ထိုစာလုံးများ ပေါ်ပေါက်လာသည်နှင့် နံရံထဲမှ ဂါထာရွတ်ဖတ်သံများ အဆက်မပြတ် ထွက်ပေါ်လာ၏။ ထိုစာလုံးများထဲတွင် စွမ်းအားအမြောက်အမြား ကိန်းအောင်းနေသည့်ပုံ ပေါက်နေသည်။ ထိုနံရံပေါ်မှ စာလုံးများမှာ စကြဝဠာကြီး၏ စည်းမျဉ်းဥပဒေများကို သတ်မှတ်ပေးထားသကဲ့သို့ပင်။ ထိုစာလုံးများအား မြင်လိုက်ရသည့်လူတိုင်းမှာ တန်ဖိုးမဖြတ်နိုင်လောက်အောင် အဖိုးတန်သည့် အမွေအနှစ်များကို လက်ခံရရှိတော့မည့်အလား ခံစားလိုက်ရပြီး မသိစိတ်မှနေ၍ ရှေ့သို့ လှမ်းမိသွားမည်သာ ဖြစ်သည်။
ဝမ်ပေါင်လဲ့မှာလည်း လောဘစိတ်များ ကြီးထွားလာ၏။ သို့သော် သူ ရှေ့သို့လှမ်းကာ သေသေချာချာကြည့်ရှုရန် ပြင်လိုက်စဥ်မှာပင် သူ၏ခန္ဓာကိုယ်ထဲတွင် ရှိနေသော အမှောင်အမြုတေမှာ ရုတ်တရက်ဆိုသလို တုန်ရီသွား၏။ ထို့ကြောင့် ဝမ်ပေါင်လဲ့၏ အသိစိတ်ထဲ၌ အချက်ပေးခေါင်းလောင်းသံများ ပဲ့တင်ထပ်သွားသကဲ့သို့ ဖြစ်သွား၏။ ထိုအချိန်တွင် သူသည် ခြေလှမ်းများရပ်တန့်သွားပြီး စကားလုံးများနှင့် ဖော်ပြ၍ မရနိုင်လောက်အောင် ကြီးမားသော အန္တရာယ်ကြီးတစ်ခုကို ရုတ်တရက်ဆိုသလို ခံစားလိုက်ရတော့သည်။
” မဟုတ်သေးဘူး။ သူက ဒီအတိုင်း ရိုးရိုးတန်းတန်း သေသွားလို့ သူ လေ့လာထားတဲ့ ပညာရပ်တွေကို ချန်ခဲ့တယ်ဆိုတာ အဓိပ္ပါယ်ရှိသေးတယ်။ ဒါပေမဲ့ ကျယ်ပြန့်တာအိုနန်းတော်က အဆုံးမဲ့မျိုးနွယ်စုရဲ့ တိုက်ခိုက်ခြင်းကို ခံခဲ့ရလို့ ပျက်စီးသွားခဲ့တာလေ။ ဂိုဏ်းသားအများစုက အဲဒီတိုက်ပွဲထဲမှာ သေဆုံးသွားခဲ့ကြတာ။ အဲ့လိုသာဆိုရင် သူက သူ တစ်ဘဝလုံး လေ့လာထားတဲ့ပညာရပ်တွေ အဆုံးမဲ့မျိုးနွယ်စုလက်ထဲ ရောက်သွားမှာကို စိုးရိမ်နေရမှာ မဟုတ်ဘူးလား ” ဝမ်ပေါင်လဲ့မှာ မသေချာမရေရာ ဖြစ်သွားပါသော်လည်း တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ ထိုနေရာမှ ချက်ချင်းထွက်ခွာလာ၏။
နေရာအနှံ့တွင် အန္တရာယ်များဖြင့် ပြည့်နှက်နေသော ဓားကိုယ်ထည်ပိုင်းထဲ၌ အမြဲတမ်း သတိရှိရှိနေသင့်ကြောင်း သူက နားလည်ထား၏။ အနည်းငယ်ခန့် အာရုံထွေပြားသွားရုံနှင့် အသက်ဆုံးရှုံးရနိုင်ပေသည်။
ထို့ကြောင့်လည်း သူသည် ဂူဗိမာန်ထဲမှ ချက်ချင်းပြေးထွက်လာပြီး အသံကုန်အော်ဟစ်လိုက်၏။ ထိုအခါ ကျောက်ယမုန့်နှင့် ကျိုးရိဖန်းတို့မှာ သူ့ဆီသို့ အပြေးရောက်လာကြသည်။ သူတို့မှာ စကားပြောနေရန် အချိန်မရှိသောကြောင့် တောင်ထိပ်ကြီး၏ ဝေးရာသို့ အမြန်ဆုံး ထွက်ပြေးသွားလိုက်ကြတော့သည်။
သူတို့သုံးယောက် ထိုတောင်ထိပ်ကြီးထဲသို့ စတင်ဝင်ရောက်ခဲ့သည့်အချိန်မှနေ၍ ယခုအထိဆိုလျှင် အသက်ရှူကြိမ် အကြိမ်နှစ်ဆယ်တိတိ ကုန်ဆုံးသွားပြီဖြစ်သည်။ ထို့ကြောင့် သူတို့ ထိုနေရာမှ ထွက်ခွာနိုင်ရန် အချိန်အလုံအလောက် ရှိပေသည်။ သူတို့မှာ အရှိန်မြှင့်တင်လိုက်ကြသဖြင့် သက်တံ့ကွေးများအဖြစ် ပြောင်းလဲသွားကြပြီး မိုးကောင်းကင်ကြီးအား ထိုးခွင်းသွား၏။ ထို့နောက် သူတို့မှာ ထိုတောင်ကြီး၏ အဝေးသို့ ပျံထွက်သွားကြပြီး အချုပ်အနှောင်နယ်မြေထဲမှ ထွက်ခွားသွားရန် ပြင်လိုက်တော့သည်။
တောင်ထိပ်ကြီး၏ အပြင်ဘက်ရှိ လေထုထဲတွင် ဝိညာဉ်စွမ်းအင်များ စုဝေးလာပြီဖြစ်သောကြောင့် သိပ်မကြာခင်တွင် ပြောင်းလဲမှုတစ်ခု ပေါ်ပေါက်လာတော့မည်ဖြစ်ကြောင်း သိနိုင်ပေသည်။ အချုပ်အနှောင်ကြီး၏ ရုန်းကန်မှုများကြောင့် ထိုနေရာ၏ တည်နေရာပြောင်းရွှေ့မှုနှုန်းမှာ မြန်ဆန်လာရခြင်းဖြစ်သည်။ ထိုနေရာတစ်ဝိုက်ရှိ ကုန်းမြေများမှာ နောက်ထပ်တစ်ကြိမ်ထပ်၍ ပြောင်းလဲသွားတော့မည်ဖြစ်သည်။
သူတို့သုံးယောက်မှာ အပြင်သို့ ပြေးထွက်သွားနေစဉ် သူတို့၏ပတ်ပတ်လည်၌ တည်နေရာပြောင်းရွှေ့ခြင်း စွမ်းအင်လှိုင်းများ ပေါ်ပေါက်လာသည်ကို အာရုံခံမိလိုက်ကြသည်။
” မြန်မြန်လေး။ အချိန်မီသေးတယ် ” ဝမ်ပေါင်လဲ့မှာ အသံကုန်အော်ဟစ်လိုက်၏။ သူသည် သူ၏ ကျင့်ကြံခြင်းစွမ်းအား အကုန်လုံးကို ထုတ်လွှတ်လိုက်ပြီး ထိုနယ်မြေထဲမှ ပြေးထွက်သွားရန် ပြင်လိုက်၏။
ထိုအချိန်တွင် သူတို့၏နောက်တွင် ရှိနေသော တောင်ထိပ်ကြီးဆီမှ နားစည်များပင် ကွဲအက်သွားစေနိုင်သည့် ပေါက်ကွဲသံကြီးတစ်သံ ရုတ်တရက်ဆိုသလို ထွက်ပေါ်လာ၏။ ထိုပေါက်ကွဲသံကြီးမှာ လေထုထဲ၌ ပဲ့တင်ထပ်ကာ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားသည်။ ထို့နောက် တောင်ထိပ်ပေါ်တွင်ရှိနေသော ဂူဗိမာန်ကြီးမှာ တွန့်လိမ်ပုံပျက်လာတော့သည်။ ၎င်း၏ နံရံများမှာ တဒုတ်ဒုတ် ခုန်နေသော အသွေးအသားများအဖြစ် ပြောင်းလဲသွား၏။ ထိုဂူဗိမာန်ကြီးမှာ ဧရာမ ပါးစပ်ပေါက်ကြီးတစ်ပေါက်အဖြစ် ပြောင်းလဲသွားသည့်အလားပင်။
ထို့နောက် သွေးများပေကျံနေသည့် ထိုပါးစပ်ပေါက်ကြီးထဲမှ အားကောင်းသော စုပ်ယူအားတစ်မျိုး ထွက်ပေါ်လာ၏။ ၎င်းမှာ အရာရာတိုင်းအား ၎င်းဆီသို့ ဆွဲငင်နေပြီဖြစ်သည်။ ထို့ကြောင့် ထိုတောင်ထိပ်ပေါ်တွင် ရှိနေသော အဆောင်များမှာ ပြိုလဲပျက်ဆီးသွားကြ၏။ ၎င်းတို့မှာ အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားကြပြီး ပါးစပ်ပေါက်ကြီးထဲသို့ စုပ်ယူခံနေရပြီဖြစ်သည်။ အချုပ်အနှောင်ကြီးမှာလည်း တစ်စစီဆုတ်ပြဲသွားပြီး ထိုပါးစပ်ပေါက်ကြီး၏ ဝါးမျိုခြင်းကို ခံလိုက်ရသည်။
ထို ပါးစပ်ပေါက်ကြီး၏ အဆုံးကို လှမ်းမြင်နိုင်ပေသည်။ ၎င်းမှာ ဝမ်ပေါင်လဲ့တစ်ယောက် ထူးဆန်းသည်ဟု မှတ်ယူခဲ့သော နံရံကြီး ဖြစ်နေ၏။ ထိုနံရံကြီးဆီမှ ထွက်ပေါ်နေခဲ့သည့် ခမ်းနားထည်ဝါသော အငွေ့အသက်များမှာ အစအန ရှာမရလောက်အောင် ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။ ထိုအငွေ့အသက်များ၏ နေရာ၌ ကျောချမ်းဖွယ်ကောင်းသော ရူးသွပ်မှု အငွေ့အသက်များ အစားထိုးဝင်ရောက်လာ၏။ ထိုစာကြောင်းအား ရေးထားခဲ့သည့် လူပုဂ္ဂိုလ်မှာ အမျက်ချောင်းချောင်းထွက်နေခဲ့ခြင်း ဖြစ်ရပေမည်။ ထို့ကြောင့် သူသည် ထိုနေရာသို့ ကျူးကျော်လာသည့် လူများအား ဝါးမျိုပစ်ရန် ကျိန်စာတစ်ခု ချန်ရစ်ခဲ့ခြင်းဖြစ်၏
ထိုစာကြောင်းထဲ၌ ရေးသားထားသည့် ကြီးကျယ်ခမ်းနားလှသော အမွေအနှစ်များမှာ လိမ်ဆင်ကြီးတစ်ခုသာ ဖြစ်သည်။ အမှန်တွင် ၎င်းမှာ ကျူးကျော်လာသူများအား ဇီဝိန်ချုပ်ပေးမည့် ထောင်ချောက်ကြီးတစ်ခု ဖြစ်နေ၏။
ထိုအခိုက်အတန့်တွင် တောင်ထိပ်ကြီးတစ်ခုလုံးမှာ ကြက်သွေးရောင် ပြောင်းသွားသည်။
ထိုကဲ့သို့ ရုတ်တရက်ဆိုသလို ပြောင်းလဲသွားမှုကြောင့် သူတို့သုံးယောက်မှာ အံ့ဩတုန်လှုပ်သွားရ၏။ ကျောက်ယမုန့်နှင့် ကျိုးရိဖန်းတို့၏ ကျင့်ကြံခြင်းစွမ်းအားများမှာ ထိုစုပ်ယူအားကြီးကို မယှဉ်နိုင်သောကြောင့် သူတို့၏ ပါးစပ်များထဲမှ သွေးများစီးကျလာကြ၏။ ထို့နောက် သူတို့မှာ နောက်သို့ ဒယိမ်းဒယိုင် ဖြစ်သွားကြသည်။ သူတို့၏ ခန္ဓာကိုယ်များထဲမှ ဝိညာဉ်ချီများမှာလည်း ထိုစုပ်ယူအားကြီးအား တောင်ခံနိုင်စွမ်း မရှိတော့သည့်ပုံပင်။ ထို့ကြောင့် ၎င်းတို့မှာ သူတို့၏ ခန္ဓာကိုယ်များထဲမှ ထွက်လာကြပြီး ဝိညာဉ်မြူခိုးများအဖြစ် ပြောင်းလဲကာ ဂူဗိမာန်ကြီးဆီသို့ မျောလွင့်သွားကြတော့သည်။
ဝမ်ပေါင်လဲ့မှာ အမြုတေအဆင့်တွင် ရှိနေသောကြောင့် ပြန်လည်ခုခံနိုင်စွမ်းရှိပါသော်လည်း ပါးစပ်ပေါက်ကြီးထဲသို့ စုပ်ယူခံနေရသည့် သူတို့၏ ခန္ဓာကိုယ်များကို မတားဆီးနိုင်ဘဲ ဖြစ်နေရ၏။ အကယ်၍ သူတို့မှာ ထိုပါးစပ်ပေါက်ကြီးထဲသို့သာ ရောက်ရှိသွားမည်ဆိုပါက နောက်ဆက်တွဲ အကျိုးဆက်များမှာ စိတ်ကူးနှင့်ပင် မှန်းဆ၍ မရနိုင်လောက်အောင် ဆိုးရွားနေမည် ဖြစ်သည်။ ထိုကဲ့သို့ သေရေးရှင်ရေး အခိုက်အတန့်တွင် ဝမ်ပေါင်လဲ့မှာ အသံကုန်အော်ဟစ်လိုက်ပြီး သူ၏ခန္ဓာကိုယ်ထဲတွင် ရှိနေသော ဝါးမျိုခြင်းသစ်စေ့၏ စွမ်းအားများကို ထုတ်လွှတ်လိုက်တော့သည်။ သူသည် စုပ်ယူအားကြီးကို ခုခံတွန်းလှန်နေရင်း ကျောက်ယမုန့်နှင့် ကျိုးရိဖန်းတို့အား လှမ်းဆွဲလိုက်၏။ သို့သော်ငြားလည်း သူသည် သူတို့နှစ်ယောက် ဝါးမျိုခံရမည့်ဖြစ်စဉ်အား အနည်းငယ်ခန့် နှောင့်နှေးကြန့်ကြာသွားအောင်သာ လုပ်နိုင်လိုက်သည့်ပုံပင်။
အကယ်၍ သူသည် ကျောက်ယမုန့်နှင့် ကျိုးရိဖန်းတို့အား လာရောက်ကယ်တင်ခြင်း မရှိလျှင်တောင် စုပ်ယူအားကြီးမှာ အားကောင်းလွန်းနေသောကြောင့် ထွက်ပြေးလွတ်မြောက်နိုင်မည် မဟုတ်ပေ။ သူတို့မှာ အသက်အန္တရာယ်နှင့် တဖြည်းဖြည်း နီးလာပြီဟု ခံစားနေရ၏။ သေမင်းကြီးကိုယ်တိုင် သူတို့အား မျက်တောင်မခတ်တမ်း စိုက်ကြည့်နေသကဲ့သို့ပင်။
” ပေါင်လဲ့။ ဒီနေရာမှာ အချိန်မရွေး တည်နေရာပြောင်းရွှေ့သွားနိုင်တဲ့ စွမ်းအားတွေနဲ့ ပြည့်နဲ့နေတာ။ ငါ ပစ်လွှတ်လိုက်မယ့် ကျောက်စိမ်းပေလွှာတွေကို နင် အစွမ်းကုန်ထုတ်ပြီးတော့ တိုက်ခိုက်ကြည့်လိုက်။ အဲ့တာဆိုရင် တည်နေရာပြောင်းရွှေ့မှုနှုန်းက မြန်သွားလိမ့်မယ်။ ငါတို့တွေ အဲဒီဖြစ်စဉ်ကနေ ထွက်ပေါ်လာမယ့် ဝိညာဉ်စွမ်းအင်တွေကိုသုံးပြီး စုပ်ယူအားကြီးကို တွန်းလှန်ရမှာ။ ငါ့ရဲ့ ခန့်မှန်းချက်သာ မမှားဘူးဆိုရင် တည်နေရာပြောင်းရွှေ့မှုဖြစ်စဉ် ပေါ်ပေါက်လာတာနဲ့ ကျိန်စာကြီးရဲ့ စွမ်းအားတွေနဲ့ စုပ်ယူအားတွေ ပျောက်သွားလိမ့်မယ်။ ဒါ ငါတို့ အသက်ရှင်နိုင်မယ့် တစ်ခုတည်းသော နည်းလမ်းပဲ ”
” ရိဖန်း။ နင်လည်း တိုက်ခိုက်ပေးမှရမယ်။ အဲဒီ ကျောက်စိမ်းပေလွှာတွေ တစ်ပြိုင်နက်တည်း ပေါက်ကွဲသွားမှရမှာ ” ကျောက်ယမုန့်မှာ ဖရိုဖရဲ ဖြစ်နေသည့်တိုင်အောင် တည်ကြည်မှုအပြည့် ရှိနေဆဲပင်။ သူမသည် ထိုသို့ရှင်းပြလိုက်ပြီးနောက် သူမ၏ သိုလှောင်လက်ကောက်ထဲမှ ကျောက်စိမ်းပေလွှာ အခုတစ်ရာကျော်ကို ထုတ်ယူလိုက်ပြီး လေထဲသို့ လှမ်းပစ်လိုက်၏။
အခြားတချိန်ချိန်တွင်သာဆိုလျှင် သူမသည် ထိုကျောက်စိမ်းပေလွှာများအားလုံးကို တစ်ပြိုင်နက်တည်း ပေါက်ကွဲသွားအောင် ပြုလုပ်နိုင်စွမ်း ရှိနေလောက်ပေသည်။ သို့သော် ယခုတွင်မူ သူမ၏ ကျင့်ကြံခြင်းစွမ်းအား အများစုမှာ စုပ်ယူအားကြီးကြောင့် ကုန်ခန်းသွားရပြီမဟုတ်ပါလော။ ထို့ကြောင့် သူမသည် သူမ၏ သိုလှောင်လက်ကောက်အား ဖွင့်ရုံမျှသာ ဖွင့်နိုင်ခဲ့၏။
ထိုကျောက်စိမ်းပေလွှာများမှာ အရောင်မျိုးစုံရှိနေ၏။ ၎င်းတို့ တစ်ခုချင်းစီပေါ်တွင် မန္တန်အစီအရင် ကမ္ဗည်းစာလုံးများ ရေးထိုးထား၏။ ၎င်းတို့မှာ မန္တန်အစီအရင် အမြုတေများ ဖြစ်ကြသည်။ ၎င်းတို့အား တစ်စစီ ခြေမွှလိုက်သည်နှင့် မန္တန်အစီအရင်များ ထွက်ပေါ်လာကြမည်ဖြစ်သည်။ ထို မန္တန်အစီအရင်များ တစ်ခုနှင့်တစ်ခု ပေါင်းစည်းသွားပါက ၎င်းတို့၏ စွမ်းအားများမှာ အဆပေါင်းများစွာ မြင့်တက်လာမည်ဖြစ်သည်။ ၎င်းမှာ သူမ၏ အထူးတိုက်ကွက် ဖြစ်ပေသည်။
ဝမ်ပေါင်လဲ့မှာ အချိန်သိပ်မကျန်တော့ကြောင်း သိထားသဖြင့် ကျောက်ယမုန့်တစ်ယောက် ထိုကျောက်စိမ်းပေလွှာများအား လေထဲသို့ ပစ်လွှတ်လိုက်သည်နှင့် အံကြိတ်လိုက်၏။ ဝိညာဉ်ချီများမှာ သူ၏ခန္ဓာကိုယ်ထဲမှ အဆက်မပြတ် စိမ့်ထွက်နေပါသော်လည်း သူသည် သူ၏ လျှပ်စီးအမြုတေအား ထုတ်သုံးလိုက်သည်။ ထိုအခါ သူ၏ခန္ဓာကိုယ်ထဲမှ လျှပ်စီးတန်းများ ထွက်ပေါ်လာပြီး ထိုကျောက်စိမ်းပေလွှာများဆီသို့ ဦးတည်သွားတော့သည်။ တစ်ချိန်ထဲမှာပင် သူ၏ အမှောင်အမြုတေမှာလည်း တုန်ရီသွားသဖြင့် အမှောင်မီးတောက်များ တောက်လောင်ကာ အပြင်သို့ ပြန့်ထွက်လာကြပြီးနောက် ကျောက်စိမ်းပေလွှာများအား တိုက်ခိုက်လိုက်ကြသည်။
သို့သော် ထိုစုပ်ယူအားမှာ အားကောင်းလွန်းနေ၏။ ကျောက်ယမုန့်မှာ ထိုကျောက်စိမ်းပေလွာများ ဝမ်ပေါင်လဲ့ ရှိရာဘက်သို့ လှမ်းပစ်လိုက်သည့်တိုင်အောင် ၎င်းတို့မှာ စုပ်ယူအားများ၏ ဆွဲငင်မှုကို ခံလိုက်ရသဖြင့် ပြန့်ကျဲသွားကြပြီး ဂူဗိမာန်ကြီးဆီသို့ မျောလွင့်သွားကြတော့သည်။ ထို့အပြင် ထို စုပ်ယူအားကြီးမှာ သူတို့ကို တိုက်ခိုက်နေသည်ဖြစ်သောကြောင့် ဝမ်ပေါင်လဲ့မှာ ထိုကျောက်စိမ်းပေလွှာ အားလုံးအား တစ်ပြိုင်နက်တည်း ချိုးဖျက်နိုင်စွမ်းမရှိဘဲ ဖြစ်နေရသည်။
သူတို့ အသက်ရှင်နိုင်မည့် တစ်ခုတည်းသော အခွင့်အရေးကြီး သူတို့၏ရှေ့၌ ပျောက်ကွယ်သွားတော့မည့်ဆဲဆဲတွင် ကျိုးရိဖန်းမှာ အသက်ရှူသံများ မြန်ဆန်လာပြီး မျက်လုံးများနီမြန်းလာတော့သည်။ ထို့နောက် သူ၏ မျက်ဝန်းများထဲတွင် ရူးသွပ်မှု အရိပ်အယောင်များနှင့် စိတ်ဓာတ်ပြတ်သားမှု အရိပ်အယောင်များ ထင်ဟပ်သွား၏။ သူ၏ခန္ဓာကိုယ်ထဲမှ သွေးကြောများမှာလည်း ပြန့်ကားသွားသဖြင့် သူသည် ကြောက်မက်ဖွယ်ရာ လူကြီးတစ်ယောက်အသွင် ပြောင်းလဲသွား၏။ ထို့နောက် သူ အသံကုန်အော်ဟစ်လိုက်သောအခါ သူ၏နဖူးမှာ ထပ်ခြမ်းကွဲသွားပြီး အားကောင်းသော မိစ္ဆာအငွေ့အသက်များ ထိုးထွက်လာတော့သည်။ ၎င်းတို့မှာ သွေးရောင်အလင်းတန်းတစ်ခုအသွင် ပြောင်းလဲသွားပြီး ဝမ်ပေါင်လဲ့ မဖျက်ဆီးနိုင်လိုက်သော ကျောက်စိမ်းပေလွှာများဆီသို့ ဦးတည်လာတော့သည်။
သေသေချာချာ ကြည့်လိုက်မည်ဆိုပါက ထိုသွေးရောင်အလင်းတန်းထဲတွင် သွေးရောင် ဓားပျံတစ်လက်ကို မြင်နိုင်ပေသည်။ ၎င်းမှာ ကြောက်မက်ဖွယ်ကောင်းသော မိစ္ဆာအငွေ့အသက်များကို ထုတ်လွှတ်နေ၏။ ၎င်းမှာ ကျိုးရိဖန်း၏ ခန္ဓာကိုယ်ထဲ၌ တစ်ချိန်လုံး လေ့ကျင့်နေခဲ့သည့် သွေးစစ်သည်ပင် ဖြစ်သည်
ထို သွေးစစ်သည်ကြီး ပေါ်ပေါက်လာသည်နှင့် ကျိုးရိဖန်း၏ ပါးစပ်ထဲမှ သွေးများစီးကျလာ၏။ သူ၏ သူငယ်အိမ်များထဲတွင်လည်း သွေးများဖြင့် ပြည့်နှက်နေပြီဖြစ်သည်။ ထို့နောက် သူ၏ခန္ဓာကိုယ်ကြီးမှာ တုန်ရီသွားပြီး သူတို့၏ရှေ့၌ ပိန်ချုံးသွား၏။ သွေးစစ်သည်ကြီးမှာ အမှန်တကယ်ပင် အစွမ်းထက်ပေသည်။ ၎င်းမှာ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ဝမ်ပေါင်လဲ့နှင့် ပေါင်းစည်းသွားပြီး ကျောက်စိမ်းပေလွှာ အားလုံးနီးပါးကို ဖျက်ဆီးပစ်လိုက်၏။
အကောင်းပတိအတိုင်း ကျန်ရှိနေသေးသည့် ကျောက်စိမ်းပေလွှာ တစ်ဒါဇင်ဝန်းကျင်ခန့် ရှိနေသေးသည့်တိုင်အောင် ပေါက်ကွဲပျက်စီးသွားကြပြီဖြစ်သော ကျောက်စိမ်းပေးလွှာများဆီမှ မန္တန်အစီအရင်စွမ်းအားများ ထွက်ပေါ်လာ၏။ ထိုအခါ မြစ်ရေမလျှံအောင် ထိန်းပေးထားသည့် ဆည်ကြီးတစ်ခုထဲ၌ အပေါက်ကြီးတစ်ပေါက် ဖောက်လိုက်သကဲ့သို့ပင်။ သူတို့၏ ပတ်ဝန်းကျင်ကြီး တစ်ခုလုံးမှာ စတင် အသွင်ပြောင်းလဲလာပြီး မြေပြင်ကြီးမှာ တုန်ရီလာတော့သည်။ ထို့နောက် တည်နေရာပြောင်းရွှေ့ခြင်းအား ကိုယ်စားပြုသည့် ဝိညာဉ်စွမ်းအင်များ ပေါ်ပေါက်လာပြီး ရုတ်တရက်ဆိုသလို ပေါက်ကွဲသွားတော့သည်။
ထိုအခါ မီးပင်လယ်ကြီးထဲမှ ထစ်ချုန်းသံများ ထွက်ပေါ်လာပြီး လေထုထဲတွင် ပေါက်ကွဲသံများ ပဲ့တင်ထပ်သွား၏။ စိတ်ကူးနှင့်ပင် မှန်းဆ၍မရနိုင်သည့် စွမ်းအားတစ်မျိုးမှာ လေမုန်တိုင်းကြီးတစ်ခုအသွင် ပြောင်းလဲသွားပြီး ကိုက်ထောင်ပေါင်းများစွာအထိ ဖုံးလွှမ်းသွားသည်။ ဂူဗိမာန်ကြီးထဲမှ ထွက်ပေါ်လာနေသည့် စုပ်ယူအားကြီးပင်လျှင် တည်နေရာပြောင်းရွှေ့မှုဖြစ်စဉ်ကြီး၏ အားကောင်းသော စွမ်းအားများကြောင့် တွန့်လိမ်ပုံပျက်လာတော့သည်။ ထို့နောက် ၎င်းမှာ ထိုစွမ်းအားများကို ခုခံနိုင်စွမ်းမရှိတော့သဖြင့် တကျွီကျွီမြည်သံများ ထွက်ပေါ်လာပြီး လွင့်ပါးပျောက်ကွယ်သွားတော့မည့်ပုံ ပေါက်လာတော့သည်။
ထိုလေမုန်တိုင်းကြီးမှာ အရှိန်အဟုန်ပြင်းစွာ လည်ပတ်နေပြီး ၎င်း၏ အတွင်းပိုင်းထဲတွင် မိုးချုန်းသံများ မြည်ဟည်းနေ၏။ ဝိညာဉ်စွမ်းအင်လှိုင်းများမှာလည်း အပြင်ဘက်သို့ ပြန့်ထွက်လာနေကြသည်။ နောက်ဆုံးတွင် ထိုလေမုန်တိုင်းကြီးထဲတွင် ရှိနေသည့် တောင်ထိပ်ကြီးနှင့် ဂူဗိမာန်ကြီးတို့သာမက ကိုက်တစ်ထောင်ပတ်ပတ်လည်ရှိ အရာအားလုံးမှာ ချက်ချင်းဆိုသလို ပျောက်ကွယ်သွားတော့သည်။
၎င်းတို့၏ နေရာတွင် မီးပင်လယ်ကြီးထဲသို့ ရောက်နေသော ဧရာမချိုင့်ခွက်ကြီးတစ်ခု ပေါ်ပေါက်လာ၏။ ခဏအကြာတွင် ထိုချိုင့်ခွက်ကြီးထဲသို့ မီးပင်လယ်ကြီး စီးဝင်လာသဖြင့် ထိုနေရာကြီးမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ တည်နေရာပြောင်းရွှေ့မှုဖြစ်စဉ်ကြီးအား ကိုယ်စားပြုသည့် ဝိညာဉ်စွမ်းအင် အကြွင်းအကျန်များသာလျှင် ထိုနေရာ၌ ကျန်ရစ်ခဲ့တော့သည်…
ထိုဖြစ်စဉ်ကြီးမှာ အံ့ဩတုန်လှုပ်ဖွယ်ကောင်းသည်ဟု ထင်ရပါသော်လည်း လက်တွေ့တွင်မူ ဓားကိုယ်ထည်ပိုင်းထဲ၌ ထိုကဲ့သို့သော တည်နေရာပြောင်းရွှေ့မှုများမှာ ပုံမှန်ဖြစ်ပွားလေ့ ရှိပေသည်။ ရက်အနည်းငယ် ကုန်ဆုံးပြီးသွားတိုင်း ကုန်းမြေများမှာ တည်နေရာပြောင်းလဲသွားကြပြီး အခြားတစ်နေရာ၌ ပြန်ပေါ်လာကြသည်သာဖြစ်သည်။ ထို့ကြောင့် ဓားကိုယ်ထည်ပိုင်းပေါ်တွင် အမြဲတမ်း မပြောင်းလဲပဲ တည်မြဲနေသည့်နေရာဟူ၍ မရှိပေ။ မီးပင်လယ်ကြီးမှလွဲ၍ အခြားအရာအားလုံးမှာ အမြဲတစေ ပြောင်းလဲနေကြသည်သာဖြစ်သည်။
ထိုပြောင်းလဲမှုများမှာ တသမတ်တည်းမရှိပေ။ မကြာသေးမီတုန်းက ကျယ်ပြန့်တာအိုနန်းတော်ကြီးမှာ ဓားကိုယ်ထည်ပိုင်းပေါ်တွင် လေ့လာရေးလုပ်ငန်းများ ပြုလုပ်ခဲ့ပြီးနောက် ထိုတည်နေရာပြောင်းရွှေ့မှုများကြောင့် နယ်မြေတစ်ခုမှာ မိုင်ပေါင်းဒါဇင်အနည်းငယ်ခန့်အကွာတွင်ရှိသော နေရာများဆီသို့ ရောက်ရှိသွားနိုင်သလို နောက်ထပ်တစ်ကြိမ် ပြန်မတွေ့နိုင်တော့မည့် နေရာများဆီသို့လည်း ရောက်ရှိသွားနိုင်သည်ဖြစ်ကြောင်း သိခဲ့ရ၏။
သူတို့၏ ခန့်မှန်းချက်များအရဆိုလျှင် ထိုကဲ့သို့ တည်နေရာပြောင်းရွှေ့ခံလိုက်ရသည့် နယ်မြေများမှာ ဓားကိုယ်ထည်ပိုင်းပေါ်ရှိ မည်သည့်နေရာကိုမဆို ရောက်ရှိသွားနိုင်ပေသည်။