အခန်း (၂၉) ဆက်ခံသူတပည့်
မြေပြင်ထက်မှသေရည်အိုးကို အတန်ကြာကြည့်နေပြီးမှ… အဘိုးအိုက ကျန်းလန်ကို လှမ်းကြည့်လိုက်သည်။
“အကောင်းစားသေရည်လိုချင်တယ်ဆိုရင် ဝိညာဉ်ကျောက်တုံး ပါသလား…”
“ဟုတ်ကဲ့…”
ကျန်းလန်က ဆရာဖြစ်သူပေးလိုက်သည့် ဝိညာဉ်ကျောက်တုံးများအားလုံး ထုတ်ပေးလိုက်သည်။
အဘိုးအိုက ဝိညာဉ်ကျောက်တုံးများကို တစ်ချက်စစ်ဆေးပြီး သိမ်းဆည်းလိုက်၏။
ထို့နောက် သေရည်များသိုလှောင်ထားသည့် ဗီရိုကိုဖွင့်ကာ ထိပ်တန်းအဆင့်သေရည်တစ်အိုးကို ထုတ်ယူလိုက်သည်။
အဘိုးအိုထုတ်ယူလိုက်သည့် သေရည်အိုးက အလွန်မှ သေးငယ်လွန်းလှသည်။ နှစ်ငုံ သုံးငုံမျှ သောက်လိုက်လျှင်ပင် ကုန်သွားမည် ဖြစ်၏။
အဘိုးအိုက သေရည်အိုးလေးကို ကောင်တာထက်သို့ တင်ပေးလိုက်ရင်း…
“ကောင်လေး… မင်းက ကောင်းကင်ရိပ်ငြိမ်ရေကန်ကိုဝင်ဖို့ အတော်လေး တန်ဖိုးကြီးကြီး ပေးခဲ့တာပဲ… ၊ မင်းသာ အဲဒီလူကို ဒီသေရည်အိုးပေးလိုက်မယ်ဆိုရင် သေချာပေါက် ကောင်းကင်ရိပ်ငြိမ်ရေကန်ကို ဝင်ခွင့်ရလိမ့်မယ်… ၊ သေရည်က တစ်အိုးပဲ ကျန်တော့တာလို့သာပြောလိုက်… သူက မင်းကို လုံး၀ တားဆီးမှာ မဟုတ်တော့ဘူး…”
အဘိုးအိုစကားကြောင့် ကျန်းလန် စိတ်များ ရှုတ်ထွေးသွားသည်။
ကောင်းကင်ရိပ်ငြိမ်ရေကန်… တဲ့…။
ထိုနေရာ မည်သို့သောနေရာမျိုးလဲ ကျန်းလန် သိရှိခြင်း မရှိပေ။
ဆရာဖြစ်သူက သူ့ကို ကောင်းကင်ရိပ်ငြိမ်ရေကန်ရှိရာသို့ ဝင်ရောက်စေချင်သောကြောင့် သေရည်ဝယ်ခိုင်းလိုက်ခြင်းများလား…။
ကောင်းကင်ရိပ်ငြိမ်ရေကန်ဆိုသည်က မည်သို့သော နေရာမျိုးလဲ…။
ကျန်းလန် ဘာတစ်ခုမှ သိရှိခြင်း မရှိပေ။
သို့သော်… အဘိုးအိုကတော့ စေတနာဗရပွဖြင့် သူ့ကို ပြောပြနေခြင်း ဖြစ်လေသည်။
ကျန်းလန်က…
“ဟုတ်ကဲ့… ခုလို ညွှန်ပြပေးတာ ကျေးဇူးတင်ပါတယ် … အဘိုး…”
ထို့နောက်… ကျန်းလန် သေရည်အိုးကိုယူကာ ဆိုင်ထဲမှ ထွက်ခွာလာခဲ့လေတော့သည်။
ယနေ့အတွက် ဆရာဖြစ်သူခိုင်းသည့်အလုပ် ပြီးမြောက်ပြီဟု ဆိုနိုင်သည်။
သို့သော်… ကျန်းလန် သေရည်ဆိုင်ပိုင်ရှင်အကြောင်းကို စဉ်းစားနေမိသည်။ ဆိုင်ရှင်အဘိုးအိုမှာ သာမန်လူတစ်ယောက် မဟုတ်ကြောင်း ကျန်းလန် ရိပ်မိလေသည်။
သို့ပေသိ… ကျန်းလန်၏ လက်ရှိကျင့်ကြံခြင်းအဆင့်ဖြင့် အဘိုးအိုအကြောင်းကို ဘာတစ်ခုမှ တိတိပပ ခန့်မှန်းနိုင်ခြင်း မရှိပေ။ အဘိုးအိုကိုကြည့်ရသည်မှာ အတော်လေး တန်ခိုးစွမ်းအားမြင့်မားပုံရသည်။
“အချန်ရရင်တော့ နောက်တစ်ခါ ဒီသေရည်ဆိုင်ကိုလာပြီး စနစ်မှာမှတ်ပုံတင်ဦးမယ်…”
ကျန်းလန်တွေးလိုက်သည်။
ထို့နောက်… နဝမတောင်ထွတ်သို့ ပြန်လာခဲ့လေတော့သည်။
…………
ကျန်းလန်ထွက်သွားမှ အဘိုးအိုက ကလေးငယ်ကို တအံ့တသြဖြင့် ကြည့်လိုက်ရင်း…
“မင်း ဒီနေ့ ဘယ်လိုများ တရားအလင်းရသွားလို့ သေရည်အိုးကွဲမသွားအောင် လုပ်လိုက်နိုင်တာလဲ…”
“ဟမ်…”
အဘိုးအို၏ အမေးစကားကြောင့် ကလေးငယ် ဘာမှန်းမသိ အူကြောင်ကြောင် ဖြစ်သွား၏။
အဘိုးအိုက သေရည်အိုး ပြုတ်ကျသည့်အကြောင်းကို သိရှိနေသောကြောင့် ကလေးငယ် အံ့အားသင့်နေမိသည်။ သေရည်အိုးပြုတ်ကျသည်ကို အဘိုးဖြစ်သူ မည်သို့ သိရှိပါသနည်း။
ကလေးငယ် သံသယများစွာဖြင့် အတွေးလွန်နေတော့သည်။
ကလေးငယ် အလွန်အမင်း အံ့အားသင့်နေသည်ကိုကြည့်ပြီး အခြေအနေများက သူ… ထင်ထားသလိုမဟုတ်ကြောင်း အဘိုးအိုသိရှိလိုက်သည်။
အဘိုးအိုက…
“ပြောစမ်း… သေရည်အိုးမကွဲအောင် မင်း ဘယ်လိုလုပ်လိုက်တာလဲ…”
ပြီးမှ အဘိုးအိုက မြေပြင်သို့ ငုံ့ကြည့်လိုက်ပြီး…
“သိပြီ… သိပြီ… မင်း ဒီနေ့ မြေပြင်ပေါ်မှာ အိပ်ပျော်နေတာဖြစ်ရမယ်… ဒီတော့ သေရည်အိုးက မင်းကိုယ်ပေါ်ပြုတ်ကျပြီး မကွဲတော့တာပေါ့… ဟုတ်တယ်မလား…”
ကလေးငယ်က…
“မဟုတ်ပါဘူး … အဘိုးရာ… ကျွန်တော်က ဆိုင်ကောင်တာပေါ်မှာ မှောက်ပြီး အိပ်နေတာပါ…”
“……………”
အဘိုးအို ဆွံ့အသွား၏။
“ကျွန်တော်က ငေးနေတာ… အဲဒါ စောစောက အစ်ကိုကြီးက ကျွန်တော့်ကို သေရည်အိုးကျကွဲတော့မယ်ဆိုပြီး သတိပေးလိုက်တာ…”
ထိုအကြောင်းကိုပြောပြနေစဉ်… ကလေးငယ်က စိတ်အားထက်သန်နေသလို အံ့အားသင့်နေဟန်လည်း ရှိသည်။
