ထိုခံစားချက်ကြီးကြောင့် သူသည် အလွန်အင်မတန်မှ နေရခက်သွား၏။ သူသည် ထိုကောင်လေးမှာ ထူးဆန်းနေသည်ဟု ခံစားခဲ့ရပါသော်လည်း သူ၏ဝှက်ဖဲများ ကုန်သွားလောက်ပြီဟု မှတ်ယူခဲ့သည်။ ထို့ကြောင့် သူသည် နှာမှုတ်ကာ ရှက်ကိုးရှက်ကန်းဖြစ်နေသည့် မျက်နှာအမူအရာအား ဖုံးကွယ်ထားလိုက်ပြီး စကားပြောရန် ပြင်လိုက်လေသည်။
သို့သော် သူ စကားတစ်ခွန်းမှ မပြောနိုင်ခင်မှာပင် ဝမ်ပေါင်လဲ့မှာ မျက်လုံးများ အရောင်လက်သွားပြီး လျှောက်တင်လိုက်၏။
” ဆရာ။ ဆရာ အပင်ပန်းခံပြီးတော့ အပေါက်တွေ လိုက်ဖွင့်နေစရာမလိုပါဘူး။ ဆရာ ကြည့်ချင်တယ်ဆိုရင် ကျွန်တော် ကူညီပေးမှာပါ။ ကျွန်တော့်ရဲ့ အတွင်းစိတ်ထဲက ကမ္ဘာတွေအားလုံးကို ဆရာ့ရှေ့မှာ ထုတ်ပြပါ့မယ် ”
ဝမ်ပေါင်လဲ့မှာ ထိုသို့ဆိုကာ မျက်လုံးများမှေးသွား၏။ သူသည် အနည်းငယ် စဉ်းစားတွေးတောကာ ခန့်မှန်းကြည့်ခဲ့ပြီးနောက် သူ၊ ကျောက်ယမုန့်နှင့် ကျိုးရိဖန်းတို့ ရောက်ရှိသွားခဲ့သည့် လူရိပ်ကြီးများဖြင့် ပြည့်နှက်နေသော နေရာမှာ ကျယ်ပြန့်တာအိုနန်းတော်၏ အမွေအနှစ်နယ်မြေ ဖြစ်နေနိုင်ကြောင်း ရိပ်မိသွား၏။
သူသည် အမွေအနှစ်များ ပေါ်ပေါက်လာအောင် လုပ်မိခဲ့ခြင်းဖြစ်ရပေမည်။ ထို့ကြောင့် သူ၏ ခန္ဓာကိုယ်မှာ သတိမေ့မျောနေသည့်တိုင်အောင် သူ၏ အသိစိတ်မှာ ဤနေရာ၌ ပေါ်ပေါက်လာရခြင်းဖြစ်၏။ ထို့အပြင် သူ မြင်နေကြားနေရသည့် အရာများကြောင့် သူ၏ အသိစိတ်မှာ သူ၏ အတွင်းစိတ်ကမ္ဘာထဲသို့ ရောက်နေရမည်ဖြစ်ကြောင်း ကောက်ချက်ချလိုက်၏။
သူ့ကိုယ်သူ နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာဟု ခေါ်ဆိုနေသည့် လူကြီးမှာ ပုံရိပ်ယောင်တစ်ခုအနေဖြင့် သူ၏ အတွင်းစိတ်ကမ္ဘာထဲ၌ ပေါ်ပေါက်လာခဲ့သည့်ပုံပင်။ ထို့ကြောင့်လည်း သူသည် ကျင့်ကြံခြင်းပညာရပ်များအား လွှဲပြောင်းပေးနိုင်စွမ်း ရှိနေခြင်းဖြစ်သည်။ သို့သော် သူသည် အလွန်အင်မတန်မှ မောက်မာဝင့်ကြွားပြီး အခြားသူများကို အထင်သေးသည့် လူတစ်ယောက် ဖြစ်နေ၏။
