Switch Mode

အခန်း ( ၁၂ )

နောက်ယောင်ခံ လိုက်ခံရခြင်း

“ ဒီလီချန်ရှို့ကတော့ … တစ်တွဲတွဲနဲ့ လိုက်သွားလို့ရရဲ့သားနဲ့ ဘာလို့ တတိယလမ်းကို ရွေးသွားရတာလဲ ”

လွမ့်ကျန့်တောအုပ်၏အပေါ်ရှိ တိမ်စိုင်များအကြားတွင် ကျိုးကျိုးသည် တိမ်မည်းတစ်အုပ်ပေါ် ထိုင်နေလေသည်။ သူမသည် မချင့်မရဲဖြစ်နေဟန်ဖြင့် ကိုယ့်ဒူးကိုယ်ရိုက်လိုက်ကာ အရက်တစ်ငုံ သောက်ရန် အရက်အိုးအား ယူလိုက်သည်။ သူမ၏ ရင်တွင်းမှ စိုးရိမ်စိတ်များကို ဖြေရှင်းလိုလှသည်။

ဤကြိုတင်ပြင်ဆင်တွေ့ဆုံပွဲတွင် မြောက်ကျွန်းသို့ တပည့်အများအပြား သွားကြလိမ့်မည်ဟု သူမ မျှော်လင့်မထားခဲ့ပေ။ ထိုလူများအနက် လေးဦးသည် ဂိုဏ်းအတွင်း တန်ဖိုးအထားရဆုံးဖြစ်ကာ နတ်ဝိဇ္ဇာအဖြစ် လျာထားခံရသူများပင် ဖြစ်နေသေး၏။ ထိုလေးဦးအား မှည့်တစ်ပေါက်မျှ အစွန်းခံ၍ မရပေ။

ယခုတွင်မူ ထိုငါးဦးသည် မကြောက်မရွံ့ပင် အဖွဲ့သုံးဖွဲ့ ခွဲသွားလေပြီ။ ကျိုးကျိုးတစ်ယောက် စိတ်ဖိစီးမှုများ ခံစားလိုက်ရသည်။
“ သူတို့တွေက ကျားကိုမကြောက်ကြတဲ့ နွားမတမ်းလေးတွေလိုပဲ။ လူငယ်တွေကတော့ အကြောက်တရားကို မရှိဘူး ”

သို့သော်လည်း ကျိုးကျိုးသည် ငယ်ရွယ်စဥ်အချိန်အား ပြန်အမှတ်ရသွားသည်။ သူမသည်လည်း သူတို့ကဲ့သို့ စိတ်အားထက်သန်ကာ မိုက်ရူးရဲဆန်ခဲ့သည် မဟုတ်ပါလား။

ကျိုးကျိုးသည် အရက်အိုးအားယူကာ အဖုံးကိုဖွင့်လိုက်သည်။ ထို့နောက် သူမ တွေဝေသွားကာ အဖုံးပြန်ပိတ်လိုက်သည်။
‘ ထားလိုက်ပါတော့။ ငါ ရက် ( ၂၀ ) လောက်တော့ မသောက်ပဲနေလိုက်ပါ့မယ် ’

ညစ်ညမ်းချီများကြောင့် ကျိုးကျိုး၏ နတ်အာရုံများသည် ကျယ်ကျယ်ပြန့်ပြန့် မလွှမ်းခြုံနိုင်ပေ။

တော်သေးသည်မှာ သူမတို့က မြောက်ကျွန်း၏ အစွန်အဖျား၌သာ ရှိနေခြင်းပင်။ ထိုနေရာရှိ သားရဲများသည် တန်ခိုးအစွမ်း သိပ်မရှိကြသည့်အပြင် လူသားကျင့်ကြံသူအနည်းစုနှင့် မိစ္ဆာအနည်းစုသာ ရှိကြ၏။

တခဏမျှ စဉ်းစားနေပြီးနောက် ကျိုးကျိုးက နောက်ဘက်ရှိ တိမ်မည်းတစ်အုပ် အပေါ်တွင် ရပ်နေသော ယွီဝမ်လင်အား လှည့်ကြည့်လိုက်သည်။ သူမသည် အနည်းငယ်စိတ်သက်ရာရစေရန် ယွီဝမ်လင်အား ယုံချင်ရွှမ်းယာနှင့် ယွမ်ချင်းတို့ နောက်သို့ လိုက်သွားခိုင်းချင်သည်။ သို့သော်လည်း သူမ ထုတ်ပြောရန်ပြင်လိုက်စဉ်မှာပင် တစ်စုံတစ်ခုအား အမှတ်ရသွားသည်။
‘ ဆရာဒေါ်လေးကျိုး… ဒီလူက အကြောင်းပြချက်မရေမရာနဲ့ ရောက်လာတာ။ နည်းနည်းသံသယဝင်စရာကောင်းတယ်။ သူ့ကို လွယ်လွယ်မယုံပါနဲ့ ’