“စောစောက … အဲဒီ အစ်ကိုကြီးက ဟိုဆိုင်ထောင့်မှာ ထိုင်နေတာ… ၊ သူက မျက်လုံးတွေလည်း မှိတ်ထားသေးတယ်… ၊ ဒါပေမဲ့ ရုတ်တရက်ကြီး သေရည်အိုးပြုတ်ကျတော့မှာကို သိနေတယ်… ၊ သူက သားကို သတိပေးလိုက်တာပေါ့… အစက ယုံတောင်မယုံဘူး… ဒါပေမဲ့ နောက်လှည့်ကြည့်လိုက်တော့ သေရည်အိုးက တကယ်ပြုတ်ကျတာဗျ… အဘိုးရေ…”
ပြောပြီးနောက် ကောင်လေးက တစ်စုံတစ်ခုကို တွေးနေဟန်ဖြင့်…
“သူ… ဘယ်လိုလုပ်သိတာလဲ မသိဘူးနော်… အဘိုး… ၊ နတ်မျက်စိများ ရနေသလားပဲ…”
ကလေးငယ်၏စကားများကြောင့် အဘိုးအိုမျက်နှာ ရှုံ့မဲ့သွား၏။
“မင်းလိုကောင်ကတော့ နတ်မျက်စိရနေလည်း သေရည်အိုးကွဲတာ မသိရလောက်အောင် အိပ်ဦးမယ့်ကောင်ပဲ…”
ဟု ကလေးငယ်ကို ဆူပူလိုက်ချင်သည်။
သို့သော်… တကယ်တမ်း ပါးစပ်ဖြင့် ထုတ်ဖော်ဆူပူခြင်း မပြုတော့ပေ။
အဘယ်ကြောင့်ဆိုသော်… ကလေးငယ်ပြောနေသည့် အစ်ကိုကြီးဆိုသူ မည်သူဖြစ်ကြောင်း အဘိုးအို အလွန်သိချင်နေသောကြောင့် ဖြစ်သည်။
အဘိုးအိုက…
“မင်းပြောနေတဲ့ အစ်ကိုကြီးဆိုတာ… ဘယ်သူ့ကို ပြောနေတာလဲ…”
ကလေးငယ်က…
“စောစောကပဲ အဘိုးဆီက အကောင်းစားသေရည်တစ်အိုး ဝယ်သွားတဲ့ အစ်ကိုကြီးလေ…”
အဘိုးအိုက ကျန်းလန် ထိုင်ခဲ့သည့် ဆိုင်ထောင့်တစ်နေရာကို လက်ညှိုးညွှန်ပြလိုက်ရင်း…
“သူ… အဲဒီနေရာမှာ ထိုင်နေတယ်ဆိုတာ သေချာလား…”
ကလေးငယ်က ခေါင်းတွင်တွင်ညိတ်ပြလိုက်ရင်း…
“ဟုတ် အဘိုး…”
အဘိုးအိုက တအံ့တသြဖြင့်…
“ပြီးတော့… သူက မျက်လုံးလည်းမှိတ်ထားသေးတယ်… ဟုတ်လား…”
ကလေးငယ်က ခေါင်းညိတ်ပြပြန်၏။
အဘိုးအို အတော်လေး အံ့အားသင့်သွားပြီး အတွေးနက်လျှက် ရှိလေတော့သည်။
“ဒီလူငယ်က… အခြေခံတည်ဆောက်ခြင်းအဆင့် ၊ အလယ်ဆင့်ပဲ ရှိသေးတာ ၊ ဘယ်လိုလုပ် ငါ… ထားခဲ့တဲ့ သေရည်အိုးပြုတ်ကျမှာကို အာရုံခံနိုင်ရတာလဲ…”
“ဒီလူငယ်ရဲ့ စိတ်စွမ်းအားက ဘယ်လောက်တောင် အားကောင်းလို့လဲ…”
အမှန်တော့… အဘိုးအိုက သေရည်အိုးပြုတ်ကျအောင် တမင်တကာ ပြုလုပ်ထားခဲ့ခြင်း ဖြစ်၏။
