ပင် ပြန်ပြောသည်… “မင်းသားလေးက အစစ်အမှန်နဂါးတစ်ကောင်ဖြစ်ပြီးတော့ ဇူယွမ်က မင်းသားလေးနဲ့ယှဉ်လိုက်ရင် ပုရွက်ဆိတ်တစ်ကောင်အဖြစ်ပြောဖို့အတွက်တောင် မထိုက်တန်သေးဘူး…”

ဝူဟွမ်က ကျန်တဲ့စာလိပ်တွေကို ကောက်ယူလိုက်ရင်းမှပြောသည်… “ဒီလတ်တလောအချိန်အတွင်းမှာ ငါက နီးကပ်လာပြီဖြစ်တဲ့ ကန်းမန်ကုန်းမြေရဲ့နှစ်ပတ်လည်ပြိုင်ပွဲအတွက် ငါ့ရဲ့လေ့ကျင့်ခြင်းမှာပဲ အာရုံစိုက်နေရတယ်… ဒီပြိုင်ပွဲက ငါ့အတွက်တကယ်ကို အရေးကြီးတယ်… ဒါ့ကြောင့် နောက်ပိုင်းမှာ မသန်မစွမ်းဖြစ်နေခဲ့တဲ့ နဂါးတစ်ကောင်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေလောက်နဲ့တော့ ငါ့ကိုလာပြီးအနှောင့်အယှက်မပေးနဲ့…”

“နားလည်ပါပြီ…” သူရှေ့မှလူက ပြန်ပြောသည်။

ဝူဟွမ်က စာလိပ်တွေကို တစ်ခဏကြာစိုက်ကြည့်နေလိုက်ပြီးမှ ပြောသည်… “ဒါပေမဲ့လည်း ဒီကိစ္စက ငါ့ရဲ့လက်ထဲကို ရောက်လာခဲ့ပြီဆိုတော့ ငါက ဒါကိုဘာမှမလုပ်ဘဲနဲ့တော့ လွှတ်မပေးလိုက်နိုင်ဘူး… ချီအိမ်တော်ကို ပိုပြီးအထောက်အပံ့ပေးဖို့ သူတို့ကိုပြောလိုက်… တကယ်လို့ သူတို့ကသာ ဇူကလန်ကို ကျဆုံးစေနိုင်ခဲ့မယ်ဆိုရင် ငါတို့ဝူကလန်အတွက်လည်း ဖိအားတချို့လျော့ကျသွားရလိမ့်မယ်… ဒါပေမဲ့ အဖေအရင်ကထားခဲ့တဲ့ ကတိစကားကြောင့် အနည်းငယ်တော့အခက်အခဲရှိလိမ့်မယ်…”

ဒီနေရာရောက်တဲ့အခါ သူကပြုံးလိုက်မိပြီး… “ဒါက မသန်မစွမ်းဖြစ်ခဲ့တဲ့နဂါးအတွက် သင်ခန်းစာတစ်ခုဖြစ်စေလိမ့်မယ်… ဒါ့အပြင် သူ့ကိုအနာဂတ်မှာ မသန်မစွမ်းတစ်ယောက်အဖြစ် ဘယ်လိုသင့်တင့်လျောက်ပတ်စွာပြုမူနေထိုင်သွားရမလဲဆိုတာကိုပါ သိသွားစေလိမ့်မယ်…”

သူ့ရဲ့စကားတွေက ရိုးရှင်းပေမဲ့လည်း ဒီစကားတွေက ဇူအင်ပါယာရဲ့ကံကြမ္မာကို ဆုံးဖြတ်ပေးခဲ့ခြင်းပင်ဖြစ်သည်။

ဝူဟွမ်က သူ့ရှေ့မှလူကို ပြုံးပြလိုက်ကာပြောသည်… “ကြည့်ကောင်းရဲ့လား… အစစ်အမှန်နဂါးတစ်ကောင်ကို မင်းဘယ်လိုမြင်လဲ…”

စကားလုံးတစ်လုံးတည်းဖြင့်ပင် သေခြင်းနှင့်ရှင်ခြင်းကို အဆုံးအဖြတ်ပေးနိုင်သည်။ စကားလုံးတစ်လုံးတည်းဖြင့်ပင် နိုင်ငံတစ်ခုရဲ့ပျက်စီးခြင်းကို ဆုံးဖြတ်ပေးနိုင်သည်။

Comment

Leave a Reply

Options

not work with dark mode
Reset