လီချန်ရှို့ သူမထံသို့ ပို့လွှတ်လိုက်သော အသံလှိုင်းကို ပြန်အမှတ်ရသွားမိသည်။ ကျိုးကျိုးသည် လီချန်ရှို့၏စကားအား အတည်မယူပေ။ ထို့အပြင် ထိုဝိတ်ပေါကြီးသည် သူမ၏လက်ဝါးချက် တစ်ချက်နှင့်ပင် ရှုံးနိမ့်သွားမည့်ဟန်တူသည်။

သို့သော်လည်း မည်သည့်အတွက်ကြောင့်မသိ ကျိုးကျိုး တွန့်ဆုတ်နေမိသည်။
‘ ဟာ ထားလိုက်တော့။ အခုထိ သူတို့ငါးယောက်လုံး ငါ့နတ်အာရုံထဲက မထွက်သွားသေးပါဘူး။ ငါ စိတ်လှုပ်ရှားနေဖို့ မလိုပါဘူး ’

သူမသည် တိမ်မည်းအား အရှေ့သို့ ​စေစား၍ နောက်လှည့်ကာ ပြောလိုက်သည်။
“ ဟေ့ လူသန်ကြီး ငါ့နောက်က ကပ်လိုက်ခဲ့ ”

“ စိတ်မပူပါနဲ့ တန်ခိုးကြီးနတ်ဝိဇ္ဇာ ခင်ဗျား ”
ယွီဝမ်လင်သည် လက်နှစ်ဘက်ဆုပ်ကာ ပြန်ဖြေလိုက်၏။

သူသည် ကျိုးကျိုး၏အနောက် သုံးပေအကွာမှ လိုက်သွားလေသည်။

တပည့်အုပ်စုသည် သုံးလမ်းခွဲကာ သွားကြခြင်းဖြစ်သည်။ သူတို့ ဝေးဝေးသွားလေလေ အချင်းချင်းပို၍ဝေးကွာသွားလေလေ ဖြစ်သည်။

တဒင်္ဂမျှစဉ်းစားပြီးနောက် ဝမ်ကျိနှင့် လျှိုယန်အာတို့၏ နောက်သို့ ခေတ္တလိုက်သွားရန် ကျိုးကျိုး ဆုံးဖြတ်လိုက်သည်။ ယွမ်ချင်းနှင့် ယုံချင်ရွှမ်းယာအတွက်မူ သူမ သိပ်မစိုးရိမ်ပေ။

ကျိုးကျိုးသည် လီချန်ရှို့အတွက်စိတ်ပူသော်လည်း နှစ်ယောက်တွဲအား သူတို့ဘာသာလွှတ်ထား၍ တစ်ယောက်တည်းသွားသူနောက် ကာကွယ်ပေး၍ မရပေ။ ထိုသို့ပြုခဲ့လျှင် ဘက်လိုက်သည်ဟု အဆိုခံရပေမည်။

ကျိုးကျိုးသည် သုံးဖွဲ့လုံးနောက် တစ်လှည့်စီ လိုက်ပါစောင့်ရှောက်ရန် စိတ်ကူးထားသည်။ သို့ဖြစ်၍ သုံးဖွဲ့လုံးအား အချိန်အညီအမျှဖြစ်အောင် သူမ လိုက်ပါစောင့်ရှောက်ရပေမည်။

ကြိုတင်ပြင်ဆင်တွေ့ဆုံပွဲရှိ စည်းမျဉ်းအရ လိုက်ပါစောင့်ရှောက်ပေးသော နတ်ဝိဇ္ဇာများသည် တပည့်များအား ခရီးပန်းတိုင်သို့ လိုက်ပို့ကာ ထိုနေရာ၌ လေ့ကျင့်စေရန်သာ ဖြစ်သည်။ အခြားအရာများအတွက် လိုက်လံစိတ်ပူပေးရန် မလိုပေ။

“ သေကံမရောက် သက်မပျောက် ” ဟူသော အဆိုကဲ့သို့ သေရေးရှင်ရေးများအား ကြုံခဲ့ရသော တပည့်များသည် ပို၍လျင်မြန်စွာ တိုးတက်လာနိုင်ပေသည်။ သို့သော်ငြား သူတို့အား ထိုသို့သောအန္တရာယ်မျိုးကို ရင်ဆိုင်ခိုင်းခြင်းသည် အသက်နှင့်လောင်းကြေးထပ်ခိုင်းသကဲ့သို့ပင်။

