Switch Mode

အခန်း (၅၂၇)

ငါ့နာမည်က နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာပဲ 

ထို လူရိပ်ကြီးများ၏ မျက်လုံးများထဲတွင် သူငယ်အိမ်များနှင့် မျက်စိအဖြူရောင်နေရာများ ရှိမနေကြပေ။ မျက်လုံးများပွင့်လာကြသည့် လူရိပ်အားလုံး၏ မျက်ဝန်းများမှာ ဟာလာဟင်းလင်းကြီး ဖြစ်နေ၏။

ထို့ကြောင့် ၎င်းတို့မှာ မျက်လုံးများမရှိကြဘဲ မျက်လုံးနှစ်လုံးနေရာ၌ အပေါက်နှစ်ပေါက်သာ ရှိနေကြသည်။

၎င်းတို့မှာ မျက်ခွံများသာ ရှိနေသကဲ့သို့ ဖြစ်နေသောကြောင့် ၎င်းတို့ မျက်လုံးများမှိတ်ထားခဲ့စဉ်တုန်းက ဝမ်ပေါင်လဲ့တို့မှာ ထိုအချက်ကို မသိခဲ့ရပေ။ သို့သော် ယခုတွင်မူ ၎င်းတို့မှာ မျက်လုံးများပွင့်လာကြပြီ ဖြစ်သောကြောင့် မျက်လုံးမပါသည့် လူရိပ်ပေါင်းတစ်ရာကျော်ကို မြင်လိုက်ရသဖြင့် ဝမ်ပေါင်လဲ့နှင့် ကျောက်ယမုန့်တို့မှာ လိပ်ပြာလွင့်လုမတတ် ကြောက်ရွံ့တုန်လှုပ်သွားရတော့သည်။

ထိုလူရိပ်ကြီးများမှာ မျက်လုံးများမရှိကြပါသော်လည်း ဝမ်ပေါင်လဲ့နှင့် အပေါင်းအပါများအား စိုက်ကြည့်နိုင်စွမ်း ရှိနေကြ၏။ ထို့ကြောင့် သူတို့မှာ မျက်လုံးမပါသည့်လူများ၏ စိုက်ကြည့်ခြင်းကို ခံနေရသကဲ့သို့ ခံစားနေရသောကြောင့် အလွန်အမတန်မှ ကျောချမ်းစရာ ကောင်းနေတော့သည်။

” လှည့်ကွက်တွေပါကွာ ” ဝမ်ပေါင်လဲ့မှာ စိတ်ကိုတည်ငြိမ်အောင်ထားလိုက်ပြီးနောက် အမျက်ချောင်းချောင်းထွက်သွား၏။ သူသည် ထိုလူရိပ်ကြီးများမှာ အန္တရာယ်ရှိကြောင်း ခံစားနေရပါသော်လည်း အမှောင်ပညာရပ်အား တတ်မြောက်ထားပြီး အမှောင်အမြုတေတစ်ခုအား ပိုင်ဆိုင်ထားသည့် အမှောင်ကလေးငယ်တစ်ယောက်အနေနှင့် အမှောင်အိပ်မက်ထဲတွင် သရဲတစ္ဆေများနှင့် ဝိညာဉ်အမြောက်အမြားကို မြင်တွေ့ဖူးထားပြီးသားဖြစ်သည်။ ဝမ်ပေါင်လဲ့၏ သုံးသပ်ချက်များအရဆိုလျှင် ယခုတွင် သူ၏ရှေ့‌၌ ရှိနေသည့် လူရိပ်ကြီးများမှာလည်း ဝိညာဉ်တစ်မျိုး ဖြစ်ပေသည်။

