Switch Mode

စာစဥ် (၄) အပိုင်း (၅၀)

ရင်သက်ရှုမောဖွယ်ကောင်းသော

“ခုနှစ်ခုမြောက်ဝင်ပေါက်ဖွင့်ခြင်း…”

ကြည်လင်တဲ့အသံတစ်ခုက ကွင်းပြင်ကိုဖြတ်၍ ထွက်ပေါ်လာခဲ့သလို မူလချီတွေကလည်း စုယုဝေထံသို့ အရူးအမူးစီးဝင်လာခဲ့သည်။ တစ်ချိန်တည်းမှာပင် သူမခန္ဓာကိုယ်ထဲမှ စွမ်းအားကြီးမားလှသည့်အရှိန်အဝါတစ်ခု ပေါက်ကွဲထွက်ပေါ်လာသည်။

စုယုဝေ၏ အနက်ရောင်ဆံနွယ်တွေက လေထဲမှာလွင့်ပျံနေသလို သူမရဲ့ခန္ဓာကိုယ်တစ်ခုလုံးမှာလည်း မူလချီအလင်းတွေ လှည့်ပတ်စီးဆင်းနေလျက်ရှိပေသည်။ ထိုအလင်းတွေက နောက်ဆုံးမှာ သူမရဲ့လက်နှစ်ချောင်းထံတွင် စုစည်းသွားခဲ့ပြီး သူမရဲ့လက်ချောင်းထိပ်မှာ ပြင်းထန်တဲ့စွမ်းအားတွေနဲ့အတူ ကျောက်စိမ်းရောင်အလင်းတွေ လှပစွာတောက်ပလာခဲ့ကာ ၎င်းရဲ့ပတ်ဝန်းကျင်ရှိလေထုကိုပင် တုန်ခါသွားစေသည်။

“ကျောက်စိမ်းဖောက်လက်ညှိုး…” စုယုဝေက သူမထံတိုးဝင်လာသည့် အစိမ်းရောင်လေဓားသွားကို ကြည့်လိုက်သည်။ အစိမ်းရောင်အလင်းက မြေပြင်ကိုပင်ဖြတ်တောက်သွားစေနိုင်လောက်အောင် ထက်မြနေသော်ငြား သူမရဲ့မျက်နှာပေါ်မှာ ကြောက်ရွံ့မှုတစိုးတစိမျှရှိမနေခဲ့ပေ။ ထိုအစား သူမက လှပစွာဖြင့်ရှေ့ကိုလျှောက်လှမ်းသွားခဲ့လိုက်ကာ သူမရဲ့ကျောက်စိမ်းကဲ့သို့လက်ချောင်းနှစ်ချောင်းဖြင့် လေဓားသွားထံ စွမ်းအားပြည့်ဝစွာပင် ထိုးချလိုက်သည်။

ထန်း…

အင်အားနှစ်ခုက တစ်ခုနဲ့တစ်ခု ပြင်းထန်စွာရင်ဆိုင်မိခဲ့လိုက်သလို သတ္တုအချင်းချင်း ရိုက်ခတ်မိလိုက်သကဲ့သို့ ကျယ်လောင်တဲ့အသံတစ်ခု ထွက်ပေါ်လာခဲ့ရ၏။ သို့ပေမဲ့လည်း ကွင်းပြင်ထဲရှိလူတိုင်းဟာ အစိမ်းရောင်လေဓားသွားက စတင်၍ ပြင်းပြင်းထန်ထန်တုန်ခါလာသည်ကို မြင်ခဲ့လိုက်ရပြီး တစ်ချိန်တည်းမှာပင် ၎င်းက ကျယ်လောင်သည့်ပေါက်ကွဲသံနှင့်အတူ အစိမ်းရောင်အလင်းစက်တွေအဖြစ်သို့ ပြောင်းလဲသွားခဲ့ကြသည်။

လျှိုစီက အဆင့်နိမ့်အနက်ရောင်အဆင့်မူလကျင့်စဉ်ကို အသုံးပြုခဲ့သော်လည်း သူမအနေဖြင့် စုယုဝေရဲ့တိုက်ခိုက်မှုကို ယှဉ်နိုင်စွမ်းမရှိခဲ့ပေ။ ဒါ့အပြင် စုယုဝေက ဝင်ပေါက်ခုနှစ်ခုမှ များစွာသောမူလချီတွေကို အသုံးပြုနိုင်စွမ်းရှိသည့်အတွက် သူမရဲ့တိုက်ခိုက်မှုကို လုံးဝချေဖျက်သွားနိုင်ခဲ့ပေသည်။

