တောင်တန်းအတွင်းပိုင်း တောအုပ်ထဲ၌…
ဇူယွမ်က ကျောက်တုံးတစ်ခုပေါ်မှာရပ်နေခဲ့သလို ကြီးမားသည့် အစိမ်းရောင်ဝံပုလွေငါးကောင်က မာန်ဖီလျက်သူ့ကိုဝိုင်းရံထားသည်။
၎င်းတို့က လေဝိညာဉ်ဝံပုလွေများဖြစ်ကြပြီး အဆင့် ၁မူလမှော်သားရဲတွေဖြစ်၏။ သူတို့ရဲ့အားသာချက်က အမြန်နှုန်းဖြစ်ပြီး ၎င်းတို့ရဲ့သဘာဝအလျောက် အုပ်စုဖွဲ့နေထိုင်ကြကာ သူတို့နဲ့ရင်ဆိုင်နိုင်ဖို့က အလွန်အမင်းခက်ခဲလှသည်။ ဝင်ပေါက်ခုနှစ်ခုဖွင့်ထားနိုင်သည့် ကျင့်ကြံသူတွေတောင်မှ သူတို့ကို တတ်နိုင်သမျှရှောင်ရှားသွားကြရ၏။ သူတို့တွေကို ဒီနေရာတစ်ဝိုက်ရဲ့ အရှင်သခင်တွေလို့ပင် တင်စားခေါ်ဝေါ်နိုင်သည်။
သို့ရာတွင် ဇူယွမ်၏မျက်နှာပေါ်မှာ ကြောက်ရွံ့ထိတ်လန့်မှုတွေဖြစ်ပေါ်နေမည့်အစား စိတ်အားထက်သန်မှုအချို့ကို မြင်တွေ့ရသည်။
ဝှစ်…
လေဝိညာဉ်ဝံပုလွေတွေထဲမှတစ်ကောင်က စတင်ပြီးတိုက်ခိုက်လိုက်သည်။ အစိမ်းရောင်ပုံရိပ်တစ်ခုက အရိပ်တစ်ခုအလား ရှေ့ကိုတစ်ဟုန်ထိုးပြေးထွက်လာခဲ့ပြီး ချွန်ထက်တဲ့လက်သည်းတွေက လေထုကိုစုတ်ဖြဲ၍ ဇူယွမ်၏ကျောပြင်ပေါ်ကို အကြင်နာမဲ့စွာ ခုတ်ပိုင်းလိုက်သည်။
သို့ပေမဲ့လည်း ၎င်းရဲ့အငိုက်ဖမ်းတိုက်ခိုက်မှုက အကျိုးသက်ရောက်မှုမရှိခဲ့ပေ။ ဇူယွမ်ရဲ့ခန္ဓာကိုယ်က ရုတ်တရက်ပျောက်ကွယ်သွားခဲ့ရပြီး ချွန်ထက်တဲ့လက်သည်းတွေက လေထုကိုသာ ပိုင်းဖြတ်သွားခဲ့သည်။
ဘန်း…
ဇူယွမ်၏ တန်ပြန်တိုက်ခိုက်မှုက လျှပ်စီးလက်သွားသည့်အလား မြန်ဆန်လှသည်။ လက်သီးကိုတင်းတင်းဆုပ်လိုက်ပြီး ၎င်းရဲ့ပတ်လည်မှာလည်း ပြင်းထန်တဲ့မူလချီတွေ တစ်ဟုန်ထိုးထွက်ပေါ်လာခဲ့ရ၏။ လက်သီးတစ်ချက်က ဝံပုလွေ၏ခါးဆီသို့ တိုးဝင်သွားခဲ့ပြီး အရိုးကျိုးသံများထွက်ပေါ်လာကာ ထိုဝံပုလွေက နေရာမှာပင်သေဆုံးသွားခဲ့ရသည်။
အာဝူး…
၎င်းသေဆုံးသွားခဲ့တဲ့အချိန်မှာပင် အခြားကျန်တဲ့ဝံပုလွေလေးကောင်ရဲ့မျက်လုံးတွေက နီရဲသွားခဲ့ရပြီး စူးစူးဝါးဝါးမြည်ကြွေးလျက် ရှေ့ကိုပြေးထွက်လာခဲ့ကြသည်။
“သိုင်းပညာပုံစံ…”
ဇူယွမ် အားရပါးရရယ်မောလိုက်ပြီး ကျန်ရှိနေသည့်လေဝိညာဉ်ဝံပုလွေလေးကောင်ကို တိုက်ခိုက်လိုက်သည်။ သူက ကြီးမားလာသည့် ကောင်းကင်ယွမ်စုတ်တံကို ဆုပ်ကိုင်ထားလျက် လှံတစ်ချောင်းကဲ့သို့ အလျားလိုက်မွှေ့ယမ်းလိုက်သည့်အခါ ဝံပုလွေတစ်ကောင်က နောက်ဘက်သို့ ပြန်လည်လွင့်ထွက်သွားခဲ့ရသည်။
ဝှစ်… ဝှစ်…
တောအုပ်အတွင်းမှာ လူတစ်ယောက်က ဝံပုလွေလေးကောင်နှင့် အပြင်းအထန်တိုက်ခိုက်နေလျက်ရှိ၏။ ဇူယွမ်က သတ္တုလှံတံတစ်ချောင်းအလား လေးလံလှသည့် ကောင်းကင်ယွမ်စုတ်တံကို ကိုင်စွဲထားလျက် ၎င်းကိုရှေ့သို့ဝှေ့ယမ်းလိုက်သကဲ့သို့ ပြင်းထန်သည့်ဖျက်စီးအားတွေ ထုတ်လွှတ်နေခြင်းက ဝံပုလွေလေးကောင်စလုံး သူ့အနားကိုချဉ်းကပ်ဖို့ရန်မဖြစ်နိုင်စေခဲ့ပေ။
စုတ်တံရဲ့ထိပ်ဖျားရှိ နှင်းလိုဖြူဖွေးတဲ့အမွှေးတွေက အလွန်အမင်းထက်မြနေကာ ဝံပုလွေတစ်ကောင်ရဲ့ခန္ဓာကိုယ်ပေါ်ကို ကျရောက်သွားခဲ့တဲ့အကြိမ်တိုင်းမှာ နက်ရှိုင်းစွာထွင်းဖောက်သွားခဲ့သလို ဒဏ်ရာတွေမှလည်း သွေးတွေများစွာစီးကျလာခဲ့ရသည်။
တိုက်ပွဲက ပြင်းပြင်းထန်ထန်စတင်ခဲ့သလို လျင်မြန်စွာဖြင့် အဆုံးသတ်သွားခဲ့ရသည်။
မိနစ်များစွာကြာပြီးနောက်မှာ ဇူယွမ်က လက်ရှိနေရာမှာပင် ရပ်နေလျက်ရှိပြီး သူ့ရဲ့လက်ထဲမှ ကောင်းကင်ယွမ်စုတ်တံကိုလည်း မြေပြင်ပေါ်မှာ အနည်းငယ်စောင်း၍ ထောက်ထားလျက်ရှိသည်။ စုတ်တံ၏ထိပ်ဖျားမှ လတ်ဆတ်တဲ့သွေးတွေ တစ်စက်စက်နဲ့စီးကျနေသလို သူ့ပတ်ပတ်လည်မှ လေဝိညာဉ်ဝံပုလွေငါးကောင်၏အလောင်းတွေကလည်း တဖြည်းဖြည်းအေးစက်သွားခဲ့ရ၏။
ဇူယွမ်က အသက်ကိုဖြည်းညှင်းစွာရှူလိုက်ပြီး သူ့ရဲ့မျက်လုံးတွေထဲမှာ ထက်ရှတဲ့ဓားသွားတစ်ခုအလား ပြင်းထန်တဲ့အလင်းရောင်တစ်ခု တစ်ဟုန်ထိုးထွက်ပေါ်လာခဲ့သည်။ တောင်တန်းအတွင်းပိုင်းရှိသစ်တောထဲမှာ နှစ်လကြာလေ့ကျင့်မှုက ဇူယွမ့်ထံမှ ရက်စက်ကြမ်းကြုတ်တဲ့အရှိန်အဝါရေးရေးမျှကို ထွက်ပေါ်စေ၏။
“ရေးဆွဲခြင်းပုံစံ…”
သူ့လက်ထဲရှိ ကောင်းကင်ယွမ်စုတ်တံက တစ်ပေခန့်အရှည်ထိရောက်အောင် လျင်မြန်စွာကျုံ့ဝင်သွားခဲ့ပြီး ဇူယွမ်က သူ့ခါးကြားထဲကို ပြန်ထိုးထည့်လိုက်သည်။
သူ့ရဲ့မျက်လုံးတွေကျဉ်းမြောင်းသွားခဲ့ရကာ ခေါင်းကိုမော့လိုက်ပြီး သစ်ပင်တွေကြားထဲမှ ဖြတ်သန်းဝင်ရောက်လာတဲ့ နေရဲ့အလင်းစက်လေးတွေကိုကြည့်၍ ရေရွတ်လိုက်၏… “အတန်းအဆင့်သတ်မှတ်ချက်စာမေးပွဲစဖို့ ရက်နည်းနည်းပဲကျန်တော့တယ်… ဒီအချိန်က မြို့တော်ကို ပြန်ရမယ့်အချိန်ရောက်ပြီပဲ…”
သူက တောင်တန်းအတွင်းရှိ တောအုပ်ထဲမှာ နှစ်လကြာနေထိုင်လေ့ကျင့်ခဲ့ပြီး သူ့ရဲ့ငါးခုမြောက်စွမ်းအင်ဝင်ပေါက်ကို လွန်ခဲ့တဲ့တစ်လအကြာကပင် ဖွင့်နိုင်ခဲ့သည်။
သူ့အနေနဲ့ မူလမှော်သားရဲတွေအများအပြားနေထိုင်လျက်ရှိတဲ့ ဒီတောအုပ်ထဲကနေ ပြန်လည်ထွက်ခွာသွားတာနဲ့ သူ့ရဲ့ဝင်ပေါက်ဖွင့်သည့်အမြန်နှုန်းကျဆင်းသွားလိမ့်မည်ဖြစ်သည့်အတွက်ကြောင့် မြို့တော်ကိုမပြန်ခဲ့ခြင်းဖြစ်သည်။ ထိုအစား တောအုပ်အတွင်းမှာပဲ ဆက်လက်နေထိုင်ခဲ့ကာ မူလမှော်သားရဲတွေနဲ့ အဆက်မပြတ်တိုက်ခိုက်ခဲ့ပြီး သူ့ကိုယ်သူတိုးတက်အောင် လေ့ကျင့်နေခဲ့သည်။
သူက ခန္ဓာကိုယ်ကိုငုံ့ချလိုက်ကာ လေဝိညာဉ်ဝံပုလွေအလောင်းငါးလောင်းရဲ့ခေါင်းတွေထဲမှ မှော်သားရဲစိတ်ဝိညာဉ်တွေကို ထုတ်ယူလိုက်ပြီး နောက်လှည့်၍ တောအုပ်အပြင်သို့ ထွက်ခွာသွားခဲ့၏။ နာရီဝက်နီးပါးကြာပြီးနောက် သူက တောင်ကြားအတွင်းသို့ ပြန်လည်ရောက်ရှိလာသည်။
“ငါတို့တွေ ပြန်ကြတော့မလား…” ဇူယွမ်ပြန်လည်ရောက်ရှိလာတာကို ယောင်ယောင်မြင်လိုက်ရတဲ့အခါ သူ့အနေနဲ့ပြန်ဖို့အဆင်သင့်ဖြစ်နေတာကို သူမက သိရှိခဲ့ရသည့်အတွက် မေးလိုက်ခြင်းဖြစ်သည်။ အဲ့ဒီနောက်မှာ သူမခါးရှိ ဖြူဝင်းတဲ့အသားလေးတွေ ထွက်ပေါ်လာသည်အထိ သူမက ပျင်းရိလေးတွဲ့စွာဖြင့် အကြောဆန့်လိုက်သည်။
သူမအနေနဲ့ ဟိုးအရင်အချိန်တွေတုန်းက ကန်းယွမ်နဲ့အတူ ဘယ်သူမှမရှိတဲ့နေရာမှာ ကြာမြင့်စွာနေထိုင်ခဲ့ရသည့်အတွက် ဒီလိုဘဝမျိုးကို ကျင့်သားရနေခဲ့ပြီဖြစ်သည်။ ထို့ကြောင့်ပင် ဒီတောင်တန်းအတွင်းမှာ နှစ်လဆိုသည့်အချိန်က သူမအတွက်တော့ လွန်စွာမှပင် သက်တောင့်သက်သာရှိလှ၏။
ဇူယွမ်က ပြုံး၍ ခေါင်းညိတ်ပြလိုက်ပြီး လေချွန်သံပြုလုပ်လိုက်သည်။ အချိန်အနည်းငယ်အတွင်းမှာပင် လူဆယ်ယောက်ကျော်က တောအုပ်အတွင်းမှ ပျံသန်းထွက်ပေါ်လာခဲ့ကြသည်။ သူတို့တွေက သူ့ကို အရိပ်သဖွယ်ကာကွယ်စောင့်ရှောက်ပေးနေသည့် နန်းတော်အစောင့်အရှောက်များပင်ဖြစ်သည်။
“ခေါင်းဆောင်လုကို ငါတို့တွေ မြို့တော်ကိုပြန်ကြမယ်လို့ ပြောလိုက်…”
ဇူယွမ်က နန်းတော်အစောင့်အရှောက်တွေ ပြန်လည်ထွက်ခွာသွားတာကို ကြည့်နေလိုက်ပြီးမှ သူ့ရဲ့ခေါင်းကို နောက်ဘက်သို့လှည့်လိုက်သည်။ သူ့ရဲ့အကြည့်တွေက ထူထပ်တဲ့တောအုပ်ကြီးကို ဖောက်ထွင်းသွားကာ ဇူအင်ပါယာမြို့တော်ကို မြင်နေရသည့်အလား ကြည့်နေလျက်ရှိသည်။
“ချီယွဲ့က ခုနှစ်ခုမြောက်စွမ်းအင်ဝင်ပေါက်ကို ဖွင့်နိုင်ခဲ့ပြီလို့ အစောင်အရှောက်တွေ အရင်ရက်က သတင်းပို့ထားခဲ့တယ်… ဒီကောင်က စွမ်းရည်တချို့တော့ ရှိပုံပဲ…”
ဇူယွမ်နှုတ်ခမ်းကို တင်းတင်းစေ့ပိတ်လိုက်မိသလို သူ့ရဲ့မျက်လုံးတွေထဲမှာလည်း အေးစက်တဲ့အလင်းရောင်တွေ ထွက်ပေါ်လာခဲ့ရ၏။
သူတော်ဝင်ဇူကျောင်းတော်ကို ဝင်ရောက်ပြီးနောက်ပိုင်းမှာ ချီယွဲ့က သူ့ကိုအဆက်မပြတ်ဒုက္ခပေးခဲ့သလို ကျောက်စိမ်းဝိညာဉ်ရေတံခွန်မှာ လေ့ကျင့်စဉ်ကလည်း မသမာတဲ့နည်းလမ်းကို အသုံးပြုခဲ့ပေသည်။ မီးလျှံအလင်းကျင့်စဉ်ကို ဆုံးရှုံးခဲ့ရပြီးတဲ့နောက်မှာ ချီယွဲ့က သူ့ကို လက်စားချေဖို့အတွက် စုယုဝေကိုအသုံးချဖို့တောင် ကြိုးစားခဲ့သေးသည်။
ဒီအပြုအမူတွေကြောင့် ဇူယွမ်၏လူသတ်ချင်စိတ်တွေက မြင့်တက်လာခဲ့ရသည်။
“အတိတ်တုန်းကတော့ ငါ့မှာဒီအခွင့်အရေးမရှိခဲ့ဘူး… ဒါပေမဲ့ အတန်းအဆင့်သတ်မှတ်ချက်စာမေးပွဲမှာတော့… ချီယွဲ့… မင်းနဲ့ငါ့ရဲ့ ရန်ကြွေးတွေကို သေချာပေါက်ဖြေရှင်းရမယ့် အချိန်ရောက်လာပြီ…”
…
ဇူအင်ပါယာ တော်ဝင်နန်းတော်အတွင်း…
ဇူယွမ် နန်းတော်ကို ပြန်ရောက်သည့်အချိန်မှာ ဇူချင်နဲ့ ချင်ယုတို့ အပြေးအလွှားရောက်လာခဲ့ကြသည်။
ဇူယွမ်ကိုမြင်လိုက်ရသည့်အခါ ချင်ယုက ရှေ့ကိုလျင်မြန်စွာလျှောက်လှမ်းလာခဲ့ပြီး သူ့ရဲ့ပခုံးတွေကိုဆုပ်ကိုင်၍ ကြင်နာစွာပြော၏… “ငါ့ရဲ့ကလေး… မင်းထွက်သွားပြီးကတည်းက အချိန်တော်တော်ကြာတဲ့ထိအောင် ပြန်မလာခဲ့ဘူးနော်… ကြည့်ပါဦး တော်တော်လေးကို ပိန်သွားခဲ့တာပဲ…”
လက်ရှိဇူယွမ်ရဲ့ပုံစံက တောထဲမှာရင်ဆိုင်ကြုံတွေ့ခဲ့ရတာတွေကြောင့် ယခင်ထက်စာရင် ပိုမိုကျစ်လစ်လာခဲ့ခြင်းသာဖြစ်ပြီး ချင်ယုပြောသလို ပိန်သွားခဲ့ခြင်းတော့မဟုတ်ခဲ့ချေ။
ဇူယွမ်ကပြုံး၍ ချင်ယုကို ပွေ့ဖက်လိုက်သည်။ အနည်းငယ်နှစ်သိမ့်ချော့မော့ခဲ့ပြီးနောက်မှာ သူက ယောင်ယောင့်ကို ချင်ယုနဲ့အတူထားခဲ့ကာ ဇူချင်နဲ့အတူ အဝေးကိုလျှောက်သွားခဲ့လိုက်သည်။
“သားရဲ့ ငါးခုမြောက်စွမ်းအင်ဝင်ပေါက်ကို ဖွင့်နိုင်ခဲ့ပြီလား…” ဇူချင်က ဇူယွမ်ကို ပြုံး၍ကြည့်လိုက်ပြီး မေးသည်။
ဇူယွမ် ခေါင်းကိုသာ ညိတ်ပြလိုက်သည်။
“လုတိန်ရှန်းက ဘာတွေဖြစ်ခဲ့လဲဆိုတာ အဖေ့ကို ပြန်ပြောခဲ့တယ်… ချီယွဲ့က သားအပေါ် ပစ်မှတ်ထားလိမ့်မယ်လို့ အဖေမထင်ခဲ့မိဘူး…” ဇူချင်ရဲ့မျက်နှာပေါ်မှာ အေးစက်မှုတွေက နေရာယူသွားခဲ့သည်။
လွန်ခဲ့တဲ့နှစ်တွေအတွင်းမှာ သူက ချီအိမ်တော်ရဲ့အပြုအမူတွေနဲ့ ပတ်သက်လို့ သည်းခံခဲ့ပေမဲ့ အခုချိန်မှာ သူတို့က အကြောက်အရွံ့မရှိ ပြုလုပ်လာခဲ့ကြပြီဖြစ်သည်။ သို့ပေမဲ့လည်း သူ့အနေနဲ့ ဒါကိုပြုလုပ်ဖို့က အခက်အခဲအနည်းတော့ရှိပေသည်။ တကယ်လို့သူကသာ ချီအိမ်တော်ကို လုံးဝချေမှုန်းလိုက်မယ်ဆိုရင် ဒါက သူတို့ဇူအင်ပါယာအနေဖြင့် စစ်ပွဲတစ်ခုကို လက်ယပ်ခေါ်လိုက်သလို ဖြစ်သွားရပေလိမ့်မည်။ ဒီအရာက သူတို့ကို အဓိကထိခိုက်နာကျင်စေရလိမ့်မည်ဖြစ်သလို ဇူအင်ပါယာအတွက်လည်း ကြီးမားသည့်အန္တရာယ်တစ်ခုလည်း ဖြစ်သွားပေလိမ့်မည်။
ဇူယွမ် အခုလိုမျိုးတိုက်ခိုက်ခံခဲ့ရတဲ့အတွက် သူက သူ့ကိုယ်သူသာ အပြစ်တင်မိပေသည်။ သူသာ အသုံးကျတဲ့အဖေတစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင် ဇူယွမ်လည်း ခုလိုမျိုးအန္တရာယ်တွေကြားထဲ ကျရောက်သွားလိမ့်မည်မဟုတ်ပေ။
ဇူယွမ်က သူ့အဖေဘာကြောင့် တိတ်ဆိတ်သွားခဲ့ရလဲဆိုတာကို ကောင်းစွာသိ၏။ သူကပြုံးလိုက်ပြီး ဝတ်စုံထဲမှ မီးလျှံအလင်းကျင့်စဉ်ကို ထုတ်ယူလိုက်ရင်းမှ ပြောလိုက်သည်… “အရမ်းကြီး စိတ်ပူမနေပါနဲ့အဖေ… ကျွန်တော်က ဒီတစ်ကြိမ်မှာ ဆုံးရှုံးသွားရတဲ့သူ မဟုတ်ခဲ့ဘူး…”
“မီးလျှံအလင်းကျင့်စဉ်လား… ဒါက တကယ်ပဲ သားလက်ထဲမှာ ရှိနေခဲ့တာလား…” ဇူချင်တစ်ယောက်အံ့အားသင့်သွားခဲ့ရပေမဲ့ မကြာမီမှာပဲ သူက ဟက်ဟက်ပက်ပက်ရယ်မောလိုက်မိသည်။ ချီအိမ်တော်က ဒီကျင့်စဉ်နဲ့ပတ်သက်လို့ မြို့တော်အတွင်းမှာ နေရာလပ်မကျန်အောင် လိုက်လံရှာဖွေနေတာကို သူလည်းပဲသတိပြုမိသည်။
“ဒါက သူတို့ကို ပထမဆုံးအနေနဲ့ နည်းနည်းလောက်ပေးဆပ်စေခဲ့တာပဲ… ချီယွဲ့နဲ့ပတ်သက်လို့ကတော့ အဖေမစိုးရိမ်ပါနဲ့… နောက်သုံးရက်နေရင်ပြုလုပ်မဲ့ အတန်းအဆင့်သတ်မှတ်ချက်စာမေးပွဲကျရင် ကျွန်တော်တို့နှစ်ယောက်ကြားက ရန်ကြွေးတွေကို ကျွန်တော်သေချာပေါက်ဖြေရှင်းသွားမှာပါ…”
ဇူယွမ်၏အမူအယာက တည်ငြိမ်မှုရှိနေပြီး သူ့ရဲ့ယုံကြည်မှုအပြည့်ရှိတဲ့လေသံက ဇူချင့်အတွက်တော့ ကျေနပ်ပီတီဖြစ်သွားစေရကာ သူကခေါင်းကို ညိတ်ပြလိုက်သည်။ တောထဲမှာ နှစ်လကြာသွားရောက်လေ့ကျင့်ခဲ့ပြီးနောက်တွင် ဇူယွမ်ရဲ့ပုံစံက ဓားအိမ်ထဲကဆွဲထုတ်လိုက်သည့် ဓားတစ်ချောင်းအလား ထက်ရှလာခဲ့ရသည်။
ဇူချင်က ဖြည်းညှင်းစွာပြောသည်… “လာမဲ့အတန်းအဆင့်သတ်မှတ်ချက်စာမေးပွဲက အရမ်းကိုအရေးကြီးတယ်… တကယ်လို့ ပါရမီရှင်အတန်းက ဒီတစ်ကြိမ်ဒုတိယအတန်းကို ထပ်ပြီးရှုံးခဲ့ရမယ်ဆိုရင် ကျောင်းအုပ်နေရာက ချီအိမ်တော်ရဲ့လက်ထဲကို ကျရောက်သွားရလိမ့်မယ်… သူတို့အားလုံးရဲ့ နှစ်ပေါင်းများစွာကြံစည်လာခဲ့တဲ့အစီအစဉ်တွေက အဲ့ဒီရက်မျိုးကို ရောက်လာနိုင်ဖို့အတွက်ပဲ…”
ဇူယွမ် ခေါင်းညိတ်ပြလိုက်သည်။ သူ့အနေနဲ့ လာမဲ့အတန်းအဆင့်သတ်မှတ်ချက်စာမေးပွဲရဲ့အရေးကြီးမှုကို ကောင်းစွာနားလည်နိုင်ပေသည်။ ၎င်းက အတန်းနှစ်ခုကြား ပြိုင်ပွဲရဲ့ရလဒ်က ဇူအင်ပါယာတော်ဝင်ကလန်နဲ့ ချီအိမ်တော်နှစ်ခုစလုံးအပေါ် အမှန်တကယ်အကျိုးသက်ရောက်မှု ရှိစေလိမ့်မည်ဖြစ်သည်။
အတိတ်တုန်းက သူ့ရဲ့စွမ်းအင်ဝင်ပေါက်တွေကို ရှာမတွေ့နိုင်ခဲ့သည့်အတွက် ဒီကိစ္စအတွက် များစွာအကူအညီပေးနိုင်ခြင်းမရှိခဲ့ပေ။ ဒါပေမဲ့ လက်ရှိအချိန်မှာ သူက ဝင်ပေါက်ငါးခုဖွင့်ထားနိုင်ပြီဖြစ်သည့်အတွက် ချီအိမ်တော်အနေနဲ့ တော်ဝင်ဇူကျောင်းတော်ကို ရယူဖို့ရည်ရွယ်ထားတယ်ဆိုရင် သူ့ထံမှခွင့်ပြုချက်ကို အရင်ဆုံးမေးမြန်းရပေလိမ့်မည်။
ဇူယွမ်ရဲ့မျက်လုံးတွေ ကျဉ်းမြောင်းသွားခဲ့ရသလို အသက်ကိုပြင်းစွာရှူလိုက်မိသည်။ ဒီနေ့အတွက်ကို သူက လပေါင်းများစွာ ခါးခါးသီးသီးလေ့ကျင့်ခဲ့ရသည်။