Switch Mode

စာစဉ် (၄) အပိုင်း (၅၃)

ငါလည်းဒါကိုသိထားတယ်

အစိမ်းရောင်အလင်းက ချီယွဲ့ရဲ့လက်ပေါ်မှာ ခုန်ပေါက်လှုပ်ရှားနေကာ လက်မဝက်ခန့်ရှည်လျားပေသည်။ အစိမ်းရောင်အလင်းက လှုပ်ရှားနေသကဲ့သို့ လေထုတောင်မှ ဆူညံသံတွေထွက်ပေါ်လျက် ဖြတ်ပိုင်းခြင်းခံလိုက်ရသည့်အတွက် ၎င်းရဲ့အံ့အားသင့်ဖွယ်အဖျက်စွမ်းအားကို မြင်တွေ့ရပေသည်။

တစ်ချက်ကြည့်ရုံနဲ့တင် ထိုအစိမ်းရောင်အရှိန်အဝါက ဘာလဲဆိုတာကို လူတိုင်းက သဘောပေါက်မိကြသည်။ ၎င်းက ချီအိမ်တော်၏ အစွမ်းအထက်ဆုံးမူလကျင့်စဉ်တွေထဲကမှ တစ်ခုဖြစ်သည့် မီးလျှံအလင်းကျင့်စဉ်ပင်ဖြစ်သည်။

ဒီကျင့်စဉ်ရဲ့ ကြောက်မက်ဖွယ်စွမ်းအားကြောင့် သာမန်ကျင့်ကြံသူတွေအနေဖြင့် ၎င်းနှင့်တိုက်ရိုက်ထိပ်တိုက်ရင်ဆိုင်ရဲခြင်းမရှိပေ။ ဒါ့အပြင် ချီယွဲ့က ဝင်ပေါက်ရှစ်ခုဖွင့်ထားမှုနဲ့အတူ ဒီကျင့်စဉ်ကိုသာအသုံးပြုခဲ့မယ်ဆိုရင် ချီစုဆောင်းမှုအဆင့်အောက်မှာရှိတဲ့ အစွမ်းအထက်ဆုံးကျင့်ကြံသူအနည်းငယ်ကသာ သူနဲ့ရင်ဆိုင်နိုင်ပေလိမ့်မည်။

ထို့ကြောင့်ပင် အခြေအနေက နောက်တစ်ကြိမ်ပြန်ပြီး ပြောင်းလဲသွားခဲ့ဟန်ရသည်။

ချီယွဲ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးက လူသတ်လိုတဲ့အငွေ့အသက်တွေဖြင့် ပြည့်နှက်နေရပြီး သူက ဇူယွမ်ကိုကြည့်ကာ အေးစက်စွာဖြင့်ပြောသည်… “ဇူယွမ်… မင်းမှာ အမှန်တကယ်စွမ်းရည်ရှိတယ်ဆိုတာကို ငါဝန်ခံရလိမ့်မယ်… လွန်ခဲ့တဲ့နှစ်ဝက်မတိုင်ခင်က မသန်မစွမ်းဖြစ်နေတဲ့မင်းက ဒီနှစ်ဝက်အတွင်းမှာ ဒီလိုအခြေအနေထိရောက်လာပြီး ငါ့အတွက် ကြီးမားတဲ့ခြိမ်းခြောက်မှုတစ်ခုဖြစ်လာလိမ့်မယ်လို့ ငါဘယ်တုန်းကမှ ထင်မထားခဲ့မိဘူး…”

“မင်းက ငါ့ကို ကြီးမားတဲ့ခြိမ်းခြောက်နိုင်စွမ်းရှိတယ်ဆိုတာကို ငါခံစားမိရတဲ့အတွက် ငါက မင်းကိုနောက်တစ်ကြိမ် မသန်မစွမ်းဖြစ်အောင် ပြန်လုပ်ပေးတာက အကောင်းဆုံးဖြစ်လိမ့်မယ်…” ချီယွဲ့က ကြောက်စရာကောင်းလောက်အောင် သူ့ရဲ့ဖြူဖွေးတဲ့သွားတွေ ပေါ်လာသည်အထိပြုံးလိုက်မိပြီး ကြမ်းကြုတ်စွာပြောလိုက်သည်။