” ဒါက ငါ့ရဲ့ အတွင်းစိတ်ထဲက ကမ္ဘာကြီးဆိုမှတော့ ငါ အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်နိုင်စွမ်းရှိနေလောက်တယ် ” ဝမ်ပေါင်လဲ့မှာ သူ၏ရှေ့တွင် မောက်မာဝင့်ကြွားမှုအပြည့်ရှိသော အမူအရာဖြင့် ရပ်နေသည့် လူရိပ်ကြီးအား စိုက်ကြည့်လိုက်၏။ ထိုလူရိပ်ကြီးမှာ သူ၏ အတွင်းစိတ်ထဲမှ ကမ္ဘာများကြောင့် နှစ်ကြိမ်ဆက်တိုက် အံ့ဩတုန်လှုပ်နေရပြီဖြစ်သည်။ ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ သူ့လက်နှစ်ဖက်စလုံးကို မြှောက်ကာ အမိန့်ပေးလိုက်၏။
” ကမ္ဘာတွေအားလုံး ပွင့်စေ ”
ထိုအခါ ဘေးပတ်ပတ်လည်တွင် ပေါက်ကွဲသံကြီးတစ်သံ ချက်ချင်းပင် ပဲ့တင်ထပ်သွားပြီး မိုးချုန်းသံများကဲ့သို့ အရပ်မျက်နှာအနှံ့ ပျံ့နှံ့သွား၏။ ထို့နောက် ရုတ်တရက်ဆိုသလို အက်ကွဲကြောင်းများ ပေါ်ပေါက်လာပြီး ထိုအက်ကွဲကြောင်းများမှာ တဖြည်းဖြည်းနှင့် ကြီးမားလာကြသောကြောင့် ထိုလူရိပ်ကြီး ဖွင့်ခဲ့သည့် အမှောင်ဂိုဏ်းကမ္ဘာကြီးနှင့် အဆုံးမဲ့မျိုးနွယ်စုရုပ်ထုကြီးရှိနေသည့် ကမ္ဘာကြီးမှာ ချက်ချင်းဆိုသလိုပင် ပေါ်ပေါက်လာတော့သည်။
အမှောင်ဂိုဏ်းကမ္ဘာထဲမှ ကြယ်များ၏ ကြောက်မက်ဖွယ်ရာ အငွေ့အသက်များနှင့် အဆုံးမဲ့မျိုးနွယ်စု၏ စွမ်းအားများ ပေါက်ကွဲထွက်ပေါ်လာကြသောအခါ မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးမှာ တုန်ရီသွား၏။ လူရိပ်ကြီးမှာ ၎င်းတို့ကြောင့် အသက်ရှုသံများ မတည်မငြိမ်ဖြစ်သွားရပြီး ထိုကမ္ဘာနှစ်ခုအား ရင်ဆိုင်နိုင်ရန် အဆင်သင့်မဖြစ်သေးခင်မှာပင် တတိယမြောက် ကမ္ဘာကြီး ပေါ်ပေါက်လာတော့သည်။
၎င်းမှာ ဧရာမစာလိပ်ကြီးတစ်ခု ရှိနေသော ကမ္ဘာကြီးဖြစ်သည်။ ထိုကမ္ဘာကြီး ပေါ်ပေါက်ချိန်တွင် လူရိပ်ကြီးမှာ ကလေးမလေးအား သတိထားမိသွားခြင်း မရှိပါသော်လည်း သူမ၏ အဖေဖြစ်သော ဆံပင်အဖြူရောင်နှင့် လူကြီးအား မြင်လိုက်ရသောအခါ ကြောက်ဒူးများ တုန်သွားရတော့သည်။ သူသည် အသံကုန်အော်ဟစ်လိုက်ပါသော်လည်း အသံတစ်သံမှ ထွက်ပေါ်လာခြင်းမရှိပေ။
” ရာဇဝတ်ကြယ်ပါလား… မဖြစ်နိုင်တာ… ဒါ… ဒါ ”
လူရိပ်ကြီးမှာ တစ်ကိုယ်လုံးတုန်ရီနေရပြီး အသံကုန်အော်ဟစ်နေမိတော့သည်။ သူ၏ နှလုံးသားထဲတွင်လည်း ခံစားချက်မျိုးစုံဖြင့် ဗြောင်းဆန်နေပြီ ဖြစ်သည်။
