အခန်း (၆၅) အရင်တုန်းက ရန်ဝူတိ ရှိခဲ့သည်၊ အခုလည်း ရန်ဝူတိ ရှိနေပြန်ပြီ
ရန်ကျောက်ကဲ၏ဒန်တျန်ထဲမှ ကြယ်တာရာချီပင်လယ်တွင် လှုပ်ရှားနေသော ဘက်ခြမ်းက မြွေအသွင်ဖွဲ့တည်လာကာ ငြိမ်သက်နေသော ဘက်ခြမ်းမှာမူ လိပ်သဏ္ဌာန်ပြောင်းလဲသွားပြီး ယင်နှင့် ယန်တို့၏ နက်နဲသောစွမ်းအားကို ထုတ်ဖော်ပြသလျက်ရှိသည်။
ကောင်းကင်မြွေဘုရင်လက်သီးသိုင်းနှင့်ကျောက်သားပမာသမုဒ္ဒရာလက်သီးသိုင်းတို့ကို ပေါင်းစပ်အသုံးပြုလိုက်သောအခါ ရွှမ်းဝူနတ်ဘုရားပုံရိပ် ပေါ်ပေါက်လာသည်။ သွေးတံခါးဝကို နှိုးဆွလိုက်သည်နှင့် တပြိုင်နက် ခြောက်ခြားဖွယ်ရာ စွမ်းအားတစ်ခု ပေါက်ကွဲထွက်ပေါ်လာတော့သည်။
ရန်ကျောက်ကဲသည် ခြေတစ်လှမ်း လှမ်းလိုက်ရုံမျှဖြင့် ချက်ချင်းပင် လူသန်ကြီး ရှေ့သို့ ရောက်သွားလေ၏။
ခန်းမအတွင်းဘက်တွင် မဆိုထားနှင့်၊ အပြင်ဘက်၌ပင် အပြင်ပိုင်းကြယ်တာရာချီနှောင်းပိုင်းအဆင့် လူသန်ကြီးသည် သူ့ကြယ်တာရာချီကို ထုတ်ဖော်၍ တုန့်ပြန်ရန် အချိန်ရလောက်လိမ့်မည် မဟုတ်ပေ။
ရန်ကျောက်ကဲ၏ခန္ဓာကိုယ်တစ်ခုလုံးမှ စွမ်းအားများသည် လက်ဝါးထက်၌ စုစည်းသွားသည်။ ရန်ကျောက်ကဲသည် သူ့လက်ကို ဆန့်ထုတ်၍ လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်လေ၏။
ရန်ကျောက်ကဲ၏လက်ဝါးပြင်တစ်ခုလုံးမှာ ခရမ်းနီရောင် ပြောင်းနေကာ လူသန်ကြီးသည် ပြင်းထန်သော အပူရှိန်ကြောင့် မီးပြင်းဖိုထဲ ရောက်နေသလို ခံစားနေရသည်။ ရန်ကျောက်ကဲ အသုံးပြုလိုက်သော သိုင်းပညာရပ်မှာ ဝါဒတောင်ဂိုဏ်း၏ တိုက်ရိုက်မျိုးဆက် သိုင်းပညာတစ်ရပ်ဖြစ်သော တုရှိတလက်ဝါးသိုင်းဖြစ်ပေသည်။
လူသန်ကြီးသည် ရန်ကျောက်ကဲ၏အမြန်နှုန်းကြောင့် ထိတ်လန့်မိသော်လည်း တကယ်တော့ အပြင်ပိုင်းကြယ်တာရာချီနှောင်းပိုင်းအဆင့်သိုင်းပညာရှင်မှာ အပြင်ပိုင်းကြယ်တာရာချီနှောင်းပိုင်းအဆင့် သိုင်းပညာရှင်သာဖြစ်သည်။ သူသည် ချက်ချင်းပင် ဓားတစ်ချောင်းပမာ မတ်မတ်ရပ်လိုက်ကာ သူ့လက်နှစ်ဖက်ကို မြှောက်လိုက်သည်။
