တော်ဝင်ဇူကျောင်းတော် အတန်းအဆင့်သတ်မှတ်ချက်စာမေးပွဲက ပြီးဆုံးလို့သွားခဲ့ပြီဖြစ်သည်။ ဒီနှစ်အတန်းအဆင့်သတ်မှတ်ချက်စာမေးပွဲက ဇူအင်ပါယာမြို့တော်ထဲမှာ ကြီးစွာသောလှုပ်ခတ်မှုတွေ ဖြစ်ပေါ်စေခဲ့သည်။ သူတို့တွေ စိတ်ဝင်စားစွာပြောဆိုဆွေးနွေးနေကြတဲ့ အကြောင်းအရာအများဆုံးက သူတို့ရဲ့မင်းသားလေး၏ ထူးခြားတဲ့စွမ်းဆောင်မှုပင်ဖြစ်သည်။ ဝင်ပေါက်ဖွင့်ခြင်းကျင့်ကြံမှုကိုတောင် လုပ်ဆောင်နိုင်စွမ်းမရှိဘူးလို့ပြောနေကြသည့် မင်းသားလေးက သူ့ရဲ့ဝင်ပေါက်ခြောက်ခုဖွင့်ထားနိုင်တဲ့စွမ်းအားကိုအသုံးပြု၍ ဝင်ပေါက်ချိုးဖျက်ခြင်းပညာရပ်ကို အသုံးပြုပြီး ရှစ်ခုမြောက်ဝင်ပေါက်ကို ဖွင့်လှစ်ခဲ့သည့် ချီယွဲ့ကိုပင် အနိုင်ယူနိုင်ခဲ့ပေသည်။
ဒီသတင်းပျံ့နှံ့သွားတဲ့အခါ များစွာသောလူတွေက အသက်ရှူမှားလောက်အောင်ပင် အံ့အားသင့်သွားခဲ့ရ၏။ ပထမဆုံးအကြိမ်အနေဖြင့် ဇူယွမ်က သူ့ရဲ့မင်းသားလေးဆိုတဲ့ ဂုဏ်ပုဒ်မပါဘဲနဲ့ ဇူအင်ပါယာအတွင်းမှာ သူကိုယ်တိုင် ကောင်းမွန်တဲ့ဂုဏ်သတင်းအချို့ကို စတင်ပြီးရရှိခဲ့ရပြီဖြစ်သည်။
…
အတန်းအဆင့်သတ်မှတ်ချက်စာမေးပွဲ ပြီးဆုံးခဲ့ပြီးနောက်မှာ ကျောင်းသားအားလုံး ကိုယ်စီအားလပ်ချိန်တွေရရှိခဲ့ကြပေသည်။ သို့ပေမဲ့လည်း ဇူယွမ့်အတွက်ကတော့ အနိုင်ရရှိပြီးခဲ့တဲ့နောက်မှာ အနားယူမှုမရှိဘဲ သူ့ရဲ့နေ့စဉ်လေ့ကျင့်မှုတွေကို မပျက်မကွက်ပြုလုပ်ခဲ့ပေသည်။
၎င်းက သူ့အနေနဲ့ ချီယွဲ့ကို ပြောခဲ့သောစကားတွေကြောင့်တော့မဟုတ်ပေ။ ဇူယွမ်ရဲ့မျက်လုံးထဲမှာတော့ ချီယွဲ့က အားလုံးထဲမှာ ခြိမ်းခြောက်နိုင်စွမ်းအနည်းဆုံးဖြစ်ပေသည်။ ချီယွဲ့ဆိုတာက ဇူယွမ်ပိုပြီးသန်မာလာစေဖို့ရန်အတွက် သူ့ရဲ့လမ်းကြောင်းပေါ်က သေးငယ်တဲ့ကျောက်ခဲလေးတစ်လုံးမျှသာဖြစ်သည်။
ဒီကျောက်ခဲလေးအား ဘေးကိုကန်ထုတ်လိုက်ပြီးနောက်မှာ ဇူယွမ်ရဲ့အကြည့်က ဒီထက်ပိုပြီးမြင့်မားတဲ့ ရည်မှန်းချက်တစ်ခုကို နောက်တစ်ကြိမ်ထပ်ကြည့်ဖို့ပင်ဖြစ်သည်။
တစ်လကြာပြီးနောက်…
တော်ဝင်နန်းတော်၏ အခန်းတစ်ခုအတွင်း၌ဖြစ်သည်။
ဇူယွမ်က အခန်းတွင်းလျှောက်ဝင်လာခဲ့ပြီး စားပွဲနောက်မှာထိုင်နေသည့် ဇူချင်ကိုကြည့်ကာမေးလိုက်၏… “အဖေ… ကျွန်တော့်ကို ရှာနေတယ်ဆို…”
ဇူချင်က သူ့ရဲ့ခေါင်းကိုမော့ကြည့်လိုက်ပြီး ပြုံးလျက်ပြန်ပြောသည်… “သားရဲ့လေ့ကျင့်မှုက ဘယ်အခြေအနေကို ရောက်နေခဲ့ပြီလဲ…”
