နောက်ပိုင်းရက်တွေမှာ ဇူယွမ်က သားရဲသုံးဆယ့်ခြောက်ကောင်ဝင်ပေါက်ဖွင့်ခြင်းမှော်စာလုံး၏ အကူအညီဖြင့် ဝင်ပေါက်အတားအဆီးကို ချိုးဖျက်နိုင်ဖို့ရန် နေ့စဉ်အားလပ်ချိန်မရှိအောင် ကြိုးစားလေ့ကျင့်ခဲ့သည်။ ဒီဝင်ပေါက်ဖွင့်ခြင်းမှော်စာလုံးက အရမ်းအန္တရာယ်များပေမဲ့လည်း ၎င်းရဲ့အကျိုးသက်ရောက်မှုက မယုံနိုင်စရာကောင်းလောက်အောင် ကြီးမားလှသည်။
ကုန်လွန်ခဲ့တဲ့ရက်အနည်းငယ်အတွင်းမှာပင် ဇူယွမ်၏ ငါးခုမြောက်စွမ်းအင်ဝင်ပေါက်အတားအဆီးက အဆက်မပြတ်ပင် လျော့ပါးလာခဲ့ရသည်။
ဒီနှုန်းအတိုင်းသာ ဆက်သွားမယ်ဆိုရင် သူ့ရဲ့ငါးခုမြောက်စွမ်းအင်ဝင်ပေါက်က သိပ်မကြာလှတော့တဲ့ အချိန်ကာလတစ်ခုအတွင်းမှာပင် အလုံးစုံပွင့်သွားပေလိမ့်မည်ဖြစ်သည်။
သို့ပေမဲ့လည်း ဒီနေရာမှာ အခက်အခဲအနည်းငယ်နဲ့ ကြုံတွေ့လာခဲ့ရသည်။ ဇူယွမ် ဒုက္ခသုက္ခခံပြီးစုဆောင်းထားသည့် မှော်သားရဲနှလုံးသွေးတွေက ငါးရက်တာလေ့ကျင့်ဖို့အတွက်သာ လုံလောက်ပေသည်။ ဒါ့ကြောင့်ပင် သူ့မှာရွေးချယ်စရာမရှိခဲ့ဘဲ လိုအပ်တဲ့နှလုံးသွေးတွေကို ထပ်မံရရှိနိုင်ဖို့ ဇူယွမ့်အနေဖြင့် ရက်အများစုအား အဆင့် ၁မူလမှော်သားရဲတွေကို အမဲလိုက်သည့်နေရာမှာ အသုံးပြုခဲ့ရသည်။
မျက်စိတစ်မှိတ်အချိန်အတွင်းမှာပင် တောင်တန်းထဲရှိတောအုပ်အတွင်းမှာ ဆယ်ရက်တာအချိန်ကာလက လျင်မြန်စွာပဲ ကုန်ဆုံးသွားခဲ့သည်။
…
ဘန်း…
တောအုပ်အတွင်းမှာ ဇူယွမ်က မူလမှော်သားရဲတစ်ကောင်ကို သတ်ပြီးရုံပင်ရှိသေးသည် နောက်ထပ်တစ်ကိုယ်လုံးသွေးနီရောင်လွှမ်းနေသည့် ကြီးမားသည့်သတ္တဝါတစ်ကောင်၏ တိုက်ခိုက်မှုနှင့် ဆက်လက်ရင်ဆိုင်နေခဲ့ရသည်။ ၎င်းသတ္တဝါက လွန်စွာမှပင်ရက်စက်ကြမ်းကြုတ်လှပြီး ၎င်းရဲ့အပြင်းအထန်တိုက်ခိုက်မှုတွေကို ဇူယွမ့်အနေဖြင့် ရှောင်ရှားနိုင်ဖို့ရန်အတွက် အခြားရွေးချယ်စရာမရှိခဲ့ဘဲ သူ့ရဲ့ခြေထောက်တွေကို မြေပြင်ပေါ်ဆောင့်နင်းလိုက်ကာ ကြီးမားသည့်သစ်ပင်ကြီးပေါ်ရှိ သစ်ကိုင်းတစ်ခုပေါ်သို့ တက်ရောက်၍ ရှောင်တိမ်းခဲ့လိုက်ရသည်။
ဇူယွမ်အဝေးကို ထွက်ပြေးသွားပြီးနောက်မှာ ကြီးမားတဲ့သားရဲကြီးရဲ့ ရက်စက်ကြမ်းကြုတ်လှတဲ့အကြည့်တွေက ဇူယွမ့်ထံမှ လွှဲဖယ်သွားခဲ့သလို ၎င်းရဲ့ခေါင်းကို ငုံ့ချလိုက်ပြီး မြေပြင်ပေါ်ရှိ ဇူယွမ်သတ်ခဲ့သည့် မှော်သားရဲအလောင်းအား အဝေးကိုဆွဲယူသွားခဲ့သည်။