ထို့ကြောင့် သူသည် တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ မန္တန်လက်ကွက်များ ဖော်လိုက်၏။ ထိုအခါ သူ၏ ခန္ဓာကိုယ်ထဲတွင်ရှိနေသော အမှောင်အမြုတေမှာ ချက်ချင်း တုန်ရီသွားပြီး သူ၏ခန္ဓာကိုယ်ထဲမှ အေးစက်စက် အငွေ့အသက်တစ်ခု ထွက်ပေါ်လာ၏။ ထိုအငွေ့အသက်များ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားစဉ် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲ၌ အမှောင်မီးတောက်တစ်ခု တောက်လောင်လာတော့သည်။ ထို အမှောင်မီးတောက်ကြီး ဘေးပတ်ပတ်လည်သို့ ပြန့်ထွက်သွားသောအခါ ဝမ်ပေါင်လဲ့မှာ သူ၏ညာဘက်လက်ကို မြှောက်လိုက်ပြီး သူ၏ရှေ့တွေရှိနေသော လူရိပ်ကြီးတစ်ခုကို လှမ်း၍ ဆွဲလိုက်၏။

၎င်းမှာ ဝိညာဉ်လမ်းညွှန်မှုလက်ကြီးပင် ဖြစ်သည်။

ကျောက်ယမုန့်မှာ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲမှ ရုတ်တရက်ဆိုသလို ထွက်ပေါ်လာသည့် အေးစက်စက် မီးတောက်ကြီးအပြင် ထိုမီးတောက်ကြီးထဲမှ ဆန့်ထွက်လာသော အနက်ရောင်လက်ကြီးမှာ သူ၏ရှေ့‌၌ တင်ပျဉ်ခွေထိုင်နေသည့် လူရိပ်ကြီးတစ်ခုအား လှမ်းဆွဲလိုက်သည်ကို မြင်လိုက်ရသည်။

၎င်းမှာ အလွန်အင်မတန်မှ မြန်ဆန်လွန်းနေသောကြောင့် ထိုလူရိပ်ကြီး၏အနီးသို့ ချက်ချင်းပင် ရောက်ရှိလာပါသော်လည်း ဟင်းလင်းပြင်ကြီးကိုသာ ဖမ်းဆုပ်မိလိုက်၏။ ထို လူရိပ်ကြီးမှာ အမှန်တကယ်ရှိနေသည့်ပုံ ပေါက်နေသလို တစ်ချိန်ထဲမှာပင် ပုံရိပ်ယောင်တစ်ခု ဖြစ်နေသည့်ပုံလည်း ပေါက်နေ၏။ လက်ကြီးမှာ ၎င်းအား ကျော်ဖြတ်သွားပါသော်လည်း မည်သည့်အရာကိုမှ ဖမ်းဆုပ်နိုင်ခဲ့ခြင်းမရှိပေ။

” ဝိညာဉ်တစ်ခု မဟုတ်ဘူးလားဟ ” ထိုမြင်ကွင်းကြောင့် ဝမ်ပေါင်လဲ့မှာ နောက်ထပ်တစ်ကြိမ် ထပ်၍ အံ့ဩတုန်လှုပ်သွားရပြန်သည်။ သူသည် အခြားကိစ္စများနှင့် ပတ်သတ်၍ စဉ်းစားတွတောနေရန် အချိန်မရှိသောကြောင့် ကျိုးရိဖန်းအား ကျောပေါ်၌ပိုးကာ ရှေ့သို့ခုန်ထွက်သွားလိုက်တော့သည်။ ကျောက်ယမုန့်မှာလည်း တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ သူ၏နောက်မှ အမြန်ဆုံး လိုက်လာ၏။

သူတို့မှာ လမ်းတစ်လျှောက်တွင် သူတို့အား မျက်နှာမူနေခဲ့သည့် လူရိပ်ကြီးများအား မသိစိတ်မှနေ၍ ရှောင်တိမ်းခဲ့ကြ၏။ သို့သော် ခဏအကြာတွင် သူတို့မှာ ထိုကဲ့သို့ ပြေးလွှားနေရင်း ထိုကုန်မြေကြီးပေါ်တွင် တရားထိုင်နေသည့် လူရိပ်ကြီးများ တဖြည်းဖြည်းနှင့် များများလာကြသည်ကို သတိထားမိလိုက်ကြတော့သည်။

