အခန်း (၃၀) အရေးကောင်းဒိန်းဒေါင်းဖျက်
ယနေ့ … ကျန်းလန်တစ်ယောက် နဝမတောင်ထွတ်မှ တောင်သခင်၏ ပထမဆုံး ဆက်ခံသူတပည့် ဖြစ်လာခဲ့ပြီ ဖြစ်လေသည်။
သိပ်တော့အသုံးမဝင်လှပေ။ သို့သော်… နာမည်ကတော့ လူကြားလို့ကောင်းသွားပြီ ဖြစ်၏။
သာမန်တပည့်တစ်ယောက် တောင်ပေါ်တွင်နေထိုင်ကျင့်ကြံသည်မှာ အချိန် (၁၀)နှစ်ကြာမှ ဆက်ခံသူတပည့်အဖြစ် အဆင့်တက်ရခြင်း ဖြစ်သည်။
သို့သော်… နဝမတောင်ထွတ်တွင်တော့ တပည့်ဆို၍ အစကတည်းက ကျန်းလန်တစ်ယောက်တည်းသာ ရှိလေရာ သာမန်တပည့်ပဲဖြစ်ဖြစ်… ဆက်ခံသူတပည့်ပဲဖြစ်ဖြစ် သိပ်တော့ မကွာခြားလှပေ။
ကျန်းလန်က မည်သို့သော တပည့်အမျိုးအစားမျိုးပင် ဖြစ်နေပါစေ ဆရာဖြစ်သူက တတ်စွမ်းသမျှ ပညာသင်ပေးမည်သာ ဖြစ်သည်။ ဆရာဖြစ်သူ သူ့အတွက် အသုံးပြုသည့် ရင်းမြစ်များမှာ လုံး၀ ခြားနားသွားမည် မဟုတ်ပေ။
ဤသည်မှာ အခြားတောင်ထွတ်များနှင့် နဝမတောင်ထွတ်၏ ခြားနားချက်ပင် ဖြစ်၏။
ကျန်းလန် ဆရာ့ရှေ့ ဒူးထောက်နေရာမှ မတ်တတ်ပြန်ရပ်လိုက်ရင်း…
“ဆရာက သေသေချာချာ ပြောမပြတော့ ကျွန်တော် ဘယ်သိမလဲ… ၊ နောက်တစ်ခါ ဒီလိုကိစ္စမျိုးဆိုရင် ကြိုပြောနော်…”
ယနေ့ … ကျန်းလန် နဝမတောင်ထွတ်မှ ဆက်ခံသူတပည့်အဖြစ် သတ်မှတ်မည့်အကြောင်း ဆရာဖြစ်သူက ကြိုမပြောသည့်အတွက် သူ့မှာ ဘာမှန်းမသိ အူကြောင်ကျားဖြစ်ခဲ့ရသည်။
ဆရာဖြစ်သူသာ ကြိုပြောခဲ့လျှင် သူက ဆရာဖြစ်သူကို ဂါရဝပြုလက်ဆောင်ပေးရန်အတွက် သေရည်အိုးကို ကိုယ်တိုင် ဝယ်ယူမည် ဖြစ်သည်။
သို့သော်… သူ့တွင် ဝိညာဉ်ကျောက်တုံး တစ်တုံးတလေပင် မရှိပါချေ။
မော့ကျန်းသုန့်ကပြုံးလိုက်ရင်း…
“ဟဲ..ဟဲ… နောက်တစ်ခါကျ ကြိုပြောပါ့မယ်ကွာ…”
“……………”
ကျန်းလန် တိတ်ဆိတ်သွား၏။
ဆရာဖြစ်သူ၏ လေသံကိုကြည့်ရသည်မှာ နောက်တစ်ကြိမ်ရှိမည့်ပုံ မပေါ်တော့ပေ။ ကျန်းလန် အနည်းငယ် မကျေမနပ် ဖြစ်သွားသည်။
ထို့နောက်… အခြားအလုပ်လည်း မရှိတော့လေရာ ကျန်းလန် ဆရာဖြစ်သူကို နှုတ်ဆက်စကားဆိုလိုက်သည်။
“ဒါဖြင့် ကျွန်တော်သွားတော့မယ်… ဆရာ…”