ဤသည်က ကလေးငယ်၏ စိတ်စွမ်းအားကို စမ်းသပ်ရန် ဖြစ်လေသည်။ ကလေးငယ်အတွက် အထူးပြင်ဆင်ထားသည့် စိတ်စွမ်းအားစမ်းသပ်ခြင်းကို လူငယ်က အာရုံခံနိုင်သည်ဆိုသည်မှာ မည်သို့မှ မဖြစ်နိုင်သည့် ကိစ္စ ဖြစ်၏။
ထိုလူငယ်က ကျင့်ကြံခြင်းအဆင့် နိမ့်ပါးလှသည်။ အဘယ်ကြောင့်များ… ထူးခြားသည့်စိတ်စွမ်းအားကို ပိုင်ဆိုင်ထားရပါသနည်း။
လူတစ်ယောက်ကို ဝေဖန်တော့မည်ဆိုလျှင် အများစုက အပေါ်ယံသာ ကြည့်ကြသည်။ သို့သော်… တကယ်တမ်း အတွင်းထဲတွင် မည်သို့ရှိကြောင်း သိရှိနိုင်သူ ရှားပါးလှသည်။
လူငယ်က သူ၏ ကျင့်ကြံခြင်းအဆင့်နှင့် မဆီလျော်စွာ စိတ်စွမ်းအား ကောင်းလွန်းနေလေသည်။
“ဒီလူငယ်က ဒီလောက်စိတ်စွမ်းအားကောင်းတာ… လောကကို ကျော်လွန်မသွားသေးဘူးဆိုရင်တောင်မှ… အတော်လေး နီးစပ်နေပြီလို့ ပြောလို့ရတယ်…”
“သူ့လိုလူမျိုးက ကောင်းကင်ရိပ်ငြိမ်ရေကန်ကိုသွားဖို့ သေရည်လာယူစရာ လိုမှ မလိုတာ…”
“အိမ်း… စာအုပ်တစ်အုပ်ဆိုတာက အဖုံးကိုပဲကြည့်ပြီးတော့ ဝေဖန်လို့တော့ မရနိုင်ဘူးပေါ့လေ… ဒီလူငယ် ဘယ်ထောင်ထွတ်က တပည့်လဲဆိုတာ သိချင်လိုက်တာ…”
အဘိုးအိုသည်ကား… သေရည်ဆိုင်ထဲတွင် ထိုင်ကာ အတွေးများလျှက် ရှိလေတော့သည်။
……………
ကျန်းလန် အေးအေးလူလူပင် လမ်းလျှောက်ပြီး ခွန်လွန်တောင်ပေါ်သို့ ပြန်လာလေသည်။
လမ်းတစ်ဝက်ခန့် ရောက်သည့်အခါ… မနီးမဝေး ရှေ့နားတစ်နေရာဆီမှ ဆူညံသံတစ်သံကို ကြားလိုက်ရသည်။ အသံက သားရဲတစ်ကောင် ညည်းတွားနေသည့် အသံမျိုး ဖြစ်၏။
တိုက်ပွဲတစ်ခုနှင့် ကြုံတွေ့ရခြင်းတော့ ဟုတ်ဟန်မတူဟု ယူဆကာ ကျန်းလန် ရှေ့ဆက်လျှောက်လာခဲ့သည်။
မကြာမီ… ပျက်စီးပြိုကျနေသည့် အုတ်တံတိုင်းကြီးတစ်ခုကို တွေ့မြင်လိုက်ရလေသည်။
စောစောကကြားရသည့် ညည်းတွားသံကဲ့သို့ အသံများက အုတ်တံတိုင်း တစ်ဖက်မှ ထွက်ပေါ်နေခြင်း ဖြစ်သည်။ ကျန်းလန် သိချင်စိတ်ဖြစ်လာမိပြီး အုတ်တံတိုင်းကြီးပေါ်သို့တက်ကာ အောက်သို့ ငုံ့ကြည့်လိုက်သည်။