သူ၏ စကားများကြောင့် ဝမ်ပေါင်လဲ့မှာ အနည်းငယ်ခန့် အားသင့်သွားရ၏။ သို့သော် သူသည် မျက်တောင်တဖျတ်ဖျတ်ခပ်ကာ ချောင်းဟန့်လိုက်သည်။ ထိုအခါ သူ၏ အသိစိတ်မှာ သူ၏ အပြင်ခန္ဓာကိုယ်ပုံစံအဖြစ်သို့ ပြောင်းလဲသွားပြီး လက်နှစ်ဖက်ကို နောက်ပစ်ကာ တည်ကြည်စွာဆိုလိုက်၏။
” ဆရာက ကျွန်တော့် ယောက္ခမကြီးကို ပြောနေတာလား။ ကျွန်တော့် ယောက္ခမကြီးက တခြားလူတွေ သူ့ကို ရာဇဝတ်ကြယ်လို့ခေါ်ရင် ကြိုက်တာမဟုတ်ဘူးနော်။ ဆရာ သေချာမှတ်ထားဦး ”
” မင်း… မင်းရဲ့ ယောက္ခမကြီး ဟုတ်လား ” လူရိပ်ကြီးမှာ ထိုစကားကိုကြားလိုက်ရသောအခါ ဝမ်ပေါင်လဲ့ဘက်သို့ လှည့်လာပြီး သရဲတစ္ဆေတစ်ကောင်အား မြင်လိုက်ရသည့် မျက်နှာအမူအရာဖြင့် သူ့အား စိုက်ကြည့်နေမိတော့သည်။ သူသည် ဝမ်ပေါင်လဲ့၏ စကားများကို မယုံပါသော်လည်း ဝမ်ပေါင်လဲ့၏ အတွင်းစိတ်ကမ္ဘာကြီး၏ အကြောင်းနှင့်ပတ်သတ်၍ နားမလည်သေးသည့် အရာများစွာ ရှိနေသည်မဟုတ်ပါလော။ သို့သော် သူသည် နဂိုကတည်းက မည်သူ့ကိုမှ အယုံအကြည်မရှိသလို မည်သည့်အရာကိုမှလည်း ယုံကြည်ချင်စိတ်မရှိပေ။ ထို့ကြောင့် သူသည် အော်ဟစ်ကြိမ်းဝါးလိုက်၏။
” အမှောင်ဂိုဏ်းဆိုတာ ပြိုင်စံရှား အဖွဲ့စည်းတစ်ခုကွ။ သူက မင်းရဲ့ ဆရာ ဟုတ်လား။ ပြီးတော့ တာအိုနယ်မြေပဉ္စမအဆင့်ကို ရောက်နေတဲ့ အငွေ့အသက်ကြီးကလည်း မင်းရဲ့ ယောက္ခမကြီး ဟုတ်လား။ မင်း… ” ထိုလူရိပ်ကြီးမှာ စကားဆုံးအောင် မပြောနိုင်ခင်မှာပင် ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားရပြီး ဝမ်ပေါင်လဲ့အား ရီဝေဝေနှင့် စိုက်ကြည့်နေမိတော့သည်။
သူ ထိုသို့ အော်ဟစ်ကြိမ်းဝါးနေစဉ် ဝမ်ပေါင်လဲ့မှာ သူ၏ညာဘက်လက်အား မြှောက်ကာ ဝှေ့ယမ်းလိုက်၏။ ထိုအခါ သူ၏လက်ထဲတွင် အမှောင်မီးလုံးတစ်လုံး စုဝေးလာပြီး သူ၏ အတွင်းစိတ် ကမ္ဘာထဲမှ အေးစက်စက် အငွေ့အသက်ကြီးတစ်ခု ပေါ်ပေါက်လာတော့သည်။