ကျိုးကျိုး၏ နတ်အာရုံများအရ ယုံချင်ရွှမ်းယာနှင့် ယွမ်ချင်းတို့သည် သူတို့ ဦးတည်ရာသို့ အလျင်အမြန် သွားနေကြောင်း သိလိုက်ရသည်။ မီးတောက်ဥာဏ်အလင်းပွင့်ဆေးပင်များ ပေါက်ရောက်ရာ ရေကန်သည် လွမ့်ကျန့်တောအုပ်အတွင်း၌ လုံခြုံမှုအရှိဆုံးနေရာဟု သတ်မှတ်ကြသည်။

ထိုနှစ်ဦးသည် မပျံသန်းဝံ့ဘဲ ခပ်သုတ်သုတ် သွားနေသည်။ သူတို့သည် စကားများစွာ မပြောဘဲ တစ်ယောက်နောက်မှတစ်ယောက် ကပ်ကာ သွားနေကြသည်။ အ‌ဆိပ်သားရဲများသည် သူတို့အား မကြာခဏ တိုက်ခိုက်ရန်ကြိုးစားကြသော်ငြား သူတို့က အေးဆေးစွာပင် အနိုင်ယူနိုင်ခဲ့လေသည်။

‘ ကောင်းကင်ခွင်းတောင်ထိပ်က တပည့်တွေက တကယ် စိတ်အချရဆုံးပဲ ’
ကျိုးကျိုးသည် အဝေးသို့ထပ်မံကြည့်လိုက်ရာ ဝမ်ကျိနှင့် လျှိုယန်အာတို့၏ အခြေအနေကို တွေ့လိုက်ရသည်။ နှစ်ဦးစလုံး စကားတပြောပြောနှင့် လမ်းလျှောက်နေကြ၏။ တစ်ယောက်အပေါ်တစ်ယောက်လည်း စိတ်ဝင်စားနေကြဟန် တူပေသည်။ အဆိပ် အင်းဆက်နှင့်သားရဲများသည် သူတို့အား မကြာခဏ တိုက်ခိုက်ကြပါသော်လည်း သူတို့သည် ကောင်းမွန်စွာပင် ရင်ဆိုင်နိုင်ကြလေသည်။ သူတို့၏ တန်ခိုးအစွမ်းများသည်လည်း ချီးကျူးထိုက်ပေသည်။

‘ ကြီးကြီးမားမားတော့ ဘာမှဖြစ်မနေပါဘူး။ ဒါပေမဲ့ ဘာလို့ ငါ့စိတ်ထဲထင့်နေရတာလဲ ’
ကျိုးကျိုးသည် နှုတ်ခမ်းစေ့လိုက်ကာ လီချန်ရှို့၏ အခြေအနေအား စူးစမ်းလိုက်သည်။ သူမ၏ နတ်အာရုံများကို စုစည်းကြည့်ရှုလိုက်ရာ လီချန်ရှို့ ပျောက်နေကြောင်း သိလိုက်ရသည်။

ထိုခဏအတွင်း သူသည် အဆိပ်သားရဲများ၏ အစိတ်စိတ်အြမွှာြမွှာပြုလုပ်ခြင်း ခံခဲ့ရပြီလော။ သို့တည်းမဟုတ် တစ်ကိုယ်လုံး မျိုချခံခဲ့ရပြီလော။

ကျိုးကျိုးသည် မျက်မှောင်ကြုတ်လိုက်ပြီး နတ်အာရုံများအား ပိုမိုမြှင့်တင်ကာ ရှာဖွေလိုက်သည်။

ထိုအရာသည် မူမမှန်ပေ။ သူသည် သူမ၏ နတ်အာရုံများမှ ရှောင်ရှားရန် ပညာရပ်တစ်မျိုးအား အသုံးပြုထားခြင်းပင်။ သူမသည် မြောက်ပိုင်းတွင် ကောင်စုတ်လေး၏ ကိုယ်ရောင်ကိုယ်ဝါအား အာရုံခံနိုင်လိုက်ပြီး သူက တဟုန်ထိုး သွားလာနေသည်။ အနိမ့်ဆုံး ယုံချင်ရွှမ်းယာနှင့် ယွမ်ချင်းတို့အရှိန်၏ နှစ်ဆအလျင်ဖြင့် ရွေ့လျားနေခြင်းပင်။

