Switch Mode

အခန်း (၅၂၉)

ထိတ်လန့်ကြောက်ရွံ့သွားရပါသော

ဝမ်ပေါင်လဲ့မှာ သူ၏ရှေ့‌၌ ရှိနေသည့် ဧရာမနှလုံးကြီးအား မယုံကြည်နိုင်လောက်အောင်ဖြစ်နေသော မျက်ဝန်းများဖြင့် စိုက်ကြည့်ရင်း ရီဝေဝေဖြစ်လာရတော့သည်။ ထိုအာကာသကြီးထဲတွင် ၎င်းနှင့် နှိုင်းယှဉ်ကြည့်ရန် အခြားအရာများ ရှိမနေပါသော်လည်း ၎င်း၏ အရွယ်အစားမှာ ကမ္ဘာဂြိုဟ်၏ တစ်ဝက်ခန့် ရှိနေမည်ဖြစ်ကြောင်း ဝမ်ပေါင်လဲ့က အာရုံခံမိနေသည်။

ထိုမျှလောက် အံ့ဩတုန်လှုပ်ဖွယ်ကောင်းလောက်အောင် ကြီးမားနေသော နှလုံးကြီး သူ၏ရှေ့၌ ရှိနေသောကြောင့် ဝမ်ပေါင်လဲ့မှာ သူ့ကိုယ့်သူ မယုံကြည်နိုင်လောက်အောင်ဖြစ်နေရပြီ ၎င်းမှာ သူ၏ ဝါးမျိုခြင်းသစ်စေ့ ဖြစ်ရမည်ဟု စိတ်ထဲ၌ ခံစားမိနေ၏။ ပို၍ တိတိကျကျ ဆိုရမည်ဆိုလျှင် ထိုနှလုံးကြီးထဲမှ ထွက်ပေါ်လာသည့် အငွေ့အသက်များမှာ ဝါးမျိုခြင်းသစ်စေ့၏ အငွေ့အသက်များနှင့် ဆင်တူနေခြင်းဖြစ်သည်။

” ငါက ဘယ်နေရာကို ရောက်နေတာလဲဟ။ သွေးလေချောက်ချားနေတာများလား။ ကမ္ဘာတွေအများကြီး ရှိနေပြီးတော့ အဲဒီကမ္ဘာတွေထဲမှာ ငါ့ရဲ့စိတိကူးထဲက အရာတွေအကုန်လုံး ရှိနေတာပဲ ” ဝမ်ပေါင်လဲ့မှာ အချိန်အတော်အတန်ကြာအောင် ရီဝေဝေ ဖြစ်နေပြီးနောက် ဤကမ္ဘာကြီးထဲတွင် ထိုနှလုံးကြီးမှလွဲ၍ အခြား မည်သည့်အရာမှ ရှိမနေသည်ကို သိလိုက်ရသည်။ သူသည် အချိန်အတော်အတန်ကြာအောင် ဆက်လက်ရှာဖွေနေလိုက်ပြီးနောက် ဆဋ္ဌမမြောက် ကမ္ဘာကြီး မရှိတော့ကြောင်း သေချာသွားသောအခါမှ ပဉ္စမမြောက် ကမ္ဘာကြီးထဲ၌ လှည့်လည်သွားလာရင်း ထွက်ပေါက်များကိုရှာဖွေနေတော့သည်။

သို့သော် အချိန်အတော်အတန် ကုန်ဆုံးပြီးသွားသည့်တိုင်အောင် သူသည် ထွက်ပေါက်တစ်ပေါက်မှ ရှာမတွေ့ခဲ့ပေ။ ထိုသို့ဖြင့် အချိန်များကုန်လွန်သွားပြီး ဝမ်ပေါင်လဲ့မှာ သူ ထိုကမ္ဘာကြီးထဲ၌ ရောက်နေခဲ့သည်မှာ အချိန်မည်မျှခန့် ရှိနေပြီဖြစ်ကြောင်း ခန့်မှန်းနိုင်စွမ်းမရှိတော့ပေ။ သူသည် ဖက်တီးများဖြင့် ပြည့်နှက်နေသည့် ကမ္ဘာကြီးဆီသို့ ပြန်ရောက်လာသောအခါ ကွဲပြားခြားနားချက်တစ်ခုကို မြင်လိုက်ရ၏။