မော့ကျန်းသုန့် ကျေနပ်စွာဖြင့် တပည့်ဖြစ်သူကိုကြည့်ရင်း ခေါင်းညိတ်ပြလိုက်၏။
ထို့နောက်… ကျန်းလန် မရဏဂူထဲသို့ ပြန်လာခဲ့လေသည်။
……………
ထိုသို့ဖြင့်… နေ့ရက်များစွာဖြတ်သန်းရင်း အချိန်အတန်ကြာသွားခဲ့လေပြီ…။
ယခုတော့… ကျန်းလန်တစ်ယောက် သူနေထိုင်ရာ အဆောက်အဦသို့ မပြန်တော့ဘဲ မရဏဂူထဲမှာပင် အခန်းဖွဲ့ကာ နေထိုင်လျှက် ရှိ၏။
ဆရာဖြစ်သူကလည်း ကျန်းလန် နဝမဂူထဲတွင် နေထိုင်သည်ကို မငြင်းဆန်ဘဲ ခွင့်ပြုထားခဲ့သည်။
ငရဲတံခါးဖြစ်သော တွင်းနက်ကြီးတည်ရှိရာနေရာနှင့် မနီးမဝေးတွင် ကျန်းလန် အခန်းတစ်ခု တည်ဆောက်ကာ နေထိုင်လေသည်။
မရဏဂူထဲတွင် နေထိုင်ကျင့်ကြံခြင်းဖြင့် သူ၏ စိတ်စွမ်းအားကြိမ်နှုန်းက ပိုပြီး တိုးတက်မြင့်မားလာ၏။
တရားဝင် ဆက်ခံသူတပည့်ဖြစ်လာပြီးနောက်… ကျန်းလန်အတွက် နဝမတောင်ထွတ်တွင် သိပ်ပြီး လုပ်စရာအလုပ် မရှိတော့ပေ။
အခြေခံတည်ဆောက်ခြင်းအဆင့် မအောင်မြင်မချင်း ဂူထဲတွင် တစ်ယောက်တည်း ကျင့်ကြံနေ၍လည်း သူ့ကို အပြစ်တင်မည့်သူ တစ်ယောက်မှ မရှိပေ။
ကျန်းလန်ကတော့ မူလဝိညာဉ်အဆင့်တက်ရောက်နိုင်ရန်အတွက် တစ်ယောက်တည်း ဂူအောင်းကျင့်ကြံရန် ဆုံးဖြတ်ထား၏။
တစ်နေ့တွင်တော့…
ကျန်းလန် မရဏဂူထဲမှာပင် စနစ်မှတ်ပုံတင်လိုက်၏။
[ ဒင် ! ]
[ မှတ်ပုံတင်ခြင်း အောင်မြင်ပါတယ်… ၊ မဟာတာအိုမှ ပေးအပ်တဲ့လက်ဆောင်ကို ရရှိတဲ့အတွက် စနစ်ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်… ၊ နတ်ကြေးမုံမှန်လို့ခေါ်တဲ့ မှော်ဝင်ပစ္စည်းတစ်ခုကို ရရှိပါတယ်…]
[ နတ်ကြေးမုံမှန် : သင့်ရဲ့ ဝိညာဉ်စွမ်းအားတွင် ဖြစ်ပေါ်နေသည့် အားနည်းချက်များကို ထောက်ပြနိုင်တယ်… ၊ ကျင့်ကြံခြင်းကို အထောက်အကူပြုမယ်… ၊ ကျင့်ကြံခြင်းအောင်မြင်သည်နှင့် လုံလောက်တဲ့ တန်ခိုးစွမ်းအား သန့်စင်ခြင်းကိုလည်း ရရှိနိုင်မယ်…]
မရဏဂူထဲတွင်နေထိုင်ရင်း ကျန်းလန် စနစ်တွင် နေ့စဉ် မှတ်ပုံတင်လေ့ရှိသည်။
သာမန် ကျင့်စဉ်များ ၊ ဂါထာမန္တန်များ ၊ မှော်ဝင်ပစ္စည်းများ အမြဲတမ်းရရှိခဲ့သော်လည်း ယနေ့ ရရှိသည့် နတ်ကြေးမုံမှန်ကတော့ အနည်းငယ် ထူးခြားသည့် ပစ္စည်းတစ်ခု ဖြစ်၏။