‘ ကောင်စုတ်လေး … မင်းက ဝိညာဉ်အခြေတည်နဝမအဆင့်ပဲရှိသေးတာကို လွမ့်ကျန့်တောအုပ် ရဲ့ တောနက်ပိုင်းကိုသွားတယ်ပေါ့။ မြန်မြန်ကိစ္စချောချင်နေပြီထင်တယ် ’
ကျိုးကျိုးသည် ခေါင်းမော့ကာ ညည်းတွားလိုက်သည်။ သူမ၏ ပေါက်ပြဲကာ ရော့တိရောရဲဖြစ်နေသော အင်္ကျီလေးက အပြင်းအထန် လှုပ်ခါသွားတော့သည်။

အဆိပ်ပန်းပင်တစ်ပင်အား လေ့လာနေသော ဝမ်ကျိနှင့် လျှိုယန်အား သူမ လှမ်းကြည့်လိုက်သည်။ ထို့နောက် သူမသည် လက်ဝဲလက်ဖြင့် ညွှန်ကာကာ လီချန်ရှို့၏နောက်သို့ အရှိန်မြှင့်၍ လိုက်လေသည်။

ထိုကောင်စုတ်လေးအား ဖမ်း၍ သူ့ကို စောင့်ကြည့်နေရန် ဝမ်ကျိတို့ထံ ပို့ပေးလိုက်မည် ဖြစ်သည်။

တခေတ္တမျှ ကြာသောအခါ ကျိုးကျိုးသည် လီချန်ရှို့အား မီ၍လာကာ သူ၏အရှိန်အတိုင်း လိုက်ပါသွားလိုက်သည်။ သို့သော်လည်း သူ့ကို လေ့လာရန် ငုံကြည့်လိုက်သောအခါ သူမ ပို၍ပင် မျက်မှောင်ကြုတ်သွားရတော့သည်။

ထိုကောင်စုတ်လေးသည် ခြေရာဖျောက်အဆောင်အား အသုံးပြုကာ သူ၏ကိုယ်ရောင်ကိုယ်ဝါအား ဖျောက်ထားခြင်းပင်။ ထိုသို့ပြုလုပ်ထားခြင်းသည် အ‌ဝေးရှိ ရက်စက်ကြမ်းကြုတ်သောသားရဲများရန်မှ ရှောင်ရှားနိုင်ရန် သူ့ကို အထောက်အကူပြုမည် ဖြစ်သည်။

ထို့ပြင် လီချန်ရှို့သည် စွန့်စား၍ ပျံသန်းခြင်းမပြုပေ။ ထို့ပြင် သူ၏ အစွမ်းထက်လှသော နဂါးတိမ်စီး ခြေကွက်အား အသုံးပြုနေခြင်းဖြစ်၍ သူ့ခြေဖဝါးအောက်၌ ပုံရိပ်များ ကျန်ရစ်ခဲ့ပေသည်။ ထို ဝိညာဉ်အခြေတည်နဝမအဆင့်ရှိသည့် ကျင့်ကြံသူသည် အမြင့်ဆုံးစွမ်းဆောင်ရည်ဖြင့်လှုပ်ရှားနေပေသည်။
‘ မဟုတ်သေးပါဘူး။ သူ့ခါးမှာချိတ်ထားတဲ့ သုံးခွ‌ဆေးပင်က … ’

ကျိုးကျိုးသည် ထူးဆန်းသည့် ရနံ့တစ်ခု ရလိုက်သဖြင့် နှာခေါင်းရှုံ့လိုက်သည်။ သူမသည် အောက်သို့ငုံ့ကာ ထိုအရာအား ခေတ္တထပ်မံ စူးစမ်းလိုက်သည်။ ထို့‌နောက် ရုတ်ခြည်း အံ့အားသင့်သွားလေသည်။
‘ အဲဒါက ယန်အဆိပ်နဂါးနီရဲ့ တံတွေးလား ’

ယန်အဆိပ်နဂါးနီများသည် မြောက်ပင်လယ်တွင် ကျက်စား၏။ ယင်းတို့သည် မိစ္ဆာများ၊ အဆိပ်သားရဲများ နှင့် သာမန်သက်ရှိများကို စားရခြင်းအား ကြိုက်နှစ်သက်လေသည်။ သို့သော်လည်း ၎င်းတို့သည် အလွန်ကြမ်းကြုတ်ကာ နေရာအနှံ့တွင် အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းများကို ကျူးလွန်ကြ၏။ ထို့ကြောင့်ပင် နဂါးမျိုးနွယ်၏ ရှိရင်းစွဲ ကံကြမ္မာဆိုးမှာ ပို၍ပင် ဆိုးဝါးလာခဲ့သည်။ လွန်ခဲ့သောနှစ်သောင်းချီကျော်တွင်မူ နဂါးမျိုးနွယ်သည် ထိုနဂါးနီများအား နှိမ်နင်းခဲ့လေတော့သည်။