ဒီမြင်ကွင်းက လျှိုစီရဲ့မျက်နှာကို ပျက်ယွင်းသွားစေခဲ့ရသကဲ့သို့ သူမက မယုံကြည်နိုင်စွာဖြင့်ကျယ်လောင်စွာ အော်ဟစ်လိုက်မိသည်… “မဖြစ်နိုင်ဘူး…”

သူမရဲ့အနက်ရောင်အဆင့်မူလကျင့်စဉ်က စုယုဝေ၏ အလယ်အလတ်အဆင့်မူလကျင့်စဉ်ကြောင့် ပြိုကွဲသွားခဲ့ရသည်ကို သူမအနေဖြင့် မယုံကြည်နိုင်မိပေ။

ဝှစ်…

သို့ပေမဲ့လည်း စုယုဝေက လျှိုစီကို အံ့အားသင့်ချိန်ပင်မပေးခဲ့ဘဲ ချက်ချင်းတိုးဝင်လာခဲ့သည်။ ဒါ့ကြောင့်ပင် လျှိုစီက လေဝိညာဉ်ခြေလှမ်းကို အသုံးပြုကာ အလျင်စလိုဆုတ်ခွာခဲ့လိုက်ရသည်။

အစောပိုင်းတိုက်ခိုက်မှုတွေတုန်းက သူမအနေနဲ့ လေဝိညာဉ်ခြေလှမ်းကို အသုံးပြုကာ စုယုဝေရဲ့အမြန်နှုန်းကို အမှီလိုက်နိုင်စွမ်းရှိခဲ့သော်လည်း အခုချိန်မှာ စုယုဝေက ခုနှစ်ခုမြောက်ဝင်ပေါက်ကို ဖွင့်နိုင်ခဲ့ပြီဖြစ်သည့်အတွက် သူမရဲ့အမြန်နှုန်းက နောက်ထပ်အဆင့်တစ်ခုကို ရောက်ရှိသွားခဲ့ပြီဖြစ်သည်။ ထို့ကြောင့်ပင် အသက်ရှူချိန်အနည်းငယ်အတွင်းမှာ စုယုဝေက လျှိုစီနှင့် နီးကပ်လာခဲ့ရသည်။

စုယုဝေတစ်ယောက်လျင်မြန်စွာနီးကပ်လာသည်ကို မြင်လိုက်ရသည့်အခါ လျှိုစီရဲ့အမူအယာက ပြောင်းလဲသွားခဲ့ရကာ အေးစက်သည့်မျက်နှာဖြင့်ပြောသည်… “အဆင့်အတန်းနိမ့်တဲ့မိန်းမ… နင်က ငါ့ကို နာကျင်အောင် လုပ်ရဲလား…”

လျှိုစီရဲ့စကားကို ပြန်လည်တုံ့ပြန်ခဲ့ခြင်းမရှိဘဲ စုယုဝေရဲ့ ကျောက်စိမ်းလက်ချောင်းတွေက လျှပ်စီးအလား လေထုကိုဖြတ်သန်းလျက် ရှေ့ကိုတစ်ဟုန်ထိုးတိုးဝင်သွားခဲ့ကာ လျှိုစီ၏ပခုံးထက်သို့ ကျဆင်းသွားခဲ့သည်။ ချက်ချင်းပင် လျှိုစီရဲ့ပခုံးထက်မှ သွေးတွေပန်းထွက်လာခဲ့သလို သူမရဲ့ခန္ဓာကိုယ်ကလည်း သနားစရာကောင်းတဲ့အော်သံတစ်ခုနဲ့အတူ နောက်ဘက်သို့လွင့်ထွက်သွားသည်။ သူမက မြေပြင်နဲ့ပြင်းထန်စွာ ထိရိုက်သွားခဲ့မိကာ ဒဏ်ရာဒဏ်ချက်တွေအပြည့်ဖြင့် နောက်ဆုံးမှာရပ်တန့်သွားခဲ့ရသည်။

စုယုဝေက ရှေ့ကိုဖြည်းညှင်းစွာ လျှောက်လှမ်းလာခဲ့လိုက်ကာ သူမရဲ့အနိုင်ယူခြင်းကို ခံလိုက်ရသည့်ပြိုင်ဘက်၏ သနားစရာကောင်းတဲ့ပုံရိပ်ရှိရာနေရာသို့ ရောက်ရှိလာခဲ့၏။ လျှိုစီရဲ့မျက်နှာက အလွန်အမင်းအေးစက်နေခဲ့ရသကဲ့သို့ စုယုဝေက သူမကိုငုံ့ကြည့်လိုက်သည့်အခါ လျှိုစီရဲ့မျက်လုံးတွေထဲမှာ အေးစက်မှုတွေထွက်ပေါ်လာခဲ့ရသည်။