ချီယွဲ့ရဲ့လက်ဝါးပေါ်မှာ လှုပ်ရှားနေတဲ့ အစိမ်းရောင်အရှိန်အဝါကိုကြည့်နေလျက်မှ ဇူယွမ်၏မျက်လုံးတွေထဲမှာ အံ့အားသင့်သွားမှုတွေ ဖြတ်ပြေးသွားခဲ့ရသည်။ သူ့အနေနဲ့ ချီယွဲ့က မီးလျှံအလင်းကျင့်စဉ်ကို လေ့ကျင့်ထားမည်ဟု ထင်မှတ်မထားခဲ့ပေ။

သို့ပေမဲ့လည်း ချီယွဲ့ရဲ့ အစိမ်းရောင်အရှိန်အဝါက အလွန်အမင်းမှိန်ဖျော့ကာ တည်ငြိမ်မှုမရှိပေ။ ၎င်းက ဒီကျင့်စဉ်ကို လေ့ကျင့်ထားမှာ မကြာသေးကြောင်း သက်သေခံနေလျက်ရှိသည်။

ဒါတောင်မှပင် ဒီအစိမ်းရောင်အရှိန်အဝါက အစောပိုင်းမှာ ချီယွဲ့အသုံးပြုခဲ့သည့် အဆင့်နိမ့်အနက်ရောင်အဆင့်မူလကျင့်စဉ်တစ်ခုဖြစ်သည့် မိုးကြိုးလက်သီးထက် သာလွန်မှုရှိပေသည်။

“ဒါဆိုရင်တော့ မင်းနဲ့ငါ့မှာ ဆန့်ကျင်ဘက်အမြင်တွေ ရှိနေတာပဲ…” ဇူယွမ်က လူသတ်လိုတဲ့အရှိန်အဝါတွေ တစိမ့်စိမ့်ထွက်နေသည့် ချီယွဲ့၏မျက်နှာကိုကြည့်၍ တည်ငြိမ်စွာဖြင့်ပြောသည်… “ဒါကဘာကြောင့်လဲဆိုတော့ မင်းကို ငါ့အတွက် ကြီးမားတဲ့ခြိမ်းခြောက်မှုတစ်ခုအဖြစ် ဘယ်တုန်းကမှ သတ်မှတ်ထားခြင်းမရှိလို့ပဲ… ငါ့ရဲ့မျက်လုံးထဲမှာတော့ မင်းက ငါ့ရဲ့ကျင့်ကြံခြင်းလမ်းကြောင်းမှာ ကျောက်ခဲလေးတစ်လုံးသာသာပဲရှိတယ်…”

ချီယွဲ့မျက်မှောင်ကြုတ်သွားမိပြီး သူ့ရဲ့ဒေါသတွေက ပေါက်ကွဲလုနီးပါးဖြစ်သွားခဲ့ရကာ ဟက်ဟက်ပက်ပက်ပင်ရယ်မောလိုက်မိသည်။ တစ်ကြိမ်မသန်မစွမ်းဖြစ်ဖူးခဲ့တဲ့ မင်းသားက သူ့ရဲ့ကျင့်ကြံခြင်းလမ်းကြောင်းမှာ ချီယွဲ့ဆိုတဲ့ သူ့ကိုသေးငယ်တဲ့ကျောက်ခဲလေးတစ်လုံးအဖြစ်သာ မြင်မှတ်ထားသည်လား။ ဒါက သူ့ကို တစ်ခါမှမဖြစ်ဖူးသည့် အရှက်ရမှုမျိုးကို ဖြစ်စေခဲ့ရသည်။

“မကြာခင် မင်းက ငါ့ခြေထောက်အောက်မှာ ဒူးထောက်နေရတဲ့အချိန်ကျရင် ဒီစကားမျိုးထပ်ပြီး ပြောနိုင်လိမ့်မယ်လို့ ငါမျှော်လင့်မိတယ်…”

