ဝုန်း…
မူလစဦးအဆင့်ကျွမ်းကျင်သူနှစ်ယောက် ရင်ဆိုင်တိုက်ခိုက်မှုက တောင်တွေကိုပင် လှုပ်ခါစေနိုင်စွမ်းရှိသည်လို့ ပြောနိုင်သည်။ ကွင်းပြင်တစ်ခုလုံးက ဒီအခိုက်အတန့်မှာ ပြင်းပြင်းထန်ထန် တုန်ခါလာခဲ့ကာ ထွက်ပေါ်လာတဲ့အားလှိုင်းတွေက များစွာသောလူတွေကို အသက်ရှူရခက်ခဲစေသည်။
ဇူချင်ရဲ့ ဒေါသတကြီးအော်ဟစ်သံ ထွက်ပေါ်လာသည့်အခါ များပြားလှတဲ့ နန်းတော်အစောင့်အရှောက်တွေက ကွင်းပြင်အနောက်မှ ထွက်ပေါ်လာခဲ့ကြသည်။ ဒါပေမဲ့ ၎င်းနဲ့တစ်ချိန်တည်းမှာပင် ကွင်းပြင်ထဲရှိ များစွာသောလူရိပ်တွေက သူတို့ရဲ့လက်နက်တွေကို ထုတ်ယူလိုက်သကဲ့သို့ သူတို့အားလုံးချီဘုရင်၏အနားတွင် စုစည်းခဲ့လိုက်ကြသည်။
အင်အားစုနှစ်ခုစလုံးက အသင့်အနေအထားတွင် ရှိနေကြသည်။
ရုတ်တရက် မွန်းကျပ်စေနိုင်လောက်တဲ့ဖိအားက များစွာသောအင်အားစုတွေကို ဘာတစ်ခုမှမဖြစ်ပေါ်စေခဲ့ပေမဲ့ သူတို့တွေက တိတ်တဆိတ်ပင် တုန်လှုပ်မိကြရသည်။ တော်ဝင်ကလန်နဲ့ ချီအိမ်တော်တို့က ဒီနေ့မှာ အမှန်တကယ်ကို စစ်ဖြစ်ကြတော့မှာလား။
နှစ်ဖက်စလုံးက သေချာပေါက် ပြင်ဆင်ထားခဲ့ခြင်းမရှိပေ။ တကယ်လို့ သူတို့သာ အခုချိန်မှာ စစ်ပွဲကိုဆင်နွှဲကြမယ်ဆိုရင် ဇူအင်ပါယာက အတွင်းပိုင်းအရှုပ်အထွေးတွေ သေချာပေါက်ဖြစ်ပေါ်လာလိမ့်ပေမည်။ ဒီအရှုပ်အထွေးကြောင့် ကြားထဲကအခြားအင်အားစုတစ်ခုက အကျိုးအမြတ်တွေကို ရိတ်သိမ်းနိုင်စေဖို့ အခွင့်အရေးပေးလိုက်သလို ဖြစ်သွားလိမ့်မည်။
ဇူချင်ရဲ့အမူအယာက အလွန်အမင်းအေးစက်နေသကဲ့သို့ ပြင်းထန်တဲ့ အနီရောင်မီးလျှံလျှပ်စီးချီကလည်း သူ့ရဲ့ဦးခေါင်းထက်မှ အဆက်မပြတ်ထွက်ပေါ်နေလျက်ရှိသည်။ အံ့အားသင့်ဖွယ်ကောင်းတဲ့အရှိန်အဝါတစ်ခုက စုစည်းသွားခဲ့ပြီး မိုးခြိမ်းသံအလားပေါက်ကွဲသံခပ်သဲ့သဲ့ ထွက်ပေါ်လာသကဲ့သို့ ကောင်းကင်ထက်မှာ ချီမုန်တိုင်းတစ်ခုဖြစ်လာခဲ့သည်။
သူ့ရဲ့အေးစက်စက်မျက်လုံးတွေက ချီယန်ကို စိုက်ကြည့်နေမိသည်။ ချီယန်သာ လှုပ်ရှားမှုတစ်ခုခုပြုလုပ်ခဲ့မယ်ဆိုရင် သူက သေချာပေါက်တုန့်ပြန်ရပေလိမ့်မည်။
