ဇူယွမ်စင်မြင့်ပေါ်ကို ခြေချလိုက်သည့်အချိန်မှာ ကွင်းပြင်တစ်ခုလုံးက နောက်တစ်ကြိမ်ဆူညံသွားခဲ့ရသည်။ လူတိုင်းရဲ့အကြည့်က တိုက်ပွဲစင်မြင့်ပေါ်သို့ ကျရောက်နေခဲ့ကာ ၎င်းက လက်ရှိအချိန်မှာ အဓိကအာရုံစိုက်ခံရတဲ့နေရာတစ်ခုဖြစ်လာခဲ့သည်။
“ဒါက မင်းသားလေးဇူယွမ်မလား… ပြောနေကြတဲ့စကားတွေအရဆို သူကကျင့်ကြံခြင်းလမ်းကြောင်းပေါ်လျှောက်လှမ်းနိုင်ခြင်းမရှိတဲ့လူတစ်ယောက်ဆို…”
“ဒါက အရင်အချိန်တုန်းကပဲ… မင်းသားလေးဇူယွမ်က ကျောင်းသားသစ်စာမေးပွဲမှာကတည်းက သူ့ရဲ့ဝင်ပေါက်တွေကို ဖွင့်ထားနိုင်ခဲ့ပြီးပြီ… ငါကြားထားတာတော့ သူက ဝင်ပေါက်ငါးခုအထိတောင် ဖွင့်ထားနိုင်ခဲ့ပြီဆိုပဲ…”
“ဝင်ပေါက်ငါးခုလား… သူက ဘယ်လိုလုပ် ချီယွဲ့နဲ့ယှဉ်နိုင်မှာလဲ… ဝင်ပေါက်ခုနှစ်ခုဖွင့်ထားနိုင်တဲ့ စုယုဝေတောင်မှ ရှုံးသွားခဲ့ရတာ ငါတို့မျက်မြင်ပဲ…”
“ကြည့်ရတာ ဒီအတန်းအဆင့်သတ်မှတ်ချက်စာမေးပွဲက ချီအိမ်တော်ရဲ့လက်ထဲမှာ ရှိနေပြီထင်တယ်…”
“…..”
တီးတိုးပြောဆိုသံတွေက လေထဲမှာ ပြည့်နှက်နေသည်။ သူတို့ရဲ့ပြင်ပခွန်အားအပေါ်အခြေခံပြီး အများစုက ချီယွဲ့အနိုင်ရရှိမယ်လို့ ခံစားခဲ့ရသည်။ ဒါတွေအားလုံးအပြင် ချီယွဲ့ဆိုတာက လွန်ခဲ့တဲ့နှစ်နှစ်အတွင်း တော်ဝင်ဇူကျောင်းတော်ထဲမှာ အထူးချွန်ဆုံးနဲ့ အသန်မာဆုံးကျောင်းသားတစ်ယောက်ဖြစ်သည်။
ပွဲကြည့်စင်ထက်မှာတော့ ဇူချင်နဲ့ ချီယန်တို့နှစ်ယောက်စလုံး ခပ်မတ်မတ်ထိုင်လိုက်မိကြပြီး သူတို့ရဲ့တောက်ပတဲ့မျက်လုံးတွေက တိုက်ပွဲစင်မြင့်ပေါ်ကို ကော်နဲ့ကပ်ထားသည့်အလား ကြည့်နေမိကြသည်။ ဇူယွမ်နဲ့ ချီယွဲ့ကြားတိုက်ပွဲက ကျောင်းတော်ဘယ်သူ့လက်ထဲရောက်လိမ့်မည်ဆိုတာကို ဆုံးဖြတ်ပေးနိုင်လိမ့်မည်ဖြစ်ကြောင်း သူတို့တွေနားလည်ထားရပေသည်။
ချီယွဲ့က စင်မြင့်ပေါ်မှာ လက်နောက်ပစ်ကာရပ်နေလျက်ရှိပြီး အခုချိန်မှာ သူက လူတိုင်းရဲ့အာရုံစိုက်စရာတစ်ခုဖြစ်နေခဲ့ရသည်။
သူ့ရဲ့အဖြူရောင်အဝတ်အစားတွေက လေနဲ့အတူလှုပ်ရှားနေပုံက လှပတဲ့ပန်းချီကားတစ်ချပ်ရေးဆွဲထားသည့်အလားပင်။ သူ့ရဲ့တည်ငြိမ်တဲ့မျက်လုံးတွေက ဇူယွမ်ကို ကြည့်လိုက်ရင်းမှ ပြောသည်… “မင်းသားလေးက အခုချိန်ရောက်တဲ့အထိ ငါ့ကို အမှန်တကယ်အံ့အားသင့်နေစေတုန်းပဲ…”