ဇူယွမ်ပြန်ပြောလိုက်၏… “မဆိုးပါဘူးအဖေ… ကျွန်တော့်ရဲ့ ခုနှစ်ခုမြောက်စွမ်းအင်ဝင်ပေါက်ကို မကြာခင်မှာပဲ ဖွင့်နိုင်လိမ့်မယ်…”
သူက ကုန်လွန်ခဲ့တဲ့တစ်လအတွင်းမှာ အချိန်ကိုအကျိုးရှိစွာအသုံးချ၍ သူ့ရဲ့လေ့ကျင့်မှုကို လုံ့လဝီရီယရှိစွာပြုလုပ်ခဲ့၏။ ထို့ကြောင့်ပင် သူ့ရဲ့ခုနှစ်ခုမြောက်ဝင်ပေါက်ကိုဖွင့်နိုင်ဖို့က အခုအချိန်မှာ လက်တမ်းအကွာသို့ရောက်ရှိနေပြီဖြစ်သည်။
ဇူချင်က အားရကျေနပ်စွာ ခေါင်းညိတ်လိုက်မိသည်။ ကြည့်ရတာ ဇူယွမ့်ကို အတန်းအဆင့်သတ်မှတ်ချက်စာမေးပွဲအနိုင်ရလဒ်က အပျော်လွန်သွားစေရန် မစွမ်းဆောင်နိုင်ခဲ့သလို သူ့ရဲ့လေ့ကျင့်ခြင်းကိုလည်း ပျက်ကွက်သွားစေခြင်းမရှိခဲ့ပေ။
ဇူချင်က သက်ပြင်းတစ်ချက်ချလိုက်ပြီးမှ ပြောသည်… “ဒါတွေအားလုံးက အမှန်တကယ်တော့ သားကိုပဲကျေးဇူးတင်ရမယ်… သားကြောင့်သာမဟုတ်ဘူးဆိုရင် တော်ဝင်ဇူကျောင်းတော်က ချီအိမ်တော်ရဲ့လက်ထဲက လွတ်မြောက်နိုင်လိမ့်မှာမဟုတ်ဘူး…” အတန်းအဆင့်သတ်မှတ်ချက်စာမေးပွဲအကြောင်း ပြန်စဉ်းစားမိသွားသည့်အခါ သူ့ကိုအနည်းငယ်တော့ မကျေမနပ်ဖြစ်နေစေတုန်းပင်ဖြစ်သည်။
“ဇူအင်ပါယာရဲ့ဘယ်ကိစ္စမဆို ကျွန်တော်နဲ့လည်း သေချာပေါက်သက်ဆိုင်တဲ့အရာဖြစ်တဲ့အတွက် ကျွန်တော်တတ်နိုင်တဲ့အရာမှန်သမျှကို လုပ်ဆောင်သွားရမှာပဲ…” ဇူယွမ်က ပြုံးလျက်ပြောသည်။
ဇူချင်ရဲ့မျက်နှာပေါ်ရှိအပြုံးက ပို၍ပီပြင်လာခဲ့ရသည်။ မကြာခင်မှာပဲ သူကဖြည်းညှင်းစွာပြောသည်… “ငါတို့တွေက ဒီတစ်ကြိမ်မှာ ချီအိမ်တော်ကို ရပ်တန့်နိုင်ခဲ့တယ်ဆိုပေမဲ့လည်း သူတို့တွေက လက်လျှော့သွားလိမ့်မှာမဟုတ်ဘူး…”
ဇူယွမ်ရဲ့မျက်လုံးထဲမှာ အေးစက်တဲ့အလင်းရောင်တစ်ခု ထွက်ပေါ်လာခဲ့ရပြီး သူကပြောသည်… “အဖေ… ချီအိမ်တော်က ဇူအင်ပါယာအတွက် အသားပိုတစ်ခုပဲ… ဇူအင်ပါယာ ဆက်လက်တည်တံ့နေဖို့ဆိုရင် ဒီအသားပိုကို လုံးဝဖျက်စီးပစ်မှရမယ်…”
ဇူချင်က ခေါင်းညိတ်ပြကာ ပြန်ပြောလိုက်သည်… “အဖေလည်း ချီအိမ်တော်ကိုရှင်းပစ်ဖို့ အချိန်တိုင်းဆန္ဒရှိခဲ့တယ်… ဒါပေမဲ့ သူတို့တွေက လက်ရှိမှာ တော်ဝင်ကလန်ထက်အားနည်းခြင်းမရှိကြဘူး… တကယ်လို့ ငါတို့သာ သူတို့နဲ့စစ်ဖြစ်မယ်ဆိုလို့ရှိရင် နှစ်ဖက်စလုံးမှာ ထိခိုက်ဆုံးရှုံးမှုတွေက သေချာပေါက်အရမ်းကိုများပြားလိမ့်မယ်… ဒါပေမဲ့…”
“ဒါပေမဲ့ ဘာဖြစ်လဲ…” ဇူယွမ် အနည်းငယ် အံ့အားသင့်သွားခဲ့ရသည်။