“ဒီသတ္တဝါစုတ်က တော်တော်ဒေါသကြီးတာပဲ…”
သစ်ပင်ရဲ့အပေါ်မှာရှိတဲ့ဇူယွမ်က ဒီမြင်ကွင်းကိုမြင်လိုက်ရသည့်အခါ ကူကယ်ရာမဲ့စွာဖြင့်ပင် ကျိန်ဆဲလိုက်မိသည်။ သို့ပေမဲ့လည်း သူ့အနေဖြင့် ဒီကြီးမားတဲ့သွေးနီရောင်သတ္တဝါကြီးကို ဘာတစ်ခုမှလုပ်နိုင်စွမ်းမရှိသလို ရင်ဆိုင်တိုက်ခိုက်ဖို့လည်း နည်းလမ်းမရှိပေ။
ဒီမှော်သားရဲကို မီးလျှံကြံ့လို့သိကြပြီး ၎င်းကအဆင့် ၁မူလမှော်သားရဲတစ်ကောင်ပင်ဖြစ်သည်။ သို့ပေမဲ့လည်း ၎င်းက အခြားအဆင့် ၁မူလမှော်သားရဲတွေနှင့်ယှဉ်လျင် အလွန်ပင်ရင်ဆိုင်ရခက်ခဲပေသည်။ ၎င်းရဲ့ခွန်အားက ဝင်ပေါက်ခြောက်ခုဖွင့်ထားနိုင်သည့် လူသားကျင့်ကြံသူတစ်ယောက်နဲ့ နှိုင်းယှဉ်နိုင်သလို သူ့ရဲ့ခံစစ်စွမ်းရည်ကလည်း ဝင်ပေါက်ခုနှစ်ခုဖွင့်ထားနိုင်သည့် ကျင့်ကြံသူတစ်ယောက်နှင့်ပင် ယှဉ်နိုင်စွမ်းရှိသည်။ ၎င်းရဲ့ရက်စက်ကြမ်းကြုတ်လှတဲ့စွမ်းအားက ၎င်းကို ဒီအနီးအနားပတ်ဝန်းကျင်တစ်ဝိုက်မှာ စိတ်ကြိုက်မင်းမူစိုးမိုးနိုင်စွမ်းရှိစေသည်။
ဇူယွမ်ရဲ့ နဂါးလက်ဝါးဖြင့်တောင်မှ ဒီမူလမှော်သားရဲ၏ ခံစစ်စွမ်းရည်ကို ကျော်ဖြတ်နိုင်ခြင်းမရှိခဲ့သလို ကောင်းကင်ယွမ်စုတ်တံဖြင့်တိုက်ခိုက်မှုကလည်း ၎င်းကို သွေးအနည်းငယ်ထွက်စေရုံသာ စွမ်းဆောင်နိုင်ခဲ့ကာ ဒဏ်ရာကြီးကြီးမားမားရရှိအောင် မပြုလုပ်နိုင်ခဲ့ပေ။
ဒါ့ကြောင့်ပဲ ဇူယွမ်က မီးလျှံကြံ့နှင့်ထိပ်တိုက်ရင်ဆိုင်ဖို့ထက် ၎င်းကိုရှောင်တိမ်းဖို့အတွက်သာ ရွေးချယ်ခဲ့ရသည်။ ဒါပေမဲ့လည်း ၎င်းကပိုမိုလွန်ကဲလာခဲ့ပြီး ဒီနေ့သူသတ်ထားသည့် မှော်သားရဲကောင်ကိုတောင်မှ လုယူသွားခဲ့သည်။
ဇူယွမ့်အနေဖြင့် ဒီပတ်ဝန်းကျင်မှာ မူလမှော်သားရဲတွေကို အဆက်မပြတ်အမဲလိုက်နေခဲ့သည့်အတွက်ကြောင့် သူက အခုချိန်မှာ မီးလျှံကြံ့ရဲ့ ပစ်မှတ်ဖြစ်သွားခဲ့ရသည့်ပုံပင်။
“ငါက မှော်သားရဲတစ်ကောင်ရဲ့ အနိုင်ကျင့်ခြင်းကိုတောင် ခံနေခဲ့ရတာပဲ…”