ချီယွဲ့ရဲ့ လူသတ်လိုတဲ့အရှိန်အဝါက အထွတ်အထိပ်ကို ရောက်ရှိသွားခဲ့ရသည်။ သူက လက်ရှိမှာ ကျားတစ်ကောင်အလား ဒေါသတကြီးဖြစ်သွားခဲ့ရပြီး သူ့လက်ဝါးပေါ်ရှိအစိမ်းရောင်အရှိန်အဝါက လှုပ်ရှားသွားခဲ့သည်။ သူ့အနေနဲ့ သူ့နှလုံးသားထဲက သတ်ဖြတ်လိုစိတ်တွေကို အချိန်ကြာမြင့်စွာထိန်းသိမ်းထားနိုင်စွမ်းမရှိခဲ့ပေ။ သူ့ရဲ့ခြေထောက်က မြေပြင်ပေါ်ကို ဆောင့်နင်းလိုက်ပြီး စင်မြင့်ကြမ်းပြင်ကို ကွဲကြေသွားစေခဲ့ကာ သူ့ရဲ့ပုံရိပ်က လေတိုးသံတဝီဝီဖြင့် ဇူယွမ့်ဆီကို တိုးဝင်သွားခဲ့သည်။

ချီယွဲ့၏လက်ဝါးက လေထုကို ဖြတ်ပိုင်းသွားခဲ့သည်။ မှိန်ဖျော့ဖျော့အစိမ်းရောင်အလင်းက လက်ဝါးရဲ့ပတ်လည်မှာ အလွန်အမင်းလှုပ်ရှားနေလျက်ရှိသည်။

ဇူယွမ်က ရပ်နေလျက်ပင် ရှိသေးသည်။ ပွဲကြည့်ပရိတ်သတ်တွေရဲ့အမြင်မှာတော့ သူက ချီယွဲ့ရဲ့ပြင်းထန်ရက်စက်တဲ့ တိုက်ခိုက်မှုကြောင့် ဆင်ခြင်နိုင်စွမ်းကင်းမဲ့သွားရလောက်အောင် ကြောက်ရွံ့သွားခဲ့ရသည်လို့ ထင်မြင်မိကြသည်။

ပါရမီရှင်အတန်းကျောင်းသားတွေရှိနေသည့်နေရာမှာ စုယုဝေရဲ့မျက်နှာလေးက အနည်းငယ်ဖြူဖျော့သွားခဲ့ရသည်။ သူမက ထိန်းချုပ်မှုလွတ်သွားတော့လုနီးပါးဖြစ်သွားခဲ့ရပြီး စင်မြင့်ဆီသို့ ချက်ချင်းပြေးသွားချင်မိပေမဲ့ သူမရဲ့ဆင်ခြင်ဆုံးဖြတ်နိုင်စွမ်းနဲ့အတူ ဒီဆန္ဒကို ထိန်းချုပ်လိုက်ခဲ့ရသည်။

ဘေးမှာတော့ ချူထျန်းယန်က လက်သီးကိုတင်းကျပ်စွာဆုပ်ထားမိလိုက်ပြီး သူ့ရဲ့မျက်နှာပေါ်မှာ စိတ်ဖိစီးနေတဲ့အမူအယာဖြင့် စင်မြင့်ပေါ်ကို မမှိတ်မသုန်ကြည့်နေလိုက်မိသည်။

အလယ်ရှိပွဲကြည့်စင်ပေါ်မှာတော့ ဇူချင်ရဲ့ခန္ဓာကိုယ်က ရှေ့ကိုကိုင်းညွတ်သွားခဲ့ပြီး သူ့ခန္ဓာကိုယ်ပတ်လည်မှာ မူလချီတွေက တစ်ဟုန်ထိုးထွက်ပေါ်လာခဲ့ရသည်။ ဒါက သူ့အနေနဲ့ ဇူယွမ်တစ်ခုခုဖြစ်မသွားစေဖို့ရန်အတွက် နောက်ဆုံးအခိုက်အတန့်ရောက်တဲ့အခါ သွားရောက်ကူညီရန်စီစဉ်ထားခြင်းဖြစ်ကြောင်း ထင်ရှားလှသည်။