‘ ယန်အဆိပ်နဂါးနီရဲ့ တံတွေးက ရှားပါးရတနာတစ်ပါးတော့ မဟုတ်ပေမယ့် တော်တော်လေး ဈေးကြီးတယ်။ ဒီကောင်စုတ် လီချန်ရှို့ အဲဒါကို ဘယ်ကရလာတာတုန်း ’

ထိုအရာအား သူ၏ခါးတွင် ချိတ်ဆွဲထားခြင်းဖြင့် သာမန် အဆိပ်သားရဲများနှင့် အင်းဆက်များသည် သူ၏အနီးသို့ ကပ်နိုင်မည် မဟုတ်တော့ပေ။ ထို့ကြောင့် သူ အကြောက်အရွံ့မရှိ သွားနေခြင်းသည် အံ့ဩစရာ မဟုတ်တော့ပေ။

ကျိုးကျိုးသည် မျက်မှောင်ကြုတ်ကာ တီးတိုးရေရွတ်လိုက်သည်။
“ ဒီကောင်လေးက သေချာပြင်ဆင်လာတာပဲ။ အဲဒီဆေးပင်ကို ရှာဖို့ လုံးဝဆုံးဖြတ်ထားတဲ့ပုံပဲ။ သူ ဘယ်ဆေးပင်ကိုများ ရှာနေတာပါလိမ့် ”

ယွီဝမ်လင်သည် နောက်မှနေ၍ အသံဩဩဖြင့် မေးလိုက်၏။
“ နတ်ဝိဇ္ဇာအကြီးအကဲ.. ဘာလို့သူကိုမေးမကြည့်တာလဲ ”

“ မေးစရာမလိုပါဘူး။ သူလေ့ကျင့်တာကို နတ်ဝိဇ္ဇာတစ်ယောက်က ကာကွယ်ပေးနေတာသာ သိသွားရင် တကယ်လို့ သူ နတ်ဝိဇ္ဇာအဖြစ် တက်လှမ်းသွားနိုင်ရင်တောင် ဘာမှသုံးစားမရတဲ့သူပဲ ဖြစ်လာမှာ ”
ကျိုးကျိုးသည် အကြောဆန့်လိုက်ပြီး သူမ၏နောက်၌ရပ်နေသော ယွီဝမ်လင်ဘက်သို့ မျက်နှာလှည့်လိုက်သည်။
“ သွားကြစို့။ မင်းတို့ မင်းသမီးလေး ဘာတွေများလုပ်နေလဲဆိုတာ သွားကြည့်မယ်။ ငါ့နောက်ကွယ်မှာတော့ ဒီဆရာဒေါ်လေးက မျက်နှာလိုက်တယ်လို့တော့ မပြောနဲ့ ”

ယွီဝမ်လင်သည် ချက်ချင်းပင် စိတ်အားထက်သန်စွာ ခေါင်းညိတ်လိုက်သည်။ သူသည် သစ္စာရှိသက်တော်စောင့်အဖြစ် လိုက်ဖက်လှပေသည်။

သို့ပေသည့် ကျိူးကျိုးတစ်ယောက် ပျံသန်းသွားစဉ် ယွီဝမ်လင်သည် သူ၏ပေါင်မှ အနက်ရောင်ပိုးတောင်မာတစ်ကောင်အားထုတ်၍ သူ၏အောက်ရှိ တိမ်မည်းအတွင်းသို့ ပစ်လွှတ်လိုက်လေသည်။

ထိုလှုပ်ရှားမှုသည် လွန်စွာသိုသိပ်ညင်သာကာ ကျိုးကျိုးတစ်ယောက် သူ၏နတ်အာရုံအား အခြားတပည့်လေးဦးအပေါ် အာရုံစိုက်လိုက်သည့်အချိန်မှ လှုပ်ရှားလိုက်ခြင်းပင်။ ထို့ကြောင့် ကျိုးကျိုး၏ ကျင့်ကြံခြင်းအဆင့်သည် ယွီဝမ်လင်ထက် မြင့်ပါသော်ငြား ထိုလှုပ်ရှားမှုအား သတိမထားမိလိုက်ပေ။

သူမတို့နှစ်ယောက် ပျံသန်းသွားပြီးနောက် အနက်ရောက်ပိုးတောင်မာလေးသည် တိမ်မည်းအတွင်းမှနေ၍ လီချန်ရှို့၏နောက်သို့ နီးနီးကပ်ကပ် လိုက်ပါသွားတော့သည်။

