အခန်း (၆၁)

နေသူတော်စင်ဂိုဏ်း တံခါးလာခေါက်ပြီ

အခန်း (၆၁) နေသူတော်စင်ဂိုဏ်း တံခါးလာခေါက်ပြီ

အကြီးအကဲချင်၏ညွှန်ကြားချက်ကို ကြားသောအခါ ရန်ရှု့ တခဏမျှ တိတ်ဆိတ်သွားသည်။ ထို့နောက် ခေါင်းငြိမ့်၍ အိမ်တော်အပြင်သို့ ထွက်သွားသည်။

ဖန်းယွမ်ရှန်းက အကြီးအကဲချင်အား ဦးညွှတ်လိုက်သည်။ “ကျေးဇူးတင်ပါတယ်၊ အကြီးအကဲ”

အကြီးအကဲချင်က လက်ကာပြလိုက်သည်။ “ကလေးမလေး၊ မင်းနဲ့ ပတ်သတ်တဲ့ကိစ္စက အရေးကြီးလွန်းတယ်၊ ဒီလူအိုကြီး ကိုယ့်ဘာသာကိုယ် ဆုံးဖြတ်ချက်မချနိုင်ဘူး၊ ငါတို့ပင်မဂိုဏ်းက လာတဲ့ နောက်ဆုံး ဆုံးဖြတ်ချက်ကို မင်း စောင့်ရလိမ့်မယ်”

ဟုတ်ကဲ့၊ ဂျူနီယာ နားလည်ပါတယ်”

ဖန်းယွမ်ရှန်းက ဘေးသို့ လှည့်၍ ရန်ကျောက်ကဲအား ခပ်တိုးတိုး ပြောလိုက်သည်။ “ကျေးဇူးတင်ပါတယ်”

ကောင်းကင်ပိတ်လှောင်ခြင်းချောက်နက်သည် နေသူတော်စင်ဂိုဏ်းသားဟောင်းတစ်ဦးဖြစ်သော သူမပင် ကြားဖူးသော အရာဖြစ်သည်။

ကောင်းကင်ပိတ်လှောင်ခြင်းချောက်နက်ဟူသည်ကား ဝါဒတောင်ဂိုဏ်းက ကြီးလေးသော ရာဇဝတ်မှု ကျူးလွန်သူများကို ထားလေ့ရှိသောနေရာဖြစ်သည်။ အလွန် ယုတ်ညံ့သော အရာများကို လုပ်ခဲ့သော်လည်း သေဒဏ်ချမှတ်ခြင်းမခံရသေးသူများ သို့မဟုတ် အလွန် ကြီးလေးသော အမှားများကို ပြုလုပ်ခဲ့သည့် ဝါဒတောင်ဂိုဏ်း၏ကျင့်ကြံသူများကို ထိုနေရာတွင် အကျဉ်းချထားသည်။

ကောလဟလများအရ ထိုနေရာတွင် တစ်နှစ်ပတ်လုံး နေ့အလင်းရောင် မမြင်ရပေ။ ထိုနေရာ၏ ပတ်ဝန်းကျင်မှာလည်း နဂါးချုပ်လှောင်ခြင်းချောက်နက်ထက်ပင် ပိုမို ကြောက်မက်ဖွယ်ရာကောင်းသည်ဟု ဆိုကြသည်။

ဝါဒတောင် စတင် တည်ထောင်စဉ်ကတည်းက ထိုနေရာတွင် အကျဉ်းကျခံရသော မည်သူ တစ်ဦးတစ်ယောက်ကမျှ သူတို့ဘာသာ လွတ်မြောက်အောင် မစွမ်းဆောင်နိုင်ခဲ့ပေ။

ရန်ကျောက်ကဲက အမူမထားဟန်ဖြင့် သူမအား ကြည့်လိုက်သည်။ “ငါ့ကိုယ်ငါ ယုံကြည်မှုရှိတယ်”