ထို့ကြောင့် သူတို့အား ထောင်နှင့်ချီသော လူရိပ်ကြီးများက ဝန်းရံနေကြပြီဖြစ်ရာ ၎င်းတို့နှင့် မလွဲမသွေ ထိတွေ့လိုက်ရမည်သာ ဖြစ်သည်။ သို့သော်… သူတို့မှာ ထို လူရိပ်ကြီးများနှင့် ထိသွားသည့်အခါတိုင်း ဝိညာဉ်လမ်းညွှန်မှုလက်ကြီးကဲ့သို့ပင် ၎င်းတို့အား ကျော်ဖြတ်သွားကြသည်သာ ဖြစ်သည်။

ထိုမျှလောက်သာ ဆိုပါက ကိစ္စမရှိပေ။ သို့သော် ထို လူရိပ်ကြီးများမှာ သူတို့ပြေးလွှားနေသည့် အရပ်မျက်နှာဘက်သို့ မျက်နှာမူထားကြ၏။ ထို့ကြောင့် ၎င်းတို့၏ ဟောင်းလောင်းပေါက်ကြီး ဖြစ်နေသော မျက်ဝန်းများမှာ ဝမ်ပေါင်လဲ့နှင့် အပေါင်းအပါများအား အမြဲတစေ စောင့်ကြည့်နေကြသကဲ့သို့ ဖြစ်နေတော့သည်။

ထိုခံစားချက်ကြီးမှာ ကျော်ချမ်းစရာ ကောင်းလှပေသည်။ သို့သော် ထို လူရိပ်ကြီးများ အဆက်မပြတ် ဆက်တိုက်ပေါ်ပေါက်လာနေချိန်တွင် ဝမ်ပေါင်လဲ့နှင့် ကျောက်ယမုန့်တို့မှာ အရှိန်အဟုန်ဖြင့် ရှေ့သို့ပြေးထွက်သွားနေရင်း နောက်ဆုံးတွင် မြေပြင်ပေါ်၌ မပြေးတော့ဘဲ လေပေါ်သို့ခုန်တက်ရန် ဆုံးဖြတ်လိုက်ကြတော့သည်။ သူတို့မှာ လေထဲသို့ ရောက်သွားကြပြီးနောက် ရှေ့သို့ မီတာထောင်ပေါင်းများစွာအထိ ဆက်လက်ပြေးလွှားနေလိုက်၏။ သူတို့မှာ အောက်သို့ ငုံ့ကြည့်လိုက်ကြသောအခါ ထို လူရိပ်ကြီးများမှာ အဆုံးမရှိလောက်အောင် များပြားနေကြသည်ကို မြင်လိုက်ရသည်။ ၎င်းတို့အားလုံးမှာခေါင်းများမော့ထားကြပြီး ဝမ်ပေါင်လဲ့နှင့် ကျောက်ယမုန့်တို့အား အသက်မပါသော မျက်နှာအမူအရာများဖြင့် စိုက်ကြည့်နေကြသည်။

ထို လူရိပ်ကြီးများ၏ အရေအတွက်မှာ အချိန်နှင့်အမျှ များပြားလာသောကြောင့် သူတို့မှာ ပို၍ပင် ကြောက်ရွံ့တုန်လှုပ်လာရတော့သည်။ ဝမ်ပေါင်လဲ့နှင့် ကျောက်ယမုန့်တို့မှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသောအခါ သူတို့နှစ်ယောက်စလုံးမှာ အမူအရာများ တည်ကြည်နေကြသည်ကို သိလိုက်ရ၏။ သို့သော်ငြားလည်း သူတို့မှာ အရှိန်လျော့ကျသွားခြင်းမရှိဘဲ ရှေ့သို့ ဆက်လက်ပြေးလွှားနေလိုက်တော့သည်။

