Switch Mode

စာစဥ် (၄) အပိုင်း (၄၉)

လျှိုစီနှင့်တိုက်ခိုက်ခြင်း

“နောက်တစ်ယောက်…”

စုယုဝေ၏ တည်ငြိမ်ကာ ကြည်လင်သည့်အသံက တိုက်ပွဲစင်မြင့်ပေါ်မှာ ထွက်ပေါ်လာသည့်အခါ များစွာသောအော်ဟစ်အားပေးသံတွေ ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။ ပြီးခဲ့တဲ့တိုက်ပွဲမှာ စုယုဝေရဲ့အနိုင်ရရှိမှုက အပိုအလိုမရှိအောင်ပင် လှပပေသည်။ ကောင်းလင်းရဲ့တိုက်ခိုက်မှုတွေက ရက်စက်ကြမ်းကြုတ်ပေမဲ့ နောက်ဆုံးမှာ သူသာလျင်ရှုံးနိမ့်ခဲ့ရသည်။

များစွာသောပါရမီရှင်အတန်းကျောင်းသားတွေက စုယုဝေကို အားတက်စေဖို့ ကျယ်လောင်စွာပင် အော်ဟစ်အားပေးနေလျက်ရှိကြသည်။ ချူထျန်းယန်ရဲ့အမူအယာကလည်း အခုမှသာ အနည်းငယ်ပြေလျော့သွားခဲ့ရကာ ခေါင်းညိတ်လိုက်မိသည်။ သူအနေဖြင့် သူမအပေါ်ထားခဲ့ရတဲ့ မျှော်လင့်ချက်တွေက အလဟဿဖြစ်မသွားခဲ့ပေ။

ကွင်းပြင်ထဲမှ အားပေးသံတွေကို နားထောင်ပြီး ချီယွဲ့က သက်ပြင်းကိုသာချလိုက်မိသည်။ လျှိုစီကတော့ ဒေါသဖြစ်လွန်း၍ အံကိုသာတင်းတင်းကြိတ်ထားမိသည်။ သူမ သည်းမခံနိုင်သည့်အရာတစ်ခုက စုယုဝေတစ်ယောက် လူတိုင်းရဲ့အာရုံစူးစိုက်မှုကို ခံရခြင်းပင်ဖြစ်သည်။

လျှိုစီက အေးစက်စွာပြောသည်… “ဖန်းဝူ…”

ဖန်းဝူက ခေါင်းညိတ်ပြလိုက်ပြီး တိုက်ပွဲစင်မြင့်ထက်သို့ ခုန်တက်သွားလိုက်သည်။

ဖန်းဝူက လက်နှစ်ဖက်ဆုပ်ကာ စုယုဝေကို နှုတ်ဆက်လိုက်ပြီးမှ ပြော၏… “ကျေးဇူးပြုပြီး ငါ့ကိုလမ်းညွှန်ပြသပေးပါဦး…”

ဒိုင်ဖြစ်သူ၏ အသံက ကျယ်လောင်စွာ ထွက်ပေါ်လာသည်… “စတော့…”

ဘန်း…

ပြီးခဲ့တဲ့တိုက်ပွဲတုန်းကလိုပင် ဖန်းဝူက ပထမဆုံးစတင်လှုပ်ရှားလိုက်သည်။ သူ့ရဲ့ခြေထောက်တွေမှ စွမ်းအားတွေတစ်ဟုန်ထိုးထွက်ပေါ်လာခဲ့ပြီး အောက်မှကျောက်ပြားအခင်းတွေကို ကွဲကြေသွားစေခဲ့ကာ သူ့ရဲ့ပုံရိပ်က စုယုဝေထံသို့ တစ်ဟုန်ထိုးဝင်ရောက်သွားခဲ့သည်။ သူ့ရဲ့လက်က လက်သည်းကုတ်ပုံစံအဖြစ်ကို ပြောင်းလဲသွားခဲ့ပြီး သူမထံ ရက်စက်ကြမ်းတမ်းစွာဖြင့်ပင် ကုတ်ဆွဲခဲ့လိုက်သည်… “ကျားလက်သည်းကုတ်ဆွဲခြင်း…”

ဝှစ်… ဝှစ်…

နားစည်ကို ကွဲထွက်သွားစေတော့မတတ် ဆူညံသံတွေက လေထုကိုပင်တုန်ခါသွားစေခဲ့ကာ သူ့ရဲ့လက်သည်းကုတ်ချက်က အောက်ကိုကျဆင်းလာခဲ့သည်။