ဖန်းယွမ်ရှန်းက စိတ်မရှည်စွာ ပြောလိုက်သည်။ “ဟုတ်တယ်၊ ပထမတုန်းက ရှင့်ကို ယုံကြည်မှု မရှိခဲ့ဘူး၊ အဲ့တာ ကျွန်မ အမှားပါ၊ နောက်တစ်ခါကျရင်တော့ သေချာပေါက် ယုံကြည်ပါမယ်”

နောက်တစ်ခါကျရင်တော့ ကြိုးစားထား၊ ကျွန်မ ရှင့်ကိုပဲ အားကိုးမယ်လို့ ပြောမယ်နော်”

ရန်ကျောက်ကဲက တဟားဟား ရယ်မောရင်း ပြောလိုက်သည်။ “နိမ့်နိမ့်ချချနေရမယ်၊ နိမ့်နိမ့်ချချနေရမယ်”

ထိုအချိန်တွင် အိမ်တော်အပြင်ဘက်၌ နေနှင့် ဆင်တူသော အဝိုင်းပုံ ရွှေရောင်အလင်းက လမ်းမထက် လေထဲတွင် ရပ်တန့်နေ၏။ ပတ်ဝန်းကျင်မှာ အလွန်အမင်း ပူပြင်းလာပြီး ဖြတ်သွားဖြတ်လာသူတို့ သုတ်သုတ်ပြာပြာ ရှောင်ပြေးကုန်ကြသည်။

ဗဟုသုတကျယ်ပြန့်သူ တချို့က ၎င်းမှာ နေသူတော်စင်ဂိုဏ်း၏အရှေ့တန်အကြီးအကဲဖြစ်ကြောင်း သိလေသည်။

သူက မြို့ရိုးပေါ်မှ တစ်ဖက်ဂိုဏ်း၏အစောင့်များကို မကြည့်ပေ။ သူ့ပစ်မှတ်မှာ ဝါဒတောင်ဂိုဏ်း၏အရှေ့တန်အကြီးအကဲဖြစ်သည်။ ထိပ်သီးနယ်မြေနှစ်ခုကြား ပဋိပက္ခက စတင်လာပြန်လေပြီ။

အရှေ့တန်နိုင်ငံတွင် ဤကဲ့သို့ အရာမျိုးက မြင်ရခဲသည် မဟုတ်ပေ။ သို့သော် ထိပ်သီးနယ်မြေနှစ်ခုကြား တိုက်ပွဲအများစုမှာ လူအများ ကင်းရှင်းသော နေရာများတွင်သာ ဖြစ်လေ့ရှိသည်။

ယခု တစ်ဖက်ဂိုဏ်းမှ အဆင့်မြင့်အကြီးအကဲက အထက်စီးဆန်သော အမူအရာဖြင့် တစ်ဖက်လူ၏ အိမ်တံခါးဝသို့ ရောက်လာလေပြီ။

နှစ်ဖက်အကြား ပဋိပက္ခက နောက်တစ်ဆင့်ကို မြင့်လာပြီ၊ ဒါပေမယ့် ကျင်းယန်မြို့ထဲမှာ တိုက်ခိုက်လောက်တဲ့အခြေအနေအထိတော့ မရောက်သင့်သေးဘူးလို့ ငါ ထင်တာပဲ၊ သိုင်းဆရာသခင်နှစ်ယောက် တိုက်ခိုက်မှုရဲ့ နောက်ဆက်တွဲလှိုင်းတွေနဲ့တင် အနီးပတ်ဝန်းကျင်က အရာအားလုံး မြေကြီးနဲ့ တသားထဲ ဖြစ်တဲ့အထိ ပျက်စီးကုန်လောက်တယ်”

လူအများမှာ အလွန် စိုးရိမ်နေကြသည်။

လေထဲတွင် တွဲလွဲခိုနေသော ရွှေရောင်နေလုံးထဲမှ ခက်ထန်သော အသံတစ်ခု ပဲ့တင်လာသည်။ “ရန်ရှု့၊ ရန်မျိုးရိုးကောင်လေး ပြန်ရောက်ပြီဆိုတာ ငါသိတယ်”