နောက်ဆုံးတွင် ဝမ်ပေါင်လဲ့မှာ ကျောက်ယမုန့်အား လှမ်းဆွဲလိုက်ပြီး အရှိန်မြှင့်တင်ကာ ရှေ့သို့ ပြေးထွက်သွားလိုက်၏။ သို့သော် ထိုနေရာကြီးမှာ ကြီးမားလွန်းနေသောကြောင့် ဝမ်ပေါင်လဲ့မှာ အမြန်ဆုံးနည်းဖြင့် ပြေးလွှားနေသည့်တိုင်အောင် ခရီးအဆုံးကို မမြင်နိုင်သေးပေ။ မြေပြင်ပေါ်ရှိ လူရိပ်ကြီးများသာလျှင် တဖြည်းဖြည်းနှင့် ပို၍ များလာ၏။ ၎င်းတို့မှာ ခေါင်းများမော့ကာ ဝမ်ပေါင်လဲ့အား စိုက်ကြည့်နေကြရင်း နဂိုမူလတုန်းက အသက်မပါသည့် ၎င်းတို့၏ မျက်နှာအမူအရာများမှာ တဖြည်းဖြည်းနှင့် ပြောင်းလဲသွားတော့သည်။ ယခုတွင် ၎င်းတို့အားလုံးမှာ ပြုံးနေကြပြီဖြစ်သည်။

မျက်လုံးများမပါသည့် တရားထိုင်နေကြသော လူရိပ်ကြီးများမှာ အပြုံးမျက်နှာများဖြင့် သူတို့အား မော့ကြည့်နေကြသောကြောင့် ထိုမြင်ကွင်းမှာ ကျောချမ်းဖွယ်ရာကောင်းနေတော့သည်။ ဝမ်ပေါင်လဲ့မှာ စိတ်ထဲ၌ ကြောက်ရွံ့တုန်လှုပ်နေသည့်တိုင်အောင် စိတ်ကိုတည်တည်ငြိမ်ငြိမ် ထားနိုင်နေဆဲပင်။ သို့သော် သိပ်မကြာခင်တွင် ပို၍ပင် ကျောချမ်းစရာကောင်းသော အဖြစ်အပျက်ကြီးတစ်ခု ပေါ်ပေါက်လာတော့သည်။

ထို အဖြစ်အပျက်ကြီးမှာ သူဆွဲခေါ်လာခဲ့သည့် ကျောက်ယမုန့်ဆီမှ စတင်ပေါ်ပေါက်လာခြင်းဖြစ်သည်။

” နင့်နာမည်က ဘယ်သူလဲ ” လမ်းတစ်လျှောက်လုံး နှုတ်ဆိတ်နေခဲ့သည့် ကျောက်ယမုန့်မှာ သူတို့နှစ်ယောက် ရှေ့သို့ပြေးလွှားနေရင်း ရုတ်တရက်ဆိုသလို မေးလိုက်၏။ သူမ၏ စကားသံမှာ မယုံသင်္ကာဖြစ်နေသည့်လေသံ ပေါက်နေ၏။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အံ့ဩတုန်လှုပ်သွားရပြီး သူမဘက်သို့ လှည့်ကြည့်လိုက်သောအခါ မျက်လုံးများပြူးသွားရတော့သည်။

ကျောက်ယမုန့်၏ မျက်လုံးများထဲမှ သွေးများစီးကျနေပြီး မြေပြင်ပေါ်တွင်ရှိနေသည့် လူရိပ်ကြီးများ၏ အပြုံးများနှင့် ဆင်တူသော အပြုံးတစ်ခုမှာ သူမ၏မျက်နှာပေါ်‌၌ ပေါ်ပေါက်လာ၏။ သို့သော် ၎င်းမှာ ဝမ်ပေါင်လဲ့အား ကြောက်ရွံ့တုန်လှုပ်သွားစေသည့် အရာ မဟုတ်ပေ။ သူသည် ကျောက်ယမုန့်၏နောက်တွင် မျက်နှာတစ်ခုလုံး အရေးကြောင်းများဖြင့် ပြည့်နှက်နေသည့် အဘွားကြီးတစ်ယောက် ရှိနေသည်ကို မြင်လိုက်ရသောကြောင့် တုန်လှုပ်ချောက်ချားသွားရခြင်းဖြစ်သည်။ ထိုအဘွားကြီးမှာ ဆောင့်ကြောင့်ထိုင်နေပြီး ကျောက်ယမုန့်၏ နားထဲသို့ တိုးတိုးလေးရေရွတ်နေ၏။