ကောင်းကင်ယံကြီးထဲရှိ ဟင်းလင်းပြင်ကြီးနှင့် အာကာသကြီးထဲမှ လူရိပ်ကြီးတစ်ခုမှာ တဖြည်းဖြည်း‌နှင့် အောက်သို့ဆင်းသက်လာ၏။ ထိုလူကြီးမှာ အရပ်မြင့်မားကာ ခန္ဓာကိုယ် တောင့်တင်းခိုင်မာပြီး နဂိုမူလတုန်းက လေထဲ၌ ရစ်ဝဲနေခဲ့၏။ သို့သော် သူ ကောင်းကင်ပေါ်မှနေ၍ အောက်သို့ တဖြည်းဖြည်း ဆင်းလာသောအခါ သူ၏ ခန္ဓာကိုယ်မှာ ပို၍ပင် ထင်ရှားပြတ်သားလာတော့သည်။

၎င်းမှာ အနက်ရောင်ဆံပင်များ လေထဲ၌ တလူလူလွင့်နေ‌သည့် သက်လတ်ပိုင်းလူကြီးတစ်ယောက် ဖြစ်သည်။ သူသည် အလွန်အင်မတန်မှ ရုပ်ရည်ချောမောခံ့ညားသလို ဉာဏ်ပညာထက်မြက်သည့်ပုံလည်း ပေါ်ပြီး ခက်ထန်တင်းမာသော မျက်နှာအမူအရာတစ်ခုကို ပိုင်ဆိုင်ထားသည်။ ထို့ကြောင့် သူ၏ပုံစံမှာ အလွန်အင်မတန်မှ ဩဇာညောင်းသည့်ပုံ ပေါက်နေ၏။

ဝမ်ပေါင်လဲ့မှာ ထိုလူကြီးအားမြင်လိုက်ရသည်နှင့် သူ၏ အသိစိတ်မှာ တုန်ရီသွားရ၏။ သူသည် နေမင်းကြီး၏ရှေ့သို့ ရောက်သွားသော မီးတောက်ငယ်လေးတစ်ခုအဖြစ် ခံစားလိုက်ရသည်။ သူတို့နှစ်ယောက်၏ ကြားမှ စွမ်းအားအဆင့်အတန်းမှာ မိုးနှင့်မြေလို ကွာခြားနေသောကြောင့် ထိုလူကြီးမှာ လေတစ်ချက်မှုတ်လိုက်ရုံဖြင့် သူ့အား ချေမှုန်းဖျက်ဆီးပစ်နိုင်စွမ်း ရှိနေလိမ့်မည်ဟု ဝမ်ပေါင်လဲ့က ခံစားနေမိတော့သည်။

ထို သက်လတ်ပိုင်းလူကြီးမှာ ရှေ့သို့လျှောက်လှမ်းလာပြီး ဝမ်ပေါင်လဲ့အား စိန်းစိန်းဝါးဝါး စိုက်ကြည့်နေသောကြောင့် သူသည် အလွန်အင်မတန်မှ အံ့ဩတုန်လှုပ်သွားရ၏။ ထို့နောက် သူသည် ဖက်တီးများဖြင့် ပြည့်နှက်နေသောကမ္ဘာကြီးအား အကဲခတ်ကြည့်လိုက်ပြီးနောက် မကျေမနပ်ဖြစ်နေသည့် အမူအရာဖြင့် မျက်မှောင်ကြုတ်သွားတော့သည်။

” မင်းရဲ့ အတွင်းစိတ်ထဲက ကမ္ဘာကြီးက တော်တော်ကိုထူးဆန်းတဲ့‌ နေရာပဲ။ မင်းကို အဆင့်လေးလို့ သတ်မှတ်ရင်တောင် ငါ့ဘက်က သနားမိသွားလို့ပဲ ဖြစ်မှာ။ ငါက စောင့်ရတာ စိတ်မရှည်တော့လို့သာ မင်းကို ရွေးခဲ့ရတာ။ တကယ်တမ်းဆိုရင် ငါက မင်းလို အဆင့်လေး အမှိုက်ကောင်မျိုးကို လုံးဝလှည့်ကြည့်မှာတောင် မဟုတ်ဘူး ”