သို့သော်… နတ်ကြေးမုံမှန်က ဝိညာဉ်စွမ်းအားတည်ဆောက်ခြင်းအတွက် အသုံးဝင်သည်မှလွဲပြီး အခြားကိစ္စတွင် အသုံးပြု၍ မရနိုင်ပေ။
ကျန်းလန်က မူလဝိညာဉ်အဆင့်တက်ရောက်နိုင်ရန် ရည်မှန်းချက်ချထားသူ ဖြစ်လေရာ သူ၏ ဝိညာဉ်စွမ်းအား အားနည်းချက်များကို ထောက်ပြသည့် နတ်ကြေးမုံမှန်က ကျင့်စဉ်လမ်းအတွင် အတော်လေး အထောက်အကူပြုလေ၏။
နတ်ကြေးမုံမှန်က မူလဝိညာဉ်အဆင့်ကို ချဉ်းကပ်ရန်အတွက် လျှင်မြန်လွန်းသည့် အရှိန်ဖြင့် ကူညီလေသည်။
ထို့နောက်တွင်တော့… ကျန်းလန်တစ်ယောက် ပြင်ပမှ အဖြစ်အပျက်များကို လုံး၀ အရေးမစိုက်တော့ဘဲ မရဏဂူထဲတွင်သာ ကျင့်ကြံလျှက် ရှိလေတော့၏။
……………
ထိုသို့ဖြင့်… နှစ်ပေါင်း (၃၀) ကြာသွားခဲ့လေသည်။
“ခရက်…”
အက်ကွဲသံကြောင့် ကျန်းလန် မျက်လုံးများကို အသာဖွင့်ကြည့်လိုက်သည်။
ထိုအခါ… သူ့ရှေ့တွင်ရှိနေသည့် နတ်ကြေးမုံမှန်တွင် အက်ကွဲကြောင်းများ ထွက်ပေါ်လာသည်ကို တွေ့လိုက်ရသည်။
“ဘန်း…”
နတ်ကြေးမုံမှန် လုံး၀ အစိတ်စိတ်အမွှာမွှာ ကွဲကြေပြီး မြေပြင်ထက် ပြုတ်ကျသွားလေသည်။
ဤသည်က ကျန်းလန် ရွှေပြဒါးအမြုတေအဆင့် လုံး၀ ကျင့်ကြံအောင်မြင်သွားသည့် လက္ခဏာပင် ဖြစ်၏။
“ငါ… ရွှေပြဒါးအမြုတေအဆင့် လုံး၀ အောင်မြင်သွားပြီပဲ…”
ကျန်းလန် ရေရွတ်လိုက်သည်။
တစ်စစီကွဲကြေသွားသည့် နတ်ကြေးမုံမှန်ကို ကျန်းလန် နှမျောတသ မဖြစ်မိပေ။
သူ ရွှေပြဒါးအမြုတေအဆင့် အောင်မြင်သွားလျှင် ထိုသို့ဖြစ်လာမည်ကို ကြိုတင်သိရှိပြီးသား ဖြစ်၏။ သို့သော်… နတ်ကြေးမုံမှန် ဆယ်စုနှစ်ပေါင်းများစွာ မကွဲအက်ဘဲ ရှိနေသဖြင့် ကျန်းလန် အံ့အားသင့်နေမိသည်။
ရွှေပြဒါးအမြုတေဆင့် ကျင့်ကြံအောင်မြင်ရန် ထိုမျှပင် အချိန်ကြာခဲ့လေသလား…။
ယခုတော့ ကျန်းလန် ရွှေပြဒါးအမြုတေအဆင့် လုံး၀ ကျင့်ကြံအောင်မြင်သွားပြီ ဖြစ်သည်။ သို့သော်… မူလဝိညာဉ်အဆင့်သို့ တက်ရောက်နိုင်ခြင်းတော့ မရှိသေးပေ။
ကျန်းလန် အနည်းငယ်ပင် စိတ်ပျက်သွားမိသည်။