ဇူချင်ရဲ့နောက်မှာတော့ ချီယန်က အနိုင်ရလဒ်ဟာ သူ့လက်ထဲမှာဆုပ်ကိုင်ထားသည့်အလား ခပ်ဖွဖွပြုံးလိုက်သည်။

များစွာသော သနားစဖွယ်ကြည့်နေကြတဲ့အကြည့်တွေအောက်မှာ ဇူယွမ်က ချီယွဲ့ကို စိုက်ကြည့်လိုက်ပြီး ရေရွတ်လိုက်သည်… “မီးလျှံအလင်းကျင့်စဉ်က တကယ်ကို စွမ်းအားကြီးတာလား…”

သူက ရှေ့ကိုခြေလှမ်းလိုက်ပြီး သူ့ခန္ဓာကိုယ်က ရုတ်တရက် လှုပ်ရှားသွားခဲ့ရကာ သူ့ကျောပြင်က မြင့်တက်လာသကဲ့သို့ သူ့ရဲ့ပါးစပ်ကိုဖွင့်ဟကာ ပြောလိုက်သည်…

“နဂါးအသက်ရှူခြင်း…”

ဝေါင်း…

နဂါးတစ်ကောင်ရဲ့ဟိန်းဟောက်သံသဲ့သဲ့ ထွက်ပေါ်လာခဲ့ရပြီး ပတ်ဝန်းကျင်ရှိမူလချီတွေက အဖြူရောင်အလင်းတန်းအဖြစ်ပြောင်းလဲသွားခဲ့ကာ ဇူယွမ်ရဲ့တစ်ချက်တည်းနဲ့ ဝါးမျိုခြင်းကို ခံလိုက်ရသည်။

သူက နဂါးကခုန်ခြင်းပုံစံ ၉၈မျိုးကို ပိုပြီးကျွမ်းကျင်လာသကဲ့သို့ ဇူယွမ့်အနေနဲ့ အခုချိန်မှာ အဆင့်အားလုံးကို လုပ်ဆောင်ခြင်းမရှိဘဲနှင့်တောင် သူ့ရဲ့အရိုးအဆစ်တွေကို တုန်ခါသွားစေ၍ နဂါးအသက်ရှူခြင်းကို ပြုလုပ်နိုင်နေပြီဖြစ်သည်။

လွန်စွာများပြားလှတဲ့ မူလချီတွေ သူ့ခန္ဓာကိုယ်ထဲကို ပါးစပ်အပြည့်ဝင်ရောက်လာခဲ့ပြီးနောက် ချက်ချင်းပင် သူ့ရဲ့ဝင်ပေါက်တွေထဲမှာ မြန်ဆန်တဲ့အမြန်နှုန်းဖြင့် စတင်လှည့်ပတ်စေလိုက်သကဲ့သို့ ၎င်းတို့ကို ပေါင်းစည်းစေလိုက်သည်။

ဇူယွမ် သူ့ရဲ့ခေါင်းကိုမော့လိုက်ပြီး ချီယွဲ့ရဲ့ရှုံ့မဲ့သွားသည့်မျက်နှာကိုကြည့်လိုက်ကာ သူ့ရဲ့လက်ကို ဖြည်းညှင်းစွာပဲ ဆန့်ထုတ်လိုက်သည်။ ဇူယွမ်ရဲ့လက်ဝါးမှ အစိမ်းရောင်အလင်းတစ်ခု ထွက်ပေါ်လာခဲ့တာကို လူတိုင်းက မယုံကြည်နိုင်စွာဖြင့် ကြည့်နေမိလိုက်ကြပြီး ၎င်းအစိမ်းရောင်အလင်းက လေထုကို စုတ်ဖြဲလိုက်သကဲ့သို့ပင် ယိမ်းထိုးလှုပ်ရှားနေလျက်ရှိသည်။

ထိုအစိမ်းရောင်အလင်းက ချီယွဲ့ရဲ့လက်ပေါ်ကတစ်ခုနဲ့ အရောင်အဆင်းကအစ တိတိကျကျပင် တူညီလို့နေခဲ့ပြီး ၎င်းကတောင် အနည်းငယ်ပို၍ နက်ရှိုင်းနေခဲ့ရသည်။