စုယုဝေက လျှိုစီကို စိုက်ကြည့်လိုက်ပြီး ပုံမှန်လေသံဖြင့်ပြောသည်… “ငါက နင့်လိုမျိုး စွမ်းအားမြင့်တဲ့ကလန်တစ်ခုကနေ မွေးဖွားလာခဲ့တဲ့သူတစ်ယောက်မဟုတ်ဘူးဆိုတာတော့အမှန်ပဲ… ဒါပေမဲ့ ဒီလိုမျိုးကြီးမားတဲ့ခြားနားချက်တွေကို လျော့ကျသွားစေနိုင်ဖို့ ငါက ငါ့ရဲ့ပါရမီနဲ့ အချိန်ကိုအကျိုးရှိရှိအသုံးချပြီး မခိုမကပ်ဘဲကြိုးစားခဲ့ရတယ်… ဒါ့အပြင် ငါ့ရဲ့မျက်လုံးထဲမှာ ဘယ်တုန်းကမှ နင်က အံ့ဩစရာတစ်ခုအဖြစ်ရှိမနေခဲ့ဘူး…”

လျှိုစီ အံကိုတင်းတင်းကြိတ်ထားမိလိုက်သည်။

“ဒီစကားတွေက ဟိုးအရင်ကတည်းက နင့်ကို ငါပြောချင်ခဲ့တဲ့စကားတွေပဲ…”

စုယုဝေရဲ့နှုတ်ခမ်းထောင့်စွန်းမှာ အထင်သေးဟန်ထွက်ပေါ်လာခဲ့ရကာ သူမက ပျော့ပြောင်းစွာပြောလိုက်သည်… “နင်က အရင်တုန်းက မင်းသားလေးကို ဖားပြုတ်တစ်ကောင်လို့ ပြောခဲ့တယ်… ဒါပေမဲ့ ငါနင့်ကို အမြဲတမ်းပြောချင်နေခဲ့တာက သူနဲ့ယှဉ်ရင် နင်ကမှ ရေတွင်းထဲကဖားသူငယ်တစ်ကောင်သာသာပဲရှိတယ်…”

“ကိုယ့်ကိုကိုယ်အရေးပါတယ်လို့ထင်နေတဲ့နင်က သူလမ်းပေါ်ကနေခေါ်လာတဲ့ မိန်းကလေးတစ်ယောက်ကိုတောင် မယှဉ်နိုင်ခဲ့ဘူး…”

လျှိုစီတစ်ယောက် ရူးသွပ်သွားရတော့မည့်အလား ဒေါသတွေနဲ့ပြည့်နှက်သွားခဲ့ရ၏။ သူမအနေနဲ့ ဘယ်တုန်းကမှ သူမကို ဖားတစ်ကောင်လို့ အခေါ်ခံရလိမ့်မယ်ဆိုပြီး အိပ်မက်ထဲတွင်ပင် မက်ခဲ့ဖူးခြင်းမရှိသလို တစ်စုံတစ်ရာ ပြန်လည်ချေပနိုင်ခြင်းပင်မရှိခဲ့ပေ။ သူမက ရှုံးနိမ့်ခဲ့ရရုံသာမက ဒီအရှုံးကလည်း စုယုဝေရဲ့လက်ထဲမှာ ရှုံးနိမ့်ခဲ့ရခြင်းဖြစ်တာကြောင့် အမှန်တကယ်ကိုပင် ရင်နာစရာကောင်းလှသည်။

ဒါက သူမအတွက် အမှန်တကယ်ကြီးမားတဲ့ထိုးနှက်ချက်တစ်ခုဖြစ်ပြီး သူမရဲ့မျက်လုံးတွေလှုပ်ရှားသွားခဲ့ရသလို သူမရဲ့မျက်နှာကလည်း သွေးဆုတ်ဖြူရော်သွားခဲ့သည်။

အနားကိုရောက်ရှိလာခဲ့သည့် ဒိုင်ဖြစ်သူက ဒီအရာကိုမြင်လိုက်ရသည့်အခါ ခါးသီးစွာရယ်မောလိုက်မိပြီး သူ့ရဲ့ကျယ်လောင်သည့်အသံက ထွက်ပေါ်လာခဲ့သည်… “အနိုင်ရရှိသူ… ပါရမီရှင်အတန်းက စုယုဝေ…”

ကွင်းပြင်တစ်ခုလုံး အုတ်အုတ်ကျက်ကျက်ဖြစ်သွားခဲ့ပြန်သည်။

ကွင်းပြင်တစ်ခုလုံးမှာ ဆူညံတဲ့အသံတွေက ပေါက်ကွဲထွက်ပေါ်လာခဲ့ရသကဲ့သို့ သူတို့တွေက တိုက်ပွဲစင်မြင့်ပေါ်မှာ ရပ်နေလျက်ရှိသည့် သတ္တိရှိကာ လွန်စွာလှပသည့်မိန်းကလေးကို အံ့အားသင့်စွာဖြင့်ပင် ကြည့်နေမိကြသည်။

သူမအနေနဲ့ အဆင့်မြင့်မူလကျင့်စဉ်များစွာကို လေ့ကျင့်ထားသည့်လျှိုစီကို အနိုင်ယူကာ အခြေအနေတစ်ရပ်လုံးကို ပြောင်းလဲပစ်လိမ့်နိုင်မယ်လို့ ဘယ်သူကမှ မထင်ထားမိပေ။

ပါရမီရှင်အတန်းရှိကျောင်းသားတိုင်းက မတ်တပ်ရပ်ကာ လက်ခုပ်တီး၍အော်ဟစ်အားပေးခဲ့ကြသည်။ စုယုဝေကို ကြည့်နေတဲ့သူတို့ရဲ့အကြည့်တွေထဲမှာ ယခင်ကထက်ပိုပြီး လေးစားမှုတွေနှင့် ပြည့်နှက်နေရပေသည်။ ဒီမိန်းကလေး! သူမဟာ အံ့အားသင့်စရာကောင်းလောက်အောင်ပင် နောက်ခံမိသားစုမရှိပေမဲ့ မုန်တိုင်းကြားထဲမှာ ယိမ်းထိုးလှုပ်ရှားနေသည့် သစ်ပင်ကြီးတစ်ပင်အလား မြဲမြံစွာရပ်တည်နေထိုင်ခဲ့ရကာ လေဒဏ် မိုးဒဏ်ကို အကြောက်အရွံ့မရှိသကဲ့သို့ သူမက အခုအချိန်မှာတော့ အစွမ်းကုန်ပွင့်လန်းလာခဲ့ပြီဖြစ်သည်။

“ဒီမိန်းကလေးက မဆိုးဘူးပဲ…” ပွဲကြည့်စင်ပေါ်ရှိ ဇူချင်က သူမကို ချီးကျူးလိုက်မိသည်။ အစောပိုင်းတုန်းက စုယုဝေတစ်ယောက် သူမရဲ့စွမ်းအင်ဝင်ပေါက်ကို ဖိအားပေးဖွင့်လှစ်ခဲ့မှုက အရမ်းကိုအန္တရာယ်ကြီးမားသည့် ဆောင်ရွက်မှုတစ်ခုဆိုတာကို သူ့အနေဖြင့် တပ်အပ်ပြောနိုင်ပေသည်။ သို့ပေမဲ့လည်း ဒီလိုမျိုးသတ္တိ ဒီလိုမျိုးဆုံးဖြတ်ချက်ပြတ်သားမှုတွေက အမှန်တကယ်ပင် လူတိုင်း၏မျက်ခုံးတွေကို မြင့်တက်သွားစေအောင် ပြုလုပ်နိုင်ခဲ့သည်။

စုယုဝေ၏ ပါရမီနှင့် ရဲစွမ်းသတ္တိကို တွေးမိလိုက်သည့်အခါ ဇူချင်တစ်ယောက် ဝမ်းနည်းမိသွားခဲ့ရသည်။ တကယ်လို့သူမသာ ကြီးမားတဲ့ကလန်တစ်ခုခုမှာ မွေးဖွားလာခဲ့ရမယ်ဆိုရင် မိုးကောင်းကင်ရဲ့ချီးကျူးဂုဏ်ယူရမည့်လူတစ်ယောက်ဖြစ်လာလိမ့်မည်ဖြစ်ကာ များစွာသောပါရမီရှင်တွေက သူမထံ ဦးညွှတ်ခစားရပေလိမ့်မည်။

ကွင်းပြင်ထဲမှာ အားပေးသံတွေက အတောမသတ်နိုင်အောင် ဆူညံစွာထွက်ပေါ်နေလျက်ရှိသည်။

စုယုဝေက ထိုအားပေးနေသည့်အသံတွေကို စိတ်ဝင်စားခြင်းမရှိခဲ့ဘဲ သူမရဲ့အကြည့်က ဇူယွမ့်ထံရောက်ရှိသွားသည့်အခါ သူက သူမအား လက်မထောင်ပြသည်ကို မြင်လိုက်ရသည်။ သူမရဲ့နှုတ်ခမ်းလေးက အနည်းငယ်ကွေးညွတ်သွားခဲ့ရပြီး သူမရဲ့မျက်လုံးတွေထဲမှာ တစ်ခုခုကို ဆုံးဖြတ်လိုက်သည့်ဟန် ထင်ဟပ်လာခဲ့သည်။