သူက ငါတို့နေသူတော်စင်ဂိုဏ်းက သစ္စာဖောက်ပြီး ထွက်ပြေးသွားတဲ့ တပည့်တစ်ယောက်ကို အကာအကွယ်ပေးတယ်၊ ပြီးတော့ အဲ့တပည့်ကို ဖမ်းဆီးဖို့ စေလွှတ်လိုက်တဲ့ ငါတို့ဂိုဏ်းရဲ့ အခြားတပည့်တွေကိုပါ ဒဏ်ရာရအောင် တိုက်ခိုက်သွားတယ်”

မင်းတို့ဝါဒတောင်ဂိုဏ်းက ကိုယ့်တပည့်ကိုယ် မဆုံးမနိုင်ရင် ငါက မင်းတို့ကိုယ်စား ဆုံးမပေးမယ်”

ရန်ကျောက်ကဲနဲ့ အဲ့ဒီ့မိန်းမပျက်မကို လွှဲပေးစမ်း၊ မဟုတ်ရင် ငါ မင်းတို့ရဲ့နေရာကို ဖျက်စီးပစ်မယ်”

ရန်ရှု့၏ အေးဆေးတည်ငြိမ်သောအသံက အိမ်တော်ထဲမှ ပျံ့လွင့်လာသည်။ “ငါတို့ဂိုဏ်းကတပည့်ရဲ့ တည်နေရာကို ဒီလူအိုကြီးက မင်းကို ပြောပြသင့်တယ်လို့ မထင်ဘူး၊ မင်းတို့ဂိုဏ်းက တပည့်ပျောက်ရင် ကိုယ့်ဘာကိုယ် သွားရှာလေ၊ ငါတို့ဝါဒတောင်နဲ့ ဘာဆိုင်လဲ”

မင်းလိုချင်တဲ့လူ ဒီမှာ မရှိဘူး၊ အကြောင်းမဲ့ လာစွပ်စွဲမနေနဲ့၊ မင်းက ပြဿနာရှာချင်တယ်ဆိုလည်း ဒီလူအိုကြီးက အဖော်ပြုပေးဖို့ အသင့်ဘဲ”

ရွှေရောင်နေလုံးထဲမှ လူပုံရိပ်တစ်ခု ဖြည်းဖြည်းချင်း ပေါ်လာသည်။ ထိုပုဂ္ဂိုလ်မှာ ရွှေရောင်ဝတ်စုံ ဝတ်ဆင်ထားသော အတော် သန်စွမ်းပုံရသည့် အဘိုးအိုတစ်ယောက်ဖြစ်သည်။

ထိုအဘိုးအိုသည် အောက်မှ အိမ်တော်ကို စိုက်ကြည့်လိုက်ပြီး ခက်ထန်စွာ ရယ်မောလိုက်သည်။ “ငါတို့နေသူတော်စင်ဂိုဏ်းရဲ့ တပည့်တွေကို ဒဏ်ရာရအောင်လုပ်တဲ့အပြင် ဂိုဏ်းက ထွက်ပြေးလာတဲ့ တပည့်ကိုပါ လက်ခံထားတယ်၊ မင်းတို့ဝါဒတောင်က တော်တော် သတ္တိကောင်းလာတာပဲ”

ကြည့်ရတာ အတိတ်တုန်းက ငါတို့နေသူတော်စင်ဂိုဏ်းကသာ သက်ညှာမပေးခဲ့ရင် မင်းတို့ဝါဒတောင်ဂိုဏ်း ပျက်သုန်းတာ ကြာနေပြီဆိုတာကို မေ့နေပုံရတယ်”

ဤသည်ကို ကြားသောအခါ ခန်းမထဲမှ ရန်ကျောက်ကဲက သရော်လိုက်သည်။ “ဒီလောက် လေထန်နေတာ ခင်ဗျား လျှာခေါက်မိမှာ မကြောက်ဘူးလား”