ဇူယွမ်တစ်ယောက် ငိုရမလား ရယ်ရမလားပင် မသိတော့ချေ။ ဒါပေမဲ့ သူသိတဲ့တစ်ခုတည်းသောအရာက အခုချိန်ဒီနေရာမှာ ဆက်မနေတော့ဖို့ပင်။ ထို့ကြောင့်ပင် သူကဆုံးဖြတ်ချက်ချလိုက်ပြီး သစ်ပင်ကြီးပေါ်မှာ ခြေတစ်ချက်ဆောင့်လိုက်၍ သစ်ပင်တစ်ပင်ပေါ်မှ အခြားတစ်ပင်ပေါ်သို့ဆက်တိုက်ခုန်ကူးလိုက်ပြီး တောအုပ်အပြင်ဘက်ရှိ သူတို့နေထိုင်ရာတောင်ကြားသို့ အလျင်အမြန်ပဲပြေးလွှားထွက်ခွာသွားခဲ့လိုက်သည်။
တောင်ကြားအတွင်းမှာရှိနေသည့်ယောင်ယောင်က ဇူယွမ်တစ်ယောက် လက်ဗလာဖြင့်ပြန်လာသည်ကို မြင်လိုက်ရတဲ့အခါ နည်းနည်းတော့အံ့အားသင့်သွားခဲ့ရသည်။
ယောင်ယောင်ရဲ့အကြည့်ကို မြင်လိုက်ရသဖြင့် ဇူယွမ်က ကို့ရို့ကားရားနိုင်စွာ ရှင်းပြလိုက်ရသည်… “ငါက မီးလျှံကြံ့တစ်ကောင်ရဲ့ လုယူခြင်းခံလိုက်ရတယ်…”
ယောင်ယောင်က ဒါကိုကြားလိုက်ရသည့်အခါ သူမရဲ့အပြုံးကို မထိန်းချုပ်နိုင်ခဲ့ပေ။
“မီးလျှံကြံ့မှာ သန်မာတဲ့ခုခံမှုစွမ်းရည်ရှိပြီးတော့ ဝင်ပေါက်ခုနှစ်ခုဖွင့်ထားနိုင်တဲ့ကျင့်ကြံသူတွေတောင်မှ အဲ့ဒီအကောင်နဲ့ရင်ဆိုင်ရရင် ဒုက္ခရောက်သွားနိုင်တယ်… နင်က ကောင်းကင်ယွမ်စုတ်တံကို အဆင့်မြင့်မူလလက်နက်အဆင့်ကို ရောက်အောင်လုပ်နိုင်မယ်ဆိုရင် သူ့ရဲ့ခံစစ်ကို သေချာပေါက်ချိုးဖျက်နိုင်လိမ့်မယ်…”
ဇူယွမ် ခေါင်းညိတ်လိုက်သည်။ သူ့အနေနဲ့ ကောင်းကင်ယွမ်စုတ်တံကို နေ့စဉ်စွမ်းအားပြန်လည်ဖြည့်တင်းပေးနေသော်ငြား ၎င်းရဲ့ဒုတိယမြောက်ရှေးဟောင်းမူလမှော်စာလုံးကို လင်းလက်လာအောင် လုပ်ဆောင်နိုင်စွမ်းမရှိသေးပေ။
ယောင်ယောင်ရဲ့ နှုတ်ခမ်းထောင့်စွန်းက အနည်းငယ်ကွေးညွှတ်သွားခဲ့ရပြီးမှ ပြောလိုက်သည်… “နင်အနေနဲ့ မီးလျှံကြံ့ကို ရင်ဆိုင်ဖို့နည်းလမ်းမစဉ်းစားနိုင်ဘူးဆိုရင် နင်က နေရာမပြောင်းဘဲနဲ့ နောက်ထပ်မူလမှော်သားရဲတွေ ထပ်အမဲလိုက်နိုင်ခြင်းမရှိမှာကို ငါစိုးရိမ်မိတယ်…”
ဇူယွမ်ရဲ့ နှုတ်ခမ်းက မဲ့ရွဲ့သွားခဲ့ရ၏။ ကြံ့တစ်ကောင်ရဲ့ အဝေးကိုမောင်းထုတ်မှုခံရတာလား။ သူ့အနေနဲ့ အမှန်တကယ်ကို ဒီလိုအရှက်ရစရာကောင်းတဲ့ အပြုအမူမျိုးမလုပ်နိုင်ပေ။ ဒါ့ကြောင့်ပင် သူက ၎င်းနဲ့ရင်ဆိုင်နိုင်မယ့်နည်းလမ်းအချို့ကို စဉ်းစားတွေးတောလာခဲ့ရသည်။