သို့ပေမဲ့ သူ့ရဲ့တိုက်ခိုက်မှုတွေက ဘယ်လောက်ပင်ပြင်းထန်နေစေကာမူ စုယုဝေရဲ့ခန္ဓာကိုယ်ပေါ်မှာ ပွန်းပဲ့ဒဏ်ရာလေးတစ်ခုတစ်လေတောင်မှ ဖြစ်ပေါ်လာအောင် လုပ်ဆောင်နိုင်စွမ်းမရှိခဲ့ပေ။ သူမရဲ့ခန္ဓာကိုယ်က မီးခိုးငွေ့တန်းတစ်ခုအလား တိမ်းရှောင်နေခဲ့ကာ ဖန်းဝူရဲ့တိုက်ခိုက်မှုတွေက ဘာမှမရှိသည့်လေထုထဲကိုသာ ကျရောက်နေခဲ့ရသည်။

“အဆင့်မြင့်အဆင့်မူလကျင့်စဉ်… တိမ်ကဲ့သို့ရွေ့လျားခြင်း…” ဇူယွမ်ရဲ့မျက်လုံးတွေက တဖျတ်ဖျတ်တောက်ပသွားခဲ့ရပြီး တိတ်တဆိတ်ပဲချီးကျူးလိုက်မိသည်။ ဒီမူလကျင့်စဉ်က တော်ဝင်ဇူကျောင်းတော်မှာရှိတဲ့ မူလကျင့်စဉ်တွေထဲမှာ လေ့ကျင့်နိုင်ဖို့ အခက်အခဲဆုံးကျင့်စဉ်တွေထဲကမှ တစ်ခုဖြစ်သည်။ ဒီလိုမျိုးကျင့်စဉ်ကို စုယုဝေ တတ်ကျွမ်းနေလိမ့်မယ်လို့ ဘယ်သူကမှ ထင်ထားမိလိမ့်မည်မဟုတ်ပေ။

တိမ်ကဲ့သို့ရွေ့လျားခြင်းကျင့်စဉ်က သူ့ရဲ့နဂါးခြေလှမ်းလောက် ထူးခြားလေးနက်ခြင်းမရှိပေမဲ့ ၎င်းမှာ ကိုယ်ပိုင်ထူးခြားတဲ့ဝိသေသတွေ ရှိပေသည်။ ၎င်းရဲ့သဘောတရားက ပြင်ပအားတစ်ခုကို အသုံးချပြီး ရွေ့လျားခြင်းဖြစ်သည်။ ပြိုင်ဘက်ရဲ့တိုက်ခိုက်မှုက ပိုပြီးတော့ပြင်းထန်လာခဲ့လေလေ သူ့ရဲ့ပြိုင်ဘက်ကို ထိခိုက်အောင်လုပ်နိုင်ဖို့ အခွင့်အရေးက ပို၍နည်းလာလေလေပင်ဖြစ်သည်။

“ဖန်းဝူရဲ့အရှုံးက ရှောင်လွှဲလို့မရတော့ဘူးပဲ…”

ဇူယွမ်က တိတ်တဆိတ်တွေးလိုက်မိသကဲ့သို့ အစောပိုင်းက ကောင်းလင်းနဲ့တူစွာပင် ဖန်းဝူရဲ့ခန္ဓာကိုယ်ထဲရှိသွေးတွေက အပြင်းအထန်တိုက်ခိုက်မှုကြောင့် စတင်လောင်ကျွမ်းလာခဲ့ရသည်။ သူ့ရဲ့မျက်လုံးတွေက အနီရောင်အဖြစ်ပြောင်းလဲသွားခဲ့ရသလို သူ့ရဲ့မူလချီတွေကလည်း ဖြည်းညှင်းစွာပင် ရက်စက်ကြမ်းကြုတ်လို့လာခဲ့ရသည်။

စုယုဝေရဲ့မျက်လုံးတွေက ဖြတ်ခနဲတောက်ပသွားခဲ့ရကာ သူမရဲ့ခန္ဓာကိုယ်က ရုတ်တရက် ဖန်းဝူထံသို့ တိုးဝင်သွားခဲ့သည်။

ဒါကိုမြင်လိုက်ရသည့်အခါ ဖန်းဝူရဲ့ရှေ့ရှိလေထုက ပေါက်ကွဲထွက်သွားခဲ့ရပြီး သူက စုယုဝေထံသို့ ပြင်းထန်ပြီး စွမ်းအားပြည့်ဝလှသည့် လက်သီးတစ်လုံးထိုးသွင်းလိုက်သည်။

သို့ပေမဲ့လည်း သူ့ရဲ့တိုက်ခိုက်မှုက အနည်းငယ်လေးနောက်ကျသွားခဲ့ရသည့်အတွက် စုယုဝေက သူမရဲ့ခြေထောက်ဖြင့် ပေါ့ပါးစွာပင်ကန်ထုတ်ဖယ်ရှားလိုက်ကာ သူမရဲ့ခန္ဓာကိုယ်က ဖန်းဝူရဲ့အထက်ကို ပျံတက်သွားခဲ့သည်။