ထိုအချိန်တွင် ထိုအဘွားကြီးမှာ ဝမ်ပေါင်လဲ့၏ အကြည့်အား သတိထားမိလိုက်သဖြင့် ခေါင်းမော့လာပြီး သူ့အား ပြုံးပြလိုက်၏။

သို့သော် ကျောက်ယမုန့်မှာ ထိုအချင်းအရာများကို သတိမထားမိပေ။ ဝမ်ပေါင်လဲ့မှာ စိုးရိမ်စိတ်များ ကြီးထွားလာရပြီး တိုက်ခိုက်ရန်ပြင်လိုက်စဉ်မှာပင် သူ၏လည်ပင်းပေါ်သို့ အရည်တစ်ခု စီးကျလာ၏။ ၎င်းမှာ သူ၏ကျောကုန်းပေါ်တွင် ပိုးလာသော ကျိုးရိဖန်း၏ သွေးများဖြစ်သည်။ သူ၏ မျက်လုံးများထဲမှ သွေးများစီးကျနေပြီး သူသည် သတိလစ်နေဆဲဖြစ်ပါသော်လည်း တတွတ်တွတ် ရေရွတ်နေ၏။

” မင်းနာမည်က ဘယ်သူလဲ ”

ဝမ်ပေါင်လဲ့မှာ အလျင်အမြန် တုံ့ပြန်လိုက်ပြီး ကျိုးရိဖန်းအား အောက်သို့ချလိုက်၏။ ထို့နောက် သူသည် ကျိုးရိဖန်း၏ အခြေအနေအား အကဲခတ်ရန် ပြင်လိုက်စဉ်မှာပင် သူ၏နောက်၌ ဆောင့်ကြောင့်ထိုင်နေသော သက်လတ်ပိုင်းအမျိုးသမီးတစ်ယောက်အား မြင်လိုက်ရသဖြင့် တစ်ကိုယ်လုံး တုန်ရီသွားရပြီး နောက်သို့ အလိုလို ဆုတ်ခွာမိသွားတော့သည်။ ထိုမျိုးသမီးမှာလည်း ကျောက်ယမုန့်၏ နောက်တွင်ရှိနေသော အဘွားကြီးကဲ့သို့ပင် ကျိုးရိဖန်း၏ နားထဲသို့ တိုးတိုးလေးရေရွတ်နေ၏။

” ကျောက်ယမုန့်။ ကျိုးရိဖန်း။ သတိပြန်ရပါတော့ ” ဝမ်ပေါင်လဲ့မှာ စိုးရိမ်စိန်များ ကြီးထွားလာရပြီး သူတို့နှစ်ယောက်၏ နောက်တွင်ရှိနေသော လူရိပ်ကြီးများအား လှမ်း၍ဆွဲလိုက်ပါသော်လည်း မည်သည့်အရာကိုမှ မဖမ်းဆုပ်နိုင်ဘဲ ဖြစ်နေရ၏။ သူသည် သူတို့နှစ်ယောက်အား စိုက်ကြည့်နေစဉ် သူတို့၏ မျက်လုံးများထဲမှ သွေးများ ထပ်၍စီးကျလာပြီး ကျောက်ယမုန့်၏ အပြုံးကြီးမှာလည်း ပို၍ ချောက်ချားဖွယ်ရာ ကောင်းလာတော့သည်။

