ထို မှောင်မည်းနေသော ကမ္ဘာကြီးထဲတွင် အရာအားလုံးမှာ တိတ်ဆိတ်ငြိမ်သက်နေ၏။ အသံတစ်သံမှ မကြားရသလို အလင်းရောင်အနည်းငယ်ခန့်ကိုပင် မမြင်နိုင်ပေ။ ဝမ်ပေါင်လဲ့နှင့် အပေါင်းအပါများမှာ အမှောင်ထုကြီးထဲ၌ နစ်မြုပ်နေကြ၏။ သူတို့၏ အသိစိတ်များထဲမှ ကမ္ဘာကြီးသာလျှင် လင်းလက်နေသည်။
ကျောက်ယမုန့်မှာ သတိပြန်ရလာချိန်တွင် သူမဆီ၌ အပြင်ခန္ဓာကိုယ် မရှိတော့သည်ကို သတိမထားမိပေ။ သူမ၏ လက်ကျန် အသိစိတ်များမှာ မီးပင်လယ်ကြီးတစ်စင်းဖြင့် ပြည့်နှက်နေသော အာကာသကြီးထဲ၌ မျောလွင့်နေ၏။
ထိုအာကာသကြီးထဲတွင် တမူထူးခြားသော မီးတောက်ကြီးတစ်ခု ရှိနေသည်။ ထိုမီးပင်လယ်ကြီးမှာ အဆုံးအစမဲ့လောက်အောင် ကျယ်ပြောနေပြီး အာကာသကြီးတစ်ခုလုံးအား ပြာကျသွားအောင် လောင်မြိုက်နေ၏။
ထိုကဲ့သို့ အာကာသကြီးတစ်ခုလုံး ပြာကျနေစဉ် မိန်းမောတွေဝေကာ မျောလွင့်နေသည့် ကျောက်ယမုန့်မှာ အချိန်အတော်အတန်ကြာအောင် ကုန်ဆုံးသွားပြီးနောက် မီးပင်လယ်ကြီး၏ အတွင်းပိုင်းထဲ၌ သစ်ပင်တစ်ပင် ပေါ်ပေါက်လာသည်ကို ရုတ်တရက်ဆိုသလို မြင်လိုက်ရသည်။
၎င်းမှာ ဂြိုဟ်ကြီးထက်ပင် အဆပေါင်းများစွာ ပို၍ကြီးမားသည့် ဧရာမသစ်ပင်ကြီးတစ်ပင် ဖြစ်သည်။
အမြဲတမ်း တည်တည်ငြိမ်ငြိမ် ရှိနေခဲ့သော ကျောက်ယမုန့်မှာ ထိုသစ်ပင်ကြီးအား မြင်လိုက်ရသောအခါ အံ့ဩတုန်လှုပ်သွား၏။ ဂြိုဟ်များမှာ ဆော့ကစားစရာ အရုပ်များကဲ့သို့ ဖြစ်နေသည့်တိုင်အောင် ထိုသစ်ပင်ကြီးပေါ်တွင် မရေမတွက်နိုင်လောက်အောင် များပြားသော မျက်နှာများစွာ ရှိနေကြ၏။ ၎င်းတို့မှာ လူသားများ၊ သားရဲကြီးများနှင့် အခြား ထူးဆန်းထွေလာ သတ္တဝါများ၏ မျက်နှာများ ဖြစ်ကြသည်။ ၎င်းတို့၏ အရေအတွက်မှာ သူမ၏စိတ်ကူးနှင့်ပင် မှန်းဆ၍မရနိုင်လောက်အောင် ကုဋေကုဋာပေါင်း မြောက်မြားစွာ ရှိနေကြပြီး ထိုမျက်နှာ တစ်ခုချင်းစီတိုင်းမှာ တီးတိုးရေရွတ်နေကြ၏။