ထိုအခါ… တံတိုင်းကြီးအနောက်ဘက်တွင် ပုန်းအောင်းနေသည့် လူ (၂)ယောက်ကို တွေ့လိုက်ရလေသည်။
အမှန်တော့ လူ (၂)ယောက် မဟုတ်ပေ။ လူသားအသွင်ယူထားသည့် နတ်မိစ္ဆာ (၂)ယောက် ဖြစ်လေ၏။
လူငယ်တစ်ယောက်နှင့် မိန်းမပျိုတစ်ယောက် ဖြစ်လေသည်။
မိန်းမပျိုမှာ သေရည်ဆိုင်တွင် သေရည်လာဝယ်သည့် ကျေးတောသူမိန်းမပျိုဖြစ်ကြောင်း ကျန်းလန် မှတ်မိလိုက်သည်။
လူငယ်ကတော့ ရင်ဘတ်ထက်တွင် အက်ကွဲနေသည့် ဒဏ်ရာကြီးတစ်ခု ရရှိထားပြီး ထိုဒဏ်ရာမှ မီးတောက်များ လောင်ကျွမ်းထွက်ပေါ်လျှက် ရှိသည်။
မိန်းမပျိုနှင့် လူငယ်က တံတိုင်းအပျက်ကြီးထက်တွင် ကျန်းလန် ရှိနေသည်ကို သတိမပြုမိပေ။
မိန်းမပျိုက သေရည်ထည့်ထားသည့် ဘူးသီးခြောက်တစ်ခုကို ထုတ်ယူလိုက်ပြီး…
“မီ… ဒါက ဝိညာဉ်သေရည်ပဲ… ရှင့်ရဲ့ ဒဏ်ရာကို သက်သာစေနိုင်လိမ့်မယ်…”
“မီ” ဆိုသည့် လူငယ်က…
“ငါ့အတွက် စိတ်မပူပါနဲ့… တကယ်တော့ ငါ့ဒဏ်ရာက ကုသလို့ မရနိုင်တော့ပါဘူး…”
မိန်းမပျိုက ချက်ချင်းပင် ခေါင်းခါရမ်းလိုက်ရင်း…
“မဟုတ်ဘူး… မဟုတ်ဘူး…”
လူငယ်၏ စကားကို လက်မခံနိုင်စွာ မိန်းမပျိုက ငြင်းဆိုလိုက်သည်။
သူမကိုကြည့်ရသည်မှာ အတော်လေး စိတ်မကောင်းဝမ်းနည်းနေဟန် ရှိလေသည်။
“မီ” က သူမကို နှစ်သိမ့်စကားဆိုရန် ဟန်ပြင်လိုက်စဉ်မှာပင်… ပျက်စီးနေသည့် တံတိုင်းကြီးထက်တွင် ရှိနေသည့် ကျန်းလန်ကို သတိပြုမိသွားလေသည်။
သူ… ချက်ချင်းပင် ထိတ်လန့်တုန်လှုပ်သွားပြီး နတ်မိစ္ဆာမိန်းမပျိုကို သူ့နောက်သို့ ဆွဲသွင်းကာ ကာကွယ်ပေးလိုက်သည်။
ထို့နောက် သူက မြေပြင်ထက် ဒူးထောက်ချလိုက်ရင်း…
“ကျုပ်တို့ကို အပြစ်မယူပါနဲ့… အင်မော်တယ်ကြီး…”
“……………”
သူ့ကို ဒူးထောက်တောင်းပန်နေသည့် နတ်မိစ္ဆာလူငယ်ကိုကြည့်ပြီး ကျန်းလန် အံ့အားသင့်သွားသည်။
ပြီးတော့… ထိုသူက သူ့ကို “အင်မော်တယ်ကြီး” ဟု ခေါ်နေလေရာ သူ့ကိုယ်သူ အင်မော်တယ်ရုပ်များထွက်နေသလားဟု ကျန်းလန် မှန်ပြေးကြည့်ချင်စိတ် ပေါက်သွားသည်။
နတ်မိစ္ဆာမိန်းမပျိုမှာတော့ ကျန်းလန် မည်သူဖြစ်သည်ကို မှတ်မိသွားပြီး စကားတစ်ခွန်းမှ မဆိုဘဲ ခေါင်းကိုသာ ငုံ့ထားရှာလေသည်။
သူမ အကူအညီမဲ့နေပြီး သူမ၏ အဖော်ဖြစ်သော “မီ” ကို ခေါ်ကာ နေရာမှ ထွက်ပြေးသွားချင်မိသည်။
သို့သော်… ကျန်းလန်က သူတို့ကို အရေးမစိုက်သလို ဒုက္ခပေးစရာအကြောင်းလည်း မရှိပေ။
ကျန်းလန်က သူတို့ကို တစ်ချက်ကြည့်လိုက်ပြီး…
“ဒီလမ်းက ခွန်လွန်တောင်ကိုသွားတဲ့ တစ်ခုတည်းသောလမ်းပဲ… ၊ မင်းတို့ ဒီနားမှာသာနေရင် အန္တရယ်နဲ့ ကြုံရနိုင်တယ်…”
ပြောပြီးသည်နှင့် ကျန်းလန် ထွက်ခွာသွားလေတော့သည်။
နတ်မိစ္ဆာ (၂)ယောက် ဤနေရာတွင် ပုန်းအောင်းနေပါက တစ်ချိန်မဟုတ်တစ်ချိန် သေလမ်းရောက်နိုင်လေသည်။
ထို့ကြောင့်… အထူအပါးနားမလည်သည့် နတ်မိစ္ဆာ (၂)ယောက်ကို ကျန်းလန်က သတိပေးစကားဆိုလိုက်ခြင်းသာ ဖြစ်သည်။
သို့သော်… ထိုနတ်မိစ္ဆာ (၂)ယောက် သေသည်ဖြစ်စေ ၊ ရှင်သည်ဖြစ်စေ ကျန်းလန်က အရေးစိုက်နေမည် မဟုတ်ပေ။
ကျန်းလန် ထွက်ခွာသွားသည်နှင့် နတ်မိစ္ဆာ (၂)ယောက် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။ ထို့နောက်… ကျန်းလန်ထွက်ခွာသွားရာနေရာသို့ လှမ်းကြည့်လိုက်ကြရင်း ဦးညွှတ်အရိုအသေပေးလိုက်ကြလေသည်။
ထို့နောက်… နတ်မိစ္ဆာမိန်းမပျိုက နတ်မိစ္ဆာလူငယ်ကို တွဲထူရင်း နေရာမှ ထွက်ခွာသွားကြလေတော့၏။
……………
နေမင်းက အနောက်ဘက်ဆီသို့ ဝင်သွားခဲ့ပြီ ဖြစ်လေသည်။
ကောင်းကင်က မှောင်ရီနေပြီး အနောက်ရပ်ဆီတွင်တော့ ပုဇွန်ဆီရောင် ဆည်းဆာရောင်ခြည်က ယှက်သန်းလျှက် ရှိသည်။
ထိုအချိန်… ကျန်းလန် နဝမတောင်ထွတ်သို့ ပြန်ရောက်လာခဲ့လေ၏။
ကျန်းလန် ဆရာဖြစ်သူနေထိုင်ရာ နဝမတောင်ထွတ် အစွန်းသို့ ထွက်ခွာလာခဲ့သည်။
ထို့နောက်… ယူဆောင်လာသည့် သေရည်အိုးကို ဆရာဖြစ်သူထံ ပေးလိုက်ရင်း…
“ဆရာ… သေရည်ရ…”
ကျန်းလန်၏စကားမဆုံးမီမှာပင် မော့ကျန်းသုန့်က အလျှင်အမြန် စကားဖြတ်ပြောလိုက်၏။
“အမြန်ဒူးထောက်ပြီး ဆရာ့ကို ဦးသုံးကြိမ်ချစမ်း…”
