စာစဥ် (၄) အပိုင်း (၄၆)

အတန်းအဆင့်သတ်မှတ်ချက်စာမေးပွဲစတင်ခြင်း

သုံးရက်ဆိုသည့်အချိန်ကာလက မျက်စိတစ်မှိတ်အတွင်းမှာပင် ကုန်ဆုံးသွားခဲ့သည်။

တတိယမြောက်နေ့ကို ရောက်ရှိလာသည့်အခါ ဇူအင်ပါယာမြို့တော်အတွင်းရှိ အခြေအနေတွေက အနည်းငယ်လှုပ်လှုပ်ခတ်ခတ်ဖြစ်လာခဲ့သလို အင်အားစုများစွာရဲ့အာရုံတွေကလည်း တူညီစွာပင် တော်ဝင်ဇူကျောင်းတော်အပေါ်ကို ကျရောက်နေသည်။

သူတို့အားလုံးက ဒီနေ့ဟာအတန်းအဆင့်သတ်မှတ်ချက်စာမေးပွဲကျင်းပမည့်ရက်ဆိုတာကို သိထားကြ၏။

ပုံမှန်အားဖြင့် အတန်းအဆင့်သတ်မှတ်ချက်စာမေးပွဲက အင်အားစုတွေရဲ့အာရုံတွေကို ဆွဲဆောင်နိုင်ခြင်းမရှိပေ။ သို့ပေမဲ့ ဒီတစ်ကြိမ်အတန်းအဆင့်သတ်မှတ်ချက်စာမေးပွဲက အရင်နှစ်တွေကနှင့်မတူဘဲ တော်ဝင်ကလန်နှင့် ချီအိမ်တော်တို့အကြားအားပြိုင်မှုနှင့် သက်ဆိုင်နေသည်။

ချီအိမ်တော်က ကျောင်းတော်ကိုရရှိနိုင်ဖို့အတွက် နည်းလမ်းပေါင်းစုံအသုံးပြုကာ နှစ်ပေါင်းများစွာကြိုးစားအားထုတ်ခဲ့သည်ကို လူတိုင်းကသိထားကြသည်။ အခုက သူတို့စိုက်ပျိုးထားတာတွေကို ရိတ်သိမ်းရမည့်အချိန်ဖြစ်သည်။ ဒုတိယအတန်းကသာ ဒီနှစ်မှာပထမနေရာကို ထပ်မံရရှိခဲ့မယ်ဆိုရင် ချီအိမ်တော်ကိုယ်စားလှယ်ဖြစ်သူ ရှုဟောင်က လက်ရှိကျောင်းအုပ် ချူထျန်းယန်အစား ကျောင်းတော်ရဲ့ကျောင်းအုပ်နေရာကို အစားထိုးဝင်ရောက်နိုင်လိမ့်မည်ဖြစ်သည်။

တကယ်လို့သာ ဒီလိုမျိုးဖြစ်သွားခဲ့ရမယ်ဆိုရင် တော်ဝင်ဇူကျောင်းတော်ဆိုတဲ့နာမည်က တိတ်တဆိတ်ပင် တော်ဝင်ချီကျောင်းတော်အဖြစ် ပြောင်းလဲသွားပေလိမ့်မည်။

ဒီအရာက တော်ဝင်ကလန်အတွက် ကြီးမားတဲ့ထိုးနှက်ချက်တစ်ခုဖြစ်သလို ၎င်းတို့အင်အားစုနှစ်ခုအကြား အားပြိုင်မှုမှာလည်း ချီအိမ်တော်က အသာစီးရသွားလိမ့်မည်ဖြစ်သည်။ ဒီလိုသာဖြစ်သွားခဲ့မယ်ဆိုရင် အင်အားစုများစွာက သံသယရှိစရာမလိုလောက်အောင်ပင် ချီအိမ်တော်ဘက်ကို ယိမ်းယိုင်သွားကြလိမ့်မည်ဖြစ်ပြီး ဒါက တော်ဝင်ကလန်ကို ကျဆင်းသွားစေနိုင်သည်။