စိတ်ဝင်တစားစောင့်ကြည့်နေကြတဲ့ အကြည့်တွေအောက်မှာပင် သူမရဲ့ခေါင်းက ချီယွဲ့ရှိရာဘက်ကို လှည့်သွားခဲ့ရပြီး သူမ၏ကြည်လင်ပြတ်သားသည့်လေသံက ထွက်ပေါ်လို့လာခဲ့သည်… “ပါရမီရှင်အတန်းရဲ့ စုယုဝေက ဒုတိယအတန်းရဲ့ ချီယွဲ့ကို စိန်ခေါ်တယ်…”

ကွင်းပြင်တစ်ခုလုံး ရုတ်ချည်းတိတ်ဆိတ်ငြိမ်သက်သွားခဲ့ရတော့သည်။

အစောပိုင်းက ထွက်ပေါ်နေသည့် အားပေးသံတွေကလည်း ရုတ်ချည်းဆိုသလို ရပ်တန့်သွားခဲ့ရပြီး လူတိုင်းက သူတို့ရှေ့ကမြင်ကွင်းကြောင့် ရူးသွပ်သွားတော့မတတ်ဖြစ်ခဲ့ရသည်။ စုယုဝေက ချီယွဲ့ကို ဆက်ပြီးစိန်ခေါ်လိမ့်မယ်လို့ သူတို့တွေ မထင်ထားမိပေ။

ဇူယွမ်ကိုယ်တိုင်တောင်ပင် စုယုဝေရဲ့အပြုအမူကြောင့် အံ့အားသင့်ထိတ်လန့်သွားခဲ့ရပြီး သက်ပြင်းချလိုက်ရင်းမှ ရေရွတ်လိုက်သည်… “ဒီမိန်းကလေးက တော်တော်လေး မဆင်မခြင်လုပ်တတ်တာပဲ…”

ဘေးမှာရှိနေသည့် ယန်ဇန်းနဲ့ ဆောင်ချူရွှီတို့နှစ်ယောက် တစ်ယောက်နဲ့တစ်ယောက်ကြည့်လိုက်မိကာ ဘာပြောရမှန်းပင် မသိကြတော့ပေ။

မြင့်မားတဲ့စင်မြင့်ထက်မှာ ချီယွဲ့၏အမူအယာက နက်မှောင်သွားခဲ့ရသည်။ သူက စုယုဝေကို စိုက်ကြည့်လိုက်ရင်း ပျင်းရိစွာပင်ပြောသည်… “နင်က ငါ့ပြိုင်ဘက်မဟုတ်ဘူး… ဒါ့ကြောင့် မင်းကိုယ်တိုင်ပဲ စင်မြင့်ပေါ်က ပြန်ဆင်းသွားဖို့ခွင့်ပြုလိုက်မယ်…”

“ငါတို့တွေ တစ်ကြိမ်တိုက်ခိုက်ကြည့်ရင် သိလာလိမ့်မယ်…” စုယုဝေက လှုပ်ရှားခြင်းလုံးဝမရှိခဲ့ဘဲ အေးစက်သည့်မျက်လုံးတွေဖြင့် ချီယွဲ့ကို စိုက်ကြည့်ကာပြောသည်။ နင်က ဇူယွမ့်ကို ခြေကုန်လက်ပမ်းကျအောင်လုပ်ဖို့ စီစဉ်ထားခဲ့တဲ့အတွက် ငါကလည်း အဲ့ဒီအတိုင်းပြန်လုပ်ရလိမ့်မယ်။ နင့်ကိုငါ အနိုင်မယူနိုင်ဘူးဆိုရင်တောင်မှ နင့်ရဲ့စွမ်းအားတချို့ကုန်ဆုံးသွားအောင် ပြုလုပ်ရလိမ့်မယ်။

ဒီအတန်းအဆင့်သတ်မှတ်ချက်စာမေးပွဲက ဇူယွမ်အတွက် ဘယ်လောက်အရေးပါတယ်ဆိုတာကို သူမသိပေသည်။ ဒါ့ကြောင့်ပဲ သူမတို့ဘက်မှာ အခွင့်အရေးပိုများလာနိုင်အောင်လို့ သူမတတ်နိုင်သမျှ ပြုလုပ်သွားရန် ရည်ရွယ်ထားခဲ့သည်။

ချီယွဲ့ရဲ့အမူအယာက အလွန်အမင်းပျက်ယွင်းသွားခဲ့သည်။ စုယုဝေရဲ့ရည်ရွယ်ချက်ကို သူကကောင်းစွာနားလည်နိုင်ပြီး ဒါက သူ့ကိုအနည်းငယ် ဒေါသထွက်သွားစေခဲ့သည်။ မူလက ဇူယွမ့်အပေါ်မှာ ပြုလုပ်ဖို့ စီစဉ်ထားတဲ့နည်းလမ်းကို အခုချိန်မှာ စုယုဝေက သူ့အပေါ်တွင် ပြန်ပြီးအသုံးပြုနေခဲ့ပြီဖြစ်သည်။

