Switch Mode

စာစဥ် (၄) အပိုင်း (၄၈)

နောက်တစ်ယောက်

“နင်ဘာကိုပြောတာလဲ…” ဇူယွမ်ရဲ့စကားကြောင့် စုယုဝေကြောင်အသွားခဲ့ရ၏။

ဇူယွမ်က ကောင်းလင်းနဲ့ ဖန်းဝူတို့ကို အေးစက်စက်ကြည့်လိုက်ရင်းမှ လေးပင်စွာပြောသည်… “ငါထင်တာသာမှန်မယ်ဆိုရင် သူတို့တွေက သွေးလောင်ကျွမ်းခြင်းမှော်စာလုံးကို အသုံးပြုထားတဲ့ပုံပဲ…”

“သွေးလောင်ကျွမ်းခြင်းမှော်စာလုံးလား…”

ဇူယွမ် ဖြည်းညှင်းစွာရှင်းပြလိုက်သည်… “ဒါက အဆင့် ၁မူလမှော်စာလုံးတစ်ခုဖြစ်ပြီးတော့ မူလမှော်သားရဲတွေရဲ့ သွေးအဆီအနှစ်တွေကို အဓိကအသုံးပြုထားတယ်… ဒါကို ခန္ဓာကိုယ်ပေါ်မှာရေးဆွဲလိုက်တဲ့အခါ ခန္ဓာကိုယ်ထဲမှာရှိတဲ့ သွေးအဆီအနှစ်တွေကို လောင်ကျွမ်းသွားစေနိုင်ပြီးတော့ လူတစ်ယောက်ရဲ့မူလချီတွေကို ယာယီတိုးမြှင့်သွားစေတယ်… ဒါပေမဲ့ ဒါက အသုံးပြုသူကို နာကျင်မှုခံစားရစေပြီးတော့ သူ့ရဲ့သွေးအဆီအနှစ်တွေကို ဆုံးရှုံးသွားစေနိုင်တယ်… ဒီထက်ပိုပြီး ဆိုးရွားသွားခဲ့မယ်ဆိုရင် လူတစ်ယောက်ရဲ့စွမ်းအင်ဝင်ပေါက်တွေကိုတောင်မှ ပျက်စီးသွားစေနိုင်တယ်… ဒီလိုသာဖြစ်သွားခဲ့မယ်ဆိုရင် အဲ့ဒီလူရဲ့အနာဂတ်ကျင့်ကြံခြင်းလမ်းကြောင်းက အရမ်းကို ခက်ခဲသွားရလိမ့်မယ်…”

သွေးလောင်ကျွမ်းခြင်းမှော်စာလုံးက သားရဲသုံးဆယ့်ခြောက်ကောင်ဝင်ပေါက်ဖွင့်ခြင်းမှော်စာလုံးနဲ့ အနည်းငယ်ဆင်တူပေသည်။ သို့ပေမဲ့လည်း ၎င်းက သားရဲသုံးဆယ့်ခြောက်ကောင်ဝင်ပေါက်ဖွင့်ခြင်းမှော်စာလုံးလောက်တော့ အဆင့်မြင့်ခြင်းမရှိပေ။

စုယုဝေရဲ့လှပတဲ့မျက်နှာလေးက အနည်းငယ်လှုပ်လှုပ်ရှားရှားဖြစ်သွားရ၏… “ဒီလိုမူလမှော်စာလုံးတွေက တားမြစ်ထားတဲ့အရာတွေပဲ… သူတို့တွေက ဒါကိုအသုံးပြုရဲလိမ့်မှာမဟုတ်ဘူး…”

ဇူယွမ်၏ မျက်လုံးတွေ ကျဉ်းမြောင်းသွားခဲ့ရပြီး… “သူတို့တွေက ဒါကို ကောင်းကောင်းဖုံးကွယ်ထားခဲ့ကြတယ်… ဒါကို ရှာဖွေဖော်ထုတ်ဖို့က အရမ်းကိုခက်ခဲလိမ့်မယ်… သေချာတာက သူတို့ရဲ့ခန္ဓာကိုယ်တွေပေါ်မှာ ဘယ်မှော်စာလုံးကိုမှ ရှာတွေ့နိုင်လိမ့်မှာမဟုတ်ဘူး…”