“နဂါးလက်ဝါးက ပြင်းထန်ပြီးကြမ်းတမ်းပေမဲ့လည်း ဒီလိုမျိုးမြင့်မားတဲ့ခုခံစွမ်းရည်ရှိသည့် မူလမှော်သားရဲတစ်ကောင်နဲ့ ရင်ဆိုင်တွေ့ရချိန်မှာတော့ ၎င်းက အနည်းငယ်အားနည်းသွားခဲ့ရပေသည်…” ဇူယွမ်ရဲ့မျက်လုံးတွေထဲမှာ အတွေးနက်နေဟန် ထင်ဟပ်လာခဲ့သည်။ သူ့အနေနဲ့ သူ့ရဲ့တိုက်ခိုက်မှုစွမ်းရည်ကို တိုးမြှင့်ပေးနိုင်မယ့် မူလကျင့်စဉ်တစ်ခုလေ့ကျင့်ရန် လိုအပ်လာခဲ့ရသည်။
သူ့ရဲ့အတွေးတွေက ဒီအချက်ကိုတွေးလိုက်မိသည့်အခါ သူ့ရဲ့လက်တွေက ရုတ်တရက် အင်္ကျီလက်အတွင်းမှာထည့်ထားသည့် ကျောက်စိမ်းစာလိပ်ကို ဆုပ်ကိုင်လိုက်မိသည်။ ၎င်းက လွန်ခဲ့တဲ့ရက်တုန်းက သူရရှိခဲ့သည့် မီးလျှံအလင်းကျင့်စဉ်ပင်ဖြစ်သည်။
“ချီအိမ်တော်က အရမ်းကိုတန်ဖိုးထားရတဲ့ ဒီကျင့်စဉ်ကို ငါထုတ်ကြည့်သင့်တယ်…”
ဇူယွမ်က သူကိုယ်တိုင်ထိုင်ချလိုက်သလို မူလချီတွေကိုလည်း စာလိပ်အတွင်း ပို့လွှတ်လိုက်သည်။ ချက်ချင်းဆိုသလိုပင် အလင်းရောင်တစ်ခု ထွက်ပေါ်လာခဲ့ပြီး သူ့ရှေ့ကလေထဲမှာ လင်းလက်တောက်ပလာသကဲ့သို့ စာလုံးတွေကလည်း စတင်၍စီးမြောလာခဲ့သည်။
ဇူယွမ်က စာလုံးတွေအပေါ်မှာသာ အာရုံစိုက်ထားမိလိုက်သည်။ ထိုစာလုံးတွေက မီးလျှံအလင်းကျင့်စဉ်အတွက် မိတ်ဆက်အကြောင်းအရာနှင့် ကျင့်ကြံခြင်းနည်းလမ်းတွေပင်ဖြစ်သည်။
“အိုး… ဒီမီးလျှံအလင်းကျင့်စဉ်က နည်းနည်းတော့ထူးခြားတာပဲ…” ဇူယွမ်က မီးလျှံအလင်းကျင့်စဉ်ရဲ့ ကျင့်ကြံခြင်းနည်းလမ်းထဲမှာ နစ်မြှုပ်နေစဉ်မှာပင် အံ့အားသင့်စွာပြောလိုက်သည့်အသံတစ်ခုကို ကြားလိုက်ရသည်။ သူ့ရဲ့ခေါင်းကိုလှည့်ကြည့်လိုက်သည့်အခါ ယောင်ယောင်က သူ့ဘေးမှာရပ်နေလျက်ရှိတာကို တွေ့လိုက်သည်။ သူမရဲ့တောက်ပနေတဲ့မျက်လုံးတစ်စုံက အလင်းမျက်နှာပြင်ပေါ်မှာ ကော်နဲ့ကပ်ထားသည့်အလား စိုက်ကြည့်နေလျက်ရှိသည်။
ဇူယွမ် ခေါင်းညိတ်ပြလိုက်မိသည်။ ဒါကိုကြည့်ပြီးတဲ့နောက်မှာ သူက မီးလျှံအလင်းကျင့်စဉ်ရဲ့ သဘောတရားတွေကို သိရှိခဲ့ရပြီးဖြစ်သည်။ အခြေခံအားဖြင့် ဒီကျင့်စဉ်က ထူးခြားတဲ့နည်းလမ်းတစ်ခုကို အသုံးပြုကာ စွမ်းအင်ဝင်ပေါက်တွေထဲက မူလချီတွေကို အဆက်မပြတ်ဖိနှိပ်၍ ၎င်းတို့ကို စုစည်းစေခြင်းပင်ဖြစ်သည်။