ဇူချင်ရဲ့ သိမ်းငှက်တစ်ကောင်ကဲ့သို့အကြည့်တွေရဲ့အောက်မှာ ချီယန်ရဲ့မျက်နှာက အနည်းငယ်ပြောင်းလဲသွားခဲ့ရသည်။ သူ့ရဲ့မျက်လုံးထဲမှာ ဒေါသတွေ ရက်စက်ကြမ်းကြုတ်မှုတွေ တစ်ဟုန်ထိုးထွက်ပေါ်နေသော်ငြား သူက သာမန်ကျင့်ကြံသူတစ်ယောက်မဟုတ်ပေ။ သူတို့တွေ ဒီနေရာမှာ ထိပ်တိုက်ရင်ဆိုင်မိကြမယ်ဆိုရင် နှစ်ဖက်စလုံးမှာ အရမ်းကိုကြီးမားတဲ့ဆုံးရှုံးမှုတွေ ဖြစ်ပေါ်လာရလိမ့်မည်ဖြစ်ပြီး ကြားထဲကအခြားအင်အားစုတွေက အကျိုးအမြတ်တွေရရှိနိုင်ဖို့ အခွင့်အရေးရှိသွားပေလိမ့်မည်။
ဒါ့ကြောင့်ပင် သူက အသက်ကိုပြင်းစွာရှူလိုက်ပြီး သူ့ဦးခေါင်းထက်မှ ထွက်ပေါ်နေတဲ့ ပြင်းထန်သည့်မူလချီတွေကို သူ့ခန္ဓာကိုယ်ထဲသို့ ပြန်လည်ရုပ်သိမ်းခဲ့လိုက်သည်။
သူ့ရဲ့မျက်နှာပေါ်မှာ အပြုံးတစ်ခုထွက်ပေါ်လာခဲ့ပြီး ဇူချက်ကိုကြည့်၍လက်နှစ်ဖက်ဆုပ်အရိုအသေပြုလိုက်ကာ ပြောသည်… “အရှင်မင်းကြီး… ကျေးဇူးပြုလို့ မင်းကြီးရဲ့ဒေါသတွေကို ထိန်းပေးပါ… ကျွန်တော့်ရဲ့ အဆင်အခြင်မဲ့စွာပြုလုပ်ခဲ့မှုကြောင့် မင်းကြီးက ကျွန်တော့်ကို ခွင့်လွှတ်ပေးစေချင်ပါတယ်…”
သူက ဇူချင်ကိုပြောလိုက်သကဲ့သို့ စင်မြင့်ပေါ်မှ ဇူယွမ်ကိုကြည့်လိုက်၍ ပြောသည်… “မင်းသားလေး… စောစောက ကျွန်တော်ခြောက်လှန့်မိသလို ဖြစ်သွားခဲ့ရင် ဗွေမယူပါနဲ့…”
ချီယန်ရဲ့မျက်နှာပေါ်က အပြုံးကိုမြင်လိုက်ရသည့်အခါ ဇူယွမ်က ဘာတစ်ခုမှ မပြောနိုင်သော်ငြား ကိုယ့်ကိုကိုယ်သာ တွေးလိုက်မိသည်… “ချီဘုရင်က တကယ့်ကို အထင်ကြီးစရာကောင်းတဲ့လူတစ်ယောက်ပဲ… ဘယ်အချိန်မှာ လေးစားမှုရှိရပြီး ဘယ်အချိန်မှာ အရှုံးပေးရမလဲဆိုတာကို သိနားလည်ထားတာပဲ… သူက ငါ့အဖေအတွက် ကြီးမားတဲ့အခက်အခဲတွေဖြစ်စေခဲ့တယ်ဆိုတာ အံ့ဩစရာမရှိတော့ဘူး…”
ဇူယွမ်က ချီယွဲ့နဲ့ပတ်သက်လို့ စိုးရိမ်မှုတွေ တိုးမြင့်သွားခဲ့ရသည်။ ဒါပေမဲ့လည်း သူက ပြုံး၍ တောင်းပန်စကားဆိုလိုက်သည်… “ကျွန်တော်ခင်ဗျားကို အပြစ်မတင်ပါဘူး… အစောပိုင်းတုန်းက ကျွန်တော်ကိုယ်တိုင် မထိန်းချုပ်နိုင်ခဲ့တာ ကျွန်တော့်အမှားပါ… ကျွန်တော်ကပဲ တောင်းပန်သင့်တဲ့လူတစ်ယောက်ပါ…”