လွန်ခဲ့တဲ့တစ်နှစ်တုန်းက ဇူယွမ်ဆိုတာ ကျင့်ကြံခြင်းလမ်းကြောင်းကို လျှောက်လှမ်းနိုင်ခြင်းမရှိသည့် မသန်မစွမ်းဖြစ်နေတဲ့မင်းသားတစ်ယောက်အဖြစ်သာ ချီယွဲ့၏မျက်လုံးထဲတွင် ရှိနေခဲ့သည်။ မသန်မစွမ်းဖြစ်နေခဲ့တဲ့မင်းသားတစ်ယောက်အတွက် သူ့မှာစိုးရိမ်မှုအနည်းငယ်မျှပင်ရှိမနေခဲ့ပေ။ ဒါပေမဲ့လွန်ခဲ့တဲ့နှစ်ဝက်အတွင်းမှာ ဇူယွမ်က ရုတ်တရက်နိုးထလာခဲ့ရပြီး ကျင့်ကြံခြင်းလမ်းကြောင်းကို လျှောက်လှမ်းနိုင်ခြင်းမရှိသည့်အခြေအနေမှ ဒီနေ့မှာ ဝင်ပေါက်ငါးခုဖွင့်ထားနိုင်သည့် လူတစ်ယောက်အဖြစ် ခုန်တက်သွားခဲ့သည်။
ဒီအရာက ချီယွဲ့ကိုတောင်မှ တိတ်တဆိတ်အံ့အားသင့်စေခဲ့သည်။
“ဒါပေမဲ့လည်း… မင်းအနေနဲ့ အရှုံးနဲ့ရင်ဆိုင်ရဖို့ သိပ်မလိုတော့ဘူး…” ချီယွဲ့က စိတ်လှုပ်ရှားခြင်းကင်းစွာဖြင့်ပြောသည်။ ဇူယွမ်၏ကံကြမ္မာက သူ့လက်ထဲမှာရှိနေပြီး သူစိတ်ကြိုက်ပြုမူလို့ရသည့်အလားပင်။
ချီယွဲ့က ဇူယွမ်မသန်မစွမ်းဖြစ်သွားစေရန် နည်းလမ်းမျိုးစုံအသုံးပြုပြီး အမိန့်ပေးစေခိုင်းခဲ့သော်လည်း သူတို့ထဲက ဘယ်သူကမှ အောင်မြင်ခြင်းမရှိခဲ့ဘဲ သူ့ရဲ့စိတ်ရှည်သည်းခံမှုတွေကိုသာ လျော့ကျသွားစေခဲ့သည်။ ဒီအတန်းအဆင့်သတ်မှတ်ချက်စာမေးပွဲက သူ့အတွက် အရမ်းကောင်းတဲ့အခွင့်အရေးတစ်ခုဖြစ်သည်။ ဇူယွမ်အနေနဲ့ ဒီနေရာမှာ မသန်မစွမ်းဖြစ်သွားခဲ့မယ်ဆိုရင် ဇူချင်တောင်မှ ဘာတစ်ခုမှလုပ်နိုင်လိမ့်မည်မဟုတ်ပေ။
“ဒီလိုဖြစ်လာမှာမဟုတ်ဘူး…” ဇူယွမ်ရဲ့မျက်နှာက တည်ငြိမ်မှုရှိနေပေမဲ့ သူ့ရဲ့မျက်လုံးအနက်ရှိုင်းဆုံးနေရာမှနေ သတ်ဖြတ်ချင်စိတ်တွေ တစ်ဟုန်ထိုးမြင့်တက်လာခဲ့ရသည်။
ချီယွဲ့ရဲ့အပြုအမူတွေက ဇူယွမ်နဲ့သက်ဆိုင်တဲ့သူတွေအပေါ်မှာပါ ထိပါးလာခဲ့သည့်အတွက် ဇူယွမ်ရဲ့လူသတ်ချင်စိတ်တွေက နိုးထလာခဲ့ရသည်။ ထို့ကြောင့်ပင် သူကလည်း ဒီအတန်းအဆင့်သတ်မှတ်ချက်စာမေးပွဲမှာ ချီယွဲ့ကို သူလုပ်ခဲ့တဲ့အရာရာတိုင်းအတွက် ပြန်လည်ပေးဆပ်စေဖို့ ရည်ရွယ်ထားခဲ့သည်။
တိုက်ပွဲစင်မြင့်ထက်မှာ သူတို့တွေရဲ့အကြည့်တွေ ဆုံတွေ့သွားခဲ့စဉ်မှာ အမုန်းတရားနှင့် သတ်ဖြတ်ချင်စိတ်တွေ ထွက်ပေါ်လာခဲ့ရသည်။
ကွင်းပြင်ထဲရှိလူတိုင်းက အခြားအတန်းတွေကြားထဲက ယှဉ်ပြိုင်တိုက်ခိုက်မှုတွေကို စိတ်ဝင်စားခြင်းမရှိကြတော့ဘဲ ဇူယွမ်တို့ရှိနေသည့် စင်မြင့်ပေါ်ကိုသာ သူတို့အားလုံးရဲ့အကြည့်တွေ ရောက်ရှိလာခဲ့ကြသည်။ ဇူယွမ်နဲ့ ချီယွဲ့တို့ကြား တိုက်ခိုက်မှုက ဇူအင်ပါယာမြို့တော်အတွင်းမှာ ကြီးမားသည့်လှိုင်းကြီးတစ်ခုအဖြစ် ရိုက်ခတ်သွားလိမ့်မည်ဆိုတာကို လူတိုင်းသိပေသည်။
“စေတာ့…”
စင်မြင့်ပေါ်ရှိ တိတ်ဆိတ်ငြိမ်သက်မှုက ဒိုင်ဖြစ်သူ၏ ရုတ်တရက် ကျယ်လောင်စွာအော်ဟစ်လိုက်မှုကြောင့် ရုတ်ချည်းကျိုးပျက်သွားခဲ့ရသည်။
ချီယွဲ့က စတင်ပြီးလှုပ်ရှားလိုက်သည်။ စွမ်းအားတွေက သူ့ခြေထောက်တွေထဲ စီးဝင်သွားခဲ့ကာ သူက မြေပြင်ပေါ်မှာ ခြေတစ်ချက်ဆောင့်လိုက်ပြီး သူ့ခန္ဓာကိုယ်က အနက်ရောင်မီးခိုးငွေ့တန်းတစ်ခုအလား ပြောင်းလဲသွားလျက် ဇူယွမ့်ထံ တစ်ဟုန်ထိုးတိုးဝင်သွားလိုက်သည်။
ဝုန်း…
လက်သီးချက်က ရှေ့ကိုပြေးထွက်သွားခဲ့သလို လက်သီးလှိုင်းတွေကလည်း လေထုကိုပင် ဆူညံစွာပေါက်ကွဲသွားစေခဲ့သည်၊
ဇူယွမ်ရဲ့မျက်လုံးတွေက လျင်မြန်စွာနီးကပ်လာတဲ့ လက်သီးချက်ကိုကြည့်လိုက်သကဲ့သို့ ရုတ်တရက် သူ့ရဲ့ခြေထောက်တွေကို လှုပ်ရှားလိုက်ပြီး သူ့ရဲ့ခန္ဓာကိုယ်က ချက်ချင်းပျောက်ကွယ်သွားသည်။ ၎င်းက နဂါးခြေလှမ်းလှုပ်ရှားမှုပင်ဖြစ်သည်။
ဝင်ရောက်လာတဲ့လက်သီးချက်က လေထုထဲကိုသာ ထိုးနှက်မိလိုက်သည့်အခါ ချီယွဲ့ရဲ့မျက်လုံးတွေ အနည်းငယ်လှုပ်ရှားသွားခဲ့သည်။ သူ့အနေနဲ့ ဇူယွမ်၏ အံ့ဩစရာကောင်းသည့် မူလကျင့်စဉ်အကြောင်းကို အစောကြီးတည်းက သတိထားမိခဲ့ခြင်းဖြစ်ပြီး ၎င်းကျင့်စဉ်က သူ့ရဲ့ခန္ဓာကိုယ်က တစ်ခဏကြာပျောက်ကွယ်သွားစေလိမ့်မည်ဖြစ်ကာ များစွာသောတိုက်ခိုက်မှုတွေ သူ့အပေါ်ကို မကျရောက်အောင် ရှောင်တိမ်းနိုင်စွမ်းရှိပေလိမ့်မည်။
ချီယွဲ့၏လက်သီးက ရုတ်ချည်းပင် လက်ဝါးပုံစံအဖြစ် ပြောင်းလဲသွားခဲ့ကာ မူလချီအလင်းတွေ တစ်ဟုန်ထိုးထွက်ပေါ်လာခဲ့ရပြီး ဓားသွားတစ်ခုအလား လွှဲယမ်းလိုက်သကဲ့သို့ ၎င်းက လေထုကိုစုတ်ဖြဲကာ ဇူယွမ့်ထံတိုးဝင်သွားခဲ့၏။
ဇူယွမ်က လက်သီးကိုတင်းတင်းဆုပ်လိုက်မိသကဲ့သို့ သူ့ရဲ့လည်ပင်းထံတိုးဝင်လာခဲ့သည့် ချီယွဲ့ရဲ့လက်ဝါးခုတ်ချက်မှာပါဝင်နေသည့် စွမ်းအားနဲ့တူညီစွာပင် သူ့ရဲ့လက်သီးကို ထိုးထုတ်လိုက်သည်။
ဘန်း…
လက်သီးနဲ့ လက်ဝါးတို့ ထိတွေ့မှုကြောင့် လေထုက ပေါက်ကွဲသွားသည်။ ၎င်းမှ ထွက်ပေါ်လာသည့် အားလှိုင်းတွေကို သာမန်မျက်စိဖြင့်ပင် မြင်တွေ့ရနိုင်ပြီး မြေပြင်ပေါ်မှာ ဖုန်တထောင်းထောင်းထသွားစေခဲ့သည်။
ဘန်း… ဘန်း… ဘန်း…
အဲ့ဒီနောက် ချက်ချင်းဆိုသလိုပင် ဇူယွမ်နဲ့ ချီယွဲ့တို့က ပြင်းထန်တဲ့တိုက်ခိုက်မှုတွေကို အဆက်မပြတ် ပြုလုပ်လိုက်ကြသည်။ လက်ဝါးရိုက်ချက်တွေက ပြိုင်ဘက်အပေါ် မုန်တိုင်းတစ်ခုအလား ပြင်းပြင်းထန်ထန်ဖြင့် တရစပ်ကျဆင်းနေလျက်ရှိသည်။
အသက်ရှူချိန်အနည်းငယ်အတွင်းမှာပင် သူတို့နှစ်ယောက်က ဆယ်ကြိမ်ထက်မနည်းထိပ်တိုက်ရင်ဆိုင်မိခဲ့ကြပြီး ကြည့်နေသည့်လူတွေကို အနည်းငယ်တော့ အံ့အားသင့်သွားစေခဲ့ရသည်။
ဒုန်း…
နောက်ထပ်တစ်ကြိမ် ထိပ်တိုက်ရင်ဆိုင်မိလိုက်သည့်အခါ ဇူယွမ်နဲ့ ချီယွဲ့တို့ရဲ့ခန္ဓာကိုယ်တွေက နောက်သို့ပြန်လည်လွင့်ထွက်သွားခဲ့ရပြီး မြေပြင်ပေါ်မှာ ခြေလှမ်းများစွာလျှောတိုက်ဆုတ်ခွာသွားခဲ့ပြီးမှသာ ရပ်တန့်နိုင်ခဲ့လိုက်ကြသည်။
ကြည့်နေကြတဲ့ လူအုပ်ကြီးက လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားခဲ့ရပြီး သူတို့ရဲ့မျက်လုံးတွေထဲမှာ အံ့အားသင့်မှုတွေ ဖြစ်ပေါ်လာခဲ့ရသည်။ သူတို့အနေဖြင့် ဒီပြင်းထန်တဲ့တိုက်ခိုက်မှုမှာ ဝင်ပေါက်ငါးခုသာဖွင့်ထားနိုင်သည့် ဇူယွမ့်အနေဖြင့် ဒဏ်ရာအနည်းငယ်မျှပင် ရရှိခဲ့ခြင်းမရှိသည်ကို တွေ့လိုက်ရသည်။
မူလက သူတို့အနေဖြင့် ဇူယွမ်ဟာ ချီယွဲ့ရဲ့အလုံးစုံဖိနှိပ်ခြင်းကိုသာ ခံရလိမ့်မည်လို့ ယုံကြည်ထားခဲ့မိကြသည်။
ဇူယွမ် သူ့ရဲ့လက်သီးကို ခါယမ်းလိုက်ရင်း မှတ်ချက်ပြုလိုက်မိသည်… “ဝင်ပေါက်ခုနှစ်ခုဖွင့်ထားနိုင်တဲ့ ကျင့်ကြံသူတစ်ယောက်ရဲ့စွမ်းအားက တကယ့်ကို အထင်ကြီးစရာပဲ… ငါရင်ဆိုင်ခဲ့တဲ့ ရိုင်းစိုင်းတဲ့မှော်သားရဲတွေထက်တောင် ရင်ဆိုင်ရပိုခက်ခဲသေးတယ်…”
သူက ဝင်ပေါက်ခုနှစ်ခုဖွင့်ထားနိုင်သည့် ကျင့်ကြံသူတစ်ယောက်ရဲ့ စွမ်းအားနဲ့နှိုင်းယှဉ်နိုင်သည့် များစွာသောမှော်သားရဲတွေကိုပင် သတ်ဖြတ်နိုင်ခဲ့သည်။ ဒါပေမဲ့ သူတို့အားလုံးက ချီယွဲ့လောက် သန်မာနေခြင်းမရှိခဲ့ပေ။
ချီယွဲ့ရဲ့မျက်လုံးထဲမှာ အနည်းငယ်ရက်စက်တဲ့အကြည့်တွေ ဖြစ်ပေါ်လာခဲ့ရသည်။ သူ့အနေနဲ့ ဇူယွမ်၏ သာမန်မဟုတ်ဘဲ လွန်စွာသန်မာသည့်ခန္ဓာကိုယ်အကြောင်းကို အရင်ကတည်းက သိထားခဲ့ပြီးဖြစ်သော်လည်း ၎င်းနဲ့ ပထမဆုံးအကြိမ် ရင်ဆိုင်ခဲ့ရပြီးနောက်မှာ ဒါက ဘယ်လောက်စွမ်းအားပြည့်ဝတယ်ဆိုတာကို သူအမှန်တကယ် နားလည်သဘောပေါက်ခဲ့ရသည်။
သူ့ရဲ့ခန္ဓာကိုယ်က အချိန်တိုင်း အချိန်တိုင်း မြင့်တက်လာခဲ့ရပြီး ဝင်ပေါက်ခုနှစ်ခုဖွင့်ထားနိုင်သည့်ကျင့်ကြံသူတစ်ယောက်ရဲ့ ခွန်အားမျိုးပိုင်ဆိုင်ထားသည်ကို လူတိုင်းသေချာပေါက်သိပေမည်။ ဝင်ပေါက်ငါးခုသာဖွင့်ထားနိုင်တဲ့ဇူယွမ်ကို ထိခိုက်ဒဏ်ရာလေးတစ်ခုတောင် ရအောင်မလုပ်နိုင်ဘူးဆိုတဲ့အချက်က သူ့အတွက်တော့ အမှန်တကယ်ကို ဒေါသထွက်စရာကောင်းလှသည်။
“ဝင်ပေါက်ခုနှစ်ခုဖွင့်ခြင်း…”
ချီယွဲ့ထံမှ ကြွေးကြော်သံထွက်ပေါ်လာပြီးနောက်မှာ သူ့ခန္ဓာကိုယ်အတွင်းရှိ မူလချီတွေက ပို၍လျင်မြန်စွာစီးဆင်းလာခဲ့ရသည်။ သူ့ရဲ့ခန္ဓာကိုယ်ပေါ်မှာ မူလချီအလင်းတွေ ချက်ချင်းဖုံးလွှမ်းသွားခဲ့ကာ အံ့အားသင့်စရာကောင်းတဲ့ အရှိန်အဝါတစ်ခု ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။
ဝုန်း…
ချီယွဲ့ခြေထောက်အောက်ရှိ ကျောက်ပြားအခင်းက ချက်ချင်းပင် ကွဲကြေသွားခဲ့ရသည်ကို ကြည့်ခြင်းအားဖြင့် သူ့ခန္ဓာကိုယ်ထဲမှာ စွမ်းအားတွေ ဘယ်လောက်စုစည်းနေခဲ့လဲဆိုတာကို သိသာစေသည်။
ဇူယွမ်ရဲ့မျက်လုံးတွေ အနည်းငယ်ကျဉ်းမြောင်းသွားခဲ့ရပြီး သူ့ရဲ့အမူအယာက ပိုပြီးလေးနက်သွားခဲ့သည်။ ကြည့်ရတာ ခြင်္သေ့တစ်ကောင်က ယုန်တစ်ကောင်ကို ဖမ်းနိုင်ဖို့အတွက် သူ့ရဲ့စွမ်းအားကုန် အသုံးပြုတော့မည့်ပုံပင်။ ချီယွဲ့၏လက်ရှိအနေအထားက သူ့အတွက် အနည်းငယ်တော့အန္တရာယ်များရပေသည်။
“ဝင်ပေါက်ငါးခုဖွင့်ခြင်း…” ဇူယွမ်ရဲ့ခန္ဓာကိုယ်ထဲမှာ မူလချီတွေတစ်ဟုန်ထိုးမြင့်တက်လာသကဲ့သို့ စွမ်းအားတွေက သူ့ရဲ့ခြေလက်တွေထဲကို စီးဝင်သွားခဲ့သည်။
ဝှစ်…
ချီယွဲ့၏ ခန္ဓာကိုယ်က လှုပ်ရှားသွားခဲ့၏။ သူ့ရဲ့ဝင်ပေါက်ခုနှစ်ခုလုံးကို ဖွင့်ထားခဲ့ပြီးနောက်မှာ သူ့ရဲ့အမြန်နှုန်းက အခုအချိန်တွင် အဆများစွာပို၍မြန်ဆန်သွားခဲ့ရသည်။ လျှပ်တစ်ပြက်အတွင်းမှာပင် သူက ဇူယွမ်၏နောက်ဘက်တွင် ပေါ်လာခဲ့သည်။
“မိုးကြိုးလက်သီး…”
ချီယွဲ့က အနည်းငယ်မျှပင် တုန့်ဆိုင်းနေခြင်းမရှိခဲ့ပေ။ သူက ဇူယွမ့်ကို အေးစက်စွာကြည့်လိုက်ပြီး အနက်ရောင်မူလကျင့်စဉ်ကို ထုတ်ဖော်လိုက်သည်။ လေထုက ကျယ်လောင်စွာပေါက်ကွဲသွားခဲ့ရသလို သူ့ခြေထောက်အောက်မှ ကျောက်သားအခင်းတွေကလည်း တစ်လက်မပြီးတစ်လက်မ အက်ကွဲလာခဲ့ခြင်းက အလွန်ပင်အံ့အားသင့်စရာကောင်းသည့် မြင်ကွင်းတစ်ခုဖြစ်သည်။
ဒီလက်သီးချက်က အစောပိုင်းမှာ စုယုဝေနဲ့တိုက်ခိုက်စဉ်က အသုံးပြုခဲ့တဲ့ လက်သီးချက်ထက် ပိုပြီးပြင်းထန်ပေသည်။
“နဂါးလက်ဝါး… တောင်ကိုဖြိုခြင်း…”
ဇူယွမ်ရဲ့လက်က အလျားလိုက်လှုပ်ရှားသွားခဲ့ပြီး ၎င်းက တောင်ကြီးတစ်လုံးကို သယ်ဆောင်လာသည့်အလား အလွန်အမင်းလေးလံနှေးကွေးလှသည်။ ပြင်းထန်တဲ့အင်အားတွေက သူ့ရဲ့နောက်မှ ဝင်ရောက်လာသည့် ချီယွဲ့၏လက်ဝါးရိုက်ချက်ထံ တိုးဝင်သွားခဲ့သည်။
ဒုန်း…
သူတို့နှစ်ယောက်ရဲ့ခြေထောက်အောက်မှ ပြင်းထန်တဲ့အားလှိုင်းတွေ ထွက်ပေါ်လာခဲ့ရကာ စင်မြင့်ရဲ့အခင်းကျောက်ပြားတွေကို တစ်စစီဖြစ်သွားစေခဲ့သည်။
“မင်းက ကာကွယ်နိုင်ခဲ့တယ်ပေါ့… နောက်တစ်ကြိမ်ထပ်ပြီး ကာကွယ်ကြည့်စမ်းကွာ…”
ချီယွဲ့ရဲ့မျက်လုံးတွေက ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ ပြည့်နှက်သွားခဲ့ရပြီး ကျားတစ်ကောင်အလား ထိုးချလိုက်သည်။ လက်သီး၊ ခြေထောက်၊ တံတောင်။ တစ်ခုစီတိုင်းက သေစေနိုင်သည့်လက်နက်တစ်ခုအလား လေထုကိုဖောက်ထွင်းထွက်ပေါ်လာခဲ့ပြီး ဇူယွမ်၏ခန္ဓာကိုယ်ပေါ်ရှိ အရေးကြီးသည့်နေရာတွေအပေါ်ကို မိုးသီးမိုးပေါက်အလား ကျဆင်းလာခဲ့ရသည်။
ချီယွဲ့က သူ့ရဲ့စွမ်းအားတွေကို အကန့်အသတ်ထိရောက်အောင် ထုတ်လွှတ်လိုက်သည်။ အခုအချိန်မှာ သူလိုအပ်နေတာက ဇူယွမ်၏ယုံကြည်ချက်ကို ဖျက်စီးကာ သူ့အပေါ်လွှမ်းမိုးချုပ်ကိုင်နိုင်ဖို့ရန်ပင်ဖြစ်သည်။
ဒီလိုမျိုး ရက်စက်ကြမ်းကြုတ်တဲ့တိုက်ခိုက်မှုတွေက ကြည့်နေကြသည့်လူတွေကို ပြောစရာစကားမဲ့သွားစေခဲ့ရသည်။
ချီယွဲ့၏အဆက်မပြတ်တိုက်ခိုက်မှုတွေကြောင့် ဇူယွမ်ရဲ့အမူအယာက အနည်းငယ်ပြောင်းလဲသွားခဲ့သည်။ ပြိုင်ဘက်ရဲ့အဆက်မပြတ်ဖိနှိပ်တိုက်ခိုက်မှုတွေကြောင့် သူ့အနေဖြင့် နဂါးခြေလှမ်းကို အသုံးပြုနေခဲ့တာတောင်မှ ၎င်းတို့ကို တိမ်းရှောင်နိုင်ဖို့ရန်ပင် ခက်ခဲလာခဲ့ရသည်။
ဇူယွမ် အထိတ်တလန့်ဖြစ်သွားခဲ့ရသော်လည်း ထိတ်ထိတ်ပျာပျာဖြစ်သွားခဲ့ခြင်းတော့မရှိပေ။ သူ့ရဲ့စိတ်ဝိညာဉ်က မျက်ခုံးနှစ်ခုကြားမှာ ထွက်ပေါ်လာခဲ့ပြီး သူ့ရဲ့ရှေ့ရှိအရာအားလုံးကို အာရုံခံစားနိုင်ခဲ့ရကာ ချီယွဲ့ရဲ့တိုက်ခိုက်မှုအားလုံးက သူ့ရဲ့မြင်ကွင်းထဲမှာ ရှင်းရှင်းလင်းလင်းပေါ်ထွက်လာသည်။
သူ့ရဲ့စိတ်ဝိညာဉ်အာရုံခံနိုင်စွမ်းနဲ့အတူ ချီယွဲ့ရဲ့တိုက်ခိုက်မှုလမ်းကြောင်းတွေကို သူ့ရဲ့မျက်လုံးထဲမှာ ထင်ထင်ရှားရှားမြင်တွေ့လာနိုင်ခဲ့သည်။
ထို့ကြောင့်ပင် သူက အကြောက်အရွံ့ကင်းစွာဖြင့် လှုပ်ရှားလိုက်သည်။
သူ့ရဲ့ခြေနဲ့လက်တွေမှာ မူလချီတွေက လျင်မြန်စွာလှည့်ပတ်သွားသည်။ သူ့ရဲ့တန်ပြန်တိုက်ခိုက်မှုက ချီယွဲ့ကို ထိခိုက်စေခြင်းငှါမစွမ်းသာပေမဲ့ ချီယွဲ့၏တိုက်ကွက်အားနည်းချက်နေရာတွေကိုသာ ရွေးချယ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ နောက်ဆုံးမှာ ချီယွဲ့၏ ရက်စက်ကြမ်းတမ်းတဲ့စွမ်းအားတွေက တဖြည်းဖြည်းလွင့်ပြယ်သွားခဲ့ရ၏။
ချီယွဲ့၏အမူအယာက အလွန်အမင်းပျက်ယွင်းသွားခဲ့ရသည်။ သူ့ရဲ့ပြင်းထန်တဲ့တိုက်ခိုက်မှုတွေက ဇူယွမ်၏ခံစစ်ကို မချိုးဖျက်နိုင်ဘူးဆိုတာ သူခံစားမိသည့်အပြင် ဇူယွမ်ရဲ့နှေးကွေးတဲ့ တန်ပြန်တိုက်ခိုက်မှုကတောင် သူ့ရဲ့စွမ်းအားတွေကို အလုံးစုံပြယ်လွင့်သွားစေခဲ့သည်။
ဒုန်း…
နောက်ထပ်ပြင်းထန်တဲ့ လက်သီးတစ်ချက်က ဇူယွမ့်ထံမှ ထွက်ပေါ်လာခဲ့ကာ ချီယွဲ့၏တံတောင်ဆစ်ပေါ်သို့ ကျရောက်သွားခဲ့သည်။ ပြင်းထန်လှတဲ့စွမ်းအားတစ်ခုက ချီယွဲ့ရဲ့လက်တစ်ဖက်လုံးကို တုန်ခါသွားစေခဲ့ကာ သူ့ရဲ့ခန္ဓာကိုယ်က တစ်ခဏမျှအေးခဲသွားရသည်။
“မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး… သွားတစ်ချောင်းအတွက် သွားတစ်ချောင်းပဲ… ဒါကိုမြည်းကြည့်စမ်း…”
ဇူယွမ်ရဲ့မျက်လုံးတွေက တောက်ပသွားခဲ့ရပြီး သူ့ရဲ့လက်သီးက ရုတ်တရက် လက်ဝါးအဖြစ်ကို ပြောင်းလဲသွားခဲ့သည်။ သူ့ခန္ဓာကိုယ်ထဲရှိ မူလချီတွေက သူ့ရဲ့စွမ်းအင်ဝင်ပေါက်တွေကို ဖြတ်သန်း၍ တစ်ဟုန်ထိုးထွက်ပေါ်လာခဲ့ပြီး သူ့ရဲ့လက်ဝါးထဲကို စီးဝင်သွားခဲ့ကာ ပတ်ဝန်းကျင်လေထုပင် တုန်ခါသွားသည်။
ဇူယွမ်၏ခန္ဓာကိုယ်ထံမှ အံ့အားသင့်စရာကောင်းလောက်သည့် အရှိန်အဝါတစ်ခု ထွက်ပေါ်လာခဲသည်။
“နဂါးလက်ဝါး… မြေကိုခွဲခြင်း…”
သူရဲ့အော်သံနဲ့တစ်ချိန်တည်းမှာ ဇူယွမ်ရဲ့လက်ဝါးက အလျားလိုက် လွှဲယမ်းသွားခဲ့သည်။ မျက်စိကျိန်းလောက်အောင် တောက်ပတဲ့မူလချီအလင်းတွေက သူ့ရဲ့လက်ဝါးအလယ်ဗဟိုမှ ထွက်ပေါ်လာခဲ့ပြီး ၎င်းဖြတ်သန်းသွားတဲ့ လေထုတစ်လျှောက် လောင်ကျွမ်းသွားခဲ့ရပေသည်။
ဒီရိုက်ချက်က ချီယွဲ့ထံ တိုက်ရိုက်ဦးတည်နေသည်။
ဒီအခိုက်အတန့်မှာ ချီယွဲ့ရဲ့အမူအယာက ရုတ်ချည်းပြောင်းလဲသွားခဲ့ရသည်။ ဇူယွမ်ရဲ့ တန်ပြန်တိုက်ခိုက်မှုမှာပါဝင်တဲ့ ကြောက်မက်ဖွယ်ရာစွမ်းအားကို သူ့အနေနဲ့ ခံစားမိပေသည်။ ချီယွဲ့က သူ့ရဲ့လက်တစ်လျောက် မူလချီတွေစီးဆင်းစေလျက် ချက်ချင်းဆိုသလိုပင် ကန့်လန်ဖြတ်အနေအထားပြုလုပ်ကာ ကာကွယ်ခဲ့လိုက်သည်။
“အဆင့်မြင့်မူလကျင့်စဉ်… သတ္တုလက်…”
ဒုန်း…
ဇူယွမ်က ချီယွဲ့၏အပြုအမူကြောင့် တုန့်ဆိုင်းသွားခြင်းမရှိခဲ့ဘဲ သူ့ရဲ့ပြင်းထန်တဲ့တိုက်ခိုက်မှုက ချီယွဲ့ရဲ့လက်မောင်းပေါ်ကို ကျရောက်သွားခဲ့သည်။ ကျယ်လောင်တဲ့အသံတစ်ခု ထွက်ပေါ်လာခဲ့ပြီး ပြင်းထန်တဲ့အင်အားတစ်ခုပေါက်ကွဲထွက်ပေါ်လာခဲ့ရသည်။
ဒုန်း… ဒုန်း… ဒုန်း…
ဇူယွမ်ရဲ့ပြင်းထန်တဲ့တိုက်ခိုက်မှုကြောင့် ချီယွဲ့ရဲ့လက်မောင်းက ပြင်းပြင်းထန်ထန်တုန်ခါသွားခဲ့ရပြီး သူ့ရဲ့ခန္ဓာကိုယ်က စင်မြင့်ပေါ်မှာ သနားစရာကောင်းလောက်အောင်ပင် နောက်ကိုတော်တော်များများဆုတ်ပေးလိုက်ရသည်။
ကွင်းပြင်တစ်ခုလုံး အထိတ်တလန့်အော်ဟစ်သံတွေဖြင့် ပြည့်နှက်သွားခဲ့ရသည်။ ပြင်းထန်တဲ့အားလှိုင်းတွေက ချီယွဲ့ကို တစ်လှမ်းပြီးတစ်လှမ်းနောက်ဆုတ်သွားစေခဲ့သည်။
ဘန်း…
နောက်ဆုံးမှာ ချီယွဲ့က သူ့ရဲ့ခန္ဓာကိုယ်ကို တည်ငြိမ်အောင် ထိန်းလိုက်နိုင်ခဲ့သည်။ လူအုပ်ကြီးထံမှ ထွက်ပေါ်လာသည့်အသံတွေကို ကြားလိုက်ရသကဲ့သို့ သူ့ရဲ့မျက်နှာက အလွန်အမင်းနက်မှောင်သွားခဲ့ရသည်။ သူ့ရဲ့မျက်လုံးထဲမှာ သွေးဆာရက်စက်လိုမှုတို့ဖြင့် ပြည့်နှက်သွားခဲ့ရပြီး သူ့ရဲ့သွားတွေကို ကျိုးကြေသွားတော့မတတ် တင်းတင်းစေ့ကျိတ်လျက် ဒေါသတကြီးအော်ပြောလိုက်သည်။
“ဇူယွမ်… မင်းက သေချင်နေတာပဲ…”