ဝမ်ပေါင်လဲ့မှာ အစပိုင်းတွင် ရီဝေဝေ ဖြစ်နေခဲ့ပါသော်လည်း ထိုစကားကိုကြားလိုက်ရသောအခါ မျက်တောင်တဖျတ်ဖျတ် ခပ်မိသွားပြီ စိတ်ထဲတွင်ကျိတ်၍ ကျိန်ဆဲမိလိုက်၏။ သို့သော် အပြင်ပန်းတွင်မူ သူသည် ဇဝေဇဝါဖြစ်နေသည့်ပုံ ဆက်လက်ဟန်ဆောင်နေလိုက်ပြီးနောက် ခေါင်းမော့ကာ ထိုသက်လတ်ပိုင်းလူကြီးအား စိုက်ကြည့်နေလိုက်တော့သည်။

” သေချာကြည့်စမ်း ” ထိုသက်လတ်ပိုင်းလူကြီးမှာ နှာမှုတ်ကာ မျက်မှောင်ကြုတ်သွားပြီး စိတ်မရှည်တော့သည်လေသံဖြင့် ညာဘက်လက်အား မြှောက်လိုက်၏။ ထိုအခါ သူ၏ညာဘက်လက်ထဲမှ သွေးရောင်အလင်းရောင်တစ်ခု ချက်ချင်းပင်ပေါ်ပေါက်လာသည်။ ၎င်းမှာ မျက်စိကျိန်းစရာကောင်းလောက်အောင် တောက်ပနေပြီး ကမ္ဘာကြီးတစ်ခုလုံးကို နီမြန်းသွားစေ၏။ အဝေးမှ ကြည့်လိုက်မည်ဆိုပါက သူ၏ ညာဘက်လက်ကြီးမှာ သွေးရောင်နေမင်းကြီး တစ်စင်းအဖြစ် ပြောင်းလဲသွားသည်ကို မြင်နိုင်ပေသည်။

ထိုကဲ့သို့ သွေးရောင်အလင်းရောင်များ တောက်ပနေစဉ် ၎င်း၏ အတွင်းပိုင်းထဲမှ အဖြူရောင် ချပ်ဝတ်တန်ဆာတစ်ခု ပေါ်ပေါက်လာပြီး ထိုလူကြီး ညာဘက်လက်အား ဖုံးအုပ်သွား၏။ ထို့နောက် ၎င်းမှာ တဖြည်းဖြည်းနှင့် သူ၏ လက်မောင်းပေါ်အထိ ပျံ့နှံ့လာပြီးနောက် သူ၏ ရင်ဘတ်၊ ခါးနှင့် ဘယ်လက်လက်တို့ကို ဖုံးအုပ်သွားတော့သည်။

ထိုမျှလောက်နှင့် ရပ်တန့်မသွားသေးပေ။ ၎င်းမှာ ဆက်လက်ပျံ့နှံ့လာသဖြင့် နောက်ဆုံးတွင် သူ၏ ခြေထောက်နှစ်ဖက်စလုံးနှင့် သူ၏ ဦးခေါင်းတို့ကိုပင် ဖုံးအုပ်သွားတော့သည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့၏ ရှေ့တွင် စစ်ပွဲနတ်ဘုရားကြီးတစ်ပါးနှင့်တူပြီး ဟိတ်ဟန်အပြည့်ရှိသော ပုံရိပ်ကြီးတစ်ခု ပေါ်ပေါက်လာတော့သည်။