ချီယွဲ့က အေးစက်စွာပြောသည်… “ခေါင်းမာတဲ့မိန်းကလေးပဲ… နင်က တော်တော်လေးကို မဆင်မခြင်လုပ်တတ်တာပဲ…”

မကြာမီမှာပင် သူက မြေပြင်ပေါ်ခြေတစ်ချက်ဆောင့်လိုက်ကာ သူ့ရဲ့ခန္ဓာကိုယ်က တိုက်ပွဲစင်မြင့်ထက်ကို ပျံသန်းရောက်ရှိလာခဲ့သည်။

“ငါနင့်ကို ဝင်ပေါက်ခုနှစ်ခုဖွင့်ထားနိုင်တဲ့ ကျင့်ကြံသူတစ်ယောက်ရဲ့ အစစ်အမှန်စွမ်းအားက ဘယ်လိုလဲဆိုတာကို ပြပေးရမှာပေါ့…”

ခြေတစ်ချက်ဆောင့်နင်းလိုက်မှုနဲ့အတူ သူ့ခန္ဓာကိုယ်ထဲမှာ မူလချီတွေ စီးဆင်းသွားခဲ့ရသည်။ အလင်းတွေက သူ့ပတ်ပတ်လည်မှာ လှည့်ပတ်နေသကဲ့သို့ သူ့ခြေထောက်အောက်ရှိကျောက်ပြားတွေကလည်း ကွဲကြေသွားခဲ့ရသည်။ အံ့အားသင့်ဖွယ်အရှိန်အဝါတစ်ခု ထွက်ပေါ်လာခဲ့ပြီး ထိုအရှိန်အဝါက စုယုဝေ၏အရှိန်အဝါထက်ပင် ပိုပြီးတော့တောင်မှ သန်မာနေပေသည်။

ဒါ့အပြင် စုယုဝေက သူမရဲ့ခုနှစ်ခုမြောက်ဝင်ပေါက်ကို အခုမှသာ ဖွင့်နိုင်ခဲ့ခြင်းဖြစ်ပြီး ချီယွဲ့က သူ့ရဲ့ခုနှစ်ခုမြောက်ဝင်ပေါက်ကို ဖွင့်နိုင်ခဲ့သည်မှာ ရက်အနည်းငယ်ကြာမြင့်နေခဲ့ပြီဖြစ်သည်။ သူတို့နှစ်ယောက်ကြားကွာခြားချက်က သေချာပေါက်ပင် ကြီးမားလှပေသည်။

“တကယ်လို့ နင်က ငါ့ရဲ့လက်ဝါးတစ်ချက်ကို ခုခံနိုင်ရင် ငါနင့်ကို အနိုင်ပေးလိုက်မယ်…” ချီယွဲ့က မာနကြီးစွာပြောသည်။ စက္ကန့်အနည်းငယ်ကြာပြီးနောက်မှာ သူက ရှေ့ကိုဆတ်ခနဲလှမ်းသွားခဲ့ကာ လက်သီးကိုတင်းတင်းဆုပ်လိုက်မိသလို သူ့ခန္ဓာကိုယ်အတွင်းမှ မူလချီတွေက သူ့ရဲ့စွမ်းအင်ဝင်ပေါက်တွေကို ဖြတ်သန်းလျက် သူ့ရဲ့လက်သီးထဲကို တစ်ဟုန်ထိုးစုစည်းစေလိုက်သည်။ သူ့ရဲ့လက်သီးက ချက်ချင်းပင် တောက်ပလာခဲ့ရပြီး ၎င်းမှာလွန်စွာပြင်းထန်သည့်စွမ်းအားတွေ ပါဝင်နေပေသည်။

“အဆင့်နိမ့်အနက်ရောင်အဆင့်မူလကျင့်စဉ်… မိုးကြိုးလက်သီး…”

ချီယွဲ့၏ အေးစက်စက်အသံနှင့်အတူ လက်သီးတစ်ချက် ပစ်လွင့်လာခဲ့သည်။ မိုးချိန်းသံအလားကျယ်လောင်သည့်အသံတစ်ခု ထွက်ပေါ်လာသကဲ့သို့ လက်သီးပုံရိပ်တစ်ခုက စုယုဝေထံသို့ ပြင်းထန်သည့်အရှိန်ဖြင့် တိုးဝင်သွားခဲ့သည်။

ချီယွဲ့က စတင်တိုက်ခိုက်ကတည်းက အနက်ရောင်အဆင့်မူလကျင့်စဉ်ကို အသုံးပြုခဲ့သည့်အတွက် သူ့အနေဖြင့် တိုက်ပွဲကို အမြန်အဆုံးသတ်ကာ အစောပိုင်းက သူတို့ဒုတိယအတန်းရဲ့ရှုံးနိမ့်မှုတွေကို ပြန်လည်အဖတ်ဆယ်နိုင်ဖို့ ရည်ရွယ်ထားခဲ့ပုံပင်။

ဒီအချိန်မှာ စုယုဝေရဲ့လှပတဲ့မျက်နှာလေးက အလွန်အမင်းလေးနက်သွားခဲ့ရပြီး သူမခန္ဓာကိုယ်ထဲရှိ မူလချီတွေကို စတင်လှည့်ပတ်စေလိုက်သည်။ မူလချီအလင်းတွေနဲ့တောက်ပနေသည့် လက်သီးပုံရိပ် လျင်မြန်စွာနီးကပ်လာသည်ကို မြင်လိုက်သည်နှင့်တစ်ပြိုင်နက် သူမရဲ့ခန္ဓာကိုယ်က လျင်မြန်စွာပင် နောက်ကိုဆုတ်၍ရှောင်တိမ်းလိုက်သည်။

ဒီလက်သီးချက်ရဲ့အရှိန်အဟုန်ကို သူမအနေနဲ့ ထိပ်တိုက်ရင်ဆိုင်နိုင်စွမ်းမရှိဘူးဆိုတာ သူမသိပေသည်။ ဒါ့ကြောင့်ပင် သူမက ချက်ချင်းပဲ သူမရဲ့ဗျူဟာကို ပြောင်းလဲခဲ့ရပြီး အချိန်အနည်းငယ်ပိုမိုရရှိစေရန် ရည်ရွယ်၍ ခြေလှမ်းလှုပ်ရှားမှုကို အသုံးပြုလိုက်သည်။

“နင်က ငါ့လက်ထဲက လွတ်နိုင်မှာလား…” ဒါကို မြင်လိုက်ရတဲ့အခါ ချီယွဲ့က အေးစက်စွာရယ်မောလိုက်မိသည်။ သူ့ရဲ့မျက်လုံးတွေက တလက်လက်တောက်ပလာခဲ့ပြီး လက်သီးပုံရိပ်ရဲ့အမြန်နှုန်းကလည်း ရုတ်တရက်တိုးမြင့်သွားခဲ့သည်။ ၎င်းက မိုးကြိုးပစ်ချလိုက်သည့်အလား လျှပ်တစ်ပြက်အတွင်းမှာပင် စုယုဝေ၏ရှေ့တွင် ပေါ်ထွက်လာခဲ့ရကာ သူမခန္ဓာကိုယ်ပေါ်ကို အရှိန်ပြင်းစွာကျရောက်သွားရသည်။

ဘန်း…

ထိုအခိုက်အတန့်မှာ လေထုပင် ပေါက်ကွဲသွားခဲ့ရသည့်ပုံပေါ်ပြီး တိုက်ပွဲစင်မြင့်ပေါ်မှာ ကြီးမားသည့်အက်ကွဲကြောင်းကြီးတွေ ဖြစ်ပေါ်လာခဲ့ရသည်။

စုယုဝေအနေနဲ့ ရပ်တန့်လို့မရနိုင်လောက်တဲ့စွမ်းအားတွေ သူမထံတစ်ဟုန်ထိုးဝင်ရောက်လာခဲ့တာကို ခံစားမိလိုက်သည်။ သူမရဲ့ခန္ဓာကိုယ်က နောက်ဘက်သို့လွင့်ထွက်သွားခဲ့ရကာ နှုတ်ခမ်းထောင့်စွန်းမှာ သွေးတွေစီးကျလာခဲ့ပြီး သူမက ညည်းညူလိုက်မိသည်။

လူအများက စုယုဝေအပေါ် သနားဂရုဏာသက်စွာပင် သက်ပြင်းချလိုက်မိကြသည်။ ချီယွဲ့က အမှန်တကယ်ကို တော်ဝင်ဇူကျောင်းတော်ထဲမှာ ပြိုင်ဘက်ကင်းတစ်ယောက်ဖြစ်ပေသည်။ စုယုဝေလိုမျိုး သူမရဲ့ခုနှစ်ခုမြောက်ဝင်ပေါက်ကို ဖွင့်နိုင်ခဲ့သည့်လူတောင်မှ သူ့ကို ယှဉ်ပြိုင်နိုင်စွမ်းမရှိခဲ့ပေ။