” ဒါက အမှောင်မီးတောက်ပါ။ ဆရာက အမှောင်ဂိုဏ်းအကြောင်းကို သိနေမှတော့ အမှောင်မီးတောက်ကိုလည်း သိမှာပေါ့။ ဟုတ်တယ်မလား။ ကျွန်တော်နဲ့ ကျွန်တော့်ရဲ့ ချစ်သူကြားက ဆက်ဆံရေးကို ဆရာ သံသယဝင်နေတယ်ဆိုရင်တော့…. ” ဝမ်ပေါင်လဲ့မှာ ထိုသို့ဆိုလိုက်ပြီးနောက် တာအိုဂါထာတော်အား သူ၏စိတ်ထဲ၌ ရေရွတ်လိုက်တော့သည်။
သူ ထိုကဲ့သို့ စိတ်ထဲ၌ ရေရွတ်လိုက်သောအခါ စကြဝဠာကြီးထဲရှိ နက်ရှိုင်းသော နေရာတစ်ခုမှ ထိုးထွက်လာသည့်ပုံပေါ်သော အငွေ့အသက်ကြီးတစ်ခုမှာ နေအဖွဲ့အစည်းနှင့် ရှေးဟောင်း အစိမ်းရောင်ကြေးဓားကြီးတို့ကို ကျော်ဖြတ်ကာ ဝမ်ပေါင်လဲ့၏ အတွင်းစိတ်ကမ္ဘာထဲသို့ ရောက်ရှိလာတော့သည်။ ထို့နောက် ၎င်းမှာ ပတ်ဝန်းကျင်ကြီးတစ်ခုလုံးကို တုန်ရီသွားစေသောကြောင့် လူရိပ်ကြီးမှာ တုန်လှုပ်ချောက်ချားသွားရ၏။
ဝမ်ပေါင်လဲ့မှာ ထိုလူရိပ်ကြီး ဆွံ့အမှင်တက်နေရသည်ကို မြင်လိုက်ရသောအခါ စိတ်ကျေနပ်သွား၏။ သို့သော် သူသည် ဘာမှမဖြစ်သည့် အမူအရာဖြင့် ခေါင်းမော့လာ၏။ ထို့နောက် သူ၏လက်ကို ဝှေ့ယမ်းလိုက်သောအခါ နောက်ဆုံးကမ္ဘာကြီးအဖြစ်သို့ ပြောင်းလဲသွားတော့သည်။ သူ၏ နောက်ဆုံးကမ္ဘာကြီး ပေါ်ပေါက်လာပြီဖြစ်သောကြောင့် နှလုံးကြီးကိုပါ ထုတ်ပြရန် ဆုံးဖြတ်လိုက်သည်။ သူသည် ထိုလူရိပ်ကြီးမှာ ထိုနှလုံးကြီးကိုပါ သိနေမည်လောဟု စမ်းသပ်ကြည့်ချင်နေခြင်းဖြစ်သည်။
ထိုလူ့ရိပ်ကြီးမှာ ဝမ်ပေါင်လဲ့၏ လုပ်ရပ်အား ရိပ်မိလိုက်၏။ သူသည် ယခင်အကြိမ်များတုန်းကကဲ့သို့ အံ့ဩတုန်လှုပ်သွားရခြင်း မရှိပါသော်လည်း ခဏအကြာတွင် ဝမ်ပေါင်လဲ့၏ ပဉ္စမမြောက်ကမ္ဘာကြီး ပေါ်ပေါက်လာသဖြင့် စူးရှကျယ်လောင်စွာ အော်ဟစ်လိုက်ရတော့သည်။ သူ့လို အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက် ယခုကဲ့သို့ ကျယ်လောင်စွာအော်ဟစ်နေရသည်မှာ စိတ်ကူးနှင့်ပင်မှန်းဆကြည့်ရန် ခဲယဉ်းလွန်းလှပေသည်။
” ဒါ… ဒါ… တားမြစ်ထားတဲ့ အရာကြီးပဲ ” လူရိပ်ကြီးမှာ ကယောင်ချောက်ချားဖြစ်နေပြီး သူ၏ခန္ဓာကိုယ်ပေါ်တွင်ရှိနေသော ချပ်ဝတ်တန်ဆာကြီးမှာ ထိုပြင်းအားများကို တောင်ခံနိုင်စွမ်းမရှိတော့သဖြင့် တစ်စစီ ကွဲအက်သွား၏။ ထိုအခါ အလွန်အင်မတန်မှ ဖြူဆွတ်နေသည့် မျက်နှာကြီးတစ်ခုနှင့် မယုံကြည်နိုင်လောက်အောင် ဖြစ်နေသည့် မျက်ဝန်းတစ်စုံ ပေါ်ပေါက်လာတော့သည်။ သူသည် နောက်သို့လှည့်ကာ ထွက်ပြေးရန်ပြင်လိုက်ပါသော်လည်း သူ၏ခန္ဓာကိုယ်အား လှုပ်မိသွားသည့် အချိန်တွင် ထိုဧရာမ နှလုံးသားကြီးမှာ တုန်ရီသွား၏။ ထို့ကြောင့် လူရိပ်ကြီးမှာ ငိုမဲ့မဲ့ နှင့် အသားများ တဆတ်ဆတ်တုန်ရီလာရပြီး မလှုပ်ရဲဘဲ ငြိမ်သက်နေရတော့သည်။
ဝမ်ပေါင်လဲ့မှာ ထိုလူရိပ်ကြီး အလွန်အင်မတန်မှ ကြောက်ရွံ့နေသည်ကို မြင်လိုက်ရသဖြင့် တစ်ခဏမျှ အံ့အားသင့်သွားရ၏။ သို့သော် သူသည် မျက်တောင်တဖျတ်ဖျတ်ခပ်ကာ ချောင်းဟန့်လိုက်ပြီး ညာလက်သီးပေါ် ဘယ်လက်ဝါးတင်ကာ ထိုလူရိပ်ကြီးအား မေးလိုက်သည်။
” ဆရာ။ ကျွန်တော် ဆရာ့ကို ကျွန်တော့်ရဲ့ အတွင်းစိတ်ထဲက ကမ္ဘာတွေအကုန်လုံး ပြပြီးသွားပြီ။ ကျွန်တော့်ကို အဆင့်လေးပဲရှိတဲ့ လူတစ်ယောက်လို့ သဘောထားနေတုန်းပဲလား ”
” အ… အဆင့်တစ်လို့ သတ်မှတ်ပေးမယ် ” ထိုလူရိပ်ကြီးမှာ နှလုံးသားကြီး၊ ဧရာမ စာလိပ်ကြီး၊ အမှောင်ဂိုဏ်းကမ္ဘာကြီးနှင့် အဆုံးမဲ့မျိုးနွယ်စုတို့ ရှိနေသည့် နေရာများအား ဝေ့ဝိုက်ကြည့်ရှုကာ မျက်နှာရှုံ့မဲ့မဲ့နှင့် ပြန်ဖြေလိုက်၏။ သူသည် ထိုကဲ့သို့ ပြန်ဖြေရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။
” အခုလို ချီးကျူးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာ။ ဆရာပြောခဲ့တဲ့ နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာ ကျင့်ကြံခြင်းပညာရပ်နဲ့ ပတ်သတ်လို့က… ပထမတစ်ပိုင်းတည်းဆိုရင် နည်းနေသလားလို့ ”
” ရော့ရော့။ ဒီမှာ။ မင်း အကုန်ယူသွားလို့ရတယ် ” လူရိပ်ကြီးမှာ ငိုမဲ့မဲ့ ဖြစ်နေရတော့သည်။ သူသည် သူ၏ညာဘက်လက်အားမြှောက်ကာ မန္တန်လက်ကွက်အချို့ ဖော်လိုက်ပြီး လက်ညှိုးထိုးလိုက်၏။ ထိုအခါ အနီရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာကာ ဝမ်ပေါင်လဲ့ဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်လာပြီးနောက် သူ၏ အသိစိတ်နှင့် တစ်သားတည်း ပေါင်းစည်းသွားတော့သည်။