“မူလဝိညာဉ်အဆင့်ကို တက်ရောက်နိုုင်ဖို့ အတော်လေး ခက်ခဲတာပဲ… ၊ ကျင့်စဉ်လမ်းကို လျှောက်လှမ်းတာ ပါရမီနဲ့ဆိုင်တယ်ဆိုတာ တကယ်မှန်လောက်တယ်…”
သို့သော်… ကျန်းလန် သူ့ကိုယ်သူ ပြန်လည် အားတင်းလိုက်သည်။
“ကိစ္စတော့ မရှိပါဘူး… သိပ်မကြာခင်တော့ အဆင့်တက်မယ်ထင်တာပဲ… အချိန်တော့ နည်းနည်း ယူရမှာပေါ့…”
ကျန်းလန် အခက်အခဲများကို စိတ်ထဲထားမနေတော့ပေ။
သူ ကျင့်ကြံနေသည်မှာ နှစ်ပေါင်း (၄၀) ရှိပြီ ဖြစ်သည်။ သူ့အနေဖြင့် မူလဝိညာဉ်အဆင့်ရောက်ရှိရန် နီးစပ်လာပြီဟု ယူဆရပေမည်။
အမှန်တော့… ခွန်လွန်တောင်မှ ပါရမီရှင်များပင်လျှင် ရွှေပြဒါးအမြုတေအဆင့် အောင်မြင်ရန် အတော်လေး ကြိုးစားကြရသည်။
ပါရမီရှင်များအနေဖြင့် မူလဝိညာဉ်အဆင့်ရောက်ရှိရန် နှစ်ပေါင်း (၁၅၀)ခန့် ကြိုးစားကြရသည်။ အချို့ဆိုလျှင် နှစ်ပေါင်း (၂၀၀) ခန့်ပင် ကြာမြင့်လေ့ ရှိကြသည်။
သာမန်အရည်အချင်းမျှသာရှိသော ကျင့်ကြံသူများဆိုလျှင် နှစ်ပေါင်း (၃၀၀) ၊ (၄၀၀) ကြာမြင့်နိုင်သည်။
နှစ်ပေါင်း (၃၀၀) ၊ (၄၀၀) တိုင်အောင် ကျင့်ကြံပြီးမှ မူလဝိညာဉ်အဆင့် မတက်ရောက်နိုင်လျှင်တော့ ခွန်လွန်တောင်မှ ထွက်ခွာသွားရမည် ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော်… တပည့်တစ်ယောက် ရွှေပြဒါးအမြုတေအဆင့်အောင်မြင်သည်အထိ ကျင့်ကြံရန် အချိန်အပိုင်းအခြားကို ခွန်လွန်တောင်က ကန့်သတ်ထားသောကြောင့် ဖြစ်သည်။
ကျန်းလန်၏ အရည်အချင်းက သာမန်မျှသာ ဖြစ်သည်။ သို့သော်… သူက နဝမတောင်ထွတ်မှ ရင်းမြစ်များအားလုံးကို အသုံးပြုခဲ့သဖြင့် ပါရမီရှင်တစ်ယောက်ပမာ ကျင့်ကြံခြင်းက လျှင်မြန်လွန်းသည်။
ယခု… ကျန်းလန် ရွှေပြဒါးအမြုတေအဆင့် အောင်မြင်သွားခဲ့ပြီ ဖြစ်သည်။
သို့သော်… အများအမြင်တွင်တော့ အခြေခံတည်ဆောက်ခြင်းအဆင့် အောင်မြင်ထားသည့် ကျင့်ကြံသူတစ်ယောက်ဟု ထင်မှတ်ကြပေလိမ့်မည်။ ထို့ကြောင့်… ရွှေပြဒါးအမြုတေအဆင့်သို့ တက်ရောက်ရန် သိပ်မလိုတော့ဟု ဆိုနိုင်သည်။