ဇူချင်က ညင်သာစွာဖြင့် ဆက်ပြောသည်… “ဒါပေမဲ့ ကြီးမြတ်တဲ့ဗိုလ်ချုပ်ကြီးက ငါတို့ဘက်ကရပ်တည်ပြီးတော့ ချီအိမ်တော်ကို တိုက်ခိုက်တဲ့နေရာမှာ ကူညီပေးလိမ့်မလားဆိုတာက မသေချာဘူး…”
“ကြီးမြတ်တဲ့ဗိုလ်ချုပ်ကြီးလား… ဝေကန်းလန်လား…” ဇူယွမ်ရဲ့နှလုံးက တုန်လှုပ်သွားခဲ့ရသည်။ ၎င်းက သူ့အနေဖြင့် အရင်ကတည်းက ဒီပုဂ္ဂိုလ်ရဲ့အကြောင်းကို သိထားဖူးခြင်းရှိသည်မှာ ထင်ရှားပေသည်။
ဇူချင်က ပေါ့ပါးစွာပဲ ခေါင်းညိတ်ပြလိုက်သည်… “လက်ရှိဇူအင်ပါယာအတွင်းမှာ အားအကောင်းဆုံးအင်အားစုသုံးခုရှိတယ်… အဲ့ဒါက ငါတို့ရဲ့တော်ဝင်ကလန်ရယ် ချီအိမ်တော်နဲ့ ကြီးမြတ်တဲ့ဗိုလ်ချုပ်ကြီးရဲ့အင်အားစုတို့ပဲ…”
“ကြီးမြတ်တဲ့ဗိုလ်ချုပ်ကြီးဝေကလည်း မူလစဦးအဆင့်ကျွမ်းကျင်သူတစ်ယောက်ဖြစ်ပြီးတော့ သူ့လက်အောက်က ကန်းလန်စစ်တပ်ကလည်း ဇူအင်ပါယာရဲ့ အင်အားအကောင်းဆုံးစစ်တပ်တွေထဲက တစ်ခုဖြစ်တယ်…”
အခြားကျန်တဲ့စစ်တပ်နှစ်ခုမှာ တစ်ခုကတော်ဝင်ကလန်ရဲ့ နန်းတော်အစောင့်အရှောက်တွေနဲ့ နောက်တစ်ခုက ချီဘုရင်ရဲ့ ချီအိမ်တော်အစောင့်အရှောက်တွေပင်ဖြစ်သည်။
“အဖေ… ကြီးမြတ်တဲ့ဗိုလ်ချုပ်ကြီးဝေမှာ ပုန်ကန်ဖို့အတွေးရှိနိုင်မလား…” ဇူယွမ်သက်ပြင်းချကာ မေးလိုက်မိသည်။
ဇူချင် သူ့ရဲ့ခေါင်းကို ခါယမ်းပြလိုက်သည်… “ဟိုအရင်က ဗိုလ်ချုပ်ကြီးဝေက ဝူအင်ပါယာနဲ့ရင်ဆိုင်ခဲ့ရတဲ့အချိန်မှာတောင်မှ ငါ့ရဲ့ဘက်မှာ ရပ်တည်ခဲ့တယ်… သူက ပုန်ကန်ဖို့ဆိုတဲ့အကြောင်းကို သေချာပေါက်တွေးမယ့်လူစားမျိုးမဟုတ်ဘူး… အမှန်အတိုင်းပြောရရင် သူဒီလိုဖြစ်သွားခဲ့ရတာ အဖေ့ကြောင့်လို့လည်း ပြောလို့ရတယ်…”
ဒီနေရာရောက်တဲ့အခါ ဇူချင်ရဲ့အမူအယာက အနည်းငယ်မှုန်ကုပ်သွားခဲ့ရသည်။
ဇူယွမ်က သိချင်စိတ်ပြင်းပြစွာဖြင့် မေးလိုက်သည်… “ဘာဖြစ်ခဲ့တာလဲ…”
ဇူချင်က ထရပ်လိုက်ပြီး သူ့နောက်ကျောရှိ နံရံပေါ်မှာချိတ်ဆွဲထားသည့် ဇူအင်ပါယာရဲ့မြေပုံကို ထောက်ပြလိုက်သည်။ မြေပုံရဲ့အနောက်မြောက်ဘက်မှာရှိနေတဲ့ နယ်မြေကိုတော့ ကန်းလန်စီရင်စုဟုခေါ်ပေသည်။ စီရင်စုရဲ့အနောက်ဘက်မှာတော့ အလွန်တရာနက်ရှိုင်းလှတဲ့ချောက်ကြီးတစ်ခုအလား များစွာသောအနက်ရောင်တွေတစ်စုတစ်ဝေးတည်းစုစည်းနေသည့် နေရာတစ်ခုရှိသည်။
ဇူချင်က မြေပုံပေါ်ရှိ အနက်ရောင်နယ်မြေကို ညွှန်ပြလိုက်လျက် လေးနက်သည့်အမူအယာဖြင့်မေးလိုက်သည်… “သား ဒီနယ်မြေကိုသိလား…”