ဝမ်ပေါင်လဲ့မှာ ထို အမွေအနှစ်များအား လက်ခံနေစဉ် သူ၏အသိစိတ်မှာ တုန်ရီသွားရ၏။ ထို့နောက် သူ၏ အသိစိတ်ထဲ၌ အချက်အလက်ပေါင်းမြောက်များစွာ ချက်ချင်းပင် ပေါ်ပေါက်လာသဖြင့် သူ၏ အတွင်းစိတ်ကမ္ဘာများမှာ ၎င်းတို့အား ပြင်းအားများကို တောင့်ခံနိုင်စွမ်းမရှိတော့ဘဲ တစ်စစီ လွင့်ပါးပျောက်ကွယ်သွားကြတော့သည်။ ထိုကမ္ဘာများ ပျောက်ကွယ်သွားသောအခါ လူရိပ်ကြီးမှာလည်း လွတ်မြောက်သွား၏။ သူသည် သနားစရာကောင်းသော မျက်နှာအမူအရာဖြင့် နောက်သို့လှည့်လာပြီး ဝမ်ပေါင်လဲ့အား ဒေါသတကြီးနှင့် စိုက်ကြည့်နေလိုက်၏။ ထို့နောက် သူသည် ခိုကိုးရာ မဲ့နေသောကြောင့် ကြောက်လန့်တကြားနှင့် ထွက်ခွာသွားတော့သည်။
သူသည် သူ၏ အမွေအနှစ်အားလုံးကို လွယ်လွယ်ကူကူနှင့် လွှဲပြောင်းပေးခဲ့ရသည့်အတွက် မပျော်မရွှင်ဖြစ်နေရ၏။ နှစ်ပေါင်းများစွာ ကုန်ဆုံးသွားခဲ့သည့်တိုင်အောင် သူသည် ထိုအမွေအနှစ်များအားလုံးကို ယခုမှသာ ပထမဆုံးအကြိမ်အဖြစ် လွှဲပြောင်းခဲ့သည် မဟုတ်ပါလော။ သို့သော် သူသည် ဝမ်ပေါင်လဲ့၏ နောက်ကြောင်းရာဇဝင်အား ပြန်၍စဉ်းစားမိလိုက်သောအခါ သက်ပြင်းသာ ချမိလိုက်၏။ သူသည်ထိုကောင်လေးအား ရွေးချယ်မိခဲ့သည်ကို နောင်တရနေတော့သည်။
” ငါက ပုံရိပ်ယောင်လေးတစ်ခုပါကွာ။ အခုလို အနိုင်ကျင့်နေရတယ်လို့ ”
ထိုလူရိပ်ကြီးမှာ သူ့ကိုယ်သူ စိတ်မကောင်းဖြစ်နေရင်း တဖြည်းဖြည်းနှင့် ပျောက်ကွယ်သွားတော့သည်။ ဝမ်ပေါင်လဲ့၏ အသိစိတ်ထဲသို့ အမွေအနှစ်များ ဝင်ရောက်လာနေစဉ် သူ၏ အတွင်းစိတ် ကမ္ဘာကြီးများမှာလည်း အဆက်မပြတ် လွင့်ပါးပျောက်ကွယ်သွားနေ၏။ အရာအားလုံးမှာ ဟင်းလင်းပြင်ကြီးတစ်ခုအသွင် ပြောင်းလဲသွားသည်။ ဝမ်ပေါင်လဲ့တစ်ယောက်သာ အမွေအနှစ်များနှင့် အဆက်မပြတ်ပေါင်းစည်းနေရင် ကျန်ရစ်ခဲ့၏။ ထိုသို့ဖြင့် အချိန်များ ဖြေးညင်းစွာ ကုန်လွန်သွားသည်။ အချိန်မည်မျှမှန်းမသိ ကုန်ဆုံးသွားပြီးနောက် သူ၏အပြင်ခန္ဓာကိုယ် လဲလျောင်းနေသောနေရာ၏ အထက်ရှိ ကောင်းကင်ယံထဲမှ အမှောင်ခြုံလွှာကြီးမှာ ပျောက်ကွယ်သွားပြီး အနီရောင် အက်ကွဲကြောင်းကြီးသုံးခု ပြန်လည်ပေါ်ပေါက်လာ၏။ ထို့နောက် ခပ်မှိန်မှိန် အလင်းရောင်များ အနက်ရောင်မြေပြင်ကြီးပေါ်သို့ ကျရောက်လာပြီး သတိမေ့မျောနေသည့် သူတို့သုံးယောက်ပေါ်သို့ ဖြာကျလာချိန်တွင် ဝမ်ပေါင်လဲ့မှာ တစ်ကိုယ်လုံးတုန်ရီသွားပြီး တဖြည်းဖြည်းချင်း မျက်လုံးများပွင့်လာတော့သည်။