ချီယန်ရဲ့မျက်လုံးထောင့်စွန်းက ဇူယွမ်ရဲ့ရယ်ကျဲကျဲအမူအယာကို တစ်ချက်ကြည့်လိုက်ပြီး လက်တစ်ဖက်ပြတ်နေသည့် သူ့ရဲ့သားဖြစ်သူကိုကြည့်လိုက်ကာ အားတင်း၍ပြုံးလိုက်ပြီး… “လက်သီးတွေ ခြေထောက်တွေမှာ မျက်စိမပါတဲ့အတွက် မတော်တဆဖြစ်မှုတွေကို ရှောင်လွှဲလို့မရနိုင်ဘူး… ချီယွဲ့က လုံလောက်တဲ့စွမ်းရည်မရှိဘူးလို့ပဲ ငါပြောနိုင်တယ်…”
ဇူယွမ်က သက်ပြင်းတစ်ချက်ချလိုက်ပြီး ပျော်ရွှင်စွာဖြင့်ပြောသည်… “ချီဘုရင်ရဲ့ နားလည်မှုလောက် ဘယ်အရာမှမကောင်းဘူး…”
“ဟီးဟီး…” ချီယန်ရယ်မောလိုက်သည်။ သူ့ရဲ့မျက်လုံးတွေထဲမှာ တလက်လက်တောက်ပလာခဲ့ရပြီး ဆက်ပြောလိုက်သည်… “မင်းသားလေး စောစောကအသုံးပြုခဲ့တဲ့ကျင့်စဉ်က ငါတို့ချီအိမ်တော်ရဲ့ မီးလျှံအလင်းကျင့်စဉ်မလား… မင်းသားလေးက ဒါကို ဘယ်နေရာကနေ ရရှိခဲ့လဲဆိုတာကို ငါမေးလို့ရမလား…”
ဒါကို ကြားလိုက်ရသည့်အခါ ဇူယွမ်က ပြုံး၍ပြောလိုက်သည်… “ကျွန်တော်က အနက်ရောင်သစ်တောတောင်တန်းထဲမှာ လေ့ကျင့်နေတုန်းက တစ်စုံတစ်ယောက်က ကျွန်တော့်ကို လုပ်ကြံဖို့ကြိုးစားလာခဲ့တယ်… ဒါပေမဲ့လည်း လုပ်ကြံမှုကို ကျွန်တော်က ကြိုးစားပြီးတားဆီးနိုင်ခဲ့တယ်… သူ့ရဲ့အလောင်းပေါ်မှာ ကျွန်တော်က ကျင့်စဉ်တစ်ခုရှာတွေ့ခဲ့တယ်…”
“ဒါက ဒီလိုမျိုးဖြစ်သွားခဲ့ရတာကို…” ချီယန်က နားလည်သဘောပေါက်သွားသည့်အလား ပြောသည်… “ချီအိမ်တော်က လွန်ခဲ့တဲ့ရက်တွေအတွင်းမှာ ဖောက်ထွင်းခံခဲ့ရပြီး မီးလျှံအလင်းကျင့်စဉ်က ခိုးယူခံခဲ့ရတယ်… မင်းသားလေးကို တိုက်ခိုက်ခဲ့တဲ့လူက အဲ့ဒီသူခိုးပဲ ဖြစ်လိမ့်မယ်လို့ ငါထင်တယ်…”
ချီယန်ရဲ့ အပြုံးက ပို၍နူးညံ့လာခဲ့ကာ ဆက်ပြောသည်… “ငါက မင်းသားလေးကို အမှန်တကယ်ကျေးဇူးတင်သင့်တယ်… မင်းသားလေးကြောင့်သာ မဟုတ်ဘူးဆိုရင် ချီအိမ်တော်က မီးလျှံအလင်းကျင့်စဉ်ကို အမှန်တကယ်ဆုံးရှုံးသွားခဲ့ရလိမ့်မယ်…”
ဇူယွမ်၏မျက်ခုံးတွေက အနည်းငယ် မြင့်တက်သွားခဲ့ရသည်။ ချီဘုရင်က မြေခွေးအိုကြီးတစ်ကောင်ဖြစ်ပေမဲ့ သူက ရိုးရှင်းတဲ့စကားလုံးလေးအနည်းငယ်လောက်နဲ့ မီးလျှံအလင်းကျင့်စဉ်ကို ပြန်ရနိုင်လိမ့်မယ်လို့ တစ်ထစ်ချယုံကြည်နေခဲ့တာလား။
ထို့ကြောင့်ပင် ဇူယွမ်က သက်ပြင်းတစ်ချက်ချလိုက်ကာ ပြောသည်… “မီးလျှံအလင်းကျင့်စဉ်က ကျွန်တော့်ဆီမှာရှိနေရင် ကျွန်တော်ကသေချာပေါက်ပြန်ပေးနိုင်လိမ့်မှာပါ… ကံမကောင်းတာက အဲ့ဒီကျင့်စဉ်က ကျွန်တော် မူလမှော်သားရဲတွေနဲ့ တိုက်ခိုက်တဲ့အချိန်မှာ တစ်စစီဆုတ်ပြဲသွားခဲ့ရတယ်… ဒါ့ကြောင့်ကျွန်တော်က ကျန်တဲ့ဟာတွေအားလုံး အဝေးကိုလွှင့်ပစ်ခဲ့လိုက်ပြီ…”
ချီယန်ရဲ့မျက်နှာပေါ်ရှိအပြုံးက ပျောက်ကွယ်သွားခဲ့ရကာ လက်သီးကိုတင်းတင်းဆုပ်လိုက်မိသည်။ ဇူယွမ်ရဲ့စကားကို သုံးနှစ်အရွယ်ကလေးတစ်ယောက်တောင်မှ ယုံကြည်လိမ့်မည်မဟုတ်ပေ။ ဒါက ဇူယွမ့်အနေနဲ့ ဒီကျင့်စဉ်ကို ပြန်ပေးလိုစိတ်မရှိသည်မှာ ထင်ရှားလှပေသည်။
သို့ပေမဲ့လည်း တော်ဝင်ကလန်က ဒီနေရာမှာရှိနေသည့်အတွက် ချီယန့်အနေဖြင့် ဘာတစ်ခုမှလုပ်ဆောင်နိုင်စွမ်းမရှိခဲ့ပေ။
ဇူချင်က ဒါကိုမြင်လိုက်ရတဲ့အခါ သူ့နှလုံးသားထဲမှာ အေးစက်စက်ရယ်မောမိလိုက်ပြီး သူ့ရဲ့မူလချီတွေကို ပြန်လည်ရုပ်သိမ်းခဲ့လိုက်သည်။ သူက ချီယန်ရဲ့မထိန်းချုပ်နိုင်တဲ့အပြုအမူတွေကြောင့် ဒေါသထွက်ခဲ့ရသော်လည်း သူ့အနေနဲ့ ဒီအချိန်က ချီအိမ်တော်နဲ့ စစ်ဖြစ်သင့်တဲ့အချိန်မဟုတ်သည်ကို သိထားရသည်။
စွမ်းအားမြင့်ကျင့်ကြံသူနှစ်ယောက်က သူတို့ရဲ့ချီတွေကို ပြန်လည်သိမ်းဆည်းလိုက်သကဲ့သို့ ကွင်းပြင်ထဲကိုကျဆင်းနေတဲ့ ပြင်းထန်တဲ့ဖိအားတွေကလည်း တဖြည်းဖြည်းပျောက်ကွယ်သွားခဲ့ရသည်။
လူတိုင်းက တော်ဝင်ကလန်နဲ့ ချီအိမ်တော်အကြား သဘောထားမတိုက်ဆိုင်မှုတွေကို သိထားရသော်လည်း သူတို့က နောက်ဆုံးအလွှာလေးကို ချိုးဖျက်ခဲ့ခြင်းမရှိကြချေ။ ဒါက ဒီနေ့မှာသာ ကျိုးပျက်သွားခဲ့မယ်ဆိုရင် ဘယ်သူတစ်ဦးတစ်ယောက်မှ ဒီကပ်ဘေးကို ရှောင်လွှဲနိုင်လိမ့်မည်မဟုတ်ဘဲ ဇူအင်ပါယာက သေချာပေါက်ပင် ကပ်ဘေးထဲမှာ နစ်မြှုပ်သွားပေလိမ့်မည်ဖြစ်သည်။
ချီယန်က လက်တစ်ဖက်ဝှေ့ယမ်းပြလိုက်ပြီး လူနှစ်ယောက်က စင်မြင့်ပေါ်သို့ပျံတက်သွားခဲ့ကာ အော်ဟစ်ညည်းညူနေသည့် ချီယွဲ့ကို ကူညီပြီးသယ်ထုတ်လာခဲ့လိုက်သည်။ ဒီအချိန်ကျမှသာ ဒိုင်ဖြစ်သူက အသိပြန်ဝင်လာခဲ့ပြီး ကျယ်လောင်စွာအော်ပြောလိုက်သည်… “အနိုင်ရရှိသူ… ပါရမီရှင်အတန်းမှ ဇူယွမ်…”
“ဒုတိယအတန်းရဲ့ ပြိုင်ပွဲဝင်အားလုံး ရှုံးနိမ့်သွားခဲ့ပြီဖြစ်တဲ့အတွက် ပါရမီရှင်အတန်းက သူတို့ရဲ့စိန်ခေါ်မှုမှာ အနိုင်ရခဲ့တယ်… ဒါကြောင့် ပါရမီရှင်အတန်းက ဒီနှစ်အတွက် အတန်းအားလုံးရဲ့ခေါင်းဆောင်နေရာကို ပိုင်ဆိုင်သွားခဲ့ပြီ…”
ဒိုင်ဖြစ်သူ၏ အသံက ကျယ်လောင်စွာပေါက်ကွဲထွက်ပေါ်လာသကဲ့သို့ များစွာသောပါရမီရှင်အတန်းကျောင်းသားတွေက ကျယ်လောင်စွာအော်ဟစ်အားပေးလိုက်ကြကာ သူတို့ရဲ့အားပေးသံတွေက ကွင်းပြင်ထဲမှာ မိုးခြိမ်းသံအလား ကျယ်လောင်စွာ လွင့်ပျံသွားခဲ့ရသည်။
အကြည့်တွေအားလုံးက စင်မြင့်ပေါ်ရှိ ပိန်ပါးတဲ့လူငယ်လေးထံသို့ အံ့ဩတကြီးကြည့်လိုက်မိကြသည်။ အရင်တုန်းက မသန်မစွမ်းဖြစ်ခဲ့ရတဲ့မင်းသားလေးက ဒီလိုမြင့်မားတဲ့အဆင့်တစ်ခုကို ရောက်လာလိမ့်မယ်လို့ ဘယ်သူမှ မထင်ထားမိပေ။
သူတို့အားလုံးက လွန်ခဲ့တဲ့ဆယ်နှစ်ကျော်က အဖြစ်အပျက်ကို တိတ်တဆိတ်ပဲ ပြန်လည်၍တွေးတောလိုက်မိကြသည်။ ထိုအချိန်တုန်းက ကပ်ဘေးက သူတို့ရဲ့မင်းသားလေးကို အလုံးစုံပျက်စီးသွားစေခဲ့ခြင်းမရှိဘူးလို့ သူတို့အားလုံးမထင်ခဲ့မိပေ။ ဒီအရာက သူတို့ရဲ့မင်းသားလေးဟာ ဘယ်လောက်တောင် ဇွဲကြီးလဲဆိုတာကို ရှင်းလင်းစွာဖော်ပြလိုက်ခြင်းပင်ဖြစ်သည်။
သို့ပေမဲ့လည်း သူတို့အားလုံးက ဇူယွမ်၏ မြင့်မြတ်တဲ့နဂါးကောင်းချီးပေးမှုကို ဆုံးရှုံးသွားခဲ့ရပြီးနောက်မှာ အားလုံးပြီးဆုံးသွားခဲ့ရပြီလို့ ပြောခဲ့ကြသည်။ ဒါ့အပြင် ထိုအရာက သူ့ကို ရှေ့ဆက်လျှောက်လှမ်းနိုင်စေဖို့ရန်အတွက် အလွန်အမင်းခက်ခဲသွားစေခဲ့သည်။