“ဒါက… အဆိပ်ရေအိုင်လား…” ဇူယွမ်၏အမူအယာက အနည်းငယ်ပြောင်းလဲသွားခဲ့ရသည်။ အဆိပ်ရေအိုင်က များစွာသောရက်စက်ကြမ်းကြုတ်သည့်မှော်သားရဲတွေ နေထိုင်ကျက်စားရာ ဆိုးညစ်တဲ့နေရာတစ်ခုအဖြစ် ဇူအင်ပါယာအတွင်းမှာ ကျော်ကြားသည်။ မည်သည့်အင်ပါယာကမှ ထိုနယ်မြေကို ပိုင်ဆိုင်နိုင်ခြင်းမရှိဘဲ များစွာသောလွတ်လွတ်လပ်လပ်နေထိုင်လိုကြသည့် ကျင့်ကြံသူတွေက ထိုနေရာမှာ သွားရောက်စုစည်းမိခဲ့ကြပြီး အရွယ်အစားမျိုးစုံရှိသည့် များစွာသောအင်အားစုတွေ ဖြစ်တည်လာခဲ့ကြသည်။
ထိုအင်အားစုတွေက ဇူအင်ပါယာရဲ့နယ်နိမိတ်အတွင်းသို့ အချိန်တိုင်းအချိန်တိုင်းထိုးဖောက်ဝင်ရောက်လာခဲ့ကြပြီး အတင်းအဓမ္မလုယူခြင်းနဲ့ လူ့အသက်ပေါင်းများစွာကို သတ်ဖြတ်ခြင်းတို့အားပြုလုပ်ခဲ့ကြပေသည်။ ဒါ့အပြင် သူတို့ကို ဘယ်သူကမှ အပြစ်ပေးနိုင်ခဲ့ခြင်းမရှိခဲ့ကြပေ။
ဇူချင်က လေးလံတဲ့အသံဖြင့် အသေးစိတ်ရှင်းပြလိုက်သည်… “အဆိပ်ရေအိုင်ရဲ့ စွမ်းအားအမြင့်ဆုံးအင်အားစုက အဆိပ်မြို့တော်လို့ သိကြပြီးတော့ မြို့တော်ရဲ့အရှင်သခင်က အဆိပ်ဘုရင်ဆိုတဲ့ဘွဲ့ကို ရရှိထားခဲ့တယ်… သူက မူလစဦးအဆင့်ကျင့်ကြံသူတွေထဲမှာတောင်မှ အရမ်းကိုနာမည်ဆိုးနဲ့ကျော်ကြားနေတဲ့ လူတစ်ယောက်ဖြစ်တယ်…”
“အရင်တုန်းက အဆိပ်ဘုရင်တစ်ယောက် ဇူအင်ပါယာကို ကျူးကျော်ဝင်ရောက်ခဲ့ပေမဲ့ ဗိုလ်ချုပ်ကြီးဝေရဲ့ ဟန့်တားခြင်းကိုခံခဲ့ရတယ်… ဒါ့ကြောင့်ပဲ အဆိပ်ဘုရင်က ကန်းလန်စီရင်စုကို သူ့ရဲ့စစ်တပ်နဲ့ဝိုင်းထားပြီး လက်တုံ့ပြန်ခဲ့ပေမဲ့ အဆုံးမှာသူကပဲဆုတ်ခွာသွားခဲ့ရတယ်… ဗိုလ်ချုပ်ကြီးဝေကတော့ အဆိပ်ဘုရင်ရဲ့လျှို့ဝှက်ကျင့်စဉ်ဖြစ်တဲ့ နတ်ဆိုးမြူအဆိပ်နဲ့တိုက်ခိုက်ခြင်းခံခဲ့ရတယ်…”
“ဗိုလ်ချုပ်ကြီးဝေက အဆိပ်ရဲ့နှိပ်စက်ညှဉ်းပန်းမှုဒဏ်ကိုခံစားရခဲ့ပေမဲ့ သူက မူလစဦးအဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်တဲ့အတွက် အဆိပ်ကို လုံးဝဖိနှိပ်နိုင်ခဲ့တယ်… ဒါပေမဲ့လည်း ဘယ်သူမှထင်မှတ်မထားတဲ့ အဖြစ်အပျက်တစ်ခုက ဖြစ်သွားခဲ့ရတယ်… ဗိုလ်ချုပ်ကြီးဝေရဲ့တစ်ဦးတည်းသောသားဖြစ်တဲ့ ဝေဘင်းက မွေးဖွားလာခဲ့တဲ့အချိန်မှာ ဒီအဆိပ်ကြောင့် ဝေဒနာခံစားခဲ့ရတယ်… သူက အဆိပ်ရဲ့ အဆက်မပြတ်ညှဉ်းပန်းနှိပ်စက်မှုဒဏ်ကြောင့် ဒီနေ့အထိတိုင်အောင် အကြောတွေအားလုံးသေသွားခဲ့ရပြီးတော့ အိပ်ယာထဲလဲနေခဲ့ရတယ်…”