“ရှာမတွေ့နိုင်ဘူးလား… ဒါဆို သူတို့က အဲ့ဒါကို ဘယ်လိုများရေးဆွဲထားကြတာလဲ…” စုယုဝေ အတွေးနက်သွားခဲ့ရ၏။ သူမက ဇူယွမ့်လောက်တော့ မူလမှော်စာလုံးတွေအကြောင်းကို သိရှိထားခြင်းမရှိပေ။

ဇူယွမ် ဖြည်းညှင်းစွာရှင်းပြလိုက်သည်… “သူတို့တွေက အတန်းအဆင့်သတ်မှတ်ချက်စာမေးပွဲမတိုင်ခင်ရက်တွေကတည်းက သူတို့ရဲ့ခန္ဓာကိုယ်တွေပေါ်မှာ သွေးလောင်ကျွမ်းခြင်းမှော်စာလုံးကို ရေးဆွဲထားခဲ့ပုံပဲ… သူတို့ရဲ့ခန္ဓာကိုယ်ထဲမှာ မှော်စာလုံးရဲ့စွမ်းအားတချို့ ကျန်ရှိနေလိမ့်ဦးမယ်… ဒါ့ကြောင့်ပဲ တိုက်ပွဲပြင်းထန်လာတဲ့အချိန်မှာ သူတို့ခန္ဓာကိုယ်တွင်းကသွေးတွေ တဖြည်းဖြည်းနဲ့ စတင်လောင်ကျွမ်းသွားခဲ့ရခြင်းဖြစ်လိမ့်မယ်… ဒါ့အပြင် ဘယ်သူကမှ ဒါကိုရှာတွေ့နိုင်လိမ့်မှာမဟုတ်ဘူး…”

“ဒါပေမဲ့ ဒီဟာက အသုံးပြုသူရဲ့ခန္ဓာကိုယ်ကို ပိုပြီးတော့တောင်မှ ထိခိုက်စေနိုင်လိမ့်မယ်… ကောင်းလင်းနဲ့ ဖန်းဝူတို့တွေ အနာဂတ်မှာ မသန်မစွမ်းဖြစ်သွားကြလိမ့်မှာကို ငါစိုးရိမ်မိတယ်…”

စုယုဝေက အံကိုတင်းတင်းကြိတ်လိုက်မိကာ ပြောသည်… “ဘယ်လောက်တောင် ရက်စက်လိုက်သလဲ…”

ဇူယွမ်ရဲ့မျက်လုံးထဲမှာ အေးစက်စက်အလင်းရောင်တွေ ဖြတ်ပြေးသွားခဲ့ရပြီး သူကပြောသည်… “ကြည့်ရတာ ချီအိမ်တော်က တော်တော်လေးကို ပြင်ဆင်လာခဲ့ပုံပဲ…ချီယွဲ့က သူတို့ခန့်မှန်းထားသလို သေချာပေါက်ဖြစ်လာဖို့အတွက် ဒီလိုနည်းလမ်းတွေကို အသုံးပြုလာလိမ့်မယ်လို့ ထင်တောင်မထားမိဘူး… ကြည့်ရတာ သူတို့တွေက တော်ဝင်ဇူကျောင်းတော်ကို ရရှိဖို့အတွက် အရမ်းကိုစိတ်အားထက်သန်နေကြပုံပဲ…”

“သူတို့တွေက ဖန်းဝူနဲ့ ကောင်းလင်းကို အသုံးချပြီးတော့ နင့်ကို အားအင်ကုန်ခမ်းသွားအောင်ပြုလုပ်ဖို့ စီစဉ်ထားပုံပဲ…” စုယုဝေရဲ့မျက်လုံးတွေက အနည်းငယ်ကျဉ်းမြောင်းသွားခဲ့ရပြီး ချီယွဲ့တို့ကို တင်းမာစွာကြည့်လိုက်မိကာ သူမရဲ့လက်ကို တင်းတင်းဆုပ်ထားမိလိုက်သည်… “ဒါပေမဲ့ မစိုးရိမ်ပါနဲ့… ငါသူတို့ကို အောင်မြင်စေဖို့ ခွင့်ပြုပေးလိမ့်မှာမဟုတ်ဘူး…”

