အခန်း (၆၄) အပြောမဟုတ်၊ အလုပ်နဲ့ သက်သေပြမယ်
“သူက အတွင်းပိုင်းကြယ်တာရာချီနှောင်းပိုင်းအဆင့်ကနေ အပြင်ပိုင်းကြယ်တာရာချီကနဦးအဆင့်ကို ရောက်တာ ဘယ်လောက်မှ မကြာသေးဘူးလေ”
ရန်ရှ့သည် ရန်ကျောက်ကဲအား မျက်လုံးအပြူးသားဖြင့် စိုက်ကြည့်နေ၏။ အချိန်အတော်ကြာသည့်တိုင်အောင် စကားမပြောနိုင်ခဲ့ချေ။
“အရင်တုန်းက သူ့ရဲ့တကယ့် ကျင့်ကြံမှုအဆင့်ကို လျှိုထားတာလား” ထိုအရာကား ရန်ရှု့၏ခေါင်းထဲတွင် ပေါ်လာသော ပထမဆုံး အတွေးဖြစ်သည်။
ထိုယူဆချက်မှ လွဲလျှင် သူ လက်ခံနိုင်စရာ အခြားအကြောင်းအရင်း မတွေ့ခဲ့ပေ။
သူ့ဘဝတစ်လျှောက်တွင် ရန်ရှု့သည် လူအမျိုးမျိုး၊ အဖြစ်အပျက်ပေါင်းစုံနှင့် ကြုံတွေ့ခဲ့ရာ ဗဟုသုတကြွယ်ဝသူတစ်ဦးဟု ဆိုနိုင်လေသည်။ ထိပ်သီးနယ်မြေတစ်ခုဖြစ်သော ဝါဒတောင်မှ လူတစ်ယောက်ဖြစ်သောကြောင့် ရန်ရှု့သည် ရှားပါး ပါရမီရှင်များ၊ ထူးချွန်သော လူငယ်များကို တွေ့ဖူးခဲ့သည်။
ထို့အပြင် ရန်ရှု့ ငယ်စဉ်ကလည်း သူ့မျိုးဆက်ထဲမှ ကျော်ကြားသော ပုဂ္ဂိုလ်များကို ကိုယ်တိုင်ကိုယ်ကျ မြင်ခဲ့ဖူးသည်။
ရန်ရှု့ကိုယ်တိုင်က သိုင်းဆရာသခင်အဆင့်ကို တက်ရောက်နိုင်ခဲ့သော စွမ်းဆောင်မှုသည် လူအနည်းစုကသာ လိုက်မီနိုင်သော စွမ်းဆောင်မှုကြီးဖြစ်သည်။
အတိတ်မှ လက်ရှိအထိ သူ ကြားဖူးခဲ့သည့် အမျိုးမျိုးသော ဒဏ္ဏာရီလာပုဂ္ဂိုလ်များ၏ဇာတ်လမ်းများမှာ နားမဆန့်နိုင်လောက်အောင် အလွန် များပြားသည်။
သို့သော် အတွင်းပိုင်းကြယ်တာရာချီနှောင်းပိုင်းအဆင့်မှ အပြင်ပိုင်းကြယ်တာရာချီကနဦးအဆင့်ကို ချိုးဖြတ်ပြီးစမှာတင် အပြင်ပိုင်းကြယ်တာရာချီအလယ်အလတ်အဆင့်သို့ ထပ်မံ တက်လှမ်းသွားသောလူကိုတော့ ရန်ရှု့ တစ်သက်နှင့်တစ်ကိုယ် တစ်ခါမှ မကြုံဖူးခဲ့ပေ။
အတိတ်တုန်းက ရန်ကျောက်ကဲ၏အဖေ ရန်တိ ကျင့်ကြံသည့် အမြန်နှုန်းက တကမ္ဘာလုံးကို အထိတ်တလန့် ဖြစ်သွားစေခဲ့သည်။ ရန်တိသည် အခြားသူများ တစ်သက်လုံး မစွမ်းဆောင်နိုင်ခဲ့သော အရာများကို ငယ်ငယ်ရွယ်ရွယ်ဖြင့် အထမြောက်အောင်မြင်နိုင်ခဲ့လေ၏။
သို့သော် ရန်ကျောက်ကဲ၏ အပြင်ပိုင်းကြယ်တာရာချီကနဦးအဆင့်မှ အပြင်ပိုင်းကြယ်တာရာချီအလယ်အလတ်အဆင့်ကို တက်လှမ်းသွားသော အမြန်နှုန်းနှင့် နှိုင်းယှဉ်လျှင် ရန်တိပင် ဖုန်မှုန့်ထဲမှာ ပြတ်ကျန်နေလောက်သည်။
စင်စစ် ကျင့်ကြံသော အမြန်နှုန်းဟူသည် ကျင့်ကြံသူများကြား ကွာခြားပေသည်။ အချို့သော ကျင့်ကြံမှုအဆင့်များတွင် လျင်လျင်မြန်မြန် ထိုးတက်သွားသော လူတချို့ရှိ၏။ ထိုလူတို့သည် သာမာန်ကျင့်ကြံသူတို့ထက် သဘောပေါက်နိုင်စွမ်းမြင့်မားရုံသာမက သူတို့၏ နေ့စဉ် ကျင့်ကြံသည့်နှုန်းကလည်း ပိုမို မြန်ဆန်လေသည်။
သို့သော် ရန်ကျောက်ကဲ၏အဆင့်တက်သွားသည့် အမြန်နှုန်းကတော့ တကယ်ကို လွန်လွန်းလှသည်။
၎င်းမှာ လောကကြီးအပေါ် ရန်ရှု့၏အမြင်ကို လုံးဝ ဇောက်ထိုးမိုးမျှော် ဖြစ်သွားစေသည်။
ရန်ရှု့တောင်မှ ဤသို့ ဖြစ်နေလျှင် အခြားသူများဆိုလျှင် ပြောစရာပင် မလိုပေ။ သူတို့သည် မျက်လုံးအပြူးသား၊ ပါးသပ်အဟောင်းသား ဖြစ်နေကြသည်။
အသေးစိတ်မသိရသေးသော သူများသည်လည်း အဖြစ်အပျက် အလုံးစုံကို နားထောင်ပြီးသောအခါ နေရာမှာတင် ကြက်သေသေနေကြသည်။
အရွယ်မတိုင်ခင် သေဆုံးခဲ့သော ပါရမီရှင်များကို ပါရမီရှင်ဟု မခေါ်နိုင်ဘဲ သူတို့၏အလားအလာများကို တကယ့် အရည်အသွေးအဖြစ် ပြောင်းလဲနိုင်သော သူများကိုသာ ပါရမီရှင်ဟု သတ်မှတ်နိုင်သည်ဟူသော ဆိုရိုးစကားရှိသော်လည်း သူတို့ရှေ့ရှိ ရန်ကျောက်ကဲမှာ သူတို့ မျှော်မှန်းထားသည်ထက် အများကြီး ကျော်လွန်နေခဲ့သည်။
အမြင့်ကို ရောက်နိုင်မည်ဟု ခန့်မှန်းထားခဲ့ကြသော လူငယ်ပါရမီရှင်များအနက် အနည်းစုသာ အမှန်တကယ် ရောက်နိုင်ခဲ့သည်။ ထိုနေရာသို့ ရောက်ရန် ကြိုးစားရာ၌ သူတို့သည် အခက်အခဲများ၊ ဒုက္ခဆင်းရဲများကို ကြုံတွေ့ခဲ့ရမည်မှာ မလွဲဧကန်ပင်။
သို့ရာတွင် ရန်ကျောက်ကဲ ပြသခဲ့သော စွမ်းဆောင်ရည်အရ သူသည် ငယ်ငယ်ရွယ်ရွယ်နှင့် သေဆုံးလိမ့်မည်ဟု ယုံကြည်ရန် ခက်ခဲလှသည်။
ဤမြင်ကွင်းကို ဘေးမှ ကြည့်နေသော ဖန်းယွမ်ရှန်းမှာ ပိုမို စိတ်သက်သာရာရသွားသည်။
ရန်ကျောက်ကဲက အပြင်ပိုင်းကြယ်တာရာချီ ကနဦးအဆင့်မှ အပြင်ပိုင်းကြယ်တာရာချီအလယ်အလတ်အဆင့်သို့ အချိန်တိုလေးအတွင်း ရောက်သွားသည့်အကြောင်းကို သူမ သိသွားစဉ်က သူမသည်လည်း အလွန်အမင်း ထိတ်လန့်ခဲ့သည်။
ယခု သူမကဲ့သို့ လူများရှိနေသည်ကို မြင်လျှင် ဖန်းယွမ်ရှန်းသည်လည်း သူမကိုယ်သူမ ယုံကြည်မှု အနည်းငယ် ပြန်ရမိသည်။ “ငါတစ်ယောက်ထဲကပဲ ဒီလိုလူမျိုး မတွေ့ဖူးတာ မဟုတ်ဘူးကိုး”
သူမသည် ရန်ကျောက်ကဲအား အကဲခတ်ကြည့်နေရင်း သူမတစ်ကိုယ်စာကြားနိုင်ရုံမျှ တီးတိုးရေရွတ်လိုက်သည်။ “ဒါပေမယ့် ဘယ်လိုကြည့်ကြည့် ဒါက လူသားတစ်ယောက် စွမ်းဆောင်နိုင်တဲ့ အရာမျိုးနဲ့ မတူဘူး”
ဤသည်ကို မြင်သောအခါ အကြီးအကဲချင်သည်လည်း အနည်းငယ် တွေဝေမိသည်။ ရန်ကျောက်ကဲ၏အဆင့်အတန်းမှာ ထူးခြားသောကြောင့် ချောက်နက်ကြီးကြပ်ခြင်းမြို့၌ ရန်ကျောက်ကဲက အပြင်ပိုင်းကြယ်တာရာချီကနဦးအဆင့်သို့ ရောက်ရှိသွားသည်ကို ကြားလျှင်ကြားချင်း အကြီးအကဲချင်သည် ပင်မဂိုဏ်းအား အသိပေးခဲ့သည်။
ယခု ရန်ကျောက်ကဲက အချိန်တိုအတွင်း အပြင်ပိုင်းကြယ်တာရာချီအလယ်အလတ်အဆင့်သို့ ထပ်မံ ရောက်ရှိသွားပြန်သည်ကို မြင်ရသောအခါ အကြီးအကဲချင်မှာ အတော် အံ့အားသင့်မိသည်။ သို့သော် ရန်ကျောက်ကဲက ကြယ်တာရာချီဖြင့် သူ့အနားတွင် ဝဲပျံနေသော လက်နက်သဏ္ဌာန်ဖွဲ့ပြထားသောကြောင့် အပြင်ပိုင်းကြယ်တာရာချီအလယ်အလတ်အဆင့်ကို ရန်ကျောက်ကဲ ရောက်သွားသည်မှာ အမှန်ဖြစ်ပေသည်။
“ကောင်းတယ်၊ အရမ်းကောင်းတယ်ကွာ” အကြီးအကဲချင်သည် ပင့်သက်ရှိုက်လျက် ခေါင်းတငြိမ့်ငြိမ့်ဖြစ်နေ၏။
ရန်ကျောက်ကဲက သူ့ကျင့်ကြံမှုအဆင့်ကို တမင် ဖုံးကွယ်၍ ဤသို့ အုတ်အုတ်ကျက်ကျက်ဖြစ်အောင် တမင်လုပ်သည်လောဆိုသည်ကိုတော့ အကြီးအကဲချင်သည် လက်ရှိတွင် ဂရုမစိုက်ချေ။ သူသည် ဤကိစ္စကို နောက်မှ ဖြည်းဖြည်းချင်း စုံစမ်းစစ်ဆေးနိုင်သည်။
သို့သော် လက်ရှိ ဝါဒတောင်အတွက် အခြား‘မွန်းစတားလိုပါရမီရှင်များကို ဖိနှိပ်နိုင်သော နဂါးများကြားမှ နဂါးတစ်ကောင် မွေးဖွားလာခြင်းက ဝါဒတောင်ဂိုဏ်းအား အကြီးအကျယ် စိတ်ဓာတ်တက်ကြွစေနိုင်သည်။
နောက်ဆုံးတွင် သူ့စိတ်သူ ပြန်လည် ထိန်းသိမ်းနိုင်ပြီးနောက် ရန်ရှု့က လေးပင်စွာ ပြောလိုက်သည်။ “အပြင်ပိုင်းကြယ်တာရာချီကနဦးအဆင့်တစ်ယောက်က အပြင်ပိုင်းကြယ်တာရာချီအလယ်အလတ်အဆင့်ကျင့်ကြံသူတစ်ယောက်ရဲ့ လက်ဝါးချက်ကို တုပပြီး မလုပ်နိုင်ဘူး”
“ဒါပေမယ့် အပြင်ပိုင်းကြယ်တာရာချီအလယ်အလတ်အဆင့်တစ်ယောက်က အပြင်ပိုင်းကြယ်တာရာချီကနဦးအဆင့်တစ်ယောက်လို လုပ်နိုင်တယ်”
ရန်ကျောက်ကဲက ခပ်အေးအေး ပြောလိုက်သည်။ “ကျွန်တော်တို့ဂိုဏ်းရဲ့ တုရှိတလက်ဝါးကို လေ့ကျင့်ထားတဲ့ အပြင်ပိုင်းကြယ်တာရာချီကနဦးအဆင့်အထက် ဘယ်ကျင့်ကြံသူမဆို ဒီလိုလုပ်ဖို့ လွယ်လွယ်လေးပဲ”
ရန်ရှု့သည် မျက်လုံးကို တဖြည်းဖြည်းချင်း မှေးလိုက်သည်။ ရန်ကျောက်ကဲကို သူ ကြည့်သောအကြည့်မှာ ပိုမို အေးစက်လာ၏။
အေးအေးလူလူအမူအရာဖြင့် ရန်ကျောက်ကဲက ဆက်ပြောသည်။ “အကြီးအကဲရန်၊ ခင်ဗျားလူတွေ အလောင်းကို တွေ့တော့ ဂျူနီယာညီမလေးလင်း ဘယ်အချိန်က အဖြစ်ဆိုးနဲ့ ကြုံတွေ့ခဲ့ရလဲဆိုတာ ခင်ဗျားလဲ သိလောက်မှာပဲ”
ရန်ရှု့သည် ချက်ချင်းပင် အချိန်တစ်ခု တင်ပြသည်။
သူသည် ရန်ကျောက်ကဲဘက်ကို ကြည့်လျက် “သူမ သေတဲ့အချိန်က မင်း ကျောက်ရှီလီ၊ ကျောက်ယွမ်၊ ကျောက်ရှန်းတို့ အုပ်စုနဲ့ မတွေ့ခင်ကပဲ”
“အဲ့အချိန်တုန်းက မင်း‘လူတွေနဲ့ သူမပဲ ရှိတာမလား” ရန်ရှု့က ဖန်းယွမ်ရှန်းအား ဘေးတစောင်း ကြည့်လိုက်သည်။ “သူတို့အကုန်လုံးက မင်းအပြစ်ကင်းကြောင်း သက်သေခံလို့မရဘူး”
တစ်အုပ်စုမှာ ရန်တိ၏လက်အောက်မှ လူများဖြစ်ကာ ရန်ကျောက်ကဲ၏အမိန့်ကိုသာ နာခံရန် ရန်တိက ညွှန်ကြားထားခြင်းဖြစ်သည်။
ကျန်တစ်ယောက်မှာလည်း ဝါဒတောင်ဂိုဏ်းကို ဝင်ရောက်ရန်နှင့် သူမ၏ ထူးကဲယင်ခန္ဓာကိုယ် ပြန်ရရန် ရန်ကျောက်ကဲ၏ အကူအညီကို လိုအပ်နေသူဖြစ်၏။
ရန်ကျောက်ကဲက တခဏမျှ တိတ်ဆိတ်စွာ တွက်ချက်ရင်း အလေးမထားဟန်ဖြင့် ရယ်မောလိုက်သည်။ “တိုက်တိုက်ဆိုင်ဆိုင်ပဲ အဲ့အချိန်မှာ ဒီဂျူနီယာညီမလေးဖန်းနဲ့ သွားတွေ့တာပဲ၊ သူမကို ကာကွယ်ဖို့ ရှောင်ရှန်းနဲ့ ချောင်ယွမ်လုံကိုတောင် တော်တော် ရိုက်နှက်ခဲ့ရသေးတယ်”
“ကျွန်တော့လူတွေ ဒါမှမဟုတ် ဂျူနီယာညီမလေးဖန်းရဲ့စကားတွေက သက်သေအနေနဲ့ မလုံလောက်ဘူးဆိုရင် နေသူတော်စင်ဂိုဏ်းက ရှောင်ရှန်းနဲ့ တခြားသူတွေကို သွားမေးလို့ရတယ်”
ထိုနေရာရှိ လူတိုင်း ရုတ်ချည်း တိတ်ဆိတ်ကုန်ကြသည်။
သူတို့သည် ရန်ကျောက်ကဲ၏ ချေပသော စကားများထဲမှ တစ်စုံတစ်ခုကို သတိထားမိသည်။
ရန်ကျောက်ကဲ၏စကားအရ ချောင်ယွမ်လုံသာမက ရှောင်ရှန်းပါ ရန်ကျောက်ကဲ၏လက်ထဲမှာ ရှုံးနိမ့်ခဲ့တာလား။
ထိုဖြစ်ရပ်မတိုင်ခင်က ဖန်းယွမ်ရှန်းကို လိုက်ဖမ်းရာ၌ တာဝန်ရှိသူမှာ ရှောင်ရှန်းဖြစ်ကြောင်း သူတို့ သိခဲ့သည်။ ဖန်းယွမ်ရှန်းအား ကာကွယ်ရန် ရန်ကျောက်ကဲက နေသူတော်စင်ဂိုဏ်းမှ လူများနှင့် တိုက်ခိုက်ခဲ့သည်ကို သူတို့ သိခဲ့လေသည်။
သို့ရာတွင် သူတို့၏အတွေးထဲ၌ ရန်ကျောက်ကဲက ရှောင်ရှန်းနှင့် ထိပ်တိုက်ရင်ဆိုင်ခဲ့လိမ့်မည်ဟု ဘယ်တုန်းကမှ မထင်ခဲ့ကြပေ။ အလွန်ဆုံးမှ ရန်ကျောက်ကဲက ချောင်ယွမ်လုံ၊ အခြားနေသူတော်စင်ဂိုဏ်းသားများနှင့် နောက်တစ်ကြိမ် ရင်ဆိုင်တွေ့ခဲ့သည်သာ ဖြစ်လောက်မည်။
ယခု ရန်ကျောက်ကဲက အပြင်ပိုင်းကြယ်တာရာချီ အလယ်အလတ်အဆင့်ကို ရောက်နေသည်ကို သူတို့ သိသွားလေပြီ။ ရန်ကျောက်ကဲက ချောင်ယွမ်လုံနှင့် ရင်ဆိုင်ရလျှင်တောင်မှ ဘေးကင်းကင်းဖြင့် ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်မှာ ဖြစ်နိုင်သော အရာဖြစ်သည်။
သို့သော် သူက ဖန်းယွမ်ရှန်းကို ကာကွယ်ရင်း ထိုသို့ လုပ်နိုင်ခဲ့ရာ ထိုစွမ်းဆောင်မှု၏အခက်အခဲမှာ တကယ်တော့ မနည်းပါးလှပေ။ အခြားသူများ အံ့ဩတကြီးဖြစ်ရန် လုံလောက်ပေသည်။
တကယ်တော့ ရှောင်ရှန်းသည် သာမန် အပြင်ပိုင်းကြယ်တာရာချီ နှောင်းပိုင်းအဆင့် သိုင်းပညာရှင် မဟုတ်ပေ။
သို့သော် ယခု ကြည့်ရသည်မှာ ဤကိစ္စ၏အဖြစ်မှန်က လူတိုင်း၏ခန့်မှန်းချက်ကို ကျော်လွန်သွားပြန်ပြီဖြစ်သလော။
ပထမတော့ လူတိုင်း၏အာရုံက ဖန်းယွမ်ရှန်း၏ထူးကဲယင်ခန္ဓာကိုယ်သို့ ရောက်နေခဲ့သည်။ ထို့နောက် နေသူတော်စင်ဂိုဏ်း၏တိုက်ခိုက်မှုအပေါ် ရောက်သွားခဲ့သည်။
ထိုတစ်လျှောက်လုံးတွင် သူတို့သည် ရန်ကျောက်ကဲက ဖန်းယွမ်ရှန်းကို ရှောင်ရှန်း၏လက်မှ မည်သို့ လုယူ၍ အရှေ့တန်သို့ ပြန်ခေါ်လာခဲ့သည့် အကြောင်းကို လုံးဝ လျစ်လျူရှု့နေမိခဲ့သည်။
ရန်ရှု့က ရန်ကျောက်ကဲအား စိုက်ကြည့်နေ၏။ “မင်းက ရှောင်ရှန်းကို အနိုင်ရခဲ့တယ်လို့ ပြောချင်တာလား”
ရန်ကျောက်ကဲက သာမာန်ကာလျှံကာ ပုံစံဖြင့် ဖြေကြားသည်။ “ဒီဖြစ်ရပ်မတိုင်ခင်က ကျွန်တော်ဟာ အရှေ့တန်ရဲ့ကျင်မင်းသား၊ ကျောက်ညီအကိုတွေနဲ့ တွေ့ခဲ့တာကို အကြီးအကဲရန် သိပြီးသားမလား”
“အကြီးအကဲရန် မသိသေးတဲ့ ကိစ္စတချို့တော့ ရှိသေးပုံရတယ်”
ရန်ရှု့ မျက်မှောင်ကုပ်လိုက်သည်။ “မင်း ဘာပြောချင်တာလဲ”
ရန်ကျောက်ကဲက လက်နှစ်ဖက် နောက်ပစ်လျက် အသာအယာ ပြုံးလိုက်သည်။ “အိုး…ဘာမှ မဟုတ်ပါဘူး၊ ဒီကိစ္စကို ဖြေရှင်းပြီးရင် ကျွန်တော် အကြီးအကဲချင်ကို တင်ပြလိုက်ပါမယ်”
“အကြီးအကဲချင်ကသာ အဆင်ပြေတယ်ဆိုရင် အကြီးအကဲရန်ရဲ့ရာထူးနဲ့ဆို ဘေးကနေ နားထောင်နိုင်မှာပါ”
ရန်ကျောက်ကဲက ခပ်ဖြည်းဖြည်း ဆက်ပြောသည်။ “ကျွန်တော်ဟာ ရှောင်ရှန်းကို အနိုင်ရခဲ့တာ ဟုတ်လား မဟုတ်လားဆိုတာကတော့၊ ဒီအချက်ကို သက်သေပြရတာ အရမ်း လွယ်ကူပါတယ်”
“အပြောမဟုတ်၊ အလုပ်နဲ့ သက်သေပြမယ်”
“ကျွန်တော်တို့ဂိုဏ်းရဲ့ အပြင်ပိုင်းကြယ်တာရာချီနှောင်းပိုင်းအဆင့် ကျင့်ကြံသူတွေထဲက ကြိုက်တဲ့လူကို ရွေးလိုက်၊ ပြီးရင် ကျွန်တော်နဲ့ သိုင်းပြိုင်ခိုင်းလိုက်”
မောက်မာလိုက်တာ။
ထိုအရာကား လူတိုင်း၏စိတ်ထဲ၌ ပထမဆုံး ပေါ်လာသော အတွေးဖြစ်သည်။
ရန်ရှု့သည် မည်သည့်စကားမှ ဆက်မပြောချေ။ ရန်ကျောက်ကဲကို အသေအချာ စိုက်ကြည့်ပြီးနောက် သူ့ခေါင်းကို ချာခနဲ လှည့်ကာ အကြီးအကဲချင်အား ကြည့်လိုက်သည်။
အကြီးအကဲချင်မှာ အတော် စိတ်ဝင်စားနေပုံ ရသည်။ သူသည် တိတ်ဆိတ်လျက်ပင် ထိုင်ခုံ၌ ဆက်ထိုင်နေ၏။
ဤသည်ကို မြင်သောအခါ အကြီးအကဲချင်လည်း ဤကိစ္စကို သဘောတူကြောင်း ရန်ရှု့ သဘောပေါက်လိုက်သည်။ နောက်လှည့်၍ အမိန့်တချို့ ပေးလိုက်သည်။ ခဏအကြာတွင် ကြီးမားတုတ်ခိုင်သော လူသန်ကြီးတစ်ယောက် ခန်းမထဲသို့ ဝင်လာ၏။
“မင်းတို့နှစ်ယောက် ဒီမှာ တိုက်လို့ ရတယ်၊ ဒီလူအိုကြီးက ဒီနေရာကို ကာကွယ်မယ်”
ထိုသို့ ပြောပြီးရုံမှာတင် အကြီးအကဲချင် ခေါင်းခါပြသည်ကို သူ တွေ့လိုက်ရသည်။ “ဒီနေရာရဲ့အကျယ်အဝန်းက အကန့်အသတ်ရှိတယ်၊ အပြင်ပိုင်းကြယ်တာရာချီနှောင်းပိုင်းအဆင့်ရဲ့ ပျံသန်းနိုင်တဲ့ စွမ်းရည် ပြဖို့ဆိုရင် ဒီမှာ လုပ်လို့မရဘူး၊ သူတို့ အပြင်မှာ တိုက်ခိုက်သင့်တယ်”
ရန်ကျောက်ကဲက သာသာလေး ပြုံးလိုက်သည်။ “ဘယ်လိုဖြစ်ဖြစ် သိပ်မကွာပါဘူး”
သူ့စကားဆုံးသည်နှင့် ခြေဆောင့်လိုက်ရာ ကြီးမားသော စွမ်းအားတစ်ခု ပေါက်ကွဲထွက်ပေါ်လာသည်။
ခြေတစ်လှမ်းတည်းဖြင့် သူသည် လူသန်ကြီး၏ရှေ့သို့ ရောက်သွားလေပြီ။