စုယုဝေရဲ့ပုံရိပ်က စင်မြင့်ပေါ်မှ လွင့်ထွက်သွားသကဲ့သို့ အခြားလူရိပ်တစ်ခုကလည်း လေထဲကို ခုန်တက်လိုက်ကာ သူ့ရဲ့လက်တွေကို ဆန့်ထုတ်လိုက်ပြီး စုယုဝေကိုဖမ်းယူ၍ မြေပြင်ပေါ်ကို ညင်သာစွာကျဆင်းလာခဲ့သည်။

စုယုဝေရဲ့မျက်လုံးတွေက သူမနဲ့ အရမ်းကိုရင်းနှီးတဲ့မျက်နှာကို ကြည့်လိုက်မိသည်။ သူမက ညင်သာစွာရယ်မောလိုက်ပြီး စိတ်မကောင်းဖြစ်သွားသည့်အမူအယာဖြင့် ပြောသည်… “ငါသူ့ကို အနိုင်မယူနိုင်ခဲ့ဘူး… ငါနောက်ကျရင် ဒီထက်ပိုပြီး ကြိုးစားရတော့မယ့်ပုံပဲ…”

စုယုဝေကို ဖမ်းယူခဲ့သည့်သူက သေချာပေါက်ပင် ဇူယွမ်ဖြစ်ပေသည်။ သူက စုယုဝေရဲ့နှုတ်ခမ်းထောင့်စွန်းက သွေးစီးကြောင်းကို ကြည့်လိုက်မိသည့်အခါ သူ့ရဲ့မျက်လုံးတွေထဲမှာ ရက်စက်လိုတဲ့အရိပ်အယောင်တွေ တစ်စွန်းတစ်စ ထွက်ပေါ်လာခဲ့ရပြီး သူက ညင်သာစွာပဲ ပြန်ပြောလိုက်သည်… “နင်က အံ့အားသင့်စရာတော်တော်များများကို လုပ်နိုင်ခဲ့ပြီးပြီပဲ… ကျန်တာတွေကို ငါဆက်လုပ်လိုက်မယ်… မစိုးရိမ်နဲ့… ငါသူ့ကို ရှုံးလိမ့်မှာမဟုတ်ဘူး…”

စုယုဝေရဲ့ခန္ဓာကိုယ်ထဲမှာ စွမ်းအားအနည်းငယ်မျှပင် မကျန်ရှိတော့သည့်အတွက် သူမက ဇူယွမ်ရဲ့လက်မောင်းပေါ်မှာ ပင်ပန်းနွမ်းလျှစွာဖြင့် မျက်စိကိုအနည်းငယ်မှိတ်ထားလိုက်ကာ လဲလျောင်းနေလိုက်သည်။ အစောပိုင်းက ပြင်းပြင်းထန်ထန်တိုက်ခိုက်ခဲ့သည့်မိန်းကလေးက အခုချိန်မှာတော့ သူမဟုတ်ခဲ့သည့်အလား ဇူယွမ်၏လက်မောင်းပေါ်တွင် အေးချမ်းစွာလဲလျောင်းနေလျက်ရှိပေသည်။

ဇူယွမ်က စုယုဝေကို ဆောင်ချူရွှီရဲ့လက်ထဲသို့ လွှဲပြောင်းပေးလိုက်သည်။ ထို့နောက်မှာ သူ့ရဲ့ခေါင်းကိုမော့လိုက်ပြီး သူ့ရဲ့ဓားသွားအလားထက်ရှသည့်အကြည့်က မာနကြီးစွာရပ်နေသည့် ချီယွဲ့ကိုကြည့်လိုက်သည်။

များစွာသောစောင့်ကြည့်နေကြတဲ့ မျက်လုံးတွေအောက်မှာပဲ ဇူယွမ်က မြေပြင်ပေါ်ခြေတစ်ချက်ဆောင့်နင်းလိုက်ပြီး သူ့ရဲ့ခန္ဓာကိုယ်က လေထဲကိုတစ်ဟုန်ထိုးမြင့်တက်သွားခဲ့ပြီး တိုက်ပွဲစင်မြင့်ထက်သို့ ကြီးမားသည့်ငှက်တစ်ကောင်အလား ဆင်းသက်လာခဲ့သည်။

တစ်ချိန်တည်းမှာပဲ ဇူယွမ်ရဲ့ အေးစက်စက်လေသံက ထွက်ပေါ်လာခဲ့သည်…

“ပါရမီရှင်အတန်းရဲ့ ဇူယွမ်က ဒုတိယအတန်းက ချီယွဲ့ကို စိန်ခေါ်တယ်…”

Comment

Leave a Reply

Options

not work with dark mode
Reset