သူ့ကြယ်တာရာချီက တဟုန်ထိုး ထွက်ပေါ်လာရာ လေထဲတွင် ကခုန်နေသော ဓားနှစ်စင်းသဖွယ် သဏ္ဌာန်ဖွဲ့တည်သွားသည်။
အထက် အောက် ယှဉ်တွဲပျံသန်းနေသော ဓားနှစ်စင်းအနက် ပထမဓားသည် ရန်ကျောက်ကဲ၏လက်ဝါးချက်နှင့် ရင်ဆိုင်တွေ့သွားပြီး ဒုတိယဓားမှာမူ ရန်ကျောက်ကဲ၏ ရင်ဘတ်အား ခုတ်ပိုင်းလိုက်သည်။
ဓားရောင် တောက်ပလာကာ အေးစက်ညို့မှိုင်းသော အငွေ့အသက်များ ဖြာထွက်လာပြီး ပတ်ဝန်းကျင်လေထုထဲတွင် ထောင်ပေါင်းများစွာသော ဓားရိပ်များ သက်ဝင်လှုပ်ရှားလျက်ရှိသည်။
၎င်းမှာ အစွန်းရောက်ရှစ်ပါးသိုင်းပညာရှစ်ရပ်အနက် တစ်ခုဖြစ်သော ရှု့ခင်းရှစ်ပါးဝိဉာဉ်ဓားသွား ဖြစ်သည်။
ကြမ်းတမ်းခက်ထန်သော သဘာဝရှိသည့် ဖျက်စီးခြင်းဓာတ်စင်များ ပေါင်းစည်းခြင်းဓားသိုင်းကဲ့သို့မဟုတ်ဘဲ ရှု့ခင်းရှစ်ပါးဝိဉာဉ်ဓားသွားသိုင်းပညာတွင် သိမ်မွေ့နက်နဲသည့် အလှည့်အပြောင်းများစွာ ပါဝင်လေသည်။
တကယ်တော့ ၎င်းမှာ နေသူတော်စင်ဂိုဏ်း၏ဆည်းဆာတစ်ထောင်ပုံရိပ်ရောင်လက်ဝါးသိုင်းကဲ့သို့သော သိုင်းပညာရပ်နှင့် ပိုမိုဆင်တူ၏။
သို့ရာတွင် အစွန်းရောက်ရှစ်ပါးသိုင်းပညာရှစ်ရပ်အနက် ရှု့ခင်းရှစ်ပါးဝိဉာဉ်ဓားသွားနှင့် တုရှိတလက်ဝါးတို့သည် အပြန်အလှန် ဆန့်ကျင်သော ဓာတ်သဘောရှိလေသည်။ ရှု့ထောင်တစ်မျိုးမှ ကြည့်ပါက လူသန်ကြီးသည် တုရှိတလက်ဝါးသိုင်းကို တန်ပြန်နိုင်သော သိုင်းပညာရပ်အား အသုံးပြုနေခြင်းဖြစ်သည်။
ပထမဓားမှ ဓားအလင်းများ ဖြန့်ကျက်သွားကာ ထိုနေရာတစ်ခုလုံးကို လွှမ်းမိုးသွားပြီး ရှု့ခင်းရှစ်ပါးနန်းတော်ပင် ရန်ကျောက်ကဲ ရှေ့တွင် ခပ်ရေးရေးမျှ ပေါ်လာသည်။
ယင်းမီးပြင်းဖိုမီးတောက်များသည် အလင်းမျှသာ မဟုတ်သော်လည်း ခရမ်းရောင်တုရှိတမီးတောက်များသည် ရှု့ခင်းရှစ်ပါးနန်းတော်တွင် ထွန်းညှိထားသည့် မီးပုံးများနှင့် ရင်ဆိုင်တွေ့သောအခါ ယခင်ကထက် ပိုမို အားလျော့သွားသည်။