” တောက်ကွာ။ ဒါ ဘယ်လိုနေရာကြီးလဲကွ ” ဝမ်ပေါင်လဲ့မှာ ရူးသွပ်လုမတတ် ခံစားနေရပြီး အလွန်အင်မတန်မှ စိုးထိတ်နေရပြီဖြစ်သည်။ သူသည် ကျိုးရိဖန်း၏ ပုခုံးအား ဆုပ်ကိုင်လိုက်ပြီး သူ့အား အားပါပါ လှုပ်ယမ်းလိုက်ပါသော်လည်း ကျိုးရိဖန်းမှာ ရုပ်သေးရုပ်တစ်ရုပ်ကဲ့သို့ ဖြစ်နေသဖြင့် ပြန်လည်တုံ့ပြန်ခြင်းမရှိပေ။ သူ၏ အပြုံးကြီးသာလျှင် ကျောချမ်းစရာကောင်းလာပြီး သူ၏ ပုံပန်းသွင်ပြင်မှာလည်း အဆက်မပြတ် ပေါ်ပေါက်လာနေကြသည့် လူရိပ်ကြီးများနှင့် ပို၍ ဆင်တူလာတော့သည်။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ နှလုံးသားထဲ၌ ဝမ်းနည်းမှုများ ပေါ်ပေါက်လာ၏။ သူသည် မျှော်လင့်ချက် မရှိတော့သည့် မျက်ဝန်းများဖြင့် ကျိုးရိဖန်းနှင့် ကျောက်ယမုန့်တို့အား စိုက်ကြည့်ရင်း နောင်တကြီးစွာ ရနေရတော့သည်။ သူသည် နာကျည်းနေသည့် မျက်နှာအမူအရာဖြင့် ပြုံးလိုက်ပြီးနောက် သူ၏မျက်ဝန်းများထဲ၌ ရက်စက်ကြမ်းကြုတ်မှု အရိပ်အယောင်များ ပေါ်ပေါက်လာတော့သည်။ ထို့နောက် သူသည် သူ၏ခန္ဓာကိုယ်ထဲတွင် ရှိနေသော အမှောင်အမြုတေအား အပြည့်အဝ ထုတ်လွှတ်လိုက်သဖြင့် ချက်ချင်းဆိုသလိုပင် အမှောင်မီးတောက်ကြီးမှာ သူ၏ ခန္ဓာကိုယ်ထဲမှ အရှိန်အဟုန်ဖြင့် ပြန့်ထွက်လာတော့သည်။ သူသည် သူတို့နှစ်ယောက်အား အဆုံးသတ်ပေးရန်ပြင်လိုက်စဉ်မှာပင်….

နဂိုမူလတုန်းက မည်းမှောင်နေခဲ့သည့် ကောင်းကင်ယံကြီးထဲတွင် ပို၍ပင် မည်းမှောင်သော ခြုံလွှာကြီးတစ်ခု ပေါ်ပေါက်လာ၏။ ၎င်းနှင့် ယှဉ်လိုက်ပါက နဂိုမူလတုန်းက ရှိနေခဲ့သည့် ကောင်းကင်ယံကြီးမှာ မည်းမှောင်နေသည်ဟု မထင်ရတော့ပေ။ ယခုလေးတင်မှ ပေါ်ပေါက်လာသည့် ထိုခြုံလွှာကြီးမှာ ကမ္ဘာကြီးထဲရှိ အမှောင်ထု အစစ်အမှန်အား ကိုယ်စားပြုနေသကဲ့သို့ ဖြစ်နေ၏။

ထိုအချိန်တွင် ကောင်းကင်ယံကြီး၏ အနားသတ်မျဉ်းများကို မြင်နေရပြီဖြစ်သည်။ ထို ခြုံလွှာကြီးမှာ အက်ကွဲကြောင်းသုံးခုထဲမှ ထိုးထွက်နေသည့် အလင်းတန်းသုံးခုထဲမှ အလင်းတန်းတစ်ခုအား လိုက်ကာတစ်ခုကဲ့သို့ ဖုံးလွှမ်းသွားသည်။ ထို့နောက် ဒုတိယမြောက် အလင်းတန်းနှင့် တတိယမြောက် အလင်းတန်းတို့မှာလည်း ဖုံးလွှမ်းခံလိုက်ရတော့သည်။ ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ သူ၏နားထဲ၌ ရေရွတ်သံတစ်သံကို ရုတ်တရက်ဆိုသလို ကြားလိုက်ရ၏…

” ငါ့နာမည်က… ”

ထိုအသံကြီးထဲ၌ တမူထူးခြားသော စွမ်းအားများ ကိန်းအောင်နေသကဲ့သို့ပင်။ ထိုအသံကြီး သူ၏နားထဲသို့ ဝင်ရောက်လာသောအခါ ဝမ်ပေါင်လဲ့မှာ တစ်ကိုယ်လုံး တုန်ရီသွားရပြီး သူ၏ အသိစိတ်အား ထိန်းချုပ်နိုင်စွမ်းမရှိတော့ပေ။ ထို လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးကြောင့် သူ၏ အသိစိတ်နှင့် နှလုံးသားတို့မှာ ထိန်းချုပ်ခံလိုက်ရသကဲ့သို့ ဖြစ်သွားပြီး သူသည် သူ၏နှုတ်မှ အလိုလို ရေရွတ်မိလိုက်တော့သည်။