သူ၏ ခန္ဓာကိုယ်တစ်ခုလုံးအား ဖုံးအုပ်ထားသည့် ချပ်ဝတ်တန်ဆာကြီးမှာ တဒုတ်ဒုတ်ခုန်နေသည့် သွေးကြောပေါင်းမြောက်မြားစွာဖြင့် ပြည့်နှက်နေသည်။ ထို့ကြောင့် ၎င်းမှာ အလွန်အင်မတန်မှ ကြောက်စရာကောင်းနေပြီး သူ၏ခန္ဓာကိုယ်ထဲမှ မိုးကောင်းကင်ကြီးကို ချေမှုန်းကာ အာကာသကြီးတစ်ခုလုံးအား ဖိနှိပ်နိုင်စွမ်းရှိသော စွမ်းအားတစ်ခု ထွက်ပေါ်နေတော့သည်။

ထိုစွမ်းအားကြီးမှာ အားကောင်းလွန်းလှသောကြောင့် ထိုကမ္ဘာကြီးတစ်ခုလုံးမှာ မှုန်ဝါးဝါး ဖြစ်သွားရပြီး မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့မှာလည်း အရောင်များ မှေးမှိန်သွားရ၏။ သူသည် စကြဝဠာကြီးတစ်ခုလုံး၏ အရှင်သခင်ကြီး ဖြစ်နေသကဲ့သို့ပင်။ အလွန်အင်မတန်မှ ဖိနှိပ်အားကောင်းသည့် အငွေ့အသက်တစ်ခုမှာ မိုးကောင်းကင်ပေါ်သို့ မြင့်တက်သွား၏။ ထိုအချိန်တွင် ထိုသက်လတ်ပိုင်းလူကြီးမှာ လက်သီးနှစ်ဖက်ကိုဆုပ်ကာ ရှေ့သို့ ထိုးနှက်လိုက်၏။ ထိုအခါ ဝမ်ပေါင်လဲ့၏ ဖက်တီးကမ္ဘာကြီးမှာ တစ်စစီ ကြေမွပျက်စီးသွားရတော့သည်။ ထိုကမ္ဘာကြီးထဲတွင်ရှိနေသော အဆောက်အဦများနှင့် သက်ရှိများအားလုံးမှာ မျက်စိတစ်မှိတ်အတွင်းတွင် ပြာပုံဘဝသို့ ရောက်သွားကြ၏။ သူရှိနေသည့် ကမ္ဘာကြီးပင်လျှင် ချက်ချင်းဆိုသလိုပင် ပျက်စီးသွားပြီး အာကာသတွင်းနက်ကြီးတစ်ခုအသွင် ပြောင်းလဲသွားတော့သည်။

ဝမ်ပေါင်လဲ့မှာ ထိုကဲ့သို့ အလွန်အင်မတန်မှ အစွမ်းထက်လွန်းနေသည့် လူရိပ်ကြီးနှင့် အာကာသတွင်းနက်ကြီးတို့အား စိုက်ကြည့်ရင်း တုန်လှုပ်ချောက်ချားနေပြီဖြစ်သည်။ ထိုကမ္ဘာကြီးထဲ၌ သူ၏ အသိစိတ်တစ်ခုသာ ကျန်ရှိနေသည့်တိုင်အောင် သူသည် တစ်ကိုယ်လုံး ထုံကျဥ်သွားသလို ခံစားလိုက်ရသည်။

” ဆရာ… ”

” ပါးစပ်ပိတ်ထားစမ်း ” ထို ကြောက်မက်ဖွယ်ရာ လူရိပ်ကြီးမှာ မောက်မာဝင့်ကြွားစွာ ကြိမ်းဝါလိုက်ပြီး သူ၏ညာဘက်လက်အား မြှောက်ကာ ဝမ်ပေါင်လဲ့အား လက်ညှိုးထိုးလိုက်၏။

” ငါ မင်းကို စကားပြောခွင့်မပေးမချင်း တစ်ခွန်းမှ မဟနဲ့။ ငါ့မှာ တခြားရွေးချယ်စရာ မရှိတော့လို့သာ။ နို့မို့ဆိုရင် ငါက မင်းလို ပျော့တီးပျော့ဖတ်ကောင်မျိုးကို ရွေးမှာမဟုတ်ဘူး။ သေချာနားထောင်။ ငါ မင်းကို အရိုးချပ်ဝတ်တန်ဆာလို့ခေါ်တဲ့ ပဏာမအမွေအနှစ်တစ်ခု ပေးခဲ့မယ် ”