ဒါတွေအပြင် အရင်တုန်းက သူပိုင်ဆိုင်ခဲ့ရတဲ့ မြင့်မြတ်တဲ့နဂါးကောင်းချီးပေးမှုက အခုချိန်မှာ ဝူအင်ပါယာရဲ့ နိုင်ငံကောင်းချီးပေးမှုဖြစ်သွားခဲ့ရသည်။ ထပ်ပြောရရင် ၎င်းရဲ့စွမ်းအားတွေက သူနဲ့တစ်ရက်တည်းမှာ စပါးအုံးနဲ့ စာကလေးတို့ရဲ့ကောင်းချီပေးမှုနဲ့အတူ မွေးဖွားလာခဲ့သည့် လူနှစ်ယောက်အပေါ် ပေးအပ်ခြင်းခံခဲ့ရသည်။ ဇူအင်ပါယာက ဒီစွမ်းအားကို ဆုံးရှုံးခဲ့ရပြီးနောက်မှာ ၎င်းကို ပြန်လည်ရယူနိုင်ဖို့က မိုးကောင်းကင်ပေါ်တက်တာထက်ပင် ပို၍ခက်ခဲရပေလိမ့်မည်။
ပါရမီရှင်အတန်းကျောင်းသားတွေရဲ့ အောင်ပွဲခံပျော်ရွှင်နေမှုနဲ့ ဆန့်ကျင်စွာပင် ဒုတိယအတန်းကျောင်းသားတွေအားလုံးက လုံးဝကို တိတ်ဆိတ်လို့နေခဲ့ရသည်။ သူတို့ရဲ့အတန်းပိုင်ဆရာဖြစ်သူ ရှုဟောင်တောင်မှပင် ဖြစ်ပေါ်နေရတဲ့ဒေါသတွေကို အပြင်းအထန်ဖိနှိပ်ထားရမှုကြောင့် သူ့ရဲ့မျက်နှာက အလွန်အမင်းကို ပျက်ယွင်းနေရပေသည်။
ကျောင်းတော်ရဲ့ကျောင်းအုပ်နေရာကို ရရှိနိုင်ဖို့က သူ့အတွက် ခြေတစ်လှမ်းစာလောက်သာ လိုတော့သည့်အခြေအနေတွင်ရှိနေခဲ့သည်။ ဒီနေ့ပြီးတဲ့နောက်မှာ တော်ဝင်ဇူကျောင်းတော်က သူ့ရဲ့ထိန်းချုပ်မှုအောက်ကို ရောက်ရှိလာမည်ဖြစ်ပေမဲ့ ယခုလိုအဖြစ်အပျက်မျိုး ဖြစ်ပျက်လာလိမ့်မည်လို့ ဘယ်သူက ထင်မှတ်ထားမိမှာလဲ။
မူလက ကျိန်းသေပေါက် အနိုင်ရရှိလိမ့်မည်လို့ ထင်မှတ်ထားခဲ့ရသည့် ချီယွဲ့ပင် ဇူယွမ့်ထံမှာ ရှုံးနိမ့်သွားခဲ့ရသည်။
တစ်ချိန်တည်းမှာ လျှိုစီကလည်း မူးမေ့သွားတော့မတတ်ဖြစ်သွားခဲ့ရာမှ နောက်ဆုံးသတိပြန်ဝင်လာခဲ့ရသည်။ သို့ပေမဲ့လည်း ဒိုင်ဖြစ်သူရဲ့ကြေငြာသံကို ကြားလိုက်ရသည့်အခါ သူမရဲ့လှပတဲ့မျက်နှာလေးက အလွန်အမင်းဖြူဖျော့သွားခဲ့ရသည်။
“ချီယွဲ့က ဇူယွမ်ရဲ့လက်ထဲမှာ ရှုံးနိမ့်ခဲ့ရတာလား… ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ…”
သူမက တိုက်ပွဲစင်မြင့်ပေါ်ကို ကြည့်လိုက်သည့်အခါ လက်နောက်ပစ်ကာ ရပ်နေလျက်ရှိသည့် ဇူယွမ်ကို မြင်လိုက်ရသည်။ သူ့ရဲ့ဖြောင့်မတ်နေတဲ့ခန္ဓာကိုယ်နဲ့ သူ့ရဲ့ပိန်ပါးပါးမျက်နှာက ထက်ရှတဲ့အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေကာ ဘယ်သူကမှ သူ့ကို လျော့တွက်ရဲလိမ့်မည်မဟုတ်ပေ။
“ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ ချီယွဲ့က ဘယ်လိုလုပ် ရှုံးနိမ့်နိုင်ရမှာလဲ… ဇူယွမ်က ဘာမှမဟုတ်ပေမဲ့ သူက မသန်မစွမ်းဖြစ်ခဲ့ဘူးတဲ့ မင်းသားတစ်ယောက်လေ…” လျှိုစီ ကိုယ့်ကိုကိုယ်သာ ရေရွတ်လိုက်မိပြီး သူမအနေနဲ့ အမှန်တရားကို လက်ခံနိုင်ခြင်း မရှိသေးပေ။
အခြားဒုတိယအတန်းကျောင်းသားတွေက လျှိုစီကို စိုက်ကြည့်လိုက်မိသည်။ ဒီစိတ်ကြီးဝင်နေတဲ့ မိန်းကလေးက ချီယွဲ့ရဲ့အသိအမှတ်ပြုမှုကို ရရှိခဲ့တဲ့အတွက်ကြောင့် သူမရဲ့ အခြားဒုတိယအတန်း အတန်းဖော်တွေကိုတောင်မှပင် အထင်သေးစွာ ပြုမူဆက်ဆံခဲ့ပေသည်။
နင်က အရင်တုန်းက မင်းသားလေးဇူယွမ်ကို ဖားတစ်ကောင်လို့ ခေါ်ပြီးတော့ နှစ်ခါတောင်ပြန်လှည့်မကြည့်ဘူးလို့ ပြောခဲ့တယ်။ သူက အခုချိန်မှာ ပိုပြီးတော့တောင် ထူးချွန်လာခဲ့ပြီဖြစ်ကာ ချီယွဲ့တောင်မှ သူ့နဲ့ နှိုင်းယှဉ်လို့ရလိမ့်မည် မဟုတ်ပေ။
ကြည့်ရတာ စုယုဝေပြောခဲ့တာ မှန်ပေသည်။ မင်းသားလေး ဇူယွမ်နဲ့ယှဉ်လိုက်ရင် လျှိုစီကမှ တကယ့်ကို ဖားတစ်ကောင်ဖြစ်ပေသည်။
မြင့်မားတဲ့ပွဲကြည့်စင်ပေါ်မှာတော့ ချီယန်က သူတို့ရဲ့အစီအစဉ်အားလုံး ရှုံးနိမ့်သွားခဲ့ရပြီဆိုတာ သိရပေသည်။ သူရဲ့အမူအယာက အနည်းငယ်နက်မှောင်သွားခဲ့ရပြီး ဇူချင်ကိုကြည့်၍ ခပ်ဖွဖွပြုံးကာ ပြောလိုက်သည်… “ဒီအတန်းအဆင့်သတ်မှတ်ချက်စာမေးပွဲရလဒ်က ထင်မထားတာတွေ ဖြစ်လာခဲ့တာပဲ… အရှင်မင်းကြီးအတွက် ဂုဏ်ပြုပါတယ်…”
ဇူချင်က တည်ငြိမ်စွာဖြင့်ပင် ပြန်ပြောသည်… “လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတည်းက တော်ဝင်ဇူကျောင်းတော်ကိုရရှိဖို့ အစွမ်းကုန်ကြိုးစားခဲ့ရတဲ့ ချီဘုရင်အတွက်တော့ ငါတော်တော်လေး စိတ်မကောင်းဖြစ်မိရတယ်…”
ချီယန်က ရယ်မောလျက်ပင် ပြောသည်… “ချီအိမ်တော်က ဒီတစ်ကြိမ်မှာ မှားယွင်းတဲ့ လှုပ်ရှားမှုတစ်ခုကို ပြုလုပ်မိခဲ့တာပဲ… ဒါပေမဲ့ အရှင်မင်းကြီးက ဒါကို အရမ်းကြီးအပျော်လွန်မနေသင့်ဘူး… ချီအိမ်တော်က တော်ဝင်ဇူကျောင်းတော်ကို မရရှိခဲ့ရင်တောင်မှပဲ ချီအိမ်တော်အဖြစ်ဆက်ရှိနေဦးမှာပဲ…”
“ဒါတင်မကသေးဘူး…”
ချီယန်က သူ့စကားကို ခဏရပ်လိုက်ပြီး ဇူယွမ့်ကို ကြည့်ကာ အနည်းငယ်ပြုံး၍ ဆက်ပြောလိုက်သည်… “ငါ့ရဲ့အကြီးဆုံးသားဖြစ်တဲ့ ချီဟောင်က ကြီးမြတ်တဲ့ဗိုလ်ချုပ်ရဲ့လက်အောက်မှာ အသိအမှတ်ပြုမှုရရှိခဲ့ပြီလို့ ပြောခဲ့တယ်… အရှင်မင်းကြီးက ဒါနဲ့ပတ်သက်လို့ သတိထားမိကောင်း သတိထားမိပါလိမ့်မယ်…”
ဒီစကားတွေကို ကြားလိုက်ရတဲ့အခိုက်မှာ ဇူချင်က အနည်းငယ်မျက်မှောင်ကြုတ်သွားမိခဲ့ရသည်။ သို့ပေမဲ့လည်း သူ့ရဲ့အမူအယာက ပြောင်းလဲသွားခြင်းမရှိဘဲ ပြန်ပြောလိုက်သည်… “ဗိုလ်ချုပ်က ပုန်ကန်ထကြွမဲ့လူမျိုးမဟုတ်ဘူး… အနည်းဆုံးတော့ သူ့ကို ငါက ယုံကြည်မှုရှိတယ်…”
“ဟီးဟီး… ငါလည်း ဒါကို မျှော်လင့်မိပါတယ်… ဒါပေမဲ့လည်း သူက မင်းကြီးရဲ့ယုံကြည်မှုကို ပြန်လည်ပေးဆပ်ဖို့ ရည်ရွယ်ချက်ရှိမနေတဲ့ပုံပဲ…” ချီယန်ရဲ့စကားတွေက နက်ရှိုင်းတဲ့အဓိပ္ပါယ်တွေ ပါဝင်နေသည့်ပုံပင်။ သူက နောက်ထပ် ပြောဆိုခြင်းမပြုတော့ဘဲ ဇူချင်ကို လက်နှစ်ဖက်ဆုပ်အရိုအသေပေးလိုက်ပြီး နောက်လှည့်ကာ ထွက်ခွာသွားခဲ့သည်။
ချီယန်ထွက်ခွာသွားတာကို ကြည့်နေရင်းမှ ဇူချင်ရဲ့မျက်လုံးတွေက ပို၍အေးစက်သွားခဲ့ရသည်။ ချီအိမ်တော်က ဒီအရှုံးကို ဒီအတိုင်းထားလိမ့်မည်မဟုတ်ဘူးဆိုတာကို သူသိပေသည်။ ကြည့်ရတာ နောက်ပိုင်းသူတို့နှစ်ဖက်ကြား ထိပ်တိုက်တွေ့ဆုံမှုတွေက ပိုပြီးအကြင်နာတရားကင်းမဲ့လာတော့မည့်ပုံပင်။
သို့ပေမဲ့လည်း ဘာတွေပဲ ဖြစ်ပျက်သွားခဲ့ပါစေ သူ့အနေနဲ့ ဟိုးအရင်တုန်းကလို အဖြစ်အပျက်မျိုး ထပ်မံဖြစ်ပေါ်စေရန် ခွင့်ပြုလိမ့်မည်မဟုတ်သည်ကတော့ သေချာပေသည်။