၎င်းတို့ ရေရွတ်လိုက်ကြသည့်အခါတိုင်း သစ်ပင်ကြီးထဲမှ အလင်းတန်းတစ်ခု အရှိန်အဟုန်ပြင်းစွာ ထိုးထွက်လာပြီး ထိုမျက်နှာများနှင့် တစ်သားတည်း ပေါင်းစည်းသွားကြသည်။ ထိုအလင်းတန်းများမှာ မျက်နှာများအား ဝင်းလက်တောက်ပသွားစေပြီး တစ်ချိန်ထဲမှာပင် ၎င်းတို့အား လျှို့ဝှက်ဆန်းကြယ် စွမ်းအားတစ်မျိုး ထောက်ပံ့ပေးလိုက်သည့် အလားပင်။ ထို ဧရာမသစ်ပင်ကြီးနှင့် မျက်နှာများအပြင် ထိုမျက်နှာများ၏ ကြား၌ အဆက်မပြတ် လိမ်ယှက်နေကြသည့် အဆုံးမရှိနိုင်လောက်အောင် ရှည်လျားသော အလင်းရောင် အမျှင်အတန်းလေးများကိုလည်း ကျောက်ယမုန့်မှာ မြင်လိုက်ရ၏။
ထို့ကြောင့် ကျောက်ယမုန့်မှာ ထိုနေရာမှ ထွက်ခွာချင်စိတ်များ ပျောက်သွားရတော့သည်။ သူမသည် မလှုပ်မယှက်ရပ်ကာ သူမ၏ရှေ့တွင် ရှိနေသော ဧရာမသစ်ပင်ကြီးအား စိုက်ကြည့်နေစဉ် ထိုသစ်ပင်ကြီးဆီမှ ထွက်ပေါ်လာသည့် ငြိမ်းချမ်းမှုအပြည့်ရှိပြီး ဩဇာညောင်းသော စကားသံကြီးတစ်သံမှာ သူမ၏ အသိစိတ်ထဲ၌ ပဲ့တင်ထပ်သွားတော့သည်။
” အမွေခံအသစ်။ သင်က ဒီနေရာအထိ ရောက်လာပြီဆိုတော့ အရည်အချင်းပြည့်မီလို့ပဲ ဖြစ်ရမယ်။ အဲ့တာကြောင့်မလို့ အကျွန်ုပ်လည်း သင့်ရဲ့ ဂိုဏ်းက အကြီးအကဲကြီးနဲ့ သဘောတူထားတဲ့အတိုင်း သင့်ကို တပည့်တစ်ယောက်အဖြစ် လက်ခံပေးပါ့မယ်။ အခု… သင် အကျွန်ုပ်ရဲ့ အမွေအနှစ်တွေကို လက်ခံပြီးတော့ အကျွန်ုပ်ရဲ့ တပည့် ကုဋေကုဋာပေါင်း မြောက်မြားစွာအထက်မှာရှိတဲ့ တပည့်ရင်းအယောက်တစ်ရာထဲက တစ်ယောက် ဖြစ်လာဖို့ သဘောတူလား ”
ထိုအခါ ကျောက်ယမုန့်၏ အသိစိတ်မှာ တုန်ရီသွားရ၏။ ထို့နောက် သူမသည် ကောင်းချီးမင်္ဂလာတစ်ခုအား လက်ခံရရှိလိုက်သည့် အမူအရာဖြင့် အာကာသကြီးထဲရှိ ထိုရှေးဟောင်းသစ်ပင်ကြီးအား ဦးညွှတ်အရိုအသေပေးလိုက်တော့သည်။
” ကျွန်တော်မျိုးမ သဘောတူပါတယ် ”
ကျောက်ယမုန့်၏ စကားသံကြီး ထွက်ပေါ်လာသောအခါ ထိုရှေးဟောင်းသစ်ပင်ကြီးထဲမှ အလင်းတန်းတစ်ခု ချက်ချင်းဆိုသလိုပင် ထွက်ပေါ်လာပြီး သူမ၏ နဖူးထဲသို့ ဝင်ရောက်လာတော့သည်။ ထိုအခါ ကျောက်ယမုန့်မှာ တုန်ရီသွားပြီး သူမ၏ မျက်လုံးမှိတ်ထားသော မျက်နှာကြီးမှာ ရှေးဟောင်းသစ်ပင်ကြီးပေါ်ရှိ အခြားမျက်နှာများ၏ကြား၌ ပေါ်ပေါက်လာ၏။ သို့သော် သူမ၏ မျက်နှာမှာ အမြင့်ပိုင်းတွင် ရှိနေသောကြောင့် သူမ၏ ရာထူးအဆင့်အတန်းမှာ အခြားသူများနှင့် မတူကြောင်း သိနိုင်ပေသည်။
အချိန်အတော်အတန် ကုန်ဆုံးသွားပြီးနောက် ကျောက်ယမုန့်မှာ မျက်လုံးများပွင့်လာပြီး အာကာသကြီးအား စိုက်ကြည့်ကာ ရုတ်တရက် မေးလိုက်၏။
” ဆရာ။ ကျွန်တော်မျိုးမ ဆရာ့ရဲ့ နာမည်ကို သိခွင့်ရှိလား ”
” ငါ့ကို လူတစ်ယောက်က ဘေးဒုက္ခမိုးကောင်းကင်လို့ ခေါ်ခဲ့ဖူးတယ် ”
” ဘေးဒုက္ခ မိုးကောင်းကင်… ” ထိုနာမည်ထဲ၌ လျှို့ဝှက်ဆန်းကြယ် စွမ်းအားတစ်မျိုး ကိန်းအောင်းနေသည့်ပုံ ပေါ်သောကြောင့် ၎င်းမှာ အာကာသကြီးထဲ၌ ပဲ့တင်ထပ်သွား၏။ ထို့နောက် မီးပင်လယ်ကြီးမှာ ပေါက်ကွဲသွားပြီး ကြယ်စင်စုများမှာ ထပ်၍ လောင်ကျွမ်းလာကြတော့သည်။ တစ်ချိန်ထဲမှာပင် ထိုနာမည်မှာ ကျောက်ယမုန့်၏ အသိစိတ်ထဲ၌ ကမ္ဗည်းရေးထိုးလိုက်သကဲ့သို့ စွဲစွဲမြဲမြဲ ကျန်ရစ်နေခဲ့တော့သည်။
ထိုအချိန်တွင် ကျိုးရိဖန်း၏ အသိစိတ်ထဲမှ ကမ္ဘာကြီးမှာ ကျောက်ယမုန့်၏ ကမ္ဘာကြီးနှင့် မတူဘဲ ကွဲပြားနေ၏။ သူ၏ရှေ့တွင် မီးပင်လယ်ကြီးနှင့် ဧရာမသစ်ပင်ကြီးများ ရှိမနေဘဲ လက်နက်သင်္ချိုင်းတောင်ကုန်းကြီးတစ်ခုသာ ရှိနေ၏။
မရေမတွက်နိုင်လောက်အောင် များပြားသော လက်နက်ပစ္စည်းများဖြင့် ပြည့်နှက်နေသည့် ဧရာမ စစ်သင်္ချိုင်းကြီးတစ်ခုမှာ မြေပြင်ပေါ်တွင် ရှိနေ၏။ ထို လက်နက်ပစ္စည်းများထဲတွင် အာကာသကြီးတစ်ခုလုံးထဲရှိ လူမှုအဖွဲ့အစည်းအားလုံးဆီမှ ပစ္စည်းမျိုးစုံ ရှိနေကြ၏။ ၎င်းတို့ထဲတွင် ကျိုးရိဖန်း မမြင်ဖူးသည့် လက်နက်ပစ္စည်း အမြောက်အမြား ရှိနေသည်။ လက်နက်ပစ္စည်းပေါင်း မြောက်မြားစွာမှာ ကောင်းကင်ယံထဲ၌ မျောလွင့်နေကြပြီး ထိုကောင်းကင်ကြီးပင်လျှင် စစ်ပွဲသုံး ဗုံကြီးတစ်လုံး ဖြစ်နေ၏။
ကျိုးရိဖန်းမှာ သူ၏ရှေ့တွင်ရှိနေသည့် လက်နက်သင်္ချိုင်းတောင်ကုန်းကြီးအား စိုက်ကြည့်ကာ မိန်းမောတွေဝေရင်း ရှေ့သို့ မျောလွင့်လာ၏။ သူသည် ထိုလက်နက်များအား အာရုံစိုက်နေခြင်း မရှိဘဲ ရှေ့သို့ အဆက်မပြတ် မျောလွင့်လာနေရင်း တတွတ်တွတ် ရေရွတ်သံများ သူ၏နားဘေးမှ ဖြတ်သွားသည်ကို ကြားနေရသည်။ အချိန်အတော်အတန်ကြာအောင် ကုန်ဆုံးသွားပြီး သူ အကွာအဝေးမည်မျှမှန်းမသိ မျောလွင့်လာခဲ့ပြီးနောက် သူ၏ရှေ့တွင် ဓားတောင်ကြီးတစ်လုံး ပေါ်ပေါက်လာ၏။
ထိုဓားတောင်ကြီး၏ ထိပ်တွင် သက်လတ်ပိုင်း အမျိုးသမီးတစ်ယောက် ရှိနေ၏။ သူမသည် အမျိုးသားတစ်ယောက်နှင့်တူပြီး ခြေထောက်နှစ်ဖက်အား ချဲ၍ ထိုင်နေသည်။ ထို့အပြင် သူမသည် မေးစေ့အား လက်တစ်ဖက်ဖြင့် ထောက်ထားကာ မျက်ဝန်းများမှာ ကြောက်မက်ဖွယ်ရာကောင်းနေပြီး ကျိုးရိဖန်းအား အထင်သေးသည့် အမူအရာဖြင့် စိုက်ကြည့်နေ၏။
” အရင်တုန်းကသာဆိုရင် ငါက နင့်လို စစ်သည်တော်ပေါက်စလေးတစ်ယောက်ကို တစ်ချက်လေးတောင် ကြည့်မှာမဟုတ်ဘူး။ အရည်အချင်း ပြည့်မီပြီးသား စစ်သည်တော်တွေကို ကြိုက်သလို ခေါင်းခေါက်ရွေးလို့ရတယ်။ ဒါပေမဲ့ အခုတော့… ထားလိုက်ပါတော့လေ။ အစွမ်းမထက်တဲ့ စစ်သည်တော်ကလည်း စစ်သည်တော်တစ်ယောက်ပါပဲ။ ကောင်လေး။ ငါက အသက်မရှိတော့ပေမဲ့ ငါမသေခင် နင့်ရဲ့ဂိုဏ်းကို ကတိတစ်ခုပေးခဲ့တာမလို့ အဲဒီကတိအတိုင်း မလုပ်ရသေးရင် ကောင်းကောင်း အနားယူနိုင်မှာ မဟုတ်ဘူး။ အခု ငါက အဲဒီကတိအတိုင်း နင့်ကို တပည့်တစ်ယောက်အဖြစ် လက်ခံလိုက်ပြီ။ နင့်ဘက်က လက်မခံဘူးဆိုရင် ငါ နင့်ကို သတ်ရလိမ့်မယ် ”
” မင်္ဂလာပါဆရာ ” ကျိုးရိဖန်းမှာ တစ်ခဏမျှ အံ့ဩတုန်လှုပ်နေပြီးနောက် တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ ညာလက်သီးပေါ် ဘယ်လက်ဝါးတင်ကာ သူမအား အရိုအသေပေးလိုက်၏။
ကျိုးရိဖန်းနှင့် ကျောက်ယမုန့်တို့ ကြုံနေရသည့် ဖြစ်ရပ်များမှာ ထူးဆန်းလွန်းလှပေသည်။ အမှန်တွင် ၎င်းမှာ တမူထူးခြားသည့် အမွေအနှစ်တစ်ခု ဖြစ်ပြီး အာကာသကြီးထဲရှိ ပြန်လည်မွေးဖွားခြင်း စက်ဝန်းပေါင်း မြောက်မြားစွာထဲမှ မျိုးဆက်အသီးသီး၏ ထိပ်သီးအဆင့် ကျင့်ကြံသူများ၏ ပုံရိပ်များမှာ သူတို့နှစ်ယောက်၏ အသိစိတ်များထဲရှိ ကမ္ဘာများထဲတွင် ပေါ်ပေါက်လာကြခြင်း ဖြစ်သည်။
ထိုကမ္ဘာများထဲရှိ ပုံရိပ်ကြီးများမှာ ထိုကျင့်ကြံသူများ၏ မသိစိတ်ထဲမှ အတွေးများ သို့မဟုတ် သူတို့၏ အိပ်မက်များအား အတိုင်းအတာတစ်ခုအထိ ကိုယ်စားပြုနေသည်ဟု ဆိုနိုင်ပေသည်။
ကျောက်ယမုန့်၏ အသိစိတ်ထဲမှ ကမ္ဘာကြီးမှာ မီးပင်လယ်တစ်စင်းဖြစ်သည်။ သို့သော် သူမ၏ ဗီဇအား ရက်စက်ကြမ်းကြုတ်သည့်ဗီဇဟု သတ်မှတ်၍ မရပေ။ သူမသည် အပြင်ပန်းတွင် တည်ကြည်မှု ရှိပါသော်လည်း စိတ်ဓာတ်မာကျောကာ ပြတ်သားမှုအပြည့်ရှိပြီး အလွယ်တကူ အရှုံးမပေးတတ်ပေ။ သို့သော် သူမ၏ မသိစိတ်များထဲတွင်မူ အရာရာတိုင်းအား ဖျက်ဆီးပစ်ချင်သည့် စိတ်ဆန္ဒများ အတိုင်းအတာတစ်ခုအထိ ကိန်းအောင်းနေ၏။
ပို၍ တိတိကျကျ ဆိုရမည်ဆိုလျှင် သူမသည် ရန်မစသင့်သော မိန်းကလေးတစ်ယောက် ဖြစ်ပေသည်။ အကယ်၍ ရန်စခံလိုက်ရမည်ဆိုပါက သူမသည် မရရအောင် လက်စားပြန်ချေမည်ဖြစ်ပြီး မီးပင်လယ်ကြီးတစ်စင်းကဲ့သို့ အရာအားလုံးကို ပြာချပစ်လိုက်မည်သာ ဖြစ်သည်။
အခြားတစ်ဖက်တွင်မူ ကျိုးရိဖန်းမှာ လက်နက်သင်္ချိုင်းတောင်ကုန်းကြီးဖြင့် ဖွဲ့စည်းထားသည့် အသိစိတ်ကမ္ဘာကြီးတစ်ခု ပိုင်ဆိုင်ထား၏။ ထို့ကြောင့် သူ၏ အတွင်းစိတ်ထဲတွင် အဆိုးမြင်ဝါဒများ ကိန်းအောင်းနေသည်ဖြစ်ကြောင်း သိနိုင်ပေသည်။ သူသည် စစ်သည်တော်ဖြစ်ပြီး သင်္ချိုင်းတောင်ကုန်းကြီးမှာ သူ၏သင်္ချိုင်းမြေအား ကိုယ်စားပြုနေ၏။
မတူညီသော အတွင်းစိတ် အမျိုးမျိုးမှာ အမွေအနှစ်ပုံရိပ် အမျိုးမျိုးအား ပေါ်ပေါက်လာစေမည် ဖြစ်သည်။ သို့သော် ၎င်းမှာ အတိတ်တုန်းက ကျယ်ပြန့်တာအိုနန်းတော်ကြီး၏ အစဉ်အလာများ ဖြစ်သည်။ ထိုစဉ်တုန်းက စိန်ခေါ်ခဲ့ကြသည့် လူပေါင်းမြောက်မြားစွာ ရှိခဲ့ကြသည် မဟုတ်ပါလော။ ဂိုဏ်းသားအမြောက်အမြားမှာ ကျရှုံးမှုများနှင့် အသက်ဆုံးရှုံးမှုများဖြင့် ကြုံခဲ့ရသည့်တိုင်အောင် စိန်ခေါ်ရန် ကြိုးစားခဲ့ကြသည့် လူများမှာ ကုန်ဆုံးသွားခဲ့ခြင်း မရှိပေ။ ယခုတွင်မူ အခြေအနေများမှာ ပြောင်းလဲသွားပြီ ဖြစ်သည်။
၎င်းမှာ ကျယ်ပြန့်တာအိုနန်းတော်၏ ထုံးတမ်းစဉ်လာတစ်ခုဖြစ်ပြီး ဝမ်ပေါင်လဲ့နှင့် အပေါင်းအပါများအတွက် ကောင်းချီးမင်္ဂလာတစ်ခုအဖြစ် သတ်မှတ်နိုင်ပေသည်။ သို့သော် သူတို့မှာ ရွေးချယ်စရာ များများစားစား သိပ်မရှိပေ။
မျက်လုံးဖြင့် မမြင်နိုင်သည့် လူရိပ်ကြီးများအားလုံးမှာလည်း ပုံရိပ်ယောင်များ ဖြစ်ကြ၏။ သူတို့ထဲမှ အများစုမှာ စိန်ခေါ်မှုများထဲ၌ ကျရှုံးကာ အသက်ဆုံးရှုံးသွားခဲ့ရပြီးနောက် ထိုနေရာ၌ နေရစ်ခဲ့ရန် အတင်းအဓမ္မ ဖိအားပေးခံခဲ့ရသော ကျယ်ပြန့်တာအိုနန်းတော်မှ ဂိုဏ်းသားဟောင်းများ ဖြစ်ကြပေသည်။ အခြားတစ်ဖက်တွင်မူ သူတို့မှာ တမူထူးခြားသော အမွေအနှစ်တံဆိပ်တော်များ ပိုင်ဆိုင်ထားကြသဖြင့် ဝိညာဉ်လမ်းညွှန်မှုလက်ကြီးမှာ သူတို့အား ဖမ်းဆုပ်နိုင်စွမ်းမရှိဘဲ ဖြစ်နေရခြင်း ဖြစ်သည်။
ဝမ်ပေါင်လဲ့မှာလည်း လက်ရှိတွင် အမွေအနှစ်အား လက်ခံရယူတော့မည့်ဆဲဆဲ ဖြစ်နေပါသော်လည်း သူ၏ အတွင်းစိတ်ကမ္ဘာကြီးမှာ ထူးဆန်းလွန်းနေ၏…
၎င်းမှာ နယ်မြေအမျိုးမျိုး ပါရှိသော ရောင်စုံကမ္ဘာကြီးတစ်ခု ဖြစ်နေသည်။
သူ သတိပြန်ရလာချိန်တွင် ပထမဆုံး မြင်လိုက်ရသည့် ကမ္ဘာကြီးမှာ ဖက်တီးများဖြင့် ပြည့်နှက်နေသည့် ကမ္ဘာကြီးတစ်ခုဖြစ်သည်။ ထိုကမ္ဘာကြီးမှာ အလွန်အင်မတန်မှ ကျယ်ပြောနေပြီး ၎င်းထဲ၌ ရှိနေကြသည့် လူကြီးလူငယ် ကျားမမရွေးမှာ ဖက်တီးများ ဖြစ်နေကြသည်။ သူတို့အားလုံးမှာ ဝမ်ပေါင်လဲ့ထက် သိသိသာသာပို၍ ဝနေကြသဖြင့် အကယ်၍ ဝမ်ပေါင်လဲ့မှာ သူတို့၏ ကြားထဲသို့သာ ရောက်သွားမည်ဆိုပါက အများနှင့်မတူဘဲ ကျစ်လျစ်သွယ်လျကာ ရုပ်ရည်ချောမောနေမည် ဖြစ်သည်။
” ဒါ ကောင်းကင်ဘုံလားဟ ” သူသည် ဘေးပတ်ဝန်းကျင်အား အကဲခတ်ကြည့်လိုက်ပြီးနောက် နှလုံးသားထဲ၌ တုန်ရီသွားရ၏။ သူသည် အချိန်အတော်အတန်ကြာအောင် မိန်းမောတွေဝေနေခဲ့ပြီးနောက် ရှေ့သို့ဆက်၍ လျှောက်လှမ်းသွားသည်။ လမ်းတစ်လျှောက်တွင် ဝမ်ပေါင်လဲ့မှာ သူ၏စိတ်ကူးယဉ်အိပ်မက်ကမ္ဘာထဲမှ ကောင်းကင်ဘုံကြီးအား မြင်တွေ့ခဲ့ရ၏။
အချိန်အတော်အတန်ကြာပြီးနောက် သူသည် ထိုကမ္ဘာကြီး၏ အစွန်းသို့ ရောက်ရှိလာ၏။ ထိုအခါ သူသည် သူနှင့်ရင်းနှီးနေသော အာကာသကြီးတစ်ခုထဲ၌ ရှိနေသည့် နောက်ထပ်ကမ္ဘာကြီးတစ်ခုအား လှမ်းမြင်လိုက်ရသည်။ ထိုအာကာသကြီးထဲတွင် သူနှင့် ရင်းနှီးနေပြီးသားဖြစ်သည့် ဂြိုဟ်တစ်လုံး၊ လှေတစ်စင်း၊ အနက်ရောင်ဝတ်ရုံတစ်ခုနှင့် မီးအိမ်လှော်တက်တစ်ချောင်းတို့ ရှိနေကြသည်။
၎င်းမှာ သူ၏ မှတ်ဉာဏ်များထဲမှ အမှောင်ဂိုဏ်း ဖြစ်ပေသည်။
အာကာသကြီးထဲရှိ ကြယ်တစ်လုံးချင်းစီထဲမှ ကြောက်မက်ဖွယ်ရာ အငွေ့အသက်လှိုင်းများ ထွက်ပေါ်နေ၏။ အထူးသဖြင့် အမှောင်ဂိုဏ်း၏ ပင်မကြယ်ကြီးပေါ်တွင် အငွေ့အသက်များမှာ ပို၍အားကောင်းနေသောကြောင့် ဝမ်ပေါင်လဲ့မှာ သူ့ဆရာ၏ အငွေ့အသက်များကိုပင် အာရုံခံမိနေသည်။
သူသည် ထိုနေရာ၌ အရှိန်အဟုန်ဖြင့် မျောလွင့်နေရင်း နှလုံးသားတစ်ခုလုံး တုန်ရီသွားရ၏။ သို့သော် မည်သည့်အကြောင်းကြောင့်မှန်းမသိ သူသည် ၎င်းတို့၏ အနီးသို့ မသွားနိုင်ဘဲဖြစ်နေရသည်။ အာကာသကြီးထဲရှိ အမှောင်ဂိုဏ်း ပင်မကြယ်ဆီသို့ ချိတ်ဆက်ထားသော လမ်းမှာ အဆုံးမရှိလောက်အောင် ရှည်လျားနေသည့်အလားပင်။ အချိန်အတော်အတန် ကုန်ဆုံးသွားပြီးနောက် ဝမ်ပေါင်လဲ့မှာ သက်ပြင်းချကာ လမ်းကြောင်းပြောင်းလိုက်ပြီး ထို အမှောင်ဂိုဏ်း ကမ္ဘာကြီးထဲမှ ထွက်ခွာသွားတော့သည်။ ထို့နောက် သူသည် တတိယမြောက် ကမ္ဘာဆီသို့ ရောက်ရှိလာ၏။
တတိယမြောက် ကမ္ဘာကြီးမှာ အလွန်အင်မတန်မှ တိတ်ဆိတ်ငြိမ်သက်နေပြီး ၎င်းထဲ၌ စာလိပ်ကြီးတစ်ခုသာ ရှိနေ၏။ ထိုစာလိပ်ကြီးမှာ ပွင့်နေပြီး မျက်စိတစ်ဆုံး ဆန့်တန်းနေသည်။ ထို စာလိပ်ကြီးပေါ်တွင် လမ်းလျှောက်တတ်ခါစ မိန်းကလေးတစ်ယောက်၏ ရုပ်ပုံတစ်ခုကို ရေးဆွဲထား၏။ သူမသည် အလွန်အင်မတန်မှ ချစ်စရာကောင်းကာ အများနှင့်မတူဘဲ တမူထူးခြားနေသည့်ပုံ ပေါက်နေသည်။ သူမသည် သူမ၏ဘေးတွင် ရှိနေသော အဖြူရောင်ဆံပင်များနှင့် ယောက်ျားကြီးတစ်ယောက်ဆီသို့ လက်နှစ်ဖက်ဆန့်တန်းနေသဖြင့် သူမ၏ဖခင်အား လှမ်းခေါ်အား သူမအား ထွေးပွေ့ပေးရန် ပူဆာနေသည့်ပုံ ပေါက်နေသည်။
ဝမ်ပေါင်လဲ့မှာ ထိုကလေးမလေးအား မြင်လိုက်ရသောအခါ မမလေးအား အရင်ဆုံး မြင်ယောင်မိသွား၏။ သူသည် အဖြူရောင်ဝတ်ရုံများ ဆင်မြန်းထားသည့် ထိုလူကြီးအား တစ်ချက်မျှသာ ကြည့်လိုက်ပါသော်လည်း တစ်ခေါင်းလုံး ထူပူသွားရပြီး သူ၏နားထဲ၌ တာအိုဂါထာတော်ရွတ်ဖတ်သံများ ပဲ့တင်ထပ်လာသကဲ့သို့ ခံစားလိုက်ရသည်။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အကြောင်းအရင်းမရှိ အံ့အားသင့်သွားရသည်။ ထို့နောက် သူသည် ထိုနေရာမှာ အလျင်အမြန် ထွက်ခွာသွားလိုက်ပြီး စတုတ္ထမြောက် ကမ္ဘာကြီးဆီသို့ ရောက်ရှိလာတော့သည်။ ၎င်းမှာ တတိယမြောက် ကမ္ဘာကြီးနှင့် တစ်ပုံစံတည်းနီးပါး ဖြစ်နေပြီး ၎င်းထက် ပို၍သေးငယ်နေ၏။ ထိုကမ္ဘာကြီးတစ်ခုလုံးမှာ တိတ်ဆိတ်ငြိမ်သက်နေပြီး ၎င်းထဲ၌ ခေါင်းသုံးလုံးနှင့် လက်ခြောက်ဖက်ပါသော ရုပ်ထုကြီးတစ်ခုသာ ရှိနေသည်။ ထိုရုပ်ထုကြီးဆီမှ ကြောက်မက်ဖွယ်ရာ အငွေ့အသက်လှိုင်းများ ထွက်ပေါ်နေပြီး အပြာရောင်ခြင်ကြီးတစ်ကောင်မှာ ဝမ်ပေါင်လဲ့အား ဒေါသတကြီး စိုက်ကြည့်နေ၏။
” အဆုံးမဲ့မျိုးနွယ်စုပါလား ” ဝမ်ပေါင်လဲ့မှာ ထိုမြင်ကွင်းကြောင့် အံ့အားသင့်သွားရပြီး ချက်ချင်းပင် နောက်သို့ဆုတ်ခွာသွား၏။ ခဏအကြာတွင် သူသည် ပဉ္စမမြောက် ကမ္ဘာကြီးထဲသို့ ရောက်ရှိလာတော့သည်။
ထိုကမ္ဘာကြီးထဲတွင် အလွန်အင်မတန်မှ အရွယ်အစားကြီးမားသော နှလုံးကြီးတစ်ခု ရှိနေ၏။
ထိုနှလုံးကြီး ရပ်တန့်နေခဲ့သည်မှာ ကြာမြင့်နေပြီဖြစ်ပါသော်လည်း ထိုနေရာတစ်ဝိုက်တွင် သေမင်းအငွေ့အသက်များ လုံးဝ မရှိပေ။ သို့သော် ထိုနှလုံးကြီးထဲမှ မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့ကိုပင် တုန်ရီသွားစေနိုင်သည့် စုပ်ယူအားကြီးတစ်မျိုး ထွက်ပေါ်နေသည်။
” ဒါက… ဝါးမျိုခြင်းသစ်စေ့တစ်စေ့လားဟ “