မီးတောက်မိစ္ဆာများ၏ ပထမ ကျူးကျော်စစ်ကို ခုခံသော စစ်ပွဲကြောင့် ဟန်တျန်းအရှင်မြတ် ကျန်းဒေါင်ဂီ ကျဆုံးသွားခဲ့သလို ဝါဒတောင်ဂိုဏ်းကလည်း အကြီးအကျယ် အထိနာခဲ့ကာ ထိပ်သီးနယ်မြေများအနက် ဆုံးရှုံးမှုအများဆုံးဖြစ်သည်။ ထိုအခွင့်အရေးကို အသုံးချ၍ နေသူတော်စင်ဂိုဏ်းနှင့် အခြားထိပ်သီးနယ်မြေများက ဝါဒတောင်ဂိုဏ်း၏ နေရာကို ရယူရန် ကြိုးပမ်းကြသည်။

အချို့မှာ ကျန်းဒေါင်ဂီနှင့် ဝါဒတောင်ဂိုဏ်း၏ ပေးဆပ်မှုများကို လေးစားကြသော်လည်း အချို့မှာမူ ဝါဒတောင်ဂိုဏ်း နိမ့်ပါးနေခိုက် ရေနစ်သူဝါးကူထိုးကာ ဝါဒတောင်ဂိုဏ်းကို ဖြိုလှဲရန် ကြံစည်ကြသည်။

ကံကောင်းထောက်မစွာဖြင့် ထိုအချိန်က ဝါဒတောင်ဂိုဏ်းတွင် အရည်အချင်းရှိသူ အမြောက်အမြား ရှိခဲ့သည်။ သူတို့ထဲမှ တစ်ယောက်မှာ ကျန်းဒေါင်ဂီ၏ဘေးတွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ကျန်းဒေါင်ဂီရှိစဉ်က သူ့တောက်ပမှုကြောင့် မှေးမှိန်နေခဲ့သော်လည်း ကျန်းဒေါင်ဂီ ကွယ်လွန်သွားသောအခါ ရှေ့ထွက်လာခဲ့သည်။

ထိုပုဂ္ဂိုလ်ကား ကောင်းကင်ကို ခန့်မှန်းသူ ကျန်းရှီလော့ဖြစ်လေသည်။ သူသည် ဟန်တျန်းပုဂ္ဂိုလ်မြတ် ကျန်းဒေါင်ဂီ၏ ညီဖြစ်ပြီး ကျန်းဒေါင်ဂီနောက် ဆက်ခံသော ဂိုဏ်းချုပ်လည်းဖြစ်သည်။

ကျန်းဒေါင်ဂီ ကျဆုံးသွားပြီးနောက် ကျန်းရှီလော့က ဂိုဏ်းချုပ်နေရာ ဆက်ခံခဲ့ပြီး ဂိုဏ်းကို အံ့အားသင့်ဖွယ်ကောင်းလောက်အောင် ထူးချွန်စွာ ဦးဆောင်နိုင်ခဲ့သည်။

မီးတောက်မိစ္ဆာများ၏ ပထမ ကျူးကျော်စစ်ကြောင့် ဝါဒတောင်ဂိုဏ်းမှာ အကြီးအကျယ် အင်အားချိနဲ့နေသော်လည်း ယခင်က လူမသိသူမသိ ကျန်းရှီလော့ ရုတ်တရက် ရှေ့ထွက်လာပြီး သူ့ဦးဆောင်မှုကြောင့်ပင် ဝါဒတောင်ဂိုဏ်းသည် အမျိုးမျိုးသော ရန်သူများကို ကြံ့ကြံ့ခိုင် ယှဉ်ဆိုင်နိုင်ခဲ့ကာ ၎င်း၏အမှောင်မိုက်ဆုံးနေ့ရက်များကို ကျော်ဖြတ်နိုင်ခဲ့သည်။

ကျန်းဒေါင်ဂီနှင့် ကျန်းရှီလော့တို့နှစ်ယောက်သည်လည်း မဟာကပ်ဘေးပြီးနောက် အစွန်းရောက်ရှစ်ပါးကမ္ဘာ၌ ဒဏ္ဏာရီလာညီအကိုနှစ်ယောက်အဖြစ် ထင်ရှားကျော်ကြားလာသည်။

လူအများက နေသူတော်စင်ဟု တလေးတစား ခေါ်ဝေါ်ခြင်းခံရသော နေသူတော်စင်ဂိုဏ်း၏တည်ထောင်သူသည် မဟာကပ်ဘေးပြီးနောက် နေသူတော်စင်ဂိုဏ်းကို တဟုန်ထိုး အင်အားကြီးမားလာအောင် စွမ်းဆောင်နိုင်ခဲ့ကာ ကျန်းရှီလော၊ ဝါဒတောင်ဂိုဏ်းတို့နှင့် မကြာခဏ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

ကျန်းရှီလော၏လက်အောက်တွင် ဝါဒတောင်ဂိုဏ်းသည် ရှိရင်းစွဲ နယ်မြေကိုသာ ထိန်းသိမ်း၍ သိုသိုသိပ်သိပ် နေထိုင်ခဲ့သည်။ ၎င်းသည် တိတ်တဆိတ် အင်အား စုဆောင်းနေခဲ့ပြီး တိုက်စစ်ဆင်သည်များလည်း ရှိသလို လိုအပ်လျှင် ပြန်လည် ဆုတ်ခွာခဲ့သောကြောင့် နေသူတော်စင်ဂိုဏ်းက ဘယ်တော့မှ ကြီးကြီးမားမား အသာစီး မရခဲ့ပေ။

ထိုတိုက်ပွဲများပြီးနောက် နေသူတော်စင်သည် ဂိုဏ်းချုပ်ရာထူးကို နောက်မျိုးဆက်များဆီသို့ လွဲပြောင်းပေးကာ လောကကြီးထဲမှ ပျောက်ကွယ်သွားတော့လေသည်။

အခြားတစ်ဖက်တွင် ကျန်းရှီလော့သည် မီးတောက်မိစ္ဆာများနှင့် နောက်ထပ် စစ်ပွဲကြီးတစ်ပွဲတွင် ပါဝင်ဆင်နွဲခဲ့ပြီး သူ့အကိုကဲ့သို့ပင် နောက်ဆုံး သွေးတစ်စက်ကျန်သည်အထိ အစွန်းရောက်ရှစ်ပါးကမ္ဘာအတွက် ပေးဆပ်သွားခဲ့သည်။

သို့သော် ကျန်းရှီလော၏ ကြိုတင်စီမံထားမှုကြောင့် ဝါဒတောင်ဂိုဏ်းသည် ခိုင်မာစွာ ဆက်လက် ရပ်တည်နိုင်ခဲ့ပြီး အရင်တစ်ခေါက်ကလို အန္တရာယ်များသည့် အခြေအနေသို့ ထပ်မံ မကျရောက်တော့ပေ။

ထိုအချိန်အတောအတွင်း နေသူတော်စင်ဂိုဏ်းသည် အဆက်မပြတ် အင်အားချဲ့ထွင်မှုများနှင့် တိုးတက်မှုများကြောင့် ဝါဒတောင်ကို ကျော်ဖြတ်နိုင်ခဲ့ပြီး အင်အားအကြီးဆုံး ထိပ်သီးနယ်မြေဖြစ်လာခဲ့သည်။

ရန်ကျောက်ကဲ ပုခုံးတွန့်လိုက်သည်။ “နေသူတော်စင်သာ ရှိနေသေးရင် ထွက်လာပေးဖို့ ပြောချင်ပါတယ်၊ မီးမိစ္ဆာတွေရဲ့ တိုက်ခိုက်မှုက ပြင်းသထက် ပြင်းလာချိန်မှာ အစွန်းရောက်ရှစ်ပါးကမ္ဘာက သူ့လို အစွမ်းထက်ပုဂ္ဂိုလ်မျိုး လိုအပ်နေတယ်”

ရန်ရှု့၏ပုံရိပ်က အိမ်တော်အထက် လေထဲတွင် ပေါ်လာပြီး ရွှေရောင်ဝတ်စုံ ဝတ်ဆင်ထားသော နေသူတော်စင်ဂိုဏ်း၏အဆင့်မြင့်အကြီးအကဲကို ကြည့်လိုက်သည်။ “ငါတို့ ဝါဒတောင်ကို ဖျက်စီးမယ်တဲ့လား၊ မင်းလုပ်နိုင်မယ်ထင်ရင် လုပ်ကြည့်လေ”

ရွှေရောင်ဝတ်စုံဝတ်အကြီးအကဲက အေးစက်စွာ ရယ်မောလိုက်သည်။ “ငါသာ နေသူတော်စင်ဂိုဏ်းရဲ့ ခွင့်ပြုချက်ရရင် မင်းတို့ဝါဒတောင်ကို ဖျက်စီးပြီးတာ ကြာနေပြီ၊ ဒီနေ့ ငါ မင်းကနေ စပြီး ဖျက်စီးပစ်မယ်”

သူ့ကြယ်တာရာချီကို နှိုးဆွလိုက်ရာ ရွှေရောင်အလင်းတန်းများက သူ့တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားသည်။

ထိုရွှေရောင်အလင်းတန်းများမှာ ရှောင်ရှန်းနှင့် ချောင်ယွမ်လုံတို့ ဖန်တီးနိုင်သော ပုံရိပ်ယောင်နေအလင်းနှင့် မတူပေ။ ထိုအစား သူသည် တကယ့် နေတစ်စင်းအဖြစ် အသွင်ပြောင်းသွားကာ ပတ်ဝန်းကျင်တစ်ခွင်လုံး၌ လင်းထိန်နေ၏။

ပတ်ဝန်းကျင်မှ ရေများ လုံးဝ အငွေ့ပျံသွားသည်။ လမ်းမတစ်လျှောက် မြေပေါ်တွင် ပပ်ကြားအပ်လာသည်။ မြက်များနှင့် သစ်ပင်အားလုံး ခြောက်သွေ့ညှိုးနွမ်းကုန်သည်။

မြင့်မားသည့်အပူရှိန်အောက်တွင် ပတ်ဝန်းကျင်မှ လေထုပင် ပုံပျက်သွားသည်။

ရန်ရှု့က ခံစားချက်မဲ့နေသော မျက်နှာဖြင့် သူ့လက်နှစ်ဖက်ကို တစ်ပြိုက်နက် ဆန့်ထုတ်လိုက်သည်။

သိုင်းဆရာသခင်တစ်ယောက်၏ ကျင့်ကြံမှုစွမ်းအားကို အပြည့်အဝ ထုတ်ဖော်အသုံးပြုထားသော ရန်ရှု၏ တုရှီတလက်ဝါးသည် အပြင်ပိုင်းကြယ်တာရာချီသိုင်းပညာရှင်အဆင့်သာ ရှိသေးသော ရန်ကျောက်ကဲ အသုံးပြုသည့် တုရှီတလက်ဝါးနှင့် တခြားစီဖြစ်သည်။

ခရမ်းရောင်မီးတောက်များ ရုတ်ချည်း ထွက်ပေါ်လာကာ မီးပင်လယ်တစ်ခုအဖြစ် အသွင်ပြောင်းသွားပြီး ဧရာမ ရွှေရောင်နေလုံးနှင့် ထိပ်တိုက်ရင်ဆိုင်တွေ့သွားသည်။

ခရမ်းရောင် တုရှီတလက်ဝါးနှင့် ရွှေရောင်နေအလင်းတို့ လေထဲ၌ တွေ့ဆုံသွားသည့်အခိုက်တွင် ပတ်ဝန်းကျင်ရှိ အပူချိန်မှာ နောက်တစ်ကြိမ် ထပ်မံ မြင့်တက်လာသည်။

ပတ်ဝန်းကျင်မှ မီးလောင်လွယ်သော ပစ္စည်းများ ချက်ချင်း မီးစွဲလာပြီး သူတို့နှစ်ယောက်၏ ပတ်လည် လီတစ်ရာအတွင်းမှာ မီးပင်လယ်ကြီးအဖြစ် တမုဟုတ်ချင်း ပြောင်းလဲသွားသည်။