ထိုဓားအလင်းများ လည်ပတ်လာရာ ဧရာမ နန်းတော်မီးပုံးကြီးပုံစံ အသွင်ပြောင်းသွားပြီး ရန်ကျောက်ကဲထံသို့ တန်းတန်းမတ်မတ် ဝင်ဆောင့်လိုက်သည်။
သူ့အား ခုတ်ပိုင်းလိုက်သော ဒုတိယဓားကို လုံးဝ လျစ်လျူရှု့ထားသည့်အလား ရန်ကျောက်ကဲ၏ မျက်နှာက မပြောင်းလဲပေ။
သူ့သွေးတံခါးဝ တုန်ခါသွားရာ လိပ်နှင့် မြွေတို့ ပေါင်းစပ်ထားသော ရွှမ်းဝူနတ်ဘုရား၏စွမ်းအားမှာ ပေါက်ကွဲထွက်ပေါ်လာပြီး တုရှိတလက်ဝါး၏စွမ်းအားကို တိုးမြှင့်သွားစေသည်။
ရန်ကျောက်ကဲ၏လက်ဝါးထက်မှ ခရမ်းရင့်ရောင်မှာ ပိုမို သိပ်သည်းလာ၏။ သူ့ကြယ်တာရာချီ တဟုန်ထိုး ထွက်ပေါ်လာသည်နှင့်အတူ ဧရာမ ဆေးဒယ်အိုးကြီး၏ မှုန်ဝါးဝါးပုံရိပ်ပင် ပေါ်ပေါက်လာသည်။
ဧရာမ ဆေးဒယ်အိုးကြီးသည် ဓားအလင်းများဖြင့် ဖွဲ့စည်းထားသော ရှု့ခင်းရှစ်ပါးနန်းတော်မီးပုံးကြီးကို တန်းတန်းမတ်မတ် ဝင်ဆောင့်သွားရာ ဧရာမ ဆေးဒယ်အိုးကြီး၏ ကြမ်းတမ်းခက်ထန်သော စွမ်းအားကြောင့် မီးပုံးကြီးမှာ တစစီ ကျိုးပဲ့ပျက်စီးသွားတော့သည်။
လူသန်ကြီး၏တစ်ကိုယ်လုံးရှိ အမွှေးများသည် အဆုံးထိ ထောင်မတ်သွားလေ၏။ ထိုအခိုက်မှာတင် ရန်ကျောက်ကဲသည် အမြန်နှုန်းသာမက စွမ်းအားပါ သူ့ထက် သာလွန်ကြောင်း လူသန်ကြီး သဘောပေါက်သွားတော့သည်။
ဤအပြန်အလှန် တိုက်ခိုက်မှုအတွင်း လူသန်ကြီး၏ဒုတိယဓားက ရန်ကျောက်ကဲအား မခုတ်ပိုင်းသေးခင် ရန်ကျောက်ကဲ၏လက်ဝါးချက်က သူ့ခေါင်းပေါ် အရင် ကျရောက်သွားနိုင်မည်။
လူသန်ကြီးမှာ ရွေးစရာ မရှိချေ။ သူ့ကိုယ်သူ ခုခံရန် သူ့ဒုတိယဓားကို ပြန်ရုတ်လိုက်ရသည်။
လက်ဦးမှုယူနိုင်သည့် အခွင့်အရေး ဆုံးရှုံးသွားသောကြောင့် လူသန်ကြီးမှာ ပြန်လည်တိုက်ခိုက်နိုင်ခြင်း မရှိတော့ပေ။ ဆက်တိုက် ခုခံနေရသည်။
ရန်ကျောက်ကဲသည် အသက်တစ်ချက် ရှုထုတ်လိုက်ကာ သူ့လက်ဝါးဖြင့် အဆက်မပြတ် တိုက်ခိုက်နေ၏။ မိုးသီးမိုးပေါက်များကျသကဲ့သို့ သူ၏ အဆက်မပြတ် တိုက်ခိုက်မှုများအောက်တွင် လူသန်ကြီးမှာ တဆုတ်တည်း ဆုတ်နေရသည်။
ဤကဲ့သို့ ကြမ်းတမ်းခက်ထန်သော တိုက်ခိုက်မှုများကို ရန်ကျောက်ကဲ ကြာကြာ မထိန်းထားနိုင်လောက်ဟု လူသန်ကြီး အစက တွက်ဆထားခဲ့သည်။ သို့သော်လည်း ထိုတိုက်ခိုက်မှုများက အဆုံးမရှိသည်ဟု လူသန်ကြီး ခံစားလာရသည်။
သူသည် သူတို့နှစ်ယောက်ကြား အကွာအဝေးကို ခွာလို့ပင် မရပေ။ ရန်ကျောက်ကဲ၏လက်ဝါးချက်များက နေရာတိုင်းကို ခြိမ်းခြောက်လျက်ရှိ၏။
လူသန်ကြီးမှာ အံတင်းတင်းကြိတ်လျက် ကိုယ်ကို တပတ်လှည့်ကာ လက်ပြန်ရိုက်လိုက်သည်။ သူ့ကိုယ်သူ ခုခံမည့် အတွေးများကို ခေါင်းထဲမှ ထုတ်၍ တိုက်စစ်ကို တိုက်စစ်ဖြင့်သာ တုံ့ပြန်ရန် အားထုတ်လိုက်သည်။
သို့သော် ရန်ကျောက်ကဲက ရုတ်တရက် ခြေဆောင့်လိုက်ရာ သူ့ထံမှ ပေါက်ကွဲထွက်ပေါ်နေသော စွမ်းအားက နောက်တစ်ဆင့် မြင့်တက်သွားသည်။
ဝိဉာဉ်ခြောက်သွယ်မိစ္ဆာလက်သီးသိုင်း၏ မဟာလူဝံမိစ္ဆာလက်သီးက အကြီးမားဆုံးသော စွမ်းအားဖြင့် ထွက်ပေါ်လာ၏။
ထိုအခိုက်တွင် ရန်ကျောက်ကဲ၏ အမြန်နှုန်းက နောက်တစ်ကြိမ် မြင့်တက်သွားကာ လူတိုင်း၏ခန့်မှန်းချက်ကို လုံးဝ ကျော်လွန်သွားစေခဲ့သည်။
ရန်ကျောက်ကဲသည် သာလွန်သော အမြန်နှုန်းဖြင့် တစ်ချက်ယိမ်း၍ လူသန်ကြီး၏ ရှု့ခင်းရှစ်ပါးဝိဉာဉ်ဓားကို ရှောင်တိမ်းလိုက်သည့်အခိုက်မှာတင် သူ့လက်ဝါးသည် ထိုသူ၏ မျက်နှာတည့်တည့်သို့ ရောက်သွားလေသည်။
တိုက်ပွဲကို တစ်ချိန်လုံး တိတ်ဆိတ်စွာ ကြည့်ရှု့နေသော အကြီးအကဲချင်သည် ချီးကျူးမှုအပြည့်ဖြင့် သက်ပြင်းချလိုက်သည်။
ထို့နောက် သဏ္ဌာန်မဲ့ ဖိအားတစ်ခု ထွက်ပေါ်လာပြီး တိုက်ခိုက်နေသူနှစ်ယောက်ကြား အကွာအဝေးသည် တဖြည်းဖြည်း ကြီးမားလာ၏။
နောက်အခိုက်အတန့်၌ သူတို့နှစ်ယောက်စလုံးသည် မတိုက်ခိုက်ခင်က ရပ်နေသော နေရာအသီးသီးသို့ ပြန်လည် ရောက်ရှိသွားကြလေပြီ။
တကယ်တော့ သူတို့နှစ်ယောက်ကြားတိုက်ပွဲသည် အသက်တစ်ခါရှုရုံမျှ ယုန်တစ်ခါ ခုန်ရုံမျှသာ ကြာမြင့်ခဲ့သည်။ သို့ရာတွင် အလွန်ပြင်းထန်သော တိုက်ခိုက်မှု၊ ခုခံမှုနှင့် လှုပ်ရှားမှု အတွဲအဆက်များစွာ ပါဝင်လေ၏။
လူတိုင်းသည် တစ်ဆက်တည်းနီးပါး သက်ပြင်းချလိုက်ကြပြီး ရန်ကျောက်ကဲကို ထိတ်လန့်အံ့ဩနေသော အကြည့်များဖြင့် ကြည့်လိုက်ကြသည်။
သူတို့ရှေ့တွင် ရပ်နေသော ရန်ကျောက်ကဲသည် အမှန်တကယ်ပင် အဆင့်ကျော်၍ သူတို့ဂိုဏ်း၏ အပြင်ပိုင်းကြယ်တာရာချီနှောင်းပိုင်းအဆင့် ထိပ်တန်းကျင့်ကြံသူ တစ်ဦးကို အနိုင်ယူနိုင်ခဲ့သည်။
ထိုလူသန်ကြီးသည် သာမာန် အပြင်ပိုင်းကြယ်တာရာချီ နှောင်းပိုင်းအဆင့် ကျင့်ကြံသူ မဟုတ်ပေ။ ဝါဒတောင်ဂိုဏ်း၏ ထိပ်တန်းသိုင်းပညာရပ်များဖြစ်သော ကြည်လင်ချီကျမ်းနှင့် ရှု့ခင်းရှစ်ပါးဝိဉာဉ်ဓားသွားသိုင်းပညာတို့ကို လေ့ကျင့်ထားသူဖြစ်၏။
ထိုလူသန်ကြီးသည် တိုက်ပွဲ ရာပေါင်းများစွာကို တိုက်ခိုက်ထားသောကြောင့် တိုက်ပွဲအတွေ့အကြုံလည်း ကြွယ်ဝသူဖြစ်သည်။ ဤကဲ့သို့ ပြိုင်ဘက်မျိုးမှာ လူငယ်ပါရမီရှင်အများစု ရင်မဆိုင်လိုသော ပြိုင်ဘက်မျိုးဖြစ်သည်။
သို့ရာတွင် ထိုသူသည် ရန်ကျောက်ကဲ၏ အပြတ်အသတ် အနိုင်ယူခြင်းကို ခံခဲ့ရသည်။
ရန်ကျောက်ကဲက လျှပ်စီးကဲ့သို့အလျင်ဖြင့် ရုတ်တရက် တိုက်ခိုက်ခဲ့လိမ့်မည်ဟု မထင်ထားခဲ့သောကြောင့် လူသန်ကြီးသည် လက်ဦးမှုရယူပိုင်ခွင့် ဆုံးရှံးသွားခဲ့သည်။ သို့ရာတွင် တိုက်ပွဲတစ်လျှောက်လုံး၌ လူသန်ကြီးသည် ရန်ကျောက်ကဲအား ပြန်လည် တိုက်ခိုက်နိုင်မည့် ဟာကွက် တစ်ခုတစ်လေမျှပင် ရှာမတွေ့ခဲ့ပေ။ ၎င်းမှာ ထိုကဲ့သို့ အခြေအနေအောက်၌ သူ အကောင်းဆုံး ညှစ်ထုတ်နိုင်သော စွမ်းဆောင်ရည် ဖြစ်သော်လည်း ရန်ကျောက်ကဲကို အနိုင်မရခဲ့ချေ။
ရန်ကျောက်ကဲအပေါ် သူ၏ရှုံးနိမ့်မှုက ခွန်အားချင်း သူနိုင်ကိုယ်နိုင်အပြိုင်ကြဲသည့် တိုက်ပွဲဖြစ်ကြောင်း ထင်ရှားပေသည်။ ကံကောင်းမှုသက်သက်ကြောင့် ရန်ကျောက်ကဲက အနိုင်ရခဲ့ခြင်း မဟုတ်ပေ။
ရန်ရှု့သည် ရန်ကျောက်ကဲအား စိုက်ကြည့်နေ၏။
“ကြည်လင်ချီပညာရပ်က အခြေခံအနေနဲ့ ပါဝင်ပေမယ့် မင်း သုံးတဲ့ နည်းစနစ်အများစုက ဝါဒတောင်ဂိုဏ်းက မဟုတ်ဘူး”
ရန်ကျောက်ကဲက တည်ငြိမ်စွာ ပြန်ပြောသည်။ “အခြားဂိုဏ်းတွေရဲ့ လျှို့ဝှက်သိုင်းပညာတွေကို ခိုးမသင်ထားပါဘူး၊ ကျွန်တော် ကံကောင်းမှုတချို့နဲ့ ကြုံတွေ့ခဲ့လို့ပါ”
“ပြောရရင် အကြီးအကဲရန်လည်း ဝါဒတောင်အပြင်က သိုင်းပညာရပ်တွေကို မလေ့ကျင့်ထားလို့လား”
“ဒီတပည့် အပြင်က ရလာတဲ့ ပိုင်ရှင်မဲ့ သိုင်းအမွေအနှစ်တွေကို သိုင်းကျမ်းဆောင်က ထိပ်တန်းသိုင်းပညာရပ်တွေနဲ့ လဲလို့ရတယ်၊ ဒါပေမယ့် မလဲချင်လဲ ဒီတပည့်မှာ သိမ်းထားပိုင်ခွင့်ရှိတယ်၊ ဒီလိုလုပ်တာလဲ ဂိုဏ်းစည်းမျဉ်းကို မချိုးဖောက်ဘူးလို့ ထင်တာပဲ”
ရန်ရှု့သည် အေးစက်စွာ နှာခေါင်းရှုံ့၍ မည်သည့်စကားမှ ထပ်မပြောတော့ပေ။
အခြားတစ်ဖက်တွင်မူ အကြီးအကဲချင်သည် ဒီကိစ္စကို ဂရုစိုက်ပုံမရချေ။ သူ့မျက်နှာမှာ သဘောကျမှုများနှင့် ပြည့်နှက်နေပြီး ရန်ကျောက်ကဲကို တဖြည်းဖြည်း ခေါင်းငြိမ့်ပြသည်။
ရန်ကျောက်ကဲ အနိုင်ယူခဲ့သော ဤဝါဒတောင်ကျင့်ကြံသူက တကယ်တော့ ရှောင်ရှန်းထက် စွမ်းအားနိမ့်လေသည်။
သို့သော်လည်း ဤတိုက်ပွဲ၏ရလဒ်အရ ရန်ကျောက်ကဲသည် အနည်းဆုံးတော့ ရှောင်ရှန်းနှင့် ထိပ်တိုက်ရင်ဆိုင်ခဲ့ရာ၌ အနိုင်ရခဲ့နိုင်ချေရှိကြောင်း သက်သေပြနေ၏။
အနည်းငယ် နိမ့်ပါးသော ကျင့်ကြံမှုရှိသည့် ကျင့်ကြံသူများသည် သူတို့၏သာလွန်သော အတွေ့အကြုံ၊ အရည်အချင်း၊ စိတ်ဓာတ်ခွန်အား သို့မဟုတ် ပိုမို ကောင်းမွန်သော သိုင်းပညာရပ်များကို အသုံးချ၍ သူတို့ထက် ကျင့်ကြံမှုမြင့်သော ကျင့်ကြံသူများကို အနိုင်ယူနိုင်ကြသည်။ ဤအရာသည် အများအားဖြင့် ဖြစ်လေ့ဖြစ်ထ မရှိသော်လည်း မကြားဖူးသည်တော့ မဟုတ်ပေ။
သို့သော် ကျင့်ကြံမှုအဆင့် မြင့်မားလာသည်နှင့်အမျှ တစ်ဆင့်နှင့် တစ်ဆင့်ကြား ကွာခြားမှု ပိုမို ကြီးမားလာကာ ပိုမို အဆင့်မြင့်သော ကျင့်ကြံမှုရှိသူကို အဆင့်ကျော်၍ အနိုင်ယူလိုက်သည့် ဖြစ်ရပ်မျိုး ပိုမို ရှားပါးလာသည်။
ပိုမိုမြင့်မားသော ကျင့်ကြံမှုအဆင့်သို့ ရောက်ရှိနိုင်ရန် ပါရမီနှင့် ကံက အလွန် မဆိုးဝါးသင့်ပေ။ ကျင့်ကြံမှုအဆင့် ပိုမို မြင့်မားလာလေ ထိုအချက်က ပိုမှန်လေဖြစ်သည်။
“ကျွန်တော် အပြစ်ပြုမိပါပြီ” ရန်ကျောက်ကဲသည် လက်နှစ်ဖက်ကို ဆုပ်၍ လူသန်ကြီးအား အရိုအသေပေးလိုက်သည်။
ထို့နောက် ဆက်ပြော၏။ “တကယ်လို့ ရှောင်ရှန်း ဝန်မခံသေးရင် ကျွန်တော် သူနဲ့ ကြိုက်တဲ့အချိန် ထပ်ပြိုင်လို့ရတယ်”
ထိုအခိုက်တွင် အရှေ့တန်ဘုရင် ကျောက်ရှီချန်း ရောက်လာကြောင်း လူတစ်ယောက် လာရောက်သတင်းပို့သည်။
ရန်ရှု့နှင့် ရန်ကျောက်ကဲတို့ အတူတကွ မတ်တပ်ရပ်၍ အရှေ့တန်ဘုရင်အား ကြိုဆိုလိုက်ကြသည်။ ကျောက်ရှီချန်းသည် ရောက်လျှင်ရောက်ချင်း ရန်ကျောက်ကဲအား မေးမြန်းလိုက်သည်။ “တူလေးရန် ဘယ်ကျင့်ကြံမှုအဆင့်ကို ရောက်နေပြီလဲ၊ မင်းက ဘယ်လိုအခြေအနေမျိုးမှာ ရှောင်ရှန်းကို အနိုင်ရပြီး မဟာနေမင်းဘီးကို ရလာတာလဲ”
ထိုစကားများ သူ့ပါးစပ်က ထွက်လာသည်နှင့်တပြိုင်နက် ခန်းမထဲရှိ အားလုံး၏ အကြည့်များမှာ ရန်ကျောက်ကဲပေါ်သို့ စုပြုံကျရောက်ကုန်ကြသည်။
အနည်းငယ် ပြုံးလျက် ရန်ကျောက်ကဲက ပြောလိုက်၏။ “ကျွန်တော် သူ့ကို တစ်ယောက်ချင်း တိုက်ပွဲမှာ အနိုင်ရခဲ့တာပါ၊ ပြီးတော့ ကျွန်တော့ ကျောက်စိမ်းနဂါးဓားရဲ့ အကူအညီနဲ့ မဟာနေမင်းဘီးကို ရလာတာပဲ”
တိုက်ပွဲအကြောင်း အသေးစိတ်နှင့် ရလဒ်ကို ကြားရပြီးသောအခါ ဝါဒတောင်ဂိုဏ်းကျင့်ကြံသူအားလုံးသည် သံသယမရှိတော့ဘဲ သက်ပြင်းချလိုက်ကြသည်။
သို့သော် အနည်းငယ် အံ့အားသင့်နေသော အရှေ့တန်ဘုရင် ကျောက်ရှီချန်းသည် မေးခွန်းအနည်းငယ် ထပ်မံ မေးမြန်းလေသည်။
ရန်ကျောက်ကဲက မေးခွန်းအားလုံးကို ဖြေကြားပြီးနောက် ကျောက်ရှီချန်းသည် ခံစားချက်အပြည့်ဖြင့် အာမေဍိတ်သံပြုလိုက်သည်။ “ရောင်းရင်းရန်တိမှာ ဆက်ခံသူကောင်းရှိတာပဲ”
လူတိုင်းလည်း သဘောတူစွာ ခေါင်းငြိမ့်လိုက်မိသည်။
တစ်ယောက်က အံ့အားတသင့် ပြောဆိုလိုက်သည်။ “နောက်ထပ် ရန်ပြိုင်ဘက်ကင်းတစ်ယောက် ပေါ်လာပြန်ပြီ”
ရန်ကျောက်ကဲ၏အဖေသည် ငယ်စဉ်က သက်တူရွယ်တူများထက် ပိုမို တောက်ပခဲ့ကာ အစွန်းရောက်ရှစ်ပါးကမ္ဘာ၏လူငယ်မျိုးဆက်ထဲတွင် ရှုံးပွဲမရှိသူအဖြစ် ကျန်ရှိခဲ့သည်။
ထိုအချိန်က သိုင်းပညာရှင်တစ်ယောက်ဖြစ်သော ရန်တိသည် သိုင်းပညာရှင်များကြားတွင် ပြိုင်ဘက်ကင်းခဲ့ရာ သူနှင့် ခေတ်ပြိုင် သိုင်းပညာရှင်များက သူ့မူလနာမည်ကို မသုံးနှုန်းကြတော့ဘဲ သူ့မျိုးရိုးအမည်နှင့် ကိုယ်ပိုင်အမည်ကြားတွင် ‘ဝူ‘ ဟူသော အက္ခရာကို ထည့်သွင်းခေါ်ဝေါ်သည်အထိ ဖြစ်ခဲ့သည်။
ထိုသို့ ထည့်သွင်းဖတ်လိုက်ပါက ရန်ပြိုင်ဘက်ကင်းဟု အဓိပ္ပာယ်ရလေသည်။
ထိုအမည်ကို ရန်တိ သိုင်းဆရာသခင်အဆင့်သို့ ရောက်သည်အထိ ဆက်လက်ခေါ်ဝေါ်နေကြဆဲဖြစ်သည်။
သို့ရာတွင် ယခင်နှစ်များအတွင်း ရန်တိ၏ကျင့်ကြံမှုတိုးတက်လာသည်နှင့်အမျှ သူခွန်အားမှာလည်း တရိပ်ရိပ် မြင့်တက်လာ၏။ တချိန်က သိုင်းပညာရှင်များအပေါ် သူ ပေးစွမ်းခဲ့သော မွန်းကြပ်စရာဖိအားက ယခုအခါ တကမ္ဘာလုံးရှိ သိုင်းဆရာသခင်များအပေါ်သို့ တဖြည်းဖြည်း စတင် လွှမ်းမိုးလာလေပြီ။
ဤကမ္ဘာ၌ ရန်ဝူတိဟူသောအမည် နောက်တစ်ကြိမ် ပဲ့တင်ထပ်မည့်နေ့သို့ ရောက်ရန် သိပ်မလိုတော့ပေ။
ထိုသူပြောသော စကားကို အကြီးအကဲချင်နှင့် အရှေ့တန်ဘုရင်တောင်မှ မငြင်းဆိုကြပေ။ ထို့ထက်စာလျှင် သူတို့အကြည့်များမှာ တဖြည်းဖြည်း တောက်ပလာ၏။
သူတို့သည် ရန်ကျောက်ကဲကို ကြည့်နေစဉ် တူညီသော အတွေးတစ်ခုက သူတို့၏နှလုံးသားထဲတွင် ခပ်ရေးရေး ပေါ်လာ၏။
အရင်တုန်းကလည်း ရန်ဝူတိရှိခဲ့သည်။ ယခုလည်း ရန်ဝူတိတစ်ယောက် ပေါ်လာပြန်ပြီ။
ထို့အပြင် သူတို့ရှေ့ရှိ ရန်ကျောက်ကဲသည် သူ့အဖေထက်ပင် ပိုမို ကြောက်မက်ဖွယ်ရာ အမြန်နှုန်းဖြင့်ပင် တိုးတက်နေပုံရသည်။
Note : ဝူတိ – ပြိုင်ဘက်ကင်း