သူမက ဒီအတန်းအဆင့်သတ်မှတ်ချက်စာမေးပွဲဟာ ဇူယွမ်အတွက် ဘယ်လောက်တောင်မှ အရေးကြီးလဲဆိုတာကို သိထားသည့်အတွက် သူမလုပ်နိုင်တဲ့အရာအားလုံးကို သူမမှာစွမ်းအားရှိသလောက် သူ့အတွက် ကူညီပေးရပေလိမ့်မည်။ သူ့အတွက်ဆိုရင် သူမက သူ့ရှေ့မှာ လာရောက်ပိတ်ဆို့နေတဲ့အတားအဆီးမှန်သမျှကို အဝေးသို့ဖယ်ရှားပေးရလိမ့်မည်ဖြစ်သည်။ အနည်းဆုံးတော့ သူက ချီယွဲ့နဲ့ရင်ဆိုင်ရတဲ့အခါ သူ့ရဲ့အကောင်းဆုံးအခြေအနေမှာရှိနေဖို့ လိုအပ်သည့်အတွက် ဘယ်သူမှ သူ့ကို မနှောင့်ယှက်နိုင်အောင်ပြုလုပ်ရလိမ့်မည်။

ဇူယွမ်က ဒီအခြေအနေကို ဖြေရှင်းနိုင်ဖို့ စဉ်းစားနေစဉ်မှာပင် လုံးချေထားတဲ့စာရွက်တစ်ခုက လေထဲမှာလွင့်ပျံလာခဲ့ပြီး သူ့ဘေးတွင် ကျရောက်လာခဲ့သည်။

ဇူယွမ် အံ့အားသင့်သွားခဲ့ရ၏။ သူက စာရွက်ကို ကောက်ယူလိုက်ပြီး ဖြည်းညှင်းစွာဖြေကြည့်လိုက်သည့်အခါ ‘ကြည်လင်သောနှလုံးသားမှော်စာလုံး’ဆိုပြီး လှပစွာရေးသားထားသည့် စာလုံးသုံးလုံးကို တွေ့လိုက်ရသည်။

“ဒီစာလုံးတွေက… အစ်မကြီးယောင်ယောင်လား…” ဇူယွမ် လှုပ်လှုပ်ရှားရှားဖြစ်သွားခဲ့ရသည်။ ချက်ချင်းဆိုသလို သူ့ရဲ့ခေါင်းကိုမော့ကြည့်လိုက်သည့်အခါ အဝေးရှိစင်မြင့်ပေါ်တွင် ထန်ထန်ကိုပွေ့ပိုက်ထားလျက် ကွင်းပြင်ထဲကို ပျင်းရိစွာလျှောက်ကြည့်နေသည့် ယောင်ယောင်ကို မြင်လိုက်ရသည်။ သူမက သူ့ရဲ့အကြည့်ကို သတိထားမိသွားသည့်အလား သူ့ဘက်ကို လှည့်ကြည့်ကာ ခပ်ဖွဖွပြုံးပြခဲ့သည်။

သူမက ဒီပြဿနာကို ဖြေရှင်းနိုင်ခဲ့သည်ဆိုတာ ထင်ရှားပေသည်။ သူမရဲ့ မူလမှော်စာလုံးအပေါ်မှာ ကျွမ်းကျင်မှုက ဇူယွမ်ထက်များစွာသာလွန်သည့်အတွက် ပြဿနာရဲ့အဖြေကို လျင်လျင်မြန်မြန်ရှာတွေ့ခဲ့ရခြင်းဖြစ်သည်။

“အဲ့ဒါဆို ဒီနည်းလမ်းကို အသုံးပြုရမှာပေါ့…”

ယောင်ယောင်၏ ညွှန်ပြမှုနှင့်အတူ ဇူယွမ်က ချက်ချင်းနားလည်သွားခဲ့ရသည်။ သူက ပြုံးလိုက်မိပြီး စုယုဝေဘက်သို့လှည့်၍ ပြောလိုက်သည်… “သွေးလောင်ကျွမ်းခြင်းမှော်စာလုံးကို ရင်ဆိုင်ဖို့ မဖြစ်နိုင်ဘူးဆိုတာက မဟုတ်ဘူး… နင့်ရဲ့လက် ငါ့ကိုခဏပေး…”