” မင်းရဲ့နာမည်က ဘယ်သူလဲ ”

ဝမ်ပေါင်လဲ့မှာ ထိုသို့ရေရွတ်နေရင်း သူထုတ်လွှတ်ထားခဲ့သည့် အမှောင်မီးတောက် ဖြည်းဖြည်းချင်း ငြိမ်းသက်သွားသည်ကို သတိမထားမိလိုက်ပေ။ သူသည် အနက်ရောင်မြေပြင်ပေါ်၌ မတ်တတ်ရပ်နေပြီး သူ၏ဘေးတွင် ကျိုးရိဖန်းနှင့် ကျောက်ယမုန့်တို့သာမက အခြား လူရိပ်ပေါင်းများစွာ ရှိနေကြ၏။ ၎င်းတို့၏ မျက်နှာအမူအရာများမှာ ထပ်၍ ပြောင်းလဲသွားပြီဖြစ်သည်။ ၎င်းတို့၏ မျက်လုံးများမှာ အခေါင်းပေါက်များ ဖြစ်နေဆဲဖြစ်ပါသော်လည်း သူတို့မှာ လောဘတက်နေသည်ပုံ ပေါက်နေကြ၏။ ၎င်းတို့မှာ ဝမ်ပေါင်လဲ့နှင့် အပေါင်းအပါများအား ဝိုင်းထားကြပါသော်လည်း သူတို့၏အနီးသို့ မသွားရဲဘဲ ဖြစ်နေရ၏။ ၎င်းတို့မှာ လောဘတက်နေသည့်ပုံ ပေါက်နေသည့်အပြင် သူတို့ သုံးယောက်၏ နောက်တွင်ရှိနေသော လူများကိုလည်း ကြောက်ရွံ့လေးစားသည့်ပုံ ပေါက်နေကြသည်…

၎င်းတို့မှာ ဝမ်ပေါင်လဲ့၏ နောက်တွင် တိတ်တဆိတ် ပေါ်ပေါက်လာသည့် လူရိပ်ကြီးအား ရိုသေလေးစားမှုအပြည့်ဖြင့် စိုက်ကြည့်နေကြ၏။ ထိုလူရိပ်ကြီးနှာ မျက်နှာမရှိသလို ခြေလက်များလည်း မပါပေ။ ပို၍ တိတိကျကျ ဆိုရမည်ဆိုပါက ၎င်းမှာ ကြောက်မက်ဖွယ်ရာကောင်းသော အနီရောင် ချပ်ဝတ်တန်ဆာကြီးတစ်ခု ဖြစ်နေ၏။

” ငါ့နာမည်က နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာပဲ ” ဘေးပတ်ပတ်လည် ရှိလူကြီးများ ထိုချပ်ဝတ်တန်ဆာကြီးအား စိုက်ကြည့်နေကြစဉ် မောက်မာဝင့်ကြွားမှု အပြည့်ရှိသော စကားသံကြီးမှာ ဝမ်ပေါင်လဲ့၏ နားထဲ၌ ပဲ့တင်ထပ်သွား၏။

ထိုစကားသံကြီး ထွက်ပေါ်လာသောအခါ ကောင်းကင်ယံထဲတွင်ရှိနေသည့် အလင်းတန်းသုံးခုမှာ ခြုံလွှာကြီး၏အောက်သို့ အပြီးတိုင် ရောက်ရှိသွားတော့သည်။ ထိုအခိုင်အတန့်တွင် ကောင်းကင်ယံကြီးတစ်ခုလုံးမှာ အမှန်တကယ် မည်းမှောင်သွားပြီ ဖြစ်သည်။

Comment

Leave a Reply

Options

not work with dark mode
Reset