Switch Mode

အခန်း (၈)

သူရဲကောင်းဖြစ်ရတာစိတ်ညစ်စရာမဟုတ်

အပိုင်း (၈) သူရဲကောင်းဖြစ်ရတာစိတ်ညစ်စရာမဟုတ်

ဆန်းချင်းစန်းမှာ သူ၏ တူများ၏ သေဆုံးခြင်းအကြောင်း စဉ်းစားမိသည့်အခါ နာကျည်း ခါးသီးမှုများ တလိမ့်လိမ့် တက်လာသလို ခံစားလိုက်ရသည်။

“မမျှော်လင့်ဘဲ ဆိုးရွားလိုက်တဲ့ ကံတရားပဲ”

ဟုသူတွေးလိုက်မိသည်။

ချင်ပြည်နယ် မြို့တော်တွင် ပြောလေ့ရှိသည့် စကားတစ်ခုရှိသည်။

“ချင်ပြည်နယ် မြို့တော်တွင် ဆန်းအိမ်တော် မသိသည့်ကိစ္စ မရှိ” ဟူ၍ဖြစ်လေသည်။

ထိုသို့ ပြောလေ့ရှိသည်မှာ နည်းနည်းတော့ ချဲ့ကားပြောဆိုရာ ရောက်ပြီး အားလုံးတော့ မမှန်ပေ။ ဆန်းအိမ်တော်၏ သြဇာအာဏာ ကြီးမားပုံကို ဖော်ပြလိုခြင်းသာ ဖြစ်လေသည်။ ပြည်နယ် မြို့တော်ဝန် အထိပင် ဆန်းအိမ်တော်က သူ့နည်း သူ့ဟန်နှင့် ပေါက်ရောက်လေသည်။

အပြင်လူများကတော့ ဆန်းအိမ်တော်မှ သခင်လေးနှစ်ပါးမှာ ပြင်းထန်သည့် အဖျားရောဂါ ကြောင့် သေဆုံးသွားသည်ဟု သိထားကြလေသည်။

ငယ်ရွယ်သည့် သခင်လေးနှစ်ပါး ဆုံးပါးသွားမှုအတွက် လူအများမှာလည်း စိတ်ကောင်းဖြစ်ကာ ဝမ်းနည်း ပူဆွေးကြရ လေသည်။

သို့သော် ဆန်းသခင်ကြီးကတော့ ထိုသို့ သေဆုံးရသည်ကို လက်မခံနိုင်ပါ။ သူက ချင်ပြည်နယ် မြို့တော်တွင် အတွေ့အကြုံရှိသည့် စုံစမ်းစစ်ဆေးရေး အရာရှိ တစ်ယောက်ကို ရှာဖွေကာ အမှန်တကယ် သေဆုံးရသည့် အကြောင်းအရင်းကို စုံစမ်းခိုင်းလေသည်။

စုံစမ်းစစ်ဆေးရေး အရာရှိမှာ ကျွမ်းကျင်သူ တစ်ဦး ဖြစ်သည့်အလျှောက် သံသယဖြစ်စရာကို ရှာဖွေ တွေ့ရှိခဲ့လေသည်။

သခင်လေးနှစ်ပါးမှာ အဖျားရောဂါကြောင့် သေဆုံးသည်မဟုတ်။ တစ်စုံတစ်ယောက်က အတွင်းအား အသုံးပြုပြီး အတွင်းဒဏ်ရာ ရအောင်လုပ်ကာ သတ်ခဲ့ခြင်း ဖြစ်လေသည်။ ထို့ကြောင့် သခင်လေးများမှာ သွေးများအန်ပြီး သေဆုံးခဲ့ရခြင်း ဖြစ်လေသည်။

စုံစမ်းစစ်ဆေးရေး အရာရှိ ပြောစကားအရ လူသတ်သမားမှာ အလွန် အတွေ့အကြုံများပြီး လူသတ်ရာ၌ ပိရိ ကျွမ်းကျင်သူ တစ်ယောက် ဖြစ်ကြောင်း သိရလေသည်။ တိုက်ခိုက်ခံရပြီး ရက်ပေါင်း အတန်ကြာမှ အသတ်ခံရသူက သေဆုံးရမည် ဖြစ်လေသည်။ အသတ်ခံရသူ သေဆုံးသည့် အချိန် တွင်တော့ လူသတ်သမားမှာ အဝေးသို့ လွတ်မြောက် ထွက်ပြေးသွားရန် အချိန် လုံလောက်စွာ ရလေ သည်။

ထိုသို့သော စွမ်းရည် ထက်မြက်သူများမှာ လူစွမ်းကောင်းများတော့ မဟုတ်။ သူတို့က သူများနှင့် မတူသည့် နည်းလမ်းများဖြင့် လုပ်ဆောင်လေသည်။ သူတို့က “ကျန်းဟူ” ဆိုသည့် သီးသန့် နေရာတွင် နေထိုင်ကြသည်။

ကျန်းဟူတွင် အရာအားလုံးရှိသည်။

ကျန်းဟူမှာ လျှို့ဝှက်သော သီးသန့်နေရာတစ်ခု ဖြစ်လေသည်။

လူသတ်သမားမှာ သိုင်းပညာမြင့်မားပြီး ထိပ်တန်းအဆင့် မဟုတ်သည့် တိုင်အောင်မှ သိုင်းပညာ အတော်အတန် မြင့်မားသော အနေအထား ရှိရမည်ဟု စုံစမ်းစစ်ဆေးရေး အရာရှိက ပြောသည်။

သို့သော်လည်း ယခုအချိန်တွင်တော့ လူသတ်သမား နောက်သို့ လိုက်ရန်မှာ လမ်းစ ပျောက်နေပြီ ဖြစ်လေသည်။

မည်သို့ပင်ဖြစ်စေ လူသတ်သမားသည် ဤလောကတွင် အသက်ရှင်နေသေးသရွေ့ ဆန်း အိမ်တော်ကတော့  တစ်ခုမဟုတ်တစ်ခု လုပ်မည် ဖြစ်လေသည်။

ဆန်းမိသားစုက ရန်ပွဲတစ်ခု ဖြစ်ပျက်ခဲ့သည့် နေ့တစ်နေ့မှ စတင်ပြီး အကြောင်းအရာများကို ပြန်ရှာ ကြည့်ခဲ့သည်။ သခင်လေး နှစ်ပါးမှာ အစိမ်းရောင် ဝတ်ဆင်ထားသည့် လူတစ်ယောက်နှင့် အချင်း များခဲ့ကြသည်။

ဆန်းအိမ်တော်၏ ဂုဏ်သတင်းကြောင့် စားသောက်ဆိုင်တွင် သီးသန့်အခန်း ရဖို့ကို ထိုသူဘက်မှ အလျှော့ပေးလိုက်ရသော်လည်း ထိုသူ မထွက်ခွာခင် သခင်လေး နှစ်ပါးကို လက်ဖြင့် တွန်းခဲ့လေသည်။

ထိုသို့လက်ဖြင့် တွန်းလိုက်ခြင်းကြောင့်ပင် သခင်လေးနှစ်ပါး အသက်ဆုံးသည်အထိ ဖြစ်ခဲ့ရ လေသည်။

ထိုအကြောင်းကို ဆန်းအိမ်တော် သိသွားသည်နှင့် သံသယရှိသူ စာရင်းကိုပြုလုပ်ခဲ့သည်။ လူသတ်သမား မည်သူမည်ဝါ ဖြစ်သည်ကို အတည်ပြုရန်အတွက် ဝါးရွက်စိမ်းဂိုဏ်းက ကူညီ ပေးခဲ့လေ သည်။

ဝါးရွက်စိမ်းဂိုဏ်းမှာ ကျန်းဟူတွင် သြဇာသက်ရောက်မှု ရှိသည့် ဂိုဏ်းတစ်ဂိုဏ်း ဖြစ်လေသည်။ သူတို့ ကမြို့တော်သို့ အလုပ်သမား ပို့ဆောင်ပေးသည် အလုပ်သမား ဈေးကွက်ကို ချုပ်ကိုင်ထားသည့် ဂိုဏ်း ဖြစ်လေသည်။

ဆန်းအိမ်တော်က အလင်းရောင်ဖြစ်လျှင် ဝါးရွက်စိမ်းဂိုဏ်းက အရိပ်တစ်ခု ဖြစ်လေသည်။ အနှောင်အဖွဲ့ မရှိဘဲ အတူတကွ ရပ်တည်ကြလေသည်။

ကျန်းဟူမှ ဖြစ်သော်လည်း ဝါးရွက်စိမ်းဂိုဏ်းမှာ ငွေကြေး အဓိကထားသည့် ဂိုဏ်းဖြစ်သည့် အတွက် ဆန်းအိမ်တော်နှင့် ပြဿနာ မဖြစ်အောင်နေလေသည်။

ကျန်းဟူတွင် အခြားသော ဆန့်ကျင်ဘက် လူများမှာ အစိမ်းရောင် ဝတ်ဆင်ထားသည့် လူကဲ့သို့သော လူများ ဖြစ်လေသည်။ ထိုသူများက ဉာဏ်ရည် ထက်မြက်ပြီး စွမ်းအင် ပြည့်ဝသည့် ဘဝ ပုံစံဖြင့် နေထိုင်ကြသည်။

သူတို့က ငွေကြေး ချမ်းသာသူများထံမှ ခိုးယူပြီး ဆင်းရဲသားများကို ပေးကမ်းသည်။ ဂုဏ်သိက္ခာ တက်လာ သည်နှင့်အမျှ ငွေများလည်း ရလာကြလေသည်။

ထိုသို့ ပြုလုပ်သည်က အန္တရာယ်တော့များသည်။ သို့သော် သူတို့က သူတို့အလုပ်နှင့် ပတ်သက်လျှင် ကျွမ်းကျင်သူများ ဖြစ်ကြလေသည်။ ထို့ပြင် သူတို့က ဓားပြတိုက်သည့် အခါတွင်လည်း သူသေကိုယ်သေ တိုက်ခိုက်ခြင်း မရှိပေ။ သူတို့ အလုပ်မှာ ပိုက်ဆံယူရန်သာ ဖြစ်ပြီး လူသတ်ရန် မဟုတ်ပေ။

အစိမ်းရောင်ဝတ် ပုဂ္ဂိုလ်ကဲ့သို့သော လူများမှာ စွမ်းရည်ထက်မြက် ကြသည့်အတွက် ရန်လို တတ်ပြီး အထိန်းအချုပ်မဲ့ ကြလေသည်။ ဒေါသ ထွက်လာလျှင် တုန့်ဆိုင်း မနေဘဲ သတ်ဖြတ် တတ်ကြ လေသည်။

ထိုအကြောင်း များကြောင့်ပင် ကျန်းဟူတွင်ရော ကျန်းဟူ အပြင်ဘက်တွင်ပါ ရန်သူများ ဝိုင်းဝိုင်း လည်နေကြ လေသည်။

ဆန်းအိမ်တော်မှ သခင်လေး နှစ်ပါး ရင်ဆိုင်တွေ့မိသည့် သူမှာ ထိုသို့သော လူမျိုးဖြစ်လေသည်။

ကျန်းဟူမှ လူစွမ်းကောင်းများမှာ လျှို့ဝှက်ပြီး နားလည်ရန် ခက်သည်။ သူတို့က လူအယောက် တစ်ရာခန့်ကို အသာလေး ဖမ်းခေါ်သွားနိုင်ပြီး ဘာမှ မလုပ်ဘဲလည်း ပြန်လွှတ် ပေးတတ်ကြလေသည်။

အစိမ်းရောင်ဝတ် လူမှာ သူ၏ သိုင်းပညာစွမ်းဖြင့် သူလုပ်ချင်တာကို လုပ်သူ ဖြစ်လေသည်။ သခင်လေး နှစ်ပါးကို သတ်ပြီးသည့်နောက် လွတ်မြောက် နေပြန်လေသည်။ ပုန်ကန် ထကြွခြင်း သို့မဟုတ် မြို့တော်ဝန်ကို သတ်ဖြတ်ခြင်းတို့ ကဲ့သို့ ကြီးမားသည့်ကိစ္စ မဟုတ်သောကြောင့် သူက သူလုပ် ချင်တာကို လုပ်လိုက်ခြင်းပင်။

သို့သော် ဆန်း အိမ်တော်ကတော့ လက်စားချေမည် ဖြစ်လေသည်။ အစိမ်းရောင်ဝတ် လူမှာ ဝါးရွက်စိမ်းဂိုဏ်းနှင့် သိပ်အဆင်ပြေသည့် သူတော့ မဟုတ်။

ဝါးရွက်စိမ်းဂိုဏ်းနှင့် ပြဿနာဖြစ်နေခြင်းက ထင်ရှားသည့် သက်သေပင် ဖြစ်လေသည်။

ထို့ပြင် အစိမ်းရောင်ဝတ် လူမှာ ချင်ပြည်နယ် မြို့တော်နှင့် သိပ်ပြီး ရင်းနှီးသူလည်း မဟုတ်ပေ။ သူသတ်လိုက်မိသည့် လူငယ်လေး နှစ်ယောက်မှာ ဆန်းအိမ်တော်မှ သခင်လေး နှစ်ပါးမှန်း သိလျှင် သူက ပတ်သက် မိလိမ့်မည် မဟုတ်ပေ။

…….

ဆန်းသခင်ကြီးက ခေါင်းတလား နှစ်ခုကို သူ၏ တောင်ဝှေးဖြင့် ခေါက်လိုက်သည်။ ခေါက်သံမှာ ခန်းမထဲတွင် ပဲ့တင်သံ ထပ်သွားသည်။

အသက်ကြီးသူက အသက်ငယ်သူများ၏ ဈာပနကို ပို့ဆောင်ပေးရသည့်အခါ သူတို့၏ ခေါင်းတလားကို ခေါက်ရသည့် ဓလေ့ထုံးတမ်း ရှိလေသည်။ အသက် ကြီးသူထက် စော၍ သေဆုံး သွားခြင်း အတွက် သားသမီး ဝတ်တရား မကျေပွန်ဟု မဖြစ်ရလေအောင် အချက်ပြရသည့် သဘော ဖြစ် လေသည်။

ယခုနှစ်များတွင် ဆန်းသခင်ကြီးမှာ သူ၏ မျိုးဆက်များ၏ ဈာပနကို လိုက်ပို့ရသည်မှာ နှစ်ကြိမ် ပင် ရှိပြီ ဖြစ်လေသည်။ သူမည်မျှ ဝမ်းနည်း စိတ်မကောင်း ဖြစ်ရမည်ကို စကားလုံးဖြင့်ပင် ဖော်ပြ၍ မရနိုင်ပေ။ သခင်ကြီးက သူ၏ ခံစားချက်များကို စကားဖြင့် မည်သည့်အခါမျှ ထုတ်ဖော် မပြောတတ်သလို ပွင့်ပွင့်လင်းလင်း ဖော်ပြတတ်သည့် အကျင့်လည်း မရှိပေ။ မကျေနပ်ချက် များကိုလည်း ရင်ထဲတွင်သာ သိမ်းဆည်း ထားတတ်သူ ဖြစ်လေသည်။

အစပိုင်းကတည်းက ဆန်းသခင်ကြီးသည် အခက်အခဲများကို ဦးဆောင် ဖြေရှင်းခဲ့ပြီး သူ့လက်များ သွေးစွန်းစေခဲ့သည်က အမှန်ပင်။ ယခု အချိန်တွင်တော့ လက်ရှိ သူရင်ဆိုင် နေရသည့် အခက်အခဲများမှာ ကံတရားအတိုင်း ဟုသာ သူယုံကြည် နေမိသည်။ မိမိစိုက်သည့် အသီးအနှံကို မိမိပင် ပြန် ရိတ်သိမ်းရသည် မဟုတ်ပါလား။

သို့တိုင်အောင် သူလုပ်ခဲ့သည့် အရာများအတွက် နောင်တ မရခဲ့ပါ။ သာမာန် အဖြစ်အပျက် များဟုသာ သူက ခံယူထားသည်။

ခေါင်းတလားများကို ဆန်းအိမ်တော်မှ ထုတ်လာကြသည်။ ဆန်း သခင်ကြီးကတော့ လိုက်မပို့ တော့ပေ။ နံနက် အရုဏ်ဦး နေရောင်က သူ့မျက်နှာ ပေါ်တွင် ဖြာကျနေသောကြောင့် သူ့မျက်နှာပေါ်မှ အစက် အပျောက်များကို မြင်နေရသည်။

သူ့တောင်ဝှေးကို ချထားလိုက်ပြီး နံနက်ခင်း လေပြေကို ရှူရှိုက် လိုက်သည်။ သူ့ပုံစံက အသက် အရွယ် ကြီးရင့်သွားသည့် တိုင်အောင် ဘာမထီ စိတ်ထားဖြင့် မည်သည့် အရာကိုမျှ အရှုံးမပေးသေး သည့် ပုံစံမျိုး ဖြစ်လေသည်။

“နောက်ဆုံး ဈာပနပွဲကို ဆန်းလျန် ဘာလို့ မလာတာလဲ”

“သခင်လေး ဆန်းလျန်က အရမ်း စိတ်မကောင်း ဖြစ်ရမှာစိုးလို့ မလာတော့ဘူးတဲ့ တာအို ဆရာလေး အဖြစ်နဲ့ သခင်ကြီးအတွက် သူစုဆောင်းထားတဲ့ ကောင်းမွန်တဲ့ ဆုတောင်းတွေကို ဖြုန်းတီး မပစ်ချင်ဘူးတဲ့”

အိမ်တော်ထိန်း ဝူက ပြန်ပြောလိုက်သည်။

သူက ဆန်းသခင်ကြီးကို တစ်ခုမကျန် အသေးစိတ် ပြောပြလိုက်ခြင်း ဖြစ်လေသည်။

“ဒီအသက်အရွယ် ရောက်နေပြီ ဘာကောင်းမွန်တဲ့ ဆုတောင်းမှ ငါမလိုချင်တော့ပါဘူး ငရဲသွားရ မယ် ဆိုရင်တောင်မှ ကောင်းကောင်း အသက်ရှင်ခဲ့ပြီးပြီပဲလေ၊ သူဘာတွေ တွေးနေလည်းဆိုတာ ငါနား လည်ပါတယ်။ ငါတို့နှစ်ယောက် ကြားမှာ ဝေးကွာ နေကြတုန်းပဲကိုး”

ဆန်းသခင်ကြီး သက်ပြင်း ချလိုက်လေသည်။

ဆန်းသခင်ကြီးက မိသားစုမျိုးဆက် ရရှိနိုင်ရေးအတွက် သူ့တွင်ရှိသည့် အရာအားလုံးကို ဆန်းလျန်ကို ပေးရန် ဝန်မလေးခဲ့ပေ။ သို့သော်လည်း ဆန်းလျန်က ငြင်းဆိုခဲ့လေသည်။ သူက သူ့အမေ ကဲ့သို့ပင် ဖြစ်လေသည်။

ဆန်းသခင်ကြီးမှာလည်း မာနကြီးသူတစ်ယောက် ဖြစ်လေသည်။ သို့သော် သူ၏ သားနှစ် ယောက်ကတော့ နာခံမှု ရှိကြသည့်သူတွေ ဖြစ်ကြသည်။ သို့သော် သူ့မျက်လုံး ထဲတွင်တော့ ဆန်းလျန်ကို မြင်မိ လေသည်။ ဆန်းလျန်မာန ကြီးပုံက သူ့အတွက်တော့ နှစ်သက်စရာ ကောင်းသလို ဒေါသထွက်စရာ လည်းကောင်း နေလေတော့သည်။

သူ၏ဘဝ အတွေ့အကြုံအရ မာနမရှိဘဲ ဘဝတွင် ကြီးမြတ်သည့် အောင်မြင်မှုကို မရနိုင်ဟူ၍ ဖြစ်လေသည်။ အရည်အချင်း ရှိသည့် လူဆိုသည်မှာ သူ့ကိုယ်သူ အကောင်းဆုံး ထိန်းချုပ်နိုင်သည့် သူပင် ဖြစ်လေသည်။

သို့သော် အဆုံးသတ်တွင်တော့ ထိန်းမနိုင်သိမ်းမရ မြင်းရိုင်းလေး ဆန်းလျန်ကို လှည့်စား သွေး ဆောင်လို့လည်းမရ သည်းခံ လို့လည်းမရ ဖြစ်နေရ လေတော့သည်။

မည်မျှပင် ကြီးမြတ်သည့် လူတစ်ယောက်ဖြစ်ပါစေ ဆန်းသခင်ကြီး အတွက်တော့ နောက်ဆုံး အချိန်က နီးကပ်လာနေပြီ ဖြစ်သည်။

“ပြောစရာတစ်ခုရှိပါတယ်။ သခင်လေး ဆန်းလျန် ခုနက အပြင်ထွက်သွားတယ်၊ ဆန်း ဒုတိယ သခင်က သူ့ကို လျှို့ဝှက် ကာကွယ်ပေးဖို့ လူတွေ လွှတ်ထားတယ်၊ ဘာမှတော့ မဖြစ်လောက်ပါဘူး”

အိမ်တော်ထိန်း ဝူက ပြောလိုက်တော့ ဆန်းသခင်ကြီး စိတ်အေးသွားရသည်။

“ကောင်းပြီလေ ဒီနေ့တော့ ရှိစေတော့”

အိမ်တော်ထိန်း ဝူက ဦးညွတ်လိုက်ပြီး တိတ်ဆိတ်စွာပဲ နေလိုက်လေသည်။

ဆန်းသခင်ကြီးမှာ ငွေကြေး အမြောက်အများ အကုန်အကျခံပြီး ချင်ပြည်နယ် မြို့တော်မှ စစ်သည်တော် ထောင်ပေါင်း များစွာကို ခေါ်ယူထားလေသည်။ ဓားပြများရန်မှ ကြောက်ရွံ့ သောကြောင့်ဟု တရားဝင် ပြောထားသော်လည်း အဓိကအချက်မှာ အစိမ်းရောင်ဝတ် လူကြောင့် ဖြစ် လေသည်။

ဝါးရွက်စိမ်း ဂိုဏ်းမှလည်း ထိုကိစ္စကို လျှို့ဝှက်စွာ စုံစမ်းနေလေသည်။ ကြည့်ရသည်မှာ အစိမ်းရောင် ဝတ်လူမှာ ဝါးရွက်စိမ်း ဂိုဏ်းမှ အရေးတကြီး လိုချင်နေသည့် သူတစ်ယောက်လည်း ဖြစ်လေသည်။ ထို့ကြောင့်ပင် သူတို့က ဆန်းအိမ်တော်နှင့် ပူးပေါင်း လုပ်ဆောင်ဖို့ ဆုံးဖြတ် ခဲ့ကြခြင်း ဖြစ် လေသည်။

အလုပ်ကြီး အကိုင်ကြီးများသည် အမြဲတမ်း ငွေကုန်ကြေးကျ များလေသည်။

စစ်သည်တော်ပေါင်း တစ်ထောင်ခန့် ပါဝင်နေသည့်တိုင် အချိန်တိုအတွင်း ဖမ်းမိနိုင်ရန်မှာ မလွယ်ကူလှပေ။

ငွေကြေး ပမာဏ များစွာကို အသုံးပြုပြီး ဆက်သွယ် ရှာဖွေ နေသည့်အတွက် အိမ်တော်ထိန်း ဝူမှာ စိတ်မကောင်းပင် ဖြစ်မိလေသည်။

အစိမ်းရောင်ဝတ် လူမှာ ကျန်းဟူတွင် လူသိများ ထင်ရှားသည့် သူတစ်ဦး ဖြစ်လေသည်။ တခြား မြို့တော်များတွင်လည်း သူက များစွာသော ပြစ်မှုများကို ကျူးလွန်ပြီး ထွက်ပြေး လွတ်မြောက်နေသူ ဖြစ်လေသည်။ တရားဥပဒေ ဆိုင်ရာက သူ့ကို ဖမ်းရန်အတွက် များစွာ အားထုတ်ခြင်း မပြုကြ။ သူတို့က ဟန်ပြသာ လုပ်ကြခြင်း ဖြစ်လေသည်။

တရားဝင် စာရင်းဝင်သွားသည်ကတော့ ပြစ်မှုကျူးလွန်သူကို ရဲရင့်စွာ တိုက်ခိုက် ဖမ်းဆီးကြ သော်လည်း လွတ်မြောက်သွားပြီး လွတ်မြောက်သွားသော တရားခံမှာ အခြား ခရိုင်ပြည်နယ်တွင် ဖမ်းဆီးထိန်းသိမ်း ခံလိုက်ရသည် ဟူ၍ ဖြစ်လေတော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset