Switch Mode

အခန်း (၆၂)

ထိပ်တိုက်ရင်ဆိုင်၍ တွန်းလှန်ခြင်း

အခန်း ( ၆၂ ) ထိပ်တိုက်ရင်ဆိုင်၍ တွန်းလှန်ခြင်း

သိုင်းဆရာသခင်နှစ်ယောက် ထိပ်တိုက်ရင်ဆိုင်တွေ့သောအခါ ကောင်းကင်ထဲရှိ မိုးလေဝသဖြစ်စဉ်များနှင့် လီတစ်ရာပတ်လည်အတွင်း ပတ်ဝန်းကျင်၏ ရာသီဥတုတို့ ကမောက်ကမ ဖြစ်ကုန်ကြသည်။

ကံကောင်းထောက်မစွာဖြင့် ကျင်းယန်မြို့တော်၏ အကာအကွယ်အစီအရင်သည် ထိုရလဒ်ကြောင့် ဖြစ်ပေါ်လာသော မုန်တိုင်းကို နေရာတစ်ခုတည်း၌ ကန့်သတ် ထိန်းချုပ်ထားနိုင်ခဲ့သည်။

သို့သော် ထိုနေရာထဲတွင်တော့ ကမ္ဘာကြီးသည် ဇောက်ထိုးမိုးမျှော် ဖြစ်နေလေ၏။

ဝါဒတောင်က ငါ့ရဲ့ နေသူတော်စင်ဂိုဏ်းကို ဆန့်ကျင်ချင်တာလား”

ခန့်ညားထည်ဝါသော အသံတစ်ခု ကျင်းယန်မြို့အထက် လေထဲတွင် ပဲ့တင်လာသည်။

ချက်ချင်းဆိုသလို ရွှေရောင်ဝတ်စုံဝတ် အကြီးအကဲ၏နေလုံးထက်ပင် ကြီးမားသော ဧရာမ ရွှေရောင်နေတစ်စင်း ကျင်းယန်မြို့အထက် ကောင်းကင်ယံတွင် ထွက်ပေါ်လာသည်။

ထိုဧရာမနေလုံး ထွက်ပေါ်လာသောအခါ ရွှေရောင်ဝတ်စုံဝတ်အကြီးအကဲ ပစ်လွှတ်လိုက်သော နေလုံးငယ်မှာ ရုတ်ချည်း မှေးမှိန်သွားသည်။

တချိန်တည်းမှာပင် ရန်ရှု့၏တုရှီတလက်ဝါးမှ ခရမ်းရောင်မီးတောက်များသည်လည်း ရုတ်ချည်း ဖျော့တော့သွားပြီး ငြိမ်းသတ်လုနီးပါး ဖြစ်သွားသည်။

ရန်ရှု့ ပလုံးပထွေး ညီးညူလိုက်ပြီး ခရမ်းရောင်တုရှီတမီးတောက်များနှင့် ဖွဲ့စည်းထားသော ဆေးမီးပြင်းဖိုမှာ ချက်ချင်းပဲ အက်ကြောင်းများနှင့် ပြည့်နှက်လာကာ နောက်ဆုံးတွင် တစစီ ကြေမွပျက်စီးသွားသည်။

အစိတ်စိတ်အမွှာမွှာဖြစ်သွားသော မီးတောက်ငယ်များသည် လေထဲတွင် အချိန်အနည်းငယ်မျှ လွင့်မျောနေရင်း နောက်ဆုံးတွင် မှေးမှိန်ပျောက်ကွယ်သွားတော့သည်။

ကျင်းယန်မြို့အထက် ကောင်းကင်ယံတွင် တွဲလွဲခိုနေသော ရွှေရောင်နေလုံးသည် တကယ့်နေတစ်စင်းနှင့် တောက်ပမှုချင်း ယှဉ်ပြိုင်နိုင်ပေသည်။ တကယ်တော့ ထိုအခိုက်အတန့်တွင် မိုးကောင်းကင်၌ နေနှစ်စင်း ထွက်ပေါ်နေသကဲ့သို့ ရှိကာ အရှေ့တန်နိုင်ငံ၏မြို့တော် ကျင်းယန်ကို တပြိုင်တည်း အလင်းပေးလျက်ရှိသည်။

ကျင်းယန်မြို့တော်၏ အကာအကွယ်အစီအရင်သည်လည်း ရန်ရှု့နှင့် ရွှေရောင်ဝတ်စုံဝတ်အဘိုးအိုတို့ တိုက်ခိုက်စဉ်ကကဲ့သို့ တားဆီးနိုင်ခြင်း မရှိတော့။

မြေကြီးပေါ်တွင် အကာအကွယ် အစီအရင် မျဉ်းကြောင်းများ တောက်ပလာသော်လည်း တစ်ခုပြီး တစ်ခု တွန့်လိမ်ကောက်ကွေးကုန်သည်။

အိမ်တော်ထဲတွင် ထိုင်နေသော အကြီးအကဲချင်က တဖြည်းဖြည်း မျက်လုံးပင့်ကြည့်လိုက်သည်။ “မင်းအစွမ်းကို ပြချင်တာလား၊ မင်းတော့ နေရာမှားလာမိပြီ”

စံအိမ်အတွင်းမှ ကြီးကျယ်ခမ်းနားသော ဓားချီတစ်ခုကို ပစ်လွှတ်လိုက်ပြီး ကောင်းကင်သို့ တရှိန်ထိုး ပျံသန်းသွားသည်။

ဓားချီဖြတ်သွားရာ လမ်းကြောင်းတစ်လျှောက်တွင် နေနှစ်စင်းကြောင့် ဖြစ်ပေါ်လာသော မခံမရပ်နိုင်သည့် အပူရှိန်သည် သိသိသာသာ လျော့ကျသွားရာ နယ်မြေတစ်ခုလုံးကို အအေးဓာတ်က လွှမ်းခြုံသွားသည်။

အအေးဓာတ်က လွှမ်းခြုံသွားပြီးနောက် ချက်ချင်းပင် အေးမြလာသည်။

အကြီးအကဲချင်၏ပုံရိပ်က စံအိမ်အထက် လေထဲတွင် ပေါ်လာကာ ဧရာမရွှေရောင်နေလုံးအား ဒေါသတကြီး စိုက်ကြည့်နေသည်။

သူ့ပါးစပ်မှ အနည်းငယ် အသံပြုလိုက်သည်နှင့် မိုးကောင်းကင်နှင့် မြေပြင်ကြားတွင် လေပြင်းတွေ တိုက်ခတ်လာပြီး တိမ်တွေ တလိပ်လိပ် တက်လာကာ ဧရာမ သဏ္ဌာန်မဲ့ဓားကြီးတစ်စင်း ရုတ်ချည်း ထွက်ပေါ်လာသည်။ ထိုသဏ္ဌာန်မဲ့ဓားကြီး၏စွမ်းအားကြောင့် သူ့ရှေ့ရှိ လေဟာနယ်ပင် အက်ကွဲလာသည်။

ထိုလေဟာနယ်အက်ကြောင်းများသည် အရာအားလုံးကို ဖျက်စီးလိုသော ရည်ရွယ်ချက်ဖြင့် ဧရာမ ရွှေရောင်နေလုံးရှိရာဘက်သို့ ပျံ့နှံ့သွားသည်။

အစွန်းရောက်ရှစ်ပါးသိုင်းပညာရှစ်ရပ်ထဲက ဖျက်စီးခြင်းဓာတ်စင်တွေပေါင်းစည်းခြင်းဓားလား” ခန့်ညားထည်ဝါသော အသံတစ်ခု ဧရာမ ရွှေရောင်နေလုံးထဲမှ ပဲ့တင်လာသည်။

သို့သော် ပြန်ဆုတ်ရမည့်အစား ဧရာမ ရွှေရောင်နေလုံးသည် ရှေ့တိုးလာကာ အကြီးအကဲချင်ထံသို့ တိုက်ရိုက် ဝင်တိုက်လိုက်သည်။

နေဝန်းသည် အနောက်ဘက်သို့ ဝင်နေသည့်အလား မဖော်ပြနိုင်လောက်အောင် တောက်ပသောအလင်းရောင် ထွက်ပေါ်လာကာ လူ့လောကတစ်ခုလုံးကို လောင်ကျွမ်းလုမတတ် ဖြစ်နေသည်။

နေသူတော်စင်ဂိုဏ်း၏ အနောက်ပိုင်းကောင်းကင်မီးတောက်ဓားသိုင်းပင်…..။

အနောက်အရပ်သို့ ရွေ့လျားနေသည့် နေလုံးသဏ္ဌာန် ပုံဖော်ထားသည့် ဧရာမ ရွှေရောင်ဓားအလင်းပေါ်တွင် ဧရာမ သင်္ကေတတစ်ခု ရုတ်တရက် တောက်ပလာသည်။ အတိုင်းအဆမရှိအောင် ကျယ်ပြန့်၏။ ရှုပ်ထွေး၏။ ထိုအလင်းမှာ ကျင်းယန်မြို့တစ်မြို့လုံးကို ဖုံးလွှမ်းလုမတတ် ဖြစ်နေ၏။

အကြီးအကဲချင်ကလည်း ဖျက်စီးခြင်းဓာတ်စင်ပေါင်းစည်းခြင်းဓားကို ပစ်လွှတ်လိုက်သည်။ ဓား သွားရာ လမ်းတစ်လျှောက်၌ ကောင်းကင်နှင့် မြေကြီးကို ထက်ပိုင်းဖြတ်နိုင်သော ထိုသဏ္ဌာန်မဲ့ဓားကြီးတွင်လည်း ဧရာမ သင်္ကေတတစ်ခု တောက်ပလာသည်။

နှစ်ဖက်စလုံးမှ စွမ်းအားများသည် နောက်အဆင့်တစ်ခုသို့ ရောက်လာလေပြီ။ သူတို့ထိပ်တိုက်တွေ့ဆုံမိသောအခါ ကျင်းယန်မြို့တစ်ခုလုံး စိစိညက်ညက်ကြေမတတ်ဖြစ်သွားသည်။

ထိုစဉ် အရှေ့တန်ဘုရင်၏အသံက ကျင်းယန်မြို့ ထဲမှ လွင့်ပျံလာသည်။ “ခင်ဗျားတို့နှစ်ယောက် တိုက်ခိုက်ချင်ရင် တခြားနေရာသွားကြပါဗျာ၊ ကျွန်တော့ရဲ့ အရှေ့တန်မြို့တော်လေးကို တစစီဖြစ်စေချင်နေတာလား”

ကျင်းယန်မြို့၏ အကာအကွယ်အစီအရင် ချက်ချင်း တောက်ပလာသည်။ အပြန်အလှန် ယှက်နွယ်နေသော စွမ်းအင်မျဉ်းကြောင်းများ ပိုမို ထင်ရှားလာသလို ပိုမိုလည်း သိပ်သည်းလာသည်။

အကာအကွယ်အစီအရင်က ၎င်း၏အမြင့်ဆုံးစွမ်းအားသို့ရောက်အောင် ဖြည်းဖြည်းချင်း အသက်ဝင်လာသည်။

အကြီးအကဲချင်က သူ့ဓားချီကို ရုတ်သိမ်း၍ နှာခေါင်းရှုံ့လိုက်သည်။ “တစ်စုံတစ်ယောက်က အကြောင်းအရင်းမရှိဘဲ ဒုက္ခရှာချင်ရင် ဒီလူအိုကြီးကလည်း အဆုံးထိ အဖော်ပြုပေးဖို့ အသင့်ပဲ၊ ငါတို့ဝါဒတောင်ကို အနိုင်ကျင့်လို့လွယ်တယ်များ ထင်နေလား”

ကောင်းကင်ယံတွင် တွဲလွဲခိုနေသော ဧရာမ ဧရာမ နေလုံးထဲမှလည်း အသံတစ်ခု ပဲ့တင်လာသည်။ “ကျောက်ရှီချန်း၊ မင်းက ငါတို့နေသူတော်စင်ဂိုဏ်းနဲ့ ဝါဒတောင်ဂိုဏ်းရဲ့ကိစ္စကြားကို ဝင်ရောက်နှောက်ယှက်ချင်တာလား”

ထိုအခါ အရှေ့တန်ဘုရင် ကျောက်ရှီချန်း၏ တည်ငြိမ်သောအသံက ကျင်းယန်မြို့ အကာအကွယ်အစီအရင်ထဲမှ ပျံ့လွင့်လာသည်။ “အရှေ့ တက်နေဝန်းဘုရင်ရဲ့ မေးခွန်းက ပြင်းထန်လွန်းပါတယ်၊ ကျွန်တော့အရှေ့တန်က ထိပ်သီးနယ်မြေနှစ်ခုကြား ဝင်ရောက် မစွက်ဖက်ရဲပါဘူး”

ဒါပေမယ့် ခင်ဗျားတို့နှစ်ယောက် ကျွန်တော့ရဲ့ မြို့တော်မှာ တိုက်ခိုက်နေတာကို ကျွန်တော်က ဘာမှမလုပ်ဘဲ လက်ပိုက်ကြည့်နေရမှာလား”

အိမ်တော်ထဲမှ ရန်ကျောက်ကဲက သူ့မေးစေ့ကို ပွတ်သပ်လိုက်သည်။ “နေသူတော်စင်ဂိုဏ်းရဲ့ နေဘုရင်ခုနှစ်ပါးထဲက တစ်ပါးဖြစ်တဲ့ အရှေ့အရပ်က တက်နေဝန်းဘုရင်ပဲ၊ ဒါပေမယ့် ငါ့မှတ်ဉာဏ်ထဲက အတိုင်းဆို ဒီလူက အရင်နှစ်အနည်းငယ်လောက်ကမှ အရှေ့အရပ်က တက်နေဝန်းဘုရင်ဘွဲ့ထူးကို ရတာပဲ”

အတောက်ပဆုံးကာလသို့ ရောက်နေသော နေသူတော်စင်ဂိုဏ်းသည် ထိပ်သီးကျင့်ကြံသူခုနှစ်ယောက်ကို ပိုင်ဆိုင်ထား၏။ ထိုခုနှစ်ယောက်ကို နေဘုရင်ခုနှစ်ပါးဟု ဆိုကြသည်။

သူတို့၏ဘွဲ့ထူးများသည်လည်း မဟာနေခုနှစ်စင်းသိုင်းပညာရပ်များနှင့် သက်ဆိုင်နေ၏ – အာရုံဦး၊ အရှေ့ တက်နေဝန်း၊ ကောင်းကင် ထွန်းလင်းခြင်း၊ ကမ္ဘာအလင်းပေးခြင်း၊ အနောက်ပိုင်းကောင်းကင်သို့ ရွေ့လျားခြင်း၊ ဆည်းဆာတို့ ဖြစ်သည်။

ထို့နောက်မှာတော့ နေဘုရင်ခုနှစ်ပါးဆိုသည်ကား တရားသေ ရှိနေသော ဘွဲ့ထူးများ ဖြစ်လာကြသည်။ ထိုထိပ်သီးကျင့်ကြံသူများထဲမှ တစ်ယောက်က အနားယူသွားသည် သို့မဟုတ် ကွယ်လွန်သွားသည် ဆိုသည်နှင့် ထိုသူ၏ဘွဲ့ကို ဆက်ခံသော နောက်လူရှိစမြဲဖြစ်သည်။

သူ့ဘေးသို့ လှည့်ကြည့်လိုက်သောအခါ ဖန်းယွမ်ရှန်း၏မျက်နှာက အနည်းငယ် ထူးဆန်းနေသည်ကို ရန်ကျောက်ကဲ မြင်လိုက်ရသည်။

သူမအား ရန်ကျောက်ကဲ ကြည့်နေသည်ကို မြင်သော် ဖန်းယွမ်ရှန်းက ခေါင်းယမ်းလိုက်သည်။ “ကျွန်မရဲ့ဆရာဘိုးဘိုးက သူမတိုင်ခင်က အရှေ့ တက်နေဝန်းဘုရင်ပဲ၊ ဆရာဘိုးဘိုး ကွယ်လွန်သွားသော အဲ့ဘွဲ့က တခြားလူဆီ ရောက်သွားတယ်၊ အဲ့ဘွဲ့ကိုဆက်ခံတဲ့လူက အခု အကြီးအကဲချင်နဲ့ တိုက်နေတဲ့လူပဲ”

သူက နေဘုရင်ခုနှစ်ပါးထဲမှာ အငယ်ဆုံးဖြစ်သလို အတွေ့အကြုံလည်း အနည်းဆုံးပဲ၊ ဒါပေမယ့် သူ့ကျင့်ကြံမှုအဆင့်နဲ့ သိုင်းပညာအပေါ် သဘောပေါက်နိုင်စွမ်းက အတော် အံ့ဩစရာကောင်းတယ်”

ကောင်းကင်ထဲမှ ဧရာမ နေလုံးက ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။ လူလတ်ပိုင်းအရွယ် ရွှေရောင်ဝတ်စုံဝတ်လူတစ်ယောက် ပေါ်လာသည်။ သူကား လက်ရှိ အရှေ့ တက်နေဝန်းဘုရင်ပင် ဖြစ်တော့သည်။

အရှေ့ တက်နေဝန်း ဘုရင်က အကြီးအကဲချင်ကို တစ်ချက်ကြည့်၍ ကျင်းယန်မြို့တစ်မြို့လုံးအား ဝေ့ကြည့်လိုက်သည်။ သူက ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “တစ်ယောက်ယောက်က ငါ့တို့နေသူတော်စင်ဂိုဏ်းကို သစ္စာဖောက်သွားတဲ့ တပည့်ကို လက်ခံထားမှတော့ ငါ ဝင်ပါကမှာပဲ”

အဲ့လူကို လွဲပေးပြီး အပြစ်ရှိကြောင်း ဝန်ခံစမ်း”

ဒါမှမဟုတ် ငါ တိုက်ခိုက်ရလိမ့်မယ်”

ထွားကြိုင်းသော ကိုယ်ထည်ရှိသည့် အကြီးအကဲချင်က လေထဲတွင် တည်ငြိမ်စွာ ရပ်နေသည်။ သူ့မျက်နှာမှာ ပုံမှန်အတိုင်း ရှိနေ၏။ “ဒီလူအိုကြီး ပြောပြီးပြီ မဟုတ်ဘူးလား၊ မင်းလိုချင်တဲ့လူ ဒီမှာ မရှိဘူး”

မင်းတိုက်ချင်လည်း တိုက်တာပေါ့ကွာ၊ ဒီလူအိုကြီးမှာ တခြားပြောစရာ မရှိဘူး၊ မင်းဆန္ဒကို အဖော်ပြုပေးမယ့် ဓားတစ်ချောင်းနှင့် လက်သီးတစ်စုံတော့ ရှိတယ်”

အရှေ့ တက်နေဝန်းဘုရင်၏ဘေးမှ ရွှေရောင်ဝတ်စုံဝတ်အကြီးအကဲက ဒေါသတကြီး ပြောဆိုလိုက်သည်။ “ခင်ဗျားတို့ ဝါဒတောင်ရဲ့ ရန်ကျောက်ကဲက အဲ့သစ္စာဖောက်မကို ခေါ်သွားတာကို ကျွန်တော်တို့နေသူတော်စင်ဂိုဏ်းရဲ့တပည့်တွေ မျက်စိနဲ့ တပ်အပ် မြင်လိုက်ရတယ်၊ ခင်ဗျား စကား နည်းနည်းလောက် ဖြီးဖြန်းပြောလိုက်တာနဲ့ ပြီးသွားနိုင်တဲ့ ကိစ္စမျိုး မဟုတ်ဘူး”

အကြီးအကဲချင်၏ ဘေးတွင် ရပ်နေသော ရန်ရှု့၏မျက်နှာက ခံစားချက်မဲ့နေ၏။ “အဲ့စကား မင်းပါးစပ်က ထွက်တာနဲ့ မှန်ရောလား”

မင်းတို့နေသူတော်စင်ဂိုဏ်းက ငါတို့ဝါဒတောင်ဂိုဏ်းရဲ့ ရတနာတွေကို ခိုးယူသွားတယ်လို့ ဒီလူအိုကြီး ပြောတယ်၊ မြန်မြန် ပြန်ပေးစမ်း”

အရှေ့ တက်နေဝန်းဘုရင်၏မျက်လုံးများထဲမှ ရွှေရောင်အလင်းတစ်ချက်လက်သွားရာ ရန်ရှု့၏ခန္ဓာကိုယ်တစ်ခုလုံး ဓားဖြင့် ထိုးဆွခံလိုက်ရသလို ခံစားရသည်။ “ဘယ်လို စကားတွေလဲ၊ မင်းတော့ သေချင်နေတာပဲ”

အကြီးအကဲချင်က ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။ “မင်းအစွမ်းကို နေသူတော်စင်ဂိုဏ်းရဲ့ ကမ္ဘာအလင်းပေးခြင်းတောင်ထွတ်မှာပဲ ပြလို့ရမယ်၊ ဒီမှာတော့ မရဘူး”

ရုတ်တရက် ရန်ကျောက်ကဲ၏အသံက အိမ်တော်ထဲမှ ပျံ့လွင့်လာသည်။

နေသူတော်စင်ဂိုဏ်းရဲ့ အရှေ့ တက်နေဝန်းဘုရင်ကို ဝါဒတောင်က ရန်ကျောက်ကဲ ဂါဝရပြုပါတယ်”

လျူလျောင်တောင်တန်းပေါ်မှာ ကျွန်တော် တကယ်ပဲ နေသူတော်စင်ဂိုဏ်းရဲ့ ရှောင်ရှန်း၊ ချောင်ယွမ်လုံတို့နဲ့ တိုက်ခိုက်ခဲ့ပါတယ်၊ အကြီးအကဲတို့နေသူတော်စင်ဂိုဏ်းက ရှာနေတဲ့ ဖန်းမူကီနဲ့လည်း တွေ့ခဲ့ပါတယ်”

ဒါပေမယ့် အဲ့နောက်ကစပြီး ဖန်းမူကီဆိုတဲ့ နာမည်နဲ့ ကျွန်တော် အဆက်အဆံ မရှိတော့ပါဘူး”

ရန်ကျောက်ကဲက သိမ်မွေ့စွာ ပြောလိုက်သည်။ “သူမနဲ့ စကားနည်းနည်း ပြောပြီးတဲ့နောက်မှာတော့ စိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းအရာတချို့ကို ကျွန်တော် သိလာရတယ်”

ဥပမာပြောရရင် အစွန်းရောက်ရှစ်ပါးကမ္ဘာတစ်ခုလုံးမှာ ကျော်ကြားတဲ့ ထိပ်သီးနယ်မြေတစ်ခုက ယုတ်ညံ့တဲ့ လူတွေကို အကာအကွယ်ပေးပြီး မကောင်းတဲ့ လုပ်ရပ်တွေကို လက်ခံပေးတယ်၊ မဟာအကြီးအကဲတစ်ယောက်ရဲ့ မြေးက သူ့ဂိုဏ်းသူတစ်ယောက်ကို အတင်းအကျပ် ဗလက္ကာရလုပ်ဖို့ ကြိုးစားတာတောင် ဘာမှအရေးမယူဘူးတဲ့ဗျာ”

သူ့အားထုတ်မှု ကျရှုံးသွားပေမယ့် အဲ့ဂိုဏ်းက တရားခံကို အကာအကွယ်ပေးပြီး အပြစ်မဲ့တဲ့ ဂိုဏ်းသူကို ဖိနှိပ်ပြန်တယ်”

စိတ်ဝင်စားစရာအကောင်းဆုံးအပိုင်းကတော့ တဏှာရာဂဖုံးလွှမ်းနေတဲ့ အဲ့လူက မိုးကောင်းကင်ရဲ့ အပြစ်ပေးတာကို ခံရပြီး သူ့ရဲ့ မျိုးဆက်ပွားနိုင်တဲ့အမြစ်လေး ပျက်စီးသွားတယ်တဲ့”

ရန်ကျောက်ကဲက အေးအေးလူလူ ပြောလိုက်သည်။ “အဲ့တော့လဲ တမျိုးကောင်းတာပေါ့၊ သူ့အနေနဲ့ ဒီလိုဖြစ်ရပ်မျိုး နောက်ထပ်ဖြစ်မှာကို စိုးရိမ်စရာ မလိုတော့ဘူး”

လုံးဝ အဓိပ္ပာယ်မရှိတဲ့ စကားတွေ” အရှေ့ တက်နေဝန်းဘုရင်က အေးစက်စွာ ဟောက်ဟမ်းလိုက်သည်။ “ငါ့နေသူတော်စင်ဂိုဏ်းရဲ့ နာမည်ကို စွန်းထင်းအောင်လုပ်တာ တစ်ခုတည်းနဲ့တင် ငါ မင်းကို နေရာမှာတင် သတ်ပစ်နိုင်တယ်၊ ဘယ်သူမှ ကန့်ကွက်ရဲမှာ မဟုတ်ဘူး”

မင်းအဖေ ရန်တိ မကျေနပ်ရင် ကမ္ဘာအလင်းပေးခြင်း တောင်ထွတ်ကို လာခိုင်းလိုက်၊ သူ တောင်ထိပ်ပေါ်ကို အသက်ရှင်လျက် ရောက်နိုင်မလား ငါ ကြည့်ချင်တယ်”

ထိုသို့ ပြောပြီးသည်နှင့် လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်သည်။