“ အာ… ”
လီချန်ရှို့က ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်သည်။ သူ လျင်မြန်စွာသွားနေရင်း ထူးခြားမှုတစ်ခုအား သတိပြုမိလိုက်ခြင်း ဖြစ်သည်။ မျက်လုံးတစ်စုံက ကောင်းကင်ပေါ်မှ သူ့အား စောင့်ကြည့်နေသည့်အလားပင်။

သို့ပေမည့် သေချာစစ်ဆေးကြည့်ပါသော်လည်း ထူးဆန်းသောအခြင်းအရာအား မတွေ့ရပေ။

“ ဆရာဒေါ်လေးများလား ”
မဖြစ်နိုင်ပေ။ ထိုအကြည့်တွင် ရန်လိုမှုများ ပါနေသည်။

လီချန်ရှို့သည် ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုကောင်းသည် ဆိုသည့် သဘောတရားအတိုင်း နေထိုင်သူ ဖြစ်သည်။ သူသည် ရပ်တန့်လိုက်ကာ သူ၏လက်နှစ်ဘက်စလုံးဖြင့် အကာအကွယ်တစ်ခု ဖန်ဆင်းလိုက်ပြီး ဂါထာများ တီးတိုးရေရွတ်လိုက်သည်။ ထို့နောက် သူ၏ရှေ့ မြေသားညိုညိုမှ ပါးလွှာသောလှိုင်းများ ထွက်ပေါ်လာလေသည်။

ရှေ့သို့လှမ်းလိုက်ရာ သူ့ခန္ဓာကိုယ်သည် မြေကြီးအတွင်းသို့ ဝင်ရောက်သွားကာ ရုတ်ခြည်း ပျောက်ကွယ်သွားလေသည်။

လီချန်ရှို့သည် ဓာတ်ကြီးငါးပါးကိုယ်ယောင်ဖျောက်အတတ်ထဲမှ တစ်မျိုးဖြစ်သော မြေကိုယ်‌ယောင်ဖျောက်အတတ်အား အသုံးပြုလိုက်ခြင်း ဖြစ်သည်။

ခေတ္တမျှကြာပြီးနောက် လီချန်ရှို့၏ ခန္ဓာကိုယ်သည် အ‌ရှေ့ (၂၅) ကီလိုမီတာအကွာရှိ ခြုံပုတ်များအတွင်းမှ ထွက်ပေါ်လာလေသည်။ သူ့ဘေးပတ်လည်တွင် မရေမတွက်နိုင်သော အဆိပ်အင်းဆက်များနှင့် အဆိပ်သားရဲအနည်းအကျဉ်း ဟိုဟိုသည်သည် ပြေးလွှားနေကြ၏။

စောင့်ကြည့်ခံနေရသော ခံစားချက်လည်း ပျောက်ကွယ်သွားပေပြီ။

လီချန်ရှို့သည် ချက်ချင်းပင် အာရုံပြန်လည်စုစည်းလိုက်ပြီး အရှေ့သို့ ဆက်လက် ထွက်ခွာသွား၏။ တချိန်တည်းမှာပင် သူ၏အင်္ကျီလက်အတွင်းမှ အဆောင်နှစ်ခုအား ထုတ်လိုက်ပြီး ပေါင်တစ်ဖက်တစ်ချက်စီတွင် ကပ်လိုက်လေသည်။ ထိုအဆောင်သည် သူ့အား ပို၍မြန်မြန်သွားနိုင်ရန် ကူညီပေး၏။

ထိုအဆောင်သည် အသုံးပြုသူ၏ အမြန်နှုန်းအားတိုးမြှင့်ပေးနိုင်သည့် မိုင်တစ်ထောင်ဝိညာဉ်ရွေ့လျား အဆောင်ဟုခေါ်သော သာမန်အဆောင်မျှသာ ဖြစ်သည်။ ပုံမှန်အားဖြင့် ထိုအဆောင်ကို ချီသန့်စင်ခြင်း ကနဦးအဆင့်များရှိ ကျင့်ကြံသူများသာ သုံးကြသည်။

ထိုခရီးစဉ်တွင် ငါးဦးပါသည်ဖြစ်ရာ ထူးခြားသောအခြေအနေများ ကြုံတွေနိုင်ခြေများကြောင်း လီချန်ရှို့ ခန့်မှန်းပြီးသား ဖြစ်သည်။

လွမ့်ကျန့်တောအုပ်သည် အလွန်အန္တရာယ်များသောနေရာ ဖြစ်သော်ငြား သူတို့သည် မြောက်ကျွန်း၏ အစွန်အဖျားသာ ရှိသေးသည်။ ဗလာနတ္ထိအဆင့်သို့ ရောက်ရှိနေသော ကျင့်ကြံသူများသည် သတိရှိနေသ၍ အန္တရာယ်များကို အေးဆေးစွာရင်ဆိုင်နိုင်ပေလိမ့်မည်။ ထိုကြောင့် သူ့အား နောက်ယောင်ခံလိုက်သူသည် လွမ့်ကျန့်တောအုပ်မှ အန္တရာယ်များနှင့် မသက်ဆိုင်နိုင်ချေ။

သို့သော် သူတို့ လမ်းတစ်ဝက်၌ တွေ့ခဲ့သည့် အပြင်လူဖြစ်သော ယွီဝမ်လင်၊ နွေးထွေးကြင်နာတတ်သော ယွမ်ချင်း၊ အပြင်ပိုင်းတွင် အေးစက်စက်နိုင်သော်လည်း ရိုးသားသည့် ယုံချင်ရွှမ်းယာတို့က အခြေအနေတစ်ခုလုံးအား ရှုပ်ထွေးသွားစေသည်။ ပို၍အရေးကြီးသည်မှာ မင်းသမီးယုံချင်ရွှမ်းယာသည် ပြင်ပလောကမှ တော်ဝင်မင်းသမီးတစ်ပါးဖြစ်နေခြင်းပင်။

လီချန်ရှို့တွင် သူ့ကိုယ်ပိုင်ယူဆချက်တစ်ခုရှိနေပြီး ထိုအရာများနောက်ကွယ်၌ ဖြေရှင်းစရာ လျှို့ဝှက်ချက်တစ်ခု ရှိနေမည် ဖြစ်ကြောင်း အခိုင်အမာယုံကြည်ထားသည်။

နောက်ကွယ်မှကြိုးကိုင်နေသူသည် သူ၏အစီအစဉ်၌ ဟာကွက်မရှိဟု ထင်ကောင်းထင်နေပေလိမ့်မည်။ သို့သော် ပြင်ပလောကမှ တော်ဝင်သက်တော်စောင့်တစ်ယောက်သည် ဂိုဏ်းသို့သွားရောက်၍ ယုံချင်ရွှမ်းယာအား အပြင်သို့ မသွားရန် အကျိုးအကြောင်းသင့် ရှင်းပြခြင်းမပြုဘဲ ယခုကဲ့သို့ ရုတ်တရက် ထွက်ပေါ်လာခြင်းသည် အကျိုးအကြောင်း မဆီလျော်ပေ။

‘ ထားလိုက်တော့။ အဲဒါတွေက ငါနဲ့ မဆိုင်ပါဘူး ’
လီချန်ရှို့သည် ပြေးလွှားနေရင်း မြေပုံငယ်လေးအားထုတ်ကာ ထပ်မံကြည့်ရှုလိုက်သည်။ သူ၏မျက်လုံးများတွင် မချင့်မရဲအရိပ်အယောင်များ ထင်ဟပ်သွားသည်။

သူသာ ရွေးချယ်စရာရှိလျှင် ထိုကဲ့သို့ အန္တရာယ်များသော နေရာသို့ မလာချင်ပေ။ ထိုအရာသည် တောင်ပေါ်တွင်သာ အိုမင်းသေဆုံးသွားသည်အထိ နေထိုင်သွားမည်ဟူသော သူ၏ ဘဝနေထိုင်ရေးမူနှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေသည်။

သို့သော်လည်း သူ့ဆရာအတွက် သူ လုပ်ရပေမည်။

“ သန့်ရှင်းစင်ကြယ်ခြင်းကိုသာ အလေးထား၍ မည်သည့်အရာကြောင့်မျှ ညစ်နွမ်းမခံပါနှင့်။ ထိုသို့လုပ်ဆောင်လျှင် ကံဆိုးမှုအလုံးစုံအား လွယ်ကူစွာ ရှောင်ရှားနိုင်ပေလိမ့်မည် ”
လီချန်ရှို့သည် ကျမ်းစာတစ်ပုဒ်အား ရေရွတ်ကာ အားတင်းလိုက်သည်။ ထို့နောက် သူသည် အဆိပ်အတားအဆီးများနှင့်ပြည့်နေသော မှိုင်းညို့ညို့ တောအုပ်ကြီးကို အရှိန်ဖြင့် ဆက်လက်ဖြတ်သန်း သွားလိုက်တော့သည်။