ပိုပြီးအရေးကြီးတာက ဇူယွမ်ရဲ့အစိမ်းရောင်အလင်းက တစ်လက်မအထိ ရှည်လျားချိန်မှာ ချီယွဲ့ရဲ့အလင်းက လက်မဝက်လောက်ပင် ရှည်လျားခြင်းမရှိခဲ့ပေ။

ကွင်းပြင်တစ်ခုလုံး အထိတ်တလန့်အော်ဟစ်သံတွေ ထွက်ပေါ်လာခဲ့သည်။

“မင်းသားလေးဇူယွမ်ကလည်း မီးလျှံအလင်းကျင့်စဉ်ကိုပဲ အသုံးပြုနေတာလား…”

“ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ… ဒီကျင့်စဉ်က ချီအိမ်တော်ရဲ့ကိုယ်ပိုင်ကျင့်စဉ်တစ်ခု မဟုတ်ဘူးလား… ဘယ်လိုလုပ်မင်းသားလေးဇူယွမ်က ဒါကိုလေ့ကျင့်ထားနိုင်ခဲ့တာလဲ…”

“မင်းသားလေးဇူယွမ်ရဲ့အလင်းက ပိုပြီးနက်ရှိုင်းသလို ပိုပြီးတော့လည်း ရှည်လျားတယ်… သူ့ရဲ့မီးလျှံအလင်းကျင့်စဉ်ပေါ်မှာ နားလည်တတ်ကျွမ်းမှုက ချီယွဲ့ထက်ပိုပြီးတော့မြင့်မားတယ်…”

“ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ…”

အထိတ်တလန့်နဲ့ အံ့အားသင့်စွာအော်ဟစ်လိုက်သံတွေက ကွင်းပြင်တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့သည်။ လူတိုင်းဟာ သူတို့မျက်လုံးရှေ့က မြင်ကွင်းကြောင့် အံ့အားသင့်တုန်လှုပ်သွားခဲ့ရသည်။

တဖြည်းဖြည်းနီးကပ်လာတဲ့ ချီယွဲ့ရဲ့မျက်လုံးတွေကလည်း ဒီအခိုက်အတန့်မှာ ပြူးကျယ်သွားခဲ့ရကာ ဇူယွမ်ရဲ့လက်ပေါ်က လှုပ်ရှားနေတဲ့ အစိမ်းရောင်အလင်းကို စိုက်ကြည့်လိုက်မိသည်။

ချီယွဲ့ရဲ့အမူအယာကို မြင်လိုက်ရသည့်အခါ ဇူယွမ်ရဲ့နှုတ်ခမ်းထောင့်စွန်းတွေက ကွေးညွတ်သွားခဲ့ရပြီး သရော်တော်တော်ပြုံးကာပြောသည်… “စိတ်မကောင်းစရာက ငါလည်းပဲ မီးလျှံအလင်းကျင့်စဉ်ကို သိထားရလို့ပဲ…”

သူ့ရဲ့ပါးစပ်ကနေ နောက်ဆုံးစကားလုံးထွက်လာပြီးသည့်အခါ ဇူယွမ်က ရုတ်ချည်းရှေ့ကို တက်လှမ်းသွားခဲ့ကာ သူ့ရဲ့လက်က အစိမ်းရောင်ဓားသွားအလား ဝင်ရောက်လာတဲ့ ချီယွဲ့ကို အကြင်နာမဲ့စွာ ခုတ်ပိုင်းလိုက်သည်။

ဝှစ်… ဝှစ်…

လက်ဝါးက ကျဆင်းလာသကဲ့သို့ လေထုကလည်း ပိုင်းဖြတ်ခံလိုက်ရကာ သူတို့ရဲ့ခြေထောက်အောက်က ကျောက်ပြားတွေမှာ အက်ကွဲရာတွေ ထွက်ပေါ်လာခဲ့ရသည်။