အကြီးအကဲချင်က ဟားတိုက် ရယ်မောလိုက်သည်။ “အမှုကိစ္စတွေကို ဘက်လိုက် ဆုံးဖြတ်တယ်၊ မင်းတို့ဂိုဏ်းက ကိုယ့်တပည့်ကို ဘယ်လို သွန်သင်ရမလဲ မသိဘူးပဲ၊ မင်းတို့ဆီက ထွက်ပြေးသွားတဲ့ လူကို အာရုံစိုက်နေမယ့်အစား ကိုယ့်ကိုယ်ကို သေချာ ပြန်သုံးသပ်သင့်တယ်”

ဒီနေရာက မင်း လုပ်ချင်တိုင်း လုပ်လို့ရမယ့် နေရာများ ထင်နေလား”

နှစ်ဖက် ထပ်မံတိုက်ခိုက်ကြပြန်သည်။ အရှေ့တန်ဘုရင်လည်း ဘာမှ ဝင်မပြောတော့။ ကျင်းယန်မြို့၏အကာအကွယ်အစီအရင်ကို ထိန်းချုပ်၍ တိုက်ခိုက်နေသူများကို ဖိနှိပ်နေသည်။

သံသယဖြစ်စရာပင် မလိုဘဲ သူသည် ရန်ကျောက်ကဲဘက်မှ ဖြစ်သောကြောင့် အရှေ့ တက်နေဝန်းဘုရင်ကို ပိုမို ဖိနှိပ်နေသည်။

သူသည် နေသူတော်စင်ဂိုဏ်းအား ရန်မစရဲသော်လည်း ထိပ်သီးနယ်မြေနှစ်ခုကြားတိုက်ပွဲများတွင် တတ်နိုင်သလောက် မည်သည့်ဘက်မှ မပါဘဲ နေလေ့ ရှိသော်လည်း ဤကိစ္စသည် သူ့မိတ်ဆွေဟောင်း ရန်တိ၏ တစ်ဦးတည်းသောသားနှင့် သက်ဆိုင်၏။ နေသူတော်စင်ဂိုဏ်းက သူ့အပေါ် အကြီးအကျယ် ဒေါသထွက်နိုင်ချေ ရှိလင့်ကစား လက်ပိုက်ကြည့်နေမည့် အတွေးများကို ခေါင်းထဲမှ ထုတ်ကာ အရှေ့တန်ဘုရင်သည် တုံ့ဆိုင်းခြင်းမရှိဘဲ ရန်ကျောက်ကဲဘက်မှ ဝင်ရောက်ကူညီတော့သည်။

အရှေ့ တက်နေဝန်းဘုရင်၏အကြည့်က အေးစက်နေ၏။ ပုံမှန်အတိုင်းဆို ကျင်းယန်မြို့၏အကာအကွယ်အစီအရင်က သူ့ကို ဘာမှ မလုပ်နိုင်ပေ။

သို့သော် အကြီးအကဲချင်နှင့် အပြင်းအထန် တိုက်ခိုက်နေရချိန်တွင် ကျင်းယန်မြို့၏အကာအကွယ်အစီအရင်က သူ့အား ကြားမှ ဝင်ရောက် နှောက်ယှက်နေသည့်အတွက် ခြိမ်းခြောက်မှုနှစ်ခုကို တစ်ပြိုက်နက် ရင်ဆိုင်နေရသလို ဖြစ်နေသည်။

အကြီးအကဲချင်က အိမ်ကွင်းအသာဖြင့် တိုက်ခိုက်နေရသကဲ့သို့ သူနှင့် အစောပိုင်းက လက်ရည်ညီနေသော အရှေ့ တက်နေဝန်းဘုရင်သည် အချိန်ကြာလာသည်နှင့်အမျှ ဖြည်းဖြည်းချင်း အရေးနိမ့်လာသည်။

ကောင်းတယ်….. အရမ်း ကောင်းတယ်” အရှေ့ တက်နေဝန်းဘုရင်သည် တိုက်ခိုက်နေရာမှ ဆုတ်ခွာကာ ကျင်းယန်မြို့ကို နောက်ဆုံးတစ်ကြိမ် လှည့်ကြည့်လိုက်သည်။ ထို့နောက် ဧရာမ နေလုံးသဏ္ဌာန်သို့ အသွင်ပြောင်း၍ မိုးကုတ်စက်ဝိုင်းအတွင်းသို့ ဝင်ရောက်ပျောက်ကွယ်သွားတော့သည်။


Comment

Leave a Reply

Options

not work with dark mode
Reset