ထို့ကြောင့်ပင် ဒီနှစ်အတန်းအဆင့်သတ်မှတ်ချက်စာမေးပွဲရလဒ်က တော်ဝင်ကလန်ရဲ့နေရာကိုတောင်မှ လှုပ်ခတ်မှုရှိစေတယ်လို့ ပြော၍ရပြီး ၎င်းရဲ့အရေးပါမှုကို ထင်ရှားပေါ်လွင်စေသည်။

တော်ဝင်ဇူကျောင်းတော်… ပါရမီရှင်အတန်းလေ့ကျင့်ရေးကွင်း…

ဇူယွမ်တစ်ယောက် ပါရမီရှင်အတန်းလေ့ကျင့်ရေးကွင်းအတွင်းကို ခြေချလိုက်သည်နှင့် များစွာသောကျောင်းသားတွေက လက်ခုပ်ဩဘာပေးလျက်ရှိသည်ကို မြင်လိုက်ရသည့်အတွက် အနည်းငယ်စိတ်ရှုပ်ထွေးသွားသလို ခံစားလိုက်ရ၏။

ဇူယွမ်က စိတ်ရှုပ်ထွေးစွာဖြင့်မေးသည်… “မင်းတို့တွေ ဘာလုပ်နေတာလဲ…”

စုယုဝေ၊ ဆောင်ချူရွှီနဲ့ ယန်ဇန်းတို့ကပြုံးလျက် သူ့အနားတိုးကပ်လာခဲ့ပြီး… “ငါတို့တွေက မင်းကို ကျေးဇူးမတင်ရတော့ဘူးလား… မင်းသာ ကျောက်စိမ်းဝိညာဉ်ရေတံခွန်မှာ ဒုတိယအတန်းရဲ့လေ့ကျင့်ချိန်ထဲက နှစ်နာရီကို အနိုင်မရရှိခဲ့ဘူးဆိုရင် ငါတို့ပါရမီရှင်အတန်းက ဒီအတန်းအဆင့်သတ်မှတ်ချက်စာမေးပွဲအတွက် မျှော်လင့်ချက်ရှိလိမ့်မှာမဟုတ်ဘူး…”

ဇူယွမ်က ဒါကိုကြားလိုက်ရသည့်အခါ ပြုံးလိုက်မိသည်… “ဒါဆို မင်းတို့အားလုံးက ဒီနှစ်လအတွင်းမှာ တော်တော်လေးတိုးတက်လာခဲ့ကြတယ်ပေါ့…”

စုယုဝေက ညင်သာစွာရယ်မောလိုက်ပြီး… “ငါတို့သုံးယောက်က ငါတို့ရဲ့ခြောက်ခုမြောက်ဝင်ပေါက်တွေကို ဖွင့်ထားနိုင်ခဲ့ပြီ…”

ယန်ဇန်းကလည်း ရယ်မောကာပြော၏… “ဒါတွေအားလုံးက ကျောက်စိမ်းဝိညာဉ်ရေတံခွန်မှာ လေ့ကျင့်ချိန်ပိုရခဲ့တာကို ကျေးဇူးတင်ရမယ်… ဒီလိုမှမဟုတ်ဘူးဆိုရင် ငါတို့ရဲ့ခြောက်ခုမြောက်စွမ်းအင်ဝင်ပေါက်တွေကိုဖွင့်နိုင်ဖို့ နောက်ထပ်အချိန်တစ်လလောက် ထပ်လိုလိမ့်မယ်…”

ဇူယွမ် အနည်းငယ်တော့အံ့အားသင့်သွားခဲ့ရ၏။ ကြည့်ရတာ ကျောက်စိမ်းဝိညာဉ်ရေတံခွန်မှာ လေ့ကျင့်ချိန်နောက်ထပ်နှစ်နာရီရရှိခဲ့တာက သူတို့တွေအတွက် ကြီးမားသည့်အောင်မြင်မှုတွေရရှိစေနိုင်ခဲ့သည့်ပုံပင်။

ဇူယွမ်က စိတ်ဝင်စားစွာမေးသည်… “ဒုတိယတန်းရဲ့အခြေအနေကရော ဘယ်လိုရှိလဲ… ကျောက်စိမ်းဝိညာဉ်ရေတံခွန်မှာ လေ့ကျင့်ချိန်တစ်နာရီထဲနဲ့တော့ သူတို့တွေ အောင်မြင်မှုကြီးကြီးမားမားရနိုင်ကြမှာမဟုတ်ဘူး ဟုတ်တယ်မလား…”