ကျန်းလန် ရုတ်တရက် အံ့အားသင့်သွား၏။
သို့သော်… ဆရာဖြစ်သူ၏ စကားကို ငြင်းဆန်၍လည်း မဖြစ်လေရာ ချက်ချင်းပင် ဒူးထောက်ကာ ဦးသုံးကြိမ်ချလိုက်သည်။
ကျန်းလန် ဒူးထောက်ဂါရဝပြုသည်ကို ခံယူပြီးသည်နှင့် မော့ကျန်းသုန့်က စကားဆက်ပြောလိုက်သည်။
“သေရည်အိုးကို ဆရာ့ကိုပေးပြီး ဆရာ့ကိုဂါရဝပြုလက်ဆောက်ပေးပါတယ်လို့ ပြော…”
ကျန်းလန် စိတ်များရှုတ်ထွေးလာသည်။
“ဆရာ… ဘာတွေလုပ်နေတာလဲ…”
ခေါင်းသာတဗျင်းဗျင်းကုတ်ရင်း မေးခွန်းထုတ်လိုက်ချင်သည်။
သို့သော်… ဆရာပြောသည့်စကားကို ကျန်းလန် မငြင်းဆန်ရဲပေ။
သူက လက်ထဲမှ သေရည်အိုးကို ဆရာဖြစ်သူထံ လှမ်းပေးလိုက်ပြီး …
“ကျန်းလန် ဆရာ့ကို ဂါရဝပြုလက်ဆောင်ပေးပါတယ်…”
ထိုအခါမှ… မော့ကျန်းသုန့်က သေရည်အိုးကို ယူလိုက်ပြီး သဘောကျစွာဖြင့် တဟားဟား ရယ်မောလေတော့၏။
သူ့ကိုကြည့်ရသည်မှာ အတော်လေး ပျော်ရွှင်နေဟန် ရှိလေသည်။
“ကောင်းပြီ… ဒီနေ့ကစပြီး မင်းက ဒီဆရာရဲ့ ပထမဆုံးဆက်ခံသူတပည့် ဖြစ်သွားပြီကွ…”
ကျန်းလန် အံ့အားသင့်သွားသည်။
ယခုတော့… ဘာဖြစ်သည်ကို ကျန်းလန် သဘောပေါက်သွားပြီ ဖြစ်၏။ ယနေ့… သူက ဆရာဖြစ်သူ၏ ပထမဆုံး ဆက်ခံသူတပည့်အဖြစ် သတ်မှတ်ခံရသည့်နေ့ဖြစ်လေသည်။
ဆရာဖြစ်သူက အဘယ့်ကြောင့် အကောင်းစားသေရည်တစ်အိုး ဝယ်ယူခိုင်းရသည်ကို ကျန်းလန် နားလည်သွားပြီ ဖြစ်၏။
သို့သော်… ကျန်းလန်က ဆရာဖြစ်သူကို မေးခွန်းထုတ်လိုက်၏။
“ဆရာ… ဆက်ခံသူတပည့်ဖြစ်သွားပြီဆိုတော့ ကျွန်တော်က အရင်ကနဲ့ မတူတော့ဘူးလား…”
မော့ကျန်းသုန့် ခဏမျှ ကြက်သေသေသွားပြီး…
“အေး… မတူတော့ဘူး ထင်တာပဲ…”
ကျန်းလန်က …
“ဘာ မတူတော့တာလဲ…”
“ဘာ မတူတော့တာလဲ ဆိုတော့…”
မော့ကျန်းသုန့် အတန်ကြာစဉ်းစားနေပြီးမှ…
“ဘာမတူတော့တာလဲဆိုတော့… နာမည်မတူတော့တာလေ… မင်းက အရင်ကလို နဝမတောင်ထွတ်က သာမန်တပည့် မဟုတ်တော့ဘူး ၊ ကျုပ်ရဲ့ ပထမဆုံးဆက်ခံသူတပည့်လို့ နာမည်ပြောင်းသွားတာပေါ့ကွာ…”
“………………”
ကျန်းလန် ပြောစရာစကားများပင် ပျောက်ရှလို့သွားတော့သည်။