အဆက်မပြတ်ဖိနှိပ်ခံရပြီးတဲ့နောက်မှာ မူလချီတွေက များပြားစွာစုစည်းသွားမိလိမ့်မည်ဖြစ်ကာ ၎င်းက အံ့အားသင့်စရာကောင်းလောက်အောင်ပြင်းထန်တဲ့အင်အားနှင့် ထိုးဖောက်နိုင်တဲ့စွမ်းအားတွေကို ပေးစွမ်းပေလိမ့်မည်။
ဇူယွမ်အံ့အားသင့်စွာနဲ့ပဲ ချီးကျူးလိုက်မိသည်… “အနက်ရောင်အဆင့်မူလကျင့်စဉ်ဆိုတဲ့အတိုင်းပဲ… ဒီကျင့်စဉ်ရဲ့ ထူးခြားနက်နဲမှုက သာမန်အဆင့်မူလကျင့်စဉ်တွေထက် တော်တော်ကြီးကိုသာလွန်တာပဲ…”
ယောင်ယောင်ရဲ့မျက်လုံးတွေထဲမှာ တွေးတောနေသည့်ဟန်တွေ ထွက်ပေါ်လာခဲ့ပြီး သူမကပြောသည်… “ဒီကျင့်စဉ်က နည်းနည်းတော့ စိတ်ဝင်စားဖို့ကောင်းတာပဲ… ဒါကိုကြည့်ရင် ရိုးရှင်းတယ်လို့ထင်ရပေမဲ့ မူလချီတွေကို အကန့်အသတ်ရောက်တဲ့အထိ ဖိနှိပ်နိုင်ဖို့က အရမ်းကိုထူးဆန်းတဲ့နည်းလမ်းတစ်ခုကို အသုံးပြုရတယ်…”
“ဒီမီးလျှံအလင်းကျင့်စဉ်ရဲ့ အမှန်တကယ်အဆင့်က အဆင့်နိမ့်အနက်ရောင်အဆင့်မဖြစ်သင့်ဘူး… ဒါပေမဲ့ ဒီကျင့်စဉ်က နည်းနည်းမပြည့်စုံသလိုပဲ…”
“မပြည့်စုံဘူးလား…” ဇူယွမ်၏နှလုံးက အနည်းငယ်လှုပ်ရှားသွားသည်… “ဒီမီးလျှံအလင်းကျင့်စဉ်ကို ဝူအင်ပါယာက ချီဘုရင်အတွက် ပေးထားခဲ့တာ… ဒါဆိုသူတို့က ချီဘုရင်ကို ပြည့်စုံတဲ့ကျင့်စဉ်ပေးခဲ့တာမဟုတ်ဘူးပေါ့…”
ယောင်ယောင် ခေါင်းညိတ်ပြလိုက်သည်… “နင်က ဒီကျင့်စဉ်ကိုလေ့ကျင့်နိုင်တယ်… ဒါပေမဲ့ နင်သိထားရမှာက စွမ်းအင်ဝင်ပေါက်တွေထဲက မူလချီတွေကို အလွန်အမင်းဖိနှိပ်မှုက သူတို့တွေကို အရမ်းဝန်ထုပ်ဝန်ပိုးဖြစ်စေလိမ့်မယ်… ဒါ့အပြင် ကြီးမားတဲ့ပမာဏတစ်ခုအထိရောက်အောင် စုစည်းတာက နင့်ကိုယ်နင်ထိန်းချုပ်နိုင်မှုဆုံးရှုံးသွားနိုင်သလို နင့်ရဲ့စွမ်းအင်ဝင်ပေါက်တွေကိုလည်း ပျက်စီးသွားစေနိုင်တယ်…”
ဇူယွမ့်အနေနဲ့ ဒါကိုကြားလိုက်ရသည့်အခါ ပြုံး၍သာနေလိုက်သည်။ စွမ်းအင်ဝင်ပေါက်တွေရဲ့ ထိခိုက်ခံနိုင်မှုနဲ့ပတ်သက်လို့ သူနဲ့တန်ခိုးအဆင့်တူတဲ့လူတွေထဲမှာ သူ့ထက်ပိုကောင်းတဲ့လူကို ရှာတွေ့နိုင်ဖို့က အလွန်ပင်ခက်ခဲလှပေသည်။ ဒါ့အပြင် သူက သဘာဝအတိုင်းဝင်ပေါက်ရှစ်ခုစလုံးပွင့်လျက် မွေးဖွားလာခဲ့သူဖြစ်သည်။ သူတို့တွေက ရုတ်တရက်ပိတ်ဆို့သွားခဲ့ရပေမဲ့ သန်မာတဲ့အခြေခံကတော့ ကျန်ရှိနေတုန်းပင်။