တဒင်္ဂမျှကြာသောအခါ သူ စောင့်ကြည့်ခံနေရကြောင်း ထပ်မံ ခံစားလိုက်ရသည်။

သူသည်မျက်မှောင်ကြုတ်ကာ ကျိန်ဆဲလိုက်သည်။ စိတ်ရှုပ်ဖွယ်ကောင်းပေစွ။ ဤတစ်ကြိမ်တွင်မူ သူသည် ကိုယ်ယောင်ဖျောက်ပညာရပ်များအား ထပ်မဖော်ပြတော့ပေ။ ထိုအစား သူ၏သိုေလှာင်ဓမ္မအဆောင်အတွင်းရှိ တိုက်ခိုက်ရေးပစ္စည်းများကို စစ်ဆေးလိုက်သည်။ သူ၏ စိတ်အာရုံသည်လည်း ပုန်းအောင်းရန်နေရာကို စတင်ရှာဖွေလေတော့သည်။

လီချန်ရှို့သည် သတိနှင့်နေသော်လည်း သူရဲဘောကြောင်သူတစ်ယောက်ကား မဟုတ်ပေ။ ထိုအရာနှစ်ခုကြားတွင် ခြားနားမှုရှိလေသည်။

အချိန်အတော်ပင် ကြာသွားပေပြီ။ လီချန်ရှို့သည် စောင့်ကြည့်ခြင်းခံနေရသကဲ့သို့ ခံစားနေရသော်လည်း ပုန်းကွယ်နေသူအား ရှာမရပေ။ သူ့ကိုလည်း မည်သူမျှ လုပ်ကြံရန် မကြိုးစားသေးပေ။

သူသည် နှစ်ရက်နှင့်နှစ်ညလုံးလုံး သတိကြီးစွာထားခဲ့ရကာ မြေကိုယ်ယောက်ဖျောက်ပညာကိုလည်း ကြိမ်ဖန်များစွာ အသုံးချခဲ့လေသည်။ စောင့်ကြည့်ခံနေရသကဲ့သို့ ခံစားချက်က ပျောက်ကွယ်မသွားသေးပေ။

လီချန်ရှို့သည် မည်သည့်နေရာသို့ ရောက်ရှိနေကြောင်း လေ့လာလိုက်သည်။ သူသည် လွမ့်ကျန့်တောအုပ်၏ တောနက်ပိုင်းသို့ ရောက်နေပြီဖြစ်၍ ဆရာဒေါ်လေးကျိုးကျိုး၏ နတ်အာရုံ နယ်နမိတ်ပြင်ပအထိ ခရီးရောက်ခဲ့ပြီ ဖြစ်ရမည်။

သူသည် မရပ်မနား သွားနေသော်လည်း မောပန်းနွမ်းနယ်ခြင်းမရှိပေ။ သူ၏ နှစ်ပေါင်းများစွာ လေ့ကျင့်ထားခြင်းများသည် ကောင်းမွန်သောအကျိုးကျေးဇူးများ ပေးနေပေပြီ။

ရုတ်တရက် သတ်ဖြတ်လိုနေသည့် အရိပ်အယောင်တစ်ခုအား လီချန်ရှို့ ခံစားလိုက်ရသည်။

လီချန်ရှို့၏ စိတ်အာရုံသည် မည်သည့်အန္တရာယ်မျှ မထောက်လှမ်းမိပေ။ ထိုလူသည် သူ၏ စိတ်အာရုံကို ရှောင်ရှားနိုင်သည်မှာ ထင်ရှားလေသည်။

သူသည် သတ်ဖြတ်လိုသည့်အရိပ်အယောင် ထွက်ပေါ်လာရာနေရာကို ရှာဖွေလိုက်သည်။ သူ၏ လက်ဝဲဘက် တောအုပ်မှောင်ရိပ်အတွင်းမှ ဖြစ်သည်။ လီချန်ရှို့သည် ရှေ့သို့ ဆက်လက်ပြေးလွှားနေသော်လည်း သူ၏လက်ဝဲဘက် လက်ချောင်းလေးများမှာ ကျင်လည်စွာ စတင်လှုပ်ရှားနေ၍ ပင့်ကူအိမ်သဖွယ် ကြိုးမျှင်ကလေးများကိုဖန်တီးကာ အပြင်သို့ ဖြန့်ကျက်လိုက်လေသည်။ သူ့ညာဘက်က ဖမ်းဆုပ်ကိုင်တွယ်၍မရသော လေညင်းကလေးအား ဆင့်ခေါ်လိုက်သည်။

ထိုအရာသည် မျက်လုံးကြီး ခေါင်းသုံးလုံးပင့်ကူအိမ်ဖြစ်ပြီး စုံစမ်းထောက်လှမ်းရန် အကောင်းဆုံးနည်းလမ်း ဖြစ်သည်။ တခေတ္တမျှအကြာတွင် လီချန်ရှို့၏ နှလုံးအိမ်အတွင်း ဝိုးတဝါးပုံရိပ်တစ်ခု ပေါ်ပေါက်လာတော့သည်။

***


Comment

Leave a Reply

Options

not work with dark mode
Reset