စုယုဝေက အနည်းငယ်တွေဝေသွားခဲ့ရပေမဲ့ ဇူယွမ်ပြောသည့်အတိုင်း သူမရဲ့လက်တစ်ဖက်ကို ထုတ်ပေးလိုက်သည်။ သူမရဲ့လက်ကလေးက ပျော့ပျောင်းနူးညံ့ပြီး ရှည်လျားသေးသွယ်ကာ လက်သည်းလေးတွေက ခရုခွံလေးအလား သေသေသပ်သပ်နှင့် နှစ်လိုဖွယ်ရာကောင်းလှပေသည်။

အတွေးတွေကို ဖယ်ရှားလိုက်ပြီး ဇူယွမ်က သူ့ရဲ့လက်တစ်ဖက်ကို ထုတ်လိုက်ကာ စုယုဝေရဲ့သေးငယ်တဲ့လက်ကလေးကို ဖမ်းကိုင်လိုက်သည်။

သူ့ရဲ့အပြုအမူကို မြင်လိုက်ရသည့်အခါ စုယုဝေတစ်ယောက် အနည်းငယ်ရှက်သွေးဖြာသွားခဲ့ရသကဲ့သို့ သူမရဲ့မျက်နှာလေးကလည်း နီရဲသွားခဲ့ရသည်။ သို့ပေမဲ့လည်း သူမက ဘာတစ်ခုမှမပြောနိုင်သေးခင်မှာပင် ဇူယွမ်က သူ့ခါးကြားထဲမှ ကောင်းကင်ယွမ်စုတ်တံကို ထုတ်ယူလိုက်ပြီး လေးနက်သည့်အမူအယာဖြင့် သူမရဲ့လက်ဖဝါးပေါ်မှာ မှော်စာလုံးတစ်ခုကို စတင်၍လျင်မြန်စွာရေးဆွဲလိုက်သည်။

သူ့ရဲ့ရေးဆွဲမှုက မကြာမီမှာပင် ပြီးဆုံးသွားခဲ့ပြီး စုယုဝေရဲ့လက်ကလေးကို ဆက်လက်ဆုပ်ကိုင်ထားလျက်မှ တိုးညှင်းစွာပြောလိုက်သည်… “ဒါက ကြည်လင်သောနှလုံးသားမှော်စာလုံးပဲ… ဒါက အခြေခံအဆင့်မှော်စာလုံးတစ်ခုဆိုပေမဲ့ ဒီလိုအခြေအနေမျိုးမှာ တော်တော်လေးအသုံးဝင်တယ်…”

“ကြည်လင်သောနှလုံးသားမှော်စာလုံးလား…” စုယုဝေအနည်းငယ် အံ့အားသင့်သွားခဲ့ရ၏။ သူမက ဒီအခြေခံအဆင့်မှော်စာလုံးကိုသိပေမယ့်လည်း ဒါက ဘယ်လိုလုပ်ပြီး သွေးလောင်ကျွမ်းခြင်းမှော်စာလုံးကို ရင်ဆိုင်နိုင်လိမ့်မည်လဲဆိုတာကိုတော့ သူမအနေဖြင့် နားလည်နိုင်ခြင်းမရှိခဲ့ပေ။

ဇူယွမ်က ပြုံးလိုက်ပြီး ထူးဆန်းသည့်အမူအယာဖြင့် ပြောသည်… “သူတို့တွေ သွေးလောင်ကျွမ်းခြင်းမှော်စာလုံးကို အသုံးပြုတဲ့အချိန်မှာ ဒီလက်ကိုသုံးပြီးတော့ သူတို့ရဲ့ခေါင်းကို တိုက်ခိုက်ရမယ်…”

စုယုဝေက အနည်းငယ်ပဟေဠိဖြစ်သွားခဲ့ပေမဲ့လည်း သူမက ခေါင်းညိတ်ပြလိုက်၏။ သူမရဲ့ ရေကဲ့သို့ကြည်လင်လှပနေတဲ့မျက်လုံးလေးတွေက ဇူယွမ်ကိုကြည့်လိုက်ပြီး ရှက်ရွံ့စွာဖြင့်ပြောသည်… “နင် ငါ့လက်ကို လွှတ်မပေးသေးဘူးလား…”

စုယုဝေပြောလိုက်မှသာ ဇူယွမ်က သတိရသွားခဲ့ရပြီး သူမရဲ့နူးညံ့တဲ့လက်ကလေးကို ပြန်လွှတ်ပေးလိုက်သည်။ အဲ့ဒီနောက်မှာ သူ့ရဲ့အမူအယာက ပြောင်းလဲသွားခြင်းမရှိခဲ့ဘဲ ပြောလိုက်၏… “ငါက နင့်ကို အရေးကြီးတဲ့အချက်တွေ ပြောနေလို့ပါ… ငါ့မှာ အခွင့်အရေးယူလိုစိတ်မရှိပါဘူး…”

စုယုဝေက နှာခေါင်းတစ်ချက်ရှုံ့ကာ ပြောသည်… “နင်က ဒီလိုမျိုးတွေတောင် အတွေ့အကြုံရှိနေခဲ့ပြီပဲ…”

ဇူယွမ် အနည်းငယ်အောင့်သက်သက်ခံစားလိုက်ရသည်။ သူ့အနေနဲ့ ပြန်ရှင်းပြဖို့မကြိုးစားရသေးခင်မှာပင် ရှက်ရွံ့နေသည့်မျက်နှာတွေဖြင့် လျှောက်လှမ်းလာသည့် ယန်ဇန်းနဲ့ ဆောင်ချူရွှီကို မြင်လိုက်ရသည်။

“စိတ်မကောင်းပါဘူး… ငါတို့တွေ ရှုံးသွားခဲ့ရတယ်…” သူတို့နှစ်ယောက်က စိတ်ပျက်လက်ပျက်နဲ့ ခေါင်းကိုငုံ့ထားခဲ့လိုက်ကြသည်။ ဇူယွမ်က သူတို့အတွက် ကျောက်စိမ်းဝိညာဉ်ရေတံခွန်မှာ လေ့ကျင့်ချိန်နှစ်နာရီကို အနိုင်ရယူပေးခဲ့ပေမဲ့ သူတို့တွေက အတန်းအဆင့်သတ်မှတ်ချက်စာမေးပွဲမှာ ရှုံးနိမ့်ခဲ့ရသည်။ ဒါက သူတို့တွေကို ကိုယ့်ကိုကိုယ်ခွင့်မလွှတ်နိုင်အောင် ခံစားရစေသည်။

ဇူယွမ်က စိတ်ထဲမှာမထားသည့်အလား ပြုံး၍ပြောလိုက်သည်… “ဒါကို စိတ်ထဲမှာ ထားမနေနဲ့… ဒါက မင်းတို့မှာစွမ်းရည်မရှိလို့မဟုတ်ဘူး… ငါတို့ပြိုင်ဘက်တွေက မရိုးသားတဲ့နည်းလမ်းတွေကို အသုံးပြုခဲ့လို့ပဲ…”

ဇူယွမ် သူ့ရဲ့ခေါင်းကိုမော့လိုက်ပြီး အမြင့်ဆုံးစင်မြင့်ရှိရာကို ကြည့်လိုက်သည့်အခါ ချီယွဲ့က သူ့ကို ပြုံး၍ကြည့်နေသည်ကို တွေ့ရ၏။ သူ့ရဲ့ပုံစံက အနိုင်ရလဒ်ဟာ သူတို့တွေအတွက် သေချာနေသည့်အလားပင်။

“အရမ်းကိုပျော်နေတယ်ပေါ့… ဟက်…”

ဇူယွမ် သူ့ရဲ့အကြည့်ကို ပြန်ရုပ်သိမ်းလိုက်သလို သူ့ရဲ့မျက်နှာပေါ်မှာလည်း အေးစက်တဲ့အပြုံးတစ်ခု ထွက်ပေါ်လာခဲ့သည်။

လက်ရှိအချိန်မှာ ကွင်းပြင်ထဲရှိများစွာသောအကြည့်တွေက ပါရမီရှင်အတန်းရှိရာသို့ ကျရောက်နေသည်။ ပါရမီရှင်အတန်းက နှစ်ပွဲဆက်တိုက်ရှုံးနိမ့်မှုကြောင့် ဒီတစ်ကြိမ်မှာလည်း ဒုတိယအတန်းကသာ အသာစီးရသွားလိမ့်မည်လို့ အများစုက ယုံကြည်လိုက်မိကြသည်။

များစွာသောအင်အားစုတွေကလည်း တီးတိုးရေရွတ်မိလိုက်ကြသည်… “ကြည့်ရတာ တော်ဝင်ဇူကျောင်းတော်က ချီအိမ်တော်ရဲ့လက်ထဲကို ရောက်တော့မယ်ထင်တယ်”

စိတ်ဝင်တစားစောင့်ကြည့်နေကြသည့် အကြည့်တွေအောက်မှာပင် စုယုဝေက မတ်တပ်ထရပ်လိုက်သည်။ သူမက ဒီနေ့မှာ အနက်ရောင်လေ့ကျင့်ရေးဝတ်စုံကို ဝတ်ဆင်လာခဲ့သည်။ ဝတ်စုံက သူမရဲ့သွယ်လျတဲ့ခန္ဓာကိုယ်ပေါ်မှာ ချပ်ချပ်ရပ်ရပ်ရှိနေခဲ့ပြီး သူမရဲ့ဖွံ့ထားတဲ့ရင်သားတွေကို ထင်းနေအောင်ပေါ်လွင်စေသလို သေးကျင်တဲ့သူမရဲ့ခါးလေးထက်မှာတော့ ခါးစည်းကြိုးတစ်ချောင်းဖြင့် ချည်နှောင်ထားလေသည်။ ကျစ်ဆံမြီးကျစ်ထားတဲ့ သူမဆံနွယ်တွေကို ကျောပြင်ထက်မှာ ချထားလျက်ရှိသည်။

“ငါသွားလိုက်မယ်…” စုယုဝေက ဇူယွမ်ကို ပြုံးပြလိုက်ရင်းမှ ပြောသည်။

“ကောင်းပြီ…” ဇူယွမ်က ခေါင်းညိတ်ပြလိုက်ကာ ပြုံးနေလိုက်သည်။

စုယုဝေက ဇူယွမ်ကို ကြည့်လိုက်၏။ နေရဲ့အလင်းရောင်တွေက သူမအပေါ် ဖြာကျနေလျက်ရှိကာ ၎င်းက ကမ္ဘာမြေကြီးတစ်ခုလုံးထံမှ အာရုံတွေအားလုံး သူမအပေါ်ကျရောက်နေသည့်အလားပင်။ သူမက သူ့ကို တောက်ပစွာပြုံးပြလိုက်ပြီး သူတို့နှစ်ယောက်သာကြားနိုင်သည့်လေသံဖြင့်ပြောသည်… “မင်းသားလေး… အတိတ်တုန်းက ငါ့အတွက် နင်တံခါးကိုကန်ပြီးဖွင့်ပေးခဲ့တဲ့အချိန်ကစပြီးတော့ ငါ့ကိုယ်ငါ ပိုပြီးသန်မာလာအောင်ကြိုးစားမယ်လို့ ဆုံးဖြတ်ခဲ့တယ်… နင့်ကို ဘယ်သူကမှ မနှောင့်ယှက်နိုင်အောင် ငါသေချာလုပ်လိုက်မယ်…”

သူမရဲ့စကားသံပျောက်ကွယ်သွားသည့်အခါ မိန်းမငယ်လေးက မြေပြင်ကိုဆောင့်နင်းလိုက်ပြီး အလင်းတန်းတစ်ခုအလား ရှေ့ကိုပြေးထွက်သွားခဲ့သည်။ သူမက တိုက်ပွဲစင်မြင့်ပေါ်မှာ ခြေချလိုက်ပြီး တည်ငြိမ်စွာပင်ပြောလိုက်သည်… “ပါရမီရှင်အတန်းရဲ့ စုယုဝေက ဒုတိယအတန်းရဲ့ ကောင်းလင်းကို စိန်ခေါ်ပါတယ်…”

သူမရဲ့ ရှင်းလင်းပြတ်သားကာ တည်ငြိမ်သည့်လေသံက များစွာသောအကြည့်တွေကို ဆွဲဆောင်သွားခဲ့သည်။ သူတို့တွေက စင်မြင့်ပေါ်ရှိ လှပကြော့ရှင်းကာ သတ္တိရှိလှသည့်မိန်းမလှလေးကို မြင်လိုက်ရသည့်အခါ သူတို့အနေနဲ့ ကူကယ်ရာမဲ့စွာဖြင့်ပင် ကျိတ်၍ဆုတောင်းပေးလိုက်မိကြသည်။

စုယုဝေက ပိုပြီးအာရုံစိုက်ခံလာရလေလေ လျှိုစီရဲ့မျက်လုံးတွေထဲမှာ မနာလိုမှုတွေက ပိုပြီးတိုးပွားလာခဲ့ရလေလေပင်။ ထို့ကြောင့်ပင် သူမက… “ကောင်းလင်း… သူမကို သွားပြီးပညာပေးလိုက်…”

ကောင်းလင်းက တိတ်ဆိတ်စွာပင်ထရပ်လိုက်ပြီး တိုက်ပွဲစင်မြင့်ထက်သို့ တက်ရောက်သွားခဲ့သည်။

“စေတာ့…”

ဒိုင်ဖြစ်သူမှ တိုက်ခိုက်မှုစတင်ဖို့ အချက်ပေးလိုက်သည်နှင့် ချက်ချင်းဆိုသလိုပင် ကောင်းလင်း၏ ခန္ဓာကိုယ်ပတ်လည်မှ မူလချီတွေ ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။ ဝင်ပေါက်ခြောက်ခုစလုံးကလည်း ချက်ချင်းပွင့်သွားခဲ့ရပြီး မူလချီတွေက သူ့ရဲ့ခြေတွေလက်တွေထဲကို တစ်ဟုန်ထိုးဝင်ရောက်သွားခဲ့ကြသည်။

သူ့ရဲ့ခန္ဓာကိုယ်က သစ်နက်တစ်ကောင်အလားရှေ့ကိုပြေးထွက်လာခဲ့သလို ကြောက်မက်ဖွယ်ရာ လက်သီးအားလှိုင်းတွေက လေထုကိုထိုးဖောက်ထွက်လာခဲ့ပြီး များစွာသောလက်သီးချက်တွေအဖြစ်ပြောင်းလဲသွားကာ စုယုဝေကို ဖုံးလွှမ်းသွားခဲ့သည်။

ကောင်းလင်းရဲ့ ဒလစပ်တိုက်ခိုက်မှုတွေကို စုယုဝေက မီးခိုးငွေ့တန်းအလား လှပစွာပင်တိမ်းရှောင်သွားခဲ့သည်။ ကောင်းလင်းရဲ့တိုက်ခိုက်မှုတိုင်းကို စုယုဝေက သူ့ရဲ့အားကိုအသုံးချလျက် လိမ္မာပါးနပ်စွာပင်ရှောင်တိမ်းသွားနိုင်မှုတွေကြောင့် ကောင်းလင်း၏တိုက်ခိုက်မှုတွေက အချိတ်အဆက်မမိဘဲဖြစ်လာခဲ့ရသည်။

ထို့ကြောင်ပင် ကောင်းလင်းက တိုက်ပွဲစင်မြင့်ပေါ်မှာ အလောတကြီးနိုင်စွာ တိုက်ခိုက်နေသော်ငြား စုယုဝေက ပုံမှန်အတိုင်းပင် သက်တောင့်သက်သာဖြင့်ရှောင်တိမ်းနေခဲ့သည်။

အချိန်တွေက ကုန်ဆုံးသွားခဲ့သလို ကောင်းလင်းရဲ့မျက်လုံးတွေထဲမှာလည်း အနီရောင်အလင်းတွေ နောက်တစ်ကြိမ်ထွက်ပေါ်လာခဲ့ပြီး သူ့ရဲ့သွေးတွေကိုလောင်ကျွမ်းသွားစေခဲ့ကာ သူ့ခန္ဓာကိုယ်ထဲက မူလချီတွေက တဖြည်းဖြည်းနဲ့ ရုန့်ရင်းကြမ်းတမ်းလာခဲ့သည်။