“အဲ့ဒါဆို ငါဒီမီးလျှံအလင်းကျင့်စဉ်ကို ယူပြီးလေ့ကျင့်လိုက်မယ်…” ဒါကိုကြည့်ခြင်းအားဖြင့် ဇူယွမ်က ဒီမီးလျှံအလင်းကျင့်စဉ်ကို အလွန်အမင်းစိတ်ဝင်စားမှုရှိနေတာ သိသာထင်ရှားလှပေသည်။
သူကပြောလိုက်သကဲ့သို့ မည်သို့ပြုလုပ်ရမည်ဆိုသည်ကိုလည်း အစီအစဉ်ချလိုက်သည်။ ယောင်ယောင့်ကို အသိပေးပြီးနောက်မှာ ဇူယွမ်က ခြေထောက်နှစ်ဖက်ကို ချိတ်၍ထိုင်ချလိုက်သည်။ အဲ့ဒီနောက်မှာ သူ့ရဲ့ဝင်ပေါက်တွေထံမှ စုပ်ယူအားတစ်ခုထွက်ပေါ်လာခဲ့ပြီး သူ့ခန္ဓာကိုယ်ထဲက မူလချီတွေကို ဆွဲယူခဲ့သည်။
မူလချီတွေ သူ့ရဲ့ဝင်ပေါက်တွေထဲကို စီးဝင်သွားသကဲ့သို့ ဇူယွမ်က မီးလျှံအလင်းကျင့်စဉ်မှာ ရေးသားထားသည့် ဖိနှိပ်ခြင်းနည်းလမ်းအတိုင်း လိုက်၍လုပ်ဆောင်ခဲ့သည်။ သူက စွမ်းအင်ဝင်ပေါက်တွေထဲက မူလချီအမျှင်တန်းတစ်ခုစီကို အသုံးပြုပြီး ၎င်းတို့ကို ဖြည်းညှင်းစွာလှည့်ပတ်စေလိုက်သည်။
ထိုဖိနှိပ်ခြင်းနည်းလမ်းကို လှည့်ပတ်ပေါင်းစပ်ခြင်းလို့လည်းခေါ်သည်။ လူတစ်ယောက်က မူလချီတွေကို ဝဲကတော့ပုံစံတစ်ခုအတိုင်း မြင့်မားတဲ့အမြန်နှုန်းဖြင့် တိုက်ရိုက်လှည့်ပတ်စေပြီး နောက်ဆုံးထိုဝဲကတော့ပျောက်ကွယ်သွားကာ ပေါင်းစပ်မီးလျှံတစ်ခုအဖြစ် ဖန်တီးနိုင်သည်အထိ မူလချီတွေကို အဆက်မပြတ်ဖိနှိပ်ခြင်းဖြစ်သည်။
၎င်းက ရေးသားထားတဲ့အခါ လွယ်ကူပေမဲ့လည်း အမှန်တကယ်လေ့ကျင့်ရသည့်အခါ လွန်စွာမှပင်ခက်ခဲလှပေသည်။ ဒါ့အပြင် ဒီလိုမျိုးထိန်းချုပ်မှုအဆင့်အတန်းကို ရရှိနိုင်ဖို့က မလွယ်ကူလှပေ။ အကယ်၍ စွမ်းအားတွေကို ပိုပြီးအသုံးပြုမိခဲ့မယ်ဆိုရင် စုပ်ယူတဲ့အားက ပြင်းထန်လာပြီး စွမ်းအင်ဝင်ပေါက်တွေကို အလွန်အမင်းနာကျင်စေလိမ့်မည်။
အခြားတစ်ဖက်မှာလည်း စွမ်းအားကို လျော့နည်းစွာအသုံးပြုခဲ့မယ်ဆိုရင် ပေါင်းစပ်မီးလျှံကို ဖန်တီးနိုင်လိမ့်မည်မဟုတ်ပေ။
အစပိုင်းမှာ ဇူယွမ်က တစ်ကြိမ်ပြီးတစ်ကြိမ်ကျရှုံးခဲ့ရသလို သူ့ရဲ့စွမ်းအင်ဝင်ပေါက်တွေထဲက မူလချီဝဲကတော့တွေကလည်း တစ်ကြိမ်ပြီးတစ်ကြိမ် ပျောက်ကွယ်သွားခဲ့ရသည်။ ကံကောင်းမှုတစ်ခုက သူ့ရဲ့သန်မာတဲ့စိတ်ဝိညာဉ်ဟာ သူ့ကို ကျရှုံးခဲ့တဲ့အကြိမ်တိုင်းက မှားယွင်းခဲ့တဲ့ သေးငယ်တဲ့အမှားအသေးစိတ်လေးတွေကအစ တဖြည်းဖြည်းနဲ့နားလည်လာစေခဲ့သည်။