သူသည် အစပိုင်းတွင် မိန်းမောတွေဝေနေပါသော်လည်း ခဏအကြာတွင် မတ်တတ်ထလာ၏။ ထို့နောက် သူ၏ ဘေးပတ်ဝန်းကျင်အား အကဲခတ်ကြည့်လိုက်သောအခါ ယခင်တုန်းက ရှိနေခဲ့သည့် နယ်မြေကြီးထဲတွင်သာ ရှိနေဆဲဖြစ်ကြောင်း သိလိုက်ရ၏။ သို့သော် တရားထိုင်နေကြသည့် လူရိပ်များ မရှိကြတော့ပေ။ သူသည် ကျိုးရိဖန်းနှင့် ကျောက်ယမုန့်တို့အား လှမ်းကြည့်လိုက်ပြီးနောက် သူတို့နှစ်ယောက်မှာ သတိမေ့မျောနေရုံမှတစ်ပါး အကောင်းပတိအတိုင်း ရှိနေသေးသည်ကို သိလိုက်ရသဖြင့် စိတ်အေးသွားရပြီး သက်ပြင်းချမိလိုက်၏။ ထို့နောက် သူသည် သူ သတိလစ်သွားခဲ့ပြီးနောက် သူ၏အသိစိတ်ထဲ၌ ကြုံတွေ့ခံစားခဲ့ရသည့် အရာများနှင့်ပတ်သတ်၍ စဉ်းစားတွေးတောနေမိတော့သည်။ ခဏအကြာတွင် သူ၏မျက်နှာအမူအရာမှာ အထူးတဆန်းဖြစ်သွား၏။
” နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာ… ” ဝမ်ပေါင်လဲ့မှာ တိုးတိုးလေးရေရွတ်လိုက်၏။ လက်ရှိတွင် သူ၏ အသိစိတ်ထဲ၌ ထို နတ်ဘုရားကြီး၏ အမွေအနှစ်တစ်ခုလုံး ရှိနေပြီဖြစ်သည်။ သူ ထိုအကြောင်း တွေးတောနေစဉ်မှာပင် ကျောက်ယမုန့်မှာလည်း ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားပြီး မျက်လုံးများပွင့်လာ၏။ သူမ လဲလျောင်းနေရာမှ ထလာပြီးနောက် သူမ၏ မျက်ဝန်းများထဲ၌ ရီဝေဝေဖြစ်နေသည့် အကြည့်များကို မြင်နိုင်ပေသည်။ ကျိုးရိဖန်း သတိပြန်ရလာသည့်အချိန်တွင်လည်း ထိုနည်းတူပင်။
အချိန်အတော်အတန် ကုန်ဆုံးသွားပြီးနောက် သူတို့သုံးယောက်မှာ တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြရင်း နောက်ဆုံးတွင် ဝမ်ပေါင်လဲ့မှာ မနေနိုင်တော့သဖြင့် တိုးတိုးလေးမေးလိုက်တော့သည်။
” မင်းတို့တွေ… အမွေအနှစ်တွေကို ရခဲ့လား ”
” ငါက လက်နက်သင်္ချိုင်းတောင်ကုန်းကြီးတစ်ခု ရှိနေတဲ့ အိပ်မက်ကြီးတစ်ခုထဲ ရောက်သွားသလို ခံစားခဲ့ရတာ။ အဲဒီနေရာမှာ ငါက ဆရာတစ်ယောက်ကို ရှာတွေ့ခဲ့တယ်။ ငါ့ရဲ့ဆရာက ငါ့ကို ကျင့်ကြံခြင်းပညာရပ်တစ်ခု လွှဲပြောင်းပေးခဲ့တာ… ” ကျိုးရိဖန်းမှာ တစ်ခဏမျှ နှုတ်ဆိတ်နေလိုက်ပြီးနောက် တိုးတိုးလေး ဆိုလိုက်၏။ သူ၏မျက်ဝန်းများထဲတွင် ဇဝေဇဝါဖြစ်နေသည့် အရိပ်အယောင်များ ကျန်ရှိနေဆဲပင်။
” ငါ့ဆရာ ငါ့ကို ပေးခဲ့တဲ့ ကျင့်ကြံခြင်းပညာရပ်ကို ငါ မှတ်မိတယ်။ အဲဒီ ပညာရပ်ကို…. နတ်ဘုရားလက်နက် အသွင်ပြောင်းပညာရပ် ကိုးဆင့်လို ခေါ်တာ။ ဒါပေမဲ့ ငါ့ရဲ့ ဆရာက ငါ့ကို အဆင့်သုံးဆင့်ပဲ ပေးခဲ့တာ ” ကျိုးရိဖန်းမှာ ထိုသို့ ဆိုလိုက်ပြီးနောက် မျက်ဝန်းများ ကြည်လင်သွားပြီး အသက်ရှူသံများ မြန်ဆန်လာတော့သည်။ ထို့နောက် သူသည် ဝမ်ပေါင်လဲ့နှင့် ကျောက်ယမုန့်တို့အား စိုက်ကြည့်နေလိုက်၏။
ကျောက်ယမုန့်မှာ တစ်စုံတစ်ခုကို ပြန်လည်စဉ်းစားနေသည့် အမူအရာဖြင့် သူမ၏နဖူးအား ပွတ်လိုက်၏။ တစ်အောင့်ခန့်အကြာတွင် သူမသည်လည်း ခေါင်းညိတ်ကာ တိုးတိုးလေးပြန်ဖြေလိုက်သည်။
” ငါလည်း အတူတူပဲ။ အာကာသကြီးထဲက မီးပင်လယ်ကြီးထဲမှာ ငါက သူ့ကိုယ်သူ ဘေးဒုက္ခမိုးကောင်းကင်လို့ခေါ်တဲ့ ဧရာမ ရှေးဟောင်းသစ်ပင်ကြီးတစ်ပင်နဲ့ ကြုံခဲ့ရတာ။ သူက ငါ့ကို သူ့ရဲ့တပည့်အဖြစ် လက်ခံပေးခဲ့ပြီးတော့ ဘေးဒုက္ခမိုးကောင်းကင် မန္တန်အစီအရင်ကြီးကို ငါ့ဆီ လွှဲပြောင်းပေးခဲ့တာ ”
” ဒါပေမဲ့ အဲဒီ မန္တန်အစီအရင်ကြီးကလည်း တစ်ဝက်တစ်ပျက်ပဲ ရှိသေးတယ် ” ကျောက်ယမုန့်မှာ ထိုသို့ဆိုလိုက်ပြီးနောက် သူမ၏မျက်ဝန်းများထဲ၌ ထူးဆန်းသော အလင်းရောင်တစ်ခု ပေါ်ပေါက်လာ၏။ သူမသည် ထိုအမွေအနှစ်များအား လက်ခံရရှိခဲ့ပြီးနောက် သူမ၏ စွမ်းအင်များမှာလည်း ပြောင်းလဲသွားခဲ့သည့်ပုံပင်။ သူမ၏ ကျင့်ကြံခြင်းအဆင့်ပင်လျှင် ဖောက်ထွက်သွားနိုင်ခဲ့သဖြင့် ယခုတွင် သူမသည် အမြုတေအဆင့်သို့ ရောက်ရန် အနည်းငယ်မျှသာ လိုတော့သည်ဖြစ်သည်။
” ဒီနေရာကြီးက… အန္တရာယ်နယ်မြေကြီး မဟုတ်ဘဲ အမွေအနှစ် နယ်မြေကြီး ဖြစ်နေတာပဲ ” နောက်ဆုံးတွင် ကျောက်ယမုန့်မှာ အသက်ပြင်းပြင်းရှူလိုက်ပြီး ဖြည်းဖြည်းချင်း ဆိုလိုက်တော့သည်။