“သူ့ရဲ့တစ်ဦးတည်းသောသားက အဆိပ်မိခဲ့ရပြီးနောက်မှာ ဗိုလ်ချုပ်ကြီးဝေရဲ့ အဆိပ်ဘုရင်အပေါ် မုန်းတီးမှုနဲ့ဒေါသတွေက အဆုံးစွန်ထိမြင့်တက်သွားခဲ့ရတယ်… အဲ့ဒီအချိန်ကစပြီးတော့ ဗိုလ်ချုပ်ကြီးဝေက ကန်းလန်စီရင်စုကနေ ခြေလှမ်းဝက်တောင် ထွက်ခွာလာခဲ့ခြင်းမရှိတော့ဘူး… သူက အဆိပ်ဘုရင်ကို ဆူးတစ်ချောင်းအဖြစ် မြင်မှတ်ထားခဲ့ပြီးတော့ လက်စားချေဖို့အတွေးတွေကိုပဲ အဆက်မပြတ်တွေးတောနေခဲ့တယ်…”
“ဒါဟာ ဗိုလ်ချုပ်ကြီးဝေက လွန်ခဲ့တဲ့နှစ်တွေအတွင်းမှာ ဘာကြောင့်သူ့ကိုယ်သူ ကန်းလန်စီရင်စုအတွင်းကနေ မထွက်ခွာခဲ့ရလဲဆိုတဲ့အကြောင်းဖြစ်ပြီးတော့ သူက ဇူအင်ပါယာရဲ့အရေးကိစ္စမှန်သမျှကိုလည်း ဘာတစ်ခုမှစိတ်မဝင်စားခဲ့တော့ဘူး…”
ဒီနေရာရောက်တဲ့အခါ ဇူချင်ရဲ့လေသံကို တိုးညှင်းသွားခဲ့ရသည်… “ဗိုလ်ချုပ်ကြီးဝေက ငါ့ကို အပြစ်တင်နေတုန်းပဲဆိုတာ ငါသိတယ်… ဒါက ငါ့အနေနဲ့ အရင်တုန်းက အဆိပ်ဘုရင်တို့လူစုကို ဝိုင်းပြီးတိုက်ခိုက်ဖို့ စစ်သည်တွေကို ဦးဆောင်သွားခဲ့စဉ်မှာ သူ့ကို အဆိပ်ဘုရင်ကို နှောင့်နှေးကြန့်ကြာအောင်ပြုလုပ်စေဖို့အတွက် မေးမြန်းခဲ့သူဖြစ်ခဲ့တဲ့အတွက်ကြောင့်ပဲ… ဒါပေမဲ့ အဲ့ဒီအချိန်မှာ ချီဘုရင်က ငါတို့ကိုကြားဝင်နှောင့်ယှက်ပြီး ဟန့်တားခဲ့မယ်လို့ ဘယ်သူကများထင်မိပါ့မလဲ… ငါ စစ်သည်တွေနဲ့ အဲ့ဒီကိုရောက်သွားခဲ့တဲ့အချိန်မှာ ဗိုလ်ချုပ်ကြီးဝေက နတ်ဆိုးမြူအဆိပ်နဲ့တိုက်ခိုက်ခြင်းကို ခံခဲ့ရပြီးသွားခဲ့ပြီ…”
“ဒါ့ကြောင့်ပဲ ဗိုလ်ချုပ်ကြီးဝေရဲ့သားအပေါ်မှာ ဒုက္ခတွေကျရောက်ခဲ့ရတာက အဖေ့မှာလည်း အနည်းငယ်တော့တာဝန်ရှိခဲ့ရတယ်…”
ဇူချင်ရဲ့အကြောင်းအရာတွေကို နားထောင်ပြီးနောက်မှာ ဇူယွမ်က နောက်ဆုံးမှာအရာအားလုံးကို နားလည်သွားခဲ့ရသည်။ ဒီကိစ္စရဲ့နောက်ကွယ်မှာ ဒီလိုမျိုးဇာတ်ကြောင်းတွေရှိနေလိမ့်မယ်လို့ မထင်မိပေ။ ၎င်းကိုကြည့်ရတာ ဗိုလ်ချုပ်ကြီးဝေက သူ့အဖေနဲ့ပတ်သက်လို့ အနည်းငယ်တော့ မကျေနပ်ချက်တွေရှိနေရသည့်ပုံပင်။ တော်ဝင်ကလန်ရဲ့အင်အားကျဆင်းသွားခဲ့ရမှုက ဗိုလ်ချုပ်ကြီးဝေကို အဝေးမှာရှိတဲ့ ကန်းလန်စီရင်စုအတွင်းမှာပဲ သူ့ကိုယ်သူ အဆက်အသွယ်ဖြတ်ကာနေထိုင်ဖို့ရန်အတွက် လုံလောက်တဲ့အကြောင်းပြချက်တစ်ခုဖြစ်စေခဲ့သည်။
တော်ဝင်ကလန်ကသာ သူတို့ရဲ့အရင်တုန်းကအခြေအနေလိုမျိုး စွမ်းအားပြန်လည်ပြည့်ဝလာခဲ့မယ်ဆိုရင် ဗိုလ်ချုပ်ကြီးဝေကလည်း ဒီလိုအပြုအမူမျိုးကို ပြုလုပ်ရဲလိမ့်မည်မဟုတ်ပေ။
ဝေဘင်းရဲ့ ကံမကောင်းမှုအတွက်ကတော့ ၎င်းက သူ့ရဲ့အခြေအနေနဲ့ တူညီမှုရှိပေသည်။ သူတို့နှစ်ယောက်အကြား တစ်ခုတည်းသော ခြားနားမှုက နဂါးဒေါသအဆိပ်ဟာ နတ်ဆိုးမြူအဆိပ်ထက် အဆများစွာပို၍ပြင်းထန်ခြင်းပင်ဖြစ်သည်။