စိတ်ဝင်တစားကြည့်နေကြတဲ့ အကြည့်တွေအောက်မှာပဲ ဇူယွမ်နဲ့ ချီယွဲ့တို့ရဲ့လက်ဝါးတွေက တစ်ခုနဲ့တစ်ခု အပြင်းအထန်ထိခိုက်သွားမိကြသကဲ့သို့ ကြောက်စရာကောင်းတဲ့အရှိန်အဝါတွေ ထုတ်လွှတ်နေသည့် အစိမ်းရောင်အလင်းတွေကလည်း တစ်ခုနဲ့တစ်ခု အပြင်းအထန်ရင်ဆိုင်မိလိုက်ကြသည်။

ဝှစ်…

ခပ်သဲ့သဲ့အသံတစ်ခုကို ကြားလိုက်ရသည်။

ဇူယွမ်နဲ့ ချီယွဲ့တို့ရဲ့ပုံရိပ်တွေက တစ်ခုနဲ့တစ်ခုဖြတ်သန်းသွားခဲ့ကြပြီး ရှေ့ကို ခြေလှမ်းများစွာလျှောက်လှမ်းသွားခဲ့ပြီးမှသာ နောက်ဆုံးရပ်တန့်သွားခဲ့ရသည်။

သူတို့တွေက တစ်ယောက်နဲ့တစ်ယောက် ကျောခိုင်း၍ရပ်နေခဲ့ကြသလို သူတို့လက်ပေါ်က အစိမ်းရောင်အရှိန်အဝါကလည်း ဆက်လက်ထွက်ပေါ်နေလျက်ရှိသည်။

အခုအချိန်မှာ ကွင်းပြင်တစ်ခုလုံးက သုဿန်တစပြင်အလား တိတ်ဆိတ်ငြိမ်သက်နေခဲ့ရပြီး ယှဉ်ပြိုင်နေသည့် လူနှစ်ယောက်ထံ ကော်နဲ့ကပ်ထားသည့်အလား ကြည့်နေမိကြသည်။ သူတို့အားလုံး ဒီတိုက်ပွဲရဲ့ရလဒ်က ရုပ်လုံးပေါ်လာခဲ့ပြီဆိုတာကို သိလိုက်ကြရသည်။

“ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ…” တိုးညှင်းတဲ့အသံတစ်ခုက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။ လူတိုင်းက ကြည့်နေသကဲ့သို့ ချီယွဲ့ကလည်း ရေရွတ်လိုက်မိသည်… “ဘာကြောင့် မင်းက မီးလျှံအလင်းကျင့်စဉ်ကို သိနေရတာလဲ… ပြီးတော့ ဘာကြောင့် ဒီလောက်စွမ်းအားပြည့်ဝနေရတာလဲ…”

“ဒါတွေအားလုံးက မင်းရဲ့ကျေးဇူးတွေကြောင့်ပဲ ပြောရမယ်…” ဇူယွမ်က စိတ်လှုပ်ရှားခြင်းကင်းစွာပြောသည်။

ချီယွဲ့က မျက်မှောင်ကြုတ်သွားမိခဲ့ရသကဲ့သို့ သူ့ရဲ့ခေါင်းထဲမှာ တစ်စုံတစ်ခုကို စဉ်းစားမိလိုက်သည့်အခါ သူ့ရဲ့မျက်နှာက ချက်ချင်းဆိုသလို ပျက်ယွင်းသွားခဲ့ရသည်… “ဒါဆို… လူဟောင်က မင်းရဲ့လက်ထဲမှာ သေသွားခဲ့ရတာပေါ့…”

သူတို့တွေ ဘယ်လောက်ပဲရှာရှာ လူဟောင်ရဲ့အရိပ်အယောင်လေးကိုတောင်မှ ရှာတွေ့ခဲ့ခြင်းမရှိတာက အံ့ဩစရာမဟုတ်တော့ပေ။ သူက အစကတည်းကပင် ဇူယွမ်၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသောကြောင့်ဖြစ်သည်။ ဒါ့အပြင်ကို မီးလျှံအလင်းကျင့်စဉ်က သူ့ရဲ့လက်ထဲကို ကျရောက်သွားခဲ့ရပြီး သူက လျှို့ဝှက်စွာပင် လေ့ကျင့်ထားခဲ့ပေသည်။

ဇူယွမ်က ချီယွဲ့ကို လျစ်လျူရှုလိုက်သည်။ သူ့ရဲ့အင်္ကျီလက်က အလင်းတန်းတစ်ခုနဲ့အတူ ဝှေ့ယမ်းသွားခဲ့ရပြီး လေဓားသွားတစ်ခုက လျင်မြန်စွာဖြင့်ပင် ရှေ့ကိုတိုးဝင်သွားခဲ့သည်။

လေဓားသွားက အစောပိုင်းတိုက်ခိုက်မှုတုန်းကလိုပင် ပြင်းထန်စွာထွက်ပေါ်လာခဲ့ရကာ ချီယွဲ့ရဲ့လက်ထံသို့ တိုးဝင်သွားခဲ့ရသည်။ ကွင်းပြင်ထဲရှိ လူအုပ်ကြီးအနေနဲ့ ချီယွဲ့ရဲ့လက်က လက်မောင်းရင်းမှနေ၍ ဖြည်းညှင်းစွာပြတ်ကျသွားခဲ့ရပြီး လတ်ဆတ်တဲ့သွေးတွေ မြေပြင်ပေါ်အဆက်မပြတ်စီးကျနေတာကို မြင်တွေ့လိုက်ရသည့်အခါ ပင့်သက်ကိုသာ ရှိုက်လိုက်မိသည်။

ဖြတ်တောက်ခံလိုက်ရတဲ့နေရာက မှန်တစ်ချပ်အလား တောက်ပြောင်ချောမွတ်နေပေသည်။

အား…

ဒီအချိန်မှာပင် ချီယွဲ့ရဲ့ နာကျင်မှုကြောင့် စူးစူးဝါးဝါးအော်ဟစ်လိုက်သံက ထွက်ပေါ်လာခဲ့သည်။

ကွင်းပြင်တစ်ခုလုံး တိတ်ဆိတ်သွားခဲ့ရ၏။ လူတိုင်းက သနားစရာကောင်းလောက်အောင် အော်ဟစ်နေသည့် ချီယွဲ့ကို ကြည့်နေကြသည်။ သူတို့အနေနဲ့ ဒီတိုက်ပွဲရဲ့ရလဒ်က အခုအချိန်မှာ ရှင်းလင်းသွားခဲ့ပြီဖြစ်ကြောင်း သိလိုက်ကြသည်။

သို့ပေမဲ့လည်း ဒီရလဒ်က လူတိုင်းရဲ့ထင်မြင်ချက်တွေထက် အဆများစွာ ကျော်လွန်သွားခဲ့ရသည်။

တော်ဝင်ဇူကျောင်းတော်ထဲမှာ လွန်ခဲ့တဲ့နှစ်နှစ်အတွင်း အစွမ်းအထက်ဆုံးကျောင်းသားဖြစ်တဲ့ ချီယွဲ့က ဒီနေ့ဇူယွမ်ရဲ့လက်ထဲမှာ သနားစရာကောင်းလောက်အောင် ရှုံးနိမ့်သွားခဲ့ရလိမ့်မယ်လို့ မည်သူကမှ မထင်မိခဲ့ပေ။

အံ့အားသင့်နေတဲ့အကြည့်များစွာက လက်ကိုခန္ဓာကိုယ်ဘေးမှာကပ်လျက်ချထားကာ ရပ်နေလျက်ရှိတဲ့ ဇူယွမ်ရှိရာစင်မြင့်ဆီသို့ ကြည့်လိုက်ကြသည်။ သူတို့အနေနဲ့ မသန်မစွမ်းဖြစ်နေတဲ့မင်းသားလေးလို့ ဝင်ပေါက်ဖွင့်ခြင်းကျင့်ကြံမှုကိုပင် စတင်နိုင်ခြင်းမရှိသေးတဲ့သူလို့ ပြောပြောနေခဲ့ကြတဲ့သူက သူ့ရဲ့စွမ်းရည်တွေကို ဒီနေ့မှာ စတင်ပြီးထုတ်ပြလာခဲ့ပြီဖြစ်သည်။