ဆောင်ချူရွှီက အနည်းငယ်တွေးဆကာ ပြန်ပြောသည်… “ပြီးခဲ့တဲ့ကိစ္စကြောင့် ဒုတိယအတန်းရဲ့စိတ်ဓာတ်တွေကျဆင်းသွားခဲ့ရသလို သူတို့တွေက ချီယွဲ့အပေါ်မှာလည်း မကျေနပ်မှုတချို့ရှိနေပုံပဲ…”

ဒါတွေအားလုံးက သူတို့ဒုတိယအတန်းရဲ့ ကျောက်စိမ်းဝိညာဉ်ရေတံခွန်မှာ လေ့ကျင့်ခွင့်ရတဲ့အချိန် ၄နာရီထဲကမှ ၃နာရီဟာ ချီယွဲ့ကြောင့် ဆုံးရှုံးသွားခဲ့ရသည့်အတွက်ဖြစ်၏။ ဒီလိုမျိုးကြီးမားတဲ့ဆုံးရှုံးမှုကို ဘယ်သူကများသည်းခံနိုင်လိမ့်မည်နည်း။ ချီယွဲ့ရဲ့အဆင့်အတန်းကြောင့် သူတို့အနေနဲ့ ဘာတစ်ခုမှပြောနိုင်ခြင်းမရှိဘူးဆိုရင်တောင်မှ မကျေမနပ်ဖြစ်မှုအချို့ကတော့ သေချာပေါက်ဖြစ်ပေါ်ရပေမည်။

“ဒုတိယအတန်းရဲ့လေ့ကျင့်ချိန် ၃နာရီဆုံးရှုံးသွားခဲ့ရလို့ သူတို့ရဲ့ခွန်အားတွေ ကျဆင်းသွားမယ်လို့ ယုံကြည်ထားရင် မင်းတို့တွေအမှားကြီးမှားသွားလိမ့်မယ်…” သူတို့တွေ ပြောနေစဉ်မှာပင် ရုတ်တရက်အသံတစ်ခုကို ကြားလိုက်ရသည်။

ဇူယွမ်ရဲ့အကြည့်တွေက စကားသံထွက်ပေါ်လာတဲ့နေရာကို ကြည့်လိုက်သည့်အခါ တည်ငြိမ်တဲ့မျက်နှာဖြင့် ချူထျန်းယန်က လက်နောက်ပစ်ကာ လျှောက်လှမ်းလာသည်ကို တွေ့လိုက်ရသည်။

လူတိုင်းက တစ်ယောက်ပြီးတစ်ယောက် နှုတ်ဆက်လိုက်ကြ၏… “အတန်းပိုင်ဆရာ…”

ချူထျန်းယန်က သူ့ရဲ့လက်ကိုဝှေ့ယမ်းပြလိုက်ပြီး ဇူယွမ်ကိုကြည့်၍ ဖြည်းညှင်းစွာပြောသည်… “ငါသိထားသလောက်တော့ ချီယွဲ့က လွန်ခဲ့တဲ့နှစ်လအတွင်းမှာ ဒုတိယအတန်းရဲ့ကျောင်းသားတော်တော်များများကို ချီအိမ်တော်ဆီ တိတ်တဆိတ်ခေါ်ဆောင်သွားခဲ့တယ်…”

“အိုး…” ဒါကိုကြားလိုက်ရသည့်အခါ ဇူယွမ်ရဲ့မျက်လုံးတွေ ကျဉ်းမြောင်းသွားခဲ့ရ၏… “သူက ချီအိမ်တော်ရဲ့အရင်းအမြစ်တွေကိုအသုံးပြုပြီး သူတို့ကို လက်သပ်မွေးနိုင်ဖို့ စီစဉ်ခဲ့တာပေါ့…”

ချူထျန်းယန်ရဲ့အမူအယာက ကြောက်မက်ဖွယ်ကောင်းလောက်အောင် ပျက်ယွင်းသွားခဲ့ပြီး ခေါင်းညိတ်ပြလိုက်သည်။ ချီယွဲ့၏အပြုအမူတွေက စက်ဆုပ်စရာကောင်းခဲ့ပေမဲ့ သူတို့အနေနဲ့ ဘာတစ်ခုမျှဝင်ရောက်ပြောဆိုနိုင်ခြင်းမရှိခဲ့ပေ။ ဒါ့အပြင် အပြင်လူတွေအနေနဲ့ အခြားသူတွေ မည်သို့လေ့ကျင့်နေသည်ကို ဝင်ရောက်မှတ်ချက်ပေးရန်လည်း အခွင့်အရေးမရှိချေ။

ချီအိမ်တော်မှာ အရင်းအမြစ်တွေပေါကြွယ်ဝသည့်အတွက် အခြားလူတွေကို စည်းရုံးနိုင်ဖို့က သူတို့အတွက်တော့ လွယ်ကူသည့်အလုပ်တစ်ခုဖြစ်သည်။

သို့ပေမဲ့လည်း ဒီအပြုအမူက အခြားကျန်တဲ့ဒုတိယအတန်းရှိကျောင်းသားတွေကို မပျော်မရွှင်ဖြစ်စေရသလို မမျှတသလိုလည်းခံစားရစေသည်။ ထို့ကြောင့်ပင် မကြာသေးမီက ချီယွဲ့နဲ့ပတ်သက်လို့ မကျေနပ်မှုတွေထွက်ပေါ်လာခဲ့ရပြီး ရှုဟောင်ကိုယ်တိုင်ဝင်ရောက်ဖြန်ဖြေပေးခဲ့၍သာ ထိုမကျေနပ်မှုတွေ အဆုံးသတ်သွားခဲ့ရခြင်းဖြစ်သည်။

ချူထျန်းယန်က တည်ငြိမ်သည့်လေသံဖြင့် ဆက်ပြော၏… “ချီယွဲ့က ဝင်ပေါက်ခုနှစ်ခုဖွင့်နိုင်ခဲ့တဲ့အတွက်ကြောင့် မင်းတို့တွေက ဝင်ပေါက်ခြောက်ခုဖွင့်ထားနိုင်ရုံနဲ့ ကျေနပ်ရောင့်ရဲနေလို့မရဘူး…”

များစွာသောပါရမီရှင်အတန်းကျောင်းသားတွေက ချူထျန်းယန်ရဲ့စကားကြောင့် တိတ်ဆိတ်သွားခဲ့ရသလို သူတို့ရဲ့မျက်လုံးတွေထဲမှာလည်း စိုးရိမ်မှုတွေ ထွက်ပေါ်လာခဲ့ရသည်။ ပါရမီရှင်အတန်းပေါ် ချီယွဲ့ပေးထားသည့်ဖိအားက လွန်စွာကြီးမားလှ၏။ ဇူယွမ်က ကျောက်စိမ်းဝိညာဉ်ရေတံခွန်ထဲမှာ ချီယွဲ့ကို တစ်ခါအနိုင်ရထားခဲ့သည်ဆိုသော်လည်း ၎င်းက အတန်းအဆင့်သတ်မှတ်ချက်စာမေးပွဲလို လူတစ်ယောက်ရဲ့ကိုယ်ပိုင်ခွန်အားအပေါ်အခြေခံပြီး ယှဉ်ပြိုင်ရသည့် ပြိုင်ပွဲတစ်ခုမဟုတ်ခဲ့ပေ။

လူအုပ်ကြီးက စိုးရိမ်နေခဲ့ရသလို များစွာသောအကြည့်တွေက ဇူယွမ့်ထံရောက်ရှိသွားခဲ့ကြသည်။ ဒါက ဇူယွမ်ဟာ လွန်ခဲ့တဲ့နှစ်တွေအတွင်းမှာ ချီယွဲ့ကို အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည့် တစ်ဦးတည်းသောသူ ဖြစ်နေသည့်အတွက်ပင်။ ဒါ့ကြောင့်ပင် သူတို့အားလုံးက သူ့အပေါ်မှာ အနည်းငယ်တော့ မျှော်လင့်ထားမိကြပေသည်။

ဇူယွမ်က ချူထျန်းယန်ကို ပြုံး၍ကြည့်လိုက်ပြီး ပြောသည်… “စိတ်မပူပါနဲ့ ကျောင်းအုပ်ချူ… ကျွန်တော် ချီယွဲ့ကို ရင်ဆိုင်နိုင်ပါလိမ့်မယ်…”

ချူထျန်းယန်က ခေါင်းကိုသာ ညိတ်ပြခဲ့လိုက်သည်။ သို့ရာတွင် သူ့မျက်လုံးတွေထဲမှာတော့ စိုးရိမ်မှုတွေရှိနေတုန်းပင်။ အတန်းအဆင့်သတ်မှတ်ချက်စာမေးပွဲက ကျောက်စိမ်းဝိညာဉ်ရေတံခွန်မှာ ယှဉ်ပြိုင်ခဲ့တာနှင့်မတူပေ။

သို့ပေမဲ့လည်း အခုအချိန်မှာ ပါရမီရှင်အတန်းကျောင်းသားတွေရဲ့စိတ်ဓာတ်တွေအပေါ် အကျိုးသက်ရောက်မှုရှိစေနိုင်မည့် အပြုအမူမျိုးမလုပ်သင့်ဘူးဆိုတာကို သူနားလည်ထားသည်။ ဒါ့ကြောင့်ပင် သူက လက်ဝှေ့ယမ်းကာ ပြောလိုက်သည်… “အားလုံးအဆင့်သင်ဖြစ်ပြီဆိုရင် ငါတို့တွေ အတန်းအဆင့်သတ်မှတ်ချက်စာမေးပွဲကျင်းပမဲ့နေရာကို သွားကြမယ်…”

သူ့ရဲ့စကားသံဆုံးသွားသည့်အချိန်မှာ သူကနောက်လှည့်၍ ထွက်ခွာသွားခဲ့သလို ဇူယွမ်၊ စုယုဝေနဲ့ ကျန်သည့်ပါရမီရှင်အတန်းကျောင်းသားအားလုံးကလည်း သူနဲ့အတူလိုက်ပါသွားခဲ့ကြသည်။

အတန်းအဆင့်သတ်မှတ်ချက်စာမေးပွဲကျင်းပသည့်နေရာက တော်ဝင်ဇူကျောင်းတော်ရဲ့ မြောက်ဘက်တွင်ဖြစ်သည်။

ထိုနေရာတွင် ကြီးမားသည့်ကွင်းပြင်ကြီးတစ်ခုရှိနေသည်။ ကွင်းပြင်ထဲမှာ မြင့်မားသည့်စင်မြင့်ငါးခုကို ဆောက်လုပ်ထားရှိပြီး ၎င်းစင်မြင့်တွေကိုတော့ အတန်းအဆင့်သတ်မှတ်ချက်စင်မြင့်တွေလို့ သိကြသည်။

လက်ရှိအချိန်မှာ ကွင်းပြင်အနှံ့လူတွေဖြင့် ပြည့်နှက်နေလျက်ရှိသည်။ ကျောင်းတော်မှာတက်ရောက်နေကြသည့် ကျောင်းသားအားလုံးက လက်ရှိနေရာမှာရောက်ရှိနေခဲ့ကြသလို မြို့တော်အတွင်းမှ လာရောက်ကြည့်ရှူသူများပင် ရှိနေကြသည်။

ကွင်းပြင်ကြီးတစ်ခုလုံးကလည်း ဆူညံသံတွေဖြင့် ပြည့်နှက်နေပေသည်။

ဇူယွမ်နှင့် အခြားပါရမီရှင်အတန်းကျောင်းသားတွေကလည်း ကွင်းပြင်ထဲကို ရောက်ရှိလာခဲ့ပြီဖြစ်သည်။ သူတို့ရဲ့အကြည့်တွေက မြင့်မားတဲ့စင်မြင့်ကြီးငါးခုထံရောက်ရှိသွားခဲ့ကြပြီး အမြင့်ဆုံးစင်မြင့်ထံရောက်ရှိသည့်အခါ ရပ်တန့်သွားခဲ့ကြရသည်။ ထိုစင်မြင့်က အတန်းအားလုံးရဲ့ခေါင်းဆောင်နေရာကို ကိုယ်စားပြုပေသည်။

နှစ်စဉ်နှစ်တိုင်း အတန်းအားလုံးထဲမှ ပထမရတဲ့အတန်းရဲ့အလံကို ထိုစင်မြင့်ပေါ်မှာ စိုက်ထူထားသည်။

လက်ရှိမှာ အတန်းအားလုံးရဲ့ခေါင်းဆောင်စင်မြင့်ထက်တွင် အလံတစ်ခုက တဖျပ်ဖျပ်လှုပ်ခတ်နေလျက်ရှိပြီး ၎င်းအလံပေါ်တွင် ဒုတိယအတန်းဆိုသည့် စာသားကို ရေးထိုးထားပေသည်။

“ငါတို့ရဲ့ ပါရမီရှင်အတန်းက အတန်းအားလုံးရဲ့ခေါင်းဆောင်စင်မြင့်ကို နှစ်နှစ်ဆက်တိုက် ဆုံးရှုံးထားခဲ့ရတယ်…” ချူထျန်းယန်က ဘေးမှနေ၍ တိုးညှင်းစွာပြောလိုက်သည်။ အရင်က သူတို့ရဲ့အောင်မြင်မှုတွေကို ဒုတိယအတန်းက လွန်ခဲ့တဲ့နှစ်နှစ်အတွင်းမှာ လက်ဝါးကြီးအုပ်ရယူသွားခဲ့သည်။ သူတို့ရဲ့ အတန်းအားလုံးရဲ့ခေါင်းဆောင်ဆိုတဲ့ဂုဏ်ပုဒ်က နာမည်တစ်ခုအဖြစ်သာ ကျန်ရှိနေခဲ့ရ၏။

ဇူယွမ် သူ့ရဲ့နှုတ်ခမ်းကို တင်းတင်းစေ့ပိတ်လိုက်ခဲ့သလို သူ့ရဲ့မျက်နှာထားကလည်း တင်းမာသွားခဲ့ရသည်။ တကယ်လို့ ဒုတိယအတန်းက ဒီနှစ်အတန်းအဆင့်သတ်မှတ်ချက်စာမေးပွဲကို စိုးမိုးခြယ်လှယ်ချင်တယ်ဆိုရင် သူတို့တွေက သူ့ရဲ့လက်သီးကို ဦးစွာမေးရပေလိမ့်မည်။

နေလုံးကြီးက ကောင်းကင်ပေါ်ကို မြင့်တက်လာခဲ့သကဲ့သို့ အတန်းအဆင့်သတ်မှတ်ချက်စာမေးပွဲကျင်းပရာကွင်းပြင်ထဲမှာလည်း လူအုပ်ကြီးက ပိုမို၍များပြားလာခဲ့သည်။

“အရှင်မင်းကြီးနဲ့ မိဖုရားကြီးတို့ ကြွရောက်လာပြီ…”

ရုတ်တရက်ကျယ်လောင်တဲ့အသံတစ်ခုက ကွင်းပြင်ကိုဖြတ်၍ ထွက်ပေါ်လာခဲ့သည်။ ဇူချင်၊ ချင်ယုနဲ့ ယောင်ယောင်တို့က ပွဲကြည့်စင်ရဲ့အလယ်ဗဟိုမှာ ပေါ်ထွက်လာခဲ့ကြပြီး အမြင့်ဆုံးထိုင်ခုံတွေမှာ ဝင်ထိုင်လိုက်သည်ကို လူတိုင်းက မြင်တွေ့လိုက်ရသည်။

ဒီအတန်းအဆင့်သတ်မှတ်ချက်စာမေးပွဲက လွန်စွာမှပင်အရေးကြီးသည့်အတွက် ဇူချင်ကိုယ်တိုင်တောင် ကျောင်းတော်ထဲကို ရောက်ရှိလာခဲ့ရသည်။

“ချီဘုရင် ရောက်ရှိလာပြီ…”

ဇူချင်ရောက်ရှိပြီး မကြာမီမှာပင် နောက်ထပ်ကျယ်လောင်တဲ့အော်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။ များစွာသော စိတ်ဝင်တစားကြည့်နေကြတဲ့ အကြည့်တွေအောက်မှာပဲ အခြားတစ်နေရာမှ လူအုပ်စုတစ်ခုဝင်ရောက်လာသည်ကို လူတိုင်းမြင်တွေ့လိုက်ရသည်။

ဇူယွမ်ရဲ့မျက်လုံးတွေက ဝင်ရောက်လာသည့်လူအုပ်ထဲမှ အရာရှိဝတ်စုံဝတ်ဆင်ထားသည့် သက်လတ်ပိုင်းအရွယ်လူကြီးတစ်ယောက်ကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေမိသည်။ သူ့ရဲ့ခြေလှမ်းတွေက ကျားတစ်ကောင်ကဲ့သို့ သန်စွမ်းဖျတ်လတ်နေပြီး သူ့ရဲ့အမူအယာက အေးစက်တင်းမာနေကာ မျက်လုံးတွေက အလွန်အမင်းတောက်ပနေပေသည်။ သူ့ခန္ဓာကိုယ်မှ မမြင်နိုင်တဲ့ဖိအားတစ်ခုထွက်ပေါ်နေကာ ဘယ်သူမဆို သူ့ကိုမျက်နှာချင်းဆိုင် တိုက်ရိုက်ကြည့်ရဲလိမ့်မည်မဟုတ်ပေ။

“ချီဘုရင်… ချီယန်…” ချီယန်ကိုကြည့်နေသည့် ဇူယွမ်၏မျက်လုံးတွေက ကျဉ်းမြောင်းသွားခဲ့ရသည်။ ဒီလူက ဝူအင်ပါယာမှ လျှို့ဝှက်စွာစေလွှတ်ထားသည့် ဇူအင်ပါယာ၏ အကြီးမားဆုံးသစ္စာဖောက်တစ်ယောက်ဖြစ်သည်။

ချီဘုရင်က မူလစဦးအဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး ဇူအင်ပါယာအတွင်းရှိ စွမ်းအားမြင့်ကျင့်ကြံသူတွေထဲမှာတောင်မှ ထိပ်ပိုင်းတွင်ရှိပေသည်။

“ဒီနေ့ အတန်းအဆင့်သတ်မှတ်ချက်စာမေးပွဲက ချီဘုရင်အတွက်လည်း တော်တော်အရေးကြီးတဲ့ပုံပဲ…” ချူထျန်းယန်က အေးစက်စွာ မှတ်ချက်ချသည်။

ပွဲကြည့်စင်ရဲ့အလယ်မှာတော့ ချီယန်က ဇူချင့်ကို လက်နှစ်ဖက်ဆုပ်ကာ အရိုအသေပြုခဲ့သော်ငြား နှုတ်ဆက်စကားတစ်ခွန်းတစ်လေမျှ ပြောဆိုခဲ့ခြင်းမရှိပေ။

ဇူချင်ရဲ့အမူအယာက ပြောင်းလဲသွားခြင်းမရှိခဲ့ဘဲ ခေါင်းကိုသာ ညိတ်ပြလိုက်သည်။ တော်ဝင်ကလန်နှင့် ချီအိမ်တော်အကြားရန်လိုမုန်းတီးမှုတွေက ဒီနေ့မှာ ရှင်းရှင်းလင်းလင်းအဖြေပေါ်လာတော့မည်ဖြစ်သည်။

ဒုန်း… ဒုန်း…

ဇူချင်နဲ့ ချီယန်တို့ ရောက်ရှိလာခဲ့ပြီးနောက်မှာ ပြိုင်ပွဲအပေါ်စိတ်ဝင်စားမှုတွေက အထွတ်အထိပ်ကို ရောက်ရှိလာခဲ့ရသကဲ့သို့ စည်တော်တီးသံတစ်ခုက ကွင်းပြင်ကိုဖြတ်ကာ ထွက်ပေါ်လာခဲ့ရသည်။

“အတန်းအဆင့်သတ်မှတ်ချက်စာမေးပွဲစတင်ပြီ…”


Comment

Leave a Reply

Options

not work with dark mode
Reset