“သေစမ်းကွာ…”

ခြေတစ်ချက်ဆောင့်နင်းလိုက်မှုနဲ့အတူ ကောင်းလင်းရဲ့ခန္ဓာကိုယ်က ကျည်ဆံအလား ရှေ့ကိုပြေးထွက်သွားခဲ့ပြီး စုယုဝေ၏ရှေ့တွင် ပေါ်လာခဲ့ကာ ရက်စက်ကြမ်းကြုတ်စွာဖြင့် လက်ဝါးတစ်ချက်ရိုက်ထုတ်လိုက်သည်။

သူ့ရဲ့လက်ဝါးရိုက်ချက်က ရှေ့ကိုလျင်မြန်စွာတိုးဝင်သွားခဲ့ပေမဲ့ စုယုဝေက နောက်ဆုတ်ရှောင်တိမ်းမည့်အစား ရှေ့ကိုတိုးဝင်လာခဲ့သည်။ နူးညံ့တဲ့လက်ကလေးတစ်ဖက်က ကောင်းလင်းရဲ့ခေါင်းပေါ်ကို ဖြည်းညှင်းစွာကျရောက်လာသကဲ့သို့ သူမလက်ဝါးရှိမူလမှော်စာလုံးထံမှ ခပ်ဖျော့ဖျော့အလင်းရောင်တစ်ခု ထုတ်လွှတ်လာခဲ့သည်။

ထူးခြားတဲ့အရှိန်အဝါတစ်ခုက ကောင်းလင်း၏ခေါင်းထဲကို ဝင်ရောက်သွားခဲ့ပြီး သူ့ခန္ဓာကိုယ်ထဲရှိ လောင်ကျွမ်းနေတဲ့သွေးတွေကို ရုတ်တရက်ငြိမ်သက်သွားစေခဲ့သည်။

ဒီလိုရုတ်တရက်ပြောင်းလဲမှုက ရက်စက်ကြမ်းကြုတ်တဲ့မူလချီတွေကို ပျောက်ကွယ်သွားစေခဲ့ပြီး ၎င်းနဲ့ဆန့်ကျင်စွာပင် ကောင်းလင်းရဲ့ခန္ဓာကိုယ်ထဲက မူလချီတွေကို ရှုပ်ထွေးသွားစေခဲ့သည်။

ဝှစ်…

စုယုဝေက နောက်ဆုံးမှာ တိုက်ခိုက်ခဲ့လိုက်၏။ ကျောက်စိမ်းရောင်အလင်းတွေယှက်သန်းနေတဲ့ လက်ချောင်းနှစ်ချောင်းက လေထုကိုထွင်းဖောက်ထွက်လာခဲ့ပြီး လျင်မြန်စွာပင် ကောင်းလင်း၏ရင်ဘတ်ကို ထိုးနှက်လိုက်သည်။

အား…

ကောင်းလင်းရဲ့ခန္ဓာကိုယ်က ထိန်းမရနိုင်အောင် တုန်ခါသွားခဲ့ရကာ ပါးစပ်အပြည့်နဲ့သွေးတွေအန်ထုတ်လိုက်ပြီး မြေပြင်ပေါ်လဲကျသွားခဲ့ရသည်။

ကွင်းပြင်တစ်ခုလုံး အုတ်အုတ်ကျက်ကျက်ဖြစ်သွားခဲ့ရသည်။ ကောင်းလင်းက စုယုဝေရဲ့လက်ထဲမှာ ဒီလိုမျိုးအလွယ်တကူရှုံးနိမ့်သွားခဲ့ရလိမ့်မယ်လို့ မည်သူကမှ ထင်မှတ်မထားခဲ့ပေ။

အံ့ဩတကြီးကြည့်နေကြတဲ့ များစွာသောအကြည့်တွေအောက်မှာ စုယုဝေရဲ့လှပတဲ့မျက်နှာလေးက ရေကဲ့သို့ တည်ငြိမ်နေလျက်ရှိသည်။ သူမက အတန်းခေါင်းဆောင်စင်မြင့်ထက်ကို ကြည့်ကာပြောလိုက်သည်…

“နောက်တစ်ယောက်…”

Comment

Leave a Reply

Options

not work with dark mode
Reset