ကျန်းလန် မရဏဂူထဲတွင် ထိုင်နေရင်း မူလဝိညာဉ်အဆင့်သို့ မည်သို့တက်လှမ်းရမည်ကို စဉ်းစားနေ၏။
သူ့တွင် “မိုးနဲ့မြေကိုဖန်ဆင်းခြင်းဆေးလုံး” ရှိလေသည်။ ထိုဆေးလုံးကိုသာ ယခု သောက်သုံးလိုက်လျှင် မူလဝိညာဉ်အဆင့်သို့ ချက်ချင်း အဆင့်တက်သွားပေလိမ့်မည်။
သို့သော်… အင်မော်တယ်အဖြစ် အဆင့်တက်ရောက်သည့်အချိန်တွင်လည်း အထစ်အငေါ့များ ရှိလာနိုင်သေးသည်။ ထိုအချိန်ကျမှ မိုးကောင်းကင်ကိုဖန်ဆင်းခြင်းဆေးလုံးကို အသုံးပြုလျှင် ကောင်းလေမည်လား…။
ကျန်းလန် ချီတုံချတုံ ဖြစ်နေမိလေသည်။
ယခုဆိုလျှင်… ကောင်းကင်ဘုံခြေလှမ်းကိုးလှမ်း တန်ခိုးစွမ်းအားမှာလည်း ကောင်းကင်ဘုံခြေလှမ်းခြောက်လှမ်းအထိ ကျင့်ကြံအောင်မြင်ခဲ့ပြီ ဖြစ်သည်။
ထို့ကြောင့်… သူနှင့် အဆင့်တူသူ မည်သူ့ကိုမဆို ကျန်းလန်အနေဖြင့် ကြောက်ရွံ့စရာ အကြောင်း မရှိတော့ပေ။ ထိုတန်ခိုးစွမ်းအားဖြင့်ဆိုလျှင် မူလဝိညာဉ်အဆင့် ကျင့်ကြံသူများပင်လျှင် သူ့ကို မိအောင် ဖမ်းနိုင်မည် မဟုတ်ပေ။
နွားရိုင်းကိုးကောင်စွမ်းအားမှာလည်း နွားရိုင်းငါးကောင်စွမ်းအားအထိ အဆင့်မြင့်တက်လာပြီ ဖြစ်သည်။ မူလဝိညာဉ်အဆင့် တက်ရောက်နိုင်မှသာ နွားရိုင်းငါးကောင်စွမ်းအားသည်လည်း ထပ်မံအဆင့်တက်နိုင်တော့မည် ဖြစ်၏။
သို့သော်… သူ့အနေဖြင့် နွားရိုင်းငါးကောင်တန်ခိုးစွမ်းအားကို အသုံးပြုပြီး မူလဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက်ကိုပင် ကောင်းကောင်းတိုက်ခိုက်နိုင်ပြီ ဖြစ်သည်။
ခွန်လွန်စိတ်ကျမ်းကတော့ သူလေ့လာထားသမျှ ဂါထာမန္တန်များနှင့် ကျင့်စဉ်များကို ပိုမိုအစွမ်းထက်လာအောင် ဆောင်ကြဉ်းပေး၏။
ကျန်းလန် စနစ်တွင် တစ်ရက်မပျက် မှတ်ပုံတင်ခဲ့ခြင်းကြောင့် ဂါထာမန္တန်များနှင့် ကျင့်စဉ်အတော်များများလည်း စုဆောင်းထားနိုင်ပြီ ဖြစ်သည်။
အချို့ဂါထာမန္တန်များဆိုလျှင် အဖျက်စွမ်းအားအလွန်ကြီးမားသည့် ဂါထာမန္တန်များ ဖြစ်ကြ၏။ သို့သော်… တကယ်တမ်း တိုက်ပွဲရင်ဆိုင်ရလျှင် ထိုဂါထာမန္တန်များ မည်မျှအစွမ်းထက်မည်ကို ကျန်းလန် မသိရှိသေးပေ။
ထို့ပြင်… ဆွဲငင်အားမန္တန် ၊ တော်ဝင်ဓားသိုင်း ၊ ခုနစ်စင်ကြယ်ဓားသိုင်း ၊ ကောင်းကင်ကိုးထပ်မီးတောက်နှင့် ကောင်းကင်မိုးကြိုးလျှပ်စီး ကျင့်စဉ်များကိုလည်း ကျန်းလန် အစွမ်းကုန် ကျင့်ကြံပြီးသွားခဲ့ပြီ ဖြစ်သည်။
နောက်ပိုင်းတွင်… ကျန်းလန်၏ ကျင့်ကြံခြင်းအဆင့် မြင့်မားလာလေ ထိုကျင့်စဉ်များ၏ တန်ခိုးစွမ်းအားများလည်း အလိုလို မြင့်မားလာလေ ဖြစ်ပေလိမ့်မည်။
ထို့ပြင် မှော်ဝင်ပစ္စည်းများအနေဖြင့်… ပန်းအိဓား ၊ အင်မော်တယ်နှောင်ကြိုး ၊ မိစ္ဆာနှိမ်နင်းခြင်းတူနှင့် အခြားမှော်ဝင်ပစ္စည်းများစွာ သူ့တွင် ပိုင်ဆိုင်ထားသည်။
ထိုပစ္စည်းများအပြင် များပြားလှစွာ အင်းသင်္ကေတများလည်း ရှိသေး၏။ ထို့ကြောင့်… မူလဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက်ကို အေးအေးဆေးဆေး တိုက်ခိုက်နိုင်စွမ်းရှိလေသည်။
ကျန်းလန်တွင် မူလဝိညာဉ်အဆင့် တက်ရောက်ရန်မှလွဲပြီး ကျန်သည့်အရာများက ပြည့်စုံနေပြီ ဖြစ်သည်။
ကျန်းလန် အတန်ကြာစဉ်းစားနေပြီးနောက်…
“ဘယ်လိုပဲ ဂါထာမန္တန်တွေ ၊ ကျင့်စဉ်တွေ ၊ တန်ခိုးစွမ်းအားတွေ အကုန်လုံးက ပြည့်စုံနေပြီ… မူလဝိညာဉ်အဆင့်ကို အဆင့်တက်ဖို့ပဲ လိုတော့တာ…”
ထို့နောက်… ကျန်းလန် မိုးနဲ့မြေကိုဖန်ဆင်းခြင်းဆေးလုံးကို ထုတ်ယူလိုက်သည်။
သို့သော်… ဆေးလုံးကို လက်ထဲတွင်ကိုင်ထားရင်း ခဏမျှ တုံ့ဆိုင်းနေမိပြန်၏။
“သောက်လိုက်ရင် ကောင်းမလား… ဒါမှမဟုတ်…”
ရွှေပြဒါးအမြုတေအဆင့်အောင်မြင်ရန် ကျန်းလန်မှာ နှစ်ပေါင်း (၃၀)ကြာအောင့် ကျင့်ကြံခဲ့ရသည်။
ဆေးလုံးကိုသာ မသောက်သုံးပါက မူလဝိညာဉ်အဆင့်သို့ ရောက်ရှိရန် နှစ်ပေါင်းရာနှင့်ချီ ကျင့်ကြံရပေလိမ့်မည်။
သို့သော်… ယခုအချိန် မိုးနဲ့မြေကိုဖန်ဆင်းခြင်းဆေးလုံးကို သောက်လိုက်ပါက မူလဝိညာဉ်အဆင့်သို့ ချက်ချင်း အဆင့်တက်သွားပေမည်။ နှစ်ပေါင်းရာချီပြီး ကျင့်ကြံစရာမလိုတော့ပေ။
ထိုနှစ်များအတွင်း မရှိမှုအာကာသအဆင့်သို့ တက်ရန်အတွက် အခြားအခွင့်အလမ်းများစွာကို ရှာဖွေနိုင်မည် ဖြစ်သည်။
ထို့ပြင်… စနစ်တွင်မှတ်ပုံတင်ရန်အတွက် ခွန်လွန်တောင်တွင် သူ မရောက်ဖူးသည့် နေရာများစွာ ရှိနေသေးသည်။ သူ့အနေဖြင့် ထူးခြားသည့်နေရာများကိုရှာဖွေပြီး စနစ်တွင်မှတ်ပုံတင်ပါက ထူးဆန်းသည့် ကျင့်စဉ်များ ၊ မှော်ဝင်ပစ္စည်းများနှင့် ဆေးလုံးများစွာ ရရှိနိုင်ပေဦးမည်။
သူ… ခွန်လွန်တောင်ရှိ အခြားနေရာများသို့ လျှောက်သွားမည်ဆိုလျှင် ဆရာဖြစ်သူကလည်း တားဆီးမည် မဟုတ်ပေ။
နဝမတောင်ထွတ်မှ ဆက်ခံသူတပည့်ဖြစ်လာပြီးနောက် ခွန်လွန်တောင်ရှိ ကန့်သတ်နယ်မြေအနည်းငယ်မှလွဲပြီး မည်သည့်နေရာမဆို လွတ်လွတ်လပ်လပ် သွားလာနိုင်ပြီ ဖြစ်သည်။
ချီတုံချတုံဖြစ်လျှက်ရှိသော ကျန်းလန်မှာ နောက်ဆုံးတော့ ဆုံးဖြတ်ချက် ဒုံးဒုံးချလိုက်ပြီး ဆေးလုံးကို မြိုချရန် ဟန်ပြင်လိုက်သည်။
ထိုစဉ်မှာပင်… ကျန်းလန်၏ မျက်စိရှေ့တွင် ရွှေရောင်တောက်ပနေသည့် စာတစ်စောင် ထွက်ပေါ်လာသည်။ ဆရာဖြစ်သူ မော့ကျန်းသုန့် ပေးပို့လိုက်သည့် စာဖြစ်ပေ၏။
စာပေါ်တွင် ရေးသားထားသည်က…
“ကျန်းလန်… ဆရာ့ဆီ လာခဲ့ပါဦး…”
ကျန်းလန် စာကိုဖတ်ပြီးသည်နှင့် ရွှေရောင်စာရွက်က မီးလောင်ပျောက်ကွယ်သွားလေသည်။
“ဘာလို့ ခေါ်တာလဲ မသိဘူး… ၊ ငါ… အခြေခံတည်ဆောက်ခြင်းအဆင့် အောင်မြင်သွားတာ ဆရာ သိသွားလို့ တတိယတောင်ထွတ်က မှော်ရုံနယ်မြေကို ထပ်သွားခိုင်းဦးမလို့လား မသိဘူး…”
ကျန်းလန် ရေရွတ်လိုက်သည်။
အမှန်တော့… ဆရာဖြစ်သူက ကျန်းလန်ကို အနှောက်အယှက်ပေးလေ့ မရှိပေ။ နှစ်ပေါင်း (၃၀)အတွင်း ကျန်းလန်ကို တစ်ခါမှ လှမ်းမခေါ်ခဲ့ပေ။
ယခု … ဆရာဖြစ်သူ သူ့ကို လှမ်းခေါ်သည်မှာ အကြောင်းတစ်ခုခုရှိ၍သာ ဖြစ်ပေလိမ့်မည်။
သို့တည်းမဟုတ်… မှော်ရုံနယ်မြေထဲ ထပ်သွားခိုင်းမလို့လည်း ဖြစ်နိုင်သည်ပဲလေ…။
“ဆရာရေ… ဆရာကတော့ အရေးကောင်း ဒိန်းဒေါင်းဖျက်ပဲ…”
ကျန်းလန် ရေရွတ်ရင်း မိုးနဲ့မြေကိုဖန်ဆင်းခြင်းဆေးလုံးအား မသောက်တော့ဘဲ ပြန်သိမ်းထားလိုက်၏။
ဆရာဖြစ်သူထံသို့ အရင်သွားရပေဦးမည် မဟုတ်ပါလား။