တစ်ချိန်တည်းမှာပင် လက်ဝါးရိုက်ချက်တစ်ချက်က အောက်သို့ကျဆင်းလာခဲ့ရကာ ဖန်းဝူ၏ခေါင်းကို တိုက်ခိုက်လိုက်သည်။

ဒါ့အပြင်ထူးခြားတဲ့စွမ်းအားတစ်ခုက ဖန်းဝူရဲ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားခဲ့ပြီး လောင်ကျွမ်းနေသည့်သွေးတွေကို တည်ငြိမ်သွားစေခဲ့သည်။ ဖန်းဝူရဲ့ခန္ဓာကိုယ်ထဲရှိ မူလချီတွေ ချက်ချင်းပင်စတင်ရှုပ်ထွေးသွားခဲ့ရသည့်အတွက် စုယုဝေက ထပ်မံတိုက်ခိုက်ခြင်းမပြုခဲ့တော့ပေ။ နာကျင်စွာအော်ဟစ်လိုက်သည့်အသံတစ်ခုနဲ့အတူ ဖန်းဝူရဲ့ခန္ဓာကိုယ်က မြေပြင်ပေါ်သို့လဲကျသွားခဲ့ရကာ သူ့ရဲ့နှုတ်ခမ်းထောင့်စွန်းမှ သွေးတွေစီးကျလာခဲ့ရသည်။

ဒီမြင်ကွင်းကြောင့် ကွင်းပြင်တစ်ခုလုံး ကျယ်လောင်တဲ့အားပေးသံတွေနှင့် ပြည့်နှက်သွားခဲ့ရသည်။

လျှိုစီက သူမရဲ့သွားတွေကို တင်းတင်းစေ့ကြိတ်ထားလိုက်မိပြီး သွားကြိတ်သံတွေကိုပင် ကြားနိုင်ပေသည်။ သူမရဲ့မျက်လုံးတွေထဲမှာတော့ ပူလောင်မှုတွေနဲ့ ပြည့်နှက်နေရသည်။

ချီယွဲ့ရဲ့မျက်လုံးတွေက အနည်းငယ်နက်မှောင်သွားခဲ့ရပြီး ပြောလိုက်သည်… “သူမက သွေးလောင်ကျွမ်းခြင်းမှော်စာလုံးကို ရှာတွေသွားခဲ့ပြီးတော့ ဒါကိုပြန်လည်တိုက်ခိုက်နိုင်ဖို့ နည်းလမ်းကို ရှာတွေ့သွားခဲ့တာပဲ…”

ချီယွဲ့က ဘာကြောင့်ဆိုတာကို အတိအကျသိနိုင်ခြင်းမရှိသော်လည်း စုယုဝေက ရည်ရွယ်ချက်ရှိရှိပင် ကောင်းလင်းနဲ့ ဖန်းဝူတို့ရဲ့သွေးတွေ စတင်လောင်ကျွမ်းပြီးမှသာ သူမရဲ့လှုပ်ရှားမှုတွေပြုလုပ်ခဲ့တယ်ဆိုတာကို သူသိပေသည်။

“စုယုဝေက တကယ့်ကို ပြဿနာတစ်ခုပဲ…” ချီယွဲ့က မျက်မှောင်ကြုတ်လိုက်မိသည်။ သူတို့တွေအပင်ပန်းခံကာ အနိုင်ယူထားခဲ့ရသည့် နိုင်ပွဲနှစ်ပွဲက စုယုဝေတစ်ယောက်တည်းကြောင့်ပင် ပျောက်ကွယ်သွားခဲ့ရသည်။ ဒါက ဇူယွမ်ကို အားအင်ကုန်ခမ်းသွားစေရန်ပြုလုပ်ဖို့ စီစဉ်ထားသည့် သူ့ရဲ့အကြံအစည်တွေကို ပျက်စီးသွားစေခြင်းနှင့်အတူတူပင်ဖြစ်သည်။

စုယုဝေက တိုက်ပွဲစင်မြင့်ပေါ်မှာပင် လှပစွာရပ်နေလျက်ရှိသေးသည်။ သူမရဲ့ခန္ဓာကိုယ်ထဲရှိ မူလချီတွေ ပြန်လည်တည်ငြိမ်သွားခဲ့ပြီးနောက်မှာ သူမရဲ့အေးစက်တဲ့မျက်လုံးတစ်စုံက လျှိုစီကိုကြည့်လိုက်ကာ စိတ်လှုပ်ရှားခြင်းကင်းစွာဖြင့် ပြောသည်… “ပါရမီရှင်အတန်းရဲ့ စုယုဝေက ဒုတိယအတန်းရဲ့ လျှိုစီကို စိန်ခေါ်ပါတယ်…”

သူမရဲ့စကားလုံးတွေက များစွာသောလူတွေကို နှုတ်ဆိတ်သွားစေခဲ့ရသည်။ သူတို့အနေနဲ့ စုယုဝေက အမှန်တကယ်ကိုပဲ သုံးပွဲဆက်တိုက်တိုက်ခိုက်ဖို့ စီစဉ်ထားလိမ့်မယ်လို့ ထင်မထားမိခဲ့ပေ။

“ဟီဟီ… ကောင်းပြီ… ကောင်းပြီ… ဒီနိမ့်ကျတဲ့အောက်တန်းစားမိန်းကလေးက ငါ့ကို အမှန်တကယ်စိန်ခေါ်ရဲတာပဲ… သူ့ရဲ့အကန့်အသတ်ကို သူမသိဘူးထင်တယ်…” လျှိုစီက အလွန်အမင်းဒေါသထွက်သွားခဲ့ရပြီး ရယ်မော၍ပြောလိုက်ကာ စုယုဝေကို ရက်စက်စွာဖြင့် ကြည့်လိုက်သည်။

လျှိုစီက တိုက်ပွဲစင်မြင့်ထက်သို့ ပျံတက်သွားခဲ့ပြီး စုယုဝေကို အေးစက်စက်ကြည့်လိုက်ကာ ပြောသည်… “နင်က ကိုယ့်ဒုက္ခကိုယ်ရှာနေမှတော့ ငါကလည်း နင့်ရဲ့ဆန္ဒကို ဖြည့်ဆည်းပေးရမှာပေါ့…”

စုယုဝေက အေးစက်သည့်လေသံဖြင့် ပြန်ပြောသည်… “ဘယ်သူက ကိုယ့်ဒုက္ခကိုယ်ရှာနေလဲဆိုတာကို တိတိကျကျပြောနိုင်ဖို့က နည်းနည်းစောနေသေးတယ်…”

“အဲ့ဒီအသုံးမကျတဲ့ အမှိုက်နှစ်ကောင်ကို အနိုင်ယူနိုင်တာနဲ့ပဲ နင့်မှာငါ့ကို စိန်ခေါ်နိုင်ဖို့ အရည်အချင်းပြည့်မီနေပြီလို့ တကယ်ကြီးယုံကြည်နေခဲ့တာလား… ငါကျောင်းတော်မှာ စပြီးလေ့ကျင့်ခဲ့တဲ့အချိန်တုန်းက နင်က အစားတစ်ခုအတွက် ဘယ်နေရာမှာတောင်းရမ်းနေခဲ့ရလဲဆိုတာကို ဘယ်သူမဆိုသိကြတယ်…”

လျှိုစီက အထင်သေးစွာဖြင့် ဆက်ပြောသည်… “ဇူယွမ်သာ နင့်ကို ညစ်ပတ်နေတဲ့လမ်းပေါ်က ခေါ်မလာခဲ့ဘူးဆိုရင် နင်က ကျောင်းတော်ထဲကို ဝင်ရောက်နိုင်ဖို့ အရည်အချင်းရှိတယ်လို့များ ကိုယ့်ကိုကိုယ်ထင်နေခဲ့တာလား…”

စုယုဝေရဲ့မျက်လုံးတွေက လျှိုစီရဲ့ကြမ်းတမ်းတဲ့စကားတွေကြောင့် အနည်းငယ်တင်းမာသွားခဲ့ရပြီး တည်ငြိမ်စွာဖြင့် ပြောလိုက်သည်… “ဒီလိုမျိုးတွေကြောင့် နင်တို့လို အရှုပ်ထုပ်တွေကို သူရှင်းထုတ်နိုင်အောင်လို့ ငါသူ့ကို ကူညီပေးနေခဲ့တာ…”

ဒိုင်ဖြစ်သူက မိန်းကလေးနှစ်ယောက်ကြားက ပြောဆိုနေမှုတွေကြောင့် သူ့ရဲ့ခေါင်းကိုသာခါယမ်းလိုက်မိကာ နောက်ထပ်အချိန်ထပ်ဖြုန်းလိုခြင်းမရှိတော့ဘဲ သူ့ရဲ့လက်ကိုဝှေ့ယမ်းလိုက်ပြီး ကျယ်လောင်စွာအော်လိုက်သည်… “စတော့…”

မိန်းကလေးနှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် အေးစက်စွာဖြင့် စိုက်ကြည့်လိုက်မိကြသည်။

“ဝင်ပေါက်ခြောက်ခုဖွင့်ခြင်း…”

တစ်ချိန်တည်းဆိုသလိုပင် သူမတို့နှစ်ယောက်စလုံးရဲ့ပတ်လည်မှာ မူလချီအလင်းတွေ စီးဆင်းသွားခဲ့သည်။ စက္ကန့်အနည်းငယ်အကြာမှာပဲ လျှိုစီက သူမရဲ့လှုပ်ရှားမှုကို စတင်ပြုလုပ်လိုက်သည်။ သူမက လျှပ်တစ်ပြက်အတွင်းမှာပင် စုယုဝေရဲ့ရှေ့မှာ ပေါ်လာခဲ့သလို လက်တစ်ဖက်နဲ့ ခုတ်ပိုင်းခဲ့လိုက်သည်။ သူမရဲ့လက်ချောင်းထိပ်တွေမှာ မူလချီတွေ လှည့်ပတ်နေလျက်ရှိကာ ထက်မြတဲ့အရှိန်အဝါတစ်ခုကိုလည်းထုတ်လွှတ်နေပေသည်။

“လေခွဲလက်ဝါး…”

ဝှစ်… ဝှစ်…

သူမရဲ့လက်ဝါးချက်က လေထုကိုတောင်မှ နှစ်ခြမ်းကွဲသွားစေခဲ့သည်။ လျှိုစီက သနားညှာတာမှု အလျဉ်းမရှိခဲ့ပေ။ သူမက အဆင့်မြင့်မူလကျင့်စဉ်တစ်ခုကို အသုံးပြုကာ စတင်တိုက်ခိုက်လိုက်သည်။ ၎င်း၏ အံ့အားသင့်ဖွယ်ကောင်းသည့်စွမ်းအားက ကြီးမားသည့်ကျောက်တုံးကိုပင် အလွယ်တကူထက်ပိုင်းပြတ်သွားစေနိုင်သည်။

လျှိုဟို၏ သမီးတစ်ယောက်ဖြစ်သည့် လျှိုစီက ပုံမှန်အားဖြင့် အခြားသာမန်လူတွေထက် များစွာသာလွန်သည့် ကျင့်ကြံခြင်းရင်းမြစ်တွေကို အသုံးပြုခဲ့ရသလို များစွာသော မူလကျင့်စဉ်တွေကိုလည်း လေ့ကျင့်ခဲ့ရပေသည်။

လျှိုစီ၏ ပြင်းထန်သည့်တိုက်ခိုက်မှုကိုမြင်လိုက်ရသည့်အခါ စုယုဝေက မြေပြင်ကိုတစ်ချက်ဆောင့်နင်းလိုက်ပြီး တိမ်ကဲ့သို့ရွေ့လျားခြင်းကျင့်စဉ်ကို ထပ်မံအသုံးပြုခဲ့လိုက်၍ လျင်မြန်စွာပင်ဆုတ်ခွာရှောင်တိမ်းခဲ့လိုက်သည်။

“နင်က ငါ့ကို အဲ့ဒီအရူးနှစ်ယောက်နဲ့ အတူတူပဲလို့ ထင်နေတာလား…”

“လေဝိညာဉ်ခြေလှမ်း…” လျှိုစီရဲ့နှုတ်ခမ်းထောင့်စွန်းမှာ အထင်သေးတဲ့အပြုံးတစ်ခု ပေါ်ထွက်လာခဲ့သည်။ လေတိုက်ခတ်မှုက ပိုမိုပြင်းထန်လာခဲ့ပြီး လျှိုစီကခြေတစ်လှမ်းသာလှမ်းလိုက်ကာ နောက်သို့ဆုတ်ခွာသွားသည့် စုယုဝေ၏ရှေ့တွင် ပေါ်ထွက်လာလျက် နောက်တစ်ကြိမ် အပေါ်မှနေအုပ်မိုးကာ ရက်ရက်စက်စက်ပင် ခုတ်ပိုင်းခဲ့လိုက်သည်။

“ကျောက်စိမ်းဖောက်လက်ညှိုး…”

လျှိုစီရဲ့ ပြင်းထန်တဲ့တိုက်ခိုက်မှုကို စုယုဝေက သူမရဲ့လက်နှစ်ချောင်းကို ရှေ့သို့ဆန့်ထုတ်ကာ ခုခံခဲ့လိုက်ပြီး လျှိုစီ၏ကျဆင်းလာသည့်လက်နှင့် သူမရဲ့ကျောက်စိမ်းကဲ့သို့တောက်ပနေသည့်လက်ချောင်းတို့က လေထုထဲမှာတင် ထိပ်တိုက်ရင်ဆိုင်မိလိုက်ကြသည်။

ဝုန်း…

ကျယ်လောင်သည့် ပေါက်ကွဲသံတစ်ခုက ထွက်ပေါ်လာခဲ့ရသည်။ ဆန့်ကျင်ဘက်မူလချီတွေ ထိပ်တိုက်တွေ့ဆုံခဲ့မှုကြောင့် လေထုပင်တုန်ခါသွားခဲ့ရကာ သူမတို့အောက်မှာရှိသည့် ကျောက်ပြားတွေပင် ကွဲကြေသွားခဲ့ရသည်။

စုယုဝေနဲ့ လျှိုစီတို့နှစ်ယောက်စလုံးနောက်သို့ ခြေလှမ်းများစွာ ဆုတ်သွားခဲ့ရသည်။ သို့ပေမဲ့လည်း ဒီတိုက်ခိုက်မှုမှာ လျှိုစီက အနည်းငယ်အသာစီးရခဲ့သည်မှာ ထင်ရှားလှသည်။ သူမအသုံးပြုခဲ့တဲ့ လေခွဲလက်ဝါးက အဆင့်မြင့်မူလကျင့်စဉ်တစ်ခုဖြစ်ပြီးတော့ စုယုဝေရဲ့ကျောက်စိမ်းဖောက်လက်ညှိုးက အလယ်အလတ်အဆင့် မူလကျင့်စဉ်တစ်ခုသာဖြစ်နေခဲ့သောကြောင့်ဖြစ်သည်။

“နင်က ငါ့ရဲ့တိုက်ခိုက်မှုတွေကို ဘယ်လောက်အထိခုခံနိုင်မလဲ ကြည့်ရသေးတာပေါ့…” လျှိုစီက နှာခေါင်းတစ်ချက်ရှုံလိုက်ပြီး လေဝိညာဉ်ခြေလှမ်းကို နောက်တစ်ကြိမ်အသုံးပြုလိုက်သည်။ သူမရဲ့ခန္ဓာကိုယ်က စုယုဝေထံသို့ တစ်ဟုန်ထိုးဝင်ရောက်လာခဲ့ကာ ပြင်းထန်တဲ့မူလချီတွေပါဝင်သည့် လက်ဝါးခုတ်ချက်က လေထုကိုဖြတ်သန်းလာခဲ့ပြီး စုယုဝေထံကျဆင်းလာခဲ့သည်။

စုယုဝေက အချိန်အတော်ကြာအောင် ပြန်လည်တိုက်ခိုက်နိုင်စွမ်းမရှိခဲ့ဘဲ နောက်ကိုသာ အဆက်မပြတ်ဆုတ်ပေးနေခဲ့ရသည်။

“သူမက ပြိုင်ဘက်ရဲ့ မူလကျင့်စဉ်ကြောင့် ဖိအားပေးခံနေရတာပဲ…” ဇူယွမ်က တိုက်ပွဲကိုကြည့်နေလျက်မှ သက်ပြင်းချလိုက်မိသည်။ စုယုဝေက ပါရမီမြင့်မားသည်မှာ မှန်ပေမဲ့ တော်ဝင်ဇူကျောင်းတော်ထဲတွင်ရှိသည့် အဆင့်မြင့်မူလကျင့်စဉ်တွေကို လေ့ကျင့်နိုင်ဖို့က ကျောင်းတော်တွင်းအရေးပါသည့်လူတွေထံမှ ခွင့်ပြုချက်ရရှိဖို့ လိုအပ်ပေသည်။ ဒါ့ကြောင့်ပင် သူမရဲ့လက်ရှိအခြေအနေက များစွာသောမူလကျင့်စဉ်တွေကို ပိုင်ဆိုင်ထားရကာ သူမစိတ်ကြိုက်လေ့ကျင့်ခွင့်ရှိသည့် လျှိုစီနဲ့ယှဉ်နိုင်စွမ်းမရှိသည်မှာ သဘာဝကျပေသည်။

စုယုဝေတစ်ယောက် ဆိုးရွားတဲ့အခြေအနေထဲ ရောက်ရှိနေသည်ကို မြင်ရသည့်အခါ များစွာသောလူတွေက သူမအတွက် သနားမိရပေသည်။ စုယုဝေမှာသာ အဆင့်တူမူလကျင့်စဉ်တွေကို လေ့ကျင့်ထားနိုင်ခဲ့မယ်ဆိုရင် တိုက်ပွဲရဲ့အခြေအနေက တစ်မျိုးတစ်ဖုံပြောင်းလဲသွားလိမ့်မည်ဆိုတာကို သူတို့တွေပြောနိုင်ပေသည်။

ဝှစ်… ဝှစ်…

တိုက်ပွဲစင်မြင့်ပေါ်မှာ မိန်းကလေးနှစ်ယောက်က လိပ်ပြာလေးတွေအလားလှုပ်ရှားနေကြပြီး တစ်ယောက်ရဲ့တိုက်ခိုက်မှုတွေကို တစ်ယောက်က ခုခံနေရလျက်ရှိသည်။

လျှိုစီက စုယုဝေအား အဆက်မပြတ်ဖိအားပေးထားနိုင်သည်ကို ကြည့်၍ ဝမ်းသာသွားခဲ့ရပြီး နှာခေါင်းတစ်ချက်ရှုံကာပြောသည်… “ဟမ့်… ဒါလားပါရမီရှင်ဆိုတာ… ငါရဲ့မျက်လုံးထဲမှာတော့ နင်က ဆင်းရဲတဲ့အောက်တန်းစားမိန်းကလေးတစ်ယောက်ပဲ… ငါ့ကိုလာပြီးစိန်ခေါ်တာက နင့်ဒုက္ခနင်ရှာတာပဲ…”

စုယုဝေက တိတ်ဆိတ်စွာဖြင့်ပင် အဆက်မပြတ်တိမ်းရှောင်နေလျက်ရှိပေသည်။

“ဒါက မမျှတဘူးလို့ နင်ခံစားနေရတာလား… တော်တော်ရယ်စရာကောင်းတဲ့ မိန်းကလေးပဲ… ငါတို့နှစ်ယောက်ကြားကွာခြားချက်က ဟိုးအရင်ကတည်းက ဆုံးဖြတ်ခဲ့ပြီးသားပဲ… နင်ဘယ်လောက်ပဲကြိုးစားကြိုးစား ငါတို့နှစ်ယောက်ကြားက အဆင့်အတန်းကွာခြားချက်ကို ပြောင်းလဲနိုင်လိမ့်မှာမဟုတ်ဘူး…”

လျှိုစီရဲ့ နှုတ်ခမ်းထောင့်စွန်းမှာ အပြုံးတစ်ခုခိုတွဲသွားခဲ့ကာ ပြောလိုက်သည်… “နင့်အနေနဲ့ အဆင့်မြင့်မူလကျင့်စဉ်တစ်ခုကို လေ့ကျင့်နိုင်ခဲ့မယ်ဆိုရင် ဒီလိုအခြေအနေမျိုးထိ ရောက်ရလိမ့်မှာမဟုတ်ဘူး…”

“အနက်ရောင်အဆင့်မူလကျင့်စဉ်တစ်ခုဆိုရင်တော့ ပြောနေစရာတောင်မလိုတော့ဘူး…”

အေးစက်တဲ့အလင်းရောင်တွေက လျှိုစီရဲ့မျက်လုံးတွေထဲမှာ‌ တောက်ပလာခဲ့ရသည်။ သူမအနေနဲ့ စုယုဝေရဲ့ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိနေတာကို ချိုးဖျက်ရပေလိမ့်မည်။ ဒါက သူမရဲ့နှလုံးသားထဲမှာ အရိပ်သဖွယ်ခြောက်လှန့်နေလိမ့်မည်ဖြစ်ကာ အနာဂတ်မှာ သူမရဲ့စိတ်ဓာတ်ကို ထိခိုက်သွားစေလိမ့်မည်ဖြစ်သည်။ ဒီလိုသာဆိုရင် သူမရဲ့အနာဂတ်ကျင့်ကြံခြင်းလမ်းကြောင်းမှာ အခက်အခဲတွေရှိလာပေလိမ့်မည်။

ဒီအရာက ဘာမှမဟုတ်ဘူးထင်ရပေမဲ့လည်း လွန်စွာမှပင်ရက်စက်လှပေသည်။

လျှိုစီရဲ့ခန္ဓာကိုယ်က ရုတ်ချည်းရပ်တန့်သွားခဲ့သည်။ ထိုအခိုက်အတန့်မှာပင် သူမရဲ့လက်ချောင်းတွေမှာ မူလချီအလင်းတွေလှည့်ပတ်နေသကဲ့သို့ မူလချီတွေက လက်ထဲကို တစ်ဟုန်ထိုးစီးဝင်သွားခဲ့ကာ သူမရဲ့လက်ဖဝါးအလယ်မှာစုစည်းသွားခဲ့ပြီး နောက်ဆုံးအထွတ်အထိပ်ကိုရောက်ရှိသွားသည့်အခါ လေဓားသွားတစ်ခုအဖြစ်ပြောင်းလဲသွားသည်ကို မြင်တွေ့နိုင်ပေသည်။

လေဓားသွားက စူးရှသည့်အော်မြည်သံတစ်ခုနဲ့အတူ တုန်ခါနေခဲ့ပြီး ၎င်း၏ပတ်လည်ရှိလေထုကိုပင် အဆက်မပြတ်ပေါက်ကွဲသွားစေခဲ့သည်။

“အဆင့်နိမ့်အနက်ရောင်အဆင့်မူလကျင့်စဉ်… အစိမ်းရောင်လေဓားသွား…”

လျှိုစီရဲ့မျက်လုံးတွေထဲမှာ ရက်စက်လိုမှုတွေထွက်ပေါ်လာခဲ့ပြီး သူမက ရုတ်တရက် စုယုဝေကို တိုက်ခိုက်လိုက်သည်။ လေဓားသွားက လေထုကိုဖြတ်၍ လျင်မြန်သည့်အရှိန်ဖြင့် စုယုဝေထံတိုးဝင်သွားခဲ့ရသည်။

ကွင်းပြင်တစ်ခုလုံးရှိလူတွေက ဒါကိုမြင်လိုက်ရသည့်အခါ အထိတ်တလန့်အော်ဟစ်လိုက်မိကြပြီး ဒိုင်ဖြစ်သူတောင်မှ စုယုဝေကို ကာကွယ်ပေးရန် ပြင်ဆင်လိုက်မိသည်။

သို့ပေမဲ့လည်း အစိမ်းရောင်လေဓားသွားကို စိုက်ကြည့်နေသည့် စုယုဝေ၏တောက်ပတဲ့မျက်လုံးတွေထဲမှာ အနည်းငယ်မျှပြောင်းလဲသွားခြင်းမရှိတာကို မြင်တွေ့နိုင်သည်။ ၎င်းရဲ့ထက်ရှတဲ့အရှိန်အဝါ သူမထံရောက်ရှိခြင်းမရှိသေးတာတောင်မှပင် သူမရဲ့အရေပြားတွေအား နာကျင်မှုကို ခံစားရစေခဲ့သည်။

ဒါပေမဲ့လည်း သူမက ဒါကိုရှောင်တိမ်းဖို့ရန် လှုပ်ရှားမှုတစ်ခုတစ်လေမျှပင် မပြုလုပ်ခဲ့ပေ။

စုယုဝေရဲ့နှုတ်ခမ်းတွေက အနည်းငယ်ပွင့်ဟသွားခဲ့ရပြီး အလွန်အမင်းပျော်ရွှင်နေသည့် လျှိုစီကိုကြည့်ကာ ပြောလိုက်သည်… “ဒါကအမှန်ပဲ… ငါက နင့်လိုမျိုး အဆင့်မြင့်မူလကျင့်စဉ်တွေအများကြီး မလေ့ကျင့်ခဲ့ရဘူး… ဒါပေမဲ့ နင်ပြောတဲ့စကားတွေကို ငါသဘောမတူဘူး… ငါတို့တွေကြားက ကွာခြားချက်က‌ နင်ပြောသလို ကျော်ဖြတ်လို့မရဘူးဆိုတာမဟုတ်ဘူး…”

“နင့်လိုမျိုးလူတစ်ယောက်က ငါ့ရဲ့ကြိုးစားအားထုတ်မှုတွေကို ဘယ်လိုလုပ်သိနိုင်မှာလဲ…”

စုယုဝေရဲ့လက်တွေက ဖြည်းညှင်းစွာပူးကပ်သွားခဲ့ရပြီး သူမခန္ဓာကိုယ်မှနေ စွမ်းအားပြည့်ဝလှတဲ့မူလချီတွေ ရုတ်တရက်ထွက်ပေါ်လာခဲ့ကာ သူမရဲ့အဝတ်အစားတွေကို တဖျပ်ဖျပ်လှုပ်ခတ်သွားစေခဲ့သလို သူမရဲ့ဆံနွယ်တွေကလည်း လေထဲမှာ လွင့်မျောသွားခဲ့ရသည်။

“ခုနှစ်ခုမြောက်ဝင်ပေါက်ဖွင့်ခြင်း…”

ကွင်းပြင်တစ်ခုလုံးက စုယုဝေရဲ့ကျယ်လောင်တဲ့အော်သံကြောင့် ရူးသွပ်သွားခဲ့ရသလို များစွာသောစွမ်းအားမြင့်ကျင့်ကြံသူတွေတောင်မှပင် တုန်လှုပ်စွာဖြင့်ကြည့်လိုက်မိကြသည်။

သူတို့အနေနဲ့ စုယုဝေတစ်ယောက် တိုက်ပွဲအတွင်းမှာ သူမရဲ့ခုနှစ်ခုမြောက်စွမ်းအင်ဝင်ပေါက်ကို ဖိအားပေးဖွင့်ခဲ့လိမ့်မယ်လို့ သူတို့ရဲ့အိပ်မက်ထဲမှာတောင်မှ စိတ်ကူးမိလိမ့်မည်မဟုတ်ပေ။

Comment

Leave a Reply

Options

not work with dark mode
Reset