” ဒီ အ‌မွေအနှစ်က နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာရဲ့ ပထမအပိုင်းပဲ။ မင်း ကျန်တဲ့အပိုင်းတွေကို ထပ်ပြီးတော့လိုချင်ရင် လက်ဆောင်ပဏ္ဏာတွေ လုံလုံလောက်လောက်ဆက်သမှ ရမယ်။ ဒါပေမဲ့ မင်းလို အဆင့်လေးမှာပဲရှိတဲ့ လူတစ်ယောက်ရဲ့ အစွမ်းအစတွေနဲ့ဆိုရင် ဒီအမွေအနှစ်ရဲ့ ပထမအပိုင်းကို အောင်အောင်မြင်မြင် လေ့ကျင့်နိုင်ရင်ကိုပဲ အံ့ဩစရာ ကောင်းနေပါပြီ။ အမှိုက်လိုကောင် ” ထို လူရိပ်ကြီးမှာ အထင်အမြင်သေးကာ စိတ်မရှည်သည့်လေသံ ပေါက်နေ၏။ သူသည် လွန်ခဲ့သောနှစ်ပေါင်းများစွာတုန်းက ကျယ်ပြန့်တာအိုနန်းတော်၏ ဘိုးဘေးကြီးများအား ကတိပေးခဲ့သောကြောင့် ထိုနေရာ၌ ကျန်ရစ်နေခဲ့ရပြီး အမွေအနှစ်အား လွှဲပြောင်းပေးရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိပေ။ နှစ်ပေါင်းများစွာ ကုန်ဆုံးသွားခဲ့ပြီးနောက် သူသည် သူ၏ အမွေအနှစ်အချို့အား အမှန်တကယ် လွှဲပြောင်းပေးခဲ့ပါသော်လည်း အပြီးအထိ လွှဲပြောင်းပေးခြင်း မရှိသေးပေ။

သူသည် အများဆုံးအနေဖြင့် ယခုလို သူ၏ အမွေအနှစ် ပထမအပိုင်းကိုသာ လွှဲပြောင်းပေးခဲ့၏။ သို့သော် သူသည် သက်ရှိများအားလုံးကို အဆင့်လေးတွင်သာရှိသော အမှိုက်သရိုက်များအဖြစ် သတ်မှတ်ထားခြင်းဖြစ်သည်။ ထို အမွေအနှစ်၏ နောက်ဆုံးအပိုင်းများကို ရယူချင်ပါက လက်ဆောင်ပဏ္ဏာများ ဆက်သရမည်ဖြစ်သည်။ အကယ်၍ ထိုလူကြီးမှာ စိတ်ကြည်လင်သည်ဆိုပါက နောက်ဆုံးအပိုင်းများကို ထုတ်ပေးလေ့ရှိပါသော်လည်း မည်မျှပင် စိတ်ကြည်လင်နေစေကာမူ ထိုအပိုင်းများအား အပြည့်အဝ လွှဲပြောင်းပေးခြင်းမရှိပေ။

သူသည် အခြားသူများအား ဆက်ဆံခဲ့သည့်အတိုင်း ဝမ်ပေါင်လဲ့ကို ဆက်ဆံနေခြင်းဖြစ်သည်။ လွန်ခဲ့သည့် နှစ်ပေါင်းများစွာအတွင်းတွင် ကျယ်ပြန့်တာအိုနန်းတော်မှ ထိပ်သီးအဆင့် ဂိုဏ်းသားများပင်လျှင် သူ၏ ရွေးချယ်မှုကို ခံခဲ့ရပြီးနောက် ပထမဦးဆုံးအနေနှင့် သူ၏ ဆူပူကြိမ်းမောင်းမှုများကိုသာ ခံခဲ့ရသည် ဖြစ်သည်။ ထိုအချင်းအရာများကိုကြည့်လျှင် သူ၏ ရက်စက်ယုတ်မာမှုများကို သိမြင်နိုင်ပေသည်။ ထို့အပြင် သူသည် ကျယ်ပြန့်တာအိုနန်းတော်အပေါ် ထားရှိသည့် သူ၏ မကျေနပ်ချက်များကို ထိုနည်းလမ်းဖြင့် ထုတ်ဖော်ပြသနေခြင်းဖြစ်သည်။