အရှေ့တန်နိုင်ငံ၏မြို့တော် ကျင်းယန်မြို့ တုန်ခါသွားပြီး မြေကြီးပေါ်မှ အကာအကွယ်အစီအရင် မျဉ်းကြောင်းများ စတင် တောက်ပလာသည်။

လေထုမှာ အနည်းငယ် အေးမြလာပြီး ရန်ရှု့နှင့် ရွှေရောင်ဝတ်စုံဝတ်အကြီးအကဲတို့မှာ ဖိအားတစ်မျိုးက သူတို့အပေါ် ကျရောက်လာသည်ကို ခံစားရသည်။

သူတို့နှစ်ယောက် တိုက်ခိုက်သည်ကို မရပ်တန့်ပေ။ သို့သော် သူတို့တိုက်ခိုက်မှုကြောင့် ပတ်ဝန်းကျင်တွင် ထိခိုက်ပျက်စီးမှု နည်းပါးစေရန် အစီအရင်မှ ဖိအားကို သူတို့အပေါ် ကျရောက်ခွင့်ပေးထားသည်။

လေထဲတွင် ခရမ်းရောင် တုရှိတမီးတောက်များနှင့် ရွှေရောင်နေအလင်းတန်းများ အဆက်မပြတ် ထိပ်တိုက်တွေ့ဆုံနေကာ ကောင်းကင်နှင့် မြေကြီး ပြောင်းပြန်လှန်နိုင်သည့်အထိ ပြင်းထန်လေသည်။

ရွှေရောင်ဝတ်စုံဝတ် အကြီးအကဲ၏ပတ်ပတ်လည်မှ နေလုံးမှာ မိုးကောင်းကင်မှ တကယ့် နေတစ်စင်းနှင့် ဆင်တူပေသည်။

ထိုနေလုံးမှာ တဖြည်းဖြည်းချင်း ကျုံ့လာပြီး ရွှေရောင်ဝတ်စုံဝတ် အကြီးအကဲပုံရိပ်က တဖန် ပြန်ပေါ်လာသည်။ ထိုနေလုံးငယ်မှာ သူ့လက်ဝါးထက်တွင် ရပ်တည်နေပြီး ယခင်နှင့် နှိုင်းယှဉ်၍ မရလောက်အောင် ပိုမိုသိပ်သည်း၍ တောက်ပပေသည်။

ရွှေရောင်ဝတ်စုံဝတ်အကြီးအကဲသည် ထိုနေလုံးငယ်ကို မလိုက်သည့်အလား သူ့လက်ကို မြှောက်လိုက်သည်။ ထို့နောက် သူ့လက်ဖြင့် ရိုက်ထုတ်လိုက်တော့သည်။

ရန်ရှု့က သူ့လက်ဟန်ကို ပြောင်းလဲလိုက်ရာ ပတ်ဝန်းကျင်မှ ခရမ်းရောင်တုရှီတမီးတောက်များ စတင် စုစည်းလာသည်။

ခုန်ပေါက်နေသော မီးတောက်များသည် အစိုင်အခဲသဏ္ဌာန်ပေါ်လာသည်အထိ ဖိနှိပ်၊ သန့်စင်ခြင်းခံရကာ နောက်ဆုံးတွင် ဧရာမ ခရမ်းရောင် ဆေးမီးပြင်းဖိုကြီးတစ်လုံးအဖြစ် သဏ္ဌာန်ဖွဲ့တည်သွားသည်။

ခရမ်းရောင်မီးတောက်များက ထိုဆေးမီးပြင်းဖိုထဲမှ အဆက်မပြတ် လျှံထွက်နေပြီး ကောင်းကင်နှင့် မြေကြီးတို့ ပေါင်းစပ်ထားသော စွမ်းအားကဲ့သို့ ကြီးမားသော အရှိန်အဟုန်ဖြင့် ရွှေရောင်ဝတ်စုံဝတ်အကြီးအကဲ ပစ်လွှတ်လိုက်သော နေလုံးငယ်ထံသို့ တိုးဝင်သွားလေသည်။


Comment

Leave a Reply

Options

not work with dark mode
Reset