ဇူအင်ပါယာတော်ဝင်ကလန်ကလည်း သူတို့တွေးထားသကဲ့သို့ပင် တွေးနေကောင်း တွေးနေပေလိမ့်မည်။

မြင့်မားတဲ့ပွဲကြည့်စင်ပေါ်မှာ ဇူချင်နဲ့ ချီယန်တို့နှစ်ယောက်လုံး တိုက်ပွဲရဲ့ရလဒ်ကြောင့် တူညီစွာပင် တုန်လှုပ်သွားခဲ့ရသည်။ သို့ပေမဲ့လည်း ဇူချင်က ကျေနပ်မှုကြောင့် အံ့အားသင့်သွားခဲ့ရခြင်းဖြစ်ပြီး ချီယန်ရဲ့ မျက်နှာက ဒေါသကြောင့် အစိမ်းရောင်သန်းသွားခဲ့ရပေသည်။ ဇူယွမ်က ချီယွဲ့ရဲ့လက်မောင်းအား ဖြတ်တောက်လိုက်သည်ကို သူမြင်လိုက်ရတဲ့အခါ သူ့နှလုံးသားထဲက ဒေါသတွေကို ထိန်းချုပ်မထားနိုင်တော့ဘဲ ရုတ်တရပ်ထရပ်လိုက်ကာ အော်ဟစ်လိုက်သည်… “ကလေး… ဘယ်လောက်တောင် အဖြစ်ဆိုးလိုက်သလဲ…”

ဘုန်း…

ရွှေရောင်ချီအလင်းတန်းတစ်ခုက သူ့ရဲ့ခေါင်းထက်မှ ထွက်ပေါ်လာခဲ့ပြီး ကြီးမားတဲ့ရွှေရောင်လက်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ကာ ဇူယွမ့်ကို လှမ်းဖမ်းလိုက်သည်။

အကယ်၍ ဒီလက်ဝါးကြီးသာ ကျဆင်းလာခဲ့မယ်ဆိုရင် စင်မြင့်တစ်ခုလုံး တစ်စစီဖြစ်သွားပေလိမ့်မည်။

အဆင့် ၄မူလချီ… ရှေးဦးရွှေရောင်ချီ…

သို့ပေမဲ့လည်း ကြီးမားတဲ့ရွှေရောင်လက်ဝါးကြီးကျရောက်လာသကဲ့သို့ ၎င်းနှင့်တူညီစွာပင် စွမ်းအားမြင့်မားလှသည့် အနီရောင်ချီတွေက ကောင်းကင်ပေါ်သို့ ထိုးတက်သွားခဲ့ပြီး ကြီးမားသည့်အနီရောင်လက်ဝါးကြီးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ကာ ရွှေရောင်လက်ဝါးပေါ်ကို အညှာအတာကင်းမဲ့စွာ ရိုက်ချခဲ့လိုက်သည်။

အဆင့် ၄မူလချီ… မီးလျှံလျှပ်စီးချီ…

ကမ္ဘာပျက်မတတ် ဆူညံသံတစ်ခုက ကွင်းပြင်ကိုဖြတ်၍ ထွက်ပေါ်လာခဲ့ရသလို မြေပြင်တစ်ခုလုံးကလည်း လှုပ်ခါသွားခဲ့ရသည်။ ကြောက်မက်ဖွယ်ရာလေလှိုင်းတွေက အပြင်ဘက်သို့ ပျံ့လွင့်သွားခဲ့ရပြီး လေထဲမှာ ဖုန်မှုန့်တွေဖြင့် ပြည့်နှက်သွားခဲ့သည်။

တစ်ချိန်တည်းမှာ ဇူချင်ရဲ့ ဒေါသတွေပြည့်နှက်နေတဲ့အသံက မိုးခြိမ်းသံအလား ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည်…

“ချီယန်… မင်းက ပုန်ကန်ဖို့ကြံစည်နေတာလား…”


Comment

Leave a Reply

Options

not work with dark mode
Reset