ကျယ်ပြန့်တာအိုနန်းတော်၏ ဂိုဏ်းသားများ အားလုံးမှာလည်း ထိုအချက်အား သိထားကြပြီးဖြစ်သည်။ ထို့ကြောင့် သူတို့မှာ ထိုလူကြီးနှင့် ဆုံတွေ့ပြီးသည့်အချိန်တွင် နှုတ်ဆိတ်နေကြပြီး သူ့အား ရန်မစခဲ့ကြပေ။ သို့သော် ဝမ်ပေါင်လဲ့မှာ ထိုအကြောင်းကို မသိထားသဖြင့် ယခုတွင် အလွန်အင်မတန်မှ မကျေမချမ်း ဖြစ်နေရ၏။ သို့သော်လည်း ထိုလူကြီးမှာ အလွန်အင်မတန်မှ အစွမ်းထက်သောကြောင့် သူသည် ထိုလူကြီးအား ယှဉ်ပြိုင်တိုက်ခိုက်နိုင်လိမ့်မည် မဟုတ်ကြောင်းကို နားလည်ထားပေသည်။ သို့သော်ငြားလည်း သူသည် အလျှော့မပေးလိုသောကြောင့် ညာလက်သီးပေါ် ဘယ်လက်ဝါးတင်ကာ ဦးညွှတ်၍ ထိုလူကြီးအား ဂါရဝပြုလိုက်ပြီးနောက် ရိုသေလေးစားမှုအပြည့်ရှိသော လေသံဖြင့် ဆိုလိုက်၏။

” ဆရာ။ ကျွန်တော့်ရဲ့ အသိစိတ်ထဲမှာ ဒီကမ္ဘာကြီးတစ်ခုပဲ ရှိတာမဟုတ်ပါဘူး။ တခြားကမ္ဘာတွေလည်း ရှိသေး… ”

” ငါ မင်းကို စကားပြောခွင့်ပေးလို့လား ” သူ၏ရှေ့တွင်ရှိနေသော လူရိပ်ကြီးမှာ ကြားဖြတ်ဝင်ပြောလိုက်ပြီး သူ၏ ညာဘက်လက်အား ဝှေ့ယမ်းလိုက်၏။ ထိုအခါ အားပြင်းသော စွမ်းအားတစ်မျိုး ချက်ချင်းဆိုသလိုပင် ပေါ်ပေါက်လာပြီး အသံကျယ်ကြီးတစ်သံ ထွက်ပေါ်လာသဖြင့် ဝမ်ပေါင်လဲ့၏ အသိစိတ်မှာ တုန်ရီသွားရပြီး သူသည် နောက်သို့ ဆုတ်ခွာမိသွားတော့သည်။ သူသည် လေမုန်တိုင်းကြီးတစ်ခုထဲသို့ ရောက်သွားသကဲ့သို့ ဖြစ်သွားပြီး ခန္ဓာကိုယ်တစ်ခုလုံး တစ်စစီဆုတ်ပြဲသွားတော့မည်အလား ခံစားလိုက်ရ၏။ ထို့ကြောင့် သူသည် နှလုံးသားထဲ၌ သတ်ဖြတ်လိုစိတ်များ တဖွားဖွားပေါ်ပေါက်လာပါသော်လည်း မဖြစ်နိုင်မှန်းသိသဖြင့် ထိုစိတ်များအား ချုပ်တည်းထားလိုက်ရပြီး စကားတစ်ခွန်းမှမပြောဘဲ ခေါင်းငုံ့ထားလိုက်တော့သည်။

” မကျေနပ်ဘူးလား ” လေထဲတွင် ရပ်နေသော လူရိပ်ကြီးမှာမူ ဝမ်ပေါင်လဲ့အား အေးစက်စက်မျက်ဝန်းများဖြင့် စိုက်ကြည့်ကာ အထင်သေးသည့်လေသံဖြင့် ရယ်မောနေတော့သည်။