ဒါ့အပြင် ဗိုလ်ချုပ်ကြီးဝေကို ကြားနေအင်အားစုတစ်ခုအဖြစ်ပြောနိုင်သည်။ သူက ချီအိမ်တော်ကို အသိအမှတ်ပြုခြင်းမရှိခဲ့သလို တော်ဝင်ကလန်ရဲ့အမိန့်ပေးမှုကိုလည်း လက်ခံခဲ့ခြင်းမရှိပေ။ ဒါ့ကြောင့်ပင် ဝေကန်းလန်ရွေးချယ်တဲ့ဘက်က မလွဲမသွေသာလွန်မှုရရှိသွားလိမ့်မယ်လို့ သူ့အဖေပြောခဲ့တာက အံ့ဩစရာမဟုတ်တော့ပေ။
ဇူချင်က ဖြည်းညှင်းစွာပြောသည်… “အဖေရထားတဲ့သတင်းတွေအရတော့ ချီယန်ရဲ့အကြီးဆုံးသားဖြစ်တဲ့ ချီဟောင်က တော်ဝင်ဇူကျောင်းတော်မှာ ကျောင်းပြီးသွားတာနဲ့ ကန်းလန်စီရင်စုကို သွားခဲ့ပြီးတော့ ဗိုလ်ချုပ်ကြီးဝေရဲ့လက်အောက်မှာ သူကိုယ်တိုင်စစ်မှုထမ်းခဲ့တယ်… သူက အခုအချိန်မှာ ကန်းလန်စီရင်စုအတွင်းမှာတောင် အတော်အသင့်နာမည်ကောင်းရထားတယ်… ချီယန်က သူ့ရဲ့သားကို ဗိုလ်ချုပ်ကြီးရဲ့အသိအမှတ်ပြုမှုရရှိအောင် စီစဉ်ထားတာထင်ရှားတယ်… ဒါက ဗိုလ်ချုပ်ကြီးကို သူတို့ဘက်ပါအောင်စည်းရုံးနိုင်ဖို့ ပိုလွယ်သွားအောင်အတွက်ပဲ…”
ဇူယွမ်ရဲ့မျက်လုံးတွေ ကျဉ်းမြောင်းသွားခဲ့ရ၏။ တကယ်လို့ ဝေကန်းလန်က ချီအိမ်တော်ကို ကူညီဖို့ရွေးချယ်ခဲ့မယ်ဆိုရင် တော်ဝင်ကလန်ကို ဖြုတ်ချနိုင်ဖို့က လွန်စွာဖြစ်နိုင်ပေလိမ့်မည်။
“ဒါပေမဲ့ သားက အရမ်းကြီးစိုးရိမ်နေစရာတော့မလိုဘူး… ဗိုလ်ချုပ်ကြီးဝေဆိုတာ အဖေကောင်းကောင်းနားလည်နိုင်တဲ့လူတစ်ယောက်ပဲ… ဇူအင်ပါတော်ဝင်ကလန်နဲ့ရင်ဆိုင်ဖို့ သူက ချီအိမ်တော်နဲ့ပူးပေါင်းလိမ့်မှာမဟုတ်ဘူး…”
ဇူယွမ်က ဖြည်းညှင်းစွာပြန်ပြောလိုက်သည်… “ဒါပေမဲ့ သူက ချီအိမ်တော်နဲ့ရင်ဆိုင်ဖို့အတွက်လည်း တော်ဝင်ကလန်ကို ကူညီပေးလိမ့်မှာတော့မဟုတ်ဘူး…”
ဇူချင်က အချိန်ခဏကြာတွေဝေသွားခဲ့ရပြီး ခါးသီးတဲ့အပြုံးတစ်ခုနဲ့အတူ ခေါင်းညိတ်ပြလိုက်မိသည်။
ဇူယွမ်သက်ပြင်းတစ်ချက်မှုတ်ထုတ်လိုက်မိသည်။ ဇူအင်ပါယာက မတည်ငြိမ်တဲ့အခြေအနေမှာ ကျရောက်နေပြီး နေရာတိုင်းမှာ ဘေးကျပ်နံကျပ်ဖြစ်လို့နေရသည်။ တော်ဝင်ဇူကျောင်းတော်အတွင်း သူ့ရဲ့အနိုင်ရရှိမှုက ချီအိမ်တော်ရှို့ထားသည့် အလျှံညီးညီးတောက်လောက်နေသည့်မီးပေါ်ကို သေးငယ်တဲ့ရေစက်လေးတစ်စက်လောက်သာ လောင်းချလိုက်ခြင်းနှင့်တူလှသည်။ တကယ်လို့ဒီကပ်ဘေးကိုသာ ဖယ်ရှားနိုင်ခဲ့ခြင်းမရှိဘူးဆိုရင် ဇူအင်ပါယာအတွက် အေးချမ်းမှုဆိုတာ ဘယ်တော့မှရှိလာလိမ့်မည်မဟုတ်ပေ။
“အဖေ သားကို ဒီနေရာကိုခေါ်လိုက်တာက ပြောစရာစကားအချို့ရှိလို့ပဲ…” ဇူချင်ရဲ့အမူအယာက အလွန်အမင်းလေးနက်သွားခဲ့ရသည်။
ဇူချင်ရဲ့အမူအယာကို မြင်လိုက်ရသည့်အခါ ဇူယွမ်က အလျင်အမြန်ပဲမေးလိုက်မိသည်… “အဲ့ဒါက ဘာလဲအဖေ…”
ဇူချင်ရဲ့အကြည့်က မြေပုံပေါ်ရှိ အဆိပ်ရေအိုင်နေရာကို လှည့်ကြည့်လိုက်ပြီး ဖြည်းညှင်းစွာဖြင့်ပြောသည်… “အဖေက လွန်ခဲ့တဲ့ရက်ပိုင်းက အဆိပ်ရေအိုင်အတွင်းမှာ ရှေးဟောင်းနယ်မြေအချို့ကို ရှာတွေ့ခဲ့တယ်လို့သတင်းရခဲ့တယ်…”
“ရှေးဟောင်းနယ်မြေလား…” ဇူယွမ် အံ့အားသင့်သွားရသည်။ အဆိပ်ရေအိုင်က အရမ်းကိုကျယ်ပြန်လှသည့်နေရာတစ်ခုဖြစ်ပေသည်။ ဒါ့ကြောင့် ရှေးဟောင်းနယ်မြေအချို့ကို ရှာတွေ့တယ်ဆိုတာက သာမန်မျှသာဖြစ်သည်။
ဒီအခိုက်အတန့်မှာပင် ဇူချင်ရဲ့မျက်လုံးတွေက တလက်လက်တောက်ပလာသကဲ့သို့ သူက ပျော့ပြောင်းတဲ့လေသံဖြင့် အသေးစိတ်ရှင်းပြလိုက်သည်… “လူတစ်ယောက်က ရှေးဟောင်းနယ်မြေအတွင်းမှာ ထူးခြားတဲ့သစ်ပင်တစ်ပင်ကို ရှာတွေ့ခဲ့တယ်… အပင်က မီးလိုနီရဲနေပြီးတော့ ကြီးထွားဖို့အတွက် နေရဲ့အလင်းရောင်ကိုစုပ်ယူရသလို သူ့ရဲ့အစေ့တွေကလည်း မီးပုံဆောင်ခဲတွေအတိုင်းပဲလို့ သူကပြောတယ်…”
“အဲ့ဒါကဘာလဲ…” ဇူယွမ်တစ်ယောက် စဉ်းစားမရဖြစ်သွားခဲ့ရသည်။
“တကယ်လို့ အဖေထင်တာသာ မမှားဘူးဆိုရင် အဲ့ဒါက အဆင့် ၄မူလအစားအစာတစ်ခုဖြစ်တဲ့ မီးဝိညာဉ်အစေ့ဖြစ်ရမယ်…”
“အဆင့် ၄မူလအစားအစာလား…” ဒီစကားတွေကို ကြားလိုက်ရပြီးနောက်မှာ ဇူယွမ်ရဲ့အမူအယာက နောက်ဆုံးပြောင်းလဲသွားခဲ့ရ၏။ သူတို့တော်ဝင်ကလန်ပိုင်ဆိုင်ထားတဲ့ အဆင့် ၂မူလအစားအစာတစ်ခုဖြစ်သည့် ဆန်းကြယ်သလင်းကျောက်ထမင်းတောင်မှ လွန်စွာတန်ဖိုးရှိလှသည်ကို လူတိုင်းသိပေသည်။ ဒါတောင်မှပင် ၎င်းကသူ့ရဲ့ဝင်ပေါက်ဖွင့်ခြင်းအတွက် အလွန်အမင်းအကျိုးရှိစေခဲ့ပြီး များစွာသောပါရမီရှင်များစွာကို အနိုင်ရရှိစေခဲ့သည်။
အဆင့် ၄မူလအစားအစာက ဘယ်လောက်တောင်အံ့အားသင့်စရာကောင်းလိမ့်မလဲဆိုတာ တွေးကြည့်နိုင်ဖို့ပင် ခက်ခဲလှပေသည်။ ဇူအင်ပါယာ အထွတ်အထိပ်ကို ရောက်ရှိခဲ့စဉ်အချိန်က အလားတူပင် အဆင့် ၄မူလအစားအစာဖြစ်တဲ့ မိုးနဂါးသွေးပင်ကို ပိုင်ဆိုင်ခဲ့ဖူးပေသည်။
တကယ်လို့ တော်ဝင်ကလန်ကသာ မီးဝိညာဉ်အစေ့ကို ရရှိပိုင်ဆိုင်နိုင်ခဲ့မယ်ဆိုရင် ဇူအင်ပါယာရဲ့အင်အားက ဝူအင်ပါယာရဲ့ခြိမ်းခြောက်မှုကို ပြန်လည်ဆန့်ကျင်နိုင်လောက်သည်အထိ သေချာပေါက်မြင့်တက်သွားရပေမည်။
မူလအစားအစာတစ်ခုက ဘယ်အင်ပါယာမှာမဆို လွန်စွာအရေးကြီးလှသည့် အရင်းအမြစ်တစ်ခုပင်ဖြစ်ပေသည်။
ထို့ကြောင့်ပင် ဇူချင်တစ်ယောက် အစောပိုင်းက ဘာကြောင့်စိတ်လှုပ်ရှားခဲ့ရလဲဆိုတာကို ဇူယွမ်နားလည်ခဲ့ရသည်။
ဇူယွမ်က အလေးအနက်ထားကာပြောသည်… “မီးဝိညာဉ်အစေ့က သေချာပေါက် တော်ဝင်ကလန်ရဲ့လက်ထဲကို ရောက်ရှိရမယ်…”
ချီအိမ်တော်သာ ဒီပစ္စည်းကို ရရှိသွားခဲ့လိမ့်မယ်ဆိုရင် နောက်နှစ်အနည်းငယ်အတွင်းမှာပင် သူတို့ရဲ့စွမ်းအားက လျင်မြန်စွာကြီးထွားလာမည်ဖြစ်ကာ တော်ဝင်ကလန်ကို သေချာပေါက်ဖိနှိပ်သွားနိုင်လိမ့်မည်ဖြစ်သည်။
ဇူချင်က ခေါင်းညိတ်ပြလိုက်ပြီး ဇူယွမ်ကိုကြည့်လိုက်၍ ဆက်ပြောသည်… “မီးဝိညာဉ်အစေ့အပြင် အဲ့ဒီနေရာမှာ တန်ဖိုးရှိတဲ့ အပင်တစ်ပင်လည်းရှိနေပြီးတော့ သူ့ရဲ့ကြီးမားတဲ့ကျောက်စိမ်းရောင်အသီးတွေက မွေးကင်းစကလေးတစ်ယောက်နီးနီးရှိတယ်…”
ဇူချင်က ဇူယွမ်ကို စိုကိကြည့်လိုက်ပြီး ဖြည်းညှင်းစွာပြောသည်… “ဒီအသီးကိုတော့ ကျောက်စိမ်းသစ်သီးလို့ခေါ်ပြီးတော့ လူတစ်ယောက်ရဲ့သက်တမ်းကို တိုးမြှင့်စေဖို့အတွက် အသုံးပြုနိုင်တယ်…”
ဘန်း…
ဇူယွမ်တစ်ယောက် သူ့ရဲ့ခေါင်းတစ်ခုလုံး ပေါက်ကွဲထွက်သွားတော့မတတ် ခံစားခဲ့လိုက်ရသည်။ သူရဲ့အသက်ရှူသံတွေက ပိုပြီးပြင်းထန်လာခဲ့ရသလို သူ့ရဲ့မျက်လုံးတွေကလည်း အနီရောင်အဖြစ်ပြောင်းလဲသွားခဲ့ရသည်။ သူ့အမေက သူ့ကိုကယ်ဖို့အတွက် သူမရဲ့သက်တမ်းကို များစွာအဆုံးရှုံးခံခဲ့ရပြီး အခုအချိန်မှာ အသက်ရှင်နေထိုင်နိုင်ဖို့အတွက် ဆယ်နှစ်ဆိုသောအချိန်ပင်မကျန်တော့ချေ။ ဒါက သူ့ရဲ့နှလုံးသားထဲမှာ ဆူးတစ်ချောင်းအဖြစ်အမြဲတမ်းစိုက်ဝင်နေခဲ့သော အရာတစ်ခုဖြစ်သည်။ သူ့အနေနဲ့ သူ့အမေရဲ့သက်တမ်းကို ဘယ်လိုဆွဲဆန့်နိုင်မလဲဆိုတာကို အကြိမ်များစွာ စဉ်းစားခဲ့ပေသည်။
ဒါပေမဲ့ လူတစ်ယောက်ရဲ့ သက်တမ်းကိုရှည်စေသည့် ထူးဆန်းတဲ့ပစ္စည်းတွေက လွန်စွာမှပင်ရှားပါးလှပြီး တော်ဝင်ကလန်ရဲ့ရတနာအားလုံးကို အသုံးပြုရင်တောင်မှပဲ အနည်းငယ်မျှကိုပင် ရနိုင်လိမ့်မည်မဟုတ်ပေ။ ဇူယွမ်အနေနဲ့ ဒီလိုသတင်းမျိုးက ဒီနေ့မှာသူ့နားထဲကို ရောက်ရှိလာလိမ့်မည်လို့ ထင်မထားမိခဲ့ပေ။
ဇူယွမ် သူ့နှုတ်ခမ်းတွေကိုသပ်လိုက်မိပြီး သူ့ရဲ့မျက်လုံးတွေထဲမှာ ဆုံးဖြတ်ချက်ပြတ်သားမှုတွေနဲ့ပြည့်နှက်နေရကာ ဇူချင်ကိုကြည့်လိုက်ရင်း တစ်လုံးချင်းစီပြောလိုက်သည်… “ကျွန်တော်တို့တွေ ကျောက်စိမ်းသစ်သီးကိုလည်း သေချာပေါက်ရယူရမယ်…”