ဒါ့ကြောင့်ပင် ဇူယွမ်က တစ်ရက်လုံးလေ့ကျင့်ခဲ့ပြီးနောက်မှာလှည့်ပတ်ပေါင်းစပ်ခြင်းနည်းလမ်းကို အသုံးပြုရာမှာ အနည်းငယ်အောင်မြင်မှုရရှိလာခဲ့သည်။
ဒီလိုမျိုးလေ့ကျင့်မှုက နောက်ထပ် အချိန်ငါးရက်ထပ်မံ၍ ကြာမြင့်ခဲ့သည်။
ရွှေအိုရောင်တောက်ပနေတဲ့နေလုံးကြီးက ကောင်းကင်ပေါ်ကို မြင့်တက်ထွက်ပေါ်လာသကဲ့သို့ ၎င်းရဲ့အလင်းရောင်တွေကလည်း မျက်စိတဆုံးကျယ်ပြောလှတဲ့ အနက်ရောင်တောင်တန်းသစ်တောကြီးအပေါ်မှာ ဖြန့်ကျက်ကျရောက်နေခဲ့ကာ ပါးလွှာတဲ့ရွှေရောင်ပိတ်ကားတစ်ခုအလား ဖုံးလွှမ်းထားပေသည်။
တောင်ကြားတစ်ခုအတွင်းမှာတော့ ဇူယွမ်က ကျောက်တုံးတစ်ခုအပေါ်မှာ တိတ်ဆိတ်ငြိမ်သက်စွာ ထိုင်နေလျက်ရှိသည်။ သူ့ရဲ့စွမ်းအင်ဝင်ပေါက်တွေထဲမှမြင်ကွင်းက အပြင်ဘက်ရှိတိတ်ဆိတ်ငြိမ်းချမ်းနေမှုနှင့် လုံးဝကိုခြားနားနေပေသည်။ ဝင်ပေါက်တွေအတွင်းမှာ မူလချီဝဲကတော့တွေက မြင့်မားတဲ့အမြန်နှုန်းဖြင့် လှည့်ပတ်နေလျက်ရှိပြီး တစ်ခုခုကိုစုပ်ယူနေသည့်အလား ဆူညံသံတွေပျံ့နှံ့ထွက်ပေါ်နေကာ ဝင်ပေါက်တွေကို လှုပ်ရှားနေစေသည်။
ဒီအရာကို ဇူယွမ်၏စွမ်းအင်ဝင်ပေါက်တွေက အလွန်အမင်းကြံ့ခိုင်မှုရှိသည့်အတွက်သာ ခုခံနေနိုင်ခြင်းဖြစ်သည်။ သူ့နေရာမှာ အခြားသာမန်ဝင်ပေါက်လေးခုဖွင့်ထားနိုင်သည့်ကျင့်ကြံသူတွေသာဆိုလျှင် ဒီအချိန်မှာ သူတို့ရဲ့စွမ်းအင်ဝင်ပေါက်တွေ စုတ်ပြဲသွားရပေလိမ့်မည်။ ဇူယွမ့်အနေဖြင့်တောင်မှ ဒီအရာကို ခုခံနိုင်ခဲ့သည်ဆိုသော်ငြား သူသည်လည်း အလွန်အမင်းနာကျင်မှုကို ခံစားရပေသည်။
ဝုန်း…
သူ့ရဲ့စွမ်းအင်ဝင်ပေါက်တွေထံမှ တုန်ခါသံသဲ့သဲ့ကို ကြားလိုက်ရသည်။
တစ်ဆက်တည်းဆိုသလိုပင် ဝဲကတော့ရဲ့လှည့်ပတ်မှုက မြန်သထက်မြန်လာခဲ့ပြီး စုပ်ယူတဲ့အားကလည်း လျင်မြန်စွာတိုးမြင့်လာခဲ့ရကာ ဒါက ထိုးဖောက်ထွက်သွားတော့မတတ် ပြင်းထန်တဲ့နာကျင်မှုကို ခံစားရစေသည်။
ဇူယွမ်ရဲ့မျက်ခုံးတွေက နာကျင်မှုကြောင့် ရှုံ့မဲ့သွားခဲ့ရပေမဲ့ သူ့အနေနဲ့ လက်လျှော့ဖို့အစီအစဉ်မရှိခဲ့ပေ။ ထိုအစား သူ့ကိုယ်သူအားတင်းလိုက်ကာ ဝဲကတော့ရဲ့လှည့်ပတ်မှုအရှိန်ကို ပိုပြီးတိုးမြှင့်ခဲ့လိုက်သည်။
ဝုန်း…
လှည့်ပတ်တဲ့အရှိန်က တိုးမြင့်လာသကဲ့သို့ မူလချီအမျှင်တန်းတွေကလည်း ၎င်းရဲ့အလယ်ဗဟိုတည့်တည့်အပေါ်မှ ဖိနှိပ်လာခဲ့သည့်အချိန်တွင် ဝဲကတော့က ပေါက်ကွဲသွားခဲ့ရသည်။
ဇူယွမ်၏မျက်လုံးတွေက ရုတ်ချည်းပွင့်လာခဲ့သည်။ သို့ပေမဲ့လည်း သူ့ရဲ့မျက်နှာပေါ်မှာ စိတ်ပျက်နေသည့်အမူအယာမျိုးမတွေ့ရဘဲ ထိုအစားပျော်ရွှင်မှုတွေဖြင့်သာ ပြည့်နှက်နေပေသည်။
သူရဲ့လက်ကို ဆန့်ထုတ်လိုက်ပြီး လက်ချောင်းနှစ်ချောင်းကို ထောင်ကြည့်လိုက်သည်။ ထိုခဏမှာပင် လွန်စွာမှိန်ဖျော့လှသည့် အစိမ်းရောင်အလင်းတစ်ခုက သူ့ရဲ့လက်ချောင်းလေးတွေထိပ်မှ ဖြည်းညှင်းစွာထွက်ပေါ်လာခဲ့သည်။
မှိန်ဖျော့ဖျော့အစိမ်းရောင်အလင်းက ရှည်ထွက်လာလိုက် တိုဝင်သွားလိုက်ဖြစ်နေခဲ့ကာ ၎င်းရဲ့ပုံစံက အားနည်းနေသေးသည့်ပုံပေါ်သည်။
ဇူယွမ်ရဲ့လက်ချောင်းတွေက ရုတ်တရက်သူ့အောက်မှာရှိတဲ့ ကျောက်တုံးကို ခုတ်ပိုင်းလိုက်သည်။ တစ်စုံတစ်ယောက်သာ အနားမှာရှိနေမယ်ဆိုရင် ပိုင်းဖြတ်သွားသည့်အသံကို ကြားရလိမ့်မည်ဖြစ်ပြီး ဇူယွမ့်အနေနဲ့လည်း တို့ဟူးကိုလှီးလိုက်သည့်အလား အလွယ်တကူပြတ်တောက်သွားသည့်ကျောက်တုံးကို ရူးသွပ်စွာဖြင့် စိုက်ကြည့်နေမိသည်။ ပြတ်တောက်သွားခဲ့သည့်ကျောက်တုံးက မှန်တစ်ခုအလား တောက်ပြောင်ချောမွတ်နေပေသည်။
ဇူယွမ်ရဲ့မျက်လုံးတွေ တောက်ပသွားခဲ့ရပြီး သူကအသက်တစ်ချက်ရှူလိုက်မိသလို အနည်းငယ်ပျော်ရွှင်သွားခဲ့ရသည်။
“ဒါက မီးလျှံအလင်းကျင့်စဉ်လား… ဒီလိုထိတ်လန့်စရာကောင်းတဲ့ထက်မြမှုနဲ့ အံ့အားသင့်စရာကောင်းလောက်တဲ့ ထိုးဖောက်နိုင်မှုစွမ်းအား…” ဇူယွမ်ချီးကျူးလိုက်မိသည်။ တစ်ချက်တည်းတိုက်ခိုက်ရုံဖြင့်ပင် ဝင်ပေါက်ခုနှစ်ခုဖွင့်ထားနိုင်သူတွေအောက်က ဘယ်သူ့ကိုမဆို အပြင်းအထန်ဒဏ်ရာရသွားစေနိုင်လိမ့်မည်ဖြစ်သလို ဝင်ပေါက်ခုနှစ်ခုဖွင့်ထားနိုင်သည့်ကျွမ်းကျင်သူတွေတောင်မှ ဒီလိုတိုက်ခိုက်မှုမျိုးကို ရှောင်ရှားဖို့ကလွဲပြီး အခြားရွေးချယ်စရာရှိလိမ့်မည်မဟုတ်ပေ။
“ဒီမီးလျှံအလင်းကျင့်စဉ်နဲ့သာဆိုရင် ဟိုသတ္တဝါစုတ် နောက်တစ်ကြိမ်ထပ်ပေါ်လာရဲတာနဲ့ ငါက သူ့ကို လက်တစ်ချောင်းတည်းနဲ့တင် ထိုးသတ်နိုင်လိမ့်မယ်…”
good