” မင်းရဲ့ အသိစိတ်ထဲမှာ ကမ္ဘာကြီး တစ်ခုထက်မက ရှိနေတော့ရော ဘာလုပ်ရမှာလဲ… မင်း မကျေနပ်ဘူးဆိုရင် ငါ အဲဒီကမ္ဘာကြီးတွေကို တစ်ခုချင်းစီ လိုက်ပြီးတော့ ဖျက်ဆီးပစ်မယ် ” ထိုလူရိပ်ကြီးမှာ မောက်မာလွန်းနေ၏။ သူသည် ဘေးပတ်ဝန်းကျင်အား ဝေ့ဝိုက်ကြည့်ရှုကာ လေ့လာမှုအချို့ ပြုလုပ်လိုက်ပြီးနောက် သူ၏ညာဘက်လက်ကိုမြှောက်၍ ဟင်းလင်းပြင်ကြီးအား ဆုတ်ဖြဲလိုက်၏။

” ဒါက ဒုတိယကမ္ဘာရဲ့ ဝင်ပေါက်လား။ ဖွင့်လိုက်စမ်း ” လူရိပ်ကြီးမှာ ထိုသို့အော်ဟစ်ကာ ဟင်းလင်းပြင်ကြီးအား ဆုတ်ဖြဲလိုက်တဖြင့် အက်ကွဲကြောင်းကြီးတစ်ခု ပေါ်ပေါက်လာ၏။ ထိုအက်ကွဲကြောင်းထဲတွင် ဝမ်ပေါင်လဲ့၏ ဒုတိယမြောက် ကမ္ဘာကြီးဖြစ်သော အမှောင်ဂိုဏ်းအာကာသကြီး ရှိနေသည်။

” အသုံးမကျတဲ့ကောင်။ သေချာကြည့်ထား။ ဒီကမ္ဘာကြီးကို ဖျက်ဆီးပစ်ဖို့ ဘာမှမလို… ဟင်… အားးး ” လူရိပ်ကြီးမှာ မောက်မာဝင့်ကြွားမှုအပြည့်ဖြင့် ကြိမ်းဝါးကာ သူ၏လက်သီးဖြင့် ထိုးနှက်ရန် ပြင်လိုက်စဉ်မှာပင် အမှောင်ဂိုဏ်း ကမ္ဘာကြီးထဲမှ ကြောက်မက်ဖွယ်ရာ အငွေ့အသက်ကြီးဆယ်ခုမှာ ရုတ်ရက်ဆိုသလို ထိုးထွက်လာတော့သည်။ ၎င်းတို့ထဲမှ ‌အငွေ့အသက်တစ်ခုကြောင့် လူရိပ်ကြီးမှာ ဒယိမ်းဒယိုင်ဖြစ်သွားရပြီး မျက်လုံးများ ပြူးသွားရ၏။ ထို့နောက် သူသည် တုန်လှုပ်ချောက်ချားသွားရသဖြင့် သူ၏လက်ကို အလျင်အမြန် ဝှေ့ယမ်းကာ ထိုအက်ကွဲကြောင်းကြီးအား ပြန်ပိတ်လိုက်ပြီးနောက် ဝမ်ပေါင်လဲ့အား စိုက်ကြည့်နေလိုက်တော့သည်။

” အဲ့တာကြီးက… ”

” ဪ။ အဲ့တာ ကျွန်တော့်ရဲ့ ဆရာလေ။ ဒါနဲ့ ကျွန်တော့်ဆီမှာ ဂိုဏ်းတူအစ်ကိုတစ်ယောက်လည်း ရှိသေးတယ်။ ကျွန်တော့်ဆရာကတော့ ကျွန်တော့်ရဲ့ ဂိုဏ်းတူအစ်ကိုက သူ့ထက်ကို ပိုပြီးတော့ အစွမ်းထက်တယ်လို့ပြောတာပဲ ” သူ ထိုသို့ပြန်ဖြေလိုက်သောအခါ လေထဲတွင်ရှိနေသည့် လူရိပ်ကြီးမှာ ငြိမ်ကျသွားတော့သည်။

တစ်ခဏမျှ ကြာမြင့်သွားပြီးနောက် ထိုလူရိပ်ကြီးမှာ နှာမှုတ်လိုက်၏။

” ကောင်လေး။ မင်းက စိတ်ဝင်စားဖို့ကောင်းသားပဲ။ မျက်နှာပြောင်ကြီးနဲ့ လိမ်ရဲရတယ်လို့။ မင်းဆီမှာ တခြား ဘယ်လို ကမ္ဘာကြီးတွေ ရှိနေဦးမလဲဆိုတာ ကြည့်ကြတာပေါ့ ” ထိုလူရိပ်ကြီးမှာ အရှက်ရသွားပြီး အမှန်အတိုင်း ဝန်မခံချင်ဘဲ ဖြစ်နေရသည်မှာ သိသာထင်ရှားပေသည်။ ထို့ကြောင့် သူသည် အမှောင်ဂိုဏ်း ရှိရာဘက်သို့ မသွားတော့ဘဲ သူ၏ညာဘက်လက်ကိုမြှောက်ကာ အခြားတစ်ဖက်အား လှမ်းဆွဲလိုက်ပြီး နောက်ထပ် အပေါက်တစ်ပေါက် ပေါ်လာအောင် ဆုတ်ဖြဲလိုက်ပြန်သည်။ သို့သော် ထိုအပေါက်ကြီးထဲမှ အပြာရောင်အလင်းတန်းကြီးတစ်ခု ထွက်ပေါ်လာ၏။ ထို့နောက် မည်သည့်အရာကိုမဆို ဝါးမျိုပစ်တော့မည့်ပုံ ပေါ်နေသော အဆုံးမဲ့မျိုးနွယ်စု၏ အငွေ့အသက်များကို အာရုံခံမိလိုက်တော့သည်။

” တောက်ကွာ ” ထိုလူရိပ်ကြီးမှာ မျက်ခွံများ တဆတ်ဆတ် တုန်ရီနေရပြီဖြစ်သည်။ သူသည် အသက်ပြင်းပြင်းရှူလိုက်ပြီးနောက် ထိုအပေါက်ကြီးအား ပြန်ပိတ်လိုက်၏။ ထို့နောက် သူသည် ရင်ခုန်သံများ ကျယ်လောင်လာပြီး ဝမ်ပေါင်လဲ့အား စိုက်ကြည့်ရင်း အသက်ရှုနှုန်းများ မြန်ဆန်လာရတော့သည်။ သူ စကားမပြောနိုင်ခင်မှာပင် ဝမ်ပေါင်လဲ့မှာ ရယ်မောကာ ဆိုလိုက်၏။

” အဲတာ ကျွန်တော် ဟိုးအရင်တုန်းက လမ်းမှာတွေ့လို့ကောက်ခဲ့တဲ့ အရုပ်ကလေးတစ်ခုပါ။ ဒီနေရာမှာသာ အခုလို ပြန်မတွေ့ခဲ့ရင် ကျွန်တော်က အဲဒီအ‌ကြောင်းကို မေ့တောင် မေ့နေလောက်ပြီ ”

ထိုအခါ လူရိပ်ကြီးမှာ နောက်ထပ်တစ်ကြိမ်ထပ်၍ ငြိမ်ကျသွားရပြန်သည်။

ယခုအကြိမ်တွင်မူ ၎င်း တိတ်ဆိတ်ငြိမ်သက်နေသည့်အချိန်မှာ ယခင်အကြိမ်တုန်းကထက် ပို၍ကြာမြင့်နေ၏။ ထိုကဲ့သို့ ဆက်တိုက်ဆိုသလို ကြုံတွေ့ခဲ့ရသည့် ဖြစ်ရပ်ကြီးနှစ်ခုကြောင့် သူသည် အလွန်အမင်း အံ့ဩတုန်လှုပ်နေရပြီး ဝမ်ပေါင်လဲ့မှာ လျှို့ဝှက်ဆန်းကြယ်သည့် လူတစ်ယောက်ဖြစ်သည်ဟု စိတ်ထဲ၌ ခံစားနေရတော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset