စာစဥ် (၄) အပိုင်း (၄၇)

ထူးဆန်းသောအဖြစ်အပျက်

စည်သံက ကွင်းပြင်ထဲကို ဖြတ်၍ထွက်ပေါ်လာသကဲ့သို့ ကွင်းပြင်ပတ်ပတ်လည်မှ စိတ်လှုပ်ရှားမှုတွေက ရုတ်ချည်းတစ်ဟုန်ထိုးမြင့်တက်သွားခဲ့ရသည်။

ချူထျန်းယန်၏ပုံရိပ်က ကွင်းပြင်ရဲ့အလယ်ဗဟိုမှာ ထွက်ပေါ်လာခဲ့သလို သူ့ရဲ့စွမ်းအားပြည့်ဝတဲ့အသံက လူတိုင်း၏နားထဲကို ဝင်ရောက်လာခဲ့သည်… “အတန်းအဆင့်သတ်မှတ်ချက်စာမေးပွဲရဲ့စည်းမျဉ်းတွေက အရင်နှစ်တွေကနဲ့အတူတူပဲ… အတန်းအားလုံးက ပြိုင်ပွဲဝင်မယ့်လူလေးယောက်စီရွေးချယ်ပြီးတော့ တစ်ယောက်နဲ့တစ်ယောက် လွတ်လွတ်လပ်လပ် စိန်ခေါ်တိုက်ခိုက်လို့ရတယ်… အတန်းတစ်တန်းရဲ့ ပြိုင်ပွဲဝင်လေးယောက်စလုံးကို အနိုင်ယူနိုင်ခဲ့မယ်ဆိုရင် အနိုင်ရတဲ့အတန်းက သူတို့ရဲ့လက်ရှိနေရာကို အစားထိုးဝင်ရောက်နိုင်လိမ့်မယ်…”

“သက်ဆိုင်ရာအတန်းတွေရဲ့ပြိုင်ပွဲဝင်တွေက ကိုယ့်သက်ဆိုင်ရာစင်မြင့်အလိုက် တက်လာခဲ့ကြ…”

ချူထျန်းယန်ရဲ့စကားသံပျောက်ကွယ်သွားသည်နှင့်တစ်ပြိုင်နက် အတန်းတစ်ခုစီမှ ပြိုင်ပွဲဝင်မည့်လူလေးယောက်စီက ရှေ့ကိုထွက်လာခဲ့ကြသည်။ ၎င်းတို့အားလုံးစင်မြင့်ပေါ် တက်ရောက်လာခဲ့တာကို မြင်လိုက်ရသည့်နောက်မှာ ကွင်းပြင်တစ်ခုလုံး အားပေးသံတွေ ဆူညံစွာထွက်ပေါ်လာခဲ့ရသည်။

ပါရမီရှင်အတန်းမှ ဝင်ရောက်ယှဉ်ပြိုင်မည့်လူလေးယောက်ကို အစောကြီးကတည်းက ရွေးချယ်ထားပြီးဖြစ်၏။ သူတို့တွေက ဇူယွမ်၊ စုယုဝေ၊ ယန်ဇန်းနဲ့ ဆောင်ချူရွှီတို့ပင် ဖြစ်သည်။

“မင်းတို့တွေ ဒါကိုလုပ်နိုင်ပါတယ်…” များစွာသောပါရမီရှင်အတန်းကျောင်းသားတွေက ကျယ်လောင်စွာအော်ဟစ်အားပေးလိုက်ကြသည်။

ဇူယွမ်တို့လေးယောက်သား တစ်ယောက်နဲ့တစ်ယောက်အကြည့်ချင်း ဖလှယ်လိုက်ကြပြီး အချင်းချင်းခေါင်းညိတ်ပြလိုက်ကာ ဒုတိယအမြင့်ဆုံးစင်မြင့်ပေါ်ကို တက်သွားလိုက်ကြသည်။ အမြင့်ဆုံးစင်မြင့်ပေါ်မှာတော့ ချီယွဲ့နှင့် ဒုတိယအတန်းမှ ပြိုင်ပွဲဝင်မည့်အခြားလူသုံးယောက်ရှိနေ၏။

ချီယွဲ့က လက်နောက်ပစ်ကာရပ်နေသလို လျှိုစီကလည်း သူ့ရဲ့ဘေးတွင် ရပ်နေလျက်ရှိသည်။ တစ်ချိန်တည်းမှာ သူတို့တွေက စင်မြင့်ပေါ်မှနေ၍ ဇူယွမ်နဲ့ အခြားနိမ့်တဲ့စင်မြင့်ပေါ်မှ ပြိုင်ပွဲဝင်တွေကို ကြည့်လိုက်ကြသည်။

ဇူယွမ်ကို ကြည့်နေတဲ့ ချီယွဲ့ရဲ့မျက်လုံးတွေထဲမှာ အေးစက်မှုတွေစီးဆင်းနေပြီး သူကအေးစက်စွာဖြင့်ပြောသည်… “ဒီအတန်းအားလုံးရဲ့ခေါင်းဆောင်စင်မြင့်က ဒီနှစ်မှာလည်း ငါတို့ဒုတိယအတန်းပဲ ပိုင်ဆိုင်ရလိမ့်မယ်… မင်းတို့အနေနဲ့ ဒီနေရာကို မျက်စိကျမနေဖို့ ငါအကြံပေးချင်တယ်…”

ဒါကိုကြားလိုက်ရသည့်အခါ ဇူယွမ်ပြုံးလိုက်မိကာ ပြန်ပြောလိုက်သည်… “ကျောက်စိမ်းဝိညာဉ်ရေတံခွန်မှာ မင်းပေးခဲ့တဲ့လက်ဆောင်အတွက် ကျေးဇူးအရမ်းတင်မိတယ်… အခြားလူတွေကိုတောင် မင်းရဲ့ကိုယ်ပိုင်ကြွယ်ဝမှုတွေထဲကနေ ထောက်ပံ့နိုင်လောက်အောင် ချမ်းသာတဲ့အတွက် ချီအိမ်တော်က ဒါကိုစိတ်ထဲမှာမထားဘူးလို့ ငါ့အနေနဲ့ယုံကြည်မိတယ်…”

ချီယွဲ့ရဲ့မျက်နှာက အနည်းငယ်ပြောင်းလဲသွားခဲ့ရသည်။ ကျောက်စိမ်းဝိညာဉ်ရေတံခွန်မှာ ဇူယွမ်ကို ရှုံးနိမ့်ခဲ့မှုက ဒုတိယအတန်းမှာ သူ့ရဲ့နာမည်ဂုဏ်သတင်းကို အလွန်အမင်း ကျဆင်းသွားစေခဲ့သည်။ ဒါ့အပြင် များစွာသောကျင့်ကြံခြင်းရင်းမြစ်တွေကို အသုံးပြုပြီး သူကြိုးစားပမ်းစားဆောင်ရွက်ထားခဲ့ရသမျှအရာအားလုံးက အခုချိန်မှာ ဆုံးရှုံးသွားခဲ့ရပြီဖြစ်သည်။

လျှိုစီက နှာခေါင်းရှုံ့လိုက်ကာ ပြောသည်… “ဟမ့်… ဒါအတွက် အရမ်းကိုပျော်သွားရတာလား… အတန်းအဆင့်သတ်မှတ်ချက်စာမေးပွဲပြီးသွားရင် နင်တို့တွေက နင်တို့ရဲ့ ပါရမီရှင်အတန်းဆိုတဲ့ဂုဏ်ပုဒ်ကို ဆုံးရှုံးရလိမ့်မယ်… အဲ့ဒီအချိန်ရောက်လာခဲ့ရင် အရာအာလုံးက ငါတို့လက်ထဲကို ရောက်လာလိမ့်မယ်…”

စုယုဝေက ခပ်ပြတ်ပြတ်ပြန်ပြောသည်… “ဘယ်သူရှုံးမယ်နိုင်မယ်ဆိုတာကိုပြောဖို့က နည်းနည်းတော့စောနေသေးတယ်…”

လျှိုစီက အထင်သေးစွာပြော၏… “နင့်ကိုယ်နင် ဘယ်သူလို့ထင်နေတာလဲ… နင့်လိုလူမျိုးက ငါ့ကို စကားပြောဖို့အခွင့်အရေးရှိတယ်လို့များ ယုံကြည်နေတာလား…”

စုယုဝေရဲ့ မျက်လုံးတွေက အနည်းငယ်မှေးမှိတ်သွားခဲ့ရကာ… “ဒီစင်မြင့်ပေါ်မှာ အဆင့်အတန်းဆိုတာ ဘာမှမဟုတ်တော့ဘူး… တကယ်လို့သာ နင်ရှုံးသွားခဲ့မယ်ဆိုရင် နင့်ရဲ့စကားတွေက ဟာသတစ်ခုထက်ပိုပြီး ဘာမှဖြစ်လာလိမ့်မှာ မဟုတ်ဘူး…”

လျှိုစီရဲ့မျက်ခုံးတွေ တွန့်ကွေးသွားခဲ့ရပြီး အံကိုတင်းတင်းကြိတ်ကာ ပြောသည်… “တော်တော်လျှာစောင်းထက်တဲ့ သာမန်မိန်းကလေးပဲ… ခဏနေ နင်ကငါနဲ့တိုက်ခိုက်ရတဲ့အခါ ဘယ်လိုမျိုးရင်ဆိုင်ရမလဲဆိုတာကိုပဲ စဉ်းစားနေသင့်တယ်…”

“နင်ကလည်း ကိုယ့်ကိုကိုယ်ဂရုစိုက်ထားသင့်တယ်… လွန်ခဲ့တဲ့ရက်ပိုင်းက ငါတို့နှစ်ယောက်ကြားဖြစ်ခဲ့တဲ့အရာတွေကို နင်နဲ့ငါ စာရင်းရှင်းစရာရှိသေးတယ်…” စုယုဝေရဲ့မျက်လုံးတွေထဲမှာ အေးစက်စက်အလင်းရောင်တွေ ထွက်ပေါ်လာလျက်မှ ပြောသည်။

“နင်မှာ အဲ့ဒီလိုလုပ်နိုင်ဖို့ စွမ်းရည်မရှိမှာကိုပဲ ငါစိုးရိမ်မိတယ်…”

အတန်းနှစ်ခုကြား ရင်ဆိုင်တိုက်ပွဲက မစတင်မီမှာပင် တစ်ဖက်နဲ့တစ်ဖက် စကားစစ်ထိုးမှုတွေက စတင်နေခဲ့ပြီဖြစ်သည်။

ဇူယွမ်တို့အဖွဲ့က စင်မြင့်ပေါ်တွင် ခင်းထားသည့်ဖျာတွေပေါ်မှာ ထိုင်လိုက်ကြသကဲ့သို့ သူကမျက်လုံးကိုမှေးစင်းကာ ချီယွဲ့တို့အဖွဲ့ရှိသည့်နေရာကို ကြည့်လိုက်သည်။ လျှိုစီရဲ့နောက်မှာ အရပ်ထောင်ထောင်မောင်းမောင်းနဲ့ ကြံ့ခိုင်တဲ့ခန္ဓာကိုယ်ရှိသည့် လူငယ်နှစ်ယောက်ရှိနေကာ သူတို့ရဲ့ခန္ဓာကိုယ်မှ မူလချီလှိုင်းတွေ ခပ်ဖျော့ဖျော့ထွက်ပေါ်နေသည်။

စုယုဝေက ဇူယွမ်၏ဘေးမှနေ ညင်သာစွာပြောသည်… “အဲ့ဒီနှစ်ယောက်က ကောင်းလင်းနဲ့ ဖန်းဝူပဲ… ဒုတိယအတန်းက စွမ်းအားမြင့်တဲ့ကျောင်းသားနှစ်ယောက်ပဲ… သူတို့နှစ်ယောက်စလုံးက ဝင်ပေါက်ခြောက်ခုဖွင့်ထားနိုင်ခဲ့ကြပြီးပြီ…”

ဇူယွမ်ခေါင်းကို ဖြည်းညှင်းစွာညိတ်ပြလိုက်ကာ ထိုနှစ်ယောက်ကို ကြည့်လိုက်သည်။ သူ့အနေနဲ့ သူတို့နှစ်ယောက်ထံမှ ထူးဆန်းတဲ့အရှိန်အဝါတစ်ခုကို ခပ်ရေးရေးခံစားမိသည်။

ဒုန်း…

ပြိုင်ပွဲဝင်တွေအားလုံး စင်မြင့်တွေပေါ်ကို ရောက်ရှိသွားခဲ့ပြီးချိန်မှာ နောက်ဆုံးစည်တီးသံတစ်ချက်က ‘ဒုန်း’ဆိုပြီး ကျယ်လောင်စွာထွက်ပေါ်လာခဲ့၏။ ဒီအရာက အတန်းအဆင့်သတ်မှတ်ချက်စာမေးပွဲစတင်ပြီဆိုသည့် အမှတ်အသားလည်းဖြစ်သည်။

“စတုတ္ထအတန်းရဲ့ လီတောင်က တတိယအတန်းရဲ့ ဝူကျိန်းကို စိန်ခေါ်ပါတယ်…”

“ပဉ္စမအတန်းရဲ့ ချိုင်ယန်ကျီးက စတုတ္ထအတန်းရဲ့ စွန်းချင်ကို စိန်ခေါ်ပါတယ်…”

“……”

နောက်ဆုံးစည်သံထွက်ပေါ်လာပြီးသည်နှင့်တစ်ပြိုင်နက် စိန်ခေါ်သံတွေက ချက်ချင်းဆိုသလို ထွက်ပေါ်လာခဲ့သည်။ လူရိပ်တွေက တစ်ယောက်ပြီးတစ်ယောက် တိုက်ပွဲစင်မြင့်တွေပေါ်ကို ထွက်လာခဲ့လိုက်ကြသည်။

“ငါအရင်ဆုံး သွားစမ်းကြည့်လိုက်မယ်…” ပါရမီရှင်အတန်းဘက်မှာ ယန်ဇန်းက ပထမဦးဆုံးထရပ်လိုက်သည်။ သူ့ရဲ့အကြည့်က ဒုတိယအတန်းဘက်ရှိ ကောင်းလင်းထံကြည့်လိုက်ပြီး ကျယ်လောင်စွာအော်လိုက်သည်… “ပါရမီရှင်အတန်းရဲ့ ယန်ဇန်းက ဒုတိယအတန်းက ကောင်းလင်းကို စိန်ခေါ်ပါတယ်…”

ကောင်းလင်းလို့ခေါ်တဲ့လူငယ်က အတန်းအားလုံးရဲ့ခေါင်းဆောင်စင်မြင့်ထက်မှာ ခံစားချက်ကင်းမဲ့စွာဖြင့် ထရပ်လိုက်ပြီး တိုက်ပွဲစင်မြင့်ထက်ဆီသို့ ခုန်တက်လိုက်သည်။

ယန်ဇန်ကလည်း တိုက်ပွဲစင်မြင်ပေါ်သို့ ခုန်တက်လိုက်ကာ လက်နှစ်ဖက်ဆုပ်၍ ကောင်းလင်းကို နှုတ်ဆက်လိုက်သည်။

ဒိုင်ဖြစ်သူက တိုက်ပွဲစင်မြင့်ထက်ကို ရောက်ရှိလာခဲ့ပြီး သူတို့နှစ်ယောက်စလုံးကို ကြည့်လိုက်၍ လက်ဝှေ့ယမ်းကာ အချက်ပြလိုက်သည်… “စတော့…”

ဘန်း…

သူတို့နှစ်ယောက်စလုံးက ချက်ချင်းရှေ့ကိုပြေးထွက်သွားခဲ့သလို ကျယ်လောင်စွာအော်လိုက်သည်… “ဝင်ပေါက်ခြောက်ခုဖွင့်ခြင်း…”

သူတို့နှစ်ယောက်စလုံးက တစ်စုံတစ်ရာထိန်ချန်ထားခြင်းမရှိခဲ့ဘဲ ဝင်ပေါက်ခြောက်ခုရဲ့စွမ်းအားအကုန်အစင် ထုတ်သုံးခဲ့ကြခြင်းဖြစ်သည်။ တိုက်ပွဲစကတည်းက သူတို့ရဲ့ဝင်ပေါက်ခြောက်ခုစလုံးကိုဖွင့်ကာ တိုက်ခိုက်ခဲ့ကြသည့်အတွက် သူတို့ရဲ့စွမ်းအားတွေက ပြင်းထန်စွာပင်ထွက်ပေါ်လာခဲ့ရသည်။

သူတို့ရဲ့ခန္ဓာကိုယ်မှာ မူလချီအလင်းတွေ လှည့်ပတ်နေသကဲ့သို့ သူတို့ရဲ့လက်သီးချက်တွေ ခြေကန်ချက်တွေက တဝှီးဝှီးမြည်ကာ လေထုကိုတောင် ပေါက်ကွဲသွားစေခဲ့သော်ငြား သူတို့ရဲ့ခန္ဓာကိုယ်တွေက နောက်သို့တစ်လက်မမျှပင် ရွေ့လျားသွားခြင်းမရှိခဲ့ပေ။

ဘုန်း… ဘုန်း…

များစွာသောအကြည့်တွေအောက်မှာ လူနှစ်ယောက်က ပြင်းထန်တဲ့လက်သီးချက်တွေဖြင့် တစ်ဖက်နဲ့တစ်ဖက် ပြင်းပြင်းထန်ထန်တိုက်ခိုက်နေလျက်ရှိပေသည်။ တိုက်ခိုက်မှုတိုင်းက အညှာအတာကင်းမဲ့လှပြီး တစ်ဖက်နဲ့တစ်ဖက်အပြင်းအထန်ဒဏ်ရာရစေဖို့သာ ရည်ရွယ်ပြီးတိုက်ခိုက်နေမှုကြောင့် ကြည့်ရုံနဲ့တင် ဘယ်လောက်အန္တရာယ်များလဲဆိုတာကိုသိနိုင်သည်။

စုယုဝေက တိုက်ပွဲအပေါ် အာရုံစိုက်ကြည့်နေရင်းမှ တိုးညှင်းစွာ မှတ်ချက်ချသည်… “သူတို့နှစ်ယောက်စလုံးက တော်တော်အားကောင်းကြတယ်…”

ဇူယွမ် ခေါင်းညိတ်ပြလိုက်၏။ နှစ်ယောက်စလုံးက ဝင်ပေါက်ခြောက်ခုဖွင့်ထားနိုင်သည့် ကျင့်ကြံသူတွေဖြစ်သည့်အတွက် တစ်ယောက်နဲ့တစ်ယောက် အသာစီးရယူနိုင်ဖို့က မလွယ်ကူပေ။ ပိုပြီးစွမ်းအားမြင့်တဲ့ မူလကျင့်စဉ်နဲ့ တိုက်ပွဲအပေါ်ဆင်ခြင်သုံ့သပ်နိုင်စွမ်းပိုကောင်းသည့်လူကသာ အနိုင်ရလဒ်ကို ရယူနိုင်ပေလိမ့်မည်။

သူ့ရဲ့အကြည့်တွေက ချီယွဲ့ဘက်ကို ရောက်သွားသည့်အခါ ယန်ဇန်းတို့နှစ်ယောက်တိုက်ခိုက်နေတာကို ကြည့်နေသည့်ချီယွဲ့ရဲ့မျက်နှာပေါ်မှာ ထူးဆန်းတဲ့အမူအယာတစ်ခုဖြစ်ပေါ်လာတာကို တွေ့လိုက်ရသည်။ ဇူယွမ်က တစ်ခုခုလွဲမှားနေသည်ကို ခံစားမိလိုက်ကာ ချက်ချင်းဆိုသလိုပင် သက်ပြင်းချလိုက်မိသည်။

ဝုန်း…

စင်မြင့်ပေါ်ရှိ ယန်ဇန်းနဲ့ ကောင်းလင်းတို့ရဲ့တိုက်ပွဲက ပိုပြီးပြင်းထန်လာခဲ့သည်။ သို့ပေမဲ့ မည်သူကမှ ကောင်းလင်းရဲ့မျက်လုံးတွေထဲမှာ အနည်းငယ်အနီရောင်သမ်းနေတာကို သတိမထားမိနိုင်ဘဲရှိခဲ့ကာ သူ့ခန္ဓာကိုယ်မှ မူလချီတွေ ထိန်းမရအောင် တစ်ဟုန်ထိုးမြင့်တက်လာသည်ကိုသာ ခံစားမိခဲ့ကြသည်။

ဒီပြောင်းလဲမှုတွေကို ယန်ဇန်းက ပို၍ရှင်းလင်းစွာ ခံစားမိခဲ့သည်။ သူ့ပြိုင်ဘက်ရဲ့ တိုက်ခိုက်မှုတွေက ပိုပြီးပြင်းထန်လာခဲ့သလို သူ့အပေါ်ကျရောက်နေတဲ့ဖိအားတွေကလည်း ပိုပြီးကြီးမားလာခဲ့တာကို ရုတ်တရက်ခံစားမိခဲ့လိုက်သည်။

“ဘာလို့ ဒီလိုဖြစ်သွားရတာလဲ…” ယန်ဇန်းတစ်ယောက် ဇဝေဇဝါဖြစ်သွားရသည်။

“သေစမ်းကွာ…”

ယန်ဇန်းရဲ့လှုပ်ရှားမှု အနည်းငယ်နှေးကွေးသွားခဲ့ရသည့်အချိန်မှာ ကောင်းလင်းရဲ့မျက်လုံးတွေထဲမှာ အနီရောင်အလင်းတွေဖုံးလွှမ်းသွားခဲ့ပြီး ကျယ်လောင်တဲ့ကြိမ်းဝါးသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ သူက လှောင်အိမ်ထဲကလွှတ်လိုက်သည့်ကျားတစ်ကောင်အလား ရက်စက်ကြမ်းကြုတ်စွာဖြင့် အနည်းငယ်အားပျော့သွားခဲ့ရသည့် ယန်ဇန်းထံသို့ ပြင်းထန်သည့်လက်သီးတစ်ချက်ထိုးချလိုက်၏။ ထိုလက်သီးချက်က ယန်ဇန်းကို လွင့်ထွက်သွားစေခဲ့ကာ ပါးစပ်အပြည့်နဲ့သွေးတစ်လုတ်အန်ထွက်စေခဲ့ရသည်။

စင်မြင့်အောက်ရှိ လူအုပ်ကြီးက အထိတ်တလန့်အော်ဟစ်လိုက်မိကြသည်။

ချက်ချင်းဆိုသလိုပင် ကွင်းပြင်တစ်ခုလုံး ရုတ်ရုတ်သဲသဲဖြစ်သွားခဲ့ရသည်။ ယန်ဇန်းရဲ့ရှုံးနိမ့်မှုက ဒီလိုမျိုးအဆုံးသတ်သွားရလိမ့်မယ်လို့ ဘယ်သူမှထင်မှတ်ထားမိခြင်းမရှိခဲ့ပေ။

ဇူယွမ်ရဲ့မျက်ခုံးတွေက တစ်ခုနဲ့တစ်ခု ထိစပ်လုမတတ် တွန့်ကွေးသွားခဲ့ရသည်။ သူ့အနေနဲ့ အစောပိုင်းတုန်းက ကောင်းလင်း၏ခန္ဓာကိုယ်ထဲမှ မူလချီတွေ ထူးဆန်းစွာလှုပ်ရှားနေမှုကို ခပ်သဲ့သဲ့ခံစားနိုင်ခဲ့ပြီးနောက်မှာ ရုတ်တရက်၎င်းတို့က ထိန်းမရအောင် ပြင်းပြင်းထန်ထန်ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

အတန်းအားလုံးရဲ့ခေါင်းဆောင်စင်မြင့်ထက်မှာ ချီယွဲ့က ဒီမြင်ကွင်းကိုပြုံးလျက်ကြည့်နေခဲ့ပြီး သူ့ရဲ့အကြည့်က ဇူယွမ့်ထံရောက်ရှိသွားသည့်အခါ ချီယွဲ့ရဲ့မျက်လုံးထဲမှာ အေးစက်နက်မှောင်သည့်အလင်းရောင်တွေ ဖျတ်ခနဲထွက်ပေါ်လာခဲ့သည်။

ဒီအတန်းအဆင့်သတ်မှတ်ချက်စာမေးပွဲက ချီအိမ်တော်အတွက် လွန်စွာအရေးကြီးပေသည်။ ထို့ကြောင့်ပင် သူက ဇူယွမ့်မှာအခွင့်အရေးမရှိအောင် တတ်နိုင်သမျှတားဆီးရပေမည်။

“ငါသွားလိုက်မယ်…” ဆောင်ချူရွှီက လေးနက်သည့်အမူအယာဖြင့် ထရပ်လိုက်သည်။

“ဂရုစိုက်ဦး…” ဇူယွမ်က ခေါင်းညိတ်ပြလိုက်၍ ပြောသည်။

ဆောင်ချူရွှီထလာသည်ကို မြင်လိုက်ရတဲ့အခါ ချီယွဲ့က ဖန်းဝူကိုကြည့်၍ တည်ငြိမ်စွာပင်ပြောလိုက်သည်… “မင်းသွားလိုက်…”

ဖန်းဝူက ထရပ်လိုက်ပြီး စင်မြင့်ပေါ်ကို ခုန်တက်သွားခဲ့သလို ဆောင်ချူရွှီကလည်း အလျင်အမြန်ပဲ နောက်မှလိုက်၍ ခုန်တက်သွားခဲ့သည်။

နှစ်ဖက်စလုံးက စကားတွေပြောကာ အချိန်ဖြုန်းမနေခဲ့ပေ။ ဒိုင်ဖြစ်သူက စတင်ဖို့အချက်ပြလိုက်သည့်အချိန်မှာ နှစ်ယောက်စလုံးက ဝင်ပေါက်ခြောက်ခုဖွင့်ထားနိုင်သည့်စွမ်းအားတွေကို ထုတ်လွှတ်လိုက်ကြသည်။ မူလချီတွေက သူတို့ရဲ့ခန္ဓာကိုယ်ထဲမှာ စီးဆင်းနေသကဲ့သို့ သူတို့ရဲ့ခြေလက်တွေမှ စွမ်းအားတွေ တစ်ဟုန်ထိုးထွက်ပေါ်လာခဲ့သည်။

သူတို့နှစ်ယောက်စလုံးက ရှေ့ကိုပြေးထွက်သွားခဲ့ကြသလို သူတို့ရဲ့ခြေထောက်အောက်က ကျောက်ပြားတွေပင် ကွဲကြေသွားခဲ့ရသည်။

ဇူယွမ်ရဲ့မျက်လုံးတွေက စင်မြင့်ပေါ်တွင် အပြန်အလှန်တိုက်ခိုက်နေသည့် လူနှစ်ယောက်ထံ ကော်နဲ့ကပ်ထားသည့်အလား ဂရုတစိုက်နဲ့ကြည့်နေသည်။ သူတို့နှစ်ယောက်ကြား ကွာခြားချက်က သိပ်ပြီးမကြီးမားခဲ့သည့်အတွက် တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်တိုက်ခိုက်နေလျက်ရှိပေသည်။

သို့ပေမဲ့လည်း အချိန်တွေကုန်ဆုံးလာခဲ့ပြီးတဲ့နောက်မှာ ဇူယွမ်က ဖန်းဝူရဲ့ခန္ဓာကိုယ်ထဲက မူလချီတွေ ထိန်းမရအောင် မြင့်တက်လာသည်ကို ခံစားမိလိုက်သည့်အခါ သူ့ရဲ့မျက်လုံးတွေ ကျဉ်းမြောင်းသွားခဲ့ရသည်။

ဝုန်း… ဝုန်း…

ဖန်းဝူရဲ့တိုက်ခိုက်မှုက ပိုပြီးကြောက်စရာကောင်းလာခဲ့သည်။ တိုက်ခိုက်မှုတစ်ခုစီတိုင်းက ပြင်းထန်သည့်မူလချီတွေပါဝင်နေကာ လေထုကိုပင် အစိတ်စိတ်အမွှာမွှာဖြစ်သွားစေခဲ့ပြီး ကျယ်လောင်တဲ့ပေါက်ကွဲသံတွေ ထွက်ပေါ်လာခဲ့ရသည်။

ချီယွဲ့က တိုက်ပွဲကိုကြည့်နေလျက်မှ မထူးခြားစွာပြောသည်… “ဒါက ပြီးသွားပြီ…”

ယား…

ဖန်းဝူထံမှ ကျယ်လောင်သည့်ဟစ်ကြွေးသံထွက်ပေါ်လာခဲ့ပြီး မြေပြင်ကိုပင်တုန်ခါသွားစေခဲ့ကာ ပြင်းထန်တဲ့မူလချီတွေသယ်ဆောင်လာသည့်လက်သီးချက်က လေထုကိုဖြတ်၍ ဆောင်ချူရွှီထံသို့ မယုံကြည်နိုင်စရာအရှိန်ဖြင့် ဝင်ရောက်သွားခဲ့သည်။

ဘုန်း…

ဆောင်ချူရွှီက သူမတတ်စွမ်းသလောက် ခုခံခဲ့ပေမဲ့လည်း ဖန်းဝူရဲ့တိုက်ခိုက်မှုစွမ်းအားက လွန်စွာမှပင်ကြီးမားပေသည်။ ထို့ကြောင့်ပင် ကျယ်လောင်တဲ့အသံတစ်ခုထွက်ပေါ်လာခဲ့ပြီး ဆောင်ချူရွှီရဲ့ခန္ဓာကိုယ်က စင်မြင့်အောက်ဘက်ကို လွင့်ထွက်သွားခဲ့သည်။

ကွင်းပြင်တစ်ခုလုံး နောက်တစ်ကြိမ် အထိတ်တလန့်အော်ဟစ်လိုက်မိကြသည်။ ပါရမီရှင်အတန်းက နှစ်ပွဲဆက်တိုက် ရှုံးနိမ့်သွားခဲ့ပြီဖြစ်သည်။

ပွဲကြည့်စင်ပေါ်ရှိ ဇူချင်ရဲ့အမူအယာက လွန်စွာမှပင် ပျက်ယွင်းသွားခဲ့ရသည်။ သူနဲ့ဆန့်ကျင်စွာပင် ချီယန်ရဲ့နှုတ်ခမ်းထက်မှာတော့ ထူးဆန်းတဲ့အပြုံးတစ်ခု ခိုတွဲနေခဲ့ပေသည်။

ဇူယွမ်က ဖန်းဝူကို သေချာစိုက်ကြည့်လိုက်မိသည်။ ခဏအကြာမှာပဲ သူ့ရဲ့မျက်လုံးတွေထဲမှာ အလင်းရောင်တစ်ချက်လင်းလက်သွားခဲ့ရပြီး ဖြည်းညှင်းစွာပြောလိုက်၏… “သူတို့တွေ ဘာလှည့်ကွက်သုံးခဲ့တာလဲဆိုတာကို ငါသိပြီ…”


Comment

Leave